Showing posts with label စာအုပ်မိတ်ဆက်. Show all posts
Showing posts with label စာအုပ်မိတ်ဆက်. Show all posts

Thursday, March 15, 2012

အပြောင်းအလဲ လေကြောင်းထဲဝယ်


အပြောင်းအလဲ လေတွေ တိုက်ခတ်လာတဲ့အခါမှာ တချို့က ရှောင်ရှားဖို့ ကြိုးစားကြတယ် တချို့ကတော့ လေဒဏ် ရေဒဏ်ကို ခံနိုင်မဲ့ အဆောက်အအုံ လေရဟတ် လိုဟာမျိုးကြီးတွေ ကို တည်ဆောက်ကြတယ်..။

ကျွန်မတို့ပြောနေကျ စကားလေးတခွန်းပါ.. အပြောင်းအလဲက သိပ်ကောင်းတယ်..ကြည်နှူးစရာ ဆိုတာပါ..။ ဒါဟာတကယ်တော့လည်း အမြဲတမ်း မမှန်ပြန်ပါဘူး။ တကယ်လို့သာ အပြောင်းအလဲက ကိုယ်ဖြစ်ချင်တာနဲ့ ဆန့်ကျင်နေတယ် ဆိုရင် ဘယ်ပျော်ရွှင်နိုင်ကြမလဲ။ မဖြစ်ချင်တဲ့ မမျှော်လင့်တဲ့ အပြောင်းအလဲ တခုခုများ ဘဝမှာ ဖြစ်ခဲ့တယ်ဆိုရင်တော့ မပျော်ရွှင်နိုင်ကြဘူး။ ကိုယ်မဖြစ်ချင်တဲ့ ကိုယ်မမျှော်လင့်တဲ့ အပြောင်းအလဲ တခုခု ဘဝမှာ ဖြစ်ခဲ့တယ်ဆိုရင်တော့ အပြောင်းအလဲဟာ ကိုယ့်ကို ပျော်ရွှင်မှုတွေ ဆိတ်သုန်းစေတာအမှန်ပါပဲ..။ ဘယ်လိုမျိုး လဲဆိုတာ ဥပမာလေးတွေ ကြည့်ရအောင်ပါ။

လုပ်ငန်းခွင်ထဲမှာ ခေါင်းဆောင်တယောက်ကနေ ``ငါတို့လုပ်ငန်းထဲ ပြန်လည် ပြုပြင်တာတွေ ကြီးမားတဲ့လုပ်ငန်းစဉ်အပြောင်း အလဲ တခုလုပ်မယ်ဟေ့``` လို့ ပြောလိုက်တဲ့အခါမှာ အလုပ်သမားတွေက ```` ပျော်လိုက်တာ`` လို့ ပြောတာ တခါမှ ကြားဖူးမှာ မဟုတ်ပါဘူး။

ဒါမှမဟုတ် ကိုယ့်အိမ်ထောင်ဖက်က ``ငါတို့အိမ်ထောင်ရေးမှာ အပြောင်းအလဲတွေ လုပ်ရအောင် ``လို့ ပြောတဲ့အခါမှာ ကျွန်မတို့ ဘယ်လိုမှ ပျော်နိုင်မှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီအပြောင်းအလဲက ကျွန်မတို့ကို ပျော်ရွှင်မှု ဆိတ်သုန်းစေလို့ပါပဲ။ ကိုယ့်ဆန္ဒနဲ့ မကိုက်ညီတဲ့အခါ ပြောင်းလဲမှုကို လက်ခံရဖို့ ဆိုတာ မလွယ်လှပါဘူး။

ကိုယ်မလိုချင်တဲ့အရာ ကိုယ်အဆင်သင့်မဖြစ်တဲ့အခါ ကိုယ်နားမလည်တဲ့ ကိစ္စတခုမှာ အပြောင်းအလဲဟာ ကိုယ့်ကို ပျော်ရွှင်မှု မပေးနိုင်တာ အမှန်ပါ။

အပြောင်းအလဲဆိုတာကလဲ ကမ္ဘာကြီးပေါ်မှာ တဖြေးဖြေးနဲ့ ပုံမှန်လို့တောင် ဆိုလို့ရနေပါပြီ။ လူ့အဖွဲ့အစည်းထဲမှာ… လုပ်ငန်းခွင်ထဲမှာ.. ကိုယ့် မိသားစုဘဝတွေထဲမှာ..ကြီးမားတဲ့ အပြောင်းအလဲများက တန်ဖိုးများစွာရှိစေတာတွေလည်း ရှိပါတယ်။ နေရာတိုင်းမှာ အပြောင်းအလဲဆိုတာ ခပ်စိတ်စိတ်မြန်မြန်လေး အရှိန်ပြင်းစွာ ဖြစ်လာသလို တချို့နေရာကျပြန်တော့လည်း မထင်မှတ်ပဲ ထင်တာထက် ခပ်စောစောလေး ဖြစ်ပေါ်လာပြန်ပါတယ်။ လူ့အဖွဲ့အစည်းကြီးနဲ့ ကမ္ဘာပေါ်မှာ ထွန်းကားလာတဲ့ တက္ကနော်လော်ဂျီကြောင့် ခပ်မြန်မြန်လေးပဲ အပြောင်းအလဲတွေ ဖြစ်ဖြစ်လာပါတယ်။

ဥပမာအားဖြင့် လုပ်ငန်းခွင်ထဲမှာ အပြောင်းအလဲ.. ပြန်လည်နေရာချထားမှု.. နဲ့ လုပ်သားပေါင်းများ ဟာ လျော့ချမှုကြောင့် အလုပ်ပြုတ်ကျရတာမျိုးတွေ ရှိပါတယ်။

အဲသလိုပဲ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝများမှာလည်း အပြောင်းအလဲတွေ ရှိနေပါတယ်။ လင်မယားတွေ ကွဲကြတာ.. ရောဂါဘယကြောင့် အပြောင်းအလဲတွေ နဲ့ ရင်ဆိုင်ရတာ.. ဆုံးရူံးမှု တွေ .. မထင်မှတ်တဲ့ မတော်တဆ ထိခိုက်ဆုံးရူံးမှု တွေ ကြုံနေရပါတယ်။ ဒါကြောင့် ဒီလို ကြုံတွေ့လာတဲ့အခါမှာ ဘယ်လိုမျိုး ရင်ဆိုင်ဖြေရှင်းမလဲ (နေနိုင်အောင် ကြိုးစားမလဲ) ဆိုတာရယ် ပေးလာတဲ့အခြေအနေမှာ ပျော်အောင် နေတက်ဖို့ လိုပါတယ်။ ကျွန်တော်တို့အနေနဲ့ အဲဒီအပြောင်းအလဲကို စိန်ခေါ်မှုတခုအနေနဲ့ ရင်ဆိုင်လက်ခံပြီး အဲဒီအပြောင်းအလဲ လုပ်ငန်းစဉ်ကို လက်ခံဖြေရှင်းတာမျိုး လုပ်ရမယ်ဆိုပြီး ရူမြင်နိုင်တဲ့ စွမ်းပကားမျိုး ရှိရင်တော့ပိုကောင်းပါလိမ့်မယ်။ ကိုယ့်ဘဝထဲမှာပဲဖြစ်ဖြစ် လုပ်ငန်းခွင်ထဲမှာပဲဖြစ်ဖြစ် အပြောင်းအလဲတွေကို လက်ခံလိုခြင်း . ရင်ဆိုင်ကျော်ဖြတ်ရဲ နိုင်ခြင်းဆိုတဲ့ အရည်အသွေးမျိုးတွေဟာ အရေးပါတယ် ဆိုတာကို ဘဝရဲ့ အပြောင်းအလဲ နမူနာတွေထဲမှာ ပြန်စဉ်းစားရင် တွေ့မြင်နိုင်မယ်လို့ ထင်မြင်ယူဆရင်း..။

ဘာသာပြန်ထားတာပါ.. နော်ဝေးစာရေးဆရာတယောက် ရေးထားတာပါ.. သူက ဘာသာရေးဆရာပါ..။ Per Anders Nordengen ဖြစ်ပြီး စာအုပ်အမည်က Når forandring ikke fryder လို့ ခေါ်ပါတယ်.. မူရင်းဖတ်ချင်ရင် ဖတ်လို့ရအောင်ပါ..။ တချို့ပျင်းမှာစိုးလို့ ချန်ထားတာလေးတွေလည်းရှိပါတယ်..။ စာမရေးဖြစ်တာကြာပေါ့...ဘလော့ကိုလည်း အစဉ်သတိယမိတယ်..အထူးသဖြင့် ယောင်းမက မမရေ စာလည်းမရေးဘူးတဲ့..တနေ့တနေ့ မအားရတာမို့ စာရေးခြင်းကို အဆက်အသွယ်ဖြတ်ထားသလို ဖြစ်နေပါတယ်..။ စိတ်ကူးနဲ့ရေးထာတွေတော့ အများကြီးပါ.. စာလာဖတ်သူများ အားလုံးကို လေးစားလျှက်... ။

မဗေဒါ (၈၈)

၁၅.၀၃.၂၀၁၂


ဆက်ဖတ်ကြည့်ပါဦးနော်....

Saturday, July 9, 2011


အာမတ်ဟာ ထောင် ၁၀ နှစ်ချခံခဲ့ရတယ်။ ဦးလေးဖြစ်သူ အကာလည်း အကာကွယ်ပေးဖို့ကြိုးစားပေမဲ့ အချည်းနှီးဖြစ်ခဲ့သလို ဦးလေးလည်း ခိုမေနီရဲ့ အစောင့်တပ်သားတွေရဲ့ ကန်ကြောက် နှိပ်စက်ခြင်းကိုပဲ ခံခဲ့ရတယ်။ နေရာတိုင်းနေရာတိုင်းမှာ အစ္စလာမ် ယဉ်ကျေးမှုနဲ့ မကိုက်ညီတဲ့သူတွေကို အမြဲတမ်း အရေးယူ အပြစ်ပေးတာတွေ ဒါမှမဟုတ် ဖယ်ထုတ်ပစ်တာတွေ လုပ်လာတယ်။ ကိုယ်တိုင်မလုပ်တောင်မှ အမျိုးအဆွေထဲက တယောက်ယောက်က အစ္စလာမ်ကို အမည်ပျက်အောင်လုပ်ရင် မျက်နှာငယ်ရတဲ့ အခြေအနေထိ ဖြစ်လာတော့တယ်။ အာမတ်ရယ် အပြစ်ရှိတဲ့ အာမတ်ကို အကာအကွယ်ပေးတဲ့ ဖခင်ရယ်ကြောင့် အကာ သမီး ၂ယောက် ကျောင်းဆက်တက်ခွင့် ပိတ်ပင်ခံရတယ်။ ခိုမေနီ လက်ထက်မှာတော့ အစ္စလာမ် လူငယ်တွေ လူကြီးတွေ ဟာ ဘဝတွေ ထပ်ပျက်ကြရပြန်တယ်။ အကာဟာ သမီးနှစ်ယောက် တီရန်ကို သွားပြီး ဘဝသစ်ရှာဖို့ ပထမပိုင်းမှာ သဘောမတူပေမဲ့ ဇနီးသည်ရဲ့ အကြံညဏ်ကြော်င့် အဆုံးမှာ သွားခွင့်ပေးလိုက်ရတယ်။ သားဖြစ်သူလည်း ကျောင်းသွားတက်တာ ပြန်မလာပဲရှိနေတယ်။

နိုစရက် ဟာ ပြင်သစ်ပြည်ကြီးနဲ့ အလုပ်ရှိခဲ့သူ။ အီရန်နိုင်ငံထဲ အရာရာဟာပြောင်းလဲခဲ့ပြီ။ နိုစရက်လည်း သူ့ကင်မရာနဲ့ အရင်လိုပဲ အလုပ်ရူပ်နေတယ်တယ်။ သူက ဘယ်သူ့ကိုမှ ထောက်ခံတာ မဟုတ်ဘူး။ လုပ်စရာရှိတာကိုလုပ်နေခဲ့တာပါပဲ။ တခါတလေ သူ့တူဖြစ်တဲ့ ရှဘာကို ဆက်သွယ်တယ်။ လှုပ်ရှားမှုက ရလာတဲ့ ဓါတ်ပုံတွေကိုထုတ်လုပ်ခဲ့တယ်။ နိုစရက်လည်း အိမ်နဲ့ အဆက်အသွယ် မရှိခဲ့ဘူး။ ဇီးနတ် ( အာမတ်) အမေလည်း အိမ်သားတွေနဲ့ အဆက်အသွယ်မရှိဘူး။ အိမ်နဲ့ အဝင်အထွက်နည်းလာတယ်။ နောက်သူ့သား ``အာမတ်`` ကို သူလျှိုလို့ စွပ်စွဲတော့လည်း ဝင်မစွက်ဖက်သလို ဒီလို အစ္စလာမ်ကို ဖျက်လိုဖျက်ဆီး လုပ်သူတွေကို အပစ်ပေးရမယ်လို့ ယုံကြည်ခဲ့တယ်။ ဒါကြောင့် ခိုမေနီတို့ရဲ့ အားကိုးခြင်းကို ခံခဲ့ရတယ်။ ဒါမှ ``စံပြ အစ္စလာမ်အမေ`` လို့ သတ်မှတ်ပေးခြင်း ခံရတယ်။ တကယ့်အစ္စလာမ် အမျိုးသမီးတယောက်လို နေထိုင်လာသလို အစ္စလာမ်အမျိုးသမီးတွေကို အစ္စလာမ်နဲ့ တကယ်တူအောင်လုပ်ဖို့ တာဝန်ပေးခြင်းခံရတော့တယ်။ မူဆန် မျက်မမြင်တဲ့ လူလည်း ခရီးတွေ ပိုထွက်လာတယ်။ ရှဘာလည်း ကျောင်းတွေ ပိတ်ခဲ့ပေမဲ့ အိမ်ပြန်မလာဘူး။ ဒါပေမဲ့ အကာရဲ့သား ( ရဝါ့) နဲ့တော့ သူတို့၂ ယောက်ကြား အဆက်သွယ်ရှိကြတယ်။ ရှဘာက လက်ဝဲသမားတွေနဲ့ နဲနဲ ပိုနီးစပ်တယ်လို့ပြောရမယ်။ တရက်တော့ ရဝါ့ဒ်က ရှဘာကို …

`` ခိုမေနီက ပဲရစ်မှာနေတုန်းက ပေးခဲ့တဲ့ကတိရှိခဲ့တယ်နော်။ မတူတဲ့သူတွေအပေါ် သည်းခံရမယ်လို့ ။ အခုသူလည်း အာဏာရလာရော အဲဒီကတိကို သူချိုးဖောက်နေပြီဟ။ အခုတော့ လက်ဝဲယိမ်းတဲ့သူတွေကို သူ မလိုချင်တော့ဘူး. ဒါကြောင့် ငါတို့လည်း တိုးတိုးတိတ်တိတ်နဲ့ မြေအောက်ပြန်ရောက်ရတာပေါ့။ ငါတို့ ခိုမေနီကို မယုံဘူး````

နိုစရက်က ခိုမေနီနားမှာ နေခွင့်ရှိတယ်။ သူလည်းပဲ နှုတ်ခမ်းမွေးရှည်နဲ့ ဖြစ်လာပြီ။ သူက အကြံထုတ်တယ်။ ခိုမေနီကို တိုင်းပြည်ထဲမှာ ဘာတွေဖြစ်နေတယ်။ ဘာမှမတိုးတက်ဘဲ လူတွေ ဟာ ခေတ်တုံးကြီးထဲမှာ ပဲ နေနေရတယ်..မီးမရှိ လမ်းမကောင်း..ရေဒီယိုလေးမှ မပိုင်ဆိုင်နိုင် ဆိုတာကို တဘက်လှည့်နဲ့ ရုပ်ရှင်တခုကို နမူနာပြတယ်။ သူ့မှာ တိုင်းပြည်ကို ပြင်ဆင်စေချင်တဲ့ စေတနာ အရိုးခံရှိတယ်။ သူပြတဲ့ ရုပ်ရှင်က ```` နွား`` လို့ခေါ်တယ်။ ခိုမေနီကြည့်တယ်။ အဲဒီမှာ သူ့မိဘတွေ သူ့လယ်သမားလုပ်ဖော်ကိုင်ဖက်တွေကို အမှတ်ရသွားဖို့ပဲ။ ရုပ်ရှင်ကြည့်ပြီးတော့ ခိုမေနီ အာဏာနဲ့ အစ္စလာမ်ဘာသာဝင်တွေ ဒီရုပ်ရှင်ကြည့်ခွင့်ရသွားတယ်။ အကာ မိသားစုလည်း အပါအဝင်ပေါ့။ သူတို့လည်း မတူကွဲပြားတဲ့ အရပ်အသီးသီးကနေ ကြည့်ရူခံစားကြတယ်။ အကာက ကာကာသားလေး ( လီဇတ် )နဲ့ အတူကြည့်ခဲ့တယ်။ ရုပ်ရှင်အဓိကပြောချင်တာက တိုင်းပြည်ဟာ ဘာမှမပြောင်းလဲသေးဘူးဆိုတာပဲ။

`` သင်ဟာ ကွန်မြူနစ်ရဲ့ တကယ့်အမာခံပဲ..။ နင့်အမှုတွဲဟာ ငါ့လက်မောင်းစာလောက်ထူနေတယ်.. ဟယ်လီကော်ပတာကို ပစ်ထားတဲ့ ကျည်ဆံ ၃ ခုပျောက်ဆုံးနေတာကိုလဲတွေ့ရတယ်.. ပြောရရင် မင်းအပြစ်ဟာ သိပ်ကြီးတယ်. သေဒဏ်ပဲ.. ဘာပြောစရာရှိသေးလဲ``

``ညာနေတာတွေပဲ။ ငါပြောချင်တာကတော့ ဒီတရားစီရင်မှုဟာ မမျှတဘူးဆိုတာပဲ..။ ခင်ဗျားလုပ်နေတာတွေဟာ တရားမဝင်ဘူး။ ကျုပ်မှာ ရှေ့နေနဲ့ ကာကွယ်ခွင့်ရှိရမယ်.. ``

`` ငါပြောတာနားထောင် ``မင်းဟာ သူများတွေထက် အပြစ်ပိုများတယ်.. များလှတဲ့ မင်းရဲ့ အပြစ်တွေကိုလည်း တထပ်ကြီးဖတ်ပြီးပြီ``

`` ကျုပ် ဟယ်လီကော်ပတာကိုလည်း သေနတ်နဲ့ မပစ်ဘူး သေနတ်လည်းမရှိဘူး``

``ငါမင်းကို နောက်ဆုံးမေးမယ်.. ငါက အပြစ်လုပ်တယ်ဆိုရင် ညီအစ်ကိုရင်းလဲ မထားဘူး.. ကဲ ဖြေပါ… မင်းက အစ္စလာမ်ကို ယုံကြည်သလား.. ကွန်မြူနစ်လား.. ``

```` ကျုပ်မဖြေဘူး. ခင်ဗျားမှာမေးဖို့အခွင့်အာဏာမရှိဘူး.. ဒါ့အပြင် ဒါဟာ တရားစီရင်ခန်းမလည်းမဟုတ်လို့ပဲ````

```ဒုတိယမေးခွန်းက… မင်းကို အပစ်ကနေလျှော့ပေါ့ပေးမယ်ဆိုရင် တခြားအကျဉ်းသားတွေနဲ့အတူ တနေ့ကို ဘုရား (၇ ) ကြိမ်ရှိခိုးမလား``

``ဘုရားရှိခိုးတာဟာ တကိုယ်ရေ ကိစ္စမို့.. မဖြေနိုင်ဘူး``

`` နံပါတ် ၃ မေးခွန်း.. မင်း ဒီစာရွက်မှာ မင်းလုပ်ခဲ့တာတွေဟာ မှားတယ်ဆိုတာကို လတ်မှတ်ထိုးဖို့ပဲ..``

တကယ်တော့ ကာကာက အခွင့်အရေးနဲနဲပေးဖို့ စဉ်းစားနေတာ။ ဒါပေမယ့်လည်း အခုအခြေအနေက ပြဿနာရှိတယ်။ ဂျဝါ့ဒ် မပူးပေါင်းရင်တော့မလွယ်ဘူး..

`` ခင်ဗျားဟာ အပြစ်မဲ့တဲ့ လူပေါင်းများစွာကို သတ်ခဲ့တယ်။ ကိုရန်ရှေ့မှာ ခင်ဗျားဟာ လူသတ်မှုဆိုတဲ့ ရာဇဝတ်မှုကို ကျူးလွန်ခဲ့တယ်`` ဂျဝ့ါဒ် ပြောတဲ့စကားတွေ မဆုံးဘူး… ``သေဒဏ်`` ဆိုတဲ့ ကာကာရဲ့ အပြစ်ပေးသံ ထွက်ပေါ်လာတော့တယ်။

ရဝါ့ဒ်ကခြိမ်းခြောက်ရုံသက်သက်ပဲ ထင်ခဲ့တာ.. အခုတော့ တကယ်ပဲ ရဝါ့ဒ် မြေပေါ်မှာ ငြိမ်သက်သွားခဲ့ပြီ။ သားဖြစ်သူအဖမ်း ခံရပြီဆိုကတည်းက အသိတွေကနေတဆင့် အပြစ်မပေးဖို့ လိုက်စုံးစမ်းခဲ့ပေမဲ့ အခုတော့ နောက်ကျသွား ခဲ့သလို အသတ်ပါခံခဲ့ရပြီ။ ဒီသတင်းကို သိသွားတော့ အမေရောအဖေပါ အရူးမီးဝိုင်းဖြစ်ရတာပေါ့။ ဒါကြောင့် အလောင်း ကိုမြေချဖို့ လူတကာဆီမှာ လျှောက်အကူအညီ တောင်းရပြန်တယ်။ အကူအညီတွေ ရသလောက်လိုက်တောင်း တာ ဘယ်မှာမှ မရဘူး။ အလောင်းကြီးကို တူဖြစ်သူ ရှဘာနဲ့ ကားတစီးပေါ်တင်ပြီး သူ့သားလေး ကို မြေမြုပ်ဖို့တရွာဝင်တရွာထွက် သွားခဲ့ရတယ်။ ဒီကြားထဲ ရာသီဥတုကအေး ကားကလည်း စုတ်နေတော့ ပိုဆိုးတာပေါ့။ အဓိကကတော့ သူ့သားလေးကို တိရစ္ဆာန်လို ပစ်မထားရက်ပဲ မြေမြှပ်ဖို့ လူတကာဆီ လျှောက်အကူအညီတောင်းနေတာ။ တကယ်တမ်းမြေမြှပ်ဖို့ကလည်း အရမ်းခက်လှတယ်။ ဒီလိုခိုမေနီ တို့ရဲ့ အပြစ်ပေးသတ်ခံရတဲ့ သူတယောက်ကို ဘယ်သူကမှ လက်မခံရဲသလို ရွံလည်းရွံ့ရှာကြတဲ့အထိပဲ။ အရင်က လေးစားခဲ့တဲ့ အမျိုးတွေလည်း လက်မခံဘူး။ မောင်းထုတ်ကြတယ်။ အဆုံးတော့ လူတယောက်အနောက်ကနေ လိုက်လာပြီး သူမြှပ်ပေးမယ်လို့ ကတိပေးခဲ့ပြီး နံနက်မိုးသောက်မှာ အလောင်းကို ပေးခဲ့တယ်။ လက်ခံခဲ့သူကလည်း သိပ်သတ္တိရှိလို့သာ လက်ခံခဲ့တာ။

