Tuesday, January 4, 2011

စုံတွဲများအတွက် လက်ဆောင်





ဟိုင်း….. အားလုံးမင်္ဂလာအပေါင်းနဲ့ ဗိုလ်နှစ်သစ် (၂၀၁၁)မှာ အဆင်ပြေကြပါစေလို့ နှုတ်ခွန်းဆက်ပါတယ်…။ စိန်ဗေဒါ စာရေးဖို့ အားအင်တွေ မရှိဖြစ်နေတာ အတော်ကြာခဲ့ပါပြီ..။ အကြောင်းတွေ အများကြီးထဲကမှ အရေးကြီးဆုံး (၂) ချက်ကတော့ အပျော်လွန်နေခြင်း နဲ့ ပွဲစား ကိစ္စများကြောင့် ဖြစ်ပါတယ်..။ ပွဲစား စိန်ဗေဒါကတော့ လူချစ်လူခင် များစွာဖြင့် ဆက်လက်ရပ်တည်လျှက်ပါ..။ ဒါပေမဲ့ ပန်းအစစ်တော့ ဝယ်မပန်ဖြစ်သေးပါဘူး.. နော်ဝေးမှာ ဈေးကြီးတဲ့ထဲ ပန်းလည်း ပါလေရဲ့…။ မဗေဒါအပေါ် အမှန်တကယ် လူချစ်လူခင်များတယ် ဆိုတာကိုလည်း နှစ်သစ်မှာ မချွင်းမချန် ပြောတာကို ယုံစေချင်ပါတယ် ( အဟမ်း)..။ ဒါကြောင့် လက်ဆောင်တွေလည်း အများကြီး လက်ခံရရှိ လိုက်ပါတယ်..(ကြွားတာမဟုတ်ပါ.. အသိပေးတာပါ…ဟဲ..။) စာရေးဖို့ အတင်းအဓမ္မ ကြိုးစားရာကနေ ပျင်းသောရောဂါ စွဲကပ်နေတာမို့ အခုရေးမဲ့အကြောင်းအရာကို (၃) ပိုင်းခွဲပြီး ရေးပါ့မယ်…။ နှစ်သစ်မှာ ချစ်နေသူများလည်း ဆက်လက်ချစ်ခင်မှုတွေ ဆတက်တပိုး တိုးနိုင်ပါစေကြောင်းနဲ့ … အချစ်ပျယ်နေသူများလည်း ချစ်နိုင်အောင် တည်ဆောက် နိုင်ပါစေကြောင်း အမှန်တကယ် ဆုမွန်ကောင်း တောင်းပါတယ်..။

ချစ်ခြင်းတရားက ပုံစံမျိုးစုံနဲ့ ကြားတိုင်းမှာ ရှိကြပါတယ်.. မြန်မာလိုဆို ၈၂၈ ( ၁၅၀၀) တို့ ဖြစ်မှာပါ.. အခု ရေးမှာက ၁၅၀၀ ချစ်ခြင်းမေတ္တာ တည်ဆောက်ထားသူတို့အတွက် .. လက်ဆောင်စာလေးတွေပါ… ခင်ပွန်းဖြစ်သူက ဇနီးလောင်းအပေါ် ထားရှိသင့်တဲ့ ပုံစံလေးတွေဖြစ်သလို ဒီအချက်တွေက အိမ်ထောင်ရေးအတွက် အထောက်အကူ အများကြီး ဖြစ်စေပါတယ်..။ စာရေးဆရာကတော့ မတူတဲ့ လိင်အပေါ် အမှတ်တွေ အများကြီးရစေတဲ့ အချက်များလို့ ဆိုထားပါတယ်.. ဖတ်ကြည့်ကြပါအုံးရှင်….။

၁…။ ကိုယ့်အိမ်ကို ပြန်ရောက်တာနဲ့ ဇနီးသည်ကို အရင်တွေ့အောင်ရှာပါ..ပြီးