Showing posts with label နော်ဝေးဆိုင်ရာ ဗဟုသုတများ. Show all posts
Showing posts with label နော်ဝေးဆိုင်ရာ ဗဟုသုတများ. Show all posts

Saturday, August 6, 2011

ကမ္ဘာပျက်တဲ့ ကြားက တရားမျှတသံများ


သတင်းနားထောင်တဲ့ သူတိုင်းကတော့ နော်ဝေးနိုင်ငံမှာ ဗုံးပေါက်ကွဲတဲ့နေရာမှာ (၈) ယောက်ရယ်.. ကျွန်းပေါ်( ၆၉)ယောက်ကို နော်ဝေးနိုင်ငံသားလူသတ်သမားက စိတ်အေးလက်အေး သတ်ခဲ့တာ သိပြီးသားဖြစ်မှာပါ။ အဲဒီထဲမှာ ၃၃ ယောက်က ၁၈ နှစ်အောက် ကလေးတွေပါ။ ကျွန်မနေထိုင် အခြေချနေတဲ့ နိုင်ငံလေးဟာ အင်မတန်မှ အေးချမ်းလှပါတယ်။ အေးချမ်းတယ်ဆိုရာမှာ သက်ရှိလူသားရော ရာသီဥတု ရော ပါဝင်ပါတယ်။ လူတွေဆိုရင် မခင် မသိကျွမ်းရင် ရေခဲတုံး လို့တောင် တင်စားခံခဲ့ရတာပါ။ သူတို့တွေဟာ ခင်ဖို့ခက်တယ်.. ခင်ပြီ ယုံပြီဆိုရင်လည်း ဘာလုပ်လုပ် အဟုတ်ကြီးရှိလှပါတယ်။ အခုတော့ ကျန်ခဲ့တဲ့ ဇူလှိုင်လ (၂၂) ရက်နေ့လယ်ခင်းကြီးမှာ လူတွေ အများကြီး သတ်ဖြတ်ခံခဲ့ရပါတယ်။ အားလုံးထိတ်လန့်တုန်လှုပ် သွားကြတယ်။ ရုပ်ရှင်တွေထဲကထက် အင်မတန်မှစိုးဝါးလှတဲ့ အဖြစ်အပျက်ပေါင်းများစွာ (အုအေယာ)ကျွန်းလေးပေါ်မှာ ရက်ရက်စက်စက်ဖြစ်ပွားခဲ့ပါတယ်။ လူသတ်သမားက အေးအေးဆေးဆေး သတ်ပြခဲ့ပါတယ်။ ခေါင်းဖြူ ခေါင်းမဲ ရင်ထဲမှာ ကြေကွဲကြတယ်။ သူတို့ရဲ့ စာနာမှု အားပေးမှုတွေကို ပုံစံမျိုးစုံနဲ့ ဖော်ပြခဲ့ (နေ) ကြတယ်။ နိုင်ငံရေးသမားတွေလည်း သတင်းမီဒီယာမှာ သူတို့အမြင် တွေကို ပြောကြတယ်။ သူတို့ရုပ်တွေပေါ်မှာ လည်း ကြေကွဲနေတာကို အထင်းသားမြင်နေရတယ်။ သူတို့မပြောနဲ့ ကျွန်မလို သာမာန်လူလည်း စိတ်ထိခိုက်ရတယ်။ ဖြစ်တဲ့နေ့ကဆိုရင် တခြားနိုင်ငံမှာရောက်နေတာပါ..။ နော်ဝေးဗုံးပေါက်တယ်ဆိုတော့လည်း ဒီလောက်ထိ ဖြစ်မယ်လို့ မထင်ခဲ့ပါဘူး။ အချိန်ကြာလာတာနဲ့အမျှ ရင်ထဲမှာ ပိုတုန်လှုပ်သွားခဲ့တယ်။ ဒါကြောင့် သတင်းတွေ သုံးသပ်ချက်တွေ သန်းကောင်အထိ ထိုင်ကြည့်ဖြစ်ပါတယ်။ ရင်ထဲမှာ တော်တော်လေး လန့်သွားသလို လုံခြုံမှုတွေ ဘယ်နေရာနေနေ စိန်ခေါ်ခံနေရတာပါပဲလား ..သေမင်းဆိုတာ ဒီလိုပါလား.. ဆိုကာ သံဝေဂတရားလည်း ရမိတယ်။ အရူံးထဲက အမြတ်တွေလည်း ကျန်ခဲ့တယ်။

အဲဒါကတော့ တခြားမဟုတ်ဘူး။ လူတွေရဲ့ တုန့်ပြန်မှု ယုံကြည်မှုအကြောင်းပါ။ အခု အပြစ်သတ်ခံခဲ့ရတဲ့နေရာက ကလေးတွေ စခမ်းချတဲ့နေရာက ကျွန်းကလေးပါ..။ နော်ဝေးလို ( Utøya) လို့ခေါ်ပါတယ်။ အဲဒါမှာ လူသတ်သမားက ဝန်ကြီးများရုံးရှေ့မှာ ဗုံးခွဲပြီးမှ ရောက်သွားတာပါ။ အဲဒီစခန်းလေးမှာ အသက် ၁၄ ကနေ ၆၀ ကျော်ထိ နွေရာသီ စခန်းဖွင့် အစည်းအဝေးတွေ့ဆုံပွဲလုပ်နေကြတာပါ။ ဒီနိုင်ငံမှာ ဒီအချိန်ဟာ ကျောင်းပိတ်ချိန် နွေရာသီဖြစ်ပါတယ်။ ဒါကြောင့် စခန်းထဲမှာ အခုလက်ရှိအနိုင်ရပါတီကြီးတခုဖြစ်တဲ့ (လေဘာပါတီ ) က ကလေးလူငယ်မျိုးဆက်သစ်တွေ တွေ့ဆုံပွဲပါ။ ဒီနိုင်ငံက သတင်းတွေ ရံဖန်ရံခါ ကျွန်မ ကြည့်တက်ပါတယ်။ အဲဒီအခါမျိုးမှာ ရင်းနှီးနေကြ လူငယ်လေး တယောက်ရှိပါတယ်.. အမည်က ( )ပါ။ သူ့ကို သဘောကျပါတယ်။ ငယ်ပေမဲ့ ယုံကြည်ချက် တွေ ကို ခိုင်ခိုင်မြဲမြဲ စွဲကိုင်ထားလို့ပါ။ အခုလည်း ဒီစခန်းထဲ လူသတ်သမား ပြစ်သတ်ခံရတဲ့ အချိန်မှာ သူလည်းရှိနေပါတယ်။ သူမဟာ ပါတီရဲ့ ကိုယ်စားလှယ်အဖြစ် လွတ်တော်ထဲမှာ တာဝန်ရှိသူတယောက်ပါ။ သူလည်း ဒဏ်ရာဒဏ်ချက်တွေနဲ့ အပြေးအလွားရှိခဲ့ပါတယ်။ အဲဒီအဖြစ်အပျက်ည မှာပဲ သူနဲ့တွေ့ဆုံမှုကို ကျွန်မအကြာကြီး ကြည့်နေခဲ့ပါတယ်။ ခြေထောက်မှာ အနာရထားသလို အဖြစ်အပျက်ဆိုးကြီးကို ကိုယ်တိုင်ကြုံတွေ့ရပေမဲ့ သူမရဲ့ ယုံကြည်ချက်က မပြောင်းလဲပါဘူး။ သူမက ဘာပြောသလဲဆိုတော့ ဒီမိုကရေစီပန်းတိုင်ကို လျောက်တဲ့နေရာမှာ သူတို့အရင်ထားရှိခဲ့တဲ့ စံတွေ မူတွေအတိုင်းပဲ သွားမယ်.. ဘယ်သူတွေက ရိုက်ချိုးဖျက်ဆီးပါစေ.. မကြောက်မရွံ့ ရှေ့ဆက်သွားမယ်.. အခုလို ခြိမ်းခြောက်သတ်ဖြတ်မှုတွေကြောင့် သူတို့တည်ဆောက်ထားတဲ့ လူ့အဖွဲ့အစည်းပုံ မပြောင်းလဲသွားဘူးလို့ ဆိုပါတယ်..။ သူမကိုပဲ စီအန်အန်က မေးခဲ့တော့လည်း ဒီလိုသဘောပဲဖြေပါတယ်။ အဓိကကတော့ အမုန်းကို အမုန်းနဲ့ ရှင်းလို့မရဘူး..အကြမ်းဖက်တာကို အကြမ်းဖက်တာနဲ့ ရှင်းလို့မရဘူးဆိုတဲ့ အတွေးအခေါ်ပါ။ လူသတ်သမား က ဘယ်သူဘယ်ဝါ ..ဘယ်လို အခြေအနေဆိုတာကို သဲသဲကွဲကွဲ မသိရသေးခင်မှာပဲ သူမပြောခဲ့တာပါ။ ဝန်ကြီးချုပ်..ကလည်း နော်ဝေး လူ့အဖွဲ့အစည်းကို ဒီလိုခြိမ်းခြောက်မှုတွေကြောင့် နော်ဝေးဖြစ်တည်ခြင်းကနေ မပျောက်ပျက် သွားဘူးလို့ ကျူးရင့်ခဲ့ပါတယ်။ အဲဒီအဖြစ်အပျက်တွေ ကြားမှာ အသက်ရှင်ခဲ့တဲ့ ခေါင်းပေါ်ကအအုပ်ဆောင်းလေးနဲ့အိန္ဒိယနွယ်ဖွား (စစ်ခ်) http://www.blogger.com/img/blank.gif ကလေးတယောက်ကလည်း ဒီလိုအကြမ်းဖက်မှုတွေနဲ့ တုန့်ပြန်လာမှုမျိုးတွေကို .. ပိုမိုရင်းနှီးနားလည်မှု.. ချစ်ခြင်းမေတ္တာတွေ.. ပိုမိုပွင့်လင်းမှုတွေ.. တွေ နဲ့ နော်ဝေးလူ့အဖွဲ့အစည်းကို တည်ဆောက်မယ်.. လူငယ်တွေကို ဒီလိုခြိမ်းခြောက်မှုတွေနဲ့ လန့်အောင်လုပ်လို့ မရဘူးလို့ဆိုသလို .. လူငယ်တွေရဲ့ ပါဝင်ပါတ်သက်မှုတွေနဲ့ နော်ဝေးလူ့အဖွဲ့အစည်းကို ဆက်လက်တည်ဆောက်မယ်.. လို့ ယုံကြည်ချက် အပြည့်အဝနဲ့ ပြောသွားခဲ့တာတွေပါ။

အခုချိန်ထိ တရားဝင်သတင်းတွေကနေတဆင့် သိရတာက လူသတ်သမားရဲ့ ရည်ရွယ်ချက်က ရှင်းလှပါတယ်။ ကျွန်မတို့လို ပြည်ပကနေ အခြေချ ဝင်ရောက်နေထိုင်တဲ့ လူမျိုးတွေကို ဥရောပတခွင်မှာ မရှိစေချင်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့တွေဟာ ဥရောပလူ့အဖွဲ့အစည်းနဲ့ အံမဝင်ဘူးလို့ အတိုချုပ်ပြောနိုင်ပါတယ်။ အထူးသဖြင့် တော့ အစ္စလာမ်ဘာသာဝင်တွေကို ရည်ရွယ်ပါတယ်။ လူသတ်သမားဟာ နိုင်ငံခြားသားတွေကိုမကြိုက်တဲ့ နိုင်ငံရေးပါတီလို့ ပြောလို့ရမဲ့ (FrP ) အဖွဲ့ဝင်ဟောင်းဖြစ်ခဲ့သူပါ။ အဖွဲ့ဝင်အဖြစ်ကနေ ထွက်သွားခဲ့တာ ကြာပါပြီ။ အခုတော့ သူ့လုပ်ရပ်ဟာ ပါတီကြား.. လူမျိုးအချင်းချင်းကြား.. နိုင်ငံကိုဝင်ရောက်အခြေချနေထိုင်သူများနဲ့.. နော်ဝေးသားများကြား ရန်တိုက်အောင် ပြုမူတဲ့ လုပ်ရပ်လို့ နားလည်ပါတယ်။ ဒါပေမယ့်လည်း နော်ဝေးက နိုင်ငံရေးသမားတွေရဲ့ ကိုင်တွယ်ဖြေရှင်းပုံကတော့ အစွန်းမရောက်ဘူးလို့ မြင်ရပါတယ်။ သွေးကွဲအောင် လုပ်ချင်တဲ့ ရည်ရွယ်ချက်ရှိပေမဲ့ သူ့အတွေးအခေါ်က ရေခံမြေခံအားကောင်းလှတဲ့ နိုင်ငံရေးခေါင်းဆောင်တွေရဲ့ အတွေးအခေါ်ကို မအောင်နိုင်သေးပါဘူး။

လာမဲ့ သြဂုတ်လ (၂၂) ရက်နေ့ကို အမှတ်တယ ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့အဖြစ် လုပ်ဖို့ ပါလီမာန်က မနေ့ က သတ်မှတ်လိုက်ပါပြီ။ အဲဒီမှာ စည်းလုံးညီညွတ်မှုကို ပြသရမှာ ဖြစ်ပါတယ်။ ဒါဟာ ယုံကြည်မှု ..စည်းလုံးမှု.. ခိုင်မာမှု..တရားမျှတမှု စတာတွေ အကုန်လုံးကို ပုံဖော်ခြင်းပါပဲ။ ငြိမ်းချမ်းရေး နိုဗယ်ဆုပေးတဲ့ နော်ဝေးနိုင်ငံကို နော်ဝေးနိုင်ငံသား တယောက်က ရက်ရက်စက်စက် သွေးအေးအေးနဲ့ စိတ်ရူးပေါက်ပြီး လုပ်ခဲ့ခြင်းဟာ အဓိပ္ပါယ်တွေ အများကြီးရှိလှပါတယ်။ ဒါပေမယ့်လည်း ခေါင်းကြီးပြီး သုတ ပြည့်စုံသူများကတော့ သူတို့လူ့အဖွဲ့အစည်းပေါ်မှာ ပုံဖော်တည်ဆောက်ထားတဲ့ တရားမျှတမှု.. ငြိမ်းချမ်းမှု.. စတဲ့ ဒီမိုကရေစီ ရဲ့ သရုပ်သကာန်တွေကို မပြောင်းမလဲ တည်ရှိနေမှာမို့.. ကြည်နှူးစရာလို့ ရူမြင်ရင်း ဇူလှိုင်လ ၂၂ ရက်နေ့မှာ အသတ်ခံရသူများအားလုံး ကောင်းရာသုဂတိ လားကြပါစေလို့ ဆုတောင်းပါတယ်။ နော်ဝေးလိုတော့ အားလုံးအားလုံး ( Hvil I Fred)..-

သတင်းနဲ့ ပတ်သက်ခဲ့တာတွေကို ကြည့်ချင်ရင် ( July 22 terrorangrepet) လို့ရေးထားတဲ့ နေရာမှာ သွားကြည့်နိုင်ပါတယ်.. လင့်တွေက ..။

http://www.vgtv.no/#!id=42547
http://www.vg.no/nyheter/innenriks/oslobomben/


ကမ္ဘာပေါ်မှာ ကြမ်းတမ်းမှု ရက်စက်မှုတွေ ပပျောက်ပါစေ.. ။

မဗေဒါ (၈၈)
၀၂.၀၈.၂၀၁၁

ဆက်ဖတ်ကြည့်ပါဦးနော်....

Saturday, June 4, 2011

နော်ဝေး နိုင်ငံက မြန်မာရှင်ပြုအလှူပြပွဲ

ရှင်ပြုမင်္ဂလာတော် အခမ်းအနား လှည့်လာပုံ

မြန်မာလူမျိုးတွေလုပ်တဲ့ သင်္ကြန်ပွဲကို လာကြည့်တဲ့ နော်ဝေးတယောက်က သဘောကျပြီးတော့ ပွဲဌားသွား ပါတယ်..။ သင်္ကြန်ပွဲမှာ ပြသခဲ့တဲ့ ရှင်ပြုအလှူတော် နားသမင်္ဂလာပွဲကို သဘောတွေ့သွားခဲ့တာပါ။ ဒါနဲ့ပဲ နော်ဝေးနိုင်ငံ ဟားမားမြို့မှာ နိုင်ငံပေါင်း ၁၄ နိုင်ငံက ပါဝင်ပြီး ပြသကြတဲ့အထဲမှာ ပါဝင်ဖို့ဖြစ်လာပါတယ်..။ အရင်နှစ်တွေကတည်းကလည်း ဒီလိုပြသပွဲတွေကို ဟားမားမှာ လုပ်နေကြဖြစ်ပါတယ်..။ မြန်မာတွေကတော့ မပါဝင်ခဲ့ပါဘူး။ ဒီနှစ်မှပဲ သင်္ကြန်ပွဲကနေ အဆက်ရသွားကာ မြန်မာပြည်ယဉ်ကျေးမှုကို ပြဖို့ဖြစ်သွားတယ်လို့ ဆိုရမှာပါ..။ အဖွဲ့ကို ဝါသနာပါတဲ့ ကို (.. )က တာဝန်ယူပြီး ကျွန်မကတော့ မပါမနေရ ပါသွားခဲ့ပါသေးတယ်..။ အမှန်ကတော့ လူလိုလို့ခေါ်ရာကနေ လိုက်သွားပေးခြင်းပါ..တကယ်တော့လည်း အလုပ်..အိမ်..မိသားစုအပြင် ကိုယ်ဝါသနာပါတဲ့အခြားအလုပ် တွေရယ် ..တခြား လူမှုရေးကိစ္စများရယ်နဲ့ မသွားဖြစ်တော့ဘူးလို့ ရှိပြီးသားပါ။ ဒါပေမယ့်လည်း တဘက်က လိုတယ်လို့ပြောလာတော့ မငြင်းချင်တာရော.. ကိုယ်တိုင်လည်း မရောက်ဖူး တာရော.. အားနာတက်တာရော..ကိုယ့်နိုင်ငံအတွက် လုပ်နိုင်တာတခုခု သူများကို ပြောပြ သိစေချင်တဲ့စိတ်က ပြင်းထန် တာက ပိုသွားတာမို့ ဒီပွဲကို လိုက်သွားဖြစ်ပါတယ်..။ (လိုက်သွားရခြင်းအကြောင်း ရိုးသားစွာဝန်ခံခြင်းများ။)

အမှန်မှာက စိတ်မှန်းနဲ့ ဒီပွဲကို မှန်းကြည့်ပြီးသားပါ..။ ကျွန်မတို့ နော်ဝေး ရောက်ပြီး ၂ နှစ်လောက်မှာလည်း အခုနေထိုင်အခြေစိုက်တဲ့ မြို့လေးမှာ.. ဆရာမကနေတဆင့် မေးလာလို့ သင်္ကြန်အကကို ကပြဖူးပါတယ် …။ခြေမကျိုး လက်မကျိုး ခါးကျိုးစွာ တက်သလောက် ကပြခဲ့တာပါ..။ တခြား နိုင်ငံသားတွေလည်း လာရောက်ဖျော်ဖြေတာကြည့်ခဲ့ရပါတယ်။ ဆိုတော့ ဒီလိုပုံစံမျိုးနဲ့ ဆင်တူလို့ နားလည်ထားပါတယ်။ ထင်ထားတဲ့ အတိုင်းပဲ တူခဲ့ပါတယ်..။ ကွာတာတခုကတော့ ဟားမားမြို့လေးမှာက ပိုကြီးကျယ် ခန်းနားတယ်လို့ ဆိုရ ပါမယ်..။ ဟားမားမြို့လေးက အော်စလိုမြို့တော်ကနေ ၂ နာရီနည်းပါး မောင်းရပါတယ်..။ စီစဉ်ထားတဲ့ ကားကြီးထဲမှာ နော်ဝေးကလေးတွေ အိန္ဒိယက အမျိုးသမီးတဦးလိုက်ပါသွားကြပါတယ်..။ ကျွန်မတို့ကတော့ အများကြီး..တအုပ်ကြီးပေါ့။ ကားပေါ်မှာလည်း လူတွေက မောပန်းနေတာမို့ တိတ်တိတ်ဆိတ်ဆိတ် လိုက်ပါသွားကြပါတယ်။ ကားထွက်စမှာပဲ စကားစနဲနဲပါးပါးပြောပြီး အချိန်ကြာလာတော့ တိုးတိတ်သွားပါတယ်. မမောရှိမလား စနေမနက်အစောကြီးထလာ ကြရတာမလား..။ သောကြာနေ့ကြတော့လည်း အိမ်မှာနားနားနေနေ နေကြတာဆိုတော့ မနက်အခုလို အစောကြီးကတည်းက ထလာရတော့ ပင်ပန်းနေကြတာမဆန်းပါဘူး..။

ဟားမားမြို့က ရထားပြတိုက်ဝန်းကြီးထဲမှာ ပြပွဲကိုလုပ်ထားတာပါ..။ ပြီးတော့ တကယ်မောင်းလို့ရတဲ့ ရထားတွေလည်း ရှိတယ်..။ အဲဒီရထားတွေကိုလည်း ပွဲနေ့ ၂ ရက်စလုံးမှာ လူတွေကိုတင်မောင်းပေးနေတယ်..။ ကလေးတွေက စီးကြတယ်.. လူကြီးတွေကလည်း အကူလိုက်ပေးရင်း စီးပြီးအပျော်ရှာရတာပေါ့..။ ပြတိုက်ရှိတဲ့နေရာ ခြံအကျယ်ကြီးထဲမှာ နိုင်ငံစဉ်အလိုက် ထားပြီး စီစဉ်ထားတဲ့ပွဲပါ..။ ပွဲကို သေချာလည်း ကြိုတင်ပြင်ဆင်ထားပုံရပါတယ်..။ သက်ဆိုင်ရာ တိုင်းပြည်အမည်တွေကို သေချာချာပဲ ရောင်စုံလေးတွေချယ်သ ရေးထားပေးတယ်..။ ပြီးရင် နိုင်ငံအလိုက် ယာယီတဲတွေထိုးထားပေးတယ်..။ တောတန်းလေးထဲမှာ လှလှပပလေး ဖြစ်အောင် ပြင်ဆင်ထားတယ်လို့ ပြောရင်ရနိုင်ပါတယ်။ လှအောင် ဆင်ထားသလို ကလေးတွေရဲ့ ပန်းချီလက်ရာတွေကိုလည်း ပြသထားပါတယ်။ အဓိကတင်ပြမှုကတော့ သူငယ်ချင်းဖြစ်ခြင်း.. ငြိမ်းချမ်းရေး. .လွတ်လပ်မှုတွေကို ပုံလေးတွေ စာသားလေးတွေနဲ့ ဦးစားပေးပြသထားပါတယ်..။ အဲဒီအဓိပ္ပါယ်ရတဲ့ ပုံ တွေကို ဆွဲထားတာမျိုးလို့ ဆိုရမှာပေါ့..။

ကလေးတွေလက်ရာကို ကြည့်ရူနိုင်သလို နိုင်ငံအလိုက်မှာတော့ လူကြီး ကလေးတွေအတွက် ရောနှောပြသတာမျိုးတွေ များပါတယ်..။ မြန်မာနိုင်ငံဆိုရင် ရှင်ပြုနားသလုပ်တဲ့အခါ လှည့်လည်ပုံကို တင်ပြတဲ့ အနေနဲ့.. စင်ပေါ်မှာ ကပြဖျော်ဖြေပါတယ်..။ နောက်ပုဂံအက..သင်္ကြန်ရောသမွေ အကတွေကို ဖျော်ဖြေပါတယ်။ လူတွေကလည်း စားတဲ့သူကစား ကြည့်တဲ့သူကကြည့်ပေါ့။ မြန်မာပြည်က အရင်တုန်းက ဖျော်ဖြေတဲ့ ထဲမပါ ဘူးတော့ နဲနဲတော့အထူးအဆန်းဖြစ်သလိုဖြစ်တယ်ထင်ပါတယ်။ နောက် နော်ဝေးအများစုက တခြားလူမျိုး တွေကို ပွဲတွေမှာ ဝတ်စားဆင်ယင်တာမျိုးတွေကို ယဉ်ပါးနေပုံပေါ်ပါတယ်။ မြန်မာကြတော့ နဲနဲရှားပါးပစ္စည်း ဖြစ်နေတုန်းပါ..။ ဒါကြောင့် ကြည့်ကြည့်ပြီး ``လှတယ် ``လို့ ပြောကြပါတယ်..။ ကိုယ်ကလည်း ကျေးဇူးတင်ပါတယ်လို့ ပြန်ပြောရပါတယ်..။ လှတယ်လို့ ပြောလို့ ``ကျေးဇူး``ဆိုတဲ့ စကားက တကယ်တော့ မရင်းနှီးသေးတဲ့စကားပါ..။ ဒီတော့အလေ့အကျင့်ရအောင် ဒီပွဲမှာ တော်တော်ပြောခဲ့ရပါတယ်။ ရာသီဥတုက နဲနဲအေးတယ်.. ၅ နဲ့ ၁၀ စင်တီဂရိတ်လောက်ကြားပဲ ရှိတယ်.. လေကလည်း အရမ်းတိုက်တော့ လူတွေက အရမ်းချမ်းကြတာပေါ့.နောက် တောတန်းအနောက်ဘက်မှာ လည်း ရေပြင်ကတိုက်ခတ်လာတဲ့ လေနုကြမ်းက ပိုအေးစေတာမို့.. အတော်တော့အခက်တွေ့ပါတယ်..။ ကိုယ်ဝတ်ထားတာတွေကို အဓိက ပြချင်တာဆိုတော့ ဒီအတိုင်း အအေးခံပြီး ဝတ်ပြရတာ အတော်လေးကြီးမားတဲ့ ဒုက္ခများပါ..။ ဒါပေမယ့်လည်း တက်နိုင်ပါဘူး..အအေးခံပြီး ပြရတာပေါ့..ဒီကြားထဲ ````လှတယ်`` လို့ ပြောသွားရင် ပိုပြချင်စိတ်တွေ ပေါက်တာမို့.. ပိုအအေးခံဖြစ်တော့တာပါပဲ..။ တော်သေးတယ် မဖျားမနာကြတာကံကောင်းတယ်လို့ ဆိုရပါမယ်။ မောင်ရင်လောင်း လှည့်တော့လည်း ပထမရက်မှာက သီချင်းမပါပဲလှည့်ရတော့ အဆင်မပြေဘူး။ ဖီလင်မလာဘူးပေါ့..။ဘာကြီးမှန်းမသိဖြစ်နေတယ်။ နောက်ရက်ကျတော့ စီဒီက အလုပ်ဖြစ်သွားတယ်။ ဒါပေမယ့်လည်း မောင်ရင်လောင်း ပျောက်နေပြီး လှည့်ပြရတော့တယ်။ နားမလည်မသိတဲ့ လူဖြူတွေကို မောင်ရင်လောင်းမပါပဲ မျက်လှည့်ပြခဲ့ရတယ်လို့ ဆိုရပါမယ်။

မြန်မာနိုင်ငံက ရှင်လောင်းပြုပုံကို ပြသသလို အစားအသောက်အနေနဲ့ လ္ဘက် ..နဲ့ သူနဲ့တွဲစားတဲ့ ပုဇွန်ခြောက်..ပဲကြော်.. ပြီးတော့ ကြံသကာ..ပဲကြီးလှော်တို့ကို နမူနာကြွေးပါတယ်..။ လူတွေကလည်း အထူးအဆန်း မြည်းစမ်းကျပါတယ်..လူကြီးတွေကတော့ လ္ဘက်ကို ပိုမြည်းကြပါတယ်။ ကလေးတွေကတော့ ကြံသကာပေါ့..။ ကြံသကာကိုလည်း အံကိုက်အောင် ကိုယ့်ဘာသာ ဘာသာပြန်လိုက်ပါတယ်။ `` မြန်မာချောကလက်`` လို့ပေါ့။ လာကြည့်တဲ့ ဧည့်သည်တွေတော့ မသိဘူး ။ ကိုယ့်ဘာသာ ပြန်ပြန်မြည်းတာနဲ့တင် အတော်လေး လ္ဘက်အသားတွေကုန်သွားပါတယ်။ အစားအသောက် ယူလာပေးတဲ့ လူတွေကိုလည်း ကျေးဇူးတင်ရပါသေးတယ်။ လ္ဘက်ကတော့ လူကြီးတွေ အတော်လေး သဘောကျတယ်လို့ ဆိုရပါမယ်။

ပွဲထဲမှာ ဈေးတန်းကတော့ မပါမပြီးပေါ့..ရောင်းတဲ့နိုင်ငံတွေက ထိုင်း. မက္ကဆီကို. နော်ဝေး. ဗီယက်နာမ်. ဆိုမားလီးယား.. ဂွာတာမာလာ အစားအစာတွေ လို့မှတ်မိပါတယ်။ ထိုင်းကတော့ ပိုမှတ်မိတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ အငြင်းပွားရလို့။ အရိုးစွဲတာတော့ မဟုတ်ဘူး..ထိုင်းတွေက စဉ်းစားတာ ဝေးသလိုပဲ.. ဒါမှမဟုတ်လည်း မြန်မာ ဆိုတာသိလို့ ပဲ ကျွန်မတို့အပေါ် ခါးခါးသီးသီးဖြစ်သလားလဲ မဆိုနိုင်ဘူး။ ဒီလိုပါ..။ ပွဲစီစဉ်သူတွေက အစားအသောက် အနေထိုင်ကို တာဝန်ယူပါတယ်။ ဒီတော့ စားဖို့အတွက် နေ့လည်စာကို ကူပွန်ကတ်လေးတွေ ထုတ်ပေးပါတယ်။ ကတ်ကလေးတွေအပေါ်မှာ ထိုင်း ဗီယက်နာမ် စသဖြင့် ရေးထိုးထားပါတယ်..။ ဒီတော့ ဆိုင်ရောင်းနေသူကို ကတ်ကလေးပြပြီးကြိုက်ရာ စားယုံလို့ပဲ နားလည်ထား ပါတယ်..။ ဈေးသည်တွေကိုမေးတော့ ဒါမျိုး လာစားလို့မရဘူးလို့ပဲ ထပ်ခါထပ်ခါ ပြောနေတော တော်တော် အခက်တွေ့ပါတယ်။ ဒါနဲ့ပဲ နာရီဝက်လောက် စောင့်လိုက်ရပါတယ်..။ သူတို့ထဲမှာ နဲနဲမြင်တက်တဲ့ အမျိုးသမီးလို့ထင်ရတဲ့ နောက်ဝင်လာသူကို ကျွန်မက ``ရှင်တို့ထဲမှာ အုပ်စုခေါင်းဆောင်ပါလား``လို့ မေးရပါတယ်။ မပါဘူးဆိုတော့ ဒါဆိုရင် သူ့ကို ဖုန်းဆက်ပေးပါလို့ ပြောမှပဲ ဟိုဘက်ကအဖြေမှန်ကြောင့် ထိုင်းအစားအသောက်ကို စားရပါတယ်..။ ကလေးတွေလည်း စောင့်ရလို့ စိတ်တိုကြပါတယ်။ ကျွန်မကတော့ စိတ်တိုတာကို မပေါ်အောင် စကားရော မျက်မှာပါ ထိမ်းချုပ်ခဲ့ရပါတယ်..။ ထိမ်းချုပ်ရတာကလည်း တကယ်တော့မလွယ်ပါဘူး..။ ဗိုက်ဆာတာရော စိတ်တိုတာရော အေးတာရော အကုန်ပေါင်းပြီး သည်းခံရတာပါ။

အင်ဒိုနီးရှားအက



ဘာသာစကားမျိုးစုံပြောမယ်



တောတန်းလေးထဲ ဒီလိုအလှဆင်ထားတယ်



ဘားမားးးးးးးးးးးးးးးးး



မောင်းတီးမယ်



တောတန်းထဲက အိမ်သာရှေ့




ဂွာတီမာလာပေါင်မုန့် စားချင်လို့ စောင့်နေတာ...