တော်လှန်ရေးကြီးလည်း တဖြေးဖြေးပြီးဆုံးခဲ့ပြီ။ ဒါပေမယ့်လည်း တိုင်းပြည်ထဲမှာ ရူပ်ထွေးနေဆဲ။ ခိုမေနီတို့ကို လက်စားချေမဲ့ (မူဂျာဟီဒင် ) တွေ ရှိလာတယ်။ အရင်ကကွန်မြူနစ်တွေကလည်း လက်စားချေဖို့ ချောင်းနေတယ်။ အားလုံးလည်း မောပန်းခြေခုံလက်ပန်းတော့ကျနေပြီ။ ဒါပေမယ့် မပြီးဆုံးသေးတဲ့ နိုင်ငံရေး ရူပ်ထွေးမှုတွေကတော့ ရှိနေဆဲ။ အဆုံးမှာတော့ အကာလည်း တရားသဘောနားလည် ခဲ့တယ်။ အရူးမ ( ကွီ) ပြောသလိုပဲ သူတယောက်တည်းပဲ ကျန်ခဲ့မယ်ဆိုတဲ့စကားမှန်ခဲ့တယ်။ ညီဖြစ်သူ (နိုစရက် ) လည်း ခိုမေနီနားမှာ ကမ္ဘာကို ခိုမေနီတနေ့တာ ဘာလုပ်တယ်ဆိုတာ ပြောပြခဲ့သလို သူ့မယားအလှကို ကမ္ဘာသိအောင် ပြချင်ခဲ့တာကြောင့် အဆုံးမှာ သတ်ခံခဲ့ရတယ်။ အကာတို့ဇနီးမောင်းနှံ ခရီးထွက်ခဲ့တယ်။ နေရာဟောင်းရွာလေးဆီကို။ အဲဒီကနေ ကာကာတယောက်တည်း တောင်ပေါ်ဘက်ကို ခရီးထွက်ခဲ့တော့ သူငယ်ချင်း (ခမ် ) နဲ့ဆုံတယ်။ သူငယ်ချင်း ခေါ်ပြလို့ သိခွင့်ရတာက သူ့တူလေး (အာမတ်) ထောင်ကထွက်လာပြီး သူငယ်ချင်းရဲ့ စောင့်ရှောက်မှုအောက်မှာ ရှိနေခဲ့တာ သိခွင့် ရခဲ့တယ်။ သူ့သားလေးကို မြှပ်နှံပေးသူဟာ ခမ် ပါပဲ။ ခမ် က သူ့မြေပေါ်မှာ ကာကာ့သားအလောင်းကို မြှပ်နှံပေးခဲ့တယ်။ တကယ်တော့ ခမ်ဟာ ဘယ်လိုနိုင်ငံရေးထဲမှာမှ မပါဝင်ပဲ အခုလိုတောရွာလေးမှာ သူ့ဘာသာရှိနေခဲ့ပေမဲ့ ခင်မင်ရင်းနှီးတဲ့သူငယ်ချင်းတွေကို အချိန်မရွေးလက်ခံပြီး တွေ့ဆုံလေရဲ့..။သူကရှေးရိုးစွဲ အစ္စလာမ်မဟုတ်ဘူး။ အဲဒီမှာ သူငယ်ချင်း ၂ ယောက် အစ္စလာမ်ကို ဘယ်လိုလိုက်နာကြသလဲဆိုတာ အပြန်အလှန်ဆွေးနွေးကြလေရဲ့။ အကာကတော့ သူ့ဘာသာရေးယုံကြည်မှုကြောင့် မိန်းမလှလှလေးတွေ ခူးပြီး ထုတ်လုပ်ထားတဲ့ ဝိုင်ကို အမြည်းတောင် မသောက်ခဲ့ဘူး။ ခမ်ကတော့ မိန်းမတွေ အများကြီး ကလေးတွေ ဘယ်နှစ်ယောက်မှန်းမသိတဲ့ အရည်အတွက်နဲ့ တောရွာလေးမှာ နံရံကြီးကာရံကာ အရိုးထုတ်နေလေရဲ့။ ဇီးနတ်လည်း အစ္စလာမ်အမျိုးသမီးငယ်တယောက်ကို အပြစ်ပေးခဲ့သလိုမျိုး ပြန်လက်စားချေ အသတ်ခံခဲ့ရတယ်။ ရှဘာကတော့ ထွက်ပြေးသွားတဲ့ ကာကာ ကို သတ်ဖို့ လိုက်ချောင်းတယ်။ အစ္စလာမ် အယူဝါဒကြီးပြီး အစ္စလာမ်နိုင်ငံထူထောင်ချင်တဲ့ တာလီဘန်တွေ အားကောင်းလာတဲ့ အာဖဂန်နစ္စတန်ထဲကို ကာကာ ပြေးဝင်ခိုလှုံတယ်။ ဒါကိုသိတဲ့ ရှဘာက သူ့နောက်ခြေရာခံလိုက်ပြီး သေနတ်နဲ့ ပစ်သတ်ခဲ့တယ်။ ဒီနောက်တော့ နိုင်ငံခြားမှာ ခိုလှုံခွင့်တောင်းခဲ့လေရဲ့။


… ( Kader Abdolah )ပါ။ သူနေထိုင်အခြေချရာ နယ်သာလန် မှာ ( The House of the Mosque) ၀တ္တု လေးကိုရေးခဲ့ပါတယ်။ အမြည်းကြည့်ပြီး ကြိုက်တာနဲ့ ဝယ်ခဲ့တယ်။ ဒီလောက်ကောင်းမယ်လို့ မထင်ခဲ့ဘူး။ ပြန်ရေးရတာတော့ တော်တော်ခက်တယ်။ စာမျက်နှာပေါင်း လေးရာ ကျော်ကို လေးငါးမျက်နှာနဲ့ အကျဉ်းချုပ်ရေးရတာခက်ပါတယ်။ တကယ့်ကို သမိုင်းနဲ့ပေါင်းရေးထားတဲ့ ရသကောင်းစာအုပ်လေးပါ။ ငယ်ငယ်ကတည်းက ရင်းနှီးခဲ့တဲ့ အီရန်နဲ့အီရတ် သမိုင်း ..အမေရိကန်ရဲ့ပါဝင်မှု.. ခိုမေနီဆိုတာလည်း ရက်စက်တဲ့ အစိုးရပါလားဆိုကာ ပိုရင်းနှီးခဲ့ရတယ်။ နိုင်ငံရေး အာဏာလုပွဲတွေအကြား ပြည်သူတွေ ဒုက္ခရောက်တာ.. အာဏာရလာတဲ့လူတွေရဲ့ အစွန်းရောက် အတွေးအခေါ်တွေကြောင့် အတိုက်အခံတွေ အသတ်ခံရတာ.. လူ့ဘဝတွေ သေကြေပျက်စီးရတာတွေကို စကားလုံးတွေနဲ့ ဖော်ပြမှုဟာ ကျွန်မရဲ့ရင်ကို လောင်မြိုက်စေပါတယ်။ စာပြန်ရေးဖို့ အားအင်ကုန်ခမ်းသွားတဲ့အထိ ရင်ထဲမှာစိတ်ထိခိုက်ပါတယ်။ ကျွန်မစိတ်ထဲ စာရေးဆရာဟာ တကယ်ပဲ ရှဘာလားလို့တောင်ထင်ခဲ့တယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူ့စာအုပ်အဆုံးမှာ သူ့အမည်လေးနဲ့ ဦးလေးဖြစ်သူ အကာ ကို နှုတ်ဆက်စကားရေးထားလို့ပဲ။ ဘာပဲပြောပြော အရေးအသား ညက်ညောလှသလို လူတိုင်းနားလည်အောင်ရေးထားတဲ့ ပေါ့ပေါ့ပါးပါး ရသ ကောင်းစာအုပ်မို့ အတော်ကြိုက်ပါတယ်။ စာအုပ်ထဲမှာ အစ္စလာမ်ဘာသာဝင်တွေရဲ့ မတူညီတဲ့ အယူအဆတွေအပြင် သူတို့ရဲ့ ယဉ်ကျေးမှုတွေကိုပါ တီးခေါက်ခွင့်ရခဲ့လို့လည်း အကြိုက်တွေ့ပါတယ်။ ကျွန်မအရွယ်ရောက်လာတဲ့နောက်ပိုင်း စိတ်ဝင်စားစရာကောင်းတဲ့ နိုင်ငံတွေထဲမှာ အီရန်လည်း အပါအဝင်ပါ။ အခုထိလည်း အီရန်ဟာ မတည်ငြိမ်သလို မျက်ဝါးထင်ထင်အတိုက်အခံတွေအပေါ် ဖမ်းဆဲ ချုပ်နှောင်ဆဲဖြစ်သလို အနောက်ကို စိန်ခေါ်ဆဲနိုင်ငံမို့ စိတ်ဝင်စားစရာတွေ ကောင်းပါတယ်။ ဘာပဲပြောပြော အခွင့်ရရင် အချိန်ရရင် ဝယ်ဖတ်ကြည့်သင့်တဲ့ စာအုပ်ကောင်းလေးပါလို့ ဝေမျှပါတယ်။

စာလာဖတ်သူများအားလုံး ပျော်ရွှင်နိုင်ကြပါစေလို့..

မဗေဒါ (၈၈)
၀၈.၀၇.၂၀၁၁

ဆက်ဖတ်ကြည့်ပါဦးနော်....

Wednesday, June 29, 2011

``အယာတိုလာ …ခိုမေနီ``

ဆိုတဲ့ အသံတွေ ဆူညံလာတဲ့ အချိန်ပေါ့။ အိမ်ကြီးမှာ အဘွား ၂ယောက်ထွက်သွားလိုက်ကတည်းက လစ်ဟင်းလာတဲ့ အိမ်အလုပ်တွေ အများကြီးပဲ။ မနိုင်ဘူးပေါ့။ ဒါကြောင့် ကောင်မလေးတယောက်ကို အကာမိန်းမက တောဘက်ကနေ ခေါ်လိုက်ရတယ်။ ကောင်မလေးက ရှက်တက်တယ်။ စကားပြောရင် ခေါင်းငုတ်နေတက်တယ်။ အိမ်မှာလည်း အရွယ်ရောက်လာတဲ့ အာမတ် ရှိလာပြီ။ သူသင်ထားတဲ့ ပညာတွေလည်း တရားဟောလို့ရနေပြီ။ ဒါကြောင့် တရားဟောဆရာဖြစ်လာခဲ့တာပေါ့။ သူတရားဟောတာက သေဆုံးသွားတဲ့ ဖခင်ကြီးလိုမဟုတ်ဘူး။ နိုင်ငံရေးတွေ ပါနေတက်တယ်။ တရက်သားမှာတော့ `` အယာတိုလာ ခိုမေနီ `` နာမည်ပါသွားတဲ့အထိ ဖြစ်အောင် ဟောခဲ့တာ။ တိုက်ဆိုင်တာတော့ မဟုတ်ဘူး။ ရည်ရွယ်ချက်နဲ့ ဟောခဲ့တာလို့ တရားနာသူတွေ ထင်ကြတယ်။ အာမတ် ဟာ လူတွေ စိတ်ဝင်စားခြင်းကို ခံရတယ်။ ဒီထဲမှာ ထုံးစံအတိုင်း ရဲ တွေလည်း ပါတာပဲ။ သူကဘာသာရေးအစွန်းရောက်သမား မဟုတ်သလို (ကွီ)မှာ ဖြစ်နေတာတွေကိုမထောက်ခံဘူး။ အာမတ်က မိန်းမလှလှကြိုက်တယ် ဘိန်းရူတာနှစ်သက်တယ်။ အိမ်က အိမ်ဖော်ကောင်မလေးနဲ့ ဖြစ်ကြလေရဲ့။ ဒီလို ကောင်မလေးနဲ့ ရူတ်တာကို သိနေတာက ရှဘာ။ ရှဘာက တီရန် မှာ ပညာသွားသင်ခါနီး ဦးလေးဖြစ်သူကို အသိပေးခဲ့တာ။ ဒီတော့ ကောင်မလေး ကို အကာက ခေါ်ပြောရတယ်။ ကောင်းကောင်းနေမလား တောပြန်မလားပေါ့။ ကောင်မလေးက တိတ်တိတ်ပုန်းဖြစ်နေတာ ဘယ်သူမှမသိဘူးထင်နေခဲ့တာ။ အခုလို အိမ်ဦးစီး အကာ ကိုယ်တိုင်ခေါ်ပြောတော့ ရှက်လဲရှက် လန့်လည်းလန့်သွားတယ်။ ဒါကြောင့် ကောင်းကောင်း နေပါ့မယ်လို့ပဲ သူကတိပေးခဲ့တယ်။ ရှေ့ဆင့်နောက်ဆင့်ပဲ အာမတ်အတွက် ကော်ဇောကုန်သည် သမီးလေးတယောက်နဲ့ စီမံပေးခဲ့တယ်။ အာမတ်အိမ်ထောင်ကျသွားခဲ့တယ်။ သူအိမ်ထောင်ကျသွားတော့ လည်း ကောင်မလေးတွေကိုတော့ ကြိုက်ဆဲပဲ။ မိန်းမငယ်တွေကလည်း သူ့ကိုကြိုက်သလို သူကလည်း မိန်းမတွေကိုမြင်ရင် ငမ်းမယ် အတူနေမယ်။ဘိန်းရူတယ်။ တရက်မှာ ထောက်လှမ်းရေးတွေက သူ့ကို အတင်းကျပ်ကိုင်တာတွေ ဖြစ်လာတယ်။ သူ့တို့ဆီမှာ အာမတ်ကောင်မလေးတွေနဲ့ နေနေတဲ့ပုံတွေ ရှိခဲ့ပြီ။ ဒါကြောင့် အလှဲအလှယ်လုပ်ဖို့ ဖြစ်လာတယ်။ အာမတ်က သဘောမတူခဲ့ဘူး။ ဦးလေးဖြစ်သူ အကာ ကို အဖြစ်အပျက်တွေပြောပြတယ်။ ဦးလေးအရမ်းစိတ်ဆိုးတယ်။ အထူးသဖြင့် တရားဟောဆရာတယောက်ဟာ ဘိန်းမရူပဲ တရားမဟောနိုင်ဘူးဆိုတာကို သူစိတ်ပျက်ခဲ့တယ်။ ဘာပဲပြောပြော သူ့တူလေးကိုတော့ နိုင်ငံရေးသတင်းတွေ အလှဲအလှယ် လုပ်တာမျိုးကိုလည်း သူအားမပေးသလို အာမတ်လည်း လုံးဝမလုပ်ခဲ့တာကြောင့်တော့ ကျေနပ်မိတာအမှန် ။

``ဘာတွေတုန်း``

``အခေါင်း ၂ ခုကို ဘာလုပ်ရမှာလဲ `` `` အခေါင်းမဟုတ်ဘူးဗျ.. အိတ်ပါဗျ``

မချိန်းဆိုပဲ အချိန်မတော်ရောက်လာတဲ့ ဆာလာအိတ် ၂ အိတ်ကြောင့် အကာ စိတ်ညစ်သွားတယ်။ စာလည်း တစောင်ပါလာတယ်။ အာရာဗစ် ဘာသာနဲ့ရေးထားတာ။ ဘုရားဖူးထွက်သွားတဲ့ အဘွား ၂ယောက် ပြန်မလာနိုင်တော့ဘူး။ ပြန်ရောက်လာတာက အခေါင်း တနည်းအားဖြင့် ဆာလာအိတ် ၂ အိတ်ပဲ။ မွတ်စလင်တွေ သွားချင်တဲ့နေရာတခုဖြစ်တဲ့ မကာ ကို အဘွားအိုတွေ ရောက်ခဲ့တယ်။ အဲဒီမှာရှိတဲ့ ( ဟီရာတောင်တန်း) တခုနားက လှိုင်ဂူကြီးထဲမှာ အဘွားအိုတွေ ရောက်ခဲ့ကြတယ်လို့ အာရာဘစ်အာဏာပိုင်တွေ ပေးပို့တဲ့ သတင်းကနေတဆင့်သိရတယ်။ တကယ်တော့ အဲဒီဂူကြီးဟာ မွတ်စလင်တွေ အတွက် သမိုင်းရှည်ကြီး။ မိုဟာမက်က ညဘက်မှာ အလာ ကိုစကားပြောဖို့ ညစဉ်ညတိုင်း တက်ပြောတဲ့ နေရာ။ ကောင်းကင်တမာန်မင်းကြီးက မိုဟာမက်ကို ပရော်ဖက်အဖြစ် ပြသဖို့ ကောင်းကင်ကနေ ဆင်းလာတဲ့နေရာလည်းဖြစ်တယ်။ နောက်ပြီး မိုဟာမက်ကို မလိုသူတွေက သတ်ဖို့အကြံအစည်နဲ့ လာတဲ့အချိန်မှာ ပုန်းခိုခဲ့တဲ့နေရာလို့လည်း အဆိုရှိတယ်။ မိုဟာမက်ကို မကာကနေ မယ်ဒီနာအရပ်ဆီ အတင်းရွေ့ပြောင်းဖို့ ရယ် အိပ်ယာထဲမှာ သတ်ဖို့ ရန်သူက စီမံခဲ့တာ။ ဒါကြောင့် ဒီလိုယုံကြည်မှုတွေနဲ့ လှိုင်ဂူကို `` ပင့်ကူလှိုင်ဂူ`` လို့ အစ္စလာမ်တွေ နားလည်ထားတာ။ ကြောက်စရာကောင်းတဲ့နေရာတခုအဖြစ်ပေါ့။ ဒီထဲကိုဝင်ဖို့မလွယ်ဘူး။ အဘွားအို ၂ ယောက် ဘယ်လို ဝင်ရောက်ကာ အသက်ဆုံးရူံုးးသွားတယ် ဆိုတာလည်း နားမလည်နိုင်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီနေရာကို အနားကနေပဲ ဖူးမျှော်ခွင့်ရတာ။ အထဲကို ဝင်လို့မရလို့ပဲ။ အဘွားအို ၂ ယောက်လည်း သူတို့ယုံကြည်ရာကို လုပ်သွားတယ်လို့ပဲ နားလည်ရတယ်။

လှုပ်ရှားမှုတွေ တဖြေးဖြေး စတင်လာခဲ့ပါပြီ။ အစိုးရလည်း ရသမျှပိတ်ဆို့တယ်။ တရားဟောဆရာတွေ . အလုပ်သမား. ကျောင်းသား. လူငယ် အားလုံးပါဝင်လှုပ်ရှား တဲ့ အစိုးရဆန့်ကျင်ရေးတွေ တဖြေးဖြေး စခဲ့ပြီ။ ဖမ်းတာဆီးတာတွေလည်း အကြီးအကျယ်လုပ်ခဲ့တယ်။ သေတာလည်း မနည်းမနောပဲ။ အီရန်မြို့တော် တီရန်မှာလည်း လှူပ်ရှားမှုတွေ အရှိန်ရခဲ့ပြီ။ ပြည်တွင်းတခုလုံး အုံးအုံးကျက်ကျက် ရှိလှတယ်။ အဓိကကတော့ ဘာသာရေးကို ဦးဆောင်တဲ့ တရားဟောဆရာတွေရဲ့ လက်ချက်တွေ အများကြီးပါတယ်။ အဲဒီထဲမှာ ကာကာ လို တရားဟော ဆရာတွေ အများကြီး။ ခိုမေနီကို ထောက်ခံကြတယ်။ အမေရိကန်ကိုမုန်းတယ်။ ရှား အစိုးရကို ဖယ်ရှားပြစ်ဖို့အရေးကြီးတယ်။ ဒီလှုပ်ရှားမှုတွေကြောင့်ပဲ ကာကာ တယောက်လည်း အီရတ်ဘက်ရောက်ပြီး လှုပ်ရှားနေတယ်ဆိုတာ အကာ တယောက် တဆင့်စကားတဆင့် သိခဲ့ရတယ်။ ကာကာက လူပါး …တနေ့ ခိုမေနီ အာဏာပြန်ရလာမယ်ဆိုတာ သိနေတယ်။ ဒါဆိုရင် သူမျှော်မှန်းတဲ့ အစ္စလာမ်နိုင်ငံတော် ဖြစ်လာမယ်လို့ အိပ်မက်ရှိထားတယ်။ ဒါကြောင့် သူ့သားမယားကို ထားခဲ့တာလို့ အကာ နားလည်စဉ်းစားမိတယ်။ ကာကာရဲ့ လှုပ်ရှားမှုတွေ အီရတ်ကနေ စတင်ခဲ့ပြီ။

အာမတ်ပြောနေတဲ့ အယာတိုလာ ခိုမေနီ ဆိုတာ တချိန်က အာဏာရှိခဲ့တာ။ သူတို့တစုလုံး ပြည်ပရောက် အဖမ်းခံရတဲ့ အခြေအနေထိ ဖြစ်ခဲ့ရတယ်။ သူတို့ကို ရှားအစိုးရက ရက်ရက်စက်စက် နှိမ်နှင်းခဲ့တယ်။ ဒါကြောင့် ခိုမေနီ အီရတ်ကို ထွက်ခွာသွားခဲ့ရတယ်။ လှုပ်ရှားမှုတွေ မရပ်တန့်ခဲ့ဘူး။ သူ့ရဲ့နောက်လိုက် တရားဟောဆရာငယ် (အီမာန်)တွေက ဆက်လက် လှုပ်ရှားခဲ့ကြတယ်။ ဒါကြောင့် ၁၄ နှစ်ကြာလာတဲ့ အချိန်မှာ တကျော့ပြန် ခိုမေနီဆိုတာ ဖြစ်ခဲ့ပြန်ပြီ။ခိုမေနီအတွက် စီစဉ်ပေးတဲ့ (ဘယ်ဟ်ရှတီ) က ခိုမေနီ သူနေထိုင်ခဲ့တဲ့ နေရာ ဖြစ်တဲ့ နာရဖ်ကနေ ပဲရစ်ကိုပြောင်းပြီး တော်လှန်ရေးကို ဦးဆောင်တော့မယ်ဆိုတာကို အမေရိကန်သတင်းဌာန ဖြစ်တဲ့ အေဘီစီ ကို သတင်းပေးခဲ့တယ်။ ကမ္ဘာအရပ်ရပ်က သတင်းဌာနတွေ ခိုမေနီ ရှိရာ ပဲရစ်ကို ၂၄ နာရီအတွင်း ဝုန်းဒိုင်းရောက်လာကြတယ်။ နှစ်ပေါင်းများစွာ မေ့နေခဲ့ကြတဲ့ ခိုမေနီဆိုတာ အီရန်ရဲ့ အပြောင်းအလဲကို ဖော်ဆောင်တော့မယ်လို့ နားလည်လိုက်ကြတယ်။ အီရန်လူထုကြီးလည်း ``ဆာလမ် ဘာ ခိုမေနီ`` ဆိုကာ သောင်းသောင်းဖြဖြ ကြိုဆိုကြလေရဲ့။ နောက်ဒါဟာ ပထမဦးဆုံးသော အခြားနိုင်ငံတခုကလွင့်တဲ့ ရုပ်သံသတင်းကို အီရန်နိုင်ငံ တီဗွီအစီအစဉ်ံမှာ ထင်ထင်ရှားရှား ကြည့်ရခြင်းပဲ။ ခိုမေနီနဲ့ သူ့အပေါင်းအပါ ဇနီးတို့ကို ရုပ်သံကနေ ပြသခဲ့တယ်။ သိပ်မကြာခင်ပဲ ရှားအစိုးရ ဆင်းပေးရတယ်။ ဆန္ဒပြပွဲတွေ တိုင်းပြည်ထဲ ဆက်တိုက်ဖြစ်ခဲ့တယ်။ ရေနံထုတ်လုပ်မှုတွေ ရပ်တန့်သွားတယ်။ အလုပ်သမားတွေ အလုပ်မလုပ်တော့ဘူး။ ကျောင်းသားတွေ ကျောင်းမတက်တော့ဘူး။ ကလေးတွေ ကျောင်းမသွားတော့ပဲ လူတိုင်းဟာ လမ်းမပေါ်ရောက်ခဲ့ကြတယ်။

အမျိုးသားတွေ နှုတ်ခမ်းမွေးတွေ ထားခဲ့ကြတယ်။ အမျိုးသမီးတွေက ( အဆောင်း ) ကို ဝတ်ကြတယ်။ အကာရောင်းနေတဲ့ ဈေးတန်းထဲလည်း လူမစည်တော့သလို လူတွေဟာ ဗလီကျောင်းဆီကိုပဲ သွားကြတော့တယ်။ လူတွေက အလုပ်သိပ်မလုပ်ကြတော့ပဲ ဆွေးနွေးကြ ငြင်းခုံကြတာမျိုးတွေပဲ လုပ်လာတယ်။ အကာ ရဲ့ စီးပွားရေးလည်း အခြားသူတွေလိုပဲ ကျဆင်းခဲ့ရပြီ။ ဗလီကြီးကိုလည်း ခိုမေနီရဲ့ အုပ်စုတွေ အတင်းအဓမ္မသိမ်းပိုက်ခဲ့ကြတယ်။ သူလည်း ဘာမှမတက်နိုင်တော့ဘူး။ ဒီအချိန်မှာ အကာက ရှဘာကို သတိယတယ်။ သူ့ကို စကားပြောချင်တယ်။ သူ ကျောင်းနားထားတယ်ဆိုတာလည်း သိတယ်။ ဖြစ်ပျက်နေတာတွေ အကုန်လုံးကိုကြည့်ပြီး အကာ ဝမ်းနည်းကြေကွဲတယ်။ သူ့ဖခင် ပြောခဲ့တဲ့ စိတ်ညစ်ရင် မြစ်ကြီးနာားကို သွားဖို့ပြောတာကို သတိယသွားလို့

`` ငါ ဘာမှ မပြောချင်တော့ဘူး။ ငါ့ရင်ထဲမှာ ( ကျောက်တုံးကြီးလောက် ) လောက်ရှိတဲ့ အဆိုင်အခဲကြီး တခုရှိနေတယ် `` လို့ တိုင်တည်တော့တယ်။

