Showing posts with label အကြိုက်ဆုံးများ. Show all posts
Showing posts with label အကြိုက်ဆုံးများ. Show all posts

Thursday, June 23, 2011

``ဟေ့ ပုရွတ်ဆိတ်တွေဟ အများကြီးပဲ ````

သိန်းသန်းနဲ့ချီတဲ့ ပုရွတ်ဆိတ်တွေ အများကြီးချီတက်လာခဲ့တယ်။ ဗလီအိမ်ကြီးက ကလေးတွေ လူကြီးတွေ လန့်ဖြန့် ကုန်တယ်။ ဒီပုံနဲ့ဆိုရင် အိမ်ကြီးကို ဖုံးလွမ်းတော့မှာပဲ။ ဒါနဲ့ နောက်ဆုံးအကြံတခု ရသွားတယ်။ ( အာ နန်လ် ) ကိုဖတ်ဖို့ပဲ။ အာနန်လ်ဆိုတာက အချော့တော်လို့ ဆိုရမယ်ထင်ပါ့။ အချိန်ရှိတုန်း အမြန် အာနန်လ် ကိုဖတ်မှ။ ရှီဖားမင်းသမီးလေးဆီက မေတ္တာစာကို ဆိုလိုမွန် ဆီကို ယူလာပေးတဲ့ အပိုဒ်ပေါ့။ ဆိုလိုတာက ဆိုလိုမွန်ပဲ ပုရွတ်ဆိတ်တွေရဲ့ စကားနားလည်တယ်။ စာမျက်နှာ( ၃၇၇)မှာရှိနေတယ်။အဲဒီအပိုဒ်ကိုရွတ်မှ။ ကလေးတွေလည်း စိတ်ဝင်တစားကြည့်ကြ တယ်။ ရွတ်လိုက် ဖတ်လိုက်နဲ့ အဆုံးတော့ တကယ်ပဲ ပုရွတ်ဆိတ်အုံ ကြီး ကျောက်နံရံကြားတွေထဲ ဝင်ရောက် ကွယ်ပျောက်သွားခဲ့တယ်။ အဲဒီအဖြစ်အပျက်ဖြစ်ပြီး နှစ်ပေါင်းများစွာ အကြာမှာတော့ (ရှဘာ) လည်း မြေခြားရေခြား မှာ အခြေချနေခဲ့ပြီ။

ညီအစ်ကို သုံးယောက်မှာ (အကာ ) က ကော်ဇော်ကုန်သည်လည်း ဟုတ်.. ဗလီ တအိမ်လုံးကို စီမံခန့်ခွဲသူလည်းဟုတ်။ အကာ က ဗလီကြီးထဲမှာရော.. ဈေးထဲမှာရော.. အိမ်ကြီးမှာရော သြဇာညောင်းတဲ့သူ..။ သြဇာအရှိဆုံးလို့ ဆိုနိုင်သူ။ ညီအစ်ကို တွေထဲက ( နိုစရက် )ကတော့ လူ့တမျိုး။ ဘာသာရေးလည်း မဟုတ်ဘူး .. နိုင်ငံရေးလည်း မဟုတ်ဘူး။ သူစိတ်ဝင်စားတာက သူ့ကင်မရာရယ်ပဲ ။ ကျန်တာတွေက အလကား။ တရက်တော့ သူ့ယူမဲ့ မိန်းမကို အိမ်ကြီးဆီကို ခေါ်လာတယ်။ အားလုံးက အဖေါ်အချွတ်နဲ့ မိန်းမငယ်လေးကို စိတ်ညစ်ကြ ရူတ်ချတဲ့အကြည့်တွေနဲ့ ကြည့်တယ်။ နိုစရက်ခေါ်လာတဲ့ အမျိုးသမီးငယ်က သိပ်ခေတ်မှီတယ် တခြားအမျိုးသမီးတွေလို ခေါင်းပေါ်မှာ ဘာမှမဖုံးထားဘူး.. တကိုယ်လုံး ဗိုလ်တွေလို ဝတ်စားထားတာ။ နိုစရက်မှာ ပြင်သစ်ပြည်နဲ့ အဆက်အသွယ်ရှိတယ်။ ကင်မရာတလုံးနဲ့ အဖြစ်အပျက်မှန်သမျှကို မှတ်တမ်းတင် တက်တယ်။ အဆုံးပြောရရင် တိုင်းပြည်ထဲ ဘာဖြစ်နေလဲ ဘာတွေ့လဲ မှတ်တမ်းတင်မယ်။ ပြင်သစ်ပြည်ကိုပို့မယ်။ ဒီလိုလူမျိုး..။


အစ်ကိုဝမ်းကွဲကတော့ မျက်စိမမြင်ဘူး.. သူ့အမည်က ( ဂိုဆန် တဖြစ်လည်း မူဆန်)။ မူဆန်ကျတော့ အသံကောင်းတယ်.. ဗလီမှာ နေ့တိုင်းအော်ပေးတယ်။တနေ့သုံးကြိမ်ပေါ့။ မနက်မိုးသောက် နေမထွက်ခင်.. နေ့လည်ချိန်ရယ်..နေမကြခင်ပေါ့။ အော်နေကြက (ဟေရယ် အလယ် အက်စစလက် ) ။ သူအော်တဲ့အချိန်မှာ လူတွေအကုန်လုံးက မကာ ရှိရာဘက်ကို ဦးတည်ပြီး ဦးချကြတော့တာပဲ။ အချိန်ကို ကွက်တိ မျက်စိမမြင်ပဲ ပြောနိုင်တဲ့သူမို့ ထူးခြားသလို ကလေး လူကြီး အားလုံးချစ်ခြင်းကို ခံရတယ်။ သူ့မှာ မော်စကိုက လွင့်တဲ့ ရေဒီယိုလှိုင်းမျိုးဖမ်းနားထောင်တက်တယ်။ ဒါကို ယူလာပေးသူက နိုစရက်..။ ကမ္ဘာကြီး ဘာဖြစ်နေလဲဆိုတာ သိဖို့လိုတယ်လို့ ယူဆလို့ မျက်မမြင်တဲ့ မူဆန်ကို အဖော်ဖြစ်စေအောင်လုပ်ပေးတာ။

ဂိုဆန်ဆိုတာထက် မူဆန်လို့ပဲ လူသိများတယ်။ အသံသိပ်ကောင်းတယ် သူ့အသံနဲ့ ဟစ်အော်လိုက်ရင် သာယာသလို လူတွေတဖွဲဖွဲရောက်လာကြတယ်။ အကာ တို့နေတဲ့အိမ်ကြီးဟာ သိပ်ကြီးကျယ်ခမ်းနားတယ်။ အခမ်းပေါင်းများစွာ နဲ့ ဖွဲ့စည်းထားတာ။ ဗလီကြီးနဲ့ တဝန်းတည်း ကပ်လျှက် အိပ်ခန်းပေါင်း ( ၃၅) ခန်းပါတယ် ။ အခမ်းတိုင်းဟာ သမိုင်းစဉ်တွေရှိတယ်။ နှစ်ပေါင်းများစွာက ဒီဗလီကြီးကို အမွေခံခဲ့ကြတာ။ အိမ်ကြီးနဲ့ ဗလီကို အလည်မှာ တံတားတခုနဲ့ ပေါင်းကူးထားတာ။ အဲဒီမှာ ဘုရားဝတ်ပြုသူတွေအတွက် မျက်နှာသစ် လက်ဆေးတဲ့ နေရာလည်းရှိလေရဲ့။