ပုသိမ်ထီးကြိုက်သည့် ကလေးများ



နေ့လည်စာ စားရဖို့ အကြိတ်အနယ်


တောတန်းလေးထဲမှာ ကိုယ့်ယဉ်ကျေးမှုတွေကို တက်သလောက် မှတ်သလောက်ရှင်းပြရပါတယ်။ လူတွေကလည်း စိတ်ဝင်တစားတော့ ရှိပါတယ်။ ဖြစ်ချင်တော့ တွဲကြတဲ့အီဂျစ်က အမျိုးသမီးကလည်း တယောက်ထဲပါ..တဲတတဲလုံးမှာ တယောက်ထဲ ရှားရှားပါးပါး လာဖျော်ဖြေတာပါ။ သူ့အကကတော့ ဗိုလ်အလှအကလို့ပြောရပါမယ်။ ဒုတိယနေ့မှာတော့ သူ့တဲမှာ လူများလို့ ကျွန်မတို့လူတွေက မြန်မာပြည်ကို အလကားလေယာဉ်လတ်မှတ်နဲ့ အစားအသောက်တွေ ကျွေးတယ်လို့ အော်အော်ပြောပြီး လူခေါ်ရပါတယ်။ လူတွေကလည်း အဟုတ်မှတ်လို့ အပြေးအလွားပေါ့။ တကယ်လည်းရောက်ရော နောက်တာသိသွားသလို အစားအသောက်ဆိုတော့လည်း ပဲကြီးလှော်တွေပဲ စားရလို့ စပ်ဖြဲစပ်ဖြဲနဲ့ ရယ်မောကြတာပါပဲ..။ ကလေးငယ်ငယ်လေးတွေကတော့ ပုသိမ်ထီးတွေကို မိဘတွေကိုတောင်းဝယ်ခိုင်းတာမို့ ရောင်းဖို့မဟုတ် ကြောင်း ရှင်းပြရတာလဲ တော်တော်မောပါတယ်။ ကလေးတွေက ပုသိမ်ထီးကိုလည်း အပေါ်က ထိပ်နဲ့ လှည့်လှည့်ပြီး ဆော့တာမို့ မလုပ်ဖို့ တားမြစ်ရပါတယ်။ ပစ္စည်းတွေက တကူးတက မှာဝယ်ထားကြရတာမို့ ရှားပါးပစ္စည်းတွေဖြစ်သလို ဒီထီးတွေက ဒီလိုဆော့ရတာ မဟုတ်ဘူးဆိုတာလည်း သိအောင် ပြောရရှင်းရတာမလား။ ကလေးတွေက ပုသိမ်ထီးကိုတော့ အတော်သဘောတွေ့ကျပါတယ်။ နောက်တခုကတော့ ``မောင်း`` ပါ။ မောင်းတီးတော့လည်း မောင်းကွဲသံကြီးပဲ ထွက်ထွက်လာလို့ မောင်းပျက်သွားမှာလည်း စိတ်မောရပါသေးတယ်။ နောက်ရှင်ပြုရင် မောင်ရင်လောင်း မယ်ရင်လောင်းတွေ ဆောင်းတဲ့ ဦးထုပ်.တွေကိုလည်း လှလို့ယူကြည့်ကြပါသေးတယ်…။ ဘာပဲပြောပြော မြန်မာပြည်က ပစ္စည်းတွေကို စိတ်ဝင်စားသွားသလို ကျွန်မတို့အဖွဲ့ကတော့ လူအများဆုံးအဖွဲ့မို့ စည်လည်းစည် ပျော်လည်းပျော်ရပါတယ် ..။ တချို့တဲတွေက လူတစ်ယောက် နှစ်ယောက်ပဲ ရှိပါတယ်။ ထူးခြားသေးတာတခုက ဗီယက်နာမ်က ဖျော်ဖြေတဲ့ နာမည်ကြီး အက လေ့လာမှုမှာ ``ဝါးညပ်အက`` ပါတယ်..။ ကြည့်ဖူးတဲ့ ကရင်အကနဲ့တူတော့ စဉ်းစားမိသေးတယ်..။ မူရင်းဘယ်သူလဲပေါ့..။ ကျွန်မတို့အဖွဲ့က သင်္ကြန်သီချင်းဖွင့်ပြီး သမီးငယ်တွေကို ကခိုင်းတော့ သီချင်းသံမထွက်တာမို့ မဗေဒါ အသံနဲ့ မပါမပြီး ပါဝင်ဖျော်ဖြေရပါသေးတယ်။ စိန်ဗေဒါကတော့ မခေပါဘူး.. သီချင်းမရပေမဲ့လည်း ကျန်သူတွေနဲ့ လုံးချခဲ့တာပေါ့။ အဲဂလို မြန်မာပြည်ကြီးရဲ့ အက အလှတွေကို နော်ဝေးနိုင်ငံသားတွေနဲ့ တခြားလူတွေ ကို ဧည့်ခံခဲ့လေသတည်းပါ။

နှစ်ရက်မြေက်တဲ့ နေ့လည်မှာတော့ တဲတွေအကုန်လုံးကို ခေတ္တခဏပိတ်ပြီးတော့ အားလုံးစုဆုံရပါတယ်..။ လူတွေကတော့ ထောင်ကျော်လောက်ရှိလောက်ပါ့မယ်..။ အကုန်လုံးက အပြင်မှာစောင့်ရပါတယ်။ စင်ပေါ်က ပွဲထိန်းရွေဂေါင်းပြောင်က လူတွေအထဲကို ဝင်ရောက်ကပြဖို့ စော်အော်ပါတယ်။ ကရမဲ့ အကကတော့ `` စွန်ဘာ``ပါ။ လူတွေကို တားထားတဲ့ အဝန်းထဲမှာ အယောက် ၅၀ စီ နေရာယူခိုင်းပါတယ်။ လူတွေကလည်း စည်းကမ်းရှိစွာပဲ ရပ်ချင်သလို ရပ် နေရာယူချင်သလို ယူထားကြပါတယ်။ ကျွန်မလည်း ကချင်တာနဲ့ ထိပ်ဆုံးမှာ သွားရပ်နေပါတယ်။ ပြီးတော့ တခြားမပါတဲ့ မြန်မာသူငယ်ချင်းတွေကိုလည်း ကဖို့ခေါ်ရပါတယ်။ အထဲမှာ လူပေါင်း ၇၀၀ ကျော်လောက် ရှိမယ်ထင်ပါတယ်။ အပြင်မှာ ရပ်ကြည့်နေသူတွေကို အထဲဝင်ဖို့လည်း ခဏခဏ ခေါ်ရပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ဒီအကကို လူဘယ်လောက် ပါဝင်သလဲဆိုတဲ့ မှတ်တမ်းဖြစ်သလို အခြားနေရာတွေနဲ့လည်း လူဦးရေ အရေအတွက် ပြိုင်ရတဲ့ပွဲမို့ပါ။ နော်ဝေးတီဗီလိုင်းကလည်း ပြန်ထုတ်လွင့်ပေးဖို့ မှတ်တမ်းတင်ပါတယ်။ တချို့တွေလည်း နာရီဝက် ကျော်ကျော်လောက် ခေါ်တော့ အားနာပါးနာနဲ့ ဝင်လာကြပါတယ်။ အဆုံးတော့ စင်ပေါ်က စွန်ဘာ အိတ်စပတ်တွေက ကပြ ကျွန်မတို့အောက်က အကမယ်တွေကလည်း ကတက်သလို လိုက်ကနဲ့ အတော်ပျော်စရာကောင်းပါတယ်။ မိုးကလည်းရွာလာပါတယ်။ လေကလည်း အတော်လေးတိုက်ပါတယ်..။ မိုးရွာရွာ လေတိုက်တိုက် စိန်ဗေဒါကတော့ မပြန်ပါဘူး။ ပွဲပြီးတဲ့အထိ ကပေးပါတယ်။ အဆုံးတော့ ပျော်စရာပွဲလေးတခုအဖြစ် မြင်မိပါတယ် လို့ဆိုရင်း နားပါတော့မယ်။

( ပွဲအတူသွားခဲ့တဲ့ သူများ ဓါတ်ပုံတွေ ကြည့်ချင်ရင် ဖေ့ဘုတ်မှာ အားလုံးနဲ့ ဆိုင်တဲ့ အမှတ်တယ ပုံတွေ တင်ထားပေးပါတယ်။ ဒီသလော့မှာတော့ ကျွန်မရဲ့ပုံတွေလောက်နဲ့ တချို့ပုံတွေပဲ တင်ထားပါတယ် ..နားလည်လိမ့်မယ်လို့ ထင်ပါတယ်။ ထမင်းဟင်း မမောမပန်းချက်ကြွေးခဲ့တဲ့သူများကိုလည်း အထူးကျေးဇူးတင်ပါတယ်..)

အားလုံးကိုခင်မင်စွာဖြင့်

မဗေဒါ (၈၈)
၀၃.၀၆.၂၀၁၁

ဆက်ဖတ်ကြည့်ပါဦးနော်....

Tuesday, May 31, 2011

ပြေးမလွတ်တဲ့ ဒုက္ခးးးးးးးးးးးးး


မနေ့ကတည်းက ထူးတဲ့သတင်း တခု…။သခွားသီးကနေ (အယ်ကိုလင်း) ပိုးဝင်လို့ လူတွေကို ဂျာမဏီမှာ ဆေးရုံတင်ရတယ်လို့ ပြောနေတယ်…သေတော့မသေချာသေးဘူး..။ ဒီသတင်းကြားတော့ မနေ့တနေ့က ဖတ်ထားတဲ့ သတင်းဆောင်းပါးလေး ပြောပြချင်တယ်.. အစက ထင်ထားတာ အစားအသောက်ကနေ ရောဂါဘယ ရတယ်လောက်ပဲ..။ အခုတော့လည်း အင်မတန်ထူးဆန်းတဲ့ ရှာဖွေမှုတခုကို ဖတ်ရပါလေသည်..။ သတင်းဖတ်ပြီးတော့ စဉ်းစားနေတာက..နေစရာနေရာ.. စားစရာအစာ..ဝတ်စရာအဝတ်တွေ အကုန်ပြောင်းတော့ ရင် ကောင်းမလားလို့..။ တခါပြန်စဉ်းစားတော့လည်း ဟုတ်သေးပြန်ဘူး .. ပြောင်းဖို့ဆိုတာကလည်း လက်တွေ့ မှာ လွယ်တော့မလွယ်လှပေဘူး..။ .ကိုယ်မှမဟုတ်ဘူး. .လူတိုင်းနည်းပါးဖြစ်မယ်.. သနားစရာ လူသားများ ဒုက္ခဘုံကြီးထဲ လျှောက်ပြီးရင်း လျှောက်လှမ်းပေတော့..။ ကဲ..ဖတ်မယ် ဘာများလဲ..။

မိုးရွာတဲ့အခါမှာ မိုးကာအကျီတွေကို လူအများစု အသုံးပြုကြပါတယ်..နော်ဝေးမှာဆိုရင်လည်း လူတိုင်းနည်းပါး အဲလိုမိုးကာအထည်တွေ ဗီရိုကြီးထဲမှာ ထည့်သိမ်းထားတက်ပါတယ်..။ မိုးရွာရင်တော့ ထုတ်သုံးကြတာပေါ့.. မြန်မာပြည်မှာဆိုရင်တော့ မိုးရွာရင်``ထီး``.. အသုံးများမယ်ထင်ပါတယ်။ မိုးကာအဝတ်တွေက လေတိုက်တာ ခံနိုင်တယ်.. နောက်မိုးဒဏ်ကိုခံနိုင်တယ်.. ပိုလုံခြုံတယ်လို့ ယူဆတာကြောင့် ပိုအသုံးတည့်သလိုတော့ ဖြစ်ပါတယ်။ မသိသေးတာက အဲဒီအဝတ်တွေထဲမှာ အဆိပ်ဖြစ်စေတက်တဲ့ ဓါတ်တွေ ပါဝင်နေပါတယ်တဲ့..။ အိမ်ထဲမှာကလည်း အခြားသော အဆိပ်ဖြစ်စေတက်တဲ့ အဝတ်အစား တွေကလည်း ရှိနေတက်တယ်လို့ ရှာဖွေတွေ့ရှိသူတွေက ဆိုပြန်ပါတယ်..။ မြင်အောင်ပြောမယ်ဆိုရင် အဲဒီဓါတ်တွေဟာ လေထဲမှာ အလည်အပတ်သွားနေတာမျိုးပေါ..။မျက်စိနဲ့မြင်ရတဲ့ ဖုန်မုန့်တွေထဲမှာ ရှိနေတယ်။ ဆိုလိုတာက လေထုထဲရှိနေတယ်..။ ဥပမာ.. အဲဒီအဝတ်တွေကို လျှော်တဲ့အခါမျိုး မှာပဲဖြစ်ဖြစ်..စွန့်ပစ်လိုက်တဲ့ အခါမှာပဲဖြစ်ဖြစ် အဲဒီအဝတ်ထည်ကထွက်သွားတဲ့ ဓါထုဓါတ်တွေဟာ လေထုထဲမှာ ရှင်သန်နေကြတာပါ..။ အဲဒီဓါတ်တွေဟာ လူတွေကို ဒုက္ခပေးနိုင်ပါတယ်တဲ့.။ အဲဒီဓါတ်တွေ နေရာတိုင်းမှာ ရှာတွေ့နိုင်ပါတယ်..။ တိရစ္ဆာန်..လေထု.. ရေ ..ကျွန်မတို့လူသားတွေထဲမှာ ရှိနေပါတယ်..။ အန္တရယ်ရှိတဲ့ ဒီလိုဓါတ်မျိုးတွေဟာ နေရာအနှံ့ လှုပ်ရှားသွားလာနေတယ်လို့ ဆိုနိုင်မယ်ထင်ပါတယ်..။ နောက် ကော်တွန်လို့ခေါ်နေတဲ့ (ချည်ထည် )အဝတ်တွေမှာလည်း အရောင်ဆိုးဆေးတွေကနေ..ပုံဖော်ထားတဲ့ အရုပ်တွေရဲ့ ဆေး.. စတာမျိုးတွေကနေ အန္တရယ်ပေးသလို အဝတ်စတွေကို လုပ်တဲ့ဓါတ်တွေကလည်း မသန့်တော့ ဒုက္ခပေးနေတက်ပါတယ်.. (ဒါကြောင့်တချို့ဆိုရင် အဝတ်အထည်တွေကြောင့် ယားယံတာမျိုးတွေ တွေ့ဖူးကြမယ်ထင်ပါတယ်..)။ ဒါကြောင့် ကျမ်းမာရေး အဖွဲ့ကြီးက နှစ်တိုင်းမှာ လူပေါင်း ၂ သောင်းလောက်ဟာ အဲဒီဓါတုဓါတ်တွေကြောင့် ဘဝတပါးပြောင်း ကြလေ သည်..ဟု ဆိုထားပါတယ်..။

တကယ်လို့ ကိုယ်က လေ့ကျင့်ခန်းလုပ်မယ်ဆိုရင် အဝတ်ထည်တွေ ဝယ်တယ်ဆိုပါစို့..။ ဒါဆိုရင် ဘတ်တီးရီး ယားတွေကို သေစေတဲ့ (ငွေ )လို့ ခေါ်ဆိုရမဲ့ ဓါတ်တမျိုးဟာ ပါနေပါတယ်..။ အဲဒီဓါတ်ကနေ သဘာဝဝန်းကျင်ကို အပြောင်းအလဲ ဖြစ်စေပါတယ်..။ဆိုလိုတာက သဘာဝဝန်းကျင်ကြီးထဲမှာ အဲဒီဓါတ်တွေ ပါဝင်ဓါတ်ပြုသွား မယ်ပေါ့.. တခါတလေကျပြန်တော့လည်း အဲဒီဓါတ်ကို ဘတ်တီးရီးယားက တုန့်ပြန်မှု မလုပ်ပြန်ပါဘူး...တဲ့..။ နော်ဝေးမှာ အဲဒီလို အန္တရယ်ရှိတဲ့ ဓါတ်တွေပါတဲ့ အဝတ်အထည် ဘာညာကွီကွတွေကို တားမြစ်ထားပါတယ်.. ဒါပေမယ့်လည်း တထည်ချင်း တအုပ်ချင်း လိုက်စစ်ဖို့ဆိုတာ ခက်ခဲပါတယ်..( အဝတ်မပြောပါနဲ့ အစား အသောက်တွေတောင် မသန့်တာအများကြီးပါ..) တခါ အသုံးပြုတဲ့ လူတိုင်းကရော ဒီလိုသတင်း အချက် အလက်တွေကို သိနိုင်ဖို့ (စိတ်ဝင်စားမှု) အားနည်းတယ်လို့ ထင်ပါတယ်..။( မဗေဒါဆိုရင် သဘာဝ ပတ်ဝန်း ကျင် ကာကွယ်ရေးကို လွန်ခဲ့တဲ့ ၁၃ နှစ်ပါးကတည်းက အင်မတန်စိတ်ဝင်စားပါတယ်..။ တကူးတက မဟုတ်တာတောင် သူနဲ့ ပတ်သတ်တဲ့ သတင်းဆောင်းပါး မျိုးတွေကို တွေ့ရင်ဖတ်ပါတယ် …လိုက်နာနိုင်တဲ့ စည်းကမ်းတွေကိုလည်း လိုက်နာပါတယ်..ဥပမာ..အဝတ်အထည်တွေကို ဗုံးဘလအော မဝယ်ပါဘူး။ ပလစ်စတစ် တွေကို ရသလောက်ထိသုံးတယ်..။ တော်ရုံမစွန့်ပစ်ဘူး..။ စွန့်ရင်လည်း စနစ်တကျ ပစ်တယ် ..တက်နိုင်ရင် တော့လည်း သိပ်မသုံးဘူး..။ အပင်သေးသေးလေးတွေကို မလိုအပ်ပဲ မနုတ်ပစ်ဘူး.. စသဖြင့် လုပ်နိုင်သလောက် လိုက်လုပ်တာတွေ တာဝန်ယူတာမျိုးတွေ ရှိပါတယ်..။ ) ဒါပေမဲ့ လည်း အခုလို သဘာဝပတ်ဝန်းကျင် ထိခိုက်စေတက်တဲ့ ဓါတ်တွေ လေဒဏ် မိုးဒဏ် နှင်းဒဏ် ခံနိုင်တဲ့ အဝတ်အထည်မျိုးထဲ ပါတာမျိုးကို အခုမှ သိရသလို.. တကယ်တမ်းသိတော့ရော လိုက်လုပ်နိုင်ဖို့ ဆိုတာ အခုကိစ္စမှာ ခက်ခဲ တယ်လို့ ထင်ပါတယ်..။ သဘာဝန်းကျင် ထိခိုက်တာထား ကိုယ့်အတွက်စဉ်းစားရင်တော့ လိုက်လုပ်ဖို့ ခက်တယ်လို့ ထင်ပါတယ်..။ ကိုယ့်အတွက် အဲဒီအန္တရယ်မပါတဲ့ဓါတ် မိုးကာအကျီ ချုပ်ပေးပါလို့လည်း သီးသန့် မှာနိုင်မှာ မဟုတ်ဘူးမလား..။ ဒီတော့ လူနဲစုဖြစ်တဲ့ ဒီစမ်းသပ် တွေ့ရှိတဲ့ ပညာရှင်တွေရယ် အဲဒီဘာသာကို လေ့လာလိုက်စားတဲ့ ကျောင်းသား တွေလောက်ပဲ လက်တွေ့မှာ လိုက်လုပ်နိုင်မယ် ထင်ပါတယ် ..ဒါတောင် ပညာရှင် မိသားစုတိုင်း.. ကျောင်းသား တိုင်း လိုက်လုပ် ဖို့ လက်တွေ့မှာလွယ်တော့မလွယ်လှဘူး.. လို့ ထင်တာပါပဲ။

အတိုချုပ်ပြန်ပြောရရင်..

၁။ အဝတ်အတော်များများမှာ ရှမီးကာလယ်လို့ ခေါ်တဲ့ ( ဓါတုဗေဒ ) ဓါတ်တွေနဲ့ ပြုလုပ်ထားတယ်..။
၂။ အဲဒီ ဓါတ်တွေဟာ သဘာဝဝန်းကျင်နဲ့ ကျမ်းမာရေးကို ဒုက္ခပေးတယ်..။
၃။ အဲဒီ အန္တရယ်ရှိတဲ့ ဓါတ်တွေကို မိုးကာအကျီင်္နဲ့ အားကစားဝတ်စုံတွေမှာ တွေ့ရှိရတက်တယ်။

ဒုက္ခဆိုတာ ဘယ်မှ ပြေးမလွတ်ဘူးးးးး. ။ အဝတ်မဝတ်ပဲ လျှောက်သွားနေရင်လည်း မဟုတ်သေးဘူးးးးးလို့ ထင်ဒါပါပဲ… ။

(ခရီးသွားနေလို့ ရေးထားတာ အခုမှ ပြန်စစ်ပြီး တင်ဖြစ်ပါတယ်..နော်ဝေးလို ဖတ်ချင်သူများ..ကလားတားလယ် အတွဲ ၂၀ …မှာ ဖတ်ရူနိုင်ပါတယ်..။ )

ပျော်ရွင်ချမ်းမြေ့ကြပါစေ… ။
မဗေဒါ (၈၈)
၂၇.၀၅.၂၀၁၁

ဆက်ဖတ်ကြည့်ပါဦးနော်....

Monday, May 16, 2011

ရုစ်



မြန်မာပြည်မှာ သင်္ကြန်ကျတဲ့ရာသီက ဒီမှာဆိုရင် ဆောင်းရာသီနဲ့ နွေရာသီကြားကာလဖြစ်ပါတယ်၊၊ နော်ဝေးလို Vår လို့ခေါ်ပြီး..မြန်မာလိုတော့ ပွင့်လင်းလာတဲ့ နွေဦးရာသီလို့ပြောနိုင်ပါတယ်..။ ဒီအချိန်မှာဆိုရင် ပန်းနှစ်မျိုး ပေါက်ပါတယ်၊ အဖြူရောင် ပန်းလေးတွေက ဆလတ်ပန်းအသေးစားလေးတွေလိုဖြစ်ပြီး နောက်တမျိုး ကတော့ ဒေလီယာလိုမျိုး အဝါရောင်လေးတွေပါ၊၊ ပန်းတွေကအလေ့ကျ သဘာဝပေါက်ပေမဲ့ သိပ်လှပါတယ်၊၊ တန်းစီပြီး စိုက်ယူထားသလားလို့ ထင်ရတဲ့အထိကို သဘာဝအလှက ဆန်းကြယ်ပါတယ်၊၊ ပန်းတွေနဲ့အပြိုင် အခြားသော အပင်တွေလည်း လန်းဆန်းလာတဲ့ ရာသီပေါ့၊၊ သင်္ကြန်တုံးကဆိုရင် မြန်မာပြည်က ငုဝါပန်းနဲ့တူတဲ့ ပန်းပင်တွေကို ကြည့်ပြီး မြန်မာပြည်များ ပြန်ရောက်သလားတောင်ထင်ရပါတယ်၊၊ ဒီရာသီမှာ အအေးတွေပျောက် လာတာနဲ့ အတူ ကျောင်းသားလေးတွေလည်း အပျော်တွေနဲ့ မြူးလာကြပါတယ်..။



မေလရောက်တဲ့အခါမှာဆိုရင်..ကျောင်းသားတွေစာမေးပွဲဖြေကြရတော့မှာဖြစ်ပါတယ်၊၊အထက်တန်းကျောင်းသားတွေ ..အလယ်တန်းတွေ..မူလတန်းနဲ့ တက္ကသိုလ်အထိပါပဲ..၊ အဲဒီထဲမှာမှ ထူးခြားတာကတော့ ရုစ် (Russ) လို့ခေါ်တဲ့ အထက်တန်း နောက်ဆုံးနှစ် (၁၃) တန်း ကျောင်းသားတွေ…ရဲ့ ပျော်စရာအကောင်းဆုံး အချိန်လို့ ပြောနိုင်မယ်ထင်ပါတယ်..။ အောက်က ဘောင်းဘီအနီရောင် ( အမဲရောင်..အစိမ်းရောင်..) တောက်တောက် အစရှိတာတွေကို နှစ်သက်ရာတွေနဲ့ ပုံဖော်ထားတာမျိုး.. ဒါမှမဟုတ်လည်း သူတို့ကြိုက်တာတွေ ရေးထားပြီး သူတို့ရဲ့ ကျောင်းသားကတ်လေးတွေထည့်ပြီး ဝတ်ဆင်တက်ကြပါတယ်.. ဘောင်းဘီက ကြိုးတပ်ထားတဲ့ ဘောင်းဘီကနေ ပြန်လွယ်ကြိုးတွေနဲ့ပါ.. နှစ်သက်ရာအကျီင်္နဲ့ တွဲဝတ်ကြပါတယ်၊၊ ဒါကလည်း သူတို့ယူထားတဲ့ ဘာသာပေါ် မူတည်ပြီး အရောင်တွေကွဲကြသလို ဝတ်ချင်သူတွေ ဝတ်နိုင်သလို မဝတ်ချင်လည်း ရပါတယ် ..အများအားဖြင့် အနီရောင်က ဘာသာစုံတက်ပြီး တက္ကသိုလ် ဆက်တက်မဲ့သူတွေ ဝတ်ဆင်တယ်လို့ သိထားပါတယ်.. ဒါကြောင့် အနီမဟုတ်ပဲ အခြားအရောင် ဝတ်ထားရင် နဲနဲသွေးကြီးတဲ့ သူတွေက အနီရောင်သာလျှင် အကောင်းဆုံးလို့ ကြွေးကြော်ပြီး.. နောက်ကြ လှောင်ကြတာမျိုးတွေ လုပ်တက်ကြပါတယ်.. တချို့ကြပြန်တော့လည်း ဈေးဆိုင်ထဲကို လည်ပင်းမှာ ကြိုးဆွဲ..ခွေးလုပ်ခိုင်းပြီး ဝင်ခိုင်းပါတယ်..အမျိုးမျိုး သူတို့လုပ်ချင်တာတွေကိုလုပ်ပြီး ပျော်ရွင်ကြတဲ့ လူငယ်တို့ရဲ့ပွဲလို့ ပြောနိုင်ပါတယ်..။ ဘောင်းဘီတွေကလည်း အမျိုးအစားပေါ်မူတည်ပြီး ဈေးနှုန်းကွဲတာမျိုး ရှိပါတယ်။ ကျောင်းသား. ...အများစုကတော့ ရုစ်ဖြစ်ချင်ကြတယ်။ ရုစ်ဘောင်းဘီတွေကို နေ့တိုင်းနည်းပါးကို ဝတ်ကြတာပါပဲ.. တံတွေးထွေးခံရတာမျိုး ဒါမှမဟုတ်လည်း အခြားညစ်ညစ်ပတ်ပတ် အနံ့ဆိုးတွေ မရှိဘူးဆိုရင်တော့လည်း ဧပြီလကုန်လောက်ကနေ မနက်ဖြန်ညနေ (၁၇..မေ)အထိ ဝတ်ဆင်ကြပါတယ်.. မလျှော်ပါဘူး.. ။ လူငယ်ကလေးတွေဟာ သူတို့ဘာသာ ခင်ရာမင်ရာတွေ နဲ့ စုပြီး ပျော်ကြပါးကြ ပါတီတွေ လုပ်ကြပါတယ်.. ဒီညကတော့ အပျော်ဆုံး (ရုစ် နောက်ဆုံးနေ့) ညလို့ ဆိုနိုင်ပါတယ်.. အဲဒီပျော်ပွဲတွေဟာ မနက်ဖြန် ၁၇ ရက်နေ့ဟာ နောက်ဆုံးနေ့ပါပဲ..။