တဖြေးဖြေးနဲ့ ခိုမေနီ အုပ်စုတွေ လုပ်ချင်တိုင်း ထင်တိုင်းကြဲတော့တယ်။ အာမတ်လည်း အစစ်ဆေးခံရပြီး မြင်းကြီးနောက်မှာ တန်းလန်းဆွဲခံရပြီး ``သူလျို `` ဆိုကာ အပြစ်ပေးခဲ့ရတယ်။ ဒီလိုအပစ်ပေးခံရသူကို စစ်ဆေးတာက ကာကာပဲ။

`` သင်ဟာ တရားဟောဆရာအဖြစ်မထိုက်တန်တော့လို့ အဲဒီအဝတ်တွေကို ဖယ်ရမယ် ``
ခိုမေနီရဲ့ စစ်သားတွေ ဆင်းလာတယ်။ `` ခိုမေနီ..အလာ `` လို့ ဟစ်ကြွေးရင်း `` သူလျှိုကို သတ်ရမယ်`` လို့ လူတွေကအော်ကြပြန်တယ်။ `` မြင်းနောက်မှာဆွဲပြီးတော့ သူ့ကို သောကြာဗလီကြီးကို ခေါ်ဆောင်သွားရမယ်`` ဆိုကာ ပြစ်ဒဏ်စီရင်တယ်။ အချက်အလက်တွေပေါင်းမြောက်များစွာနဲ့ စွပ်စွဲတယ်။ မိန်းမမှု ဘိန်းမှု သူလျှိုမှု နဲ့။ အာမတ်က ဘာမှမပြောတော့ဘူး။ သူရူပ်ခဲ့တယ်ဆိုတာ မှန်ပေမဲ့ သူလျှိုတော့မဟုတ်ခဲ့ဘူး။ ဒါပေမယ့် သူပြန်မပြောဘူး ဝန်မခံဘူး။ တိတ်ဆိတ်စွာနေတယ်။ ဒါဟာ အစ္စလာမ်သာသာကို စော်ကားမှုပဲ လို့ ကာကာက ဖတ်ကြားတယ်။ အားလုံး ငြိမ်သက်နေတယ်။ တချိန်က ဒိတ်ဒိတ်ကြဲ အာမတ်ကို အခုတော့ အပြစ်ပေးနေပြီ။ ဦးလေးဖြစ်သူ အကာ ချွေးတွေသုတ်တယ်။ အာမတ်ဟာ မိုက်မဲခဲ့တာ မှန်တယ်။ ဒါပေမယ့် သူဘယ်တုန်းကမှ ရှား အစိုးရရဲ့ သူလျှို မဖြစ်ခဲ့ဘူး။ မဟုတ်သေးဘူး။ မဟုတ်ကြောင်းကို ဝန်ခံရမယ်။ ဒါဟာ ဗလီကြီးနဲ့ ငါတို့အားလုံးအတွက် သိက္ခာပဲ။ အကာ ဟစ်အော်ပြောတယ်။။

`` ပြောပါ တခုခုပြောပါ အာမတ်.. သူလျှိုမဟုတ်ကြောင်းကို ပြောပါ.. မင်းဟာ သစ္စာဖောက်မဟုတ်ကြောင်းပြောပါ အာမတ်`` ။ ဦးလေးက လိုက်အော်ပြော တော့ လုံခြုံရေးက လိုက်ဆွဲတယ်။ အကာ အလျှော့မပေးဘူး။ ဟုတ်မှမဟုတ်တာ။

`` တခုခုပြောပါ အာမတ်.. ငါ့အတွက် ငါ့တို့ဗလီအတွက် တခုခုတော့လုပ်ပါ အာမတ်``

ဒီစီရင်တာကို မြင်တဲ့ ဦးလေး အကာက မဟုတ်ကြောင်း ငြင်းဖို့ အားပေးရင်း သတ္တိရှိစွာ အကာအကွယ်ပေးခဲ့တယ်။ အဲဒီမှာ ထူးဆန်းတခုကတော့ သူတို့ဗလီကြီးထဲ ဥယာဉ်မှူး အလုပ်သမားဟာ စစ်သားဝတ်စုံကြီးနဲ့ ဖြစ်နေပြီး မလှုပ်မယှက်နေတဲ့ မြင်းကြီးကို ထုထောင်းနေတာ တွေ့ခဲ့ရတယ်။ သူ့အမည်က ရာမာဆန်။ အပြစ်ပေးခံရတဲ့ အာမတ်ကို လူတွေက ခဲတွေနဲ့ပေါက်လို့ အကာဟာ ခဲနဲ့ အပြစ်ပေးဖို့မပါကြောင့် ကိုရမ်ကိုဖတ်ရင်း တောက်လျှောက်အကာအကွယ်ပေးခဲ့ရင်း သူလည်းပဲ ရက်စက်စွာ ရိုက်နှက်ခြင်းကို ခံခဲ့ရတယ်။ အဆုံးမှာတော့ အာမတ်က တခွန်းတည်းသော စကားကို ပြောတယ်..

`` ကျွန်တော်ဒီဗလီကြီးရှေ့မှာ သစ္စာဆိုတယ်။ ငါဘယ်တုန်းကမှ ရှားအစိုးရရဲ့ သူလျှို မဖြစ်ခဲ့ဘူး..```။


ဆက်ပါဦးမည်။

မဗေဒါ
၂၉.၀၆.၂၀၁၁

ဆက်ဖတ်ကြည့်ပါဦးနော်....

Thursday, June 23, 2011

``ဟေ့ ပုရွတ်ဆိတ်တွေဟ အများကြီးပဲ ````

သိန်းသန်းနဲ့ချီတဲ့ ပုရွတ်ဆိတ်တွေ အများကြီးချီတက်လာခဲ့တယ်။ ဗလီအိမ်ကြီးက ကလေးတွေ လူကြီးတွေ လန့်ဖြန့် ကုန်တယ်။ ဒီပုံနဲ့ဆိုရင် အိမ်ကြီးကို ဖုံးလွမ်းတော့မှာပဲ။ ဒါနဲ့ နောက်ဆုံးအကြံတခု ရသွားတယ်။ ( အာ နန်လ် ) ကိုဖတ်ဖို့ပဲ။ အာနန်လ်ဆိုတာက အချော့တော်လို့ ဆိုရမယ်ထင်ပါ့။ အချိန်ရှိတုန်း အမြန် အာနန်လ် ကိုဖတ်မှ။ ရှီဖားမင်းသမီးလေးဆီက မေတ္တာစာကို ဆိုလိုမွန် ဆီကို ယူလာပေးတဲ့ အပိုဒ်ပေါ့။ ဆိုလိုတာက ဆိုလိုမွန်ပဲ ပုရွတ်ဆိတ်တွေရဲ့ စကားနားလည်တယ်။ စာမျက်နှာ( ၃၇၇)မှာရှိနေတယ်။အဲဒီအပိုဒ်ကိုရွတ်မှ။ ကလေးတွေလည်း စိတ်ဝင်တစားကြည့်ကြ တယ်။ ရွတ်လိုက် ဖတ်လိုက်နဲ့ အဆုံးတော့ တကယ်ပဲ ပုရွတ်ဆိတ်အုံ ကြီး ကျောက်နံရံကြားတွေထဲ ဝင်ရောက် ကွယ်ပျောက်သွားခဲ့တယ်။ အဲဒီအဖြစ်အပျက်ဖြစ်ပြီး နှစ်ပေါင်းများစွာ အကြာမှာတော့ (ရှဘာ) လည်း မြေခြားရေခြား မှာ အခြေချနေခဲ့ပြီ။

ညီအစ်ကို သုံးယောက်မှာ (အကာ ) က ကော်ဇော်ကုန်သည်လည်း ဟုတ်.. ဗလီ တအိမ်လုံးကို စီမံခန့်ခွဲသူလည်းဟုတ်။ အကာ က ဗလီကြီးထဲမှာရော.. ဈေးထဲမှာရော.. အိမ်ကြီးမှာရော သြဇာညောင်းတဲ့သူ..။ သြဇာအရှိဆုံးလို့ ဆိုနိုင်သူ။ ညီအစ်ကို တွေထဲက ( နိုစရက် )ကတော့ လူ့တမျိုး။ ဘာသာရေးလည်း မဟုတ်ဘူး .. နိုင်ငံရေးလည်း မဟုတ်ဘူး။ သူစိတ်ဝင်စားတာက သူ့ကင်မရာရယ်ပဲ ။ ကျန်တာတွေက အလကား။ တရက်တော့ သူ့ယူမဲ့ မိန်းမကို အိမ်ကြီးဆီကို ခေါ်လာတယ်။ အားလုံးက အဖေါ်အချွတ်နဲ့ မိန်းမငယ်လေးကို စိတ်ညစ်ကြ ရူတ်ချတဲ့အကြည့်တွေနဲ့ ကြည့်တယ်။ နိုစရက်ခေါ်လာတဲ့ အမျိုးသမီးငယ်က သိပ်ခေတ်မှီတယ် တခြားအမျိုးသမီးတွေလို ခေါင်းပေါ်မှာ ဘာမှမဖုံးထားဘူး.. တကိုယ်လုံး ဗိုလ်တွေလို ဝတ်စားထားတာ။ နိုစရက်မှာ ပြင်သစ်ပြည်နဲ့ အဆက်အသွယ်ရှိတယ်။ ကင်မရာတလုံးနဲ့ အဖြစ်အပျက်မှန်သမျှကို မှတ်တမ်းတင် တက်တယ်။ အဆုံးပြောရရင် တိုင်းပြည်ထဲ ဘာဖြစ်နေလဲ ဘာတွေ့လဲ မှတ်တမ်းတင်မယ်။ ပြင်သစ်ပြည်ကိုပို့မယ်။ ဒီလိုလူမျိုး..။


အစ်ကိုဝမ်းကွဲကတော့ မျက်စိမမြင်ဘူး.. သူ့အမည်က ( ဂိုဆန် တဖြစ်လည်း မူဆန်)။ မူဆန်ကျတော့ အသံကောင်းတယ်.. ဗလီမှာ နေ့တိုင်းအော်ပေးတယ်။တနေ့သုံးကြိမ်ပေါ့။ မနက်မိုးသောက် နေမထွက်ခင်.. နေ့လည်ချိန်ရယ်..နေမကြခင်ပေါ့။ အော်နေကြက (ဟေရယ် အလယ် အက်စစလက် ) ။ သူအော်တဲ့အချိန်မှာ လူတွေအကုန်လုံးက မကာ ရှိရာဘက်ကို ဦးတည်ပြီး ဦးချကြတော့တာပဲ။ အချိန်ကို ကွက်တိ မျက်စိမမြင်ပဲ ပြောနိုင်တဲ့သူမို့ ထူးခြားသလို ကလေး လူကြီး အားလုံးချစ်ခြင်းကို ခံရတယ်။ သူ့မှာ မော်စကိုက လွင့်တဲ့ ရေဒီယိုလှိုင်းမျိုးဖမ်းနားထောင်တက်တယ်။ ဒါကို ယူလာပေးသူက နိုစရက်..။ ကမ္ဘာကြီး ဘာဖြစ်နေလဲဆိုတာ သိဖို့လိုတယ်လို့ ယူဆလို့ မျက်မမြင်တဲ့ မူဆန်ကို အဖော်ဖြစ်စေအောင်လုပ်ပေးတာ။

ဂိုဆန်ဆိုတာထက် မူဆန်လို့ပဲ လူသိများတယ်။ အသံသိပ်ကောင်းတယ် သူ့အသံနဲ့ ဟစ်အော်လိုက်ရင် သာယာသလို လူတွေတဖွဲဖွဲရောက်လာကြတယ်။ အကာ တို့နေတဲ့အိမ်ကြီးဟာ သိပ်ကြီးကျယ်ခမ်းနားတယ်။ အခမ်းပေါင်းများစွာ နဲ့ ဖွဲ့စည်းထားတာ။ ဗလီကြီးနဲ့ တဝန်းတည်း ကပ်လျှက် အိပ်ခန်းပေါင်း ( ၃၅) ခန်းပါတယ် ။ အခမ်းတိုင်းဟာ သမိုင်းစဉ်တွေရှိတယ်။ နှစ်ပေါင်းများစွာက ဒီဗလီကြီးကို အမွေခံခဲ့ကြတာ။ အိမ်ကြီးနဲ့ ဗလီကို အလည်မှာ တံတားတခုနဲ့ ပေါင်းကူးထားတာ။ အဲဒီမှာ ဘုရားဝတ်ပြုသူတွေအတွက် မျက်နှာသစ် လက်ဆေးတဲ့ နေရာလည်းရှိလေရဲ့။

(အယ်ဆာဘာရီ )ကတော့ ဗလီကျောင်းမှာ တရားဟောဆရာပေါ့။ အယ်ဆာ ကတော့ တရားပေးကောင်းတဲ့သူ။ ဒါပေမယ့် အယ်ဆာက သိပ်သန့်တာကြိုက်တယ်.. ဘာလေးပဲဖြစ်ဖြစ် သူ့လက်ခြေနဲ့မထိတက်ဘူး။ ကလေးတွေကို မုန့်ဝေတာတောင်မှ သူ့လက်နဲ့မထိပဲ ဝေဌတဲ့သူ။ သူ့မှာ သားတယောက် (အာမတ်) သမီးတယောက် . (ဆာဒစ်) ဆိုတာရှိတယ်။ သမီးလေးက အရွယ်ရောက်နေပြီ။ ဒီမှာက ယဉ်ကျေးမှုတခုရှိတယ်။ အရွယ်ရောက်နေတဲ့ မိန်းကလေးကို တံခါးခေါက် လာတောင်းတဲ့သူ ရှိကြတယ်။ ဒါပေမယ့် အာဒစ်နေတဲ့ ( ဆန်ဂျမ်)ကျတော့ အတွဲတွေ အဆင်ပြေမပြေ ကြည့်ပေးတဲ့ အမျိုးသမီးကြီးတွေရှိတယ်။ အိတ်စပက်တွေပေါ့။ ဒါပေမဲ့ အာဒစ်အတွက်တော့ တမျိုး ဖြစ်ခဲ့တယ်။ တံခါးခေါက်သူတယောက် ပေါ်လာခဲ့လေရဲ့ ။ သူ့ဆီကို ( ကာကာ) ဆိုတဲ့ အရွယ်ရောက် ယောကျာ်းတယောက် ဆိုက်ဆိုက်မြိုက်မြိုက် မိဘမပါပဲ တယောက်တည်း လာတောင်းတော့တယ်။ လူငယ်ဟာ ရဲရင့်ပုံပေါ်သလို ထင်တာကို မဆုတ်မဝံ့ လုပ်မဲ့ပုံရှိတယ်။ ဘာမထီရုပ်ရည်နဲ့ပေါ့။ တနေ့တော့ ကာကာ က ဆာဒစ်ရဲ့ ဦးလေးဖြစ်တဲ့ အကာ ဆီမှာ မိန်းမလာတောင်းတော့တာ။ အကဲခတ်ကြည့်တော့ သိပ်မဆိုးပေမဲ့ ညီအစ်ကိုချင်းတိုင်ပင်ဖို့ ဖြစ်လာတယ်။ ညီဖြစ်သူကလည်း သဘောတူတယ်။ ဒါပေမဲ့ ဖခင်ဖြစ်သူက စိတ်ထဲမှာ ဗလီကြီးနဲ့ ပတ်သက်လို့ စိတ်မချဘူး။ နောက် သူ့သမီးလေးကိုလည်း ယောက်ျားကောင်းတယောက်နဲ့ပဲ ပေါင်းဖက်စေချင်တယ်။ ရုပ်ထွေးတဲ့ နိုင်ငံရေး ဘာသာရေးကြားထဲ ဓါးစားခံ မဖြစ်စေချင်ဘူး။ အခုလို ( အယာတိုလာ အယ်မာကီ ) တို့ဘက်က နေ တရားဟောဆရာဖြစ်လာတဲ့ တရားဟောဆရာလေး ကာကာနဲ့ သမီးပေါင်းဖက်ဖို့ဆိုတော့ စဉ်းစားစရာတော့ ရှိခဲ့တာပေါ့။ ကောင်လေးက ကိုယ်တိုင်လာတောင်းတော့ အခက်ဖြစ်ရတော့တာပဲ။ ကာကာအကြောင်းကို စုံးစမ်းရတယ်။ဒါနဲ့ပဲ အဆုံးမှာ သူ့ကိုမိဘများနဲ့ လာတောင်းဖို့ ပြောတယ်။ နေ့ရက်ရောက်လာတော့ လာတော့တောင်းပါတယ်။ အရေးပါတဲ့ သူ့ရဲ့ မှတ်ပုံတင် မပါတာကြောင့် နေရပ်ဖြစ်တဲ့ အဝေးကြီးကို ပြန်ယူခိုင်းတာဖြစ်လာရတယ်။ ဒီမှာက မှတ်ပုံတင်မပါပဲ လာတောင်း..ပြီးရင် နောက်မိန်းမတွေ ထပ်ယူတက်ကြတယ်မလား။ ကာကာဟာ မိုင်းပေါင်းများစွာဝေးတဲ့ အရပ်မှာ မှတ်ပုံတင်ပြန်ယူပြီး ဆာဒစ် ယောက်ျားအဖြစ် အသိမှတ်ပြုခံခဲ့ရပြီပေါ့။ မတွေ့ဘူး မမြင်ဘူးတဲ့ သူနဲ့ အိမ်ထောင်ကျသွားတဲ့ ဆာဒစ် ဘဝ စိတ်ညစ်နေရတယ်။ အမေ့ဖြစ်တဲ့ (ဇီးနတ် ) မှာ ရင်ဖွင့်ရတယ်။ မဖွင့်နေရရိုးလား..ယောက်ျားဖြစ်သူက သူနေတက်သလို နေတယ်။ တခါတလေ တရားဟော ထွက်သွားလိုက်တာ ကာကာ ပြန်မလာတော့ဘူး။ ကာကာက အတည်အကျ ကိုယ်ပိုင်ဗလီ မရှိသေးတဲ့ တရားဟောဆရာ။ လျောက်သွားနေရတာဆိုတော့ မိန်းမကိုလည်း ဂရုမစိုက်နိုင်ဘူး။ တခါတရံမှာတော့ မိန်းမကို မိဘအိမ်မှာအပ်ပြီး တရားလျှောက်ဟောတက်သေးတယ်။ ပြန်လာရင် ငွေတိုငွေစနဲ့ပေါ့။ မိန်းမအိမ်မှာ လာနေရင်လည်း အခန့်သားပုံ။ အဲဒီမှာ (ရှဘား )ကောင်လေးတယောက်ရှိတယ်.. သူက မူဆန်ရဲ့ သား။ ငယ်သေးတယ်။ ကာကာက အခြားသူတွေနဲ့သာ လက်ပွန်းတတီးမနေတာ။ တခါတရံ အလည်လာရင် အဲဒီကောင်လေးကိုတော့ ပစားပေးပြီး သူယုံကြည်ရာ အတွေးအခေါ်တွေကို ပြောပြလေ့ရှိတယ်..။ ဥပမာ… အစိုးရသတင်းတွေဟာ အမှားတွေဆိုတာမျိုးပေါ့။ တကယ့်သတင်းအမှန်က အဲဒါ တွေမဟုတ်ဘူးဆိုကာ သူ့အမြင် သူသိတာတွေကို ဟောပြောတက်တယ်။ကောင်ငယ် ရှဘား သိပ်အံ့သြသလို ကာကာကို သိပ်လေးစားချီးမွမ်းတယ်။ သူ့ကိုယ်သူ ဘာမှမတက်တဲ့ ကောင်လေးအဖြစ် သိမ်ငယ်မိတာအမှန်ပဲ။ ကံဆိုးချင်တော့ (ဆာဒစ်)ရဲ့ ဖခင်ကြီးကွယ်လွန်သွားခဲ့တယ်။ အသန့်လွန်ရောဂါ ဖိစီးနေတဲ့ တရားဟောဆရာကြီး ကွယ်လွန်သွားတော့ အားလုံးဝမ်းနည်းကြေကွဲကြရတယ်။ သူ့နေရာမှာ တရားဟောဆရာအဖြစ် အစားထိုးဖို့ လူကလည်း မရှိဘူး။ ဒါကြောင့် ( ကွီ )မှာ နေတဲ့ ကာကာကို လူလွတ်ပြီးခေါ်ခိုင်းကာ အစားထိုးခန့်အပ်ရတယ်။ တကယ်ကတော့ (အာမတ် ) ဖြစ်ရမှာ။ဒါပေမယ့်လည်း အာမတ်က (၁၇) နှစ်ပဲရှိသေးတော့ ငယ်သေးတယ်..။ တရားဟော ပညာ စာတွေကို အများကြီး သင်ရအုံးမှာမို့ ကာကာကိုပဲ လောလောဆယ် ခန့်ဖို့ ဖြစ်သွားတယ်။ ကာကာ ရောက်လာကတည်းက အိမ်ကြီးကလူတွေ သိပ်မကြိုက်ဘူး။ သူက သူပြောချင်တာတွေ ပြောတက်တယ်။ အိမ်က အဖွားတွေလည်း ဘာမှမပြောရဲဘူး။ အဖွားတွေလည်း မျက်နှာသေ ကျန်တဲ့သူတွေလည်း မျက်နှာသေနဲ့ပေါ့။ အဖွားဆိုလို့ သူတိုကကတော့ တကယ့်အဖွားတွေမဟုတ်ခဲ့ဘူး.. အကာတို့ဖခင် အသက်ရှိစဉ်ကတည်းက ဟိုးအဝေးကြီးကနေ ခေါ်လာတာ ။ အဖေပြန်လာရင် ကိုယ်လုပ်တော်လုပ်တယ်။ သူတို့လည်း အေးဆေးပဲ သဘောတူကြတယ်။ ဒါကြောင့် သူတို့ဘယ်သူဘယ်ဝါ ဘယ်အရပ်က လာခဲ့ကြတယ်ဆိုတာ ဘာမှမပြောကြဘူး။ ကြာလာတော့ သူတို့လည်း အိမ်သားတွေလိုပဲ ဖြစ်သွားကြတယ်။ သြဇာရှိသလို အိမ်ဦးစီးဖြစ်တဲ့ အကာကို ဘာလေးပဲဖြစ်ဖြစ် သွားပြောပြတက်ကြတယ်။ နောက် ဒီဗလီအိမ်ကြီးကို သေသပ်အောင် စီမံခန့်ခွဲတက်တဲ့ ပညာစွမ်းပကားကလည်း မသေးပေဘူး။ တကယ့်ချီးကြူးထိုက်တယ်။ မွတ်စလင်အများစု ယုံကြည်တာတခုတော့ ရှိတယ်။ မကာ ကို ဘုရားဖူးသွားခြင်းပဲ။ ဆင်းရဲသားတွေအတွက်ကတော့ အဲဒီအိပ်မက်ကို အကောင်အထည်ဖော်ဖို့က ၃ ခုရှိတယ်။ ဒါကြောင့် မကာ ကို ဘုရားသွားဖူးဖို့ ဆိုကာ အဘွား ၂ယောက် တိတ်ဆိတ်စွာ နှစ်ပေါင်းများစွာ ကျိုးစားခဲ့ကြတယ်။ အဲဒါကတော့ တိတ်တိတ်လေး နေမထွက်ခင် မနက်အစောကြီးးထပြီး တံမြက်စည်းလမ်း သန့်ရှင်းရေးလုပ်တယ်.. အဲဒီလိုလုပ်တာကို ဘယ်သူမှတွေ့လို့သိလို့ မရဘူး။ နံပါတ် ၃ ..ဘယ်သူ့ကိုမှ မပြောဘူး.. အနှစ် ၂၀ ကြာရင် သွားရလိမ်မယ်။ ဒီလိုလုပ်ရင် ပရော်ဖက်နဲ့ ကာယကံရှင်ပဲ သိလို့အချိန်တန်ရင် မစ မယ်လို့ ယုံကြည်ခြင်းပဲ။ အဘွားအို ၂ ယောက် ကိုယ့်ရည်ရွယ်ချင်တွေနဲ့ ကိုယ်လုပ်လာလိုက်တာ အနှစ် ၂၀ ကျော်ပြီး နောင် အနှစ် ၂၀ တာကူးသွားတယ် ပရော်ဖက်လည်း မကယ်ဘူး မသိဘူးလို့ ထင်နေတယ်.. တကယ်လည်း မကာ ကို သွားမှ မသွားရတာ။ ဒါကြောင့် တနေ့တော့ တယောက်နဲ့ တယောက် ရင်ဖွင့်ဖြစ်ကြတယ်။ ၂ ယောက် စလုံး တယောက်လျို့ဝှက်ချက်ကိုတယောက် သိသွားကြတယ်။ အဲသလို ရပ်ကွက်ထဲ ဈေးထဲမှာ ပြောသမျှ ဖြစ်သမျှကို သိနေတဲ့သူတယောက်တော့ ရှိတယ်။ သူက (ကူစီ )။ အကာတို့နဲ့ ဆွေမျိုးမကင်းဘူး။ သူက တအိမ်ဝင် တအိမ်ထွက်နဲ့ လျှောက်ပြော လျှောက်နားထောင်နေတက်တယ်။ ပြီးရင် လူတွေကို သူသိ ကြားခဲ့တာတွေ ပြောပြတက်တယ်။ တရက်တော့ အဘွားအို ၂ ယောက်ပြောနေတာကို သူကြားသွားတယ်။ အဲဒီအရူးမကို လူတွေက သတင်းစုံမေးတက်တယ်။ အဲဒီထဲမှာ အကာ လည်းပါတယ်။ အကာကို သူပြောသွားတဲ့ထဲမှာ အဘွားအို ၂ ယောက်အကြောင်း နဲနဲပါသွားတာကို အထပ်ထပ်စဉ်းစားရင်း အဘွားတွေ မကာ ကိုအိပ်မက်မက်တာ သိသွားခဲ့တယ်။ အကာ သဘောပေါက်သွားခဲ့တယ်။ အဘွားအို ၂ ယောက် မကာ ကို ဘုရားဖူးသွားဖို့ မွတ်စလင် အများစု ယုံကြည်တာတွေ နှစ်ပေါင်းများစွာ လုပ်ခဲ့တာကို။။ တနေ့တော့ အဘွားအို ၂ ယောက်ဆီကို မျက်နှာအုပ်နဲ့ မြင်းစီးလူသား ရောက်လာပြီး စာအိတ်လာပေးသွားတယ်. ။ စာမဖတ်တက်တဲ့ အဘွားအို ၂ ယောက် အဆင့်ဆင့်ဖတ်ခိုင်းတော့ မကာ ကို သွားဖို့ ဖြစ်လာတာမို့ ပရော်ဖက် မဆတယ်ဆိုပြီး ဝမ်းသာဖြစ်ခဲ့ကြတယ်။ မကာ ကို ဘုရားဖူးသွားဖို့ ပြင်ဆင်ကြတယ်။ မိသားစုလည်း ပျော်ရွင်ကြတာပေါ့။ အဘွားအို ၂ ယောက် မကာကို ထွက်သွားကြတယ်။ တအိမ်သားလုံးလည်း ဝမ်းသာမဆုံး တပြုံးပြုံးနဲ့ပေါ့။