(အယ်ဆာဘာရီ )ကတော့ ဗလီကျောင်းမှာ တရားဟောဆရာပေါ့။ အယ်ဆာ ကတော့ တရားပေးကောင်းတဲ့သူ။ ဒါပေမယ့် အယ်ဆာက သိပ်သန့်တာကြိုက်တယ်.. ဘာလေးပဲဖြစ်ဖြစ် သူ့လက်ခြေနဲ့မထိတက်ဘူး။ ကလေးတွေကို မုန့်ဝေတာတောင်မှ သူ့လက်နဲ့မထိပဲ ဝေဌတဲ့သူ။ သူ့မှာ သားတယောက် (အာမတ်) သမီးတယောက် . (ဆာဒစ်) ဆိုတာရှိတယ်။ သမီးလေးက အရွယ်ရောက်နေပြီ။ ဒီမှာက ယဉ်ကျေးမှုတခုရှိတယ်။ အရွယ်ရောက်နေတဲ့ မိန်းကလေးကို တံခါးခေါက် လာတောင်းတဲ့သူ ရှိကြတယ်။ ဒါပေမယ့် အာဒစ်နေတဲ့ ( ဆန်ဂျမ်)ကျတော့ အတွဲတွေ အဆင်ပြေမပြေ ကြည့်ပေးတဲ့ အမျိုးသမီးကြီးတွေရှိတယ်။ အိတ်စပက်တွေပေါ့။ ဒါပေမဲ့ အာဒစ်အတွက်တော့ တမျိုး ဖြစ်ခဲ့တယ်။ တံခါးခေါက်သူတယောက် ပေါ်လာခဲ့လေရဲ့ ။ သူ့ဆီကို ( ကာကာ) ဆိုတဲ့ အရွယ်ရောက် ယောကျာ်းတယောက် ဆိုက်ဆိုက်မြိုက်မြိုက် မိဘမပါပဲ တယောက်တည်း လာတောင်းတော့တယ်။ လူငယ်ဟာ ရဲရင့်ပုံပေါ်သလို ထင်တာကို မဆုတ်မဝံ့ လုပ်မဲ့ပုံရှိတယ်။ ဘာမထီရုပ်ရည်နဲ့ပေါ့။ တနေ့တော့ ကာကာ က ဆာဒစ်ရဲ့ ဦးလေးဖြစ်တဲ့ အကာ ဆီမှာ မိန်းမလာတောင်းတော့တာ။ အကဲခတ်ကြည့်တော့ သိပ်မဆိုးပေမဲ့ ညီအစ်ကိုချင်းတိုင်ပင်ဖို့ ဖြစ်လာတယ်။ ညီဖြစ်သူကလည်း သဘောတူတယ်။ ဒါပေမဲ့ ဖခင်ဖြစ်သူက စိတ်ထဲမှာ ဗလီကြီးနဲ့ ပတ်သက်လို့ စိတ်မချဘူး။ နောက် သူ့သမီးလေးကိုလည်း ယောက်ျားကောင်းတယောက်နဲ့ပဲ ပေါင်းဖက်စေချင်တယ်။ ရုပ်ထွေးတဲ့ နိုင်ငံရေး ဘာသာရေးကြားထဲ ဓါးစားခံ မဖြစ်စေချင်ဘူး။ အခုလို ( အယာတိုလာ အယ်မာကီ ) တို့ဘက်က နေ တရားဟောဆရာဖြစ်လာတဲ့ တရားဟောဆရာလေး ကာကာနဲ့ သမီးပေါင်းဖက်ဖို့ဆိုတော့ စဉ်းစားစရာတော့ ရှိခဲ့တာပေါ့။ ကောင်လေးက ကိုယ်တိုင်လာတောင်းတော့ အခက်ဖြစ်ရတော့တာပဲ။ ကာကာအကြောင်းကို စုံးစမ်းရတယ်။ဒါနဲ့ပဲ အဆုံးမှာ သူ့ကိုမိဘများနဲ့ လာတောင်းဖို့ ပြောတယ်။ နေ့ရက်ရောက်လာတော့ လာတော့တောင်းပါတယ်။ အရေးပါတဲ့ သူ့ရဲ့ မှတ်ပုံတင် မပါတာကြောင့် နေရပ်ဖြစ်တဲ့ အဝေးကြီးကို ပြန်ယူခိုင်းတာဖြစ်လာရတယ်။ ဒီမှာက မှတ်ပုံတင်မပါပဲ လာတောင်း..ပြီးရင် နောက်မိန်းမတွေ ထပ်ယူတက်ကြတယ်မလား။ ကာကာဟာ မိုင်းပေါင်းများစွာဝေးတဲ့ အရပ်မှာ မှတ်ပုံတင်ပြန်ယူပြီး ဆာဒစ် ယောက်ျားအဖြစ် အသိမှတ်ပြုခံခဲ့ရပြီပေါ့။ မတွေ့ဘူး မမြင်ဘူးတဲ့ သူနဲ့ အိမ်ထောင်ကျသွားတဲ့ ဆာဒစ် ဘဝ စိတ်ညစ်နေရတယ်။ အမေ့ဖြစ်တဲ့ (ဇီးနတ် ) မှာ ရင်ဖွင့်ရတယ်။ မဖွင့်နေရရိုးလား..ယောက်ျားဖြစ်သူက သူနေတက်သလို နေတယ်။ တခါတလေ တရားဟော ထွက်သွားလိုက်တာ ကာကာ ပြန်မလာတော့ဘူး။ ကာကာက အတည်အကျ ကိုယ်ပိုင်ဗလီ မရှိသေးတဲ့ တရားဟောဆရာ။ လျောက်သွားနေရတာဆိုတော့ မိန်းမကိုလည်း ဂရုမစိုက်နိုင်ဘူး။ တခါတရံမှာတော့ မိန်းမကို မိဘအိမ်မှာအပ်ပြီး တရားလျှောက်ဟောတက်သေးတယ်။ ပြန်လာရင် ငွေတိုငွေစနဲ့ပေါ့။ မိန်းမအိမ်မှာ လာနေရင်လည်း အခန့်သားပုံ။ အဲဒီမှာ (ရှဘား )ကောင်လေးတယောက်ရှိတယ်.. သူက မူဆန်ရဲ့ သား။ ငယ်သေးတယ်။ ကာကာက အခြားသူတွေနဲ့သာ လက်ပွန်းတတီးမနေတာ။ တခါတရံ အလည်လာရင် အဲဒီကောင်လေးကိုတော့ ပစားပေးပြီး သူယုံကြည်ရာ အတွေးအခေါ်တွေကို ပြောပြလေ့ရှိတယ်..။ ဥပမာ… အစိုးရသတင်းတွေဟာ အမှားတွေဆိုတာမျိုးပေါ့။ တကယ့်သတင်းအမှန်က အဲဒါ တွေမဟုတ်ဘူးဆိုကာ သူ့အမြင် သူသိတာတွေကို ဟောပြောတက်တယ်။ကောင်ငယ် ရှဘား သိပ်အံ့သြသလို ကာကာကို သိပ်လေးစားချီးမွမ်းတယ်။ သူ့ကိုယ်သူ ဘာမှမတက်တဲ့ ကောင်လေးအဖြစ် သိမ်ငယ်မိတာအမှန်ပဲ။ ကံဆိုးချင်တော့ (ဆာဒစ်)ရဲ့ ဖခင်ကြီးကွယ်လွန်သွားခဲ့တယ်။ အသန့်လွန်ရောဂါ ဖိစီးနေတဲ့ တရားဟောဆရာကြီး ကွယ်လွန်သွားတော့ အားလုံးဝမ်းနည်းကြေကွဲကြရတယ်။ သူ့နေရာမှာ တရားဟောဆရာအဖြစ် အစားထိုးဖို့ လူကလည်း မရှိဘူး။ ဒါကြောင့် ( ကွီ )မှာ နေတဲ့ ကာကာကို လူလွတ်ပြီးခေါ်ခိုင်းကာ အစားထိုးခန့်အပ်ရတယ်။ တကယ်ကတော့ (အာမတ် ) ဖြစ်ရမှာ။ဒါပေမယ့်လည်း အာမတ်က (၁၇) နှစ်ပဲရှိသေးတော့ ငယ်သေးတယ်..။ တရားဟော ပညာ စာတွေကို အများကြီး သင်ရအုံးမှာမို့ ကာကာကိုပဲ လောလောဆယ် ခန့်ဖို့ ဖြစ်သွားတယ်။ ကာကာ ရောက်လာကတည်းက အိမ်ကြီးကလူတွေ သိပ်မကြိုက်ဘူး။ သူက သူပြောချင်တာတွေ ပြောတက်တယ်။ အိမ်က အဖွားတွေလည်း ဘာမှမပြောရဲဘူး။ အဖွားတွေလည်း မျက်နှာသေ ကျန်တဲ့သူတွေလည်း မျက်နှာသေနဲ့ပေါ့။ အဖွားဆိုလို့ သူတိုကကတော့ တကယ့်အဖွားတွေမဟုတ်ခဲ့ဘူး.. အကာတို့ဖခင် အသက်ရှိစဉ်ကတည်းက ဟိုးအဝေးကြီးကနေ ခေါ်လာတာ ။ အဖေပြန်လာရင် ကိုယ်လုပ်တော်လုပ်တယ်။ သူတို့လည်း အေးဆေးပဲ သဘောတူကြတယ်။ ဒါကြောင့် သူတို့ဘယ်သူဘယ်ဝါ ဘယ်အရပ်က လာခဲ့ကြတယ်ဆိုတာ ဘာမှမပြောကြဘူး။ ကြာလာတော့ သူတို့လည်း အိမ်သားတွေလိုပဲ ဖြစ်သွားကြတယ်။ သြဇာရှိသလို အိမ်ဦးစီးဖြစ်တဲ့ အကာကို ဘာလေးပဲဖြစ်ဖြစ် သွားပြောပြတက်ကြတယ်။ နောက် ဒီဗလီအိမ်ကြီးကို သေသပ်အောင် စီမံခန့်ခွဲတက်တဲ့ ပညာစွမ်းပကားကလည်း မသေးပေဘူး။ တကယ့်ချီးကြူးထိုက်တယ်။ မွတ်စလင်အများစု ယုံကြည်တာတခုတော့ ရှိတယ်။ မကာ ကို ဘုရားဖူးသွားခြင်းပဲ။ ဆင်းရဲသားတွေအတွက်ကတော့ အဲဒီအိပ်မက်ကို အကောင်အထည်ဖော်ဖို့က ၃ ခုရှိတယ်။ ဒါကြောင့် မကာ ကို ဘုရားသွားဖူးဖို့ ဆိုကာ အဘွား ၂ယောက် တိတ်ဆိတ်စွာ နှစ်ပေါင်းများစွာ ကျိုးစားခဲ့ကြတယ်။ အဲဒါကတော့ တိတ်တိတ်လေး နေမထွက်ခင် မနက်အစောကြီးးထပြီး တံမြက်စည်းလမ်း သန့်ရှင်းရေးလုပ်တယ်.. အဲဒီလိုလုပ်တာကို ဘယ်သူမှတွေ့လို့သိလို့ မရဘူး။ နံပါတ် ၃ ..ဘယ်သူ့ကိုမှ မပြောဘူး.. အနှစ် ၂၀ ကြာရင် သွားရလိမ်မယ်။ ဒီလိုလုပ်ရင် ပရော်ဖက်နဲ့ ကာယကံရှင်ပဲ သိလို့အချိန်တန်ရင် မစ မယ်လို့ ယုံကြည်ခြင်းပဲ။ အဘွားအို ၂ ယောက် ကိုယ့်ရည်ရွယ်ချင်တွေနဲ့ ကိုယ်လုပ်လာလိုက်တာ အနှစ် ၂၀ ကျော်ပြီး နောင် အနှစ် ၂၀ တာကူးသွားတယ် ပရော်ဖက်လည်း မကယ်ဘူး မသိဘူးလို့ ထင်နေတယ်.. တကယ်လည်း မကာ ကို သွားမှ မသွားရတာ။ ဒါကြောင့် တနေ့တော့ တယောက်နဲ့ တယောက် ရင်ဖွင့်ဖြစ်ကြတယ်။ ၂ ယောက် စလုံး တယောက်လျို့ဝှက်ချက်ကိုတယောက် သိသွားကြတယ်။ အဲသလို ရပ်ကွက်ထဲ ဈေးထဲမှာ ပြောသမျှ ဖြစ်သမျှကို သိနေတဲ့သူတယောက်တော့ ရှိတယ်။ သူက (ကူစီ )။ အကာတို့နဲ့ ဆွေမျိုးမကင်းဘူး။ သူက တအိမ်ဝင် တအိမ်ထွက်နဲ့ လျှောက်ပြော လျှောက်နားထောင်နေတက်တယ်။ ပြီးရင် လူတွေကို သူသိ ကြားခဲ့တာတွေ ပြောပြတက်တယ်။ တရက်တော့ အဘွားအို ၂ ယောက်ပြောနေတာကို သူကြားသွားတယ်။ အဲဒီအရူးမကို လူတွေက သတင်းစုံမေးတက်တယ်။ အဲဒီထဲမှာ အကာ လည်းပါတယ်။ အကာကို သူပြောသွားတဲ့ထဲမှာ အဘွားအို ၂ ယောက်အကြောင်း နဲနဲပါသွားတာကို အထပ်ထပ်စဉ်းစားရင်း အဘွားတွေ မကာ ကိုအိပ်မက်မက်တာ သိသွားခဲ့တယ်။ အကာ သဘောပေါက်သွားခဲ့တယ်။ အဘွားအို ၂ ယောက် မကာ ကို ဘုရားဖူးသွားဖို့ မွတ်စလင် အများစု ယုံကြည်တာတွေ နှစ်ပေါင်းများစွာ လုပ်ခဲ့တာကို။။ တနေ့တော့ အဘွားအို ၂ ယောက်ဆီကို မျက်နှာအုပ်နဲ့ မြင်းစီးလူသား ရောက်လာပြီး စာအိတ်လာပေးသွားတယ်. ။ စာမဖတ်တက်တဲ့ အဘွားအို ၂ ယောက် အဆင့်ဆင့်ဖတ်ခိုင်းတော့ မကာ ကို သွားဖို့ ဖြစ်လာတာမို့ ပရော်ဖက် မဆတယ်ဆိုပြီး ဝမ်းသာဖြစ်ခဲ့ကြတယ်။ မကာ ကို ဘုရားဖူးသွားဖို့ ပြင်ဆင်ကြတယ်။ မိသားစုလည်း ပျော်ရွင်ကြတာပေါ့။ အဘွားအို ၂ ယောက် မကာကို ထွက်သွားကြတယ်။ တအိမ်သားလုံးလည်း ဝမ်းသာမဆုံး တပြုံးပြုံးနဲ့ပေါ့။