သူတို့ရုစ်တွေမှာလည်း ကိုယ်ပိုင်ကတ်ပြားလေးတွေ ကိုယ်စီလုပ်တက်ကြပါတယ်.. ကတ်ပြားက အရောင်မျိုးစုံ လုပ်ကြပါတယ်.. ကျွန်မနေတဲ့ မြို့ကတော့ အနီရောင်များပါတယ် ..အနီရောင်ကတ်တွေပေါ်မှာ တယောက်တမျိုး ရေးထားတာလေးတွေကလည်း စိတ်ဝင်စားစရာ ကောင်းသလို ရယ်စရာ တွေးစရာတွေလည်း အများကြီးပါ.. သဘောကျမိတဲ့ ကတ်ပြားလေး တွေ ပေါ်က တချို့စာသားလေး တွေကိုကြည့်ရအောင်ပါ..။
၁…..လိပ်စာ...အမျိုးမျိုးပြောင်းတက်ပါတယ်..။တယ်လီဖုန်းနံပါတ်…အရက်လိုနေလို့တယ်လီဖုန်းရောင်းလိုက်ပြီ။ တွေးမိတာလေးက… သူငယ်ချင်းဆိုတာက တကယ်တော့ အမှောင်မှာလမ်းပြပေးတဲ့ မိတ်ဆွေကောင်းပဲပေါ့..။

၂… လိပ်စာ… ပျော့ပျော့ပြောင်းပြောင်းရှိတဲ့ မျက်ခင်းလေးပေါ်…။..တွေးမိတာက… တကယ်လို့များ အလုပ်လုပ်တာက သိပ်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တယ်လို့ ထင်တယ်ဆိုရင်… ဖျားနေတဲ့သူတွေကို အလုပ်သာပေးလုပ်ခိုင်းလိုက်ပါဗျာ…။

၃… လိပ်စာ… နေမင်းကြီးနဲ့ အနီးဆုံးအရပ်မှာ..။ တယ်လီဖုန်း.. ( ၈) လုံးပါတဲ့ နံပါတ်…ခေါ်တိုင်း ပြန်ဖြေပါ တယ် ..။ အရပ်အမြင့်.. ၁၉၅ စင်တီမီတာ.. အလေးချိန်.. ၆၅ ကီလို… သတိသာထားပေတော့ဗျာ…။
အဲဒီကတ်ပြားလေးတွေကို မူကြို ကလေး မူလတန်းကလေးတွေက ရုစ်တွေကို တွေ့ရင် တောင်းကြပါတယ်..။ (ကျမလည်း စာရေးမှာမို့ ပထမအကြိမ် တောင်းယူထားလိုက်ပါတယ်) သူတို့ကလည်း ဘယ်သူတောင်းတောင်း ပေးပါတယ်..။ကလေးတွေက ကတ်ကလေးတွေစုထားပြီး ဘယ်လောက်ရပြီဆိုကာ ပျော်တက်ကြပါတယ်..။ ရုစ်တွေကို သဘောကျရင်တော့လည်း မူကြိုကျောင်းတွေကနေ တခုတ်တရ ဖိတ်ပြီး စကားပြောကြ အလည လာကြနဲ့ လုပ်တာမျိုးလည်း ရှိပါတယ်.. အခုတင်ထားတဲ့ ပုံတွေက ကျွန်မ အလုပ်လုပ်တဲ့နေရာကို အဖိတ်ခံရတဲ့ ကလေးတွေနဲ့ အပျော်ရိုက်ထားတာပါ..။ သူတို့တွေကို ကြည့်ရတာ လွတ်လပ်တယ်.. စိတ်ချမ်းသာစရာ ကောင်းသလို လူငယ်ဘဝ အရသာကို အပြည့်အဝ ခံစားရတာမို့ သူတို့လို ထပ်တူ မဟုတ်တောင် ကြည်နှူး မိ တာတော့ အမှန်လို့ ဆိုရမှာဖြစ်ပါတယ်..။ မူကြိုကလေးတွေကလည်း သူတို့ကို သဘောကျပြီး.. ကိုယ်ပိုင် ကတ်လေး တွေလိုက်လုပ်ဖို့…မိဘများကိုပူဆာတက်ကြပါတယ်… မူကြိုကျောင်း နောက်ဆုံးနှစ် မိဘများက သား သမီးများကို အမှတ်တရ လုပ်ပေးတာမျိုးတွေလည်း ရှိပါတယ်.. ပျော်စရာ ကောင်းတဲ့ ယဉ်ကျေးမူတခုလို့တောင် ပြောရမလိုပါပဲ.. ဒါပေမယ့်လည်း လူတိုင်းကတော့ ရုစ်တွေကို မျက်စိပသာဒ ဖြစ်တာမဟုတ်ပါဘူး… သူတို့ လုပ်ချင်တာတွေ ပေါက်တက်ကရ လုပ်တက်ကြလွန်းလို့ စိတ်ညစ်ကြတာမျိုးလည်း ရှိတက်ပါတယ်..။ အမြင် မတော်တာတွေလည်း အင်မတန်လုပ်တက်ကြပါတယ်.. ဥပမာ..လိင်ပုံလိုဟာမျိုးတွေ..ကိုလည်း အမြင်မတော် ဆွဲထားတာမျိုးတွေဖြစ်ပါတယ်..။ လူရှေ့သူရှေ့ ပေါက်ကရပုံတွေကို မသင့်တော်ဘူးလို့ မြင်တာကလွဲရင် ကျွန်မ တယောက်ထဲအနေနဲ့ကတော့ အောရိုက် ဗဲရီး ဗဲရီးအောရိုက် ပါပဲ..။ ဘာဖြစ်လို့လည်းဆိုတော့ လူငယ် ဘဝဆိုတာ ဒီလိုမျိုးတွေရှိမှ လို့ခံယူထားလို့ပါ..။ ပျော်စရာရှိတဲ့ လူငယ်ဘဝမှာ ပျော်နိုင်ကြပါစေလို့ စဉ်းစား ပေးမိတာကြောင့် ကျမအတွက်တော့ သူတို့ကိုကြည့်ရတာ ပြဿနာမရှိဘူးလို့ မြင်ပါတယ်..။ ဒါပေမယ့်လည်း ဆူညံလွန်းလို့.. ပေါက်ကရတွေ လုပ်ကြလွန်းလို့..အုပ်စုဖွဲ့ပြီး ရန်ရှာတာမျိုး.. သောက်စားမူးယစ်တာမျိုးကြောင့် မကြိုက်တဲ့ သူတွေ ရှိပြန်တော့လည်း နားလည်ပေးရတာပါပဲ..။ အမြင် အကြိုက်တွေ တူမှ မတူနိုင်ပဲကိုး..။


ဒါ့အပြင်လည်း သူတို့ရဲ့ ကားပေါ်မှာ သူတို့ကြိုက်တာတွေရေးဆွဲပြီးတော့ သရော်စာ၊ ညစ်ညမ်းစာ နဲ့ အခြားစိတ်ခံစားမူဆိုင်ရာ ကိစ္စတွေကို ဖော်ပြပြီး အပျော်ရှာကြတာပါပဲ၊၊ ဒီလို ပျော်လို့ပါးလို့ပြီးရင်တော့ စောင့်ကြိုနေပါပြီ.. စာမေးပွဲများ..။ စာမေးပွဲလာတော့မှာမို့ စာတွေကျက်ရ မှတ်ရနဲ့ အားလုံးရင်တုန် ပန်းတုန်ဖြစ်ကြရပါတယ်.. ဒီမှာ ထူးခြားတာတခုက လူတိုင်းစာမေးပွဲ မဖြေရတဲ့ စနစ်ပါ.. (နောင်မှ သီးသန့်ရေးပါ့မယ်..) ..ဒါကြောင့် ရုစ်တွေဟာ စာမေးပွဲမဖြေခင် မနက်ဖြန် (၁၇) ရက်နေ့ထိ ရေကုန်ရေခမ်း ကဲကြပါတယ်..။ စာမေးပွဲက နုတ်ဖြေရော ရေးဖြေပါရှိပါတယ်၊၊ စာအသေအလည်း ကျက်ရပါတယ်၊ မြန်မာပြည်လိုပါပဲ၊ ဆယ်တန်းအောင်မှတ်က ကိုယ်ဆက်မဲ့ပညာရေးအတွက် အဆုံးအဖြတ်ပေးသလိုပါပဲ၊ ဒီမှာကတော့ အခုကျောင်းကနေပြီး ရှေ့ဆက်မဲ့လမ်းအတွက် ရမှတ်တွေက အများကြီး စကားပြောပါတယ်၊၊ (၁၃ တန်း) ဆိုတာဟာ အထက်တန်းကျောင်းသားဘဝ ပြီးဆုံးတဲ့ကာလ ဖြစ်သလို လူငယ်တွေ ဘာဆက်ဖြစ်ကြမယ် ဆိုတာကလည်း မရောရာကြသေးပါဘူး၊၊ နောက် ကိုယ် နှစ်ပေါင်းများစွာ တွဲလာကြတဲ့ သူငယ်ချင်းတွေလည်း အမှတ်ပေါ် မူတည်ပြီး ကွဲကွာသွားကြသလို စိတ်ဝင်စားတဲ့ ဘာသာရပ်ပေါ်မူတည်ပြီး လမ်းခွဲကြရတော့မဲ့ အချိန်လည်းဖြစ်ပါတယ်..ဒါကြောင့် တချို့များဆိုရင်လည်း ဘာလုပ်ရမှန်းမသိလို့ သူငယ်ချင်းယူတဲ့ဘာသာ လိုက်ယူတဲ့လူတွေလည်း ရှိတက်ပါတယ်..တချိုကကြပြန်တော့လည်း ရည်မှန်းရာကို လှမ်းလျှောက်ကြပါတယ်..။ တချို့ကြပြန်တော့လည်း နိုင်ငံခြားခဏသွားပြီး လေ့လာကြတာမျိုးတွေ လုပ်တက်ပါတယ်..။ အများစုကတော့ ကျောင်းဆက်တက်ကြတာ များပါတယ်..။

မဗေဒါ
၁၆.၀၅.၂၀၁၁

ဆက်ဖတ်ကြည့်ပါဦးနော်....

Friday, September 24, 2010

အဓိပါယ်ကို နားလည်အောင် ရှင်းပြထားသင့်တယ်.. (သိထား ဖို့လိုတယ်)

ကလေးများ ငယ်စဉ်အခါမှာ သူတို့ရဲ့ မွေးရာပါ ဖွားဘက်တော် လေးတွေကို အစော်ကားခံရတာမျိုးတွေ မကြာခဏ ကြားရတက်ပါတယ်… ဒါက နေရာအနှံ့အပြား ဖြစ်တည်နေတာမျိုးပါ..။ အခုတလော နော်ဝေးက မြို့လေးတခုမှာ (၁၀) နှစ်အရွယ် ကလေးမလေး တယောက် အစော်ကားခံခဲ့ရသလို ယောက်ျားလေး တယောက်လည်း အစော်ကားခံခဲ့ရတာကို အကြောင်းပြုလို့ လိင်မှုဗေဒပိုင်းဆိုင်ရာ အကြံပေးက ကလေးတွေ လိင်ပိုင်း ဆိုင်ရာ အစော်ကားခံရတဲ့ အဓိပါယ်ကို သိဖို့ အကြံပေးထားပါတယ်..။

တကယ်တော့ အဲလို အစော်ကားခံရတာမျိုး ၃ ခုလောက်မှာက ၁ ခုဟာဆိုရင် ကလေးငယ်ငယ်လေးတွေမှာ ဖြစ်တက်တာမျိုးပါ ..။ ဒါပေမဲ့လည်း သိဖို့ ဆိုတာ ခက်ပါတယ်..။ ဒီလိုဖြစ်တာတွေကို အမြဲတမ်း ဖုံးကွယ် ထားတာမျိုးတွေလည်း ရှိတက်ပါတယ်.။ ကလေးတွေ အခုလိုမျိုး အဖြစ်မျိုး ကြုံရတဲ့ အခါမှာ ပြန်ပြောပြ ရင်လည်း မယုံကြည်ကြပြန်ပါဘူး..။ အကြံပေးပညာရှင် ပြောတဲ့ ဥပမာတခုကို ကြည့်ရအောင်ပါ..။ သူ့လူနာ တယောက်ဖြစ်တဲ့ ၆ နှစ်သားသာ ရှိသေးတဲ့ ကလေးကို သူ့ သူငယ်ချင်း အကို က စော်ကားခဲ့ တာပါ…။ ကလေးက အမေကို ပြောတော့ မိခင်က နင်ဘာတွေ လျှောက်လုပ်ခဲ့တာလဲ ဆိုပြီး ပြန်မေးပါတယ်.. ကလေးကလည်း ဘာမှ မဟုတ်ဘူးလို့ ဆိုပါတယ်… တကယ် တော့ ကလေး ထင်သွားတာက ဒီလို ဖြစ်တာဟာ သူ့အမှားလို့ ယုံကြည်သွားပါတယ်.. သူ့ကိုယ်သူ အပြစ်ရှိတယ်လို ထင်သွားတာပါ..။ ဘာမှ ဆက်မပြောတော့ဘူးပေါ့..။

အကြံပေး ပြောတာက ကလေးတွေ မိဘတွေကို ဒီလိုသိအောင် ပြောပြပြီး ခြိမ်းခြောက်တာ မဟုတ်ပါဘူး..တဲ့..။ ဒီလို ကိစ္စမျိုးတွေ ဖြစ်နိုင်ချေ တွေ ရှိတက်တယ်…ဒါကြောင့် ကိုယ့်ကလေးတွေ ကို သိအောင် ကြိုတင်ပြီး အသိ ပညာပေး ထားသင့်တာကို ဆိုလိုခြင်းသာ ဖြစ်ပါတယ်…။ ဒါဆိုရင် ကလေးတွေက တခုခုကြုံရင် ကိုယ့်ကို လာပြောမှာ ပါ..။ ဒီနည်းနဲ့ ကိုယ်လည်း တားဆီး တာမျိုးတွေ လုပ်နိုင်တာလို့ အကြံပေးတာ ဖြစ်ပါတယ်..။ ဒီလိုနည်းနဲ့ ပထမအကြိမ် မှာ မတားနိုင်တောင် အကြိမ်ပေါင်းများစွာ အစော်ကားမခံရအောင် ကိုယ်က ကာကွယ်ပေးနိုင်ပါတယ်..။

အကြံပေးတာက ဒီလိုပါ… လူကြီး ကလေး အကုန်လုံးက ကိုယ့်အပေါ်ကို မကောင်းနိုင်ပါဘူး…။ လူစိမ်းဖြစ်ဖြစ်.. သိတဲ့ သူပဲဖြစ်ဖြစ် ကိုယ့်ရဲ့ (မွေးရာပါ ….ဖွားဘက်တော် ) ကို လာပြီး တခုခု လုပ်နိုင်တာမျိုး ကြုံရတက်ပါတယ်..။ ဒါမှမဟုတ်လည်း သူတို့ရဲ့ မွေးရာပါ … ကို ကိုယ့်ကို လာပြတက်ပါတယ်…။ ဘယ်ဟာပဲဖြစ်ဖြစ် လုပ်လို့ မရပါဘူး..။ ဒီဟာက ဆော့စရာ မဟုတ်ဘူး… ။ လူကြီးကို ပြန်ပြော အသိပေးတာ မဟုတ်တာ ပြောတာမဟုတ်ဘူး အစရှိသဖြင့် သင်ပေးထားရပါမယ် … ။ ဒီလို ဖြစ်ခဲ့ရင် ကိုယ်ယုံရတဲ့ လူကြီး တွေကို အမြန်ဆုံး ပြောဖို့ အသိပေးဖို့ ပြောထား ရပါမယ်..တဲ့…….။

သူ ဆိုလိုချင်တာက ကလေးတွေက ဒီ အဓိပါယ်ရယ်… ကိုယ့်ကို စော်ကားတာရယ် ဆိုတဲ့ အသိညဏ် ကို သိဖို့ အင်မတန် အရေးကြီးကြောင်း ဆိုလိုတာပါ..။ တကယ်တော့ လူတွေကို စိတ်ပူ ကြောက်လန့်အောင် လုပ်တာမဟုတ်ပါဘူး… ။ လူတယောက်ဟာ ကားကူးရင် ဘက် ၂ ဘက် စလုံးကို ကြည့်ရသလို အခုလည်း ဒီသဘောဆောင်တာပါပဲ…။ အားလုံး သိသလိုပဲ အဲလို စော်ကားမှု လုပ်တဲ့ သူတွေ အများစုဟာလည်း သိတဲ့ နီးစပ် ရင်းနှီးတဲ့ သူတွေကပဲ ပြုမူတာများတာမို့ ကလေးတွေကို အသိညဏ် ပေးထားသင့်ပါတယ်တဲ့ ..။

ကလေးက ကိုယ့်ကို လာပြောရင် နောက်နေတာ လို့ မဆိုရပါဘူး.. သူပြောတာကို ပြန်ပြော မေးရင်း ပိုသိအောင် လုပ်ရပါ့မယ်.. ပြီးရင် ဒီလို အကြောင်းတွေ သိတဲ့ လူတွေ နဲ့ ဆွေးနွေးတိုင်ပင်နိုင်ပါတယ်..။ ကလေးတွေဟာ ညာပြောတက်ပေမဲ့ ဒီလို မဟုတ်တရုတ် ခက်ခဲတဲ့ ကိစ္စ မျိုးတွေမှာ မလိမ်တက်ပါဘူး.. ဒါကြောင့် သူတို့ပြောတာတွေကို သေချာနားထောင် ပေးသင့်ပါကြောင်း……။


ခရစ် စလမ် .. Chrislam

နိုင်ဂျီးရီးယား နိုင်ငံ လာဂူ မြို့လေးမှာ ထူးဆန်းတဲ့ ဘာသာရေး အဖွဲ့ ရှိပါတယ်.. ဗိုလ်လိုတော့ ( Chrislam) ပါတဲ့ ..။ ဘာသာရေး ဆရာ က ခရစ် ကျမ်းစာရော အစ္စလာမ် ကျမ်းစာအုပ်ရော သုံးပြီး တော့ ပညာပေးနေတာပါ..။ သူက ကလေးတွေ အကုန်လုံးဟာ ( Abraham ) ရဲ့ ကလေးတွေလို့ ဆိုပြီး သီချင်းတွေ အတူတူ သီဆိုပါတယ်..။ ဘာသာရေး အမည်ကလည်း ထူးထူး ဆန်းဆန်းပါ… ခရစ် အစ်စလာမ် တဲ့… ဒါက ခရစ်ယာန်… အစ္စလာမ် နဲ့ အရင်က အာဖရိကန် ဘာသာများကို ပေါင်းစည်းပြီးတော့ ခေါ်ဆိုပါတယ်…အဖွဲ့ဝင်ပေါင်း ၁၅၀၀ လောက် ရှိပါတယ်.. ။

တကယ်တော့ နိုင်ဂျီးရီးယားဟာ လူပေါင်း သန်း ၁၄၀ ရှိတဲ့ နိုင်ငံပါ.. တဝက်လောက်က ခရစ် တဝက်လောက်က အစ္စလာမ်ပါ.. တချိန်လုံး ရန်ဖြစ် နေကြတာ နှစ်ပေါင်း မနည်းတော့ပါဘူး…။ အခု ဒီဘာသာ အသစ်ဟာ အခုလို သတ်ဖြတ် နေတာကို စိတ်ကုန် ညစ် နေကြတဲ့ လူတွေအတွက် ရည်ရွယ်ပါတယ်..။ အခုလို တဖွဲ့နဲ့ တဖွဲ့ မတူတာကို စဉ်းစားမဲ့အစား… တူတာတွေကို ရှာဖွေတာကို လုပ်ကြတာဖြစ်ပါတယ်..။

အခု အဖွဲ့လေးဖြစ်တဲ့ (Chrislam) က ၁၉၈၀ လောက်မှာ စတင်ပါတယ်..။ သူပြောတာက ဘုရား သခင် အလိုကျ ဖြစ်တဲ့ ( Ifeoluwa..ဘုရားသခင်များ အလိုတော်ဆန္ဒ ) ကို ပုံဖော်ဖို့ လို့ ဆိုပါတယ်… ။ အခုတော့ တခြား သူ တယောက် က ဦးဆောင်နေပါတယ်…။ သူက ( Shamsuddin Saka) ပါ..။ သူကလည်း ဘုရားသခင်ဆီကနေ အကြောင်းကြားချက် ရရာကနေ ပါဝင် လုပ်ဆောင်နေတာပါ..- ။ ဘုရားသခင်က သူ့ကို ဒီဘာသာကြီး ၂ ခုကြား ငြိမ်းချမ်းရေး ဖြစ်အောင် လုပ်ဖို့ တောင်းဆိုတယ်လို့ အမေရိကန် အသံလွင့်ဌာန တခုကို မေးမြန်းတွေ့ဆုံ တုန်းကလည်း ပြောခဲ့ ပါသေးတယ် ..။ ဒါနဲ့ ( Saka ) ကို စခဲ့ပါတယ်..။

ဒီဘာသာဟာ ပေါင်းစည်းထားတဲ့ ဘာသာ တခုပါ… ဒီလိုမျိုး ပုံစံကို တခြား ဒေသတွေ ဖြစ်တဲ့ တူကီ မှာ ဆိုရင် ( Alevisme) နဲ့  ဂျပန်မှာ ဆိုရင် ( Shinto- Buddhisme ) တို့ဟာ မတူတဲ့ ယုံကြည်မှုတွေ စုစည်းထားတဲ့ တခုတည်းသော ဘာသာအောက်မှာ ပါဝင် နေကြတာ ပါ..။ လယ်ဂူ မြို့လေးက ဒီဘုရားကျောင်း ကို လူပေါင်းစုံ သွားကြပါတယ်… အကုန်လုံးနည်းပါးက ဆင်းရဲကြတယ်.. သူတို့မှာ ရှေ့အနာဂါတ်အတွက် မျှော်လင့်ချက်တွေ ကိုယ်စီနဲ့ပါ…။ သင်းအုပ်ဆရာကလည်း ငြိမ်းချမ်းရေး ဆိုတာကို ဖန်တီးဖို့ သင်ကြားပို့ချပါတယ်တဲ့… ။

ဒီအကြောင်း ရေးခဲ့သူက ဒိန်းမတ်က ကျောင်းသူပါ.. သူက ဘာသာရေးနဲ့.. လူမူရေးဆိုင်ရာ သီအိုရီ အယူအဆ တွေကို လေ့လာသူပါ… ဒါကြောင့် ဒိန်းမတ်မှာ ဒီအကြောင်းကို ဆွေးနွေးကြတော့ တချို့က ဒီဘာသာဟာ ( ဂိုဏ်းကွဲ ) လို့ ဆိုပါတယ်.. ဆိုလိုတာက ဒီလို ထူးဆန်းတဲ့ စည်းမျဉ်းတွေ လိုက်နာနေကြသလို တခြားသူတွေ အတွက်လည်း လမ်းမဖွင့်ထားဘူးလို့ ဆိုလိုကြခြင်းပါ..။

သုတေသန ပြုထားတဲ့ ဒိန်းမတ် ကျောင်းသူ ဆိုလိုတာက ဘာသာခြား အယူအဆ တခု အပေါ် အခုလို မခေါ်ဝေါ်သင့်ဘူးလို့ ဆိုပါတယ်..။ တကယ်တော့ အခုလို သုံးတဲ့ စကား ရဲ့ အဓိပါယ်ဟာ လူ့အဖွဲ့အစည်းကို အကောင်းမမြင်တဲ့ အုပ်စု တခုလို့ အဓိပါယ် ရှိပါတယ်တဲ့… အခု ခရစ်… အစ္စလာမ် Chrislam ကတော့ လူ့အသိုင်းအဝန်းအတွက်… ကောင်းတဲ့ သဘောထား… တွေ အတွက် လုပ်ဆောင် ပေးနေတာမို့ … အခုလို ဝိသေသ မပြုသင့်ကြောင်းပါတဲ့ ရှင် ..။

သေသူနဲ့ စကားပြောဆက်သွယ်တဲ့ နော်ဝေးမင်းသမီး

ဟိုတလောက သတင်းထဲမှာ ဟိုးလေးကျော်ပါ.. နော်ဝေးမင်းသားနဲ့ လက်ဆပ်ထားတဲ့ မင်းသမီး ( Martha Louise) က သေသူနဲ့ ဆက်သွယ် စကားပြောလို့ ရတယ်ဆိုပဲ..။ ဒါကြောင့် အဲဒီ သေသူတွေနဲ့ စကားပြောလို့ ရတယ်ဆိုတဲ့ သင်တန်း မျိုးကို သူဖွင့်ထားတဲ့ကျောင်းမှာ သင်ပေးမယ်ဆိုသတဲ့..။ အဲဒီမှာ သေသူ ( ခရစ်ယာန်တွေမှာ ဘုရားသခင်ရဲ့ တမန် .. ဒါမှမဟုတ် နတ်သမီး.. နတ်သားလေး )တွေ နဲ့ ဘယ်လိုမျိုး ဆက်သွယ်ရတယ် ဆိုတာကို သူ ပြသမယ်လို့ ဆိုပါတယ်..။ ဒါပေမယ့်…………….လည်း နိုင်ငံရေးသမား.. သာသာရေး ဆရာ များကတော့ အဲဒီ သေသူတွေနဲ့ မင်းသမီး ဆက်သွယ် မှာကို အင်မတန်မှ ကြောက်လန့် စိတ်ပူနေကြပါသတဲ့..ကွယ်..။

( သူ့ ချစ်ချစ် မင်းသားလေးကလည်း အခုလိုမျိုး သူ့မင်းသမီးလေး ပြောတာကို မလှောင်သင့်ဘူး… တယောက် မဖြစ် နိုင်… မသိနိုင်တာကို တခြားတယောက် သိတာ ကို အပြန်အလှန် နားလည် လေးစားရမယ်လို့လည်း ဖတ်လိုက်ရပါသေးတယ်..။ စိန်ဗေဒါတော့ ကြောက်တယ်… သေပြီးသွားတဲ့ သူနဲ့ မဆက်သွယ်ရဲပါ..။ တော်ကြာ သေသွားတဲ့သူက အိမ်က ချစ်ချစ်လောက် မလှရင် ဒုက္ခ..။ အခုတောင် အိမ်မှာ တယောက်တည်း စာရေးရင်း လေတိုက်လွန်းလို့ တံခါးတွေ အလိုလို ဝုန်းဒိုင်း ပိတ်သွားတာ သေတဲ့သူ လာနုတ်ဆက်တယ်ထင်လို့ ကြက်သီးတွေ ထသွားသေးတယ်.. ကြောက်ပါဘူး… အသက်ရှိတဲ့ သူကိုပဲကြောက်တာ..။ ရဲသွေးတွေ ပြနေတဲ့ စိန်ဗေဒါ ကြောက်…။ )

စာလာဖတ်သူများ အားလုံးကိုကျေးဇူးတင်ပါတယ်..။ ဒီတပတ် စနေ.. တနင်္ဂနွေ အားတဲ့အတွက် ဘီးးးးးးးးးးးးလော့ဂါးးးးးးးးးးးးးသူငယ်ချင်းများထံ လာပါမယ်ရှင်..။

အဓိပါယ်မှာ အောက်က ပ က အမြဲတမ်းပဲ ပြဿနာ တက်ပါတယ်… ရိုက်မရပါဘူး..။ ထို့အတူ` ရ` ကို အတို ရိုက်မရတာမျိုး အပါအဝင် တချို့ စာလုံးများ ရိုက်မရတာမျိုး တွေ ရှိတက်ပါတယ်.. ဒါကြောင့် စာဖတ်သူများ တပါတည်း တောင်းပန်ပါတယ် … ။

နော်ဝေးလို ခံစားမည့်သူများ… အမှတ်စဉ် ၃၆ မှာ အားပေးနိုင်ပါတယ်..။

မဗေဒါ
၂၄.၀၉.၂၀၁၀

ဆက်ဖတ်ကြည့်ပါဦးနော်....