ကာကာ အစားထိုးတရားဟောဆရာဖြစ်လာတဲ့ အချိန်မှာ အာဝဇွန်းရွင်ရွင်နဲ့ တရားပေးတယ်။ လာလိုက်ကြတာလည်း လူတွေမနည်းဘူး။ တရားနာအများစုက မျက်စိပိတ်နားပိတ်တွေ။ ဒါကြောင့် ကာကာ တက်သမျှ မှတ်သမျှ ဗိုလ်လိုဖတ်ထားတာတွေကို ပြောရင်သိပ်သဘောကျကြတယ်။ နောက် ရင်တုန်စရာကောင်းတဲ့ ကဗျာတိုကဗျာစတွေလည်း သူ့အခန်းထဲမှာရှိတက်တယ်..။ ဒါကိုတော့ အကာ ကသိနေတယ်။ ဘယ်သူ့လက်ချက်လဲဆိုတာလဲ စဉ်းစားတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ သူတို့ဗလီကြီးထဲ ညစ်ညမ်းတာတွေဆို ဘာမှ မရှိစေချင်ဘူး။ တီဗွီလည်းမကြည့်ရဘူး ရှိလည်းမရှိခဲ့ဘူး။ ဒါကြောင့် အမေရိကန်က လကမ္ဘာကို ရောက်နိုင်တဲ့ သတင်းကို ခိုးကြည့်ခဲ့ကြရတဲ့အဖြစ်..။ ကာကာ ဟောတဲ့ တရားတွေထဲမှာ ( ရှား) အစိုးရ မကောင်းတာတွေ အမေရိကန် လူလည်ဗိုလ်ကျ စိုးမိုးပြီး အစ္စလာမ်ဘာသာကို စိန်ခေါ်နေတာတွေ ပါတက်တယ်။ ဒါကြောင့် လက်ရှိ ရှားအစိုးရနဲ့ အမေရိကန်တွေကို တိုက်ထုတ်ရမယ်ဆိုတဲ့ အတွေးအခေါ်တွေ ရှိတယ်။ လူတွေကလည်း ကြိုက်တယ်။ နားထောင်ကြတာပဲ။ ဒီထဲမှာ ထောက်လှမ်းရေးတွေ ပုလိပ်တွေ ပါတယ်။ သူတို့လည်း သဘောကျတာပဲ။ အားရပါးရ တရားဟောပြီးရင် `` အလာ အလာ``ဆိုပြီး အော်တက်တယ်။ အဲဒီ အလာလို့ အော်တဲ့ထဲမှာ အများကြီး အဓိပ္ပါတယ်တွေ ပါသွားတယ်ဆိုတာ အားလုံးသိကြတယ်။ မိန်းမတွေကလည်း ကာကာတရားပေးတာ သိပ်သဘောကျသလို ဘယ်လိုရေမွေးသုံးသလဲဆိုတာမျိုးအထိ စိတ်ဝင်စားတက်ကြသေး တယ်။ တနေ့တော့ ကာကာကိုယ်တိုင် ဦးဆောင်ပြီး ဆန္ဒပြလေတော့တယ်။ ရဲရော စစ်တပ်ရောဝိုင်းထားတယ်။ စစ်တပ်ကလည်း တကယ်ပစ်မှာ။ ရဲတွေက ကာကာ လူတွေကို အစိုးရ ဆန့်ကျင်ရေး လှုံ့ဆော်နေတယ်ဆိုတာ သိတယ်။ အခုလို စိန်ခေါ်ပွဲ ( ဆန္ဒပြပွဲ)တွေအထိ လုပ်လာလိမ်မယ်လို့ မထင်ခဲ့ဘူး။ အခုတော့ သူ့ကို ဖမ်းဖို့ဆီးဖို့ ဖြစ်လာခဲ့တယ်။ အကာ လည်း လန့်သွားတယ်။ စိတ်ဆိုးတယ်။ သူ့ကို လူကြီးတယောက်အနေနဲ့ ဘာလုပ်မယ်ဆိုတာ ကြိုပြောသင့်တယ်လို့ သူမြင်တယ်။ အခုတော့ ဝရုန်းသုန်းကား ဗလီက တရားဟောဆရာ ဦးဆောင်တဲ့ အစိုးရပုန်ကန်မှုာတွေ ဖြစ်ခဲ့ရတယ်။ ဒါပေမယ့်လည်း ကာကာကို အကာအကွယ်ပေးဖို့ လိုအပ်လာခဲ့ပြီ။ သူ စိတ်ညစ်စွာ ပူပန်စွာပဲ တူဖြစ်သူ ရှဘာနဲ့ ညီအစ်ကို တွေ တိုင်ပင်ပြီး ကာကာကို ကာကွယ်ပေးရတယ်။ ရဲတွေလည်း အများကြီးဝိုင်းထားတယ်။ ကာကာကို ဝင်ရှာတယ်။ အကာတို့အဖေခေတ်ကဆို ရဲတွေက ဗလီကြီးကလူတွေကို သိပ်ရိုသေလေးစားခဲ့ရတယ်။ ရဲတွေကို ဖိနပ်မချွတ် ဦးထုပ်မချွတ်ပဲ ဗလီကြီးထဲ ပေးမဝင်ဘူး။ အကာ မြို့ဝင်ကို ဖုန်းခေါ်တယ်။ ကာကာ လွတ်သွားအောင် မနက်ဗလီတက်ချိန်မှာ နယ်ဘက်ကို အရောက်ပို့ပေးနိုင်ခဲ့တယ်။ ဒါနဲ့ပဲ ကာကာ ( ဆန်ဂျမ်း) ဆိုတဲ့အရပ်ကနေ ပျောက်သွားခဲ့တယ်။

သူ့မိန်းမ (ဆာဒစ်) လည်း ကလေး တယောက်ရခဲ့ပြီ.. ကာကာလည်း ပြန်မလာနိုင်တော့ဘူး။ ကလေးလေးက ပုံမှန်လိုမျိုးမဟုတ်ဘူး။ အမည်က (လီဇတ် ) လို့ပေးထားတယ်။ အိမ်ထဲမှာဆိုရင် မူဆန်ဆီသွားလိုက် သူခင်တဲ့တခြားသူတွေဆီနောက်ကပ်လိုက်နဲ့ မျောက်တကောင်လို ခုန်ကူးသွားလာနေတက်တယ်။ သူ့လှုပ်ရှားမှုက သိပ်မြန်တယ်။

ကွယ်လွန်သွားတဲ့ အယ်ဆာဘာရီ မိန်းမ ( ဇီးနတ် ) လည်း စိတ်ညစ်တယ်။ သူ့မှာ ဘာသြဇာမှ မရှိဘူး.. တအိမ်လုံးမှာ သြဇာအရှိဆုံးက အကာ ရယ် သူ့မိန်းမပဲ။ ယောကျာ်းရှိစဉ်တုန်းကလည်း ဘာအကြင်နာမှ မရခဲ့ဘူး။ သားမွေးပြီးကတည်းက သူ့နားကို ကပ်ကိုမကပ်ခဲ့တာ။ သေဆုံးသွားတဲ့အထိပဲ။ ပျော်ရွင်မှုတွေ ပျောက်နေတဲ့ ဇီးနတ် ကြိမ်းတယ်။ တနေ့ သူသြဇာရှိလာရမယ်လို့ပေါ့။ ဖြစ်ချင်တော့ ကာကာ ထွက်ပြေးပုန်းခို သွားတဲ့နောက် တရားဟောဆရာ လိုလာပြန်တယ်။ ဒီတော့ တရားဟောဆရာ အသစ် ထပ်ရောက်လာတယ်။ သူက တောဘက်က ရိုးသားတယ် ဟောတက်သလိုဟောတယ်။ အဲ သူဟောတဲ့ထဲမှာလည်း တခါတရံ အစိုးရကို ပုတ်ခတ်တာလေးဘာလေး ပါတက်တယ်။ မဆိုးဘူးလို့ ဆိုရမယ်။ တရားဟောဆရာအသစ်နဲ့ ဇီးနတ် မကြာခဏ မျက်လုံးချင်းဆုံမိတယ်။ သိချင်တာလေးတွေ သွားမေးတယ်။ တရားဟော ဆရာမှာက မိသားစုရှိတယ်။ တနေ့တော့ တရားဟော ဆရာက ဒီလိုမေးတယ် `````` ( ) က ```````` ဖြေတော့ အကြင်လင်မယား မဟုတ်တောင် တိတ်တိတ်လေး အတူအိပ်တဲ့ အဆင့်မှာရှိနေကြပြီပေါ့။ နှစ်ဦးနှစ်ဘက် သဘောတူချက်နဲ့ပေါ့။ ဒါကို ဗလီအိမ်ကြီး တခုလုံး ဘယ်သူမှ မသိဘူး။ အကာ တရက် မင်္သကာလို့ လိုက်ကြည့်ရင်း မတော်တရော်တွေတွေ့လို့ တရားဟောဆရာသစ်ကို မောင်းထုတ်ပစ်လိုက်တယ်။ ဒီတရားဟောဆရာကြီးလည်း သိပ်မကြာလိုက်ရပဲ အထုပ်ပိုက်ကာ တောကိုပြန်သွားခဲ့ရတာပေါ့။

ဆက်ပါဦးမည်..

မဗေဒါ
24.06.2011

ဆက်ဖတ်ကြည့်ပါဦးနော်....

Tuesday, June 14, 2011

ပုံမှန်ဆက်ဆံကြည့်ပါ..



လွန်ခဲ့တဲ့ ၁၂ နှစ်လောက်က အင်္ဂလိပ်စာစကားပြော သင်တန်းတခုမှာပါ..။ ကျွန်မတို့ဆွေးနွေးရတဲ့ ခေါင်းစဉ်က `` မိန်းမလျာတွေအပေါ် ပတ်ဝန်းကျင်ရဲ့ လက်ခံမှု..ဆက်ဆံမှု ..သဘောထား`` ပါ။..။ ထုံးစံအတိုင်း ကျွန်မ ကတော့ ကိုယ့်အမြင်ကိုဆွေးနွေးပါတယ်။ အဆိုတင်သွင်းမှုကတော့ သူတို့တွေကိုလည်း အခြားသူများလို ကောင်းကောင်းမွန်မွန် ဆက်ဆံသင့်တယ် လို့ အတိုချုပ်ပြောရင်ရနိုင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့ လည်း လူထဲကလူသားများမို့ပါပဲ..။ကျွန်မတို့ နားမလည်နိုင်တဲ့ ဖြစ်(တည်)လာတဲ့ အခြေအနေအရ ယောက်ျား ကိုယ်ခန္ဓာနဲ့ မိန်းမစိတ်ဖြစ်နေကြရခြင်း မိန်းမကိုယ်နဲ့ ယောက်ျားစိတ်ဖြစ်ရခြင်းတို့ကို နားလည်ပေးဖို့ပါပဲ။ အများစုကတော့ သဘောမတူပါဘူး။ တပ်ရင်းတခုထဲက ယောက်ျားတယောက်က ဒီလိုသုံးသပ်ပါတယ်။
``သူတို့က လူ့ပတ်ဝန်းကျင်ကို အရမ်းဒုက္ခပေးပါတယ်``တဲ့။ ကျွန်မနဲ့ ဆရာမ တို့က``နိုး`` ဆိုတဲ့ တုန့်ပြန်မှု အလျှင်အမြန်ပေးခဲ့ဖူးပါတယ်..။ နိဂုံးချုပ်ပြောရရင် ညီမတယောက် ယောကျာ်းလျာ ဖြစ်နေ တဲ့ အင်္ဂလိပ်ဆရာမနဲ့ တက်သလောက် သိသလောက် သင်တန်းသားများဆွေးနွေးရင်း အကြောင်းအရာ အဆုံးသတ်ခဲ့ပါတယ်။ အဖြေတော့မရခဲ့ပါဘူး။ ဒါပေမယ့် စဉ်းစားစရာတွေတော့ လူတိုင်းရင်ထဲ ရှိခဲ့ကြမှာဧကန်ပါ..။ လူအများစုကတော့ မိန်းမလျာ ယောကျာ်းလျာများကို ပုံမုန်မဟုတ်ကြဘူး. ဒါကြောင့် သူတို့ကို တခြားပုံမုန်တယောက်ကို ဆက်ဆံ သလို အလေးမထားသင့်ဘူး..သူတို့ဟာနှိမ့်ကြသူများ အပျက်လုပ်သူများ အပိုလုပ်တက်သူများအဖြစ် ရူမြင်ကြ ပါတယ်။ ဒါကတော့ ဒီကနေ့ ခေတ်ရှေ့ပြေးနေပါတယ် ဆိုတဲ့ အမေရိကန်မှသည် ကျွန်မတို့အာရှအထိ အမြင်တွေများစွာဟာ မတူညီကြပါဘူး။ အနောက်ဘက်မှာ ကတော့လည်း တဖြေးဖြေးပြောင်းလဲရင်း အမေရိ ကားမှာ တချို့ပြည်နယ်တွေ လိင်တူခြင်းတောင် လက်ထပ်ခွင့်တွေရရှိနေကြပါပြီ။ အဲသလိုပဲ တချို့ နိုင်ငံများကြတော့လည်း ယောက်ျားလေးဖြစ်ပြီး သူပါဝင်ရမဲ့ ဟိုမုန်းဓါတ်တွေနည်းပါးလို့ ယောက်ျား ပိုပီသအောင်ဆိုကာ မိန်းမစိတ်ပိုသူများကို တခြားလိုအပ်တဲ့ဓါတ်တွေ ထိုးသွင်းနေကြပြန်ပါတယ်..။ မြန်မာ ပြည်ထဲကြတော့လည်း ပေါ်ပေါ်ထင်ထင် ရူတ်ချတာ..နှိမ်တာတွေက အခုထိဖြစ်နေဆဲပါ.။ အတွေ့ အကြုံလေးတခု ပါ..ထူးခြားပါတယ်.။


ကျွန်မတက်ခဲ့တဲ့ မြောက်ဥက္ကလာပ အထက (၃) လမ်းမကြီး (လမ်းအမည်မမှတ်မိ တော့လို့) ပေါ်မှာ စာအုပ်ဆိုင်လေး တဆိုင်ရှိပါတယ်။ အမျိုးသမီး၂ ယောက် ပိုင်တာပါ။ ဆရာမလုပ်သူက ယောကျာ်းလျာဖြစ်ပြီး မိန်းမဖြစ်သူကတော့ ဆိုင်ထိုင်ပါတယ်။ နှစ်ယောက်စလုံး အင်မတန်မှ ရုပ်ရည်ချောမောလှပပါတယ်။ စကားပြောလည်း အေးအေးဆေးဆေးနဲ့ သူတို့ကြည့်ရတာလည်း ပုံမှန်လိုပါပဲ။ ကျွန်မ အဲဒီဆိုင်မှာ စာအုပ်ဌားဖူးပါတယ်။ ဒါကြောင့် သူတို့ဆက်ဆံရေးကို ကြည့်ရတာလည်း တခြားလူတွေလိုပါပဲ ဘာမှမခြားနားပါဘူး..သူတို့လူ့အသိုင်းအဝန်းထဲ ပါဝင်နေတဲ့ အပေါ်မှာလည်း ဘာမှ သရိုးသရီ မဖြစ်မိပါဘူး..အိုကေတယ်ပေါ့။ အဲဒီဝန်းကျင်က လူအတော်များများကလည်း သူတို့အပေါ် ဝေဖန်တာ အပြစ်ပြောတာမျိုးတွေ မတွေ့မကြားဖူးပါဘူး။ အိုကေ၏ပေါ့။ ဆိုတော့ လက်ခံတဲ့ နေရာတွေမှာ တရားဝင်မဟုတ်တာတောင် ``သူ့တို့ဘာသာနေပါစေ``ဆိုပြီး မြန်မာ့အသိုင်းအဝန်းက ခွင့်လွတ်တယ်လို့ နားလည်တက်တယ်လို့လည်း မြင်မိပါတယ်..။ ဒါပေမယ့် နေရတိုင်းတော့ ဖြစ်ချင်မှဖြစ်ပါလိမ်မယ်..။ ဒီလိုပါပဲ ``တကယ့်လျာ``မဟုတ်ပဲနဲ့ အသက်ရှင်ရပ်တည်ဖို့ လုပ်ရတဲ့ ယောက်ျား စစ်မကြီးတွေလည်း ဆုံဖူးပါတယ်။ ရယ်စရာလုပ်ပြတက်တယ် . တက်တဲ့ပညာလေးနဲ့ ဖျော်ဖြေပြကြတယ် ဒါကြောင့် သူတို့ကိုလည်း မျက်စိထဲ ပြဿနာမရှိဘူးလို့ မြင်တာပါပဲ။ ဒါပေမယ့် လူအများစုကြီးကတော့ သူတို့အပေါ်အမြင်တွေကို ဘယ်လိုမှ ပြောင်းလို့မရတာတော့ အမှန်ပါပဲ။ ကျွန်မစဉ်းစားမိတာက ဘာဖြစ်လို့ လူအများစုက`` ပြဿနာရှာသူ`` တွေလို့ မိန်းမလျာများအပေါ် မြင်ကြရတာလည်းလို့ သတ္တုချကြည့်လိုက်ရင် ..။ ဖြစ်နိုင်တာတွေက နံပါတ် ၁.. ယောကျာ်း (မိန်းမ)ဖြစ်နေပြီး မိန်းမ (ယောကျာ်း) လို ပြုမူနေထိုင် ..ဝတ်စားတာ မကြိုက်ဘူး (လက်မခံချင်ဘူး)..။ နံပါတ် ၂.. နဲနဲပြောရင် တကယ့်မိန်းမ (ယောက်ျား) တွေထက် များများခံစားပြတက်ကြတာ..နံပါတ် ၃.. နေရာတကာ စပ်စပ်စုစု နိုင်ပြီး ပိုလူရာဝင်ချင်တာတွေကြောင့်လို့ ထင်ပါတယ်.. ။

ကျွန်မအမြင်ကိုပြောရရင် သူတို့တွေဟာ လူ့အဖွဲ့အစည်းထဲမှာ ငယ်စဉ်ကတည်းက ပုံမုန်မဟုတ်ဘူးလို့ သတ်မှတ်ခံထားရတာကြောင့် ပိုအနှိမ်ခံရပါတယ်။ ဒီအခါမှာ သူတို့ဟာ သူများထက် ထူးခြားပါတယ်။ သူတို့နဲ့ ဆက်ဆံရင် နစ်နာစေတဲ့ စကားလုံးမျိုးတွေနဲ့ ပြောတာ.. ခိုင်းနှိုင်းတာမျိုး.. တွေ ပိုများပါတယ်။ တခါ အရိုင်းအစိုင်းစကားလုံးနဲ့ ပြောရရင် သူတို့ကို ``ခြောက်`` ``ဟိုမရောက် ဒီမရောက်`` နေတဲ့ သူတွေဆိုပြီး ပိုပြီးတော့ လက်တည့် စမ်းချင်သူ စော်ကားချင်တဲ့ သူတွေလည်း ရှိတက်ကြပါတယ်။ ဒီအခါမှာ သူတို့ကလည်း သူတို့နိုင်တဲ့အစွမ်းနဲ့ ညစ်ညစ်ပတ်ပတ်တွေ..အရိုင်းတကာ အရိုင်းဆုံးစကားလုံးတွေ …အရွဲ့အစောင်းနည်း လမ်းတွေနဲ့ လောကကြီးကို စိန်ခေါ်ကြရတာပေါ့။ ဒါကြောင့် မိန်းမအစစ် ယောက်ျားအစစ် တွေထက် ပိုကြမ်းကြတယ်။ ပိုလူစွမ်းကောင်း ပိုထင်ပေါ်မှုတွေ ဖြစ်သွားကြတယ်လို့ ထင်တာပါပဲ။ အမှန်က သူတို့ကို ဘာပြဿနာမှ မရှာပဲ ``သူတို့ဘာသာဖြစ်တည်ခြင်း `` ကို နားလည် အသိအမှတ်ပြုပြီး သာမာန်လိုပဲ ဆက်ဆံမယ် ဆိုရင် တုန့်ပြန်မှုကလည်း ပြင်းထန်မှာမဟုတ်ဘူးလို့ ထင်ပါတယ်။ ကျွန်မဒီစာကိုရေးတာ အကြောင်းရှိလို့ပါ..

ဆရာမနုနုရည် (အင်းဝ) ရဲ့ `` ပြုံး၍လည်း ကန်တော့ခံမူပါ..ရယ်၍လည်း ကန်တော့ခံမူပါ`` ကို မိတ်ဆက်ချင်လို့ပါ။ ဒီလောက်ထိ ခရေစေ့တွင်းကျ လေ့လာပြီး ရေးသားထားလိမ့်မယ်လို့ မထင်မိခဲ့ပါဘူး။ မအားတာရယ်ကြောင့် လက်ဆောင်ရခဲ့တဲ့ ဒီစာအုပ်လေးကို မဖတ်ဖြစ်ခဲ့ဘူး။ စာဖတ်ရင် အင်မတန်ကြာတက်တဲ့ ကျွန်မ ဒီတခါတော့ ၂ ရက်နဲ့ အပြီးဖတ်နိုင်ခဲ့ပါတယ်။ ဖတ်ပြီးတော့လည်း အင်မတန် စိတ်မကောင်း ဖြစ်ရပါတယ်။ မိန်းမလျာဖြစ်တဲ့ ဇာတ်လိုက် ``ဒေစီဂျိန်း`` အတွက်ရော သူ့အချစ်တော် ကောင်လေး ``မင်းမင်း``အတွက်ရောပါ။ ဇာတ်ရှိန်အမြင့်ဆုံးအပိုင်းကတော့ ထုံးစံအတိုင်း ဇာတ်သိမ်းပိုင်းပါ။ အမြည်းစမ်းကြည့်သွားပါအုံး..