ကာကာ အစားထိုးတရားဟောဆရာဖြစ်လာတဲ့ အချိန်မှာ အာဝဇွန်းရွင်ရွင်နဲ့ တရားပေးတယ်။ လာလိုက်ကြတာလည်း လူတွေမနည်းဘူး။ တရားနာအများစုက မျက်စိပိတ်နားပိတ်တွေ။ ဒါကြောင့် ကာကာ တက်သမျှ မှတ်သမျှ ဗိုလ်လိုဖတ်ထားတာတွေကို ပြောရင်သိပ်သဘောကျကြတယ်။ နောက် ရင်တုန်စရာကောင်းတဲ့ ကဗျာတိုကဗျာစတွေလည်း သူ့အခန်းထဲမှာရှိတက်တယ်..။ ဒါကိုတော့ အကာ ကသိနေတယ်။ ဘယ်သူ့လက်ချက်လဲဆိုတာလဲ စဉ်းစားတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ သူတို့ဗလီကြီးထဲ ညစ်ညမ်းတာတွေဆို ဘာမှ မရှိစေချင်ဘူး။ တီဗွီလည်းမကြည့်ရဘူး ရှိလည်းမရှိခဲ့ဘူး။ ဒါကြောင့် အမေရိကန်က လကမ္ဘာကို ရောက်နိုင်တဲ့ သတင်းကို ခိုးကြည့်ခဲ့ကြရတဲ့အဖြစ်..။ ကာကာ ဟောတဲ့ တရားတွေထဲမှာ ( ရှား) အစိုးရ မကောင်းတာတွေ အမေရိကန် လူလည်ဗိုလ်ကျ စိုးမိုးပြီး အစ္စလာမ်ဘာသာကို စိန်ခေါ်နေတာတွေ ပါတက်တယ်။ ဒါကြောင့် လက်ရှိ ရှားအစိုးရနဲ့ အမေရိကန်တွေကို တိုက်ထုတ်ရမယ်ဆိုတဲ့ အတွေးအခေါ်တွေ ရှိတယ်။ လူတွေကလည်း ကြိုက်တယ်။ နားထောင်ကြတာပဲ။ ဒီထဲမှာ ထောက်လှမ်းရေးတွေ ပုလိပ်တွေ ပါတယ်။ သူတို့လည်း သဘောကျတာပဲ။ အားရပါးရ တရားဟောပြီးရင် `` အလာ အလာ``ဆိုပြီး အော်တက်တယ်။ အဲဒီ အလာလို့ အော်တဲ့ထဲမှာ အများကြီး အဓိပ္ပါတယ်တွေ ပါသွားတယ်ဆိုတာ အားလုံးသိကြတယ်။ မိန်းမတွေကလည်း ကာကာတရားပေးတာ သိပ်သဘောကျသလို ဘယ်လိုရေမွေးသုံးသလဲဆိုတာမျိုးအထိ စိတ်ဝင်စားတက်ကြသေး တယ်။ တနေ့တော့ ကာကာကိုယ်တိုင် ဦးဆောင်ပြီး ဆန္ဒပြလေတော့တယ်။ ရဲရော စစ်တပ်ရောဝိုင်းထားတယ်။ စစ်တပ်ကလည်း တကယ်ပစ်မှာ။ ရဲတွေက ကာကာ လူတွေကို အစိုးရ ဆန့်ကျင်ရေး လှုံ့ဆော်နေတယ်ဆိုတာ သိတယ်။ အခုလို စိန်ခေါ်ပွဲ ( ဆန္ဒပြပွဲ)တွေအထိ လုပ်လာလိမ်မယ်လို့ မထင်ခဲ့ဘူး။ အခုတော့ သူ့ကို ဖမ်းဖို့ဆီးဖို့ ဖြစ်လာခဲ့တယ်။ အကာ လည်း လန့်သွားတယ်။ စိတ်ဆိုးတယ်။ သူ့ကို လူကြီးတယောက်အနေနဲ့ ဘာလုပ်မယ်ဆိုတာ ကြိုပြောသင့်တယ်လို့ သူမြင်တယ်။ အခုတော့ ဝရုန်းသုန်းကား ဗလီက တရားဟောဆရာ ဦးဆောင်တဲ့ အစိုးရပုန်ကန်မှုာတွေ ဖြစ်ခဲ့ရတယ်။ ဒါပေမယ့်လည်း ကာကာကို အကာအကွယ်ပေးဖို့ လိုအပ်လာခဲ့ပြီ။ သူ စိတ်ညစ်စွာ ပူပန်စွာပဲ တူဖြစ်သူ ရှဘာနဲ့ ညီအစ်ကို တွေ တိုင်ပင်ပြီး ကာကာကို ကာကွယ်ပေးရတယ်။ ရဲတွေလည်း အများကြီးဝိုင်းထားတယ်။ ကာကာကို ဝင်ရှာတယ်။ အကာတို့အဖေခေတ်ကဆို ရဲတွေက ဗလီကြီးကလူတွေကို သိပ်ရိုသေလေးစားခဲ့ရတယ်။ ရဲတွေကို ဖိနပ်မချွတ် ဦးထုပ်မချွတ်ပဲ ဗလီကြီးထဲ ပေးမဝင်ဘူး။ အကာ မြို့ဝင်ကို ဖုန်းခေါ်တယ်။ ကာကာ လွတ်သွားအောင် မနက်ဗလီတက်ချိန်မှာ နယ်ဘက်ကို အရောက်ပို့ပေးနိုင်ခဲ့တယ်။ ဒါနဲ့ပဲ ကာကာ ( ဆန်ဂျမ်း) ဆိုတဲ့အရပ်ကနေ ပျောက်သွားခဲ့တယ်။

သူ့မိန်းမ (ဆာဒစ်) လည်း ကလေး တယောက်ရခဲ့ပြီ.. ကာကာလည်း ပြန်မလာနိုင်တော့ဘူး။ ကလေးလေးက ပုံမှန်လိုမျိုးမဟုတ်ဘူး။ အမည်က (လီဇတ် ) လို့ပေးထားတယ်။ အိမ်ထဲမှာဆိုရင် မူဆန်ဆီသွားလိုက် သူခင်တဲ့တခြားသူတွေဆီနောက်ကပ်လိုက်နဲ့ မျောက်တကောင်လို ခုန်ကူးသွားလာနေတက်တယ်။ သူ့လှုပ်ရှားမှုက သိပ်မြန်တယ်။

ကွယ်လွန်သွားတဲ့ အယ်ဆာဘာရီ မိန်းမ ( ဇီးနတ် ) လည်း စိတ်ညစ်တယ်။ သူ့မှာ ဘာသြဇာမှ မရှိဘူး.. တအိမ်လုံးမှာ သြဇာအရှိဆုံးက အကာ ရယ် သူ့မိန်းမပဲ။ ယောကျာ်းရှိစဉ်တုန်းကလည်း ဘာအကြင်နာမှ မရခဲ့ဘူး။ သားမွေးပြီးကတည်းက သူ့နားကို ကပ်ကိုမကပ်ခဲ့တာ။ သေဆုံးသွားတဲ့အထိပဲ။ ပျော်ရွင်မှုတွေ ပျောက်နေတဲ့ ဇီးနတ် ကြိမ်းတယ်။ တနေ့ သူသြဇာရှိလာရမယ်လို့ပေါ့။ ဖြစ်ချင်တော့ ကာကာ ထွက်ပြေးပုန်းခို သွားတဲ့နောက် တရားဟောဆရာ လိုလာပြန်တယ်။ ဒီတော့ တရားဟောဆရာ အသစ် ထပ်ရောက်လာတယ်။ သူက တောဘက်က ရိုးသားတယ် ဟောတက်သလိုဟောတယ်။ အဲ သူဟောတဲ့ထဲမှာလည်း တခါတရံ အစိုးရကို ပုတ်ခတ်တာလေးဘာလေး ပါတက်တယ်။ မဆိုးဘူးလို့ ဆိုရမယ်။ တရားဟောဆရာအသစ်နဲ့ ဇီးနတ် မကြာခဏ မျက်လုံးချင်းဆုံမိတယ်။ သိချင်တာလေးတွေ သွားမေးတယ်။ တရားဟော ဆရာမှာက မိသားစုရှိတယ်။ တနေ့တော့ တရားဟော ဆရာက ဒီလိုမေးတယ် `````` ( ) က ```````` ဖြေတော့ အကြင်လင်မယား မဟုတ်တောင် တိတ်တိတ်လေး အတူအိပ်တဲ့ အဆင့်မှာရှိနေကြပြီပေါ့။ နှစ်ဦးနှစ်ဘက် သဘောတူချက်နဲ့ပေါ့။ ဒါကို ဗလီအိမ်ကြီး တခုလုံး ဘယ်သူမှ မသိဘူး။ အကာ တရက် မင်္သကာလို့ လိုက်ကြည့်ရင်း မတော်တရော်တွေတွေ့လို့ တရားဟောဆရာသစ်ကို မောင်းထုတ်ပစ်လိုက်တယ်။ ဒီတရားဟောဆရာကြီးလည်း သိပ်မကြာလိုက်ရပဲ အထုပ်ပိုက်ကာ တောကိုပြန်သွားခဲ့ရတာပေါ့။

ဆက်ပါဦးမည်..