Wednesday, August 18, 2010

ပထမဆုံးကြားရတဲ့ နောက်ဆုံး လူသတ်မှုပဲဖြစ်ပါစေလို့


ကျန်ခဲ့တဲ့ စနေနေ့ ဝါဆိုသင်္ကန်းကပ်ပွဲမှာ မြန်မာပြည်သားတွေ ဆုံတုန်းက ဘယ်သူမှမပြောတော့ ဒီသတင်း မသိခဲ့ပါဘူး.. ညနေ ပိုင်း သူငယ်ချင်းအိမ်ရောက်မှ သိတာ.. တခါ အိမ်ရောက်တော့ သတင်း ပြန်ဖတ်တော့ ကလေးပါ ရှိနေတယ်ဆိုတာနဲ့.. ဒီသတင်းကို အင်မတန်မှ စိတ်မကောင်းကြီးစွာနဲ့ တင်တာပါ.. မဗေဒါ ဆုတောင်းပါတယ်.. ပထမနဲ့ နောက်ဆုံး ကိစ္စဖြစ်ပါစေလို့..။

နော်ဝေးနိုင်ငံ မြို့လေးတခုမှာ မြန်မာပြည်သား အသက် (၃၀) အရွယ် လင်ယောကျာ်းဖြစ်သူက (၁၉) နှစ်အရွယ် ဇနီးမယားကို သတ်ဖြတ်မှု ဖြစ်ခဲ့ပါတယ်.. ဘာကြောင့် သတ်တယ်.. ဘယ်လိုဖြစ်တယ် (ဥပမာ လက်လွန်သွားတာလား .. ရည်ရွယ်ချက်နဲ့လား) စတာတွေကိုတော့ အခုတင်ထားတဲ့ အချိန်အထိကို ဘာမှ မသိရသေးပါဘူး..။ အမှုဖြစ်ခဲ့တာက ကျန်ခဲ့တဲ့ ကြာသာပတေးနေ့ ညလယ်လောက်ကပါ.. သောကြာနေ့ ရောက်မှ ရဲက ဒီသတင်း လက်ခံရရှိခဲ့တာပါ..။ ဘေးအိမ်ကလည်း အဲဒီညက အသံတွေ ကြားတယ်.. ကွဲသံ ရှသံတွေအပြင် ကလေးငိုသံလည်း မရပ်တော့ဘူး လို့ ဆိုပါတယ်..။ ဘေးအိမ်ကလူပြောတာက ရဲရောက်လာတယ် ပြီးတော့ မြန်မာပြည်သားတွေလည်း ရောက်လာပါတယ်လို့ ပြောပါတယ်..။


အမှန်က အဲဒီ အိမ်က ပုံမှန်ဆိုရင် တိတ်တိတ်ဆိတ်ဆိတ် အိမ်လေးပါ.. သူတို့ ဘယ်သူတွေမှန်းမသိပေမဲ့ လွန်ခဲ့တဲ့ ၁ နှစ်လောက်က ရောက်လာကြပြီး ကလေးက လည်း ၂ လ ၃ လသားအရွယ်လောက် လို့ အိမ်နီးချင်း ဖြစ်သူ က ဆိုပါတယ်..။ အခုလိုဖြစ်တဲ့အပေါ်မှာလည်း လူတွေ အတော်လေး ထိတ်လန့် နေကြပုံရပါတယ်..။ သဘောက မြန်မာပြည်သားတွေ အဲလို နာမည်ဆိုးလည်း မရှိတော့ အံ့သြတာရော လန့်တာရော ပါမယ်ထင်ပါတယ်..။

ကလေးအသက် က ၁ နှစ်လောက်လို့ ခန်းမှန်းရသလို သူ့ကို ကလေးဌာနက နေ လာခေါ်ခဲ့ပါပြီ.. ဖခင်ကိုလည်း ရဲက ဖမ်းခေါ်ထားပါပြီ..။ ဘယ်အချိန်မှာ ဖြစ်တယ်..နဲ့ တခြားသော အကြောင်းအရာတွေက တော့ နောင်ကျမှပဲ သိရမှာပါ.. ဘာပဲဖြစ်ဖြစ် ဒီလို အဖြစ်တွေ .. မကြားပါရစေနဲ့ လို့ မဗေဒါ အများကြီး ဆုတောင်းပါတယ်..။

နော်ဝေးလို ဖတ်ချင်သူများ လင့်ပေးလိုက်ပါတယ်.."http://www.aftenbladet.no/lokalt/dalane/1245042/Burmeser_siktet_for_drap.html">

မဗေဒါ (၈၈)
၁၈.၀၈.၂၀၁၀

ဆက်ဖတ်ကြည့်ပါဦးနော်....

Monday, August 16, 2010

မြင်းကြီးစီးကာ အိမ်နီးချင်းနိုင်ငံကို ပြေးလာခဲ့ရသူ ..


ကျန်ခဲ့တဲ့ နှစ်ပတ်လောက်ကပဲ အီရန်နိုင်ငံက (မူစတာဖာ) ဟာ နော်ဝေးနိုင်ငံကို ကုလသမဂ ရဲ့ အကူညီနဲ့ ခိုလှုံသူအဖြစ်ရောက်ရှိခဲ့ပါပြီ..။ သူရောက်လာတော့ လူ့အခွင့်အရေးအတွက် လှုပ်ရှားနေတဲ့ သူ့ရဲ့သူငယ်ချင်းက အင်မတန်မှ ဝမ်းသာနေပေမဲ့ . . အီရန်မှာကတော့ အသက်ငယ်ငယ် (ကလေး) တွေ ထောင်ထဲမှာ ကျခံရမဲ့သူတွေ အတွက်တော့ တဘက်မှာ စိတ်လည်းမကောင်း ဖြစ်နေပါတယ်တဲ့.. ။

တကယ်တော့ အီရန်မှာ ကလေးတွေဟာ အကာအကွယ်မဲ့သူတွေပါ.. တစိမ်းတရံတွေက ငွေလေးနည်းနည်းပါးပါးပေးပြီး သူတို့နားမှာ လာပြီး ဆွဲဆောင်ခေါ်ငင်သွားတာမျိုးတွေရှိပါတယ်..။ ဒါကြောင့် သူတို့လေးတွေဟာ လွယ်လွယ်ကူကူနဲ့ အစိုးရရဲ့ အပြစ်ပေးတာမျိုးတာတွေ ခံရနိုင်တယ်..။ လူတွေကို အထိတ်တလန့်ဖြစ်အောင် လုပ်တယ်ဆိုပြီး အီရန်မှာ သေဒဏ်ပေးနိုင်ပါတယ်.. ဒါကြောင့် ပျောက်သွားတဲ့ ကလေးတွေဟာ အသတ်ခံရဖို့ ဖြစ်နိုင်ချေတွေ များပါတယ်..အဲဒီလို ကလေးမျိုးတွေအတွက် သူ့သူငယ်ချင်း (မူစတာဖာ ) က အလကား အမှုထမ်းပေးခဲ့သလို ကမ္ဘာကြီးကို အီရန်မှာ ဘာဖြစ်နေတယ်ဆိုတာကို သိအောင် ထုတ်ဖော်ပေးခဲ့သူလည်း ဖြစ်တယ်လို့ သူက ပြောပြခဲ့ပါတယ်..။


(မူစတာဖာ) ဟာ လူပေါင်း (၁၈) ဦး အပစ်ပေး အရေးယူခံရမဲ့ အခြေအနေကနေ ကယ်တင် နိုင်ခဲ့သူဖြစ်လို့ ဂုဏ်ပြုချီးမြှင့်ခံထားခံ့ရသူဖြစ်ပါတယ်..။ အဲဒီထဲမှာမှ အခု တလော နာမည်ကျော်နေတဲ့ ( Ashtiani) ကိစ္စကို ဆောင်ရွက်ပေးခဲ့သူဖြစ်ပါတယ်.. ( စကားချပ်.. အီရန်မှာ အဲဒီအမျိုးသမီးက သူယောက်ျားကို သတ်ဖို့ အကြံအစည်မှာ သူပါဝင်ကြောင်း..အိမ်ထောင်ရေး ဖောက်ပြန်သူဖြစ်ကြောင်း အစိုးရက အတင်းဝန်ခံခိုင်းလို့ အင်တာဗျုးခြင်း ခံခဲ့ရတာကို စီအန်အန်မှာ မနေ့က မဗေဒါ ကြည့်လိုက်ရပါတယ်..)..။ အဲဒီအမျိုးသမီးကို အခု အစိုးရက အိမ်ထောင်ရေးဖောက်ပြန်မှုနဲ့ သေဒဏ်အပြစ်ပေးတော့မှာ ဖြစ်ပါတယ်..။

(မူစတာဖာ) ပြောတာက သူ့ အမှုသည် အမျိုးသမီး သေဒဏ် အပေးမခံရဖို့ သူ ယုံကြည်သလို ကမ္ဘာကနေ အီရန်ကိုပေးနေတဲ့ ဖိအားတွေကလည်း ကြီးကျယ်တာမို့ အကယ်၍ ဒီအမျိုးသမီးကို သေဒဏ်ပေးလိုက်ရင် အီရန်အပေါ်မှာ နိုင်ငံတကာက ထားရှိတဲ့ နဲနဲလေးသော ယုံကြည်မှုတွေ အကုန်ပျောက်ဆုံး ကုန်မှာဖြစ်ပါတယ်တဲ့..။ အီရန်ရဲကလည်း ဒီရှေ့နေကို ဖမ်းဖို့ ဆုံးဖြတ်ထားပြီးပါပြီ..။ ဒါကြောင့်လည်း သူ ဟာ အီရန်ကနေ မြင်းစီး… ကား..စီး .. ခြေလျှင်လျောက်ရင်း တူကီကို အရင် ရောက်ခဲ့ရပါတယ်.. ။

တူရကီမှာ အချုပ်ထောင်မှာ (၆) ရက်ထားပါတယ်..။ နိုင်ငံတကာကနေ လွတ်အောင် ဝိုင်းအော်တော့ သူ လွတ်ခဲ့ရပြီး အဆုံးတော့ နော်ဝေးကို သူ ရောက်ခဲ့ပါတယ်.. ဒါကလည်း သူရွေးချယ်ခဲ့တာ မဟုတ်ဘူးလို့ ဆိုပါတယ်..။ တူရကီကိုရောက်တော့ ရဲကို သူအကြောင်းကြားပါတယ်.. ရဲကလည်း ယူအန် ကနေတဆင့် ခိုလှုံခွင့်လျှောက်ဖို့ ပြောတာကြောင့် အခုလို သူလုပ်ခဲ့တာဖြစ်ပါတယ်.. ကျန်ခဲ့တဲ့ မိသားစုကတော့ အခု ထောင်ကနေ လွတ်လာပါပြီ..။

တကယ်တော့ အီရန်မှာ စာပေ (သတင်းစာ) လွတ်လပ်ခွင့်ဆိုတာ မရှိပါဘူး..။အရင်ကထက်ကို ပိုပြီးတော့ တင်းကြပ်တာတွေလုပ်လာတာ ဖြစ်ပါတယ်..။ သူတို့စိတ်ထဲမှာ (မူစတာဖာ ) လိုလူမျိုးဟာ သူတို့ကို ဒုက္ခပေးမဲ့သူလို့ အထင်ရှိပါတယ်..။ တချိန်တည်းမှာပဲ မူစတာဖာ လိုလူမျိုးတွေ သူ့တို့တိုင်းပြည်ထဲက ထွက်သွားတာကလည်း ပိုကောင်းတယ်လို့ သူထင်ကြောင်း ပြောပါသေးတယ်..။ နဲနဲကြာလာရင်တော့ မူစတာဖာကိစ္စ မေ့သွားကြမှာလို့ ဆိုပါတယ်..။

ကလေးပေါင်း (၁၃၀) လောက်ဟာ အီရန်မှာ သေဒဏ်ပေးခံရဖို့ စီရင်ချက် ချထားပါတယ်..။ အီရန်မှာကတော့ အရင်ကထက် ပိုဆိုးဆိုးလာနေတယ်လို့ သူထင်ကြောင်း ဆိုပါတယ်..။ သူအနေနဲ့လည်း တခြားနိုင်ငံတွေက ပူးပေါင်းဆောင်ရွက်နိုင်ရင် အခုလိုမျိုး ဖြစ်နေတာတွေကနေ ရပ်တန့်စေမယ်လို့ မျှော်လင့်နေတာဖြစ်ပါတယ်..။ တကယ်တော့ အီရန်ဟာ ကလေးအခွင့်အရေး ဆိုင်ရာ စာချုပ်ကို လတ်မှတ်ထိုးထားတာ ဖြစ်ပါတယ်..။ အဆုံးအဖြတ်တခုဟာ ကလေးတွေ အများကြီး ကို အပစ်ပေးအရေးယူမှုကနေ လွတ်မြောက်စေမယ်လို့ သူယုံကြည်ကြောင်း ဆိုသွားပါတယ်..။


၁.. အီရန်ဟာ အခုချိန်ထိ သေဒဏ်အပြစ်ပေးဆဲနိုင်ငံ
၂.. ကလေးပေါင်း ၁၃၀ လောက်ဟာ သေဒဏ်ပေးခံရဖို့ရာ စောင့်စားနေရတယ်လို့ အီရန်လူ့အခွင့်အရေးအဖွဲ့က ဆိုထားတယ်..။
၃.. ရှေ့နေ (မူစတာဖာ) ဟာ သေဒဏ်အမှုတွေအတွက် လိုက်ပါဆောင်ရွက် ကာကွယ်ပေးခဲ့သူဖြစ်ပါတယ်.. အခုတော့ နော်ဝေးမှာ .. ခိုလှုံခွင့်လျှောက်ထားရပါပြီ..။

(နော်ဝေးလို ဖတ်သူများ.. Klar Tale 31 မှာ ရှာဖတ်နိုင်ပါတယ်..။)


စာလာဖတ်သူများ အားလုံးကို ကျေးဇူးတင်ပါတယ်..။

မဗေဒါ (၈၈)
17.08.2010


ဆက်ဖတ်ကြည့်ပါဦးနော်....

Thursday, August 12, 2010

နေတိုး ..နေတိုး…….ကြောင့်ရယ်


နော်ဝေးနိုင်ငံလည်း အခြားသော နေတိုး အဖွဲ့ဝင် နိုင်ငံများလိုပဲ အစွန်းရောက် တိုက်ခိုက်သူများရဲ့ မျက်စိကျတဲ့ နိုင်ငံတခု ဖြစ်လာတယ်လို့ နော်ဝေးအဖွဲ့အစည်းတခုဖြစ်တဲ့ (PRIO..ငြိမ်းချမ်းရေးဆိုင်ရာသုတေသနပြုဌာန ) က တာဝန်ရှိသူ ( Harpviken ) က ပြောပါတယ်..။ အကြောင်းရင်းကတော့ နော်ဝေးစစ်သားများကို အာဖဂန် နိုင်ငံကို ပို့လွတ်ခဲ့တာကြောင့် ဖြစ်ပါတယ်..။ ဆိုလိုတာကတော့ နော်ဝေးအပါအဝင် ကမ္ဘာကြီးဟာ ပိုပိုပြီး မလုံမခြုံ ဖြစ်နေရပါတယ်…အဓိက ကတော့ နေတိုး (NATO.. ) အဖွဲ့ဝင် ဖြစ်တာကြောင့် အဖွဲ့ကို ပေးထားတဲ့ ကတိကဝတ်တွေကို လိုက်နာရတာကြောင့်ပါ..။ ဒါကြောင့် ၂၀၀၁ မှာ အာဖဂန်ကို စစ်သားတွေလွတ်လိုက်တာဟာ မှားတယ်လို့ သူ (Harpviken) ယူဆကြောင်း ပြောပါတယ်..။

နေတိုးမှာ အဖွဲ့ဝင်ထားတဲ့ နိုင်ငံတွေက စစ်သားများဟာ အာဖဂန်မှာ ရှိနေတာပါ..။ နေတိုးဟာ ဥရောပ နဲ့ မြောက်အမေရိကတိုက်က နိုင်ငံပေါင်း (၂၈) နိုင်ငံ က ပါဝင် ပတ်သက်နေတာပါ..။ ဒါကြောင့်လည်း အကြမ်းဖက်သမားတွေအတွက် နေတိုးအဖွဲ့ဝင်တွေဟာ အဓိက ပစ်မှတ်ဖြစ်လာနေပါတယ်တဲ့..။ နော်ဝေးက လည်း သူ့မြေပေါ် လာပြီး အခုလို ကြံရွယ်တာတွေကြောင့် ဖမ်းဆီးရတာမျိုးတွေ လုပ်ရတာတွေ ရှိပြန်ပါတယ်..။ ဆိုလိုတာက သူ့မြေပေါ် ကိုယ်က သွားရောက်ပါဝင်ပတ်သက်ခဲ့ပြီမို့ ဟိုက ပြန်တိုက်ခိုက်တာ ခံရတယ်ဆိုတဲ့ အယူအဆဆိုတာကို သူလက်ခံနားလည် ထားပါတယ်..။

သိပ်မကြာသေးခင်ကပဲ..ယောက်ျား ၃ ဦးကို လုံခြုံရေး ရဲဌာန ကနေ ဖမ်းလိုက်ပါတယ်..။ အကြောင်းကတော့ နော်ဝေးနိုင်ငံကို ပစ်မှတ်ထား တိုက်ခိုက်မယ်ဆိုတဲ့ အစီအစဉ်ကြောင့် ပါ..။ တဦးကတော့ အူပါကစ်စတန် က ဖြစ်ပြီး နော်ဝေး နိုင်ငံမှာ ခိုလှုံခွင့် ရထားသူဖြစ်ပြီး.. တယောက်ကတော့ တရုတ်က…။ သူကတော့ ၂၀၀၇ မှာ နော်ဝေးနိုင်ငံသား ဖြစ်ခဲ့ပြီး (Uigurer )လို့ ခေါ်တဲ့ တရုတ်.. တူကီ အဖွဲ့ဝင် အုပ်စု တယောက်ပါ..။ ဒီ လူ ၂ ယောက်ကိုတော့ ၂ ပါတ်လောက် ပေးမတွေ့ပဲ သီးသန့် ထားမှာဖြစ်ပြီး … ကျန်တယောက်ဖြစ်တဲ့ အီရတ် နွယ်ဖွားကိုတော့ .. ဂျာမနီမှာ ဖမ်းမိပြီး နော်ဝေးကို ပြန်ပို့ပေးမှာဖြစ်ပါတယ်..။

နော်ဝေးက အရင်ကထက် အကြမ်းဖက်သမားတွေကို နှိမ်နှင်းဖို့ ပိုလုပ်လာတာ ရှိပါတယ်တဲ့…။ အကြမ်းဖက်သမားတွေကို နှိမ်နှင်းဖို့ ရဲနဲ့ ပြည်သူ ပူပေါင်းပြီး တွဲလုပ်လာတာတွေ ရှိနေပါတယ်.. အရင်ကထက် ပိုပြီးတော့ ငွေတွေကို နှိမ်နှင်းရေးမှာ အသုံးပြုလာနေပါတယ်..။ အမှန်ကတော့ အဲဒီထဲမှာ ပါဝင်သူ တယောက်က ရဲကို သူ့ဘာသာ သတင်းပေးခဲ့တာပါ..။

တရားစွဲဆိုမှု အနေနဲ့ကတော့ အကြမ်းဖက်မှု ၁ ခု ဒါမှမဟုတ်လည်း အကြမ်းဖက်မှု အများကြီး နော်ဝေးမှာ လုပ်ဖို့ စီစဉ်ထားမှုမျိုးနဲ့ သက်ဆိုင်ပါလိမ့်မယ် .. သူတို့မှာ ဝယ်ယူထားတဲ့ ( ဓာတုပစ္စည်း) တွေလည်း ရှိနေပါတယ်..။ ရဲတွေ ပြောတာက ဒီပစ္စည်းတွေက ဗုံး လုပ်လို့ရတယ်လို့ ဆိုပါတယ်..။ သူတို့ထဲက တယောက်ပြောတာကတော့ ဒါတွေ ဝယ်ယူတာက ကားက သံခြေးတွေ ကို ခွာတဲ့နေရာမှာ အသုံးပြုဖို့ပြောသလို တယောက်ကတော့ ဘာလုပ်ဖို့မှန်း သူမသိဘူးဆိုပါတယ်..။ ရဲတွေကတော့ သူတို့ဘယ်မှာ ဖောက်ခွဲမယ်ဆိုတဲ့ နေရာအတိအကျကို လူတွေကို မပြောပါဘူး..။ (စကားချပ်.. သတင်းဘေးမှာ ကပ်ရပ်တွဲပါတဲ့ နော်ဝေးနိုင်ငံသားတွေ အကြမ်းဖက်မှုတွေကို ကြောက် လားလို့ မေးတာကို အားလုံးက `မကြောက်ပါဘူး.. သွားရဲလာရဲပါတယ်` တဲ့.. အားလုံး .. မဟာသတ္တိတွေချည်းပါပဲ.. ။)

တချို့ပြောတာကတော့ အခုဖမ်းထားသူတွေကို တရားစီရင်ဖို့ခက်မယ်.. ဘာဖြစ်လို့လည်းဆိုတော့ ၂၀၀၆ တုန်းကလည်း လူတယောက် အကြမ်းဖက်တိုက်ခိုက်ဖို့ လုပ်ခဲ့တာပဲ..။ အဲဒီလူက သံအမတ်တွေကို ဖောက်ခွဲသတ်ပစ်ဖို့ သူ့သူငယ်ချင်းတွေကို ပြောခဲ့တာပါ..။ ဒါပေမယ့်လည်း အဲဒီအပြောလောက်နဲ့ တရားစီရင်ဖို့ ဆိုတာ ခက်သားလား..။ ဆိုတော့ အကြမ်းဖက်မှုနဲ့ ပတ်သတ်တဲ့ ဥပဒေသများစွာကို ဖတ်.. ကြည့်ရူပြီးမှပဲ အော်စလို တရားရေးဌာနကနေ တရားစီရင်ချက် ချမှတ်လို့ ရမှာဖြစ်ပါတယ်..။ ဆိုလိုတာက ခိုင်လုံတဲ့ အထောက်အထားက သိပ်အရေးကြီးတဲ့… သဘောပါ..။

တရား စီရင်ဖြစ်မယ် ဆိုရင်လည်း စီစဉ်ကြံရွယ်မှု.. နဲ့ ပြင်းထန်တဲ့ စကားလုံး သုံးစွဲမှု ဖြစ်ပါလိမ့်မယ်..။ ဖြစ်နိုင်တာကတော့ ( ဥပမာ..ပေါက်ကွဲစေခြင်းမျိုးနဲ့ လေယာဉ်ပေါ်မှာ ခြိမ်းခြောက် အကြပ်ကိုင်ပြီး.. ပေါက်ကွဲစေတာတွေ သယ်ဆောင်ယူငင်စေတဲ့ အခြေအနေမျိုး..။ )..။

(ဒီ ၃ ဦးဟာ ဆေးဆိုင်မှာ သူတို့လိုအပ်တဲ့ ပစ္စည်းကို ဝယ်ယူဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်..။ ဝယ်ထူတဲ့ထဲမှာ (ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်ဓာတ်ငွေ့ ) ပါပါတယ်..။ အဲဒီကတည်းက ရဲများက အန္တရယ်သိပ်မပျင်းတဲ့ ဗုံးလိုမျိုး လုပ်မယ်ဆိုတာကို လက်ခံထားပြီးသားပါ..။ ဆေးဆိုင်ကလည်း လာဝယ်တဲ့ သူတို့ ၃ ဦးကို ပစ္စည်းကို ဝယ်ယူဖို့ အရင်မှာယူရမယ် လို့ ဆိုခဲ့ပြီး ရဲကိုအကြောင်းကြားခဲ့တာဖြစ်ပါတယ်… ဒါနဲ့ပဲ တကယ်တမ်း သူတို့လာယူတဲ့အခါမှာ ရဲများက အထဲက အငွေ့တွေကို လဲခဲ့တာဖြစ်ပါတယ်..။ ဒါ မနှစ်က ဒီ ၃ ဦး ဗုံးလုပ်ဖို့ ယူဆရတဲ့ ပစ္စည်း ဝယ်ယူခဲ့ပုံ နောက်ကြောင်းပါ..။ )


၆၀ ကျော်များ ကွဲကြ လေသတည်း

ဒါက ဒိန်းမတ်နိုင်ငံက သတင်း.. အခုတော့ ဒိန်းမတ် စုံတွဲတွေ ကွဲတာ ပိုများလာတယ်ဆိုပဲ.. ဘာဖြစ်လို့လည်းဆိုတော့ သူတို့တွေ ပိုလွတ်လပ်တဲ့ သူများအဖြစ် နေချင်ကြလို့ပါတဲ့..။ ဒိန်းမတ် စာရင်းဇယား ကောက်ယူတဲ့ ဌာနကပြောတာကတော့ လင်မယားအတွဲများဟာ နှစ်ပေါင်း ၂၅ ကျော် ပေါင်းသင်းလာတာတောင်မှ ကွဲကြပါသတဲ့..။ ၁၉၉၉ ခုနှစ်က အသက် ၆၀ ကျော် စုံတွဲပေါင်း ၂၅၉ တွဲ .. ၂၀၀၉ ရောက်တော့ အသက် ၆၀ ကျော် အတွဲပေါင်း ၅၈၈ တောင် ဖြစ်သွားပါသတဲ့..။ အင်း … မဗေဒါတို့ မြန်မာများတော့လည်း ၆၀ ကျော်ဆိုရင် .. ဒန့် ဒန့်.. မဖြစ်ချင်.. မကွဲချင်တော့ဘူး.. ထင်တာပဲ ..။

နော်ဝေးလို ဖတ်သူများ.. ( Klar Tale) အတွဲ ၂၇ … ၂၀၁၀ မှာ ဖတ်ယူနိုင်ပါတယ်..။

အားလုံးကို ကျေးဇူးတင်ပါတယ်..။

မဗေဒါ
၁၁. ၀၈.၂၀၁၀

ဆက်ဖတ်ကြည့်ပါဦးနော်....