`` ဟဲ့ ထွက်ခဲ့ဆိုတာ မထွက်သေးဘူးလား.. အဆင့်မရှိတဲ့မိန်းမနဲ့ နေတော့မယ်ဆိုလည်း ငါဆင်ထားတဲ့ ပစ္စည်းတွေ ချွတ်.. အကုန်ချွတ် ပေးလှည့် မင်းမောင် ``

`` ခင်ဗျားပါးစပ်ကို ပိတ်ထားစမ်း`` ရုတ်တရက် လက်ကိုဆောင့်ဆွဲတာာ ဒေစီဂျိန်းခံလိုက်ရတယ်။ဇောနဲ့ မျက်စိက မှုန်မှုန်နဲ့ မင်းမင်း အနားရောက်လာတာကို မမြင်ဘူး.. `` ခင်ဗျားပါးစပ်မပိတ်ရင် ကျုပ် ထိုးမှာနော်``

``ဟင်..နင်ကလား ငါ့ကိုထိကြည့်စမ်း.. ငါ့ပါးစပ် ငါပိတ်ချင်မှ ပိတ်မယ်.. ကဲ အော်တယ်ဟေ့ အော်တယ်.. ဟောဒီမှာ အရပ်ကတို့ ``

မင်းမင်းက ဒေစီဂျိန်းပါးစပ်ကို ပိတ်ပစ်လိုက်တယ်.. ပြီးတော့ လက်တွေကို ချုပ်ပြီး အတင်းဆွဲထုတ်လာတော့ တရွတ်တိုက်ပါလာတယ်။ တအားမောနေတဲ့ ဒေစီဂျိန်းရဲ့ အသက်ရူသံပြင်းပြင်းနဲ့အတူ ဇရပ်ပေါ်က နာကျင်နေတဲ့ ရိုက်သံလေးက မင်းမင်းနောက်ကို လိုက်လာတယ်။ အရှက်တွေ ဒေါသတွေ နာကျင်တာတွေနဲ့ သတိလက်လွတ် ဖြစ်နေတဲ့ မင်းမင်းလက်တွေက မိန်းမလျာမကြီးကို ဘယ်လောက်များမညှာမတာ ဆွဲခဲ့မိတယ် မသိဘူး။ အိမ်ပေါ်ကို ရောက်တော့ ခြောက်ဆယ်တွင်း မိန်းမလျာမကြီး ပုံလဲသွားခဲ့တယ်။

ကဲဒီလောက်ပါပဲ..စိတ်ဝင်စားသူများ မှာဖတ်နိုင်ပါတယ်။ လူတွေဖြစ်တက်တဲ့ ခံစားမှုကို ဘက် နှစ်ဘက်ကနေ တင်ပြထားတယ်လို့မြင်ပါတယ်။ ဖတ်ပြီးတော့ နှစ်ယောက်စလုံးအတွက် စိတ်မကောင်းဖြစ်မိပါတယ်။ တကယ်တော့ မိန်းမလျာပဲ ယောက်ျားလျာမှ မဟုတ်ပါဘူး. လူ့အသိုင်းအဝန်းထဲမှာ ပြဿနာလုပ်တက်သူဟာ ဘယ်သူမဆိုဖြစ်နိုင်ပါတယ်။ ဘယ်သူမှ ဘယ်ဝါမှဆိုတဲ့ တယူသန်ယူဆချက်တွေကို စွန့်လွတ်သင့်ကြတယ်လို့ မြင်မိပါတယ်..။ ဒါကြောင့် ``ယောက်ျားလျာ`` ``မိန်းမလျာ`` များကို ပုံမှန်ဆက်ဆံတက်သူများ ဖြစ်နိုင်ကြပါစေလို့ အားပေးရင်း .. နားပါဦးမည်။

မဗေဒါ (၈၈)
၁၀.၀၆.၂၀၁၁

ဆက်ဖတ်ကြည့်ပါဦးနော်....

Tuesday, May 10, 2011

ဘန်ဒါဘုရှ် မိသားစုအချစ်တော်



မနက်ပိုင်း ၈ နာရီ ၄၆ မှာ အဲဒီထင်ရှားတဲ့ အဆောက်အအုံကြီးကို လေယာဉ်ဝင်တိုက်လိုက်တယ်.. အလုပ်သွား …ကျောင်းသွား...ပြန်အိပ်ကြနဲ့ အေးဆေးပါပဲ..။ အင်း ဒုတိယတခေါက် (ရ) မိနစ် ခြားလည်းဆက်ဖြစ်ရော ````ဒါဟာ တိုက်ဆိုင်မှုမဖြစ်တော့ဘူး````လို့ သိလိုက်ကြတယ်..။ ဘာဖြစ်လို့များ ဘုရှ်အစိုးရက အမှန်တရားကိုကြောက်ရွံ့နေရတာလဲ….မရှာရတာလဲ… ကလင်တန်ကို (လိင်…ကိစ္စနဲ့ အစိုးတွေ လုပ်ခဲ့လို့) စိတ်ပျက်နေခဲ့တာမို့ အိုစမာ ပေးထားတဲ့ သတိတွေကို မသိချင်ယောင် ဆောင်နေခဲ့ရတာလဲ..။ ၂၀၀၁ ခုနှစ် ညတညမှာ နယူးယောက်ကာ စာဆောင်မှာ စုံစမ်းဖော်ထုတ်တဲ့ သတင်းထောက်ပြောတဲ့ စကားတွေကို ဖတ်ပြီးရင်းဖတ်နေတော့တယ်..။`` ၂ ဒါဇင်လောက်ရှိတဲ့ အိုစမာရဲ့ မိသားစုဝင်တွေ အဲဒီတိုက်ခိုက်မှုဖြစ်တဲ့ အချိန်မှာ အမေရိကားမှာ ရှိနေကြတယ်… ဆော်ဒီအစိုးရကနေ စိတ်ပူပြီး ချက်ချင်းဆိုသလိုပဲ ပြန်ခေါ်တယ်… ဘာဖြစ်လို့လည်းဆိုတော့..သူတို့အပေါ်..လက်စားချေတာတွေ…လုပ်လာမှာစိုးလို့…အက်ဘီအိုင်စုံစမ်းမှုနဲ့ ဆော်ဒီအစိုးရ..ပြောစကားအရဆိုရင် ဘင်လာဒင်ဟာ ကိုယ်ပိုင်ဂျက်ကလေးစီးပြီး လော့စ်အိန်ဂျယ်ကနေ အော်လန် ဒို ကိုပျံသန်းခဲ့တာ လို့ ဆိုထားတယ်…``.
`` အမေရိကန်ရဲ့ ထောက်လှမ်းရေး အရာရှိကို သူ့မိသားစုဝင်တွေကို မေးတာမြန်းတာမျိုး ဖမ်းထားတာ မျိုးလုပ်လား``လို့ မေးတော့`` ဒီလိုလုပ်တာဟာ ဓါးစားခံ လုပ်တာပဲ… ငါတို့အမေရိကန်တွေ ဒါမျိုးမလုပ်ဘူး`` လို့ ပြောလေသတည်းပါ..။ ကဲဗျာ.. ဘာတွေဘာကြောင့်ဖြစ်ခဲ့လဲဆိုတာ ကြည့်ရအောင်ဗျာ..။

၁….။ဘင်လာဒင်ဟာ ခင်ဗျားရဲ့ မိသားစုနဲ့ အကျိုးစီးပွားတွေ ရှိခဲ့ကြလား…( ဘင်လာဒင် တက်စ်ဆ် ပြည်ကို ၁၉၇၃ မှာရောက်တယ် မြေတွေဝယ်တယ် ကိုယ်ပိုင်အိမ်ဆောက်တယ်…. ဆန်အန်တိုနီအိုလေယာဉ်ကွင်း မှာ( ဘင်လာဒင်လေယာဉ်ထုတ်လုပ်တဲ့နေရာ ) ဆောက်ခဲ့တယ်မလား..။ ဘင်လာဒင်ဟာ ဆော်ဒီမှာ သိပ်ချမ်းသာတဲ့ မိသားစုဖြစ်တယ်…။


၂..။..ဘယ်လိုကြောင့်များ ခင်ဗျားနဲ့ဆော်ဒီဘုရင်မိသားစုဝင်တွေနဲ့ ဆယ်နွယ်နေတာလဲ..(ဟူစိန်က ကူဝိတ် ကိုတိုက်တော့ ဆော်ဒီ သိပ်လန့်ခဲ့တယ်…ခင်ဗျားအဖေက ကယ်တင်ခဲ့တယ်မလား..ဒါကြောင့် ဆော်ဒီ မိသားစုက ခင်ဗျားတို့ကို မိသားစု အဖြစ်နဲ့တောင် စာရင်းသွင်းခဲ့ကြတယ်မလား..။ အမေရိကန်ရဲ့ စီးပွား ရေးတွေဟာ ဆော်ဒီငွေတွေ အများကြီးနဲ့ တည်ထောင်ထားရတယ်…။ ဘဏ်ထဲမှာ စတော့ထဲမှာ ( ထရီလီယန်) နဲ့ ချီ ထည့်ဝင်ထားတာ..။

၃..။ အမေရိကားကို..ဘယ်သူတိုက်ခိုက်ခဲ့တာလဲ…ကျောက်ကပ်နာရောဂါနဲ့ အာဖဂန်အုတ်ဂူထဲက လူလား ..ခင်ဗျားသူငယ်ချင်း ဆော်ဒီတွေလား…..(အင်းးးးးးးး….အာဖဂန်က သိပ်ခေတ်မှီတယ်ဆိုတော့ အုတ်လိုင်း ဂေါင်းတွေထဲမှာ အသားရောင် အစိမ်းဘက်ကိုပြောင်းလာနေတဲ့ မကျန်းမာတဲ့သူအတွက် ဂူတိုင်းမှာ စက်တွေ ရှိနေနိုင်တယ်ပေါ့လေ..။ ဘယ်လိုမျိုး မိုင်ပေါင်း ၁၀၀၀၀ ကျော်ကနေ ဘယ်လိုတိုက်ခိုက်ခဲ့သလဲ… နားမလည် ဘူး….ဖက်စ်မရှိ..အေတီအမ် မရှိတဲ့အရပ်ကနေ ဘယ်လို စီမံ အုပ်ချုပ်မလဲလို့ မေးကြလိမ့်မယ်..။) တကယ်တော့ အကြမ်းဖက်သမားက တိုက်တာမဟုတ်ဘူးဗျ…အမေရိကန်ကို စစ်တပ်ကနေ တိုက်တယ် ကျူးလွန်စော်ကား တယ်လို့ပြောရမှာဗျ..။ အမေရိကန်မြေပေါ်မှာ ၂ နှစ်လောက် သင်တန်းတက်ခဲ့တာ အစိုးရကမသိခဲ့ကြဘူး… ဒီလိုလေယာဉ်နဲ့ စီးနင်းတိုက်ခိုက်ဖို့ ဘယ်လောက်ခက်တယ်ဆိုတာ အားလုံး သိတယ်..ဒီလို လေ့ကျင့်ရေးကို လေ့ကျင့်ရေးကျောင်းမှာ သွားလေ့ကျင့်လို့မရဘူး….လေတပ်မှာလေ့ကျင့်မှရတာ…လေတပ်သားဖြစ်ခဲ့တဲ့ ခင်ဗျား ပိုသိမှာပေါ့..ဟုတ်တယ်မလား..လေတပ်တခုခုမှာ လေ့ကျင့်မှရမယ်ဆိုတာလေ..။ ကျုပ်တို့ပြည်သား တွေကို သတ်ခဲ့တဲ့ တိုင်းပြည်တခုကို ခင်ဗျားဘာကြောင့် အကာအကွယ်ပေးနေရတာလဲ….


၎…။ ၁၁ ရက်နေ့နောက်ပိုင်း မှာ ဆော်ဒီ ကိုယ်ပိုင်ဂျက်လေယာဉ်တွေကို ဘာလို့ ပျံသန်းခွင့်ပေးခဲ့ရတာလဲ… အက်ဘီအိုင်က ဘာမှ သူရဲ့ မိသားစုဝင်တွေကို မစုံစမ်းစစ်ဆေးရပါသေးပဲ တိုင်းပြည်ထဲကနေ ထွက်ခွင့်ပေးခဲ့ တာလဲ..။(ရဲ စုံထောက်တွေက သူ့အလုပ်လုပ်ချင်ကြပေမဲ့ ခွင့်ပြုချက်မရတဲ့အပြင် နေရာအသီးသီးက ရှိတဲ့ မိသားစုဝင်တွေကို အသုတ်လိုက် ဂျက်လေယာဉ်တွေနဲ့ အဆင့်ဆင့် ပို့ပေးခဲ့ရတယ်မလား… အဲဒီ ၁၁ နောက်ပိုင်းမှာ ကျုပ်က( )မှာရှိနေတာ …ကျုပ်နဲ့ အမေရိကန် ပြည်သူတွေကတော့ အဲဒီအချိန်တွေမှာ လုံခြုံရေး… အကြမ်းဖက်သမားတွေကြောင့်ဆိုကာ စစ်ဆေးခံလိုက်ရတာ… လိုရာကိုမရောက်ပဲ… နာရီပေါင်းများစွာ စောင့်ခဲ့ ကြရတာ…လေယာဉ်တွေလည်း ပိတ်ခံခဲ့ရတာ ဘာကြောင့်လဲ..။ ကျုပ်တို့တွေ သိခွင့်ရှိရမယ်…။)

၅..၆…၇….

တကယ်ကတော့ ဂျော့ဘုရှ်က အိမ်ဖြူတော်ကြီးကို မုသားအိမ်ကြီးဖြစ်အောင် လုပ်ခဲ့တာကလား ..တခုပြီး တခုညာရင်းလိမ်ရင်းနဲ့ အဆုံးတော့ သူ့စစ်ပွဲကိုထောက်ခံဖို့ ဖြစ်အောင်ပေါ့…ကျွန်တော် ဟမ်ဘာဂါ ကြိုက်တယ် ဗျ…အစာမျိုးစုံတွေနဲ့..လုပ်ထားတာတွေအပြင်…ဟို…မသိမသာ…တိုးတိုးတိတ်တိတ်ထည့်ထားတဲ့ အစာတွေ ပါတာမျိုးတွေနဲ့လည်းကြိုက်တယ်ဗျ… မယ်ဒေါနယ်မှာရောင်းနေတဲ့ ဘာဂါတွေထက်တောင် ကြိုက်သေးတယ်.. ``` ကြီးကြီးပေးပါလို့```ဘာမှ ပြောနေစရာမလိုဘူး… ဘာဖြစ်လို့လည်းဆိုတော့…အရမ်း..အရမ်းကို ကြီးနေပြီးသားဖြစ်လို့ပါ.. ဂျော့ဘုရှ်လည်း ဟမ်ဘာဂါကြိုက်တယ်.. သူကတော့ ပိုကြီးတဲ့ဟာပေါ့ဗျာ..။ ပြောရရင် တက်ဆက်စ် ပြည်နယ်လောက်ကြီးတဲ့ အရွယ်အစားဗျ..။ ကဲကြည့်ရအောင်ဗျာ ဘယ်လိုမုသားများလဲလို့ပေါ့..။

၁…။ အကြီးစား ပြောနေကြ မုသားစကား ..အီရတ်မှာ နှူးကလီးယားလက်နက်တွေရှိနေတယ်..။
၂…။ ပျော့စိစိ (ချီစ်) မုသား….. အီရတ်မှာ ဓါတု လက်နက်တွေနဲ့ ပိုးမွားတွေပါတဲ့ သေစေနိုင်တဲ့ လက်နက်တွေ ရှိတယ်..။
၃..။ခပ်ပါးပါး (ဘေကွန်)ပါတဲ့ မုသား… အီရတ်ဟာ အိုစမာ…အယ်လကိုင်းဒါးအဖွဲ့နဲ့ ပတ်သက်မှုတွေ ရှိနေတယ်..။
၎…။ခပ်စပ်စပ် (အချဉ်နဲ့ ကြက်သွန်တွေ)ပါတဲ့ မုသားကြီး… ဆာဒမ်ဟာ ကမ္ဘာ့ရဲ့ အကြီးဆုံး လူဆိုးလူယုတ် မာကြီး..။
၅…။ အမေရိကန်ချီစ် ပါပြီး အကြော်အလှော်စပ်ထားတဲ့ မုသား… ပြင်သစ်ဟာ တို့ရဲ့ ဘက်မှာ မရပ်တည်ပဲ ငါတို့နဲ့ ရန်သူလည်း ဖြစ်နေနိုင်တယ်..။
၆…။ ဆလတ်ပါတဲ့ မုသား …. အမေရိကန်က အီရတ်ထဲ ဝင်မှာမဟုတ်ဘူး…ဒါဟာ တပ်ပေါင်းစုရဲ့ သဘော..။
၇…။ ခပ်ပေါ့ပေါ့ အသေးစားမုသား….. ငါတို့နိုင်သလောက်လုပ်နေတယ်…. အဓိကကတော့ ပြည်သူပြည်သားတွေ ဒုက္ခမရောက်ဖို့ပဲ..။
၈…. ။ခပ်ပျစ်ချွဲချွဲ မုသား…. ငါတို့က အီရတ်မှာရှိတဲ့ ရေနံကွင်းတွေကို ကာကွယ်ဖို့..။
၉..။ ကုတ် ..ချီစ်နဲ့ ရောထားတဲ့ မုသားနှစ်ထပ်ကွမ်း…. အမေရိကန်သတင်းဌာနတွေက အီရတ်နဲ့ ပတ်သက်တဲ့ အမှန်တွေကို ပြောလိမ့်မယ် ..။
၁၀…။ ခပ်ကြီးကြီး မုသား….ငါတို့မညာပါဘူး…အရင်တုန်းက အလိမ်အညာတွေကို ဖုံးကွယ်ဖို့ ငါတို့ ညာနေလိမ်နေတာမဟုတ်ဘူး….



ဘယ်လိုမျိုး…အကြမ်းဖက်တာတွေကို..ရပ်တန့်မလဲ…အကြမ်းဖက်မှုတွေ..ရှိသလားမေးရင်..ကျွန်တော်နေ့တိုင်း
ကြားနေရတာကတော့ အကြမ်းဖက်မှုတွေ ရှိနေတယ်ဆိုတာပဲ…။ သေချာတာကတော့ ဘယ်လိုမှ အကြမ်းဖက်မှုတွေ မရှိလာနိုင်ဖူး..။ တကယ်လို့များ ထင်တာမှားယွင်းခဲ့ရင်တော့လည်း ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ထားလို့ရအောင်ပေါ့ဗျာ..။

…အိုစမာကို ဖမ်းရမယ်..အိုစမာဟာ ၁၁ ..၉ ရဲ့ မာစတာကြီးလို့ ပြောနေတယ်မလား..ဒီတော့ သူဟာ လူသတ်သမားကြီး ဖြစ်ပြီပေါ့ …. အခုထိ ဘာလို့မမိသေးရတာလဲ… ကျွန်တော့်အထင်တော့ သူဟာ ဆော်ဒီမှာ ပြန်ရောက်နေပြီ …ရတဲ့အလှူငွေတွေနဲ့ မကောင်းတဲ့ ကျောက်ကပ်ကို ကုလောက်ပြီ.. ဒါမှမဟုတ်လည်း နယူးယောက်မှာ….ဖြစ်နေပြီ…ဒါမှမဟုတ်…သူ…..ခင်ဗျားနောက်မှာ..လားမသိဘူး….ပြေးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးပြေး……ပြေးးးးးးးးးးးးးးးးးဗျာ..



ဘယ်သူလဲ..မိုက်ကယ်မိုး

မိုက်ကယ်မိုးကိ..၂၀၀၃..မှာစကြားဖူးပါတယ်..သူ့စာအုပ်ကို ဒီနိုင်ငံရောက်တော့မှ ဝယ်ဖတ်ရပါတယ် …ရောက်ရောက်ချင်းပဲ ဒီနိုင်ငံမှာ ပထမဦးဆုံးဝယ်ဖတ်ဖြစ်တဲ့ စာအုပ်တအုပ်..။ အခုစာအုပ်ထဲမှာ မစ္စတာဘုရှ်နဲ့ သူ့အဖေ ဘုရှ်ကြီးလက်ထက်က ဆော်ဒီမိသားစု အကျိုးစီးပွား ဆက်စပ်တာတွေကို ဖော်ထုတ်ရင်း… တိုင်းပြည်ထက် သူ့အကျိုးစီးပွားကို ကြည့်သူ လို့ဆိုရင်း မဲနိုင်အောင် ၉ ..၁၁ ကို အကြောင်း ပြခဲ့သူ..တိုင်းပြည်အပေါ် ရက်စက်သူလို့ ပြောဆိုထားပါတယ်..။ ဒါ့အပြင် အခြားသော သူ့အမြင်အတွေး တွေထဲမှာမှ အော်ပရာဝင်းဖရီးကိုလည်း လူထုချစ်တာခံရတာအပြင် အမျိုးသမီးတွေ ကိုယ်ဝန်ဖျက်တဲ့ကိစ္စ အိမ်ထောင်ရေးကိစ္စများကို တို့ထိထားပါသေးတယ်.. . ။ နောက်ထူးခြားတာတခုက အခုလို သုတစာအုပ်ထဲမှာ သူဖြစ်ချင်တာတွေကို အိပ်မက်လိုမျိုး အပြန်အလှန်ပြောထားတာတွေကလည်း ရယ်စရာကောင်းသလို နိုင်ငံရေးသမားတွေအတွက် လန့်စရာပါ..ဒီထဲမှာ ကမ္ဘာမြေကိုချစ်ဖို့..ဆင်းရဲမွဲတေမှု ကိစ္စများကို လှုံ့ဆော်ထားသလို ကျောင်းပြီးပေမဲ့ လူတွေဟာ H2O ဆိုတာဘာမှန်းမသိတာကြတာမျိုး… ကမ္ဘာကြီးပေါ် လူကောင်းတွေ ရှိပေမဲ့လို့ လုပ်စရာရှိတာတွေကို အများကြီး မတွန်းလှန်နိုင်သေးတာကိုလည်း ဝမ်းနည်းတဲ့လေသံနဲ့ လှောင်ပြောင်ထားပါတယ်..။ မိုက်ကယ်ဟာ ..စာအုပ်တွေ ရေးသလို အော်စကာ ဆုရှင်လည်း ဖြစ်ပါတယ်..သူ့ရဲ့ စုံစမ်းထောက်လှမ်း တင်ပြထားတဲ့ မှတ်တမ်းတင်ဗီဒီယို တွေဟာလည်း နာမည်ကြီးခဲ့ပါတယ်..။ သူဟာ အစိုးရရဲ့ အခွန်ဖြတ်တောက်ရေးကိစ္စတွေကိုလည်း ပယ်ပယ်နယ်နယ်ဝေဖန်သလို တကယ်တော့ အခွန်ကိစ္စမှာ အစိုးရကလူကြီးတွေ အမြတ်အစွန်းတွေ ပိုရတာကိုလည်း ထောက်ပြခဲ့ပါတယ်… သူ့ကို ထောက်ခံသူတွေ အမေရိကန်မှာသာမက ပြည်ပကမ္ဘာမှာလည်း အများကြီးလို့ ယူဆရပါတယ်… သူ့ကို စီအန်အန်မှာ အင်တာဗျူးမှာ ကျန်းမာရေးကိစ္စ အမြင်တွေ ပြောသွားတာကို ကြည့်ဖူးပါတယ်… သူဟာ အတန်းပညာကို ဘွဲ့ရတဲ့အထိ ဆုံးခမ်းတိုင်အောင် မသင်ခဲ့ပါဘူး..ဒါကြောင့် သူ့သမီးလေး ဘွဲ့ရတော့ သူပျော်ရွင်ခဲ့တာကိုလည်း အမှာစာမှာ လှောင်ပြောင်တဲ့သဘောဘက်ကဲပြီး ရေးသွင်းထားတယ်လို့ ကျွန်မထင်ပါတယ်..။ သူ့ရဲ့အတွေးတွေ ဟာ ပြည်သူတွေ အချို့ ပြောချင်တာတွေ မြင်တာတွေကို ကိုယ်စားပြု ရေးထား မေးထားတယ်လို့ ယူဆရပါကြောင်းနဲ့ အပေါ်က အကြောင်းအရာတွေကို (Dude, Where’s my country) မှာ ထည့်သွင်းရေးထားတာကို စိတ်ဝင်စားရင် အသေးစိတ်ဝယ်ယူဖတ်ရူနိုင်ကြောင်း မိတ်ဆက်ပါတယ်..။

ဒီစာအုပ်ဟာ ကြာခဲ့ပေမဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အချက်အလက်တွေ အများကြီးပါတာရယ်… အိုစမာ အသတ်ခံရတဲ့အခြေအနေ ဖြစ်လာတာနဲ့ အတိုချုပ်လေး ပြန်တင်ပေးတာပါ…စာအုပ်က အချက်ပေါင်းများစွာကို ကိုးကားပြီး ရေးသားထားခြင်းပါ..ခိုင်မာတဲ့ စာအုပ်ကောင်းလို့ ဆိုနိုင်ပါတယ်..။ အမေရိကန်သားတယောက်ရဲ့ သမ္မတနဲ့ အစိုးရလုပ်ပုံတွေကို စိန်ခေါ်ခဲ့တဲ့အချက်အလက်တွေနဲ့ စာအုပ်ပါ.. စာအုပ်ဟာ တော်တော်နဲ့ ထွက်မလာပါဘူး.. အစိုးရအပြင် ဘုရှ်လည်း အတော်လန့်ခဲ့တဲ့ စာအုပ်လို့ ထင်ပါတယ်..။ စာအုပ် ထွက်လာတော့လည်း လုံခြုံရေးဌာနရဲ့ အတည်ပြုချက်ကလေးနဲ့ဆိုကာ နောက်ပြောင်လှောင်ထားတာမို့ ရယ်စရာ တွေ စိတ်ဝင်စားစရာတွေ အပြည့်နဲ့ဖြစ်ပါတယ်…ဒါကြောင့်ထူးခြားပါတယ်..နှစ်ပေါင်း များစွာကြာခဲ့ပေမဲ့ အမေရိကန်အကြောင်း စိတ်ဝင်စား သူတွေ ရယ်…နိုင်ငံရေးစိတ်ဝင်စား သူတွေ အတွက် စာအုပ်ကောင်းပါ..။

(ဘန်ဒါဘုရှ် ဆိုတာက စီအိုင်အေကခပ်ကြီးကြီး လူတယောက်ရေးတဲ့ စာအုပ်မှာ ဆော်ဒီမင်းသား က ဘုရှ်အဖေ ဘုရှ်အကြီးကိုပေးထားတဲ့ အထူးအမည်လေးပါ…။ဘန်ဒါကတော့ မင်းသားရဲ့အမည်ပါ… အဲသလောက်တောင် ချစ်ခဲ့ကြဖူးပါသည်တဲ့… ဘာပဲပြောပြော အမေရိကန်အစိုးရနှင့် အမေရိကန်ပြည်သားများကိုတော့ ကွဲပြားစေချင် ပါသည်လို့ ထပ်လောင်းကွန့်ပါသည်….ပြီပါပြီ……ရှင်…)

မဗေဒါ (၈၈)
၀၇.၀၅.၂၀၁၁


မဗေဒါ (၈၈)
၀၇.၀၅.၂၀၁၁

ဆက်ဖတ်ကြည့်ပါဦးနော်....