မဗေဒါ
24.06.2011

ဆက်ဖတ်ကြည့်ပါဦးနော်....

Monday, April 4, 2011

အမေတွေအသဲကွဲတဲ့မြေ - ၆၆ နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်





ကျွန်မတို့ မြန်မာအမျိုးသမီးအဖွဲ့ချုပ်ကနေ ရုပ်ရှင်တကား တင်ပါတော့မယ်... ဟောလီးဝုဒ်က ထုတ်တဲ့ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ လူဆိုးဗိုလ်ကြီးပါဝင်တဲ့ ကားပါ..။ မသိသူတွေအတွက် ဘယ်သူပါလဲဆိုတာ သိအောင်ကြော်ငြာပေးတာပါ..။ မဗေဒါက မင်းသမီး မလုပ်ရလည်း ကိုယ့်မြေကိုယ့်ရေပေါ်မှာ ဖြစ်နေတဲ့ အသည်းကွဲရတဲ့ ဇာတ်လမ်းလေးကို ဘယ်သူတွေ သရုပ်ဆောင်ဆောင် ကြည့်ချင်ပါတယ်.. ဒါကြောင့် ဘယ်သူမှ မကြော်ငြာခိုင်းလည်း ဝါသနာကြောင့် ဝိုင်းကြော်ငြာပေးရင်း မကြာမီမျှော်..ပါ။ ပြီးတော့ ဝိုင်းအသည်းကွဲ ကြေကွဲကြတာပေါ့...။

ပြည်သူချစ်သော မြန်မာ့တပ်မတော်ကြီး ဖြစ်ပါစေလို့ မကြည့်ခင်ကတည်းကနေ ကြိုပြီးတော့လည်း ဆုတောင်းပါတယ်..။

မဗေဒါ
၀၄.၀၄.၂၀၁၁

အောက်ပိုဒ်

ဆက်ဖတ်ကြည့်ပါဦးနော်....

Wednesday, December 22, 2010

စိတ်ဝင်စားစရာ အက္ခရာ လေးတွေ



(1)The most selfish one-letter word is' I' . Avoid it.
အက္ခရာတစ်လုံးတည်းရှိတဲ့ တကိုယ်ကောင်းအဆန်ဆုံးစကားလုံးကတော့
ငါ´ ပါ။ အဲဒါကို ရှောင်ကျဉ်ပါ ... တဲ့။

(2)The most satisfying two-letter word is' We ' . Use it.
အက္ခရာ နှစ်လုံးပါတဲ့ စိတ်ကျေနပ်စရာအကောင်းဆုံး စကားလုံးကတော့ `ငါတို့´ ပါ။ အဲဒါကို အသုံးပြုပါ တဲ့။

(3)The most poisonous three-letter word is' Ego ' . Kill it.
အက္ခရာသုံးလုံးနဲ့ဖွဲ့စည်းထားတဲ့ အဆိပ်အပြင်းဆုံးစကားလုံးဟာ `အတ္တ´ ပါ။ အဲဒါကို သတ်ပစ်ပါ။

(4)The most used four-letter word is' Love ' . Value it.
အက္ခရာလေးလုံးပါတဲ့ လူသုံးအများဆုံးစကားလုံးကတော့ `ချစ်ခြင်းမေတ္တာ´
ပါ။ အဲဒါကို တန်ဖိုးထားပါ။

(5)The most pleasing five-letter word is' Smile '. Keep it.
အက္ခရာငါးလုံးပါတဲ့ ကြည်နူးစရာအကောင်းဆုံးစကားလုံးကတော့ `အပြုံး´ ပါ။
အဲဒါကို ဆောင်ထားပါ တဲ့။

(6)The fastest spreading six-letter word is' Rumour '. Ignore it.
အက္ခရာခြောက်လုံးပါပြီး အလျင်မြန်ဆုံးပျံ့နှံ့လွယ်တဲ့စကားလုံးကတော့ `ကောလဟာလ´ ပါ။ အဲဒါကို လျစ်လျှူရှုပါ တဲ့။

(7)The hardest working seven-letter word is' Success'. Achieve it.
အက္ခရာခုနှစ်လုံးနဲ့ဖွဲ့စည်းထားပြီး အပြင်းထန်ဆုံးကြိုးစားရယူရတဲ့စကားလုံးကတော့ `အောင်မြင်မှု´ ပါ။ အဲဒါကို အရယူပါ တဲ့။

(8)The most troublesome eight-letter word is ' Jealousy'. Distance it.
အက္ခရာရှစ်လုံးနဲ့ဖွဲ့စည်းထားတဲ့ ဒုက္ခအပေးဆုံးစကားလုံးကတော့
`မနာလိုဝန်တိုမှု´ ပါ။ အဲဒါကို ဝေးဝေးရှောင်ပါ တဲ့။

(9)The most powerful nine-letter word is ' Knowledge'. Acquire it.
အက္ခရာကိုးလုံးနဲ့တည်ဆောက်ထားတဲ့ အင်အားအရှိဆုံးစကားလုံးကတော့
`အသိပညာဗဟုသုတ´ ပါ။ အဲဒါကို ကြိုးစားရယူပါ တဲ့။

(10)The most essential ten-letter word is ' Confidence'. Build it.
အက္ခရာဆယ်လုံးနဲ့ဖွဲ့စည်းထားတဲ့ မရှိမဖြစ်အလိုအပ်ဆုံးစကားလုံးကတော့
`ယုံကြည်မှု´ ပါ။ အဲဒါကို တည်ဆောက်ယူပါ တဲ့။

မေးလ်က ရတာကို မျှဝေပါတယ်...လေ့ကျင့်ကြည့်ရအောင်ပါ... ။

မဗေဒါ (၈၈)
၂၂.၁၂.၂၀၁၀

ဆက်ဖတ်ကြည့်ပါဦးနော်....

Tuesday, October 19, 2010

စိတ်ဓါတ်ခွန်အားပေးစွမ်းတဲ့အမေ (ကမ္ဘာစိုးမင်း)


အမေ...နေကောင်းပါရဲ့လား အမေ...

ခြံနံပတ် ၅၄ ကို

အမေ့လက်နဲ့ ကိုယ်တိုင်ဖွင့်မယ့်တနေ့ကို

တက္ကသိုလ်ရိပ်သာက သစ္စာတော်မပျက်

စောင့်နေဆဲပါ အမေ...



ရှိပါတယ်အမေ...

ကျွန်တော့်သူငယ်ချင်းတွေလည်း ရှိပါသေးတယ်...

သူတို့လည်း နေကောင်းကြပါရဲ့



တချို့ကတော့

နိုင်ငံသားပြောင်းလဲခံယူရင်း

မြန်မာပြည်ကို ချစ်နေကြတုန်းပဲ အမေ

ဇာတိမြေကို အလည်အပတ်ပြန်တိုင်း

“အရင်အတိုင်းပဲနော်” လို့

ဝတ်ကျေတန်းကျေနှုတ်ဆက်

ဈေးဝယ်မပျက်ကြပါဘူး

တချို့ကတော့

ဒုက္ခသည်ယောင်ဆောင်ရင်း

(သူတို့အရေးအတွက်) ဒို့အရေး ဒို့အရေးနဲ့

နယူးယောက်ကနေ

အမေ့ လွတ်မြောက်ရေး ကြိုးပမ်းနေကြပါသတဲ့။



အမေ့ပါတီလည်း ရှိပါသေးတယ် အမေ...

တချို့က မဲဆွယ်တုန်းမှာ တချို့က မဲမပေးဖို့ပြော

ပါတီဖျက်သိမ်းခိုင်းကာမှ မွေးနေ့ပွဲလုပ်နဲ့

ကြေညာချက်မထုတ်တော့တာကလွဲရင်

အရင်လို ခမ်းခမ်းနားနားပါပဲ အမေ...



ရန်ကုန်ကတော့ ခြူချာရှာတယ်အမေ...

ဦးနှောက်ယိုစီးမှုကို ကုစားတုန်း အေအိုင်ဒီအက်စ်ဖြစ်

မီးစက်မောင်းသံတွေကြားက “စခန်းခဏလိုက်ခဲ့ပါ” ခေါ်လိုခေါ်

ဆယ်တန်းသမားတွေက အနှိပ်ခန်းမှာစာကျက်

တချို့က ထမင်းမချက်နိုင်တော့

ထမင်းရည်ဝယ်သောက်ကြရတယ် အမေ

ဘာပဲပြောပြော အမေ

ရန်ကုန်မှာ ကျော်သူနဲ့ ထောင်မှူး

သူတို့နှစ်ဦးလောက်တော့

ဘယ်သူမှ အလုပ်မများဘူးလေ



အမေ

အမေမရှိတုန်း ကျွန်တော်တို့ နာဂစ်ကို သိသွားတယ်

ရွှေဝါရောင်၊ အီလက်ထရောနစ်ဥပဒေ၊ နယ်ခြားစောင့်တပ်၊

ရွေးကောက်ပွဲ၊ နေပြည်တော် - ဒါတွေနဲ့လည်း ရင်းနှီးသွားတယ်

အပြောင်းအလဲတွေကတော့

အများကြီးပေါ့အမေရယ်

ရန်ကုန်မှာ မွေးခဲ့တဲ့လူတွေက

နိုင်ငံခြားသားလုပ်ပြီး ပြန်လာ

ဇာတိကို ရွံရှာသလိုလိုနဲ့ပြန်ကြည့်

မချိပေမယ့် မပြောသာပါဘူး အမေ

ကျွန်တော်တို့က နိမ့်ပါးချိန်ကို။



အမေ

ကျွန်တော်တို့ တိုက်ပွဲမှာ

ခဏခဏကျဆုံးပေးနေရတာက

ပြက္ခဒိန်စာရွက်တွေပါ အမေ

ဟောတစ်ရွက် ဟောတစ်ရွက်နဲ့

ဆုတ်ဖြဲပစ်နေလိုက်ကြတာ ...