Tuesday, August 10, 2010

နော်ဝေးအကြောင်း တခုတ်တရဖတ်ကြစို့.. ( ၅ )


(၂၀၀၈) နွေရာသီမှာလည်း မေလလောက်မှာ နေပူပြီးတော့ နွေရာသီလည်းတကယ်ရောက်ရော နေကမပူတော့ပါဘူး၊ ဖြစ်တာကတော့ တနိုင်ငံတည်းမဟုတ်ပါဘူး၊ ဥရောပအပါအဝင် တကမ္ဘာလုံးမှာဖြစ်တာပါ၊ ကြီးလိုက်တဲ့မိုးက မစဲတော့ပါဘူး၊ စိတ်ညစ်လောက်အောင်ကို လမ်းတွေပေါ်ညစ်ပတ်ပေရေ နေတော့တာပါပဲ၊ နွေရာသီရောက်မှ ကဲမယ်ဟဲ့လို့ တွေးထားတဲ့သူတွေအတွက်တော့ မောရတာပေါ့၊- ( ၂ဝဝ၉) ခု နှစ်မှာလည်း နွေရာသီက နွေမဖြစ်တာကြောင့် နော်ဝေးနိုင်ငံသားတွေ စိတ်တိုကြရပါတယ်၊ မိုးရွာတာကပိုများတယ်၊ နေကမပူသလောက်ပါပဲ၊ နေမပူတော့ နေဆာမလုံရတော့သလို နွေရာသီဆိုင်ရာ ပျော်မဲ့အပျော်တွေလည်း ကြက်ပျောက်ငှက်ပျောက် ပျောက်ဆုံးကုန်ကြရတော့တာပါပဲ။ ( ဒီနှစ် ၂၀၁၀ လည်း ထိုနည်းလည်းကောင်းပါပဲ..။)
နေပူတာထက် မိုး ပိုများတယ် ဆိုနိုင်မယ်ထင်ပါတယ်..။

ပုံမှန်ဆိုရင် နော်ဝေးရဲ့ နွေရာသီက ဇွန်လကနေ သြဂုတ်လအထိလောက်ပါ၊၊ ဒါပေမဲ့ ကမ္ဘာပေါ်ကြီး အပြောင်းအလဲ မှာ အပြန်အလှန် အားလုံး ဆက်စပ်မှုတွေက ရှိနေတက်တာမို့ ရာသီ အဝင်စော အထွက်စောတာမျိုးတွေရှိတက်ပါတယ်၊၊ နော်ဝေးနိုင်ငံသားတွေကတော့ ဒီရာသီမှာ ကျောင်းတွေလည်း ပိတ်ပြီမို့ မိဘတွေကလည်း ခွင့်ရပြီမို့ ခရီးထွက်ကြတာမျိုးတွေ ရှိပါတယ်၊၊ နွေရာသီဆိုရင် တိုင်းပြည်ထဲမှာ လူနဲသွားတယ်လို့ ပြောလို့ရပါတယ်၊၊ (အပြင်ကလူတွေလည်း လာလည်တယ်..မြို့ပေါ်ပိုင်းလောက်ပဲ..။) တိုင်းပြည်ထဲ လူမနဲရင်တောင် ကိုယ်နေတဲ့ နေရာလေးမှာ လူနဲသွားပါတယ်..။ ကုန်တိုက် ဆိုတာကလည်း ချောက်ကပ်နေတော့တာပဲ..။ ဒါကြောင့် ပစ္စည်းတွေ ဈေးလျှော့ပြီး လူခေါ်တယ်လို့ ထင်တာပါပဲ..။ နွေရာသီဆိုရင် အဆိုပွဲတွေလည်း ကျင်းပပေးတာမျိုးတွေ ရှိတယ်..။ အပြင်ဘက်မှာပေါ့..။


တကယ်တော့ နွေရာသီက နေပူရှိန်ကိုမျှော်ရင်း နေပူဆာ လုံချင်သူတွေ များသလို ခရီးထွက်ဖို့ အားယူသူတွေလည်း အများကြီးပါ..။ လူအတော်များများက ခရီးထွက်ပါတယ်..။ ဘယ်မှ မသွားရင်တောင် သူတို့နိုင်ငံထဲက မရောက်သေးတဲ့ နေရာတွေ.. ဒါမှမဟုတ်.. အိမ်နီးချင်း နိုင်ငံမှာရှိတဲ့ ကလေး ကစားစရာ နေရာမျိုးတွေကို သွားပို့သူတွေလည်း ရှိတက်ပါတယ်..။ ဥရောပတခွင်.. အာရှ အစရှိတဲ့ဘက်တွေကို သွားကြတာများပါတယ်..။ တချို့ငွေရှိသူတွေကလည်း စပိန်.. လို နိုင်ငံမျိုးမှာ အိမ်လေးတွေ ဝယ်ထားတက်တော့ အဲဒီဘက်ကို ခြေဆန့်ကြတာမျိုးလည်း ရှိပြန်ပါတယ်..။ တချို့ကြပြန်တော့လည်း အိမ်လုံးကားတွေနဲ့ အိမ်နီးချင်းနိုင်ငံကနေ တဆင့်.. ဥရောပထဲ လည်ကြပတ်ကြတာပါပဲ..။ အဲလို လည်ပတ်သူတွေ အများစုက ကိုယ်ပိုင် လုံးချင်းကားမရှိရင်.. ဂျာမဏီမှာ ဈေးသက်သာလို့ သွားဌားကြတာမျိုးတွေလည်း ရှိပါတယ်..။

မိသားစု ရှိတဲ့သူတွေက အများအားဖြင့် ကလေးတွေအတွက် ထည့်စဉ်းစားပြီး လျောက်လည်ပတ် ပေးကြတဲ့သဘောပေါ့.. တချို့တွေဆို ကလေးတွေ သွားချင်တဲ့နေရာကို ဦးစားပေး သွားပို့ကြတာမျိုး တွေလည်းရှိတယ်..။ တနှစ်နဲ့တနှစ် မတူဘူးပေါ့..။ ကလေးရော လူကြီးပါ ပျော်ကြရတာမျိုးပါ.. ဗဟုသုတ တွေလည်း ရကြတာပေါ့..။ ဒါပေမယ့် ကလေး တယောက်တည်း သမားဆိုရင်တော့လည်း ကလေးထိန်းရင်း ပိုပင်ပန်းရ တာမျိုးတွေ ဖြစ်တက်တယ်လို့ ဖတ်မှတ်သားရပါတယ်.. ဖြစ်နိုင်ပါတယ်.. ကလေးက အဖော်မရှိတော့ မိဘကပဲ ကူဆော့ ဂရုစိုက်ထိမ်းပေးရာကနေ ခွင့်အနားယူတာက သားသမီးကို ပိုထိန်းရသလိုဖြစ်နေမှာပဲ လို့ ယူဆရတာပါပဲ..။ ( မဗေဒါတို့ ဆိုလည်း အားလပ်ရက်ရှည်မပြောနဲ့.. စနေ တနင်္ဂနွေ တောင် သားကိုထိမ်းရတာက ပိုများပါတယ်..)

မိသားစု မရှိတဲ့ တချို့လူလွတ်တွေလည်း အလုပ်ကို ဖိလုပ်ကြတယ်..။ လူငယ်တွေက အလုပ်ကို အတော်လေး မက်လာတာမျိုးတွေရှိတယ်..။ ပြောချင်တာက ငွေ ကို ငယ်တုန်းမှာ ပိုရှာသလို ဖြစ်နေတယ်..။ ကျောင်းကိုလည်း တက္ကသိုလ် ထိ သွားဖို့က သိပ်မစဉ်းစားကြဘူး..။ တချို့ကြပြန်တော့လည်း ငွေကို လိုသလောက်ပဲရှာကြတယ်..။ ကျောင်းပညာ ဆက်သင်ကြတယ်..။ တချို့ လူငယ် လူကြီးတွေလည်း နွေရာသီကနေ တဆင့် အလုပ်ရရင်း ကျောင်းဆက်မတက်ပဲ အလုပ်လေးဆက်လုပ်တာမျိုးတွေလည်းရှိတယ်..။ ကျွန်မတို့လို နိုင်ငံခြားသား များလဲ နွေရာသီမှာ အလုပ်သစ်ရှာလို့ ရရင် အလုပ်ထဲ ဝင်ကြရတာပါပဲ.. ။ အဲ အလုပ်ရသွားလို့ ( အမြဲတမ်း) အလုပ်သမား ဖြစ်သွားရင်လည်း လူတိုင်းဟာ ( ၅) ပတ် အားလပ် ရက်ရှည် ယူကိုယူရပါတယ်..။ ဥပမာ ဇွန်.. ဂျူလိုင် လမျိုးတွေက အလုပ်သစ်ရှာတဲ့လ လို့ ပြောရင်ရနိုင်သလို အလုပ်ကနေ ခွင့်ရတဲ့ လတွေ (နားရက် ) လို့ ဆိုနိုင်ပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ ခွင့်သွားမဲ့နေရာမှာ လူသစ်အစားထိုးတဲ့ သဘောပေါ့..။ ဟိုက လူဟောင်း ပြန်လာတော့ လူသစ်က ထွက်ပေးပြန်ပေါ့..။ ဒါမှမဟုတ်လို့ အလုပ်ရှင်က လူလိုနေတယ် ကိုယ့်ကိုလည်း သဘောကျတယ်ဆိုရင် ရက်တိုင်းမဟုတ်တောင် တပါတ်ကို ၂ ရက်လောက် စလုပ်ရတာမျိုးလည်း ရှိပါတယ်.. ။

( အမြဲတမ်းအလုပ်သမား )မဖြစ်သေးရင်လည်း ဖြစ်အောင် အရင်ကြိုးစားလုပ်ကြရတာပါပဲ..။ ဒါပေမယ့်လည်း အဲလိုမဟုတ်လို့ ခွင့်ယူချင်ရင် ယူလို့ ရတာပါပဲ..။ အဲဒီအတွက် ကိုယ့်ဘာသာ ရပ်တည် ရမှာပါ။ ဒီမှာက ရပ်တည်ဖို့ ခက်တော့ ခွင့်ရက်ရှည်ကို ပုံမှန်အလုပ် မရှိသေးရင် ခွင့်မယူရဲကြပါဘူး.. တလ တလ ပေးဖို့စောင့်နေတဲ့ ဘေ တွေက မနည်းမနဲပဲ..။ အဲ နှစ်သက်ရှည် အလုပ်သမား များကြတော့လည်း ဒီလ က အလုပ်မလုပ်ပဲနဲ့ ငွေတွေ အေးအေးဆေးဆေး ဝင်လာသလို အခွန်ငွေတွေလည်း ပြန်ဝင်လာတက်ပါတယ်..။ ဥပမာ.. ကိုယ့်လိုပဲ အောက်ခြေ အလုပ်လုပ်တယ်.. ဒါပေမယ့် အလုပ်သက်က ၁၅ နှစ်ဆိုရင် သူ့လစာက ကိုယ့် ထက် အများကြီး ပိုနေတာကို ပြောတာပါ..။ ဒါကြောင့် အလုပ်ချင်းတူပေမယ့် လုပ်သက်ကြောင့် ငွေ အများကြီးရှိတာမို့ သူဌေးတယောက်လို သုံးနိုင်စွဲနိုင်ပါတယ်..။ ကျွန်မတို့လို အခုမှရောက်ပြီး အလုပ်သက်တမ်း နုသူတွေကတော့ ဆင်းရဲသား အောက်ဆုံးလွာပါပဲ..။ ဒီမှာ အဲလို လူတန်းစားရယ် သိပ်မရှိဘူးလို့ စာအုပ်ထဲမှာ သင်ဖူးတယ်.. လူတွေ ပြောတာကြားဖူးတယ်.. တကယ်တော့ လူတန်းစား ဆိုတာ မရှိဘူးလို့ ဘယ်လောက် ပြောပြော တကယ်က မသိမသာတော့ ရှိတယ်..။ ဥပမာ.. ကျောင်းဆရာ သားသမီး အဝတ်အစားနဲ့ ကျွေးနိုင်တဲ့ အခြေအနေက ကျောင်း အကူ တယောက်ရဲ့ ပုံစံ ကွာကိုကွာပါတယ်..။ ဘယ်လိုယှဉ်ယှဉ် ကွာကို ကွာပါတယ်.. ဒီကြားထဲ ကိုယ်က ရတာက အောက်ခြေ လခ.. ငွေတွေစု.. အစားအသောက်ကို လည်း ခြွေတာ.. အဝတ်အစားလည်း ဖြစ်သလို ဝတ်ဆိုရင်တော့ လူဆင် (ပုံ) က သိပ်ကို ကွာသွားပါပြီ.. ဒါကြောင့် ကျွန်မတို့ ဒီမှာရတဲ့ လခ ဟာ မြန်မာပြည်က အောက်ထစ်စား အလုပ်သမား လခ လိုပါပဲ..။ ကွက်တိပဲ.. ..။


ကျွန်မဆိုရင် အဝတ်အစား .. ကိစ္စမျိုးကို သိပ်ခေါင်းထဲ ထည့်စဉ်းစားတာ မဟုတ်ဘူး.. ကိုယ်အဆင်ပြေရင်ပြီးရော ဆိုပြီး ထသွားတက်တာမျိုး..။ တကယ်တမ်း ယှဉ်သွားရင် အများစုက သားနားနေတော့ ကိုယ်က ဆင်းရဲသလိုမျိုး မပြောင်မရောင် ဖြစ်နေတက်တယ်..။ ဒါကြောင့် ကျောင်းတက်တုန်းက အင်မတန်မှ သတိနဲ့ အကောင်းဆုံးမဟုတ်တောင် အဆင်ပြေအောင် သင့်တင့်အောင် ဝတ်စားရပါတယ်..။ လူမျိုးဂုဏ် ရှိသလို ကိုယ့်ဂုဏ်လည်း ရှိတယ်လို့ နောက်ပိုင်းမှာ တွေးမိတာလည်းပါပါတယ်..။ အဝတ်အစားက အရေးကြီးလားလို့မေးရင် ကျွန်မအတွက် အရေးမကြီးပေမယ့် လူ့သဘောအရ လိုက်လုပ်ရတာမျိုးလို့ ဆိုလိုတာပါ..။ ကိုယ်က ဒီလိုနေတက်လို့ ရိုးရိုးသားသား ဈေးဝယ်ရင် နွမ်းနေတဲ့ အဆင်အယင်ကြောင့် မရှိခိုးနိုး ဖြစ်တက်တာလည်း ပါပါတယ်..။ ဘာဖြစ်လို့ အဲလိုပြောလည်း ဆိုတော့ ကျွန်မယောက်ျားက ကောင်းကောင်းဝတ်တယ်.. သားကိုလည်း ဆောင်းတွင်း ပစ္စည်းဆို ကောင်းတာတွေ အနည်းဆုံး (၈၀၀) တန် ဖိနိပ်မျိုးကို ဝယ်ပေးပါတယ်.. ကျန်းမာရေးအတွက် စဉ်းစားပြီး ဝယ်တာပါ.. ငွေရှိလို့မဟုတ်ပါဘူး.. ၂၀၀ တန်လောက် ဝယ်ပြီး ကလေး ခြေထောက်အေးလို့ ပြန်ကုရင် ပိုကုန် ပိုစိတ်ညစ်ရမှာစိုးလို့ပါ.. ဒီတော့ အဲလိုဈေးကြီးတဲ့ ဆိုင်မျိုးကိုဝင်ရင် ရောင်းတဲ့ ပညာသား မနှံ့တဲ့သူက ကိုယ့်ပုံကို ကြည့်ပြီး ဆုံးဖြတ်တက်တာမို့ ပါ.. ။ တခါက အဖြစ်အပျက်လေးတခု ပြောပြချင်တယ်.. ယောက်ျား ဆေးရုံပေါ် ခွဲစိတ်ခံထားတုန်း သွားကြည့်ပြီး အပြန်မှာပါ.. ဆေးရုံထဲမှာ လက်ထိုး သိုးမွေးတွေ ရောင်းနေတယ်.. ကျွန်မက စိတ်ဝင်စားလို့ ကြည့်တယ်.. အပျံစား မိန်းမ တယောက်လည်း ကြည့်နေတယ်.. ရောင်းသူနဲ့လည်း စကားပြောနေတယ်..။ ကျွန်မကြည့်တော့ ရောင်းသူက မသိချင်ယောင် ဆောင်နေတယ်..။ ဟိုမိန်းမကြီးက အကြာကြီး မေးမြန်းပြီးတော့ ငါ သိပ်သုံးဖြစ်မှာ မဟုတ်ဘူး.. ဆိုပြီး ဘာမှ မဝယ်သွားပါဘူး.. ရောင်းသူ ကျွန်မဘက်လှည့်လာတော့ ကျွန်မလည်း တကယ်လိုနေတာရယ် စိတ်ထဲ မကောင်းတာရယ်ပေါင်းပြီး ခြေအိတ် ၆၀၀ ကျော်ဖိုး ဝယ်ခဲ့တယ်..။ ရောင်းသူ ကျွန်မကို ကျေးဇူးတင်ကြောင်း အခါခါပြောတာ မျက်နှာကြီး ဝင်းသွားတာ ကျွန်မမေ့မရဘူး..။ ဒီလို အကြောင်းပေါင်းစုံကြောင့် လူမှာ အဝတ်ဆိုတဲ့ စကားများ ထားခဲ့ရော့သလားဆိုပြီး ညဏ်အမျှော်ကြီးတဲ့ စာဆိုရှင်များကို တမ်းတ ကျေးဇူးတင် ရပါသေးတယ်..။


အလုပ်ကိစ္စကို ပြန်ဆက်ရရင် ..အကယ်၍ ကိုယ်က ပုံမှန် အလုပ်မရှိပဲ ခွင့်ယူလို့ မလောက်ဌရင် အစိုးရမှာ ငွေသွားတောင်း သွားလျှောက်လို့တော့ မရဘူး..။ အစိုးရ ထောက်ပံ့ထားတဲ့ စာသင်နေချိန်မျိုး ဆိုရင်တော့ ခွင့် ၂ ပါတ်လောက် ရတက်တယ်.. ဒါတောင် အစိုးရ အလုပ်သမားများဖြစ်တဲ့ ကျောင်းဆရာများရဲ့ အားလပ်ခွင့် ရက်ရှည် ယူလို့ပါ..။ တချို့နေရာတွေမှာ မပိတ်ပဲ အလုပ်ခိုင်းတာမျိုးတွေ ရှိတက်ပါတယ်.. ဆိုလိုတာက အလုပ်လုပ်မှ ထမင်းစားရတယ်ပေါ့..။ ဘယ်ဟာမှ အလကားဆိုတာ မရှိဘူး..။ ထမင်း ကျွေးထားရင် ကျွေးတာနဲ့ တန်အောင် တခုခုတော့ လုပ်နေရတာ ဓမ္မတာပဲ..။ ကျောင်းတက်တုန်းကတော့ ကိုယ်တွေလည်း အနားရတာပဲ.. ဘယ်မှာမှ သွားအလုပ် မလုပ်ခဲ့ရဘူး..။ ကိုယ့်ဘာသာ လုပ်ချင်ရင်တော့ အပိုဝင်ငွေ ရတာပေါ့.. ဒါပေမယ့် အလုပ်ရဖို့က ခက်တယ်.. ဒီက ဘာသာစကားက သင်ယူနေချိန်ဆိုတော့ ဘာသာစကားအသိက ဆင်းရဲတယ်လေ..။ အင်္ဂလိပ် လိုဆိုတာကလည်း သုံးပေမဲ့ တကယ်တန်း ယှဉ်လာရင် သူ့ဘာသာကိုပဲ သုံးကြတာဆိုတော့ နော်ဝေးစကားသည်သာ ဒီနိုင်ငံမှာ အရေးပါတယ်လို့ ဆိုရင် မှန်မယ်ထင်တာပါပဲ..။

နွေရာသီအကြောင်း ပြောမယ်ဆိုရင် ဒီလိုလမျိုးကတော့ ငွေထောသလောက် ရှေ့လ သြဂတ် လလောက်ကျရင် ဘာမှမကျန်တော့ပဲ.. ခရက်ဒစ် ကဒ်ထဲကနေ ချေးဌားရတာမျိုးလည်း ရှိပါတယ်..။ ဒါကြောင့် ပစ္စည်းတွေလည်း အင်မတန်ဈေးလျော့ပါတယ်..။ ဝယ်သူတော့ နည်းသွားတာပေါ့.. ဝါးတီးက အဓိက ဖြစ်သွားပြီလေ..။ အခုလည်း မဗေဒါ ဆင်းရဲနေတယ်.. ဒါပေမယ့် .. မပူပါနဲ့.. အကျွေး အော်ကြီး ဟစ်ကျယ် လာတောင်းမဲ့သူ မရှိဘူး.. ကိုယ်ယူထားတဲ့ ငွေတွေကို ဘဏ်ထဲကနေ ပါးပါးလှီးမဲ့သူတွေ ကွန်ပြူတာရှေ့ ထိုင်စောင့်နေပြီးသား..။

အချိန်ယူပြီး စာလာဖတ်တဲ့ သူငယ်ချင်း မိတ်ဆွေ ..များ …အားလုံးကို ကျေးဇူးတင်ပါတယ်..။

မဗေဒါ
၁၀.၀၈.၂၀၁၀

ဆက်ဖတ်ကြည့်ပါဦးနော်....

Wednesday, August 4, 2010

ဖထီး အတွက် ပို့စ်တပုဒ်


`ဖထီး` ဆိုတာက ကရင်စကား.. ဗမာလိုတော့ အဖေ လို့ ယူဆရပါတယ်..။ ကျွန်မနေတဲ့ မြို့ကလေးမှာ ဖထီး ခေါ် ထူးဂျယ်ရီ ဆိုတဲ့ ကရင်ကြီးတယောက်နဲ့ ခင်မင်ခဲ့ပါတယ်..။ သူက ဗမာစကားကို ကောင်းကောင်း ပြောတက်သလို မြန်မာပြည်မှာတုန်းက ကျောင်းဆရာပါ..။ မဆလ ခေတ်မှာ အခွင့်အရေးကောင်းတွေနဲ့ ကြုံဆုံခဲ့ဖူးသလို တော်လှန်ရေးထဲမှာလည်း သူ နိုင်ရာတာဝန်ထမ်းဖူးခဲ့ပါတယ်..။ သူလုပ်ခဲ့ဖူးတာတွေက စပ်စုတက်တဲ့ ကျွန်မကြောင့် သိခွင့်ရခဲ့တာပါ.. ကျွန်မ ဘာသာစကားကျောင်းတက်လို့ ပြီးခါနီးမှာ သူက စတက်တာဆိုတော့ စကားသင်တာ နောက်ကျခဲ့ပါတယ်..။ သူတို့ မိသားစုလေးက အိမ်နဲ့ မဝေးလှတော့ အိမ်မှာ အဝင်အထွက် ရှိခဲ့ပါတယ်..။ လိုတဲ့ အကူအညီအတွက် နိုင်တာလုပ်ပေးရင်း ရင်းနှီးခဲ့ကြတာပေါ့..။

သူ့အိမ်ကလေးကိုလည်း ရံဖန်ရံခါ သွားလည်ရင်း ကျွန်မတို့ကြားမှာ အခင်အမင် ရှိခဲ့ကြပါတယ်..။ သူ ဒီရောက်ပြီး သိပ်မကြာခင် လူကြီး တို့ထုံးစံအတိုင်း ဆေးရုံဆေးခန်း သွားနေရာကနေ တနေ့ `အသဲ` မှာ ပိုးရှိနေတယ်ဆိုတာကို သိခဲ့ရတယ်..။ ဆရာဝန် ပြောတာကလည်း အသည်းကို အစားထိုး မလဲခဲ့ရင် (၃ ) နှစ်ပဲ ခံမယ်လို့ ဆိုပါတယ်..။ ဒါနဲ့ လူ့သဘာဝ အသက်ရှည်ချင်တဲ့ စိတ်ကြောင့် လဲမယ်ရယ်လို့ သဘောတူထားခဲ့ပါတယ်..။ ဒီကိစ္စတွေက သူကိုယ်တိုင် ဆရာဝန်နဲ့ ပြောတာ မဟုတ်ပါဘူး..။ ဘာသာပြန် တွေကနေ တဆင့် ပြောခြင်းပါ.. ဘာသာပြန်ကလည်း တခါနဲ့တခါ မတူပဲ ရှိတော့ အသဲမှာ ပိုးရှိလို့ လဲရမယ် ဆိုတာနဲ့ ပိုးမရှိပဲ လဲပြီးမှ အစားထိုးတဲ့ အသဲ က ပါလာတဲ့ ကင်ဆာပိုး ရယ်ကြောင့် ဆိုပြီး အပြောက ၂ မျိုးဖြစ်နေပါတယ်.. အရင်း စစ်လိုက်တော့ ဖြစ်နိုင်တာက ၃ နှစ်ပဲ ခံမဲ့သူကို ကြာကြာခံအောင် အစားထိုးမှာဆိုတော့ အစားထိုးပြီးခဲ့ရင် ဘာပဲပြောပြော ၃ နှစ်ထက် ပိုခံရမှာက အသေအချာပဲလို့ ကျွန်မယူဆပါတယ်..။ ဖထီးကလည်း ကျွန်မယူဆသလို တောက်လျှောက် ယူဆခဲ့ပါတယ်..။ ဒါကြောင့် ပိုးက အသစ်လဲတဲ့ အသဲ က ပါလာတယ်ပဲ ဖြစ်နိုင်ပါတယ်..။

ကံကောင်းလား ဆိုးလား မသိပါဘူး.. ဖထီးတယောက် ဆရာဝန်ဆီကနေ အသဲ လဲဖို့ ပြောပြီး ၃ .. ၄ လလောက်ပဲ စောင့်ပြီး အသဲ အသစ် အစားထိုးပေးခြင်း ခံခဲ့ရပါတယ်..။ အစားထိုးပြီး ၇ လလောက်ထိလည်း ထူထူထောင်ထောင်နဲ့ စက်ဘီးစီး ဓါတ်ပုံတွေ လျှောက်ရိုက်နဲ့ လမ်းသလား နိုင်တုန်းပါပဲ..။ အဲဒီနောက်ပိုင်းတော့ အသားတွေ ဝါလိုက်လာပြီး မျက်စိ တစုံလုံးလည်း ဝါထိန်နေတဲ့ အဆင့်ကို တွေ့ရတော့တာပါပဲ..။ အသဲ မလဲခဲ့ရင် ၃ နှစ်ပဲ ခံမယ်လို့ ပြောထားတဲ့ ဖထီးဟာ နောက်ပိုင်း ဆရာဝန်ပြောလို့ သိရတာက သူ သိပ်မခံတော့ဘူး ဆိုတာပါပဲ..။ လူသားဖထီး တယောက် အင်မတန် စိတ်တိုပြီး အကြီးအကျယ် ဆရာဝန်နဲ့ စကားများပါတယ်..။ သူတို့ကိုလည်း ကလန်ကဆန် ပြန်ပြောတဲ့အထိ လုပ်ခဲ့ပါတယ်.. နောက်ဆုံး သူပြောတာက `နင်တို့လည်း ဆရာဝန်ဖြစ်ပေမဲ့ ငါထက်တောင် အရင်သေနိုင်ပါသေးတယ်.. ငါမှ မဟုတ်ဘူး.. နောက် ငါ ဘုရားသခင်ကို ယုံတယ်လို့ ` စိတ်ထင်ရာတွေ လျှောက်ပြောတဲ့အထိ ဖြစ်ခဲ့ပါတယ်..။ ကျွန်မတို့လည်း ဖထီးအဖြစ်ကို မယုံနိုင်သလို စိတ်လည်းမကောင်းပါ.. သူ သေရတော့မယ်ပေါ့..။ တခါတလေပဲ မိသားစုကို အားပေးရင်း တိုးတိုးတိတ်တိတ် ဖထီးနဲ့ စကားတွေ ဟိုရောက်ဒီရောက် ပြောဖြစ်ခဲ့တယ်..။ ဖထီးက ဂစ်တာတီးတက်တယ်.. သီချင်းလည်း ဆိုတက်တယ်.. သူရောက်ကာစက ယဉ်ကျေးမှု ပေါင်းစုံပြပွဲကို မရမက လာရမယ်လို့ ခေါ်တော့လည်း သူ တီးမယ်ဆိုပြီး ရောက်လာတယ်.. တီးတော့ မတီးဖြစ်ဘူး.. ဒါပေမယ့် သူ့အိမ်မှာ သူတီးတယ်.. သူ့ဇနီး (အနော် .. အမ) ကလည်း ဆိုတက်တယ်..။ အနော်က မြန်မာလို ကောင်းကောင်း မတက်ပေမဲ့ စာသင်ဖူးတော့ နားလည်တယ်..။ အခုတော့လည်း သူနဲ့ နော်ဝေးလို လွတ်လိုက် မြန်မာလို လွတ်လိုက်လုပ်တာပါပဲ..။