Wednesday, May 4, 2011

ခရစ်စတိုဖာနဲ့ မိတ်ဆက်ခြင်း…





` လူတွေ ပြောတာကို ကျွန်တော် လိုက်လုပ်လေ့မရှိဘူး… နောက် လူတွေက ရှင်းရှင်းလင်းလင်းနဲ့ တိတိကျကျ ပြောကြတာမဟုတ်ဘူး… ဥပမာအားဖြင့်… `တိတ်တိတ်နေ` လို့… ပြောတာရှိတယ်..ဘယ်လောက်ထိ တိတ်တိတ်နေရမှာလဲ… ဘယ်လောက်ကြာကြာနေရမယ်လို့ မပါဘူး…… `မျက်ခင်းပေါ်မှာ မလျှောက်နဲ့` ..လို့ ဆိုင်းပြထားတာတွေ တွေ့တယ်..ဘယ်နေရာလောက်ထိ မလျှောက်နဲ့လို့ တားမြစ်ထားတာလဲ …ဆိုတာ ရေးမထား ပြောမထားဘူး..။ ဒါကြောင့် လူတွေ ပြောသမျှကို လိုက်လုပ်လေ့မရှိဘူး..ပေးတဲ့ အချက်အလက်လည်း ရှင်းလည်း မရှင်းဘူး…ကိုး.. ။

လူတွေဟာ တကယ်တော့ တချိန်လုံး စည်းကမ်းတွေ ဖောက်ဖျက်နေတာပဲ ..အဖေဆိုရင် တနာရီကို မိုင် ၃၀ နဲ့မောင်းလို့ပြောထားတာကို ကျော်မောင်းတာပဲ… တခါတလေဆိုရင်လည်း အရက်သောက်ပြီးမောင်းတာပဲ… ခါးပတ်လည်း တပ်ချင်မှတပ်တာပဲဟာ..။ ကျမ်းစာအုပ်ထဲမှာ မသတ်ဖြတ်ရလို့ ပါတာပဲ..ဒါပေမယ့် ဒုကမ္ဘာစစ် မှာရော.. ပထမကမ္ဘာစစ်မှာရေ..ကရူးစိတ်စစ်ပွဲကြီးတွေမှာ ခရစ်ယာန်တွေ သတ်ဖြတ်ခဲ့ကြတာပဲမလား.. ။

တခါတလေ အဖေက ပြောတက်တာက.. `သူများကိစ္စမှာ ဝင်မပါနဲ့..ကိုယ့်အလုပ်ကိုယ်လုပ်ဆိုပဲ..` ..နားကိုမလည်ဘူး..။ သူများအလုပ် ( ကိစ္စ)ဆိုတာ ဘာကိုပြောတာလဲ… ကျောင်းမှာ… ဈေးဆိုင်မှာ အလုပ်မှာ.. ကားပေါ်မှာ ..အကုန်လုံးဟာ သူများတွေနဲ့ ပတ်သက်နေရာတာပဲမလား..ဒါကြောင့် သူပြောတဲ့ သူများကိစ္စ မပါစမ်းနဲ့ ဆိုတာ နားကိုမလည်ဘူး..။ `

ရယ်စရာဟာသလေးတခုပြောချင်သေးတယ် ..။

ရထားတစီးပေါ်မှာ.. စီးပွားရေးသမားရယ်..သချာင်္သမားရယ်… လက်တွေ့သမားရယ် ထိုင်နေကြတယ်… သူတို့က စကော့တလန်ထဲဝင်ဖို့ နယ်စပ်ကိုဖြတ်နေတဲ့ရထားပေါ်မှာ… ။ နွားညိုကြီး တကောင်ဟာ ရထားနဲ့ဘေးချင်းပြိုင် လယ်ကွင်းထဲရပ်နေတာ ပြတင်းပေါက်ကနေ သူတို့တွေ့ကြတာပေါ့.. ။ အဲဒီမှာ စီးပွားရေးသမားက ပြောတယ်… ``စကော့နွားတွေက အညိုရောင်…`` လက်တွေ့သမားက ``မဟုတ်သေးဘူး.. အများကြီးထဲကမှ တကောင်လောက်က ညိုနေတာ…``လို့ဆိုတယ်…အဲ… သချာင်္သမားကတော့ တမျိုး…။`` ဒါလည်းမဟုတ်ဘူး… ဖြစ်နိုင်တာက စကော့တလန်မှာရှိတဲ့ နွားတကောင်ထဲမှာမှ တဘက်က အညိုရောင် ဖြစ်နေတာလို့ သုံးသပ်ပြလေရဲ့`` တကယ်တော့ စီးပွားရေးသမားဆိုတာ သိပ္ပံသမားလို လက်တွေ့မကျဘူး… လက်တွေ့သမားကကျတော့ နဲနဲ ရှင်းရှင်းလင်းလင်း မြင်တက်သေးတယ်..ဒါပေမယ့်လည်း အကောင်းဆုံးကတော့ သချာင်္သမားပဲ..။


ဒီမှာကြည့် ကျွန်တော်ရဲ့ မကောင်းတဲ့ အပြုအမူတွေရှိတယ်.. အခုလည်း အဲလောက်တော့ မဆိုးတော့ဘူး..။

၁… လူတွေနဲ့ စကားကြာကြာမပြောဘူး..။
၂… အစားပဲ ဖြစ်ဖြစ် သောက်တာပဲ ဖြစ်ဖြစ် ကြာကြာ မလုပ်ဘူး..။
၃… အသားကို လာထိတာ မကြိုက်ဘူး..။
၎… စိတ်တိုတဲ့အခါ ခေါင်းရူပ်တဲ့အခါမှာ အော်ဟစ်ပစ်တာပဲ..။
၅… နေရာကျဉ်းကျဉ်း လေးထဲမှာ လူတွေ အများကြီးရှိနေတာကို မကြိုက်ဘူး..။
၆… စိတ်တို ခေါင်းရူပ်တဲ့အခါမှာ ပစ္စည်းတွေကို ကိုင်ပေါက် ပစ်တာပဲ..။
၇…အော်ဟစ်ညည်းညူတာမျိုး..
၈… အဝါရောင် အညိုရောင် မကြိုက်ဘူး… အဲဒီအရောင်တွေကိုလည်း ကိုင်ဖို့ ငြင်းတက်တယ်..။
၉… သွားတိုက်တံကို တယောက်ယောက်က ထိလိုက်ပြီဆိုရင် မသုံးချင်တော့ဘူး..
၁၀… မတူတဲ့ အစားအစာတခုနဲ့တခု ထိထပ်နေတာတွေ့ရင် အဲဒီအစားကို မစားချင်တော့ဘူး..။
၁၁… လူတွေကျွန်တော့်အပေါ် စိတ်တိုနေတယ်ဆိုတာ သတိမထားတက်ဘူး..
၁၂.. မပြုံးဘူး..
၁၃….
၁၄…

ဒီအပေါ်က အရာတွေဟာ ခရစ်စတိုဖာဆိုတဲ့ အသက် ၁၅ နှစ်အရွယ် ဇာတ်လိုက် ကောင်းလေးတယောက်ရဲ့ အတွေးလေးတွေပါ.. ခွေးတွေဟာ သစ္စာရှိတယ်.. ရိုးသားတယ်..လိမ္မာပါးနှပ်သလို တခါတလေ လူတွေထက်တောင် စိတ်ဝင်စားစရာကောင်းတယ်လို့ ခံယူထားသူလေးပါ… အပေါ်မှာလည်း သူမကြိုက်တာတွေကို တန်းစီပြောထားတယ်.. စိတ်ထဲ မရှင်းတာတွေကို အများကြီး တင်ပြထားတယ်.. သူ့မှာ ကြွက်တကောင်မွေးထားတယ်…။ ခရစ်စတိုဖာဟာ အဖေဖြစ်သူနဲ့ အတူနေထိုင်ရင်း အိမ်နီးချင်း ခွေးတကောင် သတ်ခံရမှုကို စုံစမ်းဖို့ ဖြစ်လာပါတယ်..။ ဒါပေမယ့် အဖေဖြစ်သူက ``ကိုယ့်ကိစ္စမဟုတ်ရင် မပါနဲ့``လို့ ပြောခဲ့လို့ တိတ်တိတ်စုံစမ်းရင်း သူ့အဖေပြောခဲ့တဲ့ စကားတွေနဲ့ လွတ်မဲ့မေးခွန်းမျိုးတွေ အပြုအမူတွေကို ဆက် အကောင်အထည် ဖော်နေခဲ့သူပါ… သူစုံစမ်းတာကို အဖေသိသွားပြီး သူ့မှတ်တမ်း စာအုပ်လေးကို အဖေက သိမ်းဆည်းလိုက်ပါတယ်..အဖေဖွတ်ထားတဲ့ စာအုပ်လေးကို လိုက်ရှာရာကနေ မထင်မှတ်ပဲ သူ့အမည်နဲ့ လိပ်မူထားတဲ့ စာတွေ တွေ့ခဲ့ရပါတယ်..။ စာလေးတစောင်မှာတော့ ဒီလိုရေးထားပါတယ်..။

`` ချစ်ရတဲ့ ခရစ်စတိုဖာ… အမေပြောခဲ့တယ်မလား… သားကို ပြောချင်တာတွေရှိတယ် ဆိုတာလေ… အမေ အဝေးကြီးကို သွားခဲ့တယ်ဆိုတာကိုပေါ့… အခုအမေအချိန်ရှိတုန်း ပြောပြချင်တယ်သားလေး.. အမေဟာ အမေကောင်းတယောက်တော့ မဟုတ်ဘူး…တကယ်လို့များအခြေအနေ တွေက အခုလို မဖြစ်ခဲ့ဘူးဆိုရင် သားလည်းပဲ တမျိုးဖြစ်ခဲ့မှာ အမှန်ပဲသား…. မင်းအဖေနဲ့ အမေက မတူကြဘူး..မင်းအဖေက စိတ်ရှည်တယ်.. စိတ်တို စိတ်မကောင်းစရာတွေ တွေ့ရင် ဖော်မပြပဲ သိမ်းထားတက်တယ်.. အမေကတော့ အဲလိုမဟုတ်ဘူး…``

အမေသေသွားတယ်လို့ သိထားခဲ့တဲ့ ခရစ်စတိုဖာဟာ အခုလို အမေက သူ့ဆီပို့ထားခဲ့တဲ့ စာတွေ ဖတ်ရတော့ စိတ်မကောင်းဖြစ်တယ်… ။ စာတွေ အထပ်လိုက် ဖတ်မိတဲ့ ခရစ်စတိုဖာ အဖေဟာ လူလိမ်ဆိုတာ သိသွားသလို သူစုံစမ်းနေတဲ့ ခွေးကိုလည်း အဖေသတ်တာ သိသွားပြီး အိမ်ကနေ အမေရှိတဲ့ လန်ဒန်ကို ထွက်ပြေးဖို့ ကြိုးစားပါတယ်… မလိမ်တက်တဲ့ ခရစ်စတိုဖာဟာ ဘေးအိမ်က မိန်းမကြီး စပ်စုတော့ အမှန်တိုင်းပြောမိလို့ အဖေ့ဆီ ပြန်ပို့မှာစိုးကြောက်ပြီး လန်ဒန်ကို ရထားနဲ့ ပြေးဖို့ကြံရွယ်ရမှာ အိမ်ကယူလာတဲ့ အဖေရဲ့ ဘဏ်ကဒ်ကနေ ငွေထုတ်..ပတ်ဝန်းကျင်.. လူတွေကိုလေ့လာ ..ရဲနဲ့တွေ့..ထွက်ပြေး… မွေးထားတဲ့ကြွက်ပျောက်သွားလို့ လိုက်ဖမ်းနဲ့ ရင်တုန်စရာတွေ တပွေ့တပိုက်ကြုံခဲ့ရပါတယ် .. ။ အဆုံးမှာ အမေ့ဆီကို ရောက်ခဲ့ပါတယ်.. အမေရဲ့ နောက်အိမ်ထောင်က မကြည်ဖြူတာကိုလည်း သူသိနေပါတယ်.. အဆုံးတော့ အမေဖြစ်သူ သူ့ယောကျာ်းနဲ့ စကားများပြီး.. သူ့ကို စောင့်ရှောက်တဲ့ အမေလည်း အလုပ်မသွားနိုင်ရာကနေ အလုပ်ပြုတ်သွားပါတယ်..။ လန်ဒန်မှာနေတုန်းခဏလည်း သချာင်္ ကို သဘောကျတဲ့ ခရစ်စတိုဖာ စာမေးပွဲ ဖြေမယ်တကဲကဲနဲ့ အမေကို ပူဆာပါတယ်… အမေဖြစ်သူက ဆရာကို မဖြေတော့ဘူးလို့ လှမ်းအကြောင်းကြားပြီးကာမှ အိမ်ထောင်ရေးအဆင်မပြေလို့ ခရစ်စတိုဖာ နေထိုင်ရာ နေရာလေးကို ပြန်ရောက်လာခဲ့ပါတယ်..။ အဖေရှိတဲ့ နေရာလေး ကိုပြန်လာခဲ့ပြီး အဲဒီအိမ်မှာ ခဏ နေခဲ့ကြပါတယ်..ဒါပေမယ့်လည်း ခွေးသတ်ခဲ့တဲ့ အဖေကို မယုံတဲ့ ခရစ်စတိုဖာကြောင့် အဖေဖြစ်သူက တခြားနေရာမှာ သွားနေပေးခဲ့ရပါတယ်..။အဖေက နောင်ဆို သူနာကျင်အောင် ဘယ်တော့မှ မလုပ်တော့ဘူးလို့ ကတိပေးခဲ့သလို ခွေးလေးတကောင် ဝယ်ပေးခဲ့ပါတယ်..။ ဇာတ်လမ်းအဆုံးမှာ အမေက ထိုက်တန်တဲ့ အိမ်လေးတလုံး ဌားပြီး သားအမိနှစ်ယောက် ရှေ့လျောက်သလို ခရစ်စတိုဖာအတွက် လင်းလက်တဲ့ အနာဂါတ်တခု ရှိနေတယ်လို့ ကိုယ်တိုင်ယုံကြည်နေတဲ့ အဖြစ်ကလေးပါ..။


စာရေးဆရာက (Mark Haddon ) ပါ.. တခါမှ သူ့စာတွေကို မဖတ်ဖူးပါဘူး.. ဒီစာအုပ်ကလည်း ယောက်ျားကျောင်းက ဖတ်ခိုင်းလို့ စိတ်ဝင်စားတာနဲ့ ကောက်ယူကြည့်ရကနေ အတော်သဘောတွေ့သွားပါတယ်…သာမန်ဖတ်နေကြ စာအုပ်မျိုးတွေထက် ထူးတာက..သူတွေးတာတွေကို ပုံလေးတွေနဲ့ ဖော်ပြမှုဟာလည်း စိတ်ဝင်စားစရာကောင်းပါတယ်..။ စာရေးဆရာက သူပြောချင်တဲ့ အတွေးတွေကို ဒီရသ စာအုပ်ထဲ ထည့်ပေးထားတာတွေဟာ ရယ်စရာ တွေးစရာ စဉ်းစားစရာတွေ အများကြီးမို့ မော်ဒန် သမားတွေ အကြိုက်ဖြစ်မယ်လို့ ယူဆပါတယ်..။ စာရေးသူဟာ ကလေးတွေနဲ့ ပတ်သက်တာတွေကို ပုံဆွဲသလို စာတွေရေးခဲ့ပါတယ်..ဒီစာအုပ်လေးဟာ ရောင်းအားကောင်းခဲ့ပြီး ဆုလည်း ရခဲ့ပါတယ်…။ သူဟာ အပျော်တမ်း အလုပ်သမားအဖြစ်နဲ့ အဖွဲ့အစည်းတွေမှာ အလုပ်လုပ်ခဲ့သူလည်း ဖြစ်ပါတယ်…အဓိကကတော့ စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာ ချို့တဲ့နေတဲ့ ကလေးတွေကို ကြည့်ရူစောင့်ရှောက်ခဲ့သူ တယောက်အနေနဲ့ပါ..။

စိတ်ဝင်စားမယ်ဆိုရင် စာအုပ်အမည်က ``The Curious Incident of the Dog in the Night-Time``

မဗေဒါ (၈၈)
၀၄.၀၅.၂၀၁၁

ဆက်ဖတ်ကြည့်ပါဦးနော်....

Monday, January 24, 2011

လက်ဆောင် (၃)



ဘလော့က် လောကမှာ လူချစ်လူခင်များတဲ့ အမေရိကန်ရောက် ကိုကြီးကျောက် ပြောသလို… အီးအီး ပါရင် လိုက်ဖို့အထိတော့ မလိုပါဘူး.. အင်း..မဗေဒါ စဉ်းစားတာက အဲဒီအခန်းကထွက်လာရင် အခြေအနေ မေးတာမျိုးဆိုရင်တော့ ကောင်းသားလို့ တွေးမိပါတယ်..။ အမှန်ကတော့ အချက်တွေက များတယ်လို့ ထင်ရပေမယ့် .. မိသားစုလေးမှာ လူသားနှစ်ဦး ချစ်ကြ…လို့ အကြောင်းပါခဲ့ကြပြီမို့.. အခုလို ဂရုစိုက်တာမျိုးတွေဟာ လုပ်နိုင်တယ်ဆိုရင်ဖြင့် အတော်လေး ကောင်းသည်လို့ ယုံမှတ်ပါတယ်..။ ကိုကော်ဖီ ပြောသလို… ချစ်တာကို သူသိအောင် မပြတာတို့…အလိုမလိုက်တာတို့ဟာ မှားတယ်လို့ မဗေဒါ မြင်ပါတယ်..။ ချစ်တာကို သိအောင်ပြတော့လည်း ပိုမကောင်းပေဘူးလား… ချစ်တာကို ပြသင့်တာလည်းပြ လုပ်ပေးစရာရှိတာလုပ်ပေး… ထားရမဲ့ နှစ်ဦးကြားက စည်း..ဘောင် ကိစ္စတွေကြရင်လည်း သီးသီးသန့်သန့် ထားရမယ်လို့ မြင်ပါတယ်..။ ( ဒါကြောင့် … ချစ်ရင် အလိုမလိုက်ရဖူး ဆိုတဲ့ အချက် နဲ့ ပတ်သက်ပြီး သီးသန့် စာရေးပါအုံးမယ်..။) အခု ရေးထားတဲ့ တချို့အချက်တွေကို ကြိုက်တယ်ဆိုလည်း လက်တွေ့လုပ်ကြည့်ရင် … တဖြည်းဖြည်းနဲ့ အကျင့်ပါသွားမှာပါ…။ ဒါဆိုရင် တော်တော်လေး အဆင်ပြေမယ်လို့ ထင်ရပါ၏.. တကယ်တော့ အချို့အချက်တွေက လုပ်ကို လုပ်ရမှာတွေပါ .. ။ အရှေ့ အနောက်ခွဲစရာ မလိုလောက်အောင်ကို လုပ်ပေးရမဲ့ အချက်တွေမို့… စမ်းသပ်ကျိုးစားရင်း ..သာယာတဲ့ အိမ်ထောင်ရေးဖြစ်အောင်… ကျိုးစားကြည့်ကြရအောင်လို့ ..။

၆၁..။ စတွေ့တုန်းက ပုံစံမျိုးပဲ ပြုမူဆက်ဆံပါ..။

၆၂..။ အိမ်မှာ ပျက်နေတာတွေ ပြင်စရာရှိရင် အကူအညီပေးမယ်ဆိုတာကို ပြောပါ..လုပ်နိုင်သလောက် ကိုပဲ လုပ်ပေးပါ..။

၆၃..။ ဓါးသွေးပေးပါ..။ ( နိုင်ငံခြားသားတွေလည်း ဓါးသွေးတာ အခုမှ သိတယ်…။)


၆၄…။ တခုခုကြိုးပဲ့ နေတာတွေ ဆက်ဖို့ ဆူပါဂလူး ( ကော်) ဝယ်ပေးပါ..။

၆၅…။ မီးသီးတွေ တပ်ဆင်စရာ ပြင်စရာရှိတာတွေကို တပ်ဆင်ပေးပါ..။

၆၆…။ အမိုက်တွေကို စနစ်တကျဝိုင်းပြစ်ပေးပါ..။

၆၇…။ သတင်းစာထဲမှာ စိတ်ဝင်စားစရာတွေတွေ့ရင် အော်ဖတ်ပြတာမျိုး.. ညုပ်ပြီး ယူလာတာမျိုးတွေ လုပ်ပေးပါ..။

၆၈..။ အကယ်၍ ဖုန်းသတင်းတခုခု ပြောစရာရှိရင် သေသေသပ်သပ်ရေးပြီး အသိပေးပါ..။

၆၉…။ ရေချိုးခန်းသုံးပြီးရင် ခြောက်အောင် သေသေသပ်သပ်လုပ်ပါ…။ ရေချိုးခန်းက သုံးတဲ့ အခံ ( ဥပမာ… ရေသုတ်တဲ့ အပိုင်းအစ) ကို ရေစစ်အောင် ထောင်ပေးထားတာမျိုး..။

၇၀…။ တံခါးဖွင့်ပေးတဲ့ အကျင့် လုပ်ပေးပါ..။

၇၁…။ ဈေးဝယ်လာတဲ့ ပစ္စည်းတွေကို ဝိုင်းသယ်ပေးပါ… ပစ္စည်းအလေးတွေ သယ်လာရင် ဝိုင်းကူသယ်ပေးပါ..။

၇၂…။ ခရီးသွားရင် ခရီးဆောင်အိတ်တွေကို နေရာတကျ ကားထဲ ထည့်တာမျိုးတွေ ကူပေးပါ..။

၇၃…။ တကယ်လို့ သူက ပန်းကန်တွေ ဆေးကြောသန့်စင်တယ်ဆိုရင် ကိုယ်ကလည်း အခြားနိုင်တာတွေ ..( ဥပမာ ..ချေး ..ချွတ်မရဖြစ်နေတာတွေ) ကို ကူလုပ်ပေးတာမျိုး လုပ်ပေးပါ..။

၇၄…။ အိမ်ထဲမှာ ပြုပြင်စရာရှိတာတွေကို စာရင်းလုပ်ပြီး မီးဖိုထဲ မှာ ကပ်ထားပါ..။ ကိုယ့်မှာ အချိန်ပိုရှိတဲ့အခါမှာ အဲဒီကိစ္စ များကို ပြီးအောင် ဆောင်ရွက်ပေးပါ.. အချိန်အကြာကြီး မယူပဲ ပြီးမြောက်အောင် လုပ်ပေးပါ..။

၇၅..။ သူချတ်ပြုတ်နေရင် ချတ်ပြုတ်ထားတာတွေကို ချီးမွမ်းပေးပါ..။

၇၆...။ စကားပြောရင် သူ့အပေါ် အာရုံထားပါ.. (မျက်စိက တောင်ကြည့် မြောက်ကြည့်မလုပ်ပါနဲ့..။)