အဲဒါ ရက်ရာဇာတွေချည်းပဲဆိုတာ

ကျွန်တော်တို့ အသိနောက်ကျခဲ့ပါတယ် အမေ



အမေ

ပြောကြည့်ပါရစေ

ကျွန်တော်မျှော်လင့်နေတာကလေ

ဒီမိုကရေစီလည်း ဟုတ်ချင်မှဟုတ်မယ်

ငြိမ်းချမ်းရေးလည်း ပါချင်မှပါမယ်

အစည်းအဝေးလည်း တက်ချင်မှတက်ရပါလိမ့်မယ် အမေ

ဒါပေမယ့်

နိုင်ငံသားတွေ နိုင်ငံခြားသား ဖြစ်စရာမလိုတော့တဲ့နေ့

ဒုက္ခသည်တွေ ဒုက္ခသယ်စရာမလိုတော့တဲ့နေ့

နှစ်ယောက်ရှိရင် သုံးဖွဲ့မကွဲတော့တဲ့နေ့

ပညာတတ်ရင် ထမင်းမငတ်တဲ့နေ့

အရောင်မတူတာကို ရန်သူလို့ မသတ်မှတ်တဲ့နေ့

အဲဒီနေ့ကိုပါ အမေ



ကျွန်တော်လဲသွားရင် အမေထူပေးပါ

အမေ့အားနဲ့ မနေမနားကြိုစားစမ်းပါ့မယ်

ကျွန်တော်တို့အားလုံး ရန်ကုန်မှာ ပြန်ဆုံကြဖို့လေ။

ကျွန်တော်တို့အားလုံး ဒီမိုကရေစီနိုင်ငံတော်ကို ထူထောင်ကြဖို့လေ။


(ကမ္ဘာစိုးမင်း)

မေးထဲမှာလက်ခံရတာပါ.. သဘောကျလွန်းလို့ တင်ပေးပါတယ်..။ မျှဝေခံစားကြနိုင်ပါစေလို့..

မဗေဒါ (၈၈)
၁၉.၁၀.၂၀၁၀

ဆက်ဖတ်ကြည့်ပါဦးနော်....

Friday, October 15, 2010

မှားတဲ့ဘက်မှာ


ဘာရယ်ညာရယ် မဟုတ်.. အလုပ်မရှိ အလုပ်ရှာပြီး.. စာနဲနဲရေးချင်ပါတယ်.. ကိုယ်သဘောကျတဲ့ စာသားများကိုပါ..။ လူတွေမှာ ကိုယ်သိပ်နှစ်သက် သဘောကျတဲ့ သူတွေ ရှိတက်တယ်မလား.. မဗေဒါ အရမ်းသဘောကျတဲ့ မြန်မာပြည်က ဒိတ်ဒိတ်ကြဲ.. ဆရာကြီး (မ/ကျား.. ဆရာကြီးဆိုရင် ကျားတွေချည်းပဲ ထင်နေမှာစိုးလို့.. လူသား ၂ မျိုးလုံးကို ရည်ရွယ်ကြောင်း .. ) တွေ ရှိပါတယ်.. ။ အဲဒီထဲက တယောက်က တော့.. သီချင်းလည်း ရေးတယ်… ဆိုလည်းဆိုခဲ့ဖူးသေးတယ်.. နောက် ဂစ်တာတီးတာလည်း နိုင်ငံခြားက သူတွေတောင် သဘောကျခဲ့တဲ့ နာမည်ကျော် ဆရာကြီး.. စောဘွဲ့မှူး..။ သူရေးခဲ့တဲ့ သီချင်းတပုဒ်ကို အခု ရေးချင်တာနဲ့… သီချင်း လိုက်ဟစ်ရင်း အပျင်းပြေ .. ပျော်ကြတာပေါ့နော်...။ သိပ်တော်တဲ့ ဆရာ တယောက် ကောင်းရာ ဘုံမှာ ရောက်ပါစေလို့ တပါတည်း ဆုတောင်းပါတယ်..။ မြန်မာပြည်သား တော်တော်များများ.. သဘောကျခဲ့တဲ့ သီချင်းတပုဒ် ဖြစ်မယ်လို့ မှန်းဆရတာပါပဲ.. …

မှားတဲ့ဘက်မှာ

ဝ လုံးလေးမှ ဝိုင်းအောင်မရေးနိုင်ခင်
ရွှေလင်ဗန်းနဲ့ ထမင်းဆီဆမ်းရယ်
အမေဆိုပြလိုက်တော့ ရွှေသားအတိပြီးတဲ့
လင်ဗန်းကြီးပဲ မက်မောကာ
ငါဟာ လောဘတက်လာတယ်..

ပုခက်တွင်းမှဆင်း
မြေကြီးပေါ်နင်းခါစ
ရွှေယုန်လေးနဲ့ ရွှေကြားပုံပြင်
အင်မတန်ကောက်ကျစ်တဲ့ ယုန်ဆိုးလေးကို သိပ်ပြီး အားကြနေခဲ့တော့
ငါဟာ ကောက်ကျစ်တက်လာတယ်

မျက်လုံးကတစ်ဖက် ကန်းနေခဲ့ပါလျက်နဲ့
ဘုရင်ကိုဖမ်းပြီး အကျဉ်းချဝံ့သူ
ငရမန်ကန်းကြီးအား
အရမ်းဂုဏ်ပြုမိတော့
တို့ကျောင်းက သမိုင်းဆရာလေးတောင်
လူပေလေးလို့ ငါ့ကိုခေါ်..

ဘိုင်စကုတ်ကြည့်တော့
လူကြမ်းကိုအံ့ကျော်ကို အလွန်တရာ နှစ်သက်တက်ခဲ့တယ်
ငါ့နံဘေးနားက ချစ်သူလေးကတောင်
တဖြည်းဖြည်း ငါ့ကိုလန့်ကာ
ကြင်နာတက်မဲ့ တစ်ယောက်ကိုရှာ

သည်လိုနဲ့ ဆန့်ကျင်ဘက် အမြင်တွေကို
သုံးသပ်ရင်း လူတွေအပေါ်
ဘယ်သူက မှားပြီး မှန်တယ်လို့
ဆုံးဖြတ်ခက်လာတယ်

အဆိုးနဲ့ အကောင်း တွဲနေတတ်တာကို
မြင်နိုင်ဖို့ လေ့ကျင့်ခဲ့တယ်
သည်အတွက် အကျိုးအမြတ်က
အများတကာ မေးငေါ့ကာ
အမြင်ကတ်လို့ မုန်းစရာဖြစ်ကာ
အရိုင်းအစိုင်း အပြစ်မြင်လာ… ။

မဗေဒါ
၁၅.၁၀.၂၀၁၀

ဆက်ဖတ်ကြည့်ပါဦးနော်....

Friday, September 24, 2010

သတ္တိရှင်လေး မဝေနှင်းပွင့်သုန်

ရဲဘော် / မိတ်ဆွေများ ။

- (၈၈)မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေး ၏ သမီးဖြစ်သူ မဝေနှင်းပွင့်သုန် က အောက်တိုဘာလ(၁၆ )ရက်နေ့မှာ ပေ(၁၆၀)အမြင့်က ခုန်ချတဲ့ နိုင်ငံရေးလှုပ်ရှားမှု ကို ပြုလုပ်မှာဖြစ်ပါတယ် ။ ရဲဘော်တို့ စိတ်ဝင်စားရင်တော့ ၀ိုင်းဝန်းအားပေးဖို့ သတင်းပေးလိုက်ပါတယ် ။ အောက်ပါလိပ်စာမှာ ကြည့်နိုင်ပါတယ် ။

http://www.bmycharity.com/V2/jumpforfreedom

- ကျနော်မလုပ်နိုင်တာကို လုပ်နေတဲ့သူတွေအတွက် ကျနော်တတ်နိုင်တဲ့ဘက်က ဒီသတင်းကို ဖြန့်ဝေလိုက်တာပါ ။

ကျောင်းသားတပ်မတော်ရဲဘော်ဟောင်းတဦး

မေးလ်မှ လက်ခံရရှိမှုကို ပြန်လည်ဖော်ပြပါသည်... သတ္တိရှင် ဝေနှင်းပွင့်သုန် ကို ဝိုင်းကူရအောင်ပါ...။

မဗေဒါ (၈၈)
အောက်ပိုဒ်

ဆက်ဖတ်ကြည့်ပါဦးနော်....

Tuesday, August 3, 2010

ဆိတ်ခေါင်းကို ချိတ်ပြီး ခွေးသားကိုရောင်းမယ့် ဒီမိုကရေစီပဲ

ဇူလိုင်လ (၉) ရက်နေ့က ထိုင်း-မြန်မာနယ်စပ် လွတ်မြောက်နယ်မြေသို့ ရောက်ရှိလာသည့် စာရေးဆရာသန်းဝင်းလှိုင်နှင့် ခေတ်ပြိုင် တွေ့ဆုံမေးမြန်းခန်း။

ဆရာသန်းဝင်းလှိုင်သည် ၁၉၇၇ ခုနှစ် နိုဝင်ဘာလထုတ် သင့်ဘ၀မဂ္ဂဇင်းပါ ‘အနာဂတ် အာကာသလွန်းပျံယာဉ်’ သိပ္ပံဆောင်းပါးဖြင့် စာပေနယ်သို့ စတင်ဝင်ရောက်ခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် ထုတ်ဝေခဲ့သော ကျောက်မျက်ရတနာ လက်ဆွဲစာအုပ်သည် ပထမဆုံး လုံးချင်းစာအုပ်ဖြစ်ပြီး ဆက်လက်၍ နေမ၀င်သေးသည့် ဘုရင်များ၊ လူတိုင်းအတွက် သုတဗေဒင်၊ ရုပ်တုမှပြောသော မြန်မာ့သမိုင်းဝင် ပုဂ္ဂိုလ်ထူးများ၊ နှစ်ဆယ်ရာစု မြန်မာ့သမိုင်းကို ပြောပြနေသော နေ့ရက်များ၊ အနှစ်ချုပ် မြန်မာ့သမိုင်းအဘိဓာန်၊ နှစ်ဆယ်ရာစု အကျော်ကြားဆုံး အာရှခေါင်းဆောင်များ၊ နန်းစဉ်ရတနာနှင့် နန်းဓလေ့စာတန်းများ၊ အသုံးချ ရူပသျှတ္တရပညာ၊ နိုင်ငံတော်လုပ်ကြံမှုတရားခံ ဂဠုန်ဦးစော၏ နောက်ဆုံးနေ့ရက်များ စာအုပ်တို့ကို ရေးသားခဲ့သည်။ စာနယ်ဇင်းများတွင် ဆောင်းပါး ပုဒ်ရေ (၁,၀၀၀) ကျော် ရေးသားခဲ့ပြီး သန်းဝင်းလှိုင် ကလောင်အမည်အပြင် သိပ္ပံချစ်သူ၊ စိန်လှိုင်တင်၊ နေရဲစွမ်း၊ မောင်စစ်ပြန်၊ ပြည်ဟိန်း၊ ရွှေပြည်အောင် စသည့် ကလောင်ခွဲများဖြင့် စာနယ်ဇင်းများ၌ ရေးသားခဲ့သည်။