နောက်ပိုင်း ဖထီးအိမ်ကို သွားတော့ ကိုယ်ကတော့ သူ စကားပြောနိုင်ပါ့မလားဆိုပြီး ထိုင်ရုံ သက်သက်ပဲ.. သူကတော့ ပြောလိုက်တဲ့စကား.. ကရားရေသွန်ပါပဲ..။ လူကြီးဆိုတော့ ပြောစရာတွေရှိနေမှာပဲ.. အထူးသဖြင့် တော့အခုလို ခံစားနေရတဲ့အချိန်ပေါ့..။ သူပြောတာကိုနားထောင်ရင်း သူ့ကို လည်း အားပေးစကား ပြောရပါသေးတယ်..။ တကယ်တော့ ဖထီးဟာ ဆရာဝန်တွေကို တချိန်လုံး မကျေနပ်ပဲ ရှိခဲ့တာပါ..။ အိမ်မှာလည်း သူ့မိန်းမက နိုင်သလောက် ပြုစုပေးရင်း နောက်ဆုံးရက်တွေကို စောင့်နေခဲ့ကြတာပါ..။ ဖထီးဟာ တခါတရံ သတိ မရတချက် ရ တချက် ဖြစ်နေပြီး လဲကြတဲ့အဆင့်ပါ ရောက်ခဲ့ပါတယ်..။ ဒါပေမယ့် သူက ဆေးရုံကို မသွားချင်ဘူး.. ဆေးရုံကလည်း သေမဲ့လူဆိုရင် ပုံမှန်လောက်ဆို လက်မခံဘူး..(လက်ခံတဲ့နေရာ သီးသန့်ရှိတယ် အိမ်နဲ့ဝေးတော့ဖထီး မနေချင်ဘူး..) အိမ်မှာပဲ လိုအပ်သလို ကုစေတာပဲ..။ မိန်းမကလည်း အလုပ်ကတဖက်ဆိုတော့ အချိန်ပြည့် မလုပ်ပေးနိုင်ဘူး.. မပြုစုတက်ဘူးလေ..။ အနော် ကအရမ်း စိတ်ပူတယ်.. သူ မျက်ကွယ် မှာ တခုခု ဖြစ်သွားမှာကို..။ ဒါပေမယ့် ဖထီးရဲ့ ဆန္ဒလေးတခုက သူ မျက်ကွယ်ပြုသွားရင် သူ့နားမှာ သူချစ်တဲ့ အနော်ကို ရှိစေချင်တာပဲ..။ဒါကြောင့် သူဘယ်ကိုမှ သွားမနေချင်ဘူး..။ ဒါကြောင့် နေသင့်တဲ့နေရာမှာ သွားနေရာမှာကို မနေဘူးရယ်လို့ ဂရုဏာ အပြစ်တင်မိတဲ့ ကျွန်မ စိတ်ထိခိုက်ရပါတယ်..။ သူချစ်တဲ့သူနားမှာပဲ ဘဝကူးချင်တယ်လို့ နားလည်ပေးရပါတယ်..။ ပြောမယ်ဆိုရင် တနေ့ သတိမေ့ပြီး လဲကို ကျသွားတာ မျက်စိရှေ့တင်မှာပဲ.. ပိုးလိုးပက်လန်လန်ရော..ခေါ်လို့လည်းမရတော့ဘူး.. ။ ကျွန်မယောကျာ်းက သူ့ကို ဖြေးဖြေးလေး ပွေ့ဖက်ပြီး အိပ်ယာထဲ ခေါ်သွားပေးရတယ်.. ကျွန်မတို့နဲ့အတူ ရှိနေတဲ့ ကျောင်းဆရာမလည်း မျက်နှာမကောင်း ကျွန်မလည်း စိတ်ထိခိုက်.. အနော်လည်း ခံစားချက်တွေ အပြည့်နဲ့.. ရင်ထဲမှာစို့နေတာ မြင်တာနဲ့သိတယ်..။ ကျွန်မယောက်ျားက စိတ်ရှည်ရှည်ထား..အချိန်ထပ်ယူပြီး ဖထီးကို ဆေးရုံမှာ သွားဖို့ အထပ်ထပ် နားလည်အောင် ပြောတော့ သူ မနက်ဖြန်သွားမယ်ဆိုပြီး သဘောတူလိုက်တယ်..။ ဆရာမလည်းပျော် အနော်လည်းပျော်သွားခဲ့တယ်.. တကယ် သူဆေးရုံသွားနေမယ်ပေါ့..။ အဲလောက် ဖြစ်နေရင်တော့လည်း ဆေးရုံကို မဖြစ်မနေ လိုအပ်တာဆိုတော့ ဆေးရုံကလက်ခံပါတယ်..။ သူ ဆေးရုံ တကယ်သွားတက်တော့ နဲနဲသက်သာသလိုဖြစ်ပြီး အနော်ကို အားမနာပဲ အိမ်မှာ ထမင်း အတင်းလာစားခိုင်းရတယ်..။ ဖထီးအတွက်လည်း ဝက်မြီး တွေ ပြုတ်ပေးတော့ သူကြိုက်လွန်းလို့ ကရင်သဲဝဲဝဲ နဲ့ `ဟဲ့ အေးခိုင်ရယ် ..ငါစားကောင်းလိုက်တာဟယ် ကျေးဇူးတင်တယ်` ဆိုပြီး ထပ်ခါ ပြောနေလို့ ကျွန်မက `ပြောမနေနဲ့ ဖထီးရေ.. အကူအညီ လိုရင်ပြော.. နိုင်သလောက် လုပ်ပေးမယ်.. ဖုန်းလည်း ထပ်မခေါ်နေနဲ့.. ပိုက်ဆံကုန်တယ်`လို့ ပြောခဲ့တာ ကျွန်မနဲ့ သူနဲ့ကြား နောက်ဆုံးစကားပါပဲ..။ ဒီလိုနဲ့ ဖထီး နဲနဲသက်သာပြီး အိမ်ပြန်ဆင်းသွားခဲ့ပြန်တယ်..။ ကျွန်မလည်း သူ့အိမ်ကို မရောက်ဖြစ်ဘူး.. ။

တနေ့ ကျွန်မ အလုပ် လုပ်နေတုန်း ဖထီးတို့နဲ့ ခင်တဲ့ အနော် ဖုန်းခေါ်လာတယ်.. `အေးခိုင်ရေ နင်ဖထီးကို အသက်ရှင်လျှက် တွေ့ရတော့မှာ မဟုတ်ဘူး.. လာခဲ့ပါအုံး ဆေးရုံ နံပါတ် ( ) မှာ `လို့ပြောတာနဲ့ အလုပ်ပြီးတာနဲ့ အပြေးသွားခဲ့ပါတယ်..။ ဟုတ်ပါတယ် ဖထီး အသက်ကို ပိုက်တွေ အကူအညီနဲ့ (စက်) တပ်ပေးထား ရပါတယ်..။ အဲဒီမနက်က ခေါင်းနဲ့ပြုတ်ကျ ရိုက်မိထားတော့ ဦးနှောက်သွေးကြော ပြတ်ကုန်တယ်လို့ ဆရာဝန်စကားကို အနော်တို့က ပြောပြတယ်..။ ပါးစပ်ကတော့ ပွင့်လျှက်နဲ့ ရူးရူးပဲ မြည်နေပြီး ကျန်တာကတော့ ဘာဆေးမှ မချိတ်ပေးတော့ပါဘူး..။ သူ့ရဲ့ နောက်ဆုံး အချိန်ပါပဲ.. ဖထီးက ခရစ် ယာန်ဆိုတော့ သက်ဆိုင်ရာ နော်ဝေး ဘာသာရေးအသင်း က လာ ရွတ်ဖတ်ပေးတယ်.. ကျွန်မလည်း သန်းကောင်လောက်အထိ အနော်နဲ့ နေပေး .. ရောက်တက်ရာရာ တွေပြောနဲ့..။ ဆေးရုံရောက်ပြီး ၃ ရက်ကြာ ကျွန်မ ရောက်သွားတော့လည်း ဖထီး ခြေထောက်လေးတွေ က လှုပ်လာတော့ သူ မသေသေးဘူးလို့ ထင်နေတာပဲ.. အမှန်ကတော့ သေကာနီး ရုန်းကန်နေတာပဲဖြစ်မယ်..။ သူရုန်းကန်တာကိုကြည့်ရင်း ကျွန်မတို့လည်း ဟိုဆက်ပြော ဒီဆက်ပြောနဲ့ လည်ချောင်းက တဂါတ်ဂါတ် တရူးရူးနဲ့ ၂ ချက် ဆင့်မြည်ရင်း မျက်စိ ရှေ့မှာတင် ညသန်းခေါင်လောက်မှာ ဖထီး နောက်ဆုံး အသက်ထွက်သွားခဲ့ပါတယ်..။

ဆေးရုံမှာလည်း ကျွန်မရယ် အနော် ၂ ယောက်နဲ့ မောင်ကျော် တယောက်ပဲ ရှိပါတယ်..။ သမီး ၂ ယောက်လည်း ရောက်လာရော အော်အော်ငိုတော့ ကျွန်မတို့လည်း မခံနိုင်ပဲ ငိုလိုက်ရတာ ပြောမနေပါနဲ့တော့ ..။ ဖထီးဟာ အသက်ထွက်ခါနီး ၂ ပါတ်လောက်အထိက ဆရာဝန်တွေကို မကျေနပ် မှုတွေ အင်မတန်များခဲ့ပါတယ်.. သူ့ကို သတ်တဲ့ တရားခံတွေ အဖြစ်ပေါ့..။ အိမ်ကယောက်ျားက သူ့ကို ဘာသာရေးအရ နားချပြောပါတယ်.. စိတ်မဆိုးဖို့ရယ်.. စိတ်ကို တည်ငြိမ်အောင်ထားပြီး ဖထီး တကယ်ယုံကြည်နေတဲ့ ဘုရားသခင် က ဖထီးအတွက် ကယ်တင်မယ်လို့ စိတ်ကို ဒုံးဒုံးချဖို့ရယ် ဖြစ်ချိန်တန်လာလို့ဆိုတာရယ်ကို ထပ်ခါထပ်ခါ ပြောပေးခဲ့ပါတယ်..။ ဖထီးဟာလည်း တကယ်ပဲ သူ့ဘုရားသခင်ကို ယုံကြည်စွာ ရှိခဲ့ပါတယ်..။ တကယ်လည်း ဖထီးဟာ့  အေးချမ်း စွာ အသက်ထွက်သွားသလို သူ သေရင် သူ့အနားမှာ မိန်းမရှိရင် မျက်စိပိတ်မယ်လို့ ပြောခဲ့တာဟာ မှန်ခဲ့ပါတယ်.. အနားကနေ တဖွားမှာ မခွာခဲ့တဲ့ အနော်လည်း စိတ်ချမ်းသာခဲ့ရပါတယ်..။ အားလုံး ပြီး ဆုံးသွားခဲ့ပါတယ်..။

ဖထီးရဲ့ အလောင်းသယ်တော့ ပျင်းခြောက်ခြောက်နဲ့ ကျွန်မတို့ လူ ၆ ယောက်လောက်ပဲ ရှိတယ်.. အလောင်းကို သချိုင်္င်းကို အရင်ပို့ထားတယ်.. လူမရှိတော့ သူ့မိန်းမတော့ မသိဘူး ကျွန်မ ရင်ထဲမှာ စို့နေတယ်..။ အော် ကိုယ်ရပ် ကိုယ့်ရွာ မှ မဟုတ်ပဲပေါ့..။ အလောင်းကို တပါတ်လောက် နေပြီးမှ မြေမြှပ်တော့ လူတော်တော်များများ လာကြလို့ နဲနဲ ဖြေသိမ့် နိုင်ပါသေးတယ်..။ ကြေကွဲစရာပါပဲ..။ လူတယောက် မသေသင့်ခင်မှာ အလွဲလွဲ အမှားမှားတွေကြောင့် လောကကြီးကနေ စွန့်ခွာသွားရတယ်..။ ဒါပေမယ့် ဖထီး စကားတခွန်း ပြောဖူးတယ် `ငါသေလည်း အေးခိုင်ရေ မိသားစုအတွက် စိတ်ချပါတယ်.. ဒီမှာ အေးဆေးပဲဟာ ` တဲ့..။ ဖထီးကို သူတို့ဘာသာအတိုင်း အုတ်ဂူလေးမှာ မြေမြှပ်သင်းဂြိုလ်ပေးခဲ့ပါတယ်..။ ဖထီးတို့မိသားစုကို ကူညီပေးတဲ့ မြို့နယ်က လူတွေ.. ကို အင်မတန်မှ ကျေးဇူးထင်ထိုက်ပါတယ်..လို့ အဆုံးသတ်ရင်း ဖထီး ကောင်းရာဘဝကို ရောက်ပါစေလို့ ဆုတောင်းရင်း..။ အခုတော့ သူ့အုတ်ဂူလေးမှာ ပန်းလေးတွေ ဆရာမနဲ့ သမီးလေးက စိုက်ထူထားလေရဲ့..။

( ဒီစာကို ရေးတာ အကြောင်းရှိပါတယ်.. အခုရက်ပိုင်းမှာပဲ ဆေးရုံမှာ သေသွားတဲ့ နော်ဝေးဂျင် မိန်းမကြီးဆီကို သူ သေဆုံးပြီး ၃ ပါတ်လောက်ကြာမှ မိသားစု ဆရာဝန်က နေ ရက်ချိန်းပေးတာကို သတင်းစာမှာ ရေးထားပါတယ်..။ ကိုယ့်လူနာ သေသွားတာတောင် မသိတဲ့ အဖြစ်ပါ.. အင်မတန်မှ ကြေကွဲစရာပါ..။ ဒီမှာ ဆရာဝန် နဲ့ ရက်ချိန်းယူဖို့ ၁ ရက်နေ ၄ ပါတ်လောက် အထိ ကြာတက်တာကိုလည်း သတင်းစာတွေက ဝေဖန်နေပါတယ်..။ ဒီက အမတ်လောင်းကို ရက်ချိန်း ၄ ပါတ် စောင့်ခိုင်းရာကနေ သတင်းတွေမှာ အခုလို ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာတာပါ..။ ဒါကြောင့် ဒီက အားနည်းချက်တွေကို လည်း မြန်မာပြည်သားများသိရအောင် ဝေမျှပေးပါတယ်..။ )

ကောင်းရာ ဘုံကို ရောက်ပါစေ ဖထီးရေ..။


မဗေဒါ (၈၈)
၀၄.၀၈.၂၀၁၀

ဆက်ဖတ်ကြည့်ပါဦးနော်....

Wednesday, May 26, 2010

နော်ဝေးအကြောင်း တခုတ်တရဖတ်ကြစို့.. ( ၄ )

ဆောင်းတွင်းမှာ လူအတော်များများ စိတ်ညစ်ရဆုံးကိစ္စကတော့ ရေခဲ ကြီးပဲ မဟုတ်သေးပါဘူး.. နောက်ထပ် ဇာတ်လိုက်ကတော့ ကုတ်အင်္ကျီ နဲ့ အောက်ခံ အဝတ်စားများပါပဲ..။ ဆောင်းတွင်းမှာ တွေ့တဲ့ အဝတ်ကို ကောက်ဆွဲပြီး အပြင်ထွက်လို့ မရပါဘူး.. သေချာ စည်းစနစ်တကျ ဝတ်စားရပါတယ်..။ ဒီလိုပါ..။ ကိုယ်အပေါ်ပိုင်းရဲ့ အောက်ဆုံး အထပ်မှာတော့ အအေးဒဏ်ကို ခံနိုင်တဲ့ သိုးမွေးနဲ့ ယက်လုပ်ထားတဲ့ အဝတ်ကို ဆင်မြန်းရပါတယ်..။ ပြီးမှ ကိုယ်ကြပ်လေးတထည် ဝတ်ရင် ဝတ်.. မဝတ်ရင်တော့ ကိုယ်ကြိုက်တာ ကို ဝတ်ပြီး.. အနွေးထည် တထည် ထပ်ဝတ်..။ သုံးထပ်ရှိသွားပါပြီ..။ နောက်ဆုံးမှ အပေါ်က နေ `ကုတ်` ဝတ်ရပါတယ်.. အောက်မှာကတော့လည်း အဲလိုပဲ သိုးမွေးတထည် ဝတ်ရတယ်.. ပြီးရင် ဘောင်းဘီ ထူထူတထည်ပေါ့..။

နောက် ဖိနပ်ကတော့ ဆောင်းတွင်း ဖိနပ် ဝတ်ရပါတယ်.. ဆောင်းတွင်းဖိနိပ်တွေကတော့ အနောက်တိုင်းက လယ်သမားအကြမ်းစီးတဲ့ ဖိနပ်လိုပဲ..။ ဗမာပြည်မှာ အဆိုတော်မတွေ တခါတခါ ဝတ်တက်တဲ့ အရှည်တွေပေါ့.. (စကားမစပ် .. မြန်မာ အဆိုတော်တွေ ဒီလောက်ပူတာ ဘာလို့ စတိတ်ပေါ်မှာ အဲသလို ဖိနပ်ဝတ်သလဲဆိုတာ တွေးမိနေတက်သေးတယ်..။ ) ပြီးရင် ခေါင်းကလေးကို အအေးဒဏ်ခံနိုင်အောင် နားလေးပါ ဖုံးအောင် ဦးထုပ် ဝတ်ဆင်ရပါတယ်..။ အမျိုးသမီး ရော ကလေးတွေ အကုန်လုံး သုံးတက်ကြပါတယ်..။ ဒါပေမဲ့ အမျိုးသား တွေကတော့ ပိုဆောင်းတာ သတိပြုမိပါတယ်..။ အမျိုးသမီးတွေ အများစုကတော့ ခေါင်းထက် လည်ပင်း ကနေပတ်တဲ့ လည်စီးလေးကို အမျိုးမျိုး အသုံးပြုပါတယ်..။ အလှပြချင်တာလေးလည်း ပါမယ်ထင်ပါရဲ့ ..။

နောက်တခု အခက်အခဲကတော့ ကျွန်မတို့လို ရောက်ကာစတွေက မသိတော့ အချမ်းသက်သာအောင် တွေ့တဲ့ အနွေးထည်တွေဝယ်.. အထပ်ထပ်ဝတ်တော့ ကြည့်ရတာ အာကသ တက်မဲ့ လူတွေလည်း ဖုဖောင်းပွထ နေလေရဲ့.. ။ ကြည့်ရတာ မျက်စိပသာဒ မဖြစ်တဲ့အပြင် ရူပ်ယှက်ခပ်နေတက်ပါတယ်..။ နောက် အဝယ်မတက် အဝတ်မတက်ရင်လည်း ကြည့်ရတာ ညုဉ်းဆိုးဆိုးနဲ့ ဆင်းရဲသားတွေနဲ့ တူပါတယ်..။ ( ဒီမှာတော့ နိုင်ငံခြား သားတွေက အဝတ်အစား ညစ်နေရင် အထင်သေး အမြင်သေး ရှိသလို သိပ်တောက်ပြောင်နေ ပြီး စိန်ရွေ တွေ ပန်ထားပြန်ရင်လည်း မြင်ပြင်းကတ် ကြပြန်ပါတယ်..။) နော်ဝေး အစစ်လို့ ပြောလို့ရတဲ့ ဒီနိုင်ငံသား အဖြူတွေ ဒီမှာမွေးကြီးတဲ့ သူတွေကတော့ အဝတ်ထူထူတွေ နိုင်ငံခြားသားတွေလောက် မဝတ်ကြ ဘူး..အအေးဒဏ်လည်း အတိုင်းအတာ တခုထိ ခံနိုင်ကြတာပေါ့ .. ကျွန်မတို့ အီကွေတာ နီးတဲ့ နိုင်ငံသားများ ..အပူဒဏ်ခံနိုင်သလိုပေါ့..။

သူတို့က ငယ်ငယ်ကလေးကတည်းက သင်လာရတော့ ဘယ်လို ဝတ်စား ဆင်ယင်ရ မယ်ဆိုတာ သိနေတယ်..။ ဒီတော့ ကြည့်ရတာ စနစ်ကျနေတာပဲ.. နောက် သူတို့က ကိုယ်ပိုင်ကားတွေနဲ့ သွားကြလာကြတာဆိုတော့ တော်ရုံအေးရင် တော်ရုံပဲ ဝတ်စားထားကြတာမျိုးပါ..။ ကျွန်မတို့သာ အေးတာကိုကြောက်ပြီး အာကသမှူး လုပ်နေကြတာ များပါတယ်..။ ပြီးရင်လည်း အဲဒီဝတ်စုံတွေနဲ့ ကားအမှီပြေးရ .. လမ်းလျောက်ရနဲ့ အင်မတန်မှ ပင်ပန်းလှပါတယ်.. ။ အပေါ်က ဝတ်ရုံအတွက်လည်း သယ်ပိုးရ အောက်မှာလည်း ချောတာကို ထိမ်းရ နဲ့ ဆောင်းရာသီ ဟာ စိတ်ရော လူရော အင်မတန် စိတ်ညစ်ရတယ်လို့ ပြောရင် ရနိုင်ပါတယ်..။

နော်ဝေးနိုင်ငံက ကမ္ဘာကြီးရဲ့ မြောက်အစွန်းဆုံးထိပ်ပိုင်း ဝန်ရိုးစွန်းနဲ့ နီးနေတာကြောင့် သိပ်ကိုအေးပါတယ်၊၊ အိမ်နီးချင်းနိုင်ငံတွေထက် ပိုအေးတယ်၊၊ အိမ်နီးချင်းဆွီဒင်နိုင်ငံက မိုင်းနပ်စ် ၅ ဆိုရင် ဒီမှာက မိုင်းနပ်စ် ၁၂ လောက်ဖြစ်နေတာမျိုးတွေလည်း ရှိပါတယ်၊၊ အေးတာက သိပ်ကြမ်းလွန်းတော့ ကျမတို့လို လူသစ်တွေအတွက် ရောက်ကာစမှာ မကြာခဏဆိုသလို ဖျားနာတက်ကြပါတယ်၊၊ ကျမတို့ ရောက်ကာစက သားက (၂)နှစ်ပဲ ရှိသေးတာကြောင့် ရာသီဥတုဒဏ်ကို မခံနိုင်တာကြောင့် ခဏခဏ ဖျားနာပါတယ်၊၊ နှာရည်တွေကလည်း တချိန်လုံးထွက်နေတက်ပါတယ်၊၊ ကျောင်းမှာကလေးတယောက်က ချောင်းဆိုးနှာဆေးပြီဆိုရင် အကုန်လုံးကူး တာကြောင့် အရမ်းစိတ်ညစ်ရပါတယ်၊၊ ဆောင်းတွင်းမှာ ကလေးတွေအတွက် စိတ်ပူရတာကတော့ အင်မတန် များပါတယ်၊၊

တခြားရာသီမှာက သိပ်ပြဿနာမရှိပေမဲ့ ဆောင်းရာသီမှာတော့ အပြင်ထွက်ရင် အင်မတန်မှ သတိထားရပါတယ်၊၊ ကလေးငယ်ရင်ပိုဆိုးပါတယ်၊၊ ကလေးကို နွေးထွေးအောင်ခေါင်းကနေ ခြေထောက်အထိ လုံအောင် မုန့်ဖက်ထုပ်လို စည်းကြပ်နေအောင် အကုန်လုံးထုတ်ရပါတယ်၊၊ နွေးပေ့ဆိုတဲ့ သိုးမွေးတွေကို ကလေးတွေကို ဝတ်ဆင်ပေးရပါတယ်၊၊ သိုးမွေးကနွေးသလို ဈေးကြီးပါတယ်၊၊ ကျွန်မဆို သားအတွက် ရောက်ကာစမှာ အစုံအများကြီး မဝယ်ပေးနိုင်ပါဘူး၊ (အခုတော့ နဲနဲတော်သွားပါပြီ.. သိလာတာလည်းပါပါ တယ်..။) ကလေး နှစ်နှစ်နဲ့ ဆယ်နှစ်လောက်ကြားဆိုရင်တော့ တကိုယ်လုံးစွတ်လို့ရတဲ့ နွေးတဲ့အဝတ်ကို ဝတ်ပြီး အပြင်ထွက်ဆော့ရပါတယ်၊၊ လက်မှာကျတော့ နွေးတဲ့လက်အိတ်ကိုစွပ်ရပါတယ်၊ ခြေထောက်လုံခြုံဖို့ ကြတော့ ဖိနပ်ကိုအထဲမှာအနွေးပါတဲ့ ဖိနပ်မျိုးကို ရွေးဝယ်ရပါတယ်၊၊ ပြီးမှအပြင်မှာထွက်ဆော့ရပါတယ်၊၊

ဒီမှာက မူလတန်းကျောင်းကနေ အထက်တန်း ကျောင်းအထိ အပြင်မှာမဖြစ်မနေ ထွက်ပြီးဆော့ရတာမျိုး လမ်းလျှောက် ခရီးသွားတဲ့ အလေ့အထမျိုးတွေ လုပ်ထားပါတယ်၊ ဒါကြောင့်ကလေးတွေအပြင်ထွက်ရင် ရေဗူး ( ရာသီအလိုက် အပူ.. အအေးဗူး ) ပါရသလို ဖင်ခုထိုင်လို့ ရတဲ့ ရော်ဖာဖိုင်ပြား လေးလည်း ပါမှရပါတယ်..။ ကျောင်းတွေက အပြင်ထွက်ကို ထွက်တဲ့အလေ့အကျင့် လုပ်ပေမဲ့လည်း ကလေးတွေ အဖျားအနာ အဖြစ်များလို့.. မိဘတွေကလည်း အမျိုးမျိုး ဆွေးနွေးတာတွေလည်း ရှိပါတယ်..။ ကလေးတွေကို ဆရာမတွေက တောထဲခေါ် သွားမယ်၊ သဘာဝအကြောင်း သင်ကြားပေးမယ်၊ ဘယ်လိုထိန်းသိမ်း မလဲဆိုတာကို ပြောပြမယ်၊ လက်တွေ့ ကျကျသင်ကြားနည်းတခုပဲပေါ့၊ ဆောင်းရာသီ ရောက်လို့ အပြောင်းအလဲ လုပ်ရတဲ့အထဲမှာ လူတွေကြီးပဲ မဟုတ်ဘူး၊ ကားတွေလည်းပါတယ်၊ ကားတွေကို ဘီးလည်းရတယ်၊ နို့မိုဆိုရင် လမ်းချော်တော့ ကားတွေကို နွေရာသီမှာမောင်းသလိုမျိုးမောင်းလို့ မရပါတူး…။


ဆက်ပါဦးမည်..။

မဗေဒါ
၂၆.၀၅.၂၀၁၀

ဆက်ဖတ်ကြည့်ပါဦးနော်....

Wednesday, May 19, 2010

ကျွန်မတို့ အတုယူရမည်..


ဒီစာလေးကို ရေးဖြစ်တာ ဟိုတနေ့က နော်ဝေးရဲ့ အမျိုးသားနေ့ ( မေ.. ၁၇) မှာ သွားဗျူးခဲ့တာလေးကြောင့်ပါ..။ ဗျူးတဲ့ထဲကမှ ကလေးအခွင့်အရေး အကြောင်းလေးကို မေးထားတာပါ..။ ဘာတွေ ဒီနိုင်ငံမှာ ကောင်းသလဲတဲ့.. အရပ်စကားနဲ့ပဲ ဖြေဖို့လိုတာပါ.. ကြီးကြီးကျယ်ကျယ်တွေ ပြောစရာမလိုဘူး.. ကိုယ်သိတာ.. ကိုယ်မြင်တာ ပဲပေါ့..။ မဗေဒါ လည်း ကိုယ်သိတာ ရင်ထဲ ရှိတာလေးတွေ ဖြေခဲ့ တာကို အကျယ် ပြန်တင်ပြချင်ပါ၏..။

ဒီနိုင်ငံမှာ နေရတာ ကျွန်မတို့လို အသက်ကြီးတဲ့ လူတွေ အတွက်သာ မကောင်းရှိရမယ် ..(မကောင်းဆိုတာ ကလည်း ကိုယ့်လောဘနဲ့ကိုယ်မို့…။ )ကလေးများအတွက်တော့ အထူးကောင်း၏ လို့ဆိုရမှာပါ..။ ရှေးက တော်ခဲ့ကြတဲ့ ကျေးဇူးကြီးမားလှတဲ့ တိုင်းပြည်ရဲ့ ခေါင်းဆောင် (လယ်သမား.. အလုပ်သမား..) များကြောင့် .... ကမ္ဘာပေါ်မှာ အကောင်းဆုံး ထိပ်တန်းက ပြေးနေတဲ့ နော်ဝေးရဲ့ လူမှုဖူလုံရေး စနစ် (အဲဒီထဲမှာမှ ကလေးအခွင့်အရေး) ရယ် ကြောင့် . ကလေးတွေအတွက် မပူရ မပင်ရအောင်ကို ရှိလှပါတယ်..။

အထောက်အပံ့ကိစ္စလို့ဆိုပါက ကလေးတိုင်း (၁၈) နှစ် မပြည့်မချင်း အထောက်အပံ့တွေ ရတာလောက်ကို ပြေးမြင်မှာပါ..။ ပြောမယ်ဆိုရင် မဗေဒါ လုံးဝ စိတ်မဝင်စားပါ.. ။ ရတာကလည်းရသလို ပြန်ကုန်မှာတွေက တန်းစီပြီး စောင့်နေသား..။ သူ့ငွေကလည်း သူဟာနဲ့သူ တကယ် သုံးမယ်ဆိုရင် ကလေးအတွက် လောက်တောင် မလောက်ပါဘူး..(ဒါနေရာတိုင်း ဖြစ်နေကြ သမရိုးကျ သဘောသဘာဝ) ။ နောက်တခု ငွေဆိုတာက အချိန်မရွေး ရှာနိုင်တာမို့ ငွေထောက်ပံ့မှု ကို စိတ်မဝင်စားခြင်းပါ..ဟု မြည်ကြွေးခြင်းသာ။ ထားပါတော့.. မဗေဒါ ဖိုးကပ်စ (ပြောချင်) သည်မှာက `ငွေ` အကြောင်း မဟုတ်ပါ..။ ကလေးတွေကို ပြုစုပျိုး ထောင်မှုပါ..။

ကလေးတွေက အသက် (၁) နှစ်လောက်မှာ စပြီး ကျောင်းသွားနေရပါပြီ.. မူကြိုကျောင်းကို စပို့လိုက်ကတည်းက ကလေးတွေဟာ တစိမ်း လူကြီးများရဲ့.. အုပ်ထိမ်းမှုအောက်ကို ရောက်သွားပါတယ်..။ အဲဒီအခါမှာ ကလေးတွေက တခြားကလေးတွေရဲ့ အမူအကျင့်တွေကို ပေါင်းစုံကြုံရပါတယ်..။ အထူးသဖြင့် တယောက်တည်းသော ကလေးများအကြောင်း က ပိုစိတ်ဝင်စားဖို့ကောင်းပါတယ်..။ တယောက်သမားဆိုတော့ ထုံးစံလို့ ပြောရမှာကတော့ အလိုလိုက်ခံရသေးသည့်အတွက် အတ္တနဲနဲပိုနေသလို ဖြစ်တက်ခြင်းပါပဲ..။