၇၇..။ သူနဲ့ စကားပြောရင် လက်ကလေးနဲ့ပဲဖြစ်ဖြစ် ပွတ်သပ်ရင်းပြောပါ..။

၇၈…။ သူရဲ့ အလုပ်ကိစ္စဖြစ်ဖြစ်.. သူနဲ့ ပတ်သက်တဲ့ လူတွေအကြောင်းပဲဖြစ်ဖြစ် စိတ်ဝင်စားကြောင်းပြပါ..။

၇၉…။ သူနဲ့ စကားလက်ဆုံ ကြ နေတဲ့အချိန်မှာ သူပြောနေတာကို နားထောင်ရင်း အသံ အိုးအိုး အအ လုပ်ပေးရင်း စိတ်ဝင်စားမှု ရှိကြောင်း ပြတာမျိုးလုပ်ပါ..။ ဆိုလိုတာက ငုတ်တုပ်ထိုင်ပြီး ကျောက်ရုပ်လုပ်မနေပါနဲ့..။

၈၀..။ သူဘယ်လိုနေလဲ မေးပါ..။

၈၁…။ တကယ်လို့ သူနေမကောင်းတာမျိုး တခုခု ဖြစ်နေခဲ့ရင်.. ဘယ်လိုနေသေးလဲ.. ဘယ်လိုခံစားနေရလဲ ဆိုတာမျိုးတွေမေးပါ..။

၈၂…။ သူမောပန်းနေရင် ရေနွေးဖျော်ပေးတာမျိုးလုပ်ပေးမယ်ဆိုတာမျိုးတွေ ပြောပါ..။

၈၃..။ အိပ်ယာထဲကို အတူတကွ ဝင်ကြပါ..။

၈၄..။ ကိုယ်အပြင်သွားတဲ့အခါ သူ့ကို အနမ်းလေးပေးပြီး နှုတ်ဆက်သွားပါ..။

၈၅…။ သူရယ်စရာပြောနေရင်…ကိုယ်လည်း လိုက်ရယ်ပါ..။

၈၆..။ ကိုယ့်အတွက် တခုခုလုပ်ပေးရင် ကျေးဇူးတင်ပါတယ် ဆိုတာကို ပြောဖြစ်အောင် ပြောပါ..။

၈၇…။ ဆံပင်ပုံစံပြောင်းလာတာမျိုးဆိုရင် သတိထားပြီး လှကြောင်း ချီးကြူးပါ..။

၈၈…။ နှစ်ဦးစလုံးအတွက် လွတ်လွတ်လပ်လပ် အချိန်လေးတွေ ဖြစ်အောင် စီစဉ်ပါ..။

၈၉…။ သူ က အရေးကြီးတာတွေ ပြောနေတဲ့အချိန်မှာ ( ဥပမာ ခံစားချက်တခုခု ပြောနေတာမျိုး) မှာ ဖုန်းလက်ခံစကားမပြောပါနဲ့..။

၉၀…။ အချိန်တိုလေးပဲဖြစ်ဖြစ် စက်ဘီး အတူတူစီးပါ..။

၉၁…။ ပျော်ပွဲစားထွက်ပါ.. ( ထွက်ရင်လည်း အဲဒီခရီးစဉ်အတွက် လိုအပ်မဲ့ အဝတ်တွေ ယူသွားဖို့ မမေ့ပါနဲ့..) ။

၉၂…။ အဝတ်တွေ ဒိုဘီပေးတယ် ဆိုရင်လည်း ကိုယ်က ယူသွားပေးတာမျိုး ဒါမှမဟုတ်လည်း ဝိုင်းလျှော်တာမျိုးတွေ လုပ်ပေးပါ..။

၉၃…။ သူနဲ့ လမ်းလျှောက်ထွက်ပါ..။

၉၄…။ သူဖြစ်စေချင်တာတွေမှာ ကိုယ်လုပ်ပေးနိုင်တာလေးတွေ သူ့ကို ပြောပြရင်း သူဘာလုပ်ပေးရမလဲ ဆိုတာကိုလည်း ညှိနှိုင်းတဲ့ သဘောမျိုးဆွေးနွေးပါ..။ ကိုယ်လုပ်ပေးနိုင်တာကိုလည်း သူရဲကောင်းကြီးလိုမျိုး မဟုတ်ပဲ.. သူ့ကို တာဝန်ယူလုပ်ပေးချင်စိတ်ကို ပြပါ..။ ဆိုလိုတာက ဖြစ်နိုင်တာတွေ..ကိုပဲ ပြောပါ..။

၉၅…။ သူ အဝေးကြီးခရီးသွားတဲ့အခါ သတိယကြောင်းပြောပါ..။

၉၆…။ သူကြိုက်တက်တဲ့ မုန့် တွေ ဝယ်လာပေးပါ..။

၉၇..။ သူကပဲ ဈေးဝယ်ထွက်တယ်ဆိုရင် ကိုယ်ကလည်း ကူညီဝယ်ပေးမဲ့အကြောင်း ပြောပါ..။

၉၈..။ ပင်ပန်းတာတို့ ဝန်ပိတာတို့ မဖြစ်တော့ရအောင် တခါတလေမှာ နှစ်ယောက်အတူတူ အပြင်မှာ သွားစားတာမျိုးတွေ လုပ်ပေးပါ..။

၉၉…။ ဈေးဝယ်ဖို့ စာရင်းရှိရင် ထည့်ရေးဖို့ပြောပါ..။

အချက် ၂ ချက်ကတော့ တူလို့ပေါင်းရေးလိုက်ပါတယ်…။


မအားတဲ့ကြားက လာရောက်အားပေးကြတဲ့ စာဖတ်မိတ်ဆွေများကို အထူးကျေးဇူးပါရှင်..။

မဗေဒါ
၂၄.၀၁.၂၀၁၁

ဆက်ဖတ်ကြည့်ပါဦးနော်....

Friday, January 7, 2011

စုံတွဲများအတွက်လက်ဆောင် (၂)



လက်ဆောင်ထဲမှာ စာဖတ်သူ များ သဘောကျတာလေးတွေ တွေ့သွားမယ်လို့ ယူဆပါတယ်.. တချို့အချက်တွေကတော့ အစောက ပြောခဲ့သလိုပဲ မြန်မာမျက်စိနဲ့ နဲနဲ မိုက်နေမယ် ထင်ရပါ၏..။ မငယ်နိုင်လို (၁၆) နှစ် စုံတွဲတွေအတွက်လောက်လို့ ယူဆသူလည်း ရှိနိုင်တာမို့ အထွေအထူးတော့ မဆွေးနွေးတော့ပါ…။ လုပ်ချင်သူများ လုပ်စေသတည်းပါ.. မလုပ်ချင်ပဲ စိတ်အနှောင့်အယှက် ဖြစ်သည် .. အပိုအလုပ်များ.. ဇီဇာကြောင်နေကြခြင်းဟု သဘောထားရှိပါလျှင်လည်း သဘောတော်အတိုင်းပါပဲ.. စာအုပ်ရေးသူက လူပေါင်းများစွာနဲ့ တွေ့ဆုံမေးမြန်းထားသလို အတွေ့အကြုံအများကြီးထဲကနေ ရေးထားတဲ့စာဖြစ်သလို ဒီစာအုပ်လေးဖတ်ပြီး အဆင်ပြေသွားတဲ့ စုံတွဲများလည်း ရှိတယ်လို့ ဆိုတာမို့ စိန်ဗေဒါကတော့ အင်မတိ အင်မတန် သဘောခွေ့ပါသည်…။ ကဲ ဆက်လက် လေ့လာရအောင်..။

၃၁…။ သူ့ကားကို ရေဆေးပေးပါ..။

၃၂…။ သူနဲ့ ချိန်းဆိုထားတဲ့ နေ့မတိုင်ခင် ကိုယ့်ကားအထဲမှာ ဆေးကြောသန့်စင် ထားပါ..။

၃၃…။ လင်မယားကိစ္စ မဆောင်ရွက်ခင် သန့်ရှင်းပါ… တကယ်လို့ သူက အမွေးနံ့သာကြိုက်တယ်ဆိုရင် ဆွတ်ထားပါ…။

၃၄…။ အခြားသူတယောက်ယောက်နဲ့ သူ စိတ်အနှောင့်အယှက် (ပြဿနာ) ဖြစ်ထားတယ်ဆိုရင် သူ့ဘက်ကနေ ရှိနေပေးပါ..။

၃၅…။ နှိပ်ပေးပါ..။


၃၆…။ လိင်စိတ်ဆန္ဒ နိုးဆော်တာမျိုးမဟုတ်တဲ့ ကြင်ကြင်နာနာပွေ့ဖက်တာမျိုး ကြင်ကြင်နာနာ ယုယတာမျိုး ပြုလုပ်ပါ..။

၃၇…။ စကားစမြည်လာပြောရင် နာရီကိုပဲ ကြည့်မနေပဲ ပြောဆိုနေတာကို စိတ်ရှည်စွာနားထောင်ပါ..။

၃၈…။ ကိုယ်နဲ့ တီဗီ အတူကြည့်နေတုန်းမှာ ခလုတ်ကို ယူပြီးတော့ ဇိုးခနဲ ဆတ်ခနဲ လျှောက်မနှိပ်ပါနဲ့..။

၃၉…။ လူကြားထဲမှာ အလေးထားပါ.. ဂရုစိုက်ပါ..။

၄၀..။ ကိုယ့်လက်ကို ပွေ့ဖက်လာတဲ့အခါ တောင့်တောင့်ကြီးလုပ်မထားပါနဲ့..။

၄၁…။ ဘယ်လိုအရည်မျိုး ကြိုက်တက်တယ်ဆိုတာကို ကြိုတင်လေ့လာခြင်းဖြင့် ဘယ်လိုအမျိုးအစား မျိုး ကို ဝယ်လာပေးရမလဲဆိုတာမျိုး ကိုယ်ကသိထားရင်ကောင်းပါတယ်..။

၄၂…။ ဘယ်မှာ သွားစားရမယ်မှန်းမသိ လို့ သူ့အပေါ် ဝန်ပိစေတာမျိုးမဟုတ်ပဲ အခြားကောင်းတဲ့ စားသောက်ဆိုင်မျိုးကို ကိုယ်က ညွန်နိုင်တာမျိုး..။

၄၃..။ သူကြိုက်တက်တဲ့ ရုပ်ရှင်.. ပွဲ… ပြဇာတ် အစရှိတာမျိုး တွေ ရောက်လာတဲ့အခါမှာ လတ်မှတ် ဝယ်ပေးပါ.. ။

၄၄…။ ဝတ်ကောင်းစားလှ ဝတ်ပြီး နှစ်ယောက်အတူ နွှဲနိုင်တဲ့ အခြေအနေမျိုးလေး ဖန်တီးပါ..။

၄၅..။ နောက်ကျတာမျိုး… ဝတ်စုံအပြောင်းအလဲ တခုခုလုပ်တာမျိုးတွေကို နားလည်မှုပေးပါ .. သဘောက မငြူဆူနဲ့ဆိုတဲ့သဘောပါ..။

၄၆…။ လူပုံအလယ်မှာ သူများထက် သူ့အပေါ်ပိုပြီး ဂရုစိုက်ပါ..။

၄၇…။ ကလေးတွေထက် သူကပိုအရေးကြီးတယ်ဆိုတာကို ပြသပါ..။ ကလေးတွေကိုလည်း သူ့အပေါ်ဂရုစိုက်ကြောင်း ပြသပေးပါ..။

၄၈..။ လက်ဆောင် အသေးစားလေးတွေ ဝယ်ပေးပါ..။

၄၉..။ သူ့ ဓါတ်ပုံရိုက်ယူပြီး (ကိုယ်တိုင်းလေးကိုပါ မှတ်သားပြီး ) အဝတ်ဆိုင်က တက်ကျွမ်းသူတွေရဲ့ အကူအညီနဲ့ ဝတ်စုံလေးတွေ ဝယ်ပေးပါ..။

၅၀..။ ထူးခြားတဲ့အခါမျိုးမှာ သူ့ပုံကိုရိုက်ယူပါ..။

၅၁..။ ကြည်နှူးဖွယ်ရာလေးတွေ လုပ်ဆောင်ပါ..

၅၂..။ သူ့ပုံလေးကို မှတ်မှတ်ရရ နဲ့ သိမ်းပြီး တခုတ်တရ ထားတယ်ဆိုတာကို သူသိပါစေ.. ။

၅၃..။ ဟိုတယ်တွေ ဘာတွေမှာ တည်းခိုရင်လည်း သူကြိုက်တာတခုခု သောက်ဖို့ကို ဝန်ထမ်းတွေကို မေးမြန်းပြင်ဆင်ခိုင်းပါ..။

၅၄..။ အထူးနေ့ ( ဥပမာ မွေးနေ့) လိုမျိုးမှာ တခုခု မှတ်မှတ်ရရလေး ရေးပေးတာ… ဆိုင်းထိုးပြီး ပေးတာမျိုးလေးတွေ လုပ်ပေးပါ..။

၅၅…။ ကားလေးမောင်းပြီး ခရီးရှည်သွားပါ..။

၅၆..။ ကားမောင်းရင် ငြင်သာစွာ နဲ့ လုံခြုံစိတ်ချ ရတဲ့ အခြေအနေမျိုး မောင်းပါ.. ဒါဆိုရင် သူ့အပေါ် လေးစားမှု ပြတယ်ဆိုတာမျိုး သူခံစား နားလည်သလို …သူလည်း အဓိပ္ပါယ်မဲ့ ကားရှေ့ခန်း ထိုင်ရတာမျိုး မဖြစ်တော့ဘူးပေါ့..။

၅၇..။ ဘယ်လို သူခံစားနေရတယ်ဆိုတာကို သတိထားပါ.. ဥပမာ.. ဒီနေ့ ကြည့်ရတာ မောနေသလိုပဲ … ဘယ်လိုအခြေအနေရှိလည်း အစရှိသဖြင့် မေးမြန်းပါ ..။

၅၈..။ ကားနဲ့ အပြင်ကို သွားမယ်ဆိုရင် ဘယ်နေရာကိုဆိုတာ သိအောင်လေ့လာထားပါ.. ဒါဆိုရင် သူ့အနေနဲ့လည်း လမ်းကြောင်းကိစ္စ တာဝန်ရှိတယ်လို့ မခံစားရတော့ဘူးပေါ့..။

၅၉..။ ကခိုင်းတာမျိုး…အက သင်တန်းမျိုးတွေကို အတူသွားပါ..။

၆၀..။ အချစ်နဲ့ ပတ်သက်တဲ့ ကဗျာ .. စာသားလေးတွေနဲ့ သူ အံ့သြအောင် လုပ်ပါ။

မြန်မာလို ပြန်ရေးရတာ တော်တော် အဆင်မပြေဖြစ်ပါတယ် … ဘာသာ ၂ မျိုး အသုံးများ ( ဖတ်) တဲ့သူတွေ ခံစားရလေ့ရှိတဲ့ အခြေအနေဖြစ်မယ်ထင်တာပါပဲ… ။ ဒါပေမယ့် စာရေးဆရာ ပြောချင်တဲ့ အနှစ်သာရ မပျောက်အောင် … မြန်မာ့နား.. မျက်စိနဲ့လည်း မရိုင်းရအောင် ဆင်ဆင်ခြင်ခြင်လေးရေးပါတယ်..။ အချက် (၃၄) ကို သိပ်သဘောမကျပါဘူး.. စာရေးဆရာ ဆိုလိုချင်တာကိုနားလည်ပေမဲ့… တကယ်တော့ ကိုယ့်မိန်းမရဲ့ အကြောင်းကို သိပြီးသားမို့ ပြဿနာတရပ်ဖြစ်နေတယ်ဆိုရင် သူ့ဘက်က နေ ဝင်ရပ်တည်ပေးရမယ်ဆိုတာက ကလေးဆန်ပါတယ်..။ အမှန်က ဆွေးနွေးကြရမှာလို့ မြင်ပါတယ်..။ ဒီလောက်ပါပဲ..။

လာရောက်အားပေးသူများ ကျေးဇူးအထူးတင်ရှိပါ၏.. ။ ပျော်ရွင်ကြပါစေလို့…………။

မဗေဒါ
၀၇.၀၁.၂၀၁၁

ဆက်ဖတ်ကြည့်ပါဦးနော်....

Tuesday, January 4, 2011

စုံတွဲများအတွက် လက်ဆောင်





ဟိုင်း….. အားလုံးမင်္ဂလာအပေါင်းနဲ့ ဗိုလ်နှစ်သစ် (၂၀၁၁)မှာ အဆင်ပြေကြပါစေလို့ နှုတ်ခွန်းဆက်ပါတယ်…။ စိန်ဗေဒါ စာရေးဖို့ အားအင်တွေ မရှိဖြစ်နေတာ အတော်ကြာခဲ့ပါပြီ..။ အကြောင်းတွေ အများကြီးထဲကမှ အရေးကြီးဆုံး (၂) ချက်ကတော့ အပျော်လွန်နေခြင်း နဲ့ ပွဲစား ကိစ္စများကြောင့် ဖြစ်ပါတယ်..။ ပွဲစား စိန်ဗေဒါကတော့ လူချစ်လူခင် များစွာဖြင့် ဆက်လက်ရပ်တည်လျှက်ပါ..။ ဒါပေမဲ့ ပန်းအစစ်တော့ ဝယ်မပန်ဖြစ်သေးပါဘူး.. နော်ဝေးမှာ ဈေးကြီးတဲ့ထဲ ပန်းလည်း ပါလေရဲ့…။ မဗေဒါအပေါ် အမှန်တကယ် လူချစ်လူခင်များတယ် ဆိုတာကိုလည်း နှစ်သစ်မှာ မချွင်းမချန် ပြောတာကို ယုံစေချင်ပါတယ် ( အဟမ်း)..။ ဒါကြောင့် လက်ဆောင်တွေလည်း အများကြီး လက်ခံရရှိ လိုက်ပါတယ်..(ကြွားတာမဟုတ်ပါ.. အသိပေးတာပါ…ဟဲ..။) စာရေးဖို့ အတင်းအဓမ္မ ကြိုးစားရာကနေ ပျင်းသောရောဂါ စွဲကပ်နေတာမို့ အခုရေးမဲ့အကြောင်းအရာကို (၃) ပိုင်းခွဲပြီး ရေးပါ့မယ်…။ နှစ်သစ်မှာ ချစ်နေသူများလည်း ဆက်လက်ချစ်ခင်မှုတွေ ဆတက်တပိုး တိုးနိုင်ပါစေကြောင်းနဲ့ … အချစ်ပျယ်နေသူများလည်း ချစ်နိုင်အောင် တည်ဆောက် နိုင်ပါစေကြောင်း အမှန်တကယ် ဆုမွန်ကောင်း တောင်းပါတယ်..။

ချစ်ခြင်းတရားက ပုံစံမျိုးစုံနဲ့ ကြားတိုင်းမှာ ရှိကြပါတယ်.. မြန်မာလိုဆို ၈၂၈ ( ၁၅၀၀) တို့ ဖြစ်မှာပါ.. အခု ရေးမှာက ၁၅၀၀ ချစ်ခြင်းမေတ္တာ တည်ဆောက်ထားသူတို့အတွက် .. လက်ဆောင်စာလေးတွေပါ… ခင်ပွန်းဖြစ်သူက ဇနီးလောင်းအပေါ် ထားရှိသင့်တဲ့ ပုံစံလေးတွေဖြစ်သလို ဒီအချက်တွေက အိမ်ထောင်ရေးအတွက် အထောက်အကူ အများကြီး ဖြစ်စေပါတယ်..။ စာရေးဆရာကတော့ မတူတဲ့ လိင်အပေါ် အမှတ်တွေ အများကြီးရစေတဲ့ အချက်များလို့ ဆိုထားပါတယ်.. ဖတ်ကြည့်ကြပါအုံးရှင်….။

၁…။ ကိုယ့်အိမ်ကို ပြန်ရောက်တာနဲ့ ဇနီးသည်ကို အရင်တွေ့အောင်ရှာပါ..ပြီးရင် ပွေ့ဖက်ပြီးတော့ နှုတ်ခွန်းဆက်ပါ…။

၂…။ သူ့ရဲ့ တနေ့တာအခြေအနေလေး ဘယ်လိုများရှိတယ်ဆိုတာကို မေးပါ… ( ဥပမာ.. ဆရာဝန်နဲ့ တွေ့ခဲ့တာ အဆင်ပြေလား ဘာပြောလဲ အစရှိသဖြင့်ပေါ့…။ မြန်မာပြည်မှာဆိုလည်း ဆရာဝန်နဲ့ သွားပြီး ခဏခဏ တွေ့စရာမလိုတော့ နေ့စဉ်ဘဝထဲက … ဥပမာ… ဒီနေ့ ဘာတွေထူးလဲ မိန်းမရေ.. ဆိုပြီး မိန်းမနဲ့ ပတ်သက်မှုလေးတွေကို တခုတ်တရ မေးတာမျိုးလေးပေါ့ ..။ )

၃…။ ပြောတာကို နားထောင်တာ… ပြန်မေးတာမျိုးတွေကို လေ့ကျင့်ပေးပါ…။

၎…။ သူကြုံတွေ့နေရတဲ့ အခက်အခဲကို ဖြေရှင်းစွမ်းဆောင်ပေးနိုင်တဲ့ ပုံစံမျိုး မလုပ်ပါနဲ့.. မျှဝေခံစားပေးပါ..။

၅…။ စကားလာပြောရင် လည်း မိနစ် (၂၀) လောက် အချိန်ပေးပြီး နားထောင်ပါ…။ ဆိုလိုတာက သတင်းစာပဲ ငုံ့ဖတ်မနေပါနဲ့… ကွန်ပြူတာချည်းပေါ်ပဲ မထိုင်နေနဲ့ပေါ့…။

၆…။ ပန်းလေးတွေ ဝယ်ပေးပါ… အမှတ်တရ အခြေအနေမျိုးလေးတွေမှာလည်း အဲလို ပန်းလေးတွေဝယ်ပေးတာမျိုးနဲ့ အံ့သြဝမ်းသာအောင်လုပ်ပါ..။

၇…။ သောကြာနေ့ အထိစောင့်ပြီး ဘာလုပ်ရင်ကောင်းမလဲ ဘယ်သွားမလဲဆိုတာထက် ကြိုတင် အချိန်ယူပြီးတော့ ကိုယ်တွေလုပ်ချင်တာကို ပြောဆိုပါ…။

၈…။ တကယ်လို့ ညစာကို သူက ပုံမှန် ချတ်ပြုတ်တာ ဒါမှမဟုတ်လည်း သူချက်ပြုတ်ရမဲ့ နေ့ရက် ဖြစ်နေခဲ့ရင်… သူ့အခြေအနေကိုကြည့်ပြီး (ဥပမာ မောနေလား.. အလုပ်ရူပ်နေလား) ဝိုင်းဝန်း ချက်ပြုတ်မယ်ဆိုတာမျိုးကို ပြောပါ..။

၉…။ သူ့ကိုကြည့်ရတာ အဆင်ပြေတယ် ( လှတယ်) ဆိုတာမျိုးကို ပြောပေးပါ…။

၁၀…။ သူ စိတ်မပျော်မရွင်ဖြစ်နေမယ်ဆိုရင် သူ့ကိုဂရုစိုက်ကြောင်း ပြသပါ..။

တခ်ျမဟာကြီး သက်သေထားပြီး အရမ်းချစ်နေကြတယ်တော့ မထင်လိုက်ပါနဲ့...။

၁၁…။ သူမောပန်းနေမယ်ဆိုရင် အကူအညီပေးဖို့ ပြောပါ…။

၁၂…။ ခရီးသွားမယ်ဆိုရင်.. အချိန်ယူပြီးလုပ်ပါ… ဒါဆိုရင် သူလည်း ပြေးလွားနေစရာမလိုတော့ဘူးပေါ့…။

၁၃…။ ကိုယ်ဘာကြောင့် အိမ်ပြန်နောက်ကျမယ်ဆိုတာကို ပြောပါ…။

၁၄…။ သူက ကိုယ့်ရဲ့ အကူအညီထောက်ပံ့မှုလိုတယ်လို့ ပြောလာရင် …အကူအညီတောင်းဆိုမှုဟာ မမှားဘူးဆိုတာကို ပြသရင်း တခုခု ပြန်ဖြေပါ…။ လုပ်ပေးနိုင် မနိုင် ပေါ့..။