မေး။ ။ ဆရာ လတ်တလောထွက်လာရတဲ့ အကြောင်းအရင်းကို သိပါရစေ။

ဖြေ။ ။ လွန်ခဲ့တဲ့ (၂) နှစ်လောက်ထဲက ကျနော်ရေးခဲ့တဲ့ စာအုပ် (၁၅) အုပ်ပေါ့နော်။ အဲဒီစာအုပ်တွေ အပိတ်ခံရတယ်။ ဆိုင်းငံ့ပေါ့နော်။ ဒါပေမယ့် ကျနော်က စာပေတို့၊ ယဉ်ကျေးမှုတို့ ရေးခွင့်ရတယ်။ အဲဒါနောက်တခါ အန်အယ်လ်ဒီကနေ ထွက်ခိုင်းတယ်။ နောက်ပြီးတော့ ကန့်သတ်ထားတဲ့ နေရာကို ကျနော်တို့ စာပေးစာယူလုပ်တယ်ဆိုတာက တချက်၊ ပြီးတော့ ဒီဗွီဘီတို့ အာအက်ဖ်အေတို့နဲ့ စာပေစိစစ်ရေးနဲ့ ပတ်သက်တာကို အင်တာဗျူးလုပ်တယ်။ သူတို့က ပြည်ပအသံလွှင့်ဌာနတွေနဲ့ ဆက်သွယ်တာ နိုင်ငံတော်ကို အေးချမ်းသာယာရေးကို နှောင့်ယှက်တယ်၊ ဟန့်တားတယ်၊ ပြည်ပသတင်းဌာနတွေနဲ့ ဆက်ပြီးတော့ လက်ရှိစစ်အစိုးရကို အကြည်အညိုပျက်စေအောင် ပြောတယ်လို့ ယူဆတယ်။ အဲဒါကို ၀န်ကြီးအမိန့်နဲ့ အကုန်လုံးပိတ်လိုက်လို့ ပြောတယ်။ ပိတ်ပြီးတော့ တခါ ကုန်သည်ကြီးများ ဟိုတယ်မှာ နိုင်ငံတော်အဆင့် အစည်းအဝေးမှာ အဲဒါတခါ ထပ်တင်ပြတယ်။ အဲဒီမှာ ဒီလောက်တောင်ဖြစ်တာ ပိတ်လိုက်ကွာလို့ ၀န်ကြီးက ပြောတယ်။ ပထမတော့ ကျနော် ကလောင်ခွဲတွေနဲ့ ရေးတယ်။ နောက်တော့ ကလောင်ခွဲလည်း မရတော့။ အမျိုးသမီးနာမည်တွေနဲ့ ရေးရတယ်။ လုံးချင်းစာအုပ်ကျတော့ ထုတ်ခွင့်မရဘူး။ လုံးချင်းကျတော့ အတ္ထုပ္ပတ္တိတင်တာနဲ့ ပေါ်မှာပဲ။ အဲလိုလည်း ကျနော်က မလုပ်ချင်ဘူး။ နောက်တခါ ကျနော့်ကို ဖမ်းဖို့ ပြန်လာလုပ်တယ်။ အဲဒါနဲ့ စာပေစိစစ်ရေးရယ်၊ နောက်တခြားတနေရာကနေ ပြီးတော့ ခင်ဗျားကိုတော့ ဖမ်းတော့မယ်လို့ ပြောတာနဲ့ ဒီဘက်ကို ထွက်လာခဲ့တာပါ။

မေး။ ။ ပထမတကြိမ် အဖမ်းခံရတုန်းက အကြောင်းလေး ပြောပြပါဦး။

ဖြေ။ ။ ၂၀၀၀ ခုနှစ်တုန်းကလည်း အဲလိုပဲ တခါ လာပြောဖူးတယ်။ အက်စ်ဘီနဲ့ ရင်းနှီးတဲ့ ကျနော့်သူငယ်ချင်းက လာပြောတာ။ အမှန်တော့ ကျနော်ကို ဖမ်းစရာ အကြောင်းမရှိဘူး။ “ရုပ်တုမှပြောသော မြန်မာ့သမိုင်းဝင် ပုဂ္ဂိုလ်ထူးများ” ဆိုတဲ့စာအုပ်က တရားဝင် ရေးပြီး ထုတ်ထားတာ။ ဒါကို ပတ္တမြားငမောက်စာပေကနေပြီးတော့ ခိုးရိုက်တာ။ ဒါလည်းမရဘူး ခင်ဗျားကို ဖမ်းတော့မယ်။ ခင်ဗျား ပြေးလို့ရပြီ။ ဖမ်းမယ့်နေ့ ဇွန်လ (၁၉) ရက်နေ့ကျတော့ ရာအိမ်မှူးက လာပြောတယ်။ ကျနော်က တရားဥပဒေကို ကျနော်ယုံကြည်တယ်ဆိုပြီး ကျနော် ရင်ဆိုင်လိုက်တယ်။ အဲ့ဒါ စာအုပ်ခိုးရိုက်တဲ့ ပတ္တမြားငမောက်စာပေကို မဖမ်းဘဲနဲ့ ကျနော့်ကို လာဖမ်းပြီးတော့ ထောင် (၇) နှစ် ချလိုက်တယ်။

အဲဒီခိုးရိုက်တဲ့ စာအုပ်က ကျနော် အရင်ထုတ်ထားတဲ့ အတိုင်းပဲ။ အရင်တုန်းက မြန်မာပြည်သားစာပေက ထုတ်တာ။ အဲဒါကို ၏ သည်မရွေး ပြန်ရိုက်တာဖြစ်တယ်။ အဲဒီမှာ ကလျာပုံနှိပ်တိုက်လည်း အချောင်အဖမ်းခံရသေးတယ်။ သူတို့နာမည် တတ်ထားတာကိုး။ မူရင်းအတိုင်း ချွတ်စွပ်ပြန်ရိုက်တာဖြစ်တယ်။ စိစစ်ရေးမတင်ဘဲနဲ့ လုပ်တယ်။ ကျနော်လည်း ပိုက်ဆံရတာ မဟုတ်ဘူး။ သူ့အိမ်ကနေပဲ ပလိပ်ပြားတွေ ဘာတွေ မိတယ်။ အသီးသီးကလည်း လာပြီးထွက်ဆိုတယ်။ ကျနော့်ကို မသိဘူးတဲ့။ ပတ္တမြားငမောက်စာပေကနေပဲ တဆင့်ဖြန့်တာဖြစ်တယ်။ စာအုပ် (၅၀၀) မိတယ်။ ပြီးတော့ ကျနော့်အိမ်ကို ရှာတယ်။ ဘာမှ မတွေ့တော့ ခင်ဗျား မူလရေးတဲ့ စာအုပ်ကိုပဲ ထုတ်ပြပါဆိုတာနဲ့ ကျနော်က ပေးလိုက်တယ်။ အဲဒီနောက် ကျနော့်ကို ဘာမှ အယူခံမလုပ်ဘဲ၊ နောက်တခုက တရားရုံးက အလံတိုင်တွေ ဘာတွေရှိတာလည်း မဟုတ်ဘူး။ အဲဒီအလံတိုင် အဟောင်းတွေထားတဲ့ အခန်းကျဉ်းကျဉ်းလေးထဲ ခေါ်သွားတယ်။ တရားသူကြီးကိုလည်း ခေါ်လာတယ်။ ခုံလည်းမရှိဘူး။ တရားသူကြီးလည်း ထိုင်လို့မရဘူး။ ကျနော်လည်း ထိုင်လို့မရဘူး။ ကျနော့်ကို လက်ထိတ်လည်း မဖြုတ်ဘူး။ ခဏလေးပါပဲ စာပဲဖတ်ပြမယ်ဆိုပြီးတော့ စာဖတ်ပြီး ကျနော့်ကို ထောင် (၇) နှစ်ချလိုက်တယ်။ ခင်ဗျား အယူခံဝင်ချင်ဝင်ပါတဲ့။ သူတို့က ချခိုင်းလို့ ကျနော်က ချလိုက်ရတာလို့ ပြောတယ်။ တရားမျှတလား၊ မမျှတလားဆိုတာကိုတော့ ခင်ဗျားထွက်လာမှ လုပ်ပါတဲ့။ အဲ့ဒါနဲ့ အင်းစိန်မှာ (၁) နှစ်နေရတယ်။ (၅) နှစ်နဲ့ (၈) လကိုတော့ သာယာဝတီထောင်မှာ နေရတယ်။ အားလုံးပေါင်း (၆) နှစ်နဲ့ (၈) လ နေရတယ်။ ၂၀၀၀ ခုနှစ် ဇွန်လမှာ ကျပြီး ၂၀၀၇ ဇန်န၀ါရီလမှာ ပြန်လွှတ်ပေးတယ်။