ဥပမာ .. ကစားစရာ ဆိုရင် သူပဲဆော့မယ်.. ကစားမယ်.. မောင်ပိုင် စီးမယ် ဆိုတာမျိုးပါ..။ (မောင်နှမ ရှိသူများလည်း အဲလိုစိတ်မျိုး ရှိတက်ပါတယ်..။) သူများကို မဝေခွဲလိုဘူးပေါ့..။ အဲဒီအခါမှာ ကလေးတွေကို ကျောင်းကနေ ရင်ထဲ နှလုံးသားထဲ … ဦးနှောက်ထဲရော ရောက်အောင် သင်ပေးလိုက်တာက အဲလို လုပ်မရပါ.. အားလုံးပိုင်သည့် ပစ္စည်းမို့ အတူတူ ကစားရမည်.. သို့မဟုတ် အလှည့် စောင့်ရမည် ဖြစ်ပါသည်..။ ကလေးက မရ မက ငိုနေပါကလည်း သဘောတရားနဲ့ ပြော၍ ရရင်ရ မရပါက မသိမသာ ပစ်ထားခြင်းမျိုး .. အချိန်ယူ၍ နားလည်အောင် လုပ်ပေးခြင်းမျိုး များဖြင့် စိတ်ဓာတ်ကို မြှင့်တင်ပေးပါသည်..။ ( ချီးကျူးစရာ ကောင်းသည်မှာကား ဆရာဝန်သားသမီးမို့… ကျောင်းဆရာ သားသမီးမို့ ဆိုကာ မည်သူ့ကိုမျှ ဘက်လိုက်၍ ဆုံးမခြင်းမျိုးသည် မရှိသလောက်ပင်…။ ) ဘက်လိုက်ခြင်းမျိုး.. မဟုတ်တန်းတရား ပြောဆို ကြိမ်းမောင်းသည့် အပြုအမူ ပြုလုပ်ခြင်းမျိုးကိုလည်း ကျောင်းတွင်လုံးဝ လက်မခံသလို.. မဖြစ်အောင် အထူးကြီးကြပ် ပါသည်..။အဲဒီအတွက်လည်း ဆရာ များ ပညာသင်ကြားကတည်းက အထူး လေ့ကျင့်သင်ကြားခဲ့ကြရသည့် သဘောများဖြစ်ပါသည်..။ ကျောင်းအုပ်ဆိုသူများကလည်း ထိုကိစ္စများကို အထူးလေ့လာ အကဲခတ်ပါသည်.. မှားနေသည် ဟု ယူဆရပါက အချိန်မရွေး ဆွေးနွေးနိုင်ပါသည်..။ ( သားအတွက်ကြုံဖူးသည်..အခွင့်အရေး ကိစ္စနှင့် တိုက်ရိုက်မဆိုင် သော်လည်း ကိုယ့်သဘော ကိုယ်ဆောင် လုပ်လိုက်သည့်အတွက် ချဲဖူးသည်.. ငြိမ်သွားသည်.. နောင် မှာရင်မှာတဲ့အတိုင်း လုပ်ပေးသည်.. ကိုယ့်ကို ခေါင်းမဲဆို၍ တွယ်လို့မရ.. ဥပဒေ.. စည်းမျဉ်းများက ကိုယ့်ဘက်မှာ အစဉ်ရှိသည်..။ ) ဆိုလိုချင်သည်ကို ကလေးတိုင်းအတွက် မှန်ကန်သော အသိစိတ်ဓာတ်ကို ထည့်သွင်းလိုက်ခြင်းဖြစ်သည်..။ ဘာမှားနေလဲ.. မတရားဘူးလား ပြောရဲရမည်.. ပြောအောင်လည်း ဖန်တီးလမ်းဖွင့် ပေးထားသည်..(ရှေ့တမျိုး နောက်တမျိုး ဖြစ်မနေ) နောက် စည်းမျဉ်းစည်းကမ်းနှင့် စကားပြောသည်.. မလိုအပ်သည့် ဘေးထွက်စကား ( ခေါင်းမဲခြင်း.. ဖြူခြင်း ..ဆင်းရဲ ..ချမ်းသာ.. မုဆိုးမ.. မုဆိုးဖို ဟူသော ပေတံ နှင့် မတိုင်းတာ..)။

နောက် ဥပမာ တခုကား .. ရိုက်ခြင်း.. လုံးဝ လုံးဝ ခွင့်မပြုပါ..။ တွန်းခြင်း တိုက်ခြင်း အစရှိတဲ့ ကိုယ်ခန္ဓာကို နာကျင်အောင် ပြုသည့် အပြုအမူမျိုးကို လုံးဝဥဿုံ လက်မခံပါ..။ ချက်ချင်း ဖြေရှင်းသည်.. လုပ်မရ ခွင့်မပြုဆိုသည်ကို နေ့စဉ်နေ့တိုင်း ကလေးထိန်းကျောင်းတွင် ငယ်စဉ်အခါကတည်းက သွတ်သွင်းပေး လိုက်သည်..။.. လုပ်လို့ မရဟူသော အသိကို ထပ်ခါထပ်ခါ ပြောနေမည်..။ ထိုကြောင့် လုပ်သူရော မလုပ်သူရော အားလုံးကြားရသည်.. ရိုက်ပုတ်၍ မရ.. ဟု တဖွဖွ ပြောနေသည်..။ ပြုလုပ်ခဲ့လျှင် အသက်ကြီးသူ ဆိုပါကလည်း ထိုက်တန်သည့် အပြစ်ပေးမည်( ဥပမာ.. တယောက်တည်း ထိုင်ခိုင်ထားခြင်းမျိုး သို့မဟုတ်.. မိဘကို ပြောမည်.. အစရှိသဖြင့်)..။ နာကြင်အောင် တယောက်နှင့် တယောက် လုပ်ခြင်းကို လုံးဝ ဟန့်တားသည် ဆိုသည်ကို နော်ဝေးလူ့အဖွဲ့အစည်းတွင် ငယ်စဉ်ကတည်းက သေချာ သင်ကြားခဲ့ရသည်..ဟု ပြော၍ ရနိုင်ပါသည်..။

နောက်ဆုံးအချက် ပြောချင်သည်မှာကား မြန်မာများ အင်မတန် နှစ်သက်သည့် `တောက် `ခတ် ခြင်းဖြစ်ပါသည်..။ သူများတော့ မသိ ကျွန်မ အထင်ပြောရလျှင် တောက် ခတ်ခြင်းသည် ခြောက်ခြင်း လန့်အောင် အစပျိုးခြင်း ဟု သဘောပေါက်ပါသည်..။ နောက်တနည်းဆိုသော် တောက် ခတ်သူတွင် လုပ်ပိုင်ခွင့် အာဏာ ပိုင်ဆိုင်ဟန်ကို ပြနေသည့် အထက်လူလိုမျိုး ပုံပေါ်ပါသည်..။ ထိုကြောင့် ကလေးများကို ယင်းအပြုအမူဖြင့် ခြောက်လန့်ခြင်းမျိုး ကိုလည်း လုံးဝဥဿုံ ခွင့်မပြုပါ..။ ကလေးများကို အော်လျှင်ပင် အတော်လေး လွန်နေသည်ဟု သတ်မှတ်နိုင်ပါသည်..။ သို့သော် အော်မှ ကြားမည့်အတွက် အော်ခြင်းကိုတော့ ပြုကြပါသည်..။

အဆုံးသတ် ဆိုရမည်ဆိုသော် ကလေးများသည် ငယ်စဉ်ကတည်းက လူ့အဖွဲ့အစည်းက ခွင့်မပြုဆိုသည့် အမူအရာ.. အကျင့်စရိုက်ဆိုးးများကို သေချာစွာသွန်သင်ပေးလိုက်သည့်အတွက် ကလေးအတော်များများက မှားနေသည့် အပြုအမူဆိုလျှင် လုပ်ဖို့ရန် ဝန်လေးသည်ကို တွေ့နိုင်သည်..။ တနည်းဆိုသော် ( ကိုယ့်အခွင့်အရေးကို ကာကွယ်တက်ရသလို သူများအခွင့်အရေး စော်ကား၍မရ)ကိုယ့်အခွင့်အရေးကဘာ သူ့အခွင့်အရေးကဘာ ဆိုသည်ကို သိကြသည်ဟု ပုံဖော်နိုင်ပါသည်..။ ထိုကြောင့် အပြစ် လုပ်မိပြီဆိုရင်လည်း အင်မတန်ကြောက်ကြသလို လုပ်သူကိုလည်း နောင် မလုပ်အောင် တိုင်တန်းသည်မှာ ဓမ္မတာ..။ ဒါကြောင့် ကျွန်မတို့လို အတွေးအခေါ်မှန် များ အားနည်းခဲ့ကြသည့် သူများ အင်မတန် အတုယူသင့်သည် ဆိုသည်ကို တင်ပြရင်း နားပါဦးမည်..။ ( ကလေးမရှိသူများလည်း ခံစားနိုင်ကြပါစေလို့ ဆနပြုရင်း ..)

မဗေဒါ

၂၀.၀၅.၂၀၁၀

ဆက်ဖတ်ကြည့်ပါဦးနော်....

မတူတဲ့ အမြင် အယူအဆ ..


မြန်မာပြည်မှာ နေစဉ်တုန်းကရော.. နယ်စပ် မှာ နေစဉ်ကတည်းက ဖတ်ခဲ့ရသည့် ( ပြည်ပ) စာပေများသည် သာသာပြန်များသာ..။ ကိုယ်က ဗိုလ်လို မတက်သည့်အတွက် ဆရာကောင်းများ၏ စာပေများကို ဆည်းပူးရင်း အော် ဒီလို တော်ပါလား.. ဒါတွေ ဖြစ်နေတာလားဟု မှတ်သားရသလို.. အားကျလေးစား ခဲ့ရပါသည်..။ မှတ်မိ သလောက်တော့ ရုရှစာပေများကို အထိအတွေ့များခဲ့ပါသည်..။ သူတို့လူမျိုးများ၏ စရိုက်နှင့် ပတ်ဝန်းကျင် အခြေအနေများကို လေ့လာခွင့် အနည်းငယ် ရရှိပါသည်..။ ရုရုမှာလည်း တကယ့် စာပေဆရာကြီးများ ပေါ်ထွန်းခဲ့သေး သည်မလား..။ ရုရှမှာ အခုလည်း ရှိဆဲဟု ရုရှအသိများက ဆိုပါသည်.. သို့သော်ပေါ့လေ.. သိတဲ့အတိုင်းပါပဲ.. စာပေလွတ်လပ်ခွင့် သည် အကြီးအကျယ် ဖောက်ဖျက် ခံနေရတုန်းပင်..။ မြန်မာပြည်နှင့် တူနေမလားပဲ..။ (ဘာကြောင့်မှန်းမသိ ငယ်ငယ်တုန်းက ဆိုဗီယက်ပြန် ဆိုတာကိုက အထင်ကြီးစရာ ဖြစ်ခဲ့သည်ကို ကြုံတုန်း ပြောလိုက်ချင်သေး ..။)
ဘာသာပြန်စာများကို ဖတ်ရင်း ဝတ္တုတပုဒ်ခုအပေါ် အယူကွဲပုံကို သွားတွေ့ပါသည်..။ နော်ဝေး နိုင်ငံရောက်ပြီး (၁၃) တန်း မှာ သင်ရသည့် သင်ရိုးညွန်းတမ်းစာအုပ်ကပါ.။ ပြဌာန်းစာအုပ်ထဲက ဝထ္တုတပုဒ် ပေါ့ ...။ ယင်းဝတ္တုကို ဖတ်ပြီးသည့်အခါ တနေရာရာတွင် ဖတ်ခဲ့သည်ဟု အထင်ရောက်နေပါသည်..။ ရှိသမျှ စာအုပ်တွေ အပြန်ပြန် အလှန်လှန်ရှာရင်း တွေ့သွားပါသည်..။ တကယ် ဖတ်ဖူးခဲ့သည်. မှာ သေချာသွားပါပြီ.။ အားလုံး ကွက်တိပါ..။ ဝမ်းသာသွားသည်..။ ကိုယ်ထင်တာနဲ့ ကွက်တိ ဝင်သွားလို့..။ မူရင်းကို ဖတ်ရသည့်အတွက် အတိုင်းမသိ ဝမ်းသာသွားခြင်းမျိုး.။ ဆရာဇော်ဂျီ ဘာသာပြန် ထားခြင်း ဖြစ်ပါသည်..။ အတန်းထဲက ဆရာမ ကိုလည်း ပြောမိပါသည် .။ ငါတို့ဘာသာနဲ့ အဲဒီ ဝတ္တုကို ပြန်ဆိုထားကြောင်းပေါ့..။ သာသာသင်ကြားသူ တယောက် အနေနဲ့ သူလည်း ကြည်နူးသွားတာပေါ့..။

ဝတ္တုအမည်က `ဖခင်` လို့ ဗမာလို ပြန်တယ်.. အင်္ဂလိပ်လိုတော့ ( Father) .. မူရင်း ဘာသာကတော့ ` Faderen ` လို့ ဆိုတယ်..။ ဆိုလိုချင်တာက တိုက်ရိုက် ဘာသာပြန်ချင်း မဟုတ်ပဲ တဆင့်ထပ်ခံ ရသည့်အပေါ် ဖြစ်လာသည့် ပြန်ဆိုမှုအကြောင်းကြောင့်လား မဆိုနိုင် လူတွေက အမြင်တွေ ကွဲနေတာလားလို့ စဉ်းစားမိပါတယ်..(ဟုတ်ချင်မှလည်း ဟုတ်မှာပါ..)။ ခေါင်းစဉ်ရဲ့ အနှစ်သာရကတော့ အတူတူပဲ..။ ဒါပေမဲ့ ပါတဲ့ စာသားတွေကို ခံစားတဲ့ နေရာမှာ အမြင်တွေမတူကြဘူး..။ ပို ကွဲတယ်လို့ ဖြစ်စေတာကတော့ ကျောင်းသားတွေရဲ့ အမြင် ( ကျောင်းသားအများစုကလည်း နိုင်ငံခြားသားများ) ဖြစ်ပါတယ်..။ ကျောင်းသားတွေ ပြောတာကတော့ ဖခင်ဟာ အင်မတန်မှ လောဘကြီး အတ္တကြီးတယ်လို့ သုံးသပ်ပါတယ်..။ ဆရာမလည်း အဲလိုပဲ မြင်တယ်လို့ ဆိုပါတယ်..။ ဒါပေမဲ့လည်း မြန်မာလို ပြန်ထားရာမှာတော့ ဖခင်က တကယ့် မေတ္တာရင်းကို သားအပေါ်ကို ပြခဲ့သူ လို့ ဖခင်ရဲ့ အတ္တ ကြီးပုံကို အကောင်းဘက်ကနေ တင်ပြထားတာပါ..။ တကယ့်မူရင်းမှာလည်း ဖတ်ရသလောက်ကတော့ တကယ်ကိုပဲ လုံးလုံးအယူမှားနေတဲ့ ဖခင် တယောက် ဖြစ်တယ်လို့တော့ သတ်မှတ်လို့ မရဘူးလို့ ဆဝါးမိပါတယ်..။ ဒါပေမဲ့ (၁၈) နှစ်အရွယ်ကလေးအများစုကရော နိုင်ငံခြားသား အသက်ကြီးသူ အတော်များများကတော့ လောဘကြီးတဲ့ ဖခင်ဖြစ်တယ်လို့ သတ်မှတ်နေပါတယ်..။ သုံးသပ်ပါတယ်..။

အမြင်မတူတာလေးကို ရေးခြင်းပါ..။ နော်ဝေးရောက် အဆင့်မြင့် အထက်တန်း ပညာသင်ကြားနေတဲ့ ကလေးတွေနဲ့ … မကြီးမငယ်နဲ့ ကိုယ့်လို စာရူးပေရူးတွေ ဖတ်ချင်တယ် ဆိုရင်ဖြင့် ဝိုင်းဖတ် ဝေဖန်ကြတာပေါ့ .. စိတ်ဝင်စားခဲ့သည် ရှိသော်..။


နော်ဝေးမှ ဘဝတူများ .. မူရင်းကို ဖတ်ချင်စိတ်ပေါက်လာပါက … ( ISBN..82-02-17160-1 ) မှာ ဖတ်နိုင်ပါတယ်..။
ဇော်ဂျီရဲ့ မိုးကြယ်မို့လား နှင့် အခြားဝတ္တုတိုများမှာ `ဖခင်` ကို ရှာဖတ်နိုင်ပါသည်..။
ဗိုလ်လို ဖတ်သူများက နီးစပ်ရာ စာကြည့်တိုက်မှာ ( Bjørnstjerne Bjørnson ).. 1932- 1910) Father ကို ရှာဖွေနိုင်ပါတယ်..။ ပြောမယ်ဆိုရင် ဒီနော်ဝေး စာရေးဆရာက နာမည်ကြီးပါ.. ဒီနိုင်ငံရဲ့ အမျိုးသားနေ့ သီချင်းကို ရေးခဲ့သူပါ..။ ကဲ..ဖတ်ပြီးလို့ စိတ်ဝင်စားရင် ဆွေးနွေးကြတာပေါ့ရှင်...။

( စကားချပ်.. စာသင်ဖူးကတည်းက ပြောချင်နေတာ.. ဘလော့က်ရေးမှ ပြောဖြစ်သွားတယ်.. နီးစပ်ရာ အသိတွေနဲ့တော့ ဆွေးနွေးဖူးတယ်.. အမြင်တူတာလေးတွေ ရှိနေတယ်.. ။ အိမ်က သမီးကတော့ မိဘရဲ့မေတ္တာဓာတ်လို့ အကောင်းဘက်ကို မြင်ပါတယ်တဲ့...။ )


မဗေဒါ
၁၉.၀၅.၂၀၁၀

ဆက်ဖတ်ကြည့်ပါဦးနော်....

Monday, May 10, 2010

စိတ်အဟာရကို ပုံစံတမျိုးနဲ့ ဖြည့်နေတဲ့ မဗေဒါ…..


ဆရာ ဖေမြင့်ရေးတဲ့ စာအုပ်မဟုတ်ပါ.. မဗေဒါရေးတဲ့ လက်တွေ့အဟာရပါ..။ ရင်းနှီးသူ အများစုကို ဒီမှာနေရတာ မပျော်ပါဘူး ဟု ဆိုသည့်အခါ ရယ်ကြပေသည်..။ ကျွန်မကိုကြည့်ပြီး မပျော်ဘူး ဟု အထင် မရောက်သည့်ထဲတွင် သာမန်လူမဟုတ် ဘုန်းဘုန်းပင် ပါလိုက်သေးသည်..။ ဖြစ်တော့လည်း ဖြစ်ပေမပေါ့.. အပေါ်ယံကြည့်ပြီး ဆုံးဖြတ်ကျတာ ဖြစ်မည်..။ နောက် ပျော်အောင် ကြံဖန်နေတက်သည့် အကျင့်ကောင်းလေးကို မသိတာလည်း ဖြစ်နိုင်ပါသည်..။ ကျွန်မက လူတွေဆီကို အလည်သွားသည်.. နောက် များများ နားထောင်သည်.. များများပြောသည် (အခု ပိုနားထောင်တက်တဲ့ အကျင့်နဲနဲရလာပြီ) ရယ်မောသည်.. ။ ကိုယ် သိသည်ထိလျင် ဝင်တွယ်လိုက်သည်..။ အကောင်းဆုံးနဲ့ အားကောင်းတဲ့ အကျင့်ကလေးကတော့ အင်မတန်မှ ရယ်စရာကို ကြံဖန် တွေးတက်သလို အရယ် အင်မတန်သန်သည့် အတွက် ကျွန်မနော်ဝေးမှာ မပျော်ဆိုသည် ကို မချေပနိုင် သည့် အမူအရာ ပင်ဖြစ်နေပါသည်..။

တချို့တွေကတော့ သူများအိမ်မသွားဘူး မလည်ဘူး.. ဘာညာပြောကြပါသည်..။ မဗေဒါကတော့ဖြစ် ပြောင်းပြန်ပါ..။ သွားလည်မည်..(လည်လားမလည်လား ဆွီဒင်ကို ရောက်တာ အကြိမ်ပေါင်းမနည်းတော့.. ဟိုမှာကလည်း အကြောင်းသိ အစင်းသိသူတွေ ရှိ.. သိဆို ၁၆ နှစ်လောက် အတူတူ ရန်ဖြစ်ခဲ့.. ချစ်ခဲ့ရသူ တွေပေါ့) ။ သွားမည်..ပြီးတော့ မြင်တာတွေပြောမည်.. သူများကို ဘယ်တော့မှ နင်ပဲငဆ တော့ မပြောမိအောင် ကျိုးစားနေသူ....။ နောက် သိချင်တာတွေကို မေးချင်သည်..။ ဒါပါပဲ.. အရေးကြီး ဆုံးကတော့ ကျွန်မတို့တွေ သည် မြန်မာပြည်သားများမို့ မြန်မာလို အားရပါးရ ပြော၍ ရယ်စရာဆိုရင် ရယ်မည် အံ့သြစရာဆိုရင် လည်း နားထောင်လိုက်ချင်ပါသည်..။ နော်ဝေးမှာလည်း အံ့သြစရာတွေ အမြဲတမ်းရှိတာ ဆိုတော့ မဗေဒါတို့ မသိလိုက်တာတွေကို သူများပြောရင် `ဟုတ်လား` လိုက်ရသည်မှာ အကြိမ်ပေါင်းမနည်းတော့..။ (ဟိုတလောကပဲ နော်ဝေးအမျိုးသမီးတယောက် ဗိုက်ထဲမှာ ခွဲစိတ်တုန်း ကိုက်ကြေး ကျန်ခဲ့တာ (၆) နှစ်အကြာမှ သိရလို့ တအံ့တသြော်ဖြစ်ခဲ့ရပသေး.. မြန်မာပြည်မှာ သွားတွေ အများကြီး နုတ်ခံပြီး အသက်ပါသွားသလိုမျိုး. သတင်းထူးတွေပေါ့...) ကိုယ်သိတာလေးတွေ ကို ပြန်ပြောပြ၍ ဟုတ်လား ဆိုသူတွေလဲ တွေ့ဖူးသည်သာ..။ အကျိုးရှိ အောင် နေတက်လျင် ဘာမဆို အကျိုးရှိသည်သာ.. နောက် အရေး ကြီးဆုံး အချက်သည်ကား.. အကောင်း မြင်တက်ဖို့ နှင့် စိတ်ကလေးကို ပေါ့ပေါ့ပါးပါး ထားတက်ဖို့သာ..။

နော်ဝေးဆိုသည်က နိုင်ငံက ကြီးသလောက် လူကလည်းနဲပါသည်.. စုစုပေါင်းမှ ၅ သန်းမပြည့်ပါ..။ အဲဒီထဲမှာမှ မြန်မာပြည်သားက ထောင်ကျော်သာသာ..။ အဲဒီထဲမှာမှ ဗမာစကားကို အားရပါးရနဲ့ ပြောတာကို သေချာနားလည်ပြီး `အထာ` ဆိုတာက စိတ်မဆိုးကြေး နားလည်တာကလည်း လူနဲစုပါ..။ ဆိုတော့ ကျွန်မတို့တွင် အင်မတန်မှ အပေါင်းအသင်းနည်းသလို မြန်မာ့အသိုင်းအဝန်းဆိုသည်ကို အင်မတန်ငတ်သည့် သူများ ဖြစ်ပါသည်..။ နော်ဝေးအသိုင်းအဝန်းဆိုသည်မှာ က ကိုယ့်ယဉ်ကျေးမှုလို မဖြစ်သည့်အတွက် ..သွားလာရသည်မှာ မပျော်ပိုက်လှ.. ကိုယ့်ကိုယ်ကိုလည်း ငါ သူတို့နဲ့ အလုပ်မဖြစ်ဘူး ဟု ခံယူထားကြကာ ဖိတ်ရင်တောင် မသွားဖြစ်တာက များပါသည်..။ တကယ်တော့လည်း ကျွန်မတို့သည် မိခင်ဘာသာစကားနဲ့ အံဝင်သည့် ယဉ်ကျေးမှုများကို အင်မတန်ငတ်မွတ်နေသူများသာ ဖြစ်ပါသည်..။ ယဉ်ကျေးမှုဟု ပြောလျှင် ကျယ်ပြန့်မည် မှန်သော်လည်း လူမျိုးတူ.. တွေ တွေ့ပြီး ဘာသာစကား တူခြင်းက အဓိက အချက်ပင်...။ မြန်မာလို အားရပါးရ ပြောကာ ငြင်းကြမည် ခုန်ကြမည်.. နှိပ်ကွပ်ကြ မည်..အတို့အထောင်လုပ်ကာ.. ကြပ်ပေးမည် (အထူးသဖြင့် အကြောင်းမသိသူတွေကို) .. ငယ်ကြောင်းတွေ ဖော်ကာ စိတ်တိုအောင်စကြမည်..။ (နော်ဝေးတွေနဲ့ သွားလုပ်မရတဲ့ အချက်မျိုးတွေပေါ့) ကိုယ်သိထားတာတွေကို ခံစားရတာတွေကို ပြောမည်..။ စားသောက်တာဆိုရင်လည်း ဇွန်းတချောင်းတည်း အတူသုံးရင်း လက်ရေတပြင်တည်း ဖြစ်သလို လုပ်လိုက် ချင်သေးသည်.. ဘယ်သူ့ကိုမှ ကြီးကျယ်ခန်းနားစွာ `````ဧည့်ခံစရာမလိုသလို.. စကားပြောနေရင်း တယောက် ယောက်က ဖုန်းခေါ်လာလို့ ဖုန်းပြောနေလည်း စိတ်ဆိုးစရာမလိုတဲ့ ယဉ်ကျေးမှု တူသူတို့စုဝေးရာ အရပ်မို့ မဗေဒါ ပျော်ပါသည်... ။ ကိုယ့်ကလေးက ပြောစကား နားမထောင်လို့ အားနားစရာ မလိုပဲ မြန်မာလို အားရပါးရ တွယ်လိုက်မည်.. ဗိုက်ဆာရင်လည်း ဟန်မလုပ်ပဲ အားရ ပါးရ ယူစားကာ ဖြစ်သလို အားရပါးရ ထိုင်နေလို့လည်း ရသေးသည်..။ တခုခု စိတ်ဝင်စားတာတွေ့ပါက ယူဖတ် ပစ်လိုက်မည်.. နောက်ကြရင်တော့ ကိုယ်နှစ်သက် သည်များဘက်ကို ကူးကာ စကားတွေ အော်ကြီးဟစ်ကျယ် ပြော.. ငြင်းခုန် ခြင်း (မြန်မာပြည်က မင်းသားမင်းသမီး ကိစ္စလိုမျိုးလည်း ပါလိုက်သေး) သည်ပင် စိတ်၏အဟာရဟု ကျွန်မ သတ်မှတ်ပါသည်..။

နောက် ကျွန်မတို့လို မိုက် (မိုက်ကရိုဖုန်း) မြင်ရင် ငန်းငန်းတက်သည့် ဝါသနာ တူများ စုရုံးကာ ဆယ့်ငါးသံချီ (ခုနှစ်သံက သံပေါက်မဆုံ) အရှက်နည်းစွာ အော်ကြ ကကြပေမည်..။ အိမ်နီးချင်း နော်ဝေးအဖြူများလည်း အံသြစရာ သံပေါက်သံကြများ စားသုံးနိုင်သေးသည်…. စသည်ဖြင့် ကိုယ်လုပ်ချင်တာလေးတွေ.. ပြောချင်တာ လေး တွေ.. သိချင်တာလေးတွေ.. အတွက် ခင်ရမင်ရတဲ့ အိမ်များကို လည်ရင်း မဗေဒါ တယောက် ရေခြား မြေခြားမှာ စိတ်ဓာတ် အဟာရလေးများ ဖြည့်ဆည်းနေရပါကြောင်း ပြောပြရင်း… ပျော်ရာမှာ မနေရ တော်ရာမှာ နေနေ ရတဲ့…။

( စကားချပ်.. ယောက်ျားတွေကွယ်ရင်တော့ မိန်းမတွေက ထုံးစံအတိုင်း ကိုယ့်အားနည်းချက်ကလေးတွေကို ဖုံးကွယ်ရင်း ချစ်ချစ်တို့အကြောင်း တီးတိုး တီးတိုးဆိုရင်း နှစ်ပါးသွားအကတွေ ဆက်ချယ်မှုန်းရင်း ချစ်နေကြရမြဲပေါ့..။)

မဗေဒါ
၁၀.၀၅.၂၀၁၀

ဆက်ဖတ်ကြည့်ပါဦးနော်....