၁၅…။ တကယ်လို့များ သူ စိတ်ထိခိုက်နေမယ်ဆိုရင် သူ့အပေါ်စာနာ နားလည်တယ်ဆိုတာနဲ့ ကိုယ်လည်း စိတ်မကောင်းဘူး ဖြစ်တယ်ဆိုတာကို ပြောပါ..။ ပြီးရင် တိတ်ဆိတ်စွာ နေပါ..။ အဓိကကတော့ သူခံစားနေရတာ နားလည်တယ်ဆိုတာကို ပြသဖို့ပါ..။ ကိုယ့်အမှားကြောင့် မဟုတ်ပဲ သူဒီလို ခံစားနေရပြီ ဆိုတဲ့ အပြောမျိုး.. ဖြေရှင်းချက်မျိုး… အဖြေရှာမှုမျိုးတွေကို မလုပ်မိပါစေနဲ့……….။

၁၆…။ ကိုယ်သွားလာစရာရှိတယ်ဆိုရင် ပြန်လာမယ်ဆိုတာမျိုး… ဒါမှမဟုတ် အခြားဗာဟီရတွေ လုပ်စရာ ရှိသေးတယ်ဆိုတာကို အသိပေးပါ…။

၁၇…။ စိတ်ဆိုးပြေသွားလို့ … အိမ်ပြန်လာခဲ့ရင်… ဆင်ခြေတက်တဲ့ ပုံစံမျိုး မပါစေပဲ … သူ့ကို လေးစားမှုပြသတဲ့ အပြုအမှုမျိုးနဲ့… ကိုယ့်ကို ဘာတွေက စိတ်အနှောင့်အယှက်ဖြစ်စေတယ်ဆိုတာကို ပြောပြပါ..။ ဒါဆိုရင် သူလည်း အဆိုးတွေကို မတွေးမိတော့ဘူး..။

၁၈…။ ဆောင်းရာသီဆိုရင် မီးဖိုလေးလုပ်ပေးပါ..။

၁၉…။ စကားလာပြောရင် ကြည့်နေတဲ့ တီဗွီ..(စာအုပ်) ကို ခဏ မေ့ထားလိုက်ပါ… သူ့အပေါ်မှာပဲ အာရုံထားဆက်ဆံပါ..။

၂၀…။ အမြဲတမ်းပဲ ပန်းကန်ခွက်ယောက်တွေ သူက ဆေးကြောတယ်ဆိုရင် ကိုယ်လုပ်ပေးမယ်ဆိုတာမျိုးကို မကြာခဏပြောပြီး ကူညီပါ..။ အထူးသဖြင့် သူ မောပန်းနွမ်းနှယ် နေတဲ့အချိန်အခါ မျိုးမှာ ပေါ့..။

၂၁…။ သူ မောပန်းနေတာလား.. စိတ်မကောင်းဖြစ်နေတာလား ဆိုတာကို သတိထားပါ.. သူဘာလုပ် သင့်တယ်ဆိုတာကို ပြောပါ..။ နောက်ပြီးရင် သူလုပ်ရမဲ့ ကိစ္စဝိစ္စ ( ပူညံပူညဖြစ်စေတဲ့ ကိစ္စံ) အချို့ကို ဝိုင်းလုပ်ဖို့ အကူအညီပေးချင်ကြောင်း ပြောပါ..။

၂၂…။ ကိုယ် အပြင်သွားတဲ့အခါ လိုနေတာလေးတွေ ဝယ်လာပေးဖို့ မေးပါ..။ တကယ်ဝယ်လာဖို့လည်း မမေ့ပါနဲ့…။

၂၃…။ ခန အနားယူတာမျိုး … အပြင်သွားမယ် ဆိုရင် အသိပေးပါ..။

၂၄…။ သူ့ကို တနေ့ ( ၄) ခါလောက် ပွေ့ဖက်ပါ…။

၂၅….။ အလုပ်ကနေ သူ့ကို ဖုန်းခေါ်ပြီး သူဘာတွေလုပ်နေလဲ ဆိုတာရယ် .. သူ့ကိုချစ်ကြောင်း… နဲ့..အခြားစိတ်လှုပ်ရှားစရာ အတွေ့အကြုံ အကြောင်းလေးတွေ ကို ပြောပေးပါ… ။

၂၆…။ ချစ်မြဲ (တယ်) ဆိုတာကို နေ့စဉ်နေ့တိုင်း အကြိမ်များများ ပြောပေးပါ…။

၂၇…။ အိပ်ယာကို သန့်ရှင်းသပ်ရပ်အောင်ထားပါ..။

၂၈…။ ကိုယ့်ခြေအိတ်ကို သူလျှော်ဖွတ်ပေးထားတယ်ဆိုရင် ကိုယ်က အတည့်လုပ်ပေးတာမျိုး ဝိုင်းကူ ဆောင်ရွက်ပေးပါ..။

၂၉…။ အမိုက်အိတ် ပြည့်မပြည့်သေးဆိုတာကို သတိထားပြီးတော့ ဝိုင်းသိမ်း..(ပြစ်) ပေးပါ..။

၃၀…။ ခရီးဝေးသွားရင်… ကိုယ့်ကို ဆက်သွယ်နိုင်မဲ့ တယ်လီဖုန်းနံပါတ်လေးကို ထားပေးခဲ့ပါ… ပြီးရင် ကိုယ်ချောချောမွေ့မွေ့ ရောက်တယ်ဆိုတာကို အသိပေးပါ..။

ဗိုလ်လိုဖတ်တော့ သဘောတွေ့ရုံပါပဲ..။ မြန်မာလိုလဲ တကယ်ချရေးရော ရယ်စရာတွေပဲ တွေးမိပါတယ်…အရယ်သန်တာလည်း ပါမယ်ထင်ပါရဲ့..။ ဘာပဲပြောပြော ဗိုလ်တယောက်ရဲ့ အမြင်တွေကို ကျွန်မတို့ လူ့အဖွဲ့အစည်း ယဉ်ကျေးမှုများနဲ့ ကိုက်ညီမှု ရှိချင်မှ ရှိပေမဲ့..စိတ်ဝင်စားစရာတွေ တွေ့သွားမယ်လို့ မျှော်လင့်ပါတယ်…။ အတွဲတွေမှ မဟုတ်ပါဘူး…လူပျိုကြီး(ပေါက်စ) များအတွက်လည်း အဆင်ပြေတာလေးတွေ သဘောကျတာလေးတွေ တွေ့နိုင်မယ်လို့ မှတ်ယူပါတယ်..။ ဘာလေးပဲဖြစ်ဖြစ် လက်တွေ့ စလုပ်နိုင်ရင် အဆင်ပြေချစ်ခင်မှုတွေ အတွက် အထောက်အကူပြုမယ်လို့ လုံးဝယုံကြည်ပါတယ်… ။ ဒီစာအုပ်ရေးသူက ( John Gray) ပါ…။ စာအုပ်အမည်က ( Men are from Mars and Women are from Venus)…။ ကျွန်မ အင်မတန်ကြိုက်တဲ့ စာအုပ်များစွာထဲက တအုပ်လို့ ဆိုရပါ့မယ်..။ ကျန် အပိုင်း ၂ ပိုင်းကိုလည်း တင်ပေးပါအုံးမယ်..။

အားလုံးကို ကျေးဇူးတင်ပါတယ်… အဆင်ပြေကြပါစေရှင်..။

မဗေဒါ
၀၂.၀၁.၂၀၁၁

ဆက်ဖတ်ကြည့်ပါဦးနော်....

Wednesday, May 5, 2010

( Malcolm Gladwell)

ဘလောက့် စာပေဝါသနာပါသူများ အတွက် တခုတ်တရ စာအုပ်တအုပ်ရယ်..စာရေးသူတယောက်ကို မိတ်ဆက် ပေးချင်ပါတယ်..။ စာပေချစ်သူများ အတွက် အကြိုက်တွေ့နိုင်တဲ့ စာရေးဆရာ တယောက်ဆိုရင် မမှားနိုင်ပါဘူး။ တချို့လည်း သူ့ကိုသိပြီးဖြစ်မှာပါ..။ မသိသေးသူ မရင်းနှီးသေးသူတွေ အတွက် စာကောင်းတခုဖတ်ဖို့.. အတွေး အသစ်လေးတွေကို သိစေချင်တာမို့ မိတ်ဆက်ပေးတာဖြစ်ပါတယ်..။ ခေတ်မီသူတိုင်း ဖတ်သင့်သည်ပေါ့  .. ဟဲ..။ (နဲနဲသိရင်များများပြောချင်တဲ့ အကျင့်မပျောက်သေးတဲ့ မဗေဒါပါ.).. သူ့ကို စီအန်အန်က( GPS ) အစီ အစဉ်ကို ကြည့်ရကနေ သဘောကျပြီး အင်မတန်ချစ်ရတဲ့ ယောက်ျားက ကျွန်မလိုချင်တဲ့ စာအုပ်ကလေးကို တခုတ်တရ ဝယ်ပေးခဲ့တာဖြစ်ပါတယ်…။(ဝယ်ပေးဆို အချိန်တန်ရင် ဘဏ်ထဲမှာ ..ဘာမှမရှိလို့ လိုချင်တာကို ယောက်ျားကို ပြောရတဲ့ဥရောပရောက် ဘလော့က်ဂါ ကျွန်မဘဝမို့..)။..စာအုပ်ကလေးက ကျွန်မကိုရသကောင်း စာ အုပ်ဖတ် ရသလို ဆွဲဆောင်ခဲ့တာမို့ ဘလောက့် မိတ်ဆွေနဲ့ စာဖတ်ပရိသတ်များကို မိတ်ဆက်ပေးခြင်းဖြစ်ပါ တယ်..။


ကျွန်မကသူ့ရဲ့ပထမစာအုပ်ကို ဒုတိယမှဖတ်ဖြစ်ပြီး နောက်မှထွက်တဲ့စာအုပ်ကို ပထမဦးစွာရင်းနှီးခဲ့တာ ဖြစ်ပါတယ်..။ အဲဒါလည်း တမျိုးကောင်းသွားပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ပထမစာအုပ်ကို သိပ်မကြိုက် ပါဘူး..။ အခုထိလည်း မဖတ်ချင်လို့ ပစ်ထားပါတယ်..။ အခုမိတ်ဆက်ပေးမဲ့စာအုပ်ဖြစ်တဲ့ အောင်မြင်သူများ နောက်ခံအကြောင်းလေးတွေ ကိုပိုကြိုက်ပါတယ်..။ စာအုပ်က (Outliers) ခေါ်ပါတယ်..။ အဓိပ္ပါယ်ကတော့ လူတွေဘယ်လို အောင်မြင်အောင် လုပ်ခဲ့ ကြိုးစားခဲ့ရတယ် ဆိုတာရယ် နောက်ခံ အခြေအနေတွင် အခွင့်အလမ်းတွေ အခွင့်အရေးတွေက ဘယ်လိုပံ့ပိုးခဲ့တယ် ဆိုတာကို စာအုပ်ပေါင်း မြောက်များစွာကို ကိုးကားပြီး ဖော်ပြရှင်းပြထားပါတယ်..။ တကယ်တော့အောင်မြင်သူများအကြောင်းက သေချာဖတ်တော့မှ ပိုပိုနားလည် သွားတာက တကယ်အောင်မြင် ကျော်ကြားသူများ ဟာဘယ်လိုအခြေအနေမှာ ဘယ်လိုကြိုးစား ရင်း အောင်မြင်ခဲ့တယ် ဆိုတဲ့ဇာတ်ကြောင်းကို ရေးပြတာဖြစ်နေပါတယ်.။ ဘယ်လိုအောင်မြင် လာတယ် သူတို့ အခြေအနေတွေက ဘယ်လိုရှိခဲ့တယ်.. နောက် မွေးတဲ့ခုနှစ်နဲ့ အချိန်အခါတွေကလည်း ဘယ်လိုမျိုး အရေးပါပုံ အစရှိတဲ့နောက်ခံတွေကို သေချာလေးဖော်ပြထားတာမို့ အင်မတန်မှ စိတ်ဝင်စားစရာ ကောင်းပါတယ် .။ ( အချက်အလက်ကြိုက်တဲ့ သူတွေအတွက် အင်မတန် အဖိုးတန်စာအုပ်ပါ..) ..အဲဒီထဲမှာမှ ယနေ့လူသိများတဲ့ ဘီလ်ဂိတ်ရယ်လို့ ဖြစ်လာပုံ တင်ပြ ထားတာကို နမူနာ ပြောပြချင်ပါတယ်..။ တိုတိုပဲ ပြောပါ့မယ်..။

ဘီလ်ဂိတ်အဖေဟာ ချမ်းသားတဲ့ ရှေ့နေတယောက် ဖြစ်ပြီးတော့ အမေကလည်း အင်မတန်မှ ချမ်းသာတဲ့ ဘဏ် သူဌေးကြီး တယောက်ရဲ့ သမီးလေး ဖြစ်ပါတယ်..။ ဆိုတော့ ဂိတ်ပညာရေးအတွက် အခက်အခဲ မရှိလို့ ဆိုရမှာပါ..။ မိဘများက အစိုးရကျောင်းမှာ မထားပဲ ( Lakeside ) က လူချမ်းသာတွေထားတဲ့ ကျောင်းမှာ ထားပေးခဲ့ပါတယ်..။ သူ အဲဒီကျောင်းတက်လို့ ၂ နှစ်မြောက်တဲ့ အချိန်မှာ ကွန်ပြူတာ ကလပ်တခု အဲဒီကျောင်းမှာ စတင် တည်ထောင်ခဲ့ပါတယ်..။ အဲဒါဟာ ဘီလ်ဂိတ်အတွက် အခွင့်အလမ်း တရပ်လို့ ဆိုရမလားပဲ။ အဲတုန်းက ၁၉၆၈ ပဲရှိပါသေးတယ်..။ အဲတုန်း (၁၉၆၀) လောက်က အမေရိကားမှာ ကောလိပ်များများက ကွန်ပြူတာ ကလပ်ရယ်လို့တောင် မရှိသေးပါဘူး..။

အတိုချုပ်ပြောရရင်တော့ အဲဒီချိန်က ငွေက စမ်းသပ်မှု တခုအတွက် အင်မတန်လိုအပ်သလို မိဘများကလည်း ပံ့ပိုးပေးခဲ့ပါတယ်..။ ဘီလ်ဂိတ်ဟာ ဆိုရင် တနေ့ကို (၈) နာရီ တပတ်လုံးကို မနားမနေ လေ့လာနေခဲ့တယ် ဆိုနိုင်ပါတယ်..။ သူနဲ့ သူငယ်ချင်း ပေါလတို့ အဲဒီကျောင်းထဲကို သွား ပတ်စဝါ့ဒ်တွေခိုးယူ ပြီး လုပ်ချင်တာတွေ ကို လျောက်လုပ်ရာကနေ ကွန်ပြူတာ စနစ်တွေပါ အကုန်ဒုက္ခဖြစ်ကုန်တော့ မောင်းထုတ်ခံရပါတော့တယ်..။ အဲတုန်းက သူတို့ (၁၅) (၁၆) အရွယ်လောက်ပါပဲ..။ သူတို့ နွေရာသီတခုလုံး ကွန်ပြူတာ လုပ်ခွင့်မရှိပဲ ဖြစ်နေရာကနေ သူငယ်ချင်း ပေါလက ကွန်ပြူတာ သုံးခွင့်ရှိတဲ့နေရာကို တွေ့ခဲ့ပါတယ်.. ဝါရှင်တန် တက္ကသိုလ် မှာပါ..။ အဲဒီမှာ ကလည်း အချိန်ပြည့် မအားတော့ မိုးသောက်ယံ မနက် စောစောမှာ ထပြီး သွားစမ်းသပ်လုပ်ကိုင် နေခဲ့တာပါ. ပြောမယ်ဆိုရင် ရတဲ့အချိန်မှာ မပျင်းရိပဲ ကြိုးစားအားထုတ်ခဲ့ပါတယ်…။ သူဒီလို ကြိုးစားအားထုတ်မှု ကိုသိနေတဲ့ ( Bud Pembroke ) ကနေ သူ့ကို ဆယ်သွယ်လာရင်း သူနောက်ဆုံးမှာ ( software ) တခုကို တီတွင်နိုင်ခဲ့သူ ရယ်လို့ ဖြစ်လာတယ်လို့ အကျဉ်းဆိုပါရစေ..။

ဒီတော့ သူ့အရင်က ကြိုးစားအားထုတ်တဲ့ ဂျိုး (Bill Joy ) ထက် သူက ဘာတွေ သာခဲ့ပါသလဲ.. ဘာဖြစ်လို့ ဘီလ်ဂိတ်ရယ်လို့ ဖြစ်လာရပါသလဲ..။

၁.. သူ လိတ်ဆိုက်ကျောင်း ကိုပို့ခံခဲ့ရပါတယ်..။ (အဲဒီအချိန်ကဆိုရင် တကမ္ဘာလုံးက အထက်တန်းကျောင်း တွေမှာ ကွန်ပြူတာ နဲ့ ပတ်သက်တဲ့ ( a time- sharing terminal ). အခွင့်အလမ်း ဘယ်လောက်များ ရှိနေသလဲ … ..)
၂.. လိတ်ဆိုက်ကျောင်းက ကွန်ပြူတာအတွက် ပေးဖို့ ကုန်ကျငွေတွေ ပံ့ပိုးပေးနိုင်ခဲ့တယ်..
၃..ငွေ ကုန်သွားတဲ့ အချိန်မှာ မိဘတဦးဦးကနေ ကွန်ပြူတာ ကလပ်အတွက် တာဝန်ယူနေတဲ့ အချိန်မှာ ကုတ်တွေကို တာဝန်ယူ စစ်ဆေးရတာမျိုး နောက်.. အချိန်ကလည်း သူတို့ ကွန်ပြူတာကို သုံးချင်တဲ့အချိန် ထိ သုံးနိုင်တဲ့ အခြေအနေမျိုးတွေ ကလည်း သူတို့အတွက် အချက်ကောင်းပါ။
၎.. ( ISI) က ကွန်ပြူတာ နဲ့ ပတ်သက်တဲ့ ဆော့ဝဲကိစ္စ လူလိုနေတဲ့အချိန် ဂိတ်လည်း အဲဒီအဖွဲ့ကို ဆက်သွယ်မိခဲ့တာ..
၅.. ကျောင်းနဲ့ သိပ်မဝေးတဲ့ နေရာလေးမှာ ဂိတ် အိမ်ရှိနေတာ..
၆.. ကျောင်းက ကွန်ပြူတာတွေ နံနက်စောစော (၃) နာရီကနေ (၆) နာရီ ကြား အားနေတာ..
၇.. ( TRW ) ကနေတဆင့် ဘုဒ် ( ISI.. ကိုတည်ထောင်သူ တယောက်ပါ..) ဆိုသူက ဆက်သွယ်ခဲ့တာတွေ …
၈.. အဲဒီ ဘုဒ် က ဂိတ်နဲ့ ပေါ တို့ရဲ့ ကြိုးစားအားထုတ်မှု ကို သိနေတာတွေကြောင့် လိုအပ်တဲ့ အချိန်မှာ ဆက်သွယ်ပေးခဲ့တာ..
၉.. လိတ်ဆိုက်ကျောင်းကနေ သူတို့ (၂) ယောက်ကို လိုလိုရရ ကွန်ပြူတာတွေကို သုံးခွင့် ပေးခဲ့တာမျိုးတွေဟာ ဘီဂိတ်ရယ်လို့ ဖြစ်စေခဲ့ပါတယ်.. (ကြုံတုန်းပြောချင်ပါတယ်.. မြန်မာပြည်မှာလည်း စာရေးဆရာကြီး ဂျာနယ်ကျော် ဦးချစ်မောင်ဆိုရင် တနေ့ကို (၁၃) နာရီလောက်ထိ စာဖတ်တယ်လို့ မှတ်သားဖူးပါတယ်.. ဒါကြောင့်လည်း စာပေတွေ နှံ့စပ်တာပါ.. အားကျစရာပါပဲ.. တချို့တွေကျပြန် တော့လည်း ကွန်ပြူတာ ကို မြင်ဖူး ကတည်းက ဆော့ဖို့ဖဲ သုံးလို့ ဘာပညာမှ မယ်မယ်ရရ မတက်တာတွေ အများကြီးပါ .. ) ဂိတ်ဟာ ပညာတန်ခိုးကြောင့် ကမ္ဘာပေါ်မှာ (၃၇) ယောက်မြောက် အချမ်းသားဆုံး စာရင်းဝင်ဖြစ်ပါတယ်.. (ချမ်းသာတာက အမေရိကန် ဒေါ်လာ ( ၅၈) ဘီလျံပါ.. မနှစ်က စာရင်းဇယားပါ..။ ) ကိုယ်ပိုင်ပညာနဲ့ ချမ်းသာတာ.ဆိုတော့ ဘယ်သူ့ကိုမှလဲ ကြောက်စရာမလိုသလို အလှူတန်းကလည်း ရက်ရောလွန်းတာကြောင့် အင်မတန်ကို သာဓု ခေါ်စရာပါ.. ကြည်နူးစရာပါရှင်…။

မယ်ကွန်းဟာ ( အင်္ဂလန် ) ကဖြစ်ပါတယ်။ ..စာအုပ်ထဲမှာက အောင်မြင်ကျော်ကြားသူတွေရဲ့ အကြောင်း ကိုပြောရင်း သူ့ကိုသူမိတ်ဆက်သွားတာလေးက ကျွန်မအကြိုက်တွေ့သွားပါတယ်..။ နောက်ဆုံးအခန်းမှာမှ သူရဲ့အကြောင်းကို ပြောထားတာဖြစ်ပါတယ်..။..အမှန်တော့ သူ့ ဘိုးဘီဘင်တွေကတော့ အိုင်ယာလန်က ဇာတိချက်ကြွေပါ လို့ ဆိုထားပါတယ်..။..ဘိုးဘွားဘီဘင်များ လက်ထက်မှာ ယခု ကရစ်ဘီယန် နိုင်ငံက ဂျမေကာ မှာ ဘိုးဘေတွေက စီးပွားသွားရှင်းရင်း အဲဒီက အမျိုးသမီး ကိုယ်လုပ်တော် ထားရင်းနဲ့ အိမ်ထောင်ရက်သား ကျသွားခဲ့တာဖြစ်ပါတယ်. .။တကယ်တော့ ဒီကနေ့ခေတ်မီ နေပါတယ် ဆိုတဲ့ ဥရောပ ..အမေရိကန်တို့မှာ မရှိတဲ့အခွင့်အရေးမျိုးတွေကို (ဂျမေကာ)မှာ နှစ်ပေါင်းများစွာ ကတည်းက ရရှိခဲ့ တာဖြစ်ပါတယ် ..။..တခါ တဘက်ကမိခင် နိုင်ငံဖြစ်တဲ့ အင်္ဂလန် ကလည်း အဲလိုလူမျိုးရဲ့ ကလေးတွေအတွက် ကျောင်းနေခွင့်တွေပေးထားခဲ့တဲ့ အတွက် မယ်လကွန်းရယ် လို့ဖြစ်လာတာ ဖြစ်ပါတယ်..။.. အမှန်ကတော့ အောင်မြင်သူလို့ ပြောလိုက်ရင်လွယ်လွယ်လေးပဲ တွေးထင် နေကြတာကို စာရေးဆရာက သူ့ရဲ့ ရှာဖွေမှုတွေကို သက်သေ အထောက်အထားနဲ့ ပြပြီးတော့သူတို့ဘာလို့ အောင်မြင်လာကြတယ်. .။...တချို့ကြတော့လည်း ဘယ်လောက်ပဲ ကြိုးစားသော်လည်း အခြေအနေမပေးတာ အခွင့်အလမ်း နည်းပါးတာတွေကြောင့် မအောင်မြင် တက်တာ တွေကို လည်းရေးထားပါတယ် ..။. နောက်ဆုံး ဆိုလိုချင်တာကတော့ လူတွေပြောတဲ့ ပါရမီ ဆိုတာ ဟာ ကိုယ်ကိုယ်တိုင် ကျိုးစားအားထုတ်မှု ကနေရတယ်ဆိုတာပါပဲ..။…စိတ်ဝင်စားစရာတွေနဲ့ ပြည့်နှက် နေတဲ့ စာအုပ်လေး တအုပ်ပါ. .။..မဖတ်ရသေးရင် အမြန်ဝယ်ဖတ်ကြပါလို့ မယ်လကွန်းကို မိတ်ဆက် လိုက်ပါတယ်..။


1.. ISI.. Information Sciences Inc,,
2.. TRW.. Technology company
( a time- sharing terminal ) နဲ့ ( software) က သီးသန့် ပညာရပ် စကားမို့ တိုတိုနဲ့ လှလှ မပြန်တက်လို့ မူရင်းအတိုင်း ထည့်သုံးထားပါသည်.. ။ ပညာရှင်များ ပြောကြပါကုန်….. ။


နားပါဦးမည်..

မဗေဒါ
၎.၀၅.၂၀၁၀

ဆက်ဖတ်ကြည့်ပါဦးနော်....