မေး။ ။ ဆရာ့ကို သူတို့ဖမ်းတာက စာအုပ်ခိုးရိုက်တဲ့ ကိစ္စလား။

ဖြေ။ ။ ပထမဟာက (၅) ညရယ်၊ (၁၇) ၂၀ ရယ်၊ နိုင်ငံရေးအမှုနဲ့ နွယ်ပြီး ဖမ်းတာ။ နိုင်ငံရေးနဲ့ နွယ်တာက ဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်းနှီးတယ်ပေါ့။ နောက် ကျနော်က ရွေးကောက်ပွဲ ၀င်ဖူးတယ်။ ကျနော်က အမျိုးသားပြန်လည်တည်ဆောက်ရေး ဒီမိုကရေစီတပ်ပေါင်းစုကဖြစ်တယ်။ သင်္ဃန်းကျွန်းမြို့နယ်မှာ တိုင်းစည်းအဖွဲ့ဝင် လုပ်တယ်။ နောက်တခု သူတို့မဲတာက ရတနာဂုဏ်ရည်ကျောင်းမှာ ရွေးကောက်ပွဲဝင်ရွေးတဲ့ လူတွေကို ဘုန်းကြီးက ဆွမ်းကျွေးပြီးတော့ ရွေးကောက်ပွဲပြီး အလွန်ကာလမှာ စစ်အစိုးရက အာဏာမအပ်ဘူး၊ အဲဒါကို စည်းလုံးညီညွတ်စွာနဲ့ ကျနော်တို့က ဘယ်လိုတိုက်ယူမလဲဆိုပြီးတော့ လုပ်တာကို သူတို့က တေးထားတယ်။ အကြောင်းရှာလိုက်တော့ ဒီဟာသွားတွေ့တော့ လုပ်ချလိုက်တာ။ အဲဒီဘုန်းကြီးလည်း လူထွက်လိုက်တယ်။ လူမသိသူမသိနဲ့ဘဲ ဆုံးသွားတယ်။

မေး။ ။ အဲဒါကို အရေးယူချင်တော့ တရားမ၀င် စာအုပ်ခိုးရိုက်မှုနဲ့ ဆွဲလိုက်တာလား။

ဖြေ။ ။ ဟုတ်တယ်။ ရိုက်တာလည်း ကိုယ်ရိုက်တာမဟုတ်ဘူး။ တယောက်က ရိုက်ပြီးတော့ တရားရုံးကျတော့ သူအမိန့်ပေးလို့ ရိုက်ပါတယ်ဆိုပြီးတော့ ဒါဆိုရင် တရားသူကြီးက အဲလိုအမိန့်ပေးလို့ ရိုက်တယ်ဆိုရင် ဘောင်ဝင်လားတဲ့။ ဦးကြည်ဌေးက ခိုးရိုက်တာ၊ ကျနော် အဲဒီအတိုင်းပဲပြောတယ်။ တကယ်လို့ ကျနော်က မမှန်မကန်ပြောရင် သူက ကျနော့်ကို အသရေဖျက်မှုနဲ့ တရားစွဲမှာဖြစ်တယ်။ ဒါပေမယ့် သူ့ပုံနှိပ်တိုက်တွေကိုတော့ ဘာမှမသိမ်းဘူး။ နောက်ပြီး သူက စာအုပ်ထုတ်တာ ဆယ်နှစ်ရှိပြီ။ စာမူတခုကို ခွင့်ပြုချက်မရဘဲနဲ့ ရိုက်ခွင့်မရတာ သူသိတယ်။ နောက်စာအုပ်တွေလည်း တလကို သုံးအုပ်လောက် ထုတ်နေတယ်။ ဒီစာအုပ်ကိုတော့ ခိုးရိုက်ပြီး သတင်းစာမှာ ကြေညာလိုက်တာ။ အဲဒါကို ဗိုလ်မှူးကြီး တင်လှိုင်က အဲဒီစာအုပ်ကို ငါ့ကို ဘာလို့ လက်ဆောင်မပေးတာလဲဆိုပြီးတော့ လိုက်ရှာရင်းနဲ့ ပြဿနာက စတာ။ နောက်တော့ ပြန်ကြားရေးဝန်ကြီး အမိန့်နဲ့ပဲ ကျနော့်ကို ဖမ်းလိုက်တယ်။ သူ့ကိုတော့ လွှတ်လိုက်ပြီး ကျနော့်ကိုကျတော့ (၇) နှစ် ချလိုက်တယ်။

မေး။ ။ ထောင်တွင်းမှာ နေခဲ့ရတဲ့အချိန်မှာ လူ့အခွင့်အရေးအခြေအနေနဲ့ ပတ်သက်ပြီးတော့ ဆရာရဲ့အမြင်ဘယ်လိုရှိလဲ။

ဖြေ။ ။ အဲဒီမှာ ဆိုင်းဘုတ်ကြီးကတော့ ပြည်ထောင်စုစိတ်ဓာတ်ကို မွေး၍ ကိုလိုနီစရိုက်ကို ဖျောက်ဆိုပြီးရေးထားတယ်။ တကယ်ကတော့ ပြောင်းပြန်ပေါ့။ အထဲမှာ အကျဉ်းသားအခွင့်အရေးဆိုတာ ဘာမှမရှိဘူး။ ခွေးလို ၀က်လိုပဲ ကျွေးတယ်၊ ထားတယ်။ ကျနော့်ကို ဖမ်းတုန်းက (၅) ညရယ်၊ (၁၇) ၂၀ ရယ်၊ တရားရုံးကျတော့ အဲဒါတွေကို ဖြုတ်လိုက်တယ်။ ကျနော့်ကို ပုံနှိပ် (၂၀) ဥပဒေနဲ့ ထောင်ချလိုက်တာဖြစ်တယ်။ သာယာဝတီထောင်မှာ (၂) နှစ်ပြည့်တော့ ထောက်လှမ်းရေးက ကျနော့်ကို အချက်သုံးချက် လာမေးတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လိုမြင်သလဲလို့ မေးတယ်။ ကျနော်က ဒေါ်အောင်ဆန်းစုကြည်ဟာ အသက်အရွယ်နဲ့ ပညာပြည့်စုံတယ်။ နိုင်ငံရေးအတွေ့အကြုံ အားနည်းကောင်းနည်းမယ်။ ဒါပေမယ့် ဘယ်ဟာအကောင်းဆုံးလဲ ဆိုတာကို ရွေးတတ်တယ်။ သူက နိုင်ငံခြားသားကို ယူတယ်မဟုတ်လားလို့ မေးတယ်။ အဲဒါတွေကို ကျနော်မသိဘူး။ အိန္ဒိယက ရာဂျစ်ဂန္ဒီရဲ့ မိန်းမဟာ အီတလီသူ၊ နောက်ပြီး သီဟာနု မိန်းမဟာ ပြင်သစ်သူ၊ ဂျော်ဒန်ဘုရင်ဟူစိန်က အမေရိကန်သူကို ယူထားတာ၊ သူ့ရဲ့ပုဂ္ဂလိက ခံစားချက်နဲ့ သူ့ရဲ့ အိမ်ထောင်ရေးကို မတိုင်းတာနဲ့။ နိုင်ငံနဲ့ လူမျိုးအတွက် ဘယ်လောက်အနစ်နာခံလဲ။ သစ္စာရှိလဲ။ အဲဒါနဲ့ပဲ ကျနော်တို့က တိုင်းတာတယ်။ သူလုပ်သမျှ ကျနော်တို့အတွက် ယူဆပြီးတော့ ထောက်ခံတယ်။ အဲဒါဆို ခင်ဗျားက ဘာရည်ရွယ်ချက်နဲ့ ရွေးကောက်ပွဲဝင်တာလဲလို့ မေးတယ်။ ၀င်တာကတော့ ဒီရွေးကောက်ပွဲဟာ ၈၈ ဒီမိုကရေစီအရေးတော်ပုံရဲ့အဆက် နောက်ဆုံးဇာတ်သိမ်းပိုင်းလို့ ယူဆပြီး ၀င်တာဖြစ်တယ်။

နောက်တခါ တပ်မတော်ကို ဘယ်လိုမြင်လဲလို့ မေးတယ်။ ကျနော်က တပ်မတော်ကို မလိုအပ်တဲ့နေရာမှာ မထားပါဘူး။ ကျနော်ကိုယ်တိုင်ကလည်း တချိန်က တပ်မတော်သားဖြစ်တယ်။ ဒါပေမယ့် တီကောင်ကို ပျားရည်ဖွဲ့ခိုင်းလို့မရဘူး။ ကိုယ့်အလုပ်ကိုယ်လုပ်ရင် အကောင်းဆုံးပဲ။ အဲဒီတော့ တပ်မတော်ရဲ့ မူလမြင့်မြတ်တဲ့ အလုပ်ကတော့ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးတာဝန်တွေ ထမ်းရွက်ဖို့ပဲ။ ကိုယ်နဲ့မဆိုင်တဲ့ဟာကို တိုင်းပြည် ချစ်တယ်ချစ်တယ်နဲ့ လုပ်နေရင် တိုင်းပြည်ငါးပါးမှောက်တာ အခုလည်း လက်တွေ့ပဲလို့ ကျနော် ဖြေလိုက်တယ်။ အဲဒါဆိုရင် ပြန်ထည့်လိုက်ဆိုပြီးတော့ လုပ်တော့ ကျနော် နောက်ထပ် (၄) နှစ် နေလိုက်ရတယ်။

မေး။ ။ ဆရာ ထောင်ကျတာ ဘယ်နှကြိမ်လဲ။

ဖြေ။ ။ နှစ်ခါပေါ့။ ပထမတခေါက်က ၉၀ ခုနှစ် ရွေးကောက်ပွဲကာလမှာ (၁) လခွဲ၊ နောက်ပြန်လွှတ်ပေးလိုက်တယ်။ အင်းစိန်ထောင်မှာ အချုပ်နဲ့နေရတယ်။ နောက်တခေါက်ကျတော့ ၂၀၀၀ ခုနှစ်မှာ ကျနော့်ကို (၇) နှစ်ချတယ်။ (၆) နှစ်နဲ့ (၈) လ နေခဲ့ရတယ်။

မေး။ ။ ထုတ်ဝေပြီးသား ဆရာ့စာအုပ် ဘယ်နှအုပ် ရှိပါသလဲ။

ဖြေ။ ။ ပထမ ကျနော်ထုတ်ထားတာ (၇) အုပ်ရှိတယ်။ နောက် အခု ပြန်ထွက်တဲ့အခါ (၂၃) အုပ်ပေါ့။ ဆိုတော့ (၃၀) ပေါ့နော်။ အခု ထုတ်ခွင့်မရတာ (၁၅) အုပ် ကျန်တယ်ဆိုတော့ အားလုံးပေါင်း (၄၅) အုပ်ပေါ့။ (၃၀) ပဲ ထုတ်ခွင့်ရသေးတယ်။ (၁၅) အုပ်ကို စာပေစိစစ်ရေးက ဆိုင်းငံ့ထားတယ်။ ကျနော်ရေးတဲ့ ဆောင်းပါးကတော့ (၁,၀၀၀) ကျော်ရှိတယ်။