Friday, May 7, 2010

မေ (၁) ရက်နေ့အတွက် စာလက်ဆောင်မွန်

ပထမတော့ မရေးတော့ဘူးလို့ စဉ်းစားပါတယ်.. နောက်တော့ စဉ်းစားမိတာက အော် လွတ်လပ်တဲ့ တိုင်းပြည်တွေ မှာ အလုပ်သမားတွေနဲ့ ပတ်သက်တာကို ပါတီခေါင်းဆောင်တွေ ကိုယ်စားပြု အဖွဲ့တွေ ဘယ်လိုတွေးသလဲ..နောက် နော်ဝေးလို နိုင်ငံရဲ့ အခြေအနေတွေ ဘယ်လိုမျိုး ရှိနေလဲဆိုတာကိုလည်း တပ်ဟပ်စေတာ မို့ ဖတ်ရတာကို ဝေမျှလိုက်ပါတယ်..။

ပထမပြောချင်တာက မေးခွန်းတွေက အတူတူဆိုတာပါပဲ..။ နောက်ဆုံးနဲ့ ပထမမေးခွန်းကိုလည်း ချန်ခဲ့ပါတယ်.. အရေးပါတယ် မထင်လို့ပါ.. မေးခွန်းက အဲဒီနေ့မှာ ဘာဝတ်မှာလဲ ဆိုတာရယ် ဘာလုပ်မလဲဆိုတာပါ..။


မေးခွန်း ( ၁ ) အလုပ်သမား လူတန်းစား ဆိုတာ ဘယ်သူတွေလို့ ပြောနိုင်မလဲ..။
(၂) ဒီနှစ်အတွက် အလုပ်သမားတွေ အတွက် ဘာကို အဓိကထားပြီး အရေးဆိုမလဲ..။

.. ( လက်ဝဲယိမ်း) ပါတီ ခေါင်းဆောင်

၁…။ ကျွန်မတို့နိုင်ငံမှာ ရှေးတုန်းက ပြောခဲ့သလိုမျိုး အလုပ်သမား လူတန်းစားဆိုတာ မရှိတော့ပါဘူး..။ တချိန်တည်းမှာပဲ ချမ်းသာတဲ့ ငါတို့တိုင်းပြည်မှာ လူရယ်လို့ အသိအမှတ် ပြုမခံရတဲ့ လူတွေ ရှိနေတယ်.. ။ ဒါကြောင့် အထီးကျန်နေတဲ သူတွေ.. ဆေးစွဲနေသူတွေ.. ဆင်းရဲသားမိသားစုတွေ နဲ့ တသွေးတည်း ရှိနေတယ် ဆိုတာကို ဒီကနေ့မှာ ပြရမှာဖြစ်ပါတယ်..။ နောက် ဒီနေ့မှာ တတိယကမ္ဘာက လူတွေအတွက် လည်း ပူးပေါင်း ဆောင်ရွက်မှု ဆိုတာကို ပြရမှာဖြစ်ပါတယ်..။

၂…။ ဆင်းရဲမွဲတေမှုကို ဖျက်သိမ်းရမယ်.. အထူးသဖြင့် ကလေးတွေအတွက် ပေါ့... နောက် ကျွန်မ တို့ကလေးတွေ တယောက်မှ ဆင်းရဲမှုတွေနဲ့ မကြုံစေရအောင် ကြိုးစားရမယ်..။

(စာရေးဆရာ )

၁…။ အင်း ဒါကလည်း အငြင်းပွားစရာလို ဖြစ်နေတဲ့ မေးခွန်းပါပဲ..။

၂…။ လူ့ဘဝထဲကနေ အပယ်ခံထားရ သလို ဖြစ်နေတာတွေကို ရပ်တန့်ရမယ်..နောက် လုပ်ငန်းခွင်မှာ ဖြစ်နေတဲ့ အဖိနှိပ်ခံနေရတာတွေ အလွဲသုံးစား လုပ်ခံနေရတာတွေကို ရပ်တန့်ရမယ်..။ လူအများစုကတော့ ဒါကို သေချာ လေး လုပ်နိုင်တဲ့ အဆင့် မရှိသေးဘူးဆိုတော့ ဒီလုပ်ရှားမှုတွေ အတွက် ဆောင်ရွက်နေတဲ့ သူတွေကပဲ အချိန် ပေးပြီး ပိုကြိုးစားလုပ်ဆောင် ရပါလိမ့်မယ်..

( အလုပ်သမားသမဂခေါင်းဆောင်)


၁…။ အရင်တုန်းကလောက် အလုပ်သမားလူတန်းစား ရယ်လို့ ပြောလို့ရတဲ့ အခြေအနေက မရှိသလောက်ပါပဲ ..။ တယောက်ယောက်ကို လူတန်းစားဆိုတဲ့ အဓိပါယ် နဲ့ ဘယ် အတန်းအစားမှာ ပါသလဲ လို့ မေးရင်တော့ ခင်ဗျား အဖြေရပါလိမ့်မယ်..။ ဆိုလိုတာကတော့ အလုပ်လုပ်နေတဲ့သူတွေ နဲ့ အလုပ်လက်မဲ့ သူတိုင်းဟာ အလုပ်သမား လူတန်းစား တွေဆိုတာပါပဲ..။

၂…။ အလုပ်လုပ်ခဲ့သူတိုင်း လုပ်ငန်းခွင်ထဲကို ပြန်ရောက်ရေး ဟာလည်း ဒီနှစ်ရဲ့ အရေးကြီးဆုံး ကိစ္စပါပဲ..။ ဒီကနေ့ဖြစ်နေတဲ့ ငွေရေးကြေးရေး အကျပ်အတည်း ပြဿနာဟာလည်း ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ လောက်က ဖြစ်ခဲ့တာမျိုးလိုပဲ ကြုံနေရတာပါပဲ..။

(လက်ယာယိမ်း ပါတီ ခေါင်းဆောင်)

၁…။ သတ်မှတ်ချက်တွေကတော့ တဖြေးဖြေး ပြောင်းလဲနေပါပြီ..။ အလုပ်လုပ်နေသူတိုင်းဟာ အလုပ်သမား တွေပါပဲ…။

၂...။ အများစုဖြစ်ချင်နေတာကတော့ အလုပ်ချိန်ကို ပြုလွယ်ပြောင်းလွယ်လေးနဲ့ အလုပ်ချိန် ကို ပုံသေ ထားတာမျိုးကို မနှစ်သက်ကြပါဘူး..။ အထူးသဖြစ်တော့ လူမူစောင့်ရှောက်ရေး နဲ့ဆိုင်တဲ့ ဌာနတွေမှာပေါ့..။



(နိုင်ငံလုံးဆိုင်ရာ သူနာပြု အဖွဲ့အစည်းခေါင်းဆောင်)

၁…။ မေ ၁ ရက်နေ့ကို အကြောင်းပြုပြီး ပြောမယ်ဆိုရင် လခ စားနေတဲ့သူ အားလုံးဟာ တနည်းနည်းနဲ့တော့ အလုပ်သမားတွေပါပဲ..။

၂..။ သိပ်ရိုးတဲ့မေးခွန်းပါ.. တန်းတူလခ ရဖို့ပါ..။


( ပါလက်စတိုင်းကော်မတီ ခေါင်းဆောင်)

၁…။ အလုပ်သမားလူတန်းစား ဆိုတာကတော့ ဒီကနေ့ လူမူရေးဘဝတွေကနေ အပယ်ခံထားရသူတွေ.. တန်းတူ လခ မရကြတဲ့ အမျိုးသမီးတွေ.. နဲ့ လုပ်ငန်းခွင်ကို သွားနေပေမဲ့ သူတို့မှာ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ဆုံးရူံးနေရသူတွေအတွက် ဒီကနေ့ လုပ်ရှားနေပါတယ်..။

၂…။ ကျွန်မတို့တွေ အစ္စရေးလက်ကနေ လွတ်ဖို့ တိုက်ပွဲ ဝင်နေပါတယ်..။ အသိမ်းပိုက်ခံ ထားရတဲ့ ပါလက်စတိုင်း အနောက်ဘက် ကမ်းခြေပေါ် အခြေခံ တည်ဆောက်ထားတဲ့ နော်ဝေးက ကုမဏီတွေ ရပ်တန့်သွား ဖို့ပါပဲရှင်..။

ကဲ စာဖတ်သူတို့ရော အလုပ်မလုပ်ပဲ ထိုင်စားပြီး ဘယ်သူ့ငွေကိုများ ဖြုန်းတီးနေမိပါသလဲ..။ ဖြေကြပါဦး..။


နားပါဦးမည်..။
မဗေဒါ

၀၆.၀၅.၂၀၁၀

ဆက်ဖတ်ကြည့်ပါဦးနော်....

နော်ဝေး အကြောင်း တခုတ်တရ ဖတ်ကြစို့.. (၃)

ဆောင်းရာသီအစကတော့ မြန်မာပြည်မှာလိုပဲ ဒီဇင်ဘာ.. နိုဝင်ဘာမှာ စပါတယ်၊၊ ဒီမှာက ဖေဖော်ဝါရီလ မှာဆုံးပေမဲ့ တကယ်တမ်းကျတော့ မတ်လ ကုန်လောက်ထိ နှင်းတွေ ကျနေတက်ပါတယ်၊၊ (တနေ့က အထိ နှင်းတွေ ရုတ်တရက် ကျလာပါသေးတယ်.. မထင်ရင် မထင်သလို ကျတက်တဲ့ နှင်းတွေပေါ့ရှင်..) နှင်းကျတာက လည်း မိုးရွာသလိုပါပဲ..။ စိုတဲ့အထိ ကျတဲ့အခါကျသလို မစို့မပို့လေးပဲ ကျတာလည်း ရှိပါတယ်..။ နှင်းတွေကျ နေရင် သိပ်မချမ်းတက်ပေမဲ့ နှင်းကျပြီးရင်တော့လည်း နဲနဲအေးနေတက်ပါတယ်..။ နှင်းကအေးနေတော့ မြေကြီးဓတ်က ဖုံးနေပြီး အအေးကဲတဲ့ သဘောပါ..။ နှင်းတွေကျပြီး ရေတွေခဲနေပြီ ဆိုရင် လမ်းတွေက အရမ်းချော်နေပါတယ်၊၊ လမ်းတွေ ချော်နေတာက မြန်မာပြည်ကဘာနဲ့ တူသလဲဆိုရင် ရွံ့တွေလိုပဲ၊၊ အရမ်းကို သွားရလာရခက်အောင်ကို ချောနေပါတယ်၊၊…လမ်းသွားရင် ရုန်းနေကန်နေရတာ နွားလုံးလုံးကို ဖြစ်နေတယ်လို့ ခံစားမိပါရဲ့..။
တခါတလေ အအေး ဓာတ်က သိပ်များရင် ချောပြီးတော့ မှန်သားပြင်လိုလည်း ဖြစ်နေတက်ပါသေးတယ်..။ ဒါကြောင့် လူကြီးလူငယ် အရွယ်မရွေး ခဏခဏ ချော်လဲတက်ကျတယ်၊၊ လူငယ်နဲ့ ကလေးတွေကတော့လည်း သူတို့ဖိနပ်ကလေးတွေနဲ့ ပွတ်တိုက်ပြီး ချောအောင် လုပ်စီးကြတာမျိုးလည်း လုပ်တက်ပါသေးတယ်..။ ချောနေ တာကြောင့် ဆေးရုံမှာ ချော်လဲလို့ ရောက်တဲ့သူတွေ အများကြီးပဲ တန်းစီနေ တက်ပါတယ်၊၊ ကလေးတွေ ဆိုရင်တော့ ငိုယို နေပေမဲ့ လူကြီးတွေပြန်တော့လည်း ငြီးညူနေတာ တွေ့ရတက်ပါတယ်..။ ဒါကြောင့် နှင်းကျပြီး ရေခဲတွေ ဖြစ်သွားတဲ့ အချိန်ဆိုရင် နွေရာသီမှာ လမ်းလျောက်သလို ပလပ်တက်တက် မော့တော့တော့နဲ့ လျောက်ချင်တိုင်း လျောက်မရတော့ပါဘူး..။သတိ..အင်မတန် ထားရပါတယ်.. ဘယ်နေရာလေး ကတော့ အချောသက်သာမလဲ.. နှင်းအကျန်လေး ရှိနေမလဲ ဆိုပြီး အောက်ကိုတချိန်လုံး ကြည့်နေ ချောင်းနေရပါတော့တယ်။

အဲဒီမှာမှ ကိုယ့်လိုပဲ ချောင်းပြီး ဇောင်းငန်းငန်းနဲ့ လျောက်လာတာတွေ့ရင်တော့ ထိပ်တိုက် တွေ့ပြီသာမှတ်..။ တချို့ဆိုလုံးဝကို မဖယ်ပေးဘူး..။ ပေရပ်နေတယ် ဖယ်ပေးရမှာ ကြောက်တယ်.. နောက် ချော်လဲမှာစိုးလို့..( လမ်းသွားရင်းတောင် လမ်းလုပြီး ရန်ထောင်ကြတာလည်း တမျိုးထူးဆန်းတာပါပဲ..) ဒါကြောင့် ဆောင်းတွင်း လမ်းလျောက်ပြီးရင် လူက အင်မတန်မှ ပင်ပန်းပြီး နာကျင်စေပါတယ်..။ ခေါင်းထဲလည်း လေမရောက် နိုင်တော့ပဲ.. အသက်ရူမှားချင်ထိအောင်ကို လမ်းလျောက် ရတာ ပင်ပန်းလှပါတယ်..။ အဲဒီလို နှင်းတွေ ရေခဲအဖြစ် ပြောင်းလဲသွားတဲ့ ရေခဲအမှတ် ( -10 နဲ့ - 18 ) လောက် ရောက်ပြီဆိုရင် နော်ဝေးတွေက ရှီး ( ski) ကို စီးပါတယ်..။ ရှီးစီးတယ်ဆိုရင်တော့ ရေမခဲသေးရင် အဲဒီအပေါ်မှာသွားလို့မရဘူး၊.. အန္တရယ်ရှိတယ်၊ ရေထဲကျွံဝင်သွားနိုင်တယ်၊ ဒါကြောင့်ရေခဲပေါ်သွားမယ်ဆိုရင် ကျွန်မတို့လိုမကျွမ်းကျင်သေးသူ တွေ ရောက်ခါစ ဆိုရင်တော့ သူများတွေသွားထားတဲ့ လမ်းကြောင်းရှိပြီဆိုမှကိုယ်က အဲဒီပေါ်မှာ ကစားနိုင် စီးနိုင်ပါတယ်ရှင်..။ (ရေကန်လိုနေရာမျိုးမှာ ရေခဲပြင်ကကျယ်တော့ နှင်းဖုံးနေရင် ရှီး လွတ်လပ်စွာ စီးနိုင်ပါတယ်..။)

ရှီးကိုတော့ ကလေးတွေ… လူကြီးတွေ အတော်လေး စီးကျပါတယ်..။ အိမ်က သားနဲ့ ယောက်ျားလည်း အင်မတန် ဝါသနာပါပါတယ်..။ ကျွန်မတော့ တခါမှ မစီးဘူး.. ကြိုက်လည်း မကြိုက်လို့ပါ..။ တချို့ဆို ရေခဲကုန်သွားလို့ မြေပြန့် ပိုင်းလောက် မှာ စီးလို့မရတော့ရင် ဟိုး ကျန်နေသေးတဲ့ အအေးကဲတက်ဘက်မှာ သွားစီးတဲ့အထိ ဝါသနာ ပါကြပါတယ်..။ နော်ဝေးကတော့ ရှီးစီးတာ နာမည်ကြီး သလို ဆုတွေလည်း ပြိုင်ပွဲတွေ မှာ ရွေတံဆိပ်တွေ တသီတသန်းကြီး ရထားပါသေးတယ်..။

ဆောင်းတွင်းမှာ အစောကြီးမိုးချုပ်ပါတယ်..။ နေ့လည် (၂) နာရီလောက်ဆို မှောင်နေပါပြီ..။ နှင်းစကျပြီး ချင်းချင်း အချိန်မှာတော့ ပတ်ဝန်းကျင်ကိုကြည့်လိုက်ရင် မှောင်တူးနေတက်ပါတယ်..။ လူအတော်များများဟာ အဲဒီအချိန်တွေမှာ စိတ်ဓာတ်တွေ ကျတက်ပါတယ်..။ တော်ရုံတန်ရုံကိစ္စ စိတ်ညစ်စရာ ဆိုရင် အဖော်မရှိရင်တော့ အပြင်ကိုကြည့်ရိုးရိုးနဲ့ကို သေချင်စိတ်တွေ ပေါက်တက်ပါတယ်..။


ဒီနိုင်ငံမှာ ဒီရာသီမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေတာတွေ များပါတယ်.. ဒီဆောင်းရာသီ မှာပါပဲ..။ ဒီနှစ်လည်း လူတယောက် မှောင်မှောင်ကြီးထဲ ရထားလမ်းပေါ် ခုန်ချသေခဲ့ပါသေးတယ်..။ နော်ဝေးလူမျိုးပါပဲ..။ ဒါကြောင့် အချို့ဆိုရင် တခြား ပူတဲ့ အလင်းရှိတဲ့ နိုင်ငံကို သွားနေ သွားလည် နေတာမျိုးတွေ လုပ်တက်ပါတယ်..။ အထူးသဖြင့် အသက်ကြီး သူတွေ ပေါ့..။ အဲ နှင်းကျပြီး အတော်လေး ကြာလာတဲ့အချိန် ၁ လ ကျော်လောက်မှာတော့ နှင်းအရောင်နဲ့ ခဲနေတဲ့ ရေခဲတွေက လမ်းဘေးမှာ ရှိနေတာကြောင့် နေအလင်းမဟုတ်ပေမဲ့ နှင်း အလင်းရောင်ကြောင့် ပတ်ဝန်းကျင်က လင်းနေစေတာပါပဲ၊၊ အဲဒီအလင်းကလည်း မျက်စိကိုဒုက္ခပေးပါတယ်..။ ရေခဲရောင်ပြန်နဲ့ လှတာကတမျိုးပဲ၊ သစ်ပင်တွေဆိုရင် အဖြူရောင်တွေ သုတ်လိမ်းထားသလိုမျိုး အရုပ်တွေလိုဖြစ်နေတာပဲ၊၊ အိမ်တွေကလည်း တိုက်အိမ်တွေကြီးပဲဖြစ်သလို ပုံစံတွေကလည်း သိပ်မကွာပါဘူး၊ နှင်းတွေကျတဲ့အခါ အဲဒီစီစီရီရီဆောက်ထားတဲ့ အိမ်တွေပေါ်မှာ နှင်းတွေကပုံနေသလို သစ်ပင်တွေကလည်း ဆေးဆိုးထားသလို ဖြစ်နေတော့ ကြည့်ရတာ ပတ်ဝန်းကျင်တခုလုံးက အဖြူရောင်တွေနဲ့ ခြယ်လိမ်းထားသလို သိပ်ကြည့်ကောင်းနေတယ်၊၊ သိပ်လှတယ်၊၊

နားပါဦးမည်..။

မဗေဒါ
၀၆.၀၅.၂၀၁၀

ဆက်ဖတ်ကြည့်ပါဦးနော်....

Saturday, May 1, 2010

နော်ဝေးအကြောင်း တခုတ်တရ ဖတ်ကြစို့ (၂)


မီးထွန်းတာဆိုရင် အိမ်တွေမှာ မီဂါဝပ်(၆ဝ) (၄၀) ထွန်းတဲ့လူတွေက များတယ်၊၊ ဒါပေမဲ့ ဒီအမှောင် ရာသီဆိုရင်တော့ မီးတွေကိုထွန်းလိုက်တာ မြန်မာပြည်ကသီတင်းကျွတ် တန်ဆောင်တိုင်လိုပဲ.. သိပ်လှတယ်၊၊..လူသွားလမ်းတွေမှာ မီးတွေထွန်းတာကလည်း တလနီးပါးလောက် ထွန်းထားတက်ပါတယ်.မီးကိုရောင်စုံ ပုံဖော်ပြီး ရောင်းတာတွေကို ဝယ်ထွန်း တပ်ဆင်ကြပါတယ်၊၊ အိမ်တွေမှာ မီးမှောင်မှောင် ကုတ်ကုတ်နဲ့ နေသူတွေလည်း မနှောမြောအားပဲ မီးတွေကို အိမ်မှာအလှ ဆင်တက်ကြပါတယ်..။ (မြန်မာပြည်မှာက မီးမလာလို့ စိတ်ညစ်ရ.. ဒီမှာက လာလွန်းလို့ နည်းမျိုးစုံနဲ့ ချွေတာရ.. သနားစရာ ကမ္ဘာပေါ်က လူများ)..နော်ဝေးတွေက မီးအမှောင်မှာ နေတဲ့ဓလေ့ ရှိပါ တယ်..။ မီးကို အင်မတန်ချွေတာ သူတွေမို့ တမျိုးလေးစားစရာပင်..။

နှစ်သစ်ကူးဆိုရင် အစိုးရရုံးပိတ်ရက်ဖြစ်တာမို့ ပျော်မဲ့ရွင်မဲ့သူတွေကလည်း မိမိနေထိုင်ရာ အရပ်ကို ပြန်လာကြနဲ့ လူအင်မတန်နဲတဲ့ နော်ဝေးမှာ လူအရူပ်ဆုံးလလို့ ပြောရင်ရနိုင်မယ်ထင်ပါတယ်၊၊ ရထားပေါ်.. ကားပေါ်တွေမှာ ပြည့်နေတက်ပါတယ်..။ ဘယ်လောက်အေးအေး အပြင်မှာလူတွေသွားလာ လုပ်ရှားနေကြတာနဲပေမဲ့ ကုန်တိုက် ထဲနဲ့ တခြားသော ဆုံချက်တွေမှာတော့ ပုံမှန်ထက်များတယ်၊၊ ဒီမှာက ကျွန်မတို့လို ဆွေမရှိ မျိုးမရှိတဲ့သူတွေ အတွက်လည်း ဆုံလို့ရအောင် လုပ်ပေးထားတာမျိုးတွေရှိပါတယ်၊ ခရစ်ယာန်ဘာသာဝင် တွေကို ဆိုလိုခြင်းပါ..။ စရောက်တဲ့နှစ်ကဆိုရင် ခရစ်စမတ်မှာ မြန်မာပြည်မှာ လိုပဲထင်ပြီး လူတွေ သီချင်း လာဆိုမလား လို့ ထင်ခဲ့ တာပေါ့၊ လူတွေမလာတော့ ကောင်းကောင်းလေး မိသားစု လေးယောက် အပြင်မှာထွက်ပြီး လျောက်ကြည့်ပေါ့..။ ဘယ်သူမှလမ်းပေါ်မှာ မရှိဘူး..။ ဒါနဲ့အရူံးတော့မခံ လူတယောက်စ နှစ်ယောက်စ တွေ့တာ နဲ့..စာကြည့်တိုက်ထဲ အတင်းဝင်တိုးတော့တာပဲ..။ ဒါပေမဲ့ ဘာလုပ်ကြတယ်ဆိုတာတော့ မမေးတော့ ဘာလုပ်မှန်းမသိဘူး၊ လူတွေကလည်း တိတ်တိတ်ဆိတ်ဆိတ်ပဲ.. ဟိုတစု သည်တစု စကားဆိုနေကြတာကို တွေ့ပါတယ်..။ အဲတုန်းက သူတို့ဘာလုပ်မှန်း မသိပေမဲ့ နောက်ကြမှ မိသားစုမရှိတဲ့သူတွေ စုဆုံတယ်ဆိုတာ သိရတာပါ၊၊ အမှန်က သူတို့တွေက အဲဒီအချိန်ကျမှ အိမ်ထဲနေပြီး မိသားစု ဆုံရင်ဆုံ မိသားစုမရှိသူကတော့ အခုလို စီစဉ်ထားတဲ့ နေရာမှာ ဆုံကြတာကိုး၊ လမ်းပေါ်ဆိုတာ ရှင်းလင်းနေတော့တာပဲ..။

အေးတဲ့နိုင်ငံဆိုပေမဲ့ စောစောကပြောသလိုပဲ ရာသီဥတု အပြောင်းအလဲတွေကြောင့် နှင်းက (၂၀၀၆)မှာ သိပ်မကျဘူး၊၊ ကျလာတော့လည်း လူတွေကရှီး ( SKI) ..အချောင်းရှည်တံလေးပေါ်မှာ တုတ်လေးနှစ်ချောင်း ကိုင်ပြီး အောက်ခံထုတ် အကွက်ပေါ်မှာ ခြေနှစ်ချောင်းချ စီးရတဲ့အရာ .. အင်္ဂလိပ်လိုလည်း စာလုံးပေါင်းက အတူတူပါပဲ.. အသံထွက်တော့ ကွာပါတယ်.. )ကိုစီးကျတယ်..။ တချို့ကလေးတွေကျတော့ ( akebrett အင်္ဂလိပ်လို toboggan)လို့ ခေါ်တဲ့ ရေခဲပြင်ပေါ် ဖင်ထိုင်ခုံလို ဟာမျိုးပေါ်မှာထိုင်ပြီး ကုန်းစောင်းလေး တွေပေါ်ကနေ စီးကြပြန်တယ်၊၊ ကျောင်းနဲ့ အိမ်ပတ်ဝန်းကျင် မြေနေရာ အလွတ်မှာပေါ့၊၊ တချို့နေရာတွေမှာတော့ သီးသန့်စီးလို့ရတဲ့ နေရာတွေရှိတယ်..။ ကျောင်းပိတ်ရင် မိဘတွေက ကလေးတွေကို သီးသန့်သွားပို့ ပေးတာမျိုး လုပ်လေ့ရှိပါတယ်..။ ကလေးငယ်ငယ်တွေကတော့ ရေခဲ.. နှင်းတွေကို လူကြီးတွေ လစ်ရင်လစ်သလို ကောက်စားတယ်.. အမှန်က အင်မတန်မှ ရွံဖို့ကောင်းပါတယ်.. ဒီမှာက ခွေးတွေမွေးတော့ လမ်းဘေးမှာ ခွေးသေးပန်းထားတာတွေ.. အီးအီးတွေ ဒါမှမဟုတ် တံတွေးထွေးထားတာတွေ ရှိတော့ အင်မတန်မှ ညစ်ပတ်ပါတယ်.. ကလေးဆိုတော့ မသိရင် ကောက်စားနေတာပါပဲ .. ပြီးရင်ရေခဲတွေနဲ့ ပုံတွေဖော်ကြတယ်၊ ကလေးတွေ အတွက် နောက်တခုကတော့ (SNOWMAN) လို့ခေါ်တဲ့ ရေခဲလူသား ကို ဆောက်ကြတယ်၊၊ ကျောင်းတွေမှာဆိုရင်တော့ ကလေးတွေနဲ့ ဆရာတွေက ဝိုင်းဆောက်ကြတယ်၊၊( အိမ်မှာတော့ မိဘပေါ့..) ကျောင်းတွေမှာက နှင်းတွေကို ဘောလုံးလုပ်ပြီး ဆော့လို့ ရပေမဲ့ ပစ်ပေါက်လို့မရဘူး၊၊ ရေခဲနဲ့ ပစ်ပေါက် ချင်ရင်တော့ ပျဉ်ပြားပေါ်မှာ ဆွဲထားတဲ့ ရုပ်ပုံတွေကိုပစ်ပေါက်ပြီး ကစားနိုင်ပါတယ်၊ အဲဒီအတွက်လည်း ပစ်ဆော့လို့ရအောင် နေရာသီးသန့် လုပ်ပေးထားတာ များပါတယ်။ ကျောင်းတွေမှာ စည်းကမ်းကို ထုတ်ထား တာရှိတယ်၊၊ ရေခဲနဲ့ပစ်တဲ့ကလေးကို ဆရာက တင်းတင်းကြပ်ကြပ် ဆုံးမသလို မိဘတွေဆီကို သုံးခါမြောက်ရင် တိုင်စာအထိပို့ပါတယ်၊၊ မိဘကလာတွေ့ ရပါတယ်၊၊ ပစ်ပေါက်လို့မရတဲ့ အကြောင်းကတော့ နှင်းတွေ ကြီးပဲလို့ ထင်ရပေမဲ့ အထဲမှာက ကျောက်ခဲလို အစအနတွေ နှင်း ..ရေခဲထဲမှာ ရှိတက်ပါတယ်.. နောက်ပြီး ရေခဲအမာကလည်း အန္တရယ် ရှိတက်ပါတယ်၊၊ (ကျောက်ခဲတွေက ရေခဲတွေအေးခဲပြီး လမ်းချော်နေတဲ့အခါမှာ ခင်းထားတက်ပါတယ် ဒါကြောင့်ရေခဲတွေကြားထဲမှာ ကျောက်ခဲစကို မမြင်နိုင်ပါဘူး၊၊ ကျောက်ကလေးတွေကို ပြန်ပြီး ကျုံးသွားပေမဲ့ အစအန လေးတွေက အစဉ်ရှိတက်ပါတယ်..။ ) မတော်တဆပေါက်ရင်း မျက်စိကိုထိရင် မျက်စိပျက်စီး သွားနိုင်တာကြောင့် လုံးဝ ပစ်ခွင့်မရှိတာပါ၊၊ ( ၂ဝဝ၅ မှာ မြန်မာပြည်သား ကလေးတယောက် ကျောင်းမှာ ဆော့ရင်း မျက်စိခိုက်မိသွားလို့ လျှော်ကြေးရခဲ့ပါတယ်၊၊ ကလေးလည်း မျက်စိတဘက် ပျက်ဆီးခဲ့ ပါတယ်..။)တခြားအကြောင်းကတော့လည်း ကျောက်ခဲလေးတွေ ရေခဲထဲမှာ ရှိနေတော့ ခနာကိုယ်ကိုထိရင် နာသွားမှာစိုးလို့ပါ၊၊ ဒါကြောင့် ကလေးတွေအတွက် သိပ်အန္တရယ် ရှိတာကြောင့် ကျောင်းတွေမှာ စည်းကမ်း တွေကို ထုတ်ကိုထုတ်ထား ရပါတယ်ရှင်...။

ဆက်ပါဦးမည်..။
မဗေဒါ
၃၀.၀၄.၂၀၁၀

ဆက်ဖတ်ကြည့်ပါဦးနော်....