မေး။ ။ ဆရာရေးတဲ့ စာအုပ်တော်တော်များများဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်တာ တော်တော်များများ တွေ့ရတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်ပြီး ဒီခေတ်ကြီးထဲမှာ ဘယ်လို စိတ်ခံစားမှုနဲ့ ရေးဖြစ်တာလဲ။

ဖြေ။ ။ ကျနော်တို့ တိုင်းပြည်ဟာ ဒီမိုကရေစီကိုတော့ မလွှဲမသွေသွားရမှာပဲ၊ ပါတီစုံကို သွားရမယ်။ အဲဒီ ဒီမိုကရေစီနဲ့ ပတ်သက်ပြီး ကျောင်းသားလူငယ်တွေ အများဆုံးလေ့လာရမှာက ဗိုလ်ချုပ်အောင်ဆန်းရဲ့ နိုင်ငံရေးအတွေးအခေါ်တွေပဲ။ ဗိုလ်ချုပ်ကိုယ်တိုင်က ဒီမိုကရေစီဆိုတာ ဗမာနိုင်ငံနဲ့ ဆီလျော်တယ်။ လူသားစနစ်နဲ့ ဆီလျော်တယ်။ ဒီမိုကရေစီကို အသေးစိတ် လေ့လာချင်ရင် ဗိုလ်ချုပ်မိန့်ခွန်းတွေထဲမှာ ပါပြီးသား၊ ဒီမိုကရေစီတိုင်း ဒီမိုကရေစီတာမဟုတ်ဘူး။ တချို့ဆိုရင် ဒီမိုကရက်တစ် တပ်ထားတာတွေ အများကြီးပဲ။ တကယ် ဒီမိုကရေစီကျင့်သုံးတဲ့ နိုင်ငံတွေက နည်းနည်းလေးပဲ။ မြောက်ကိုရီးယားလည်း ဒီမိုကရက်တစ်လို့ တပ်ထားတာပဲ။ ဒါပေမယ့် အာဏာရှင်နိုင်ငံဖြစ်တယ်။ ဒီမှာလည်း ဒီလိုပဲ။ ဒီမှာလည်း ဒီမိုကရေစီဟာ ရှင်းရှင်းပြောရရင် ဆိတ်ခေါင်းကို ချိတ်ပြီး ခွေးသားရောင်းတာပဲ။ သူတို့လုပ်တဲ့ စည်းကမ်းရှိသော ဒီမိုကရေစီဆိုတာက သူတို့စစ်တပ်က ချမှတ်ထားတဲ့ ပြောတဲ့အတိုင်းနေ၊ ကျွေးတာစား၊ ခံမပြောနဲ့ အဲဒီအတိုင်းပဲ သွားမယ့် ဒီမိုကရေစီဖြစ်တယ်။ ဒါကြောင့်မို့ ကျနော်တို့ လက်မခံနိုင်ဘူး။ ကျနော်တို့လိုချင်တာ ဒီမိုကရေစီစစ်စစ်ပဲ။ ကျနော်ခံယူထားတာက အရွက်မရှိတဲ့ သစ်ပင်ဟာ အရိပ်မပေးနိုင်ဘူး။ အရိပ်မပေးနိုင်တဲ့ သစ်ပင်ကလည်း တန်ဖိုးမရှိဘူး။ ခေတ်မီတိုးတက်တဲ့ နိုင်ငံကြီး၊ ဘာညာဆိုပြီးတော့ စာပေလွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီရဲ့ အနှစ်သာရမရှိဘဲနဲ့ ဒီတိုင်းပြည်ဟာ ဘယ်တော့မှ ဒီမိုကရေစီနိုင်ငံ မထူနိုင်ဘူးလို့ ယုံကြည်တယ်။ ဟိုမှာ ကျနော်ရေးရင် ကျနော့်အတွက် အန္တရာယ်ရှိတယ်။ ဒါပေမယ့် လက်နက်ကိုင်ထားတဲ့လူတွေကို ကြောက်တယ်ဆိုတာက မဆန်းဘူးပေါ့။ မြွေပွေး၊ မြွေဟောက်တို့ ခါးပိုက်ထဲ ပိုက်ထားရင်လည်း ကြောက်ကြမှာပဲ။ နီးရာဓား ကြောက်ရတယ်။ တကယ်ရင်ထဲကဖြစ်ပြီး ကြောက်တာမဟုတ်ဘူး။ အဲဒါကြောင့် ကျနော်က လွတ်မြောက်တဲ့နေရာမှာ ရေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ထွက်လာတာ။

မေး။ ။ ထောင်ထဲမ၀င်ခင်အချိန်နဲ့ ပြန်ထွက်လာတဲ့အချိန်မှာ စာပေစိစစ်ရေးအနေအထား တော်တော်ကွာသွားသလား။

ဖြေ။ ။ အခုနောက်ပိုင်း ပါတီတွေ ဖွဲ့ခွင့်ပေးတော့ ပါတီတွေကို တင်းကျပ်ချင်တာနဲ့ ပိုပြီးတော့ ကျပ်လာတယ်။ သူတို့မူတွေလည်း အရမ်းများလာတယ်။ ကန့်သတ်ချက်တွေ များလာတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က စစ်ဘောင်ကို အရမ်းချဲ့တာ၊ သူတို့တည်မြဲရေးပေါ့။ နိုင်လည်း သူတို့နိုင်ရမယ်။ ရှုံးရင်လည်း သူတို့နိုင်ရမယ်။ ဒီ plan ကို ချထားပြီးသားဖြစ်တယ်။ လွတ်လပ်ခွင့်က အရင် ၉၀ ခုနှစ် ရွေးကောက်ပွဲလောက်တောင် မရှိတော့ဘူး။

မေး။ ။ စာပေလွတ်လပ်ခွင့်နဲ့ ပတ်သက်တဲ့အပိုင်းကရော ဘယ်လိုရှိပါသလဲ။

ဖြေ။ ။ သူတို့က နှစ်ပိုင်းခွဲလိုက်တယ်။ သူတို့ကို ထောက်ခံတဲ့လူ။ သူတို့ဘုန်းတော်ဘွဲ့ကို ချီးကျူးရေးသားတဲ့လူကို ခွင့်ပြုမယ်။ သူတို့ကို မထောက်ခံဘူး။ ဒီမိုကရေစီကို လိုလားတဲ့အုပ်စုက ဖြစ်မယ်ဆိုရင် ဘာရေးရေး မရဘူး။ အကြောင်းအရာချင်းတူလည်း မရဘူး။ တချို့ ဖလားဝါးနယူးစ်တို့ ရန်ကုန်တိုင်းမ်တို့မှာ ထည့်နေတဲ့ သတင်းဆောင်းပါးမျိုးတွေ ကျနော်တို့ရေးရင် မရဘူး။ ထုတ်ဝေခွင့်လည်း မရဘူး။ အဲဒါမျိုး သူတို့က ခွဲထားတာ။ ကျနော်တို့မှာ လွတ်လပ်ခွင့်ဆိုတာ ဘာမှမရှိဘူး။

မေး။ ။ ဆရာ ဒီကို ထွက်လာရတဲ့ အဓိကရည်ရွယ်ချက်က ဘာပါလဲ။

ဖြေ။ ။ ကျနော့်စာအုပ်တွေ အပိတ်ခံရတယ်။ စာပေနဲ့ ရပ်တည်လို့ မရဘူး။ အဲဒီတော့ လွတ်မြောက်နယ်မြေမှာ ကျနော် လွတ်လွတ်လပ်လပ် ရေးချင်တယ်။ နောက်တခုက ပြည်သူလူထုရဲ့ မှန်ကန်တဲ့ လိုအပ်ချက်ကို တနည်းအားဖြင့် ဖြည့်စွမ်းချင်တယ်။ နောက် ဒီမိုကရေစီတိုက်ပွဲမှာ တထောင့်တနေရာကနေ စာပေအကျိုးပြုမှုလုပ်ချင်တယ်။ ဟိုမှာတော့ လုပ်လို့မရဘူး။ ထပ်လဲ အဖမ်းမခံချင်ဘူး။ ဗိုလ်ချုပ်အောင်ဆန်း ပြောသလိုပဲ။ ဗမာပြည်မှာ အစာငတ်ခံပြီးတော့လည်း နိုင်ငံရေးမလုပ်နဲ့၊ ထောင်ကျခံပြီးလည်း မလုပ်နဲ့၊ လုပ်ရင်းနဲ့ ကျသွားတာကတမျိုး၊ ဒီဟာကြီးကို ကျမယ်မှန်းသိလျက်နဲ့ လုပ်ရင် ကိုယ်ပဲ နစ်နာမယ်။ အချိန်တွေ အကျိုးမဲ့ ထောင်ထဲမှာပဲ ကုန်ဆုံးသွားမယ်။ အပြင်ထွက်လုပ်ရင် ပိုအကျိုးရှိမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ထွက်လာရတာ။

မေး။ ။ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ဆရာ ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ သူတို့လုပ်မယ့် ရွေးကောက်ပွဲဟာ ဆိတ်ခေါင်းကို ချိတ်ပြီး ခွေးသားကိုရောင်းမယ့် ဒီမိုကရေစီပဲ။ အဲဒီတော့ ဒီဥစ္စာ ခွေးသားမစားပါနဲ့လို့ ကျနော်ပြောတယ်။ စားချင်သပဆိုရင်လည်း စားကြပေါ့။ ကျနော်ကတော့ ဒီလိုပဲယူဆတယ်။ သူတို့ချထားတဲ့ ဥပဒေတွေ စည်းကမ်းတွေ ရွေးကောက်ပွဲဥပဒေတွေ ဆိုတာလည်း အပ်နဖားပေါက်ထဲကို ကုလားအုတ် ၀င်ခိုင်းသလိုပဲ။ ဘယ်လိုမှ သုံးလို့မရဘူး။

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဆရာ။ ။

(ခေတ်ပြိုင်မှ ကူးယူဖော်ပြသည်.. )

ဆက်ဖတ်ကြည့်ပါဦးနော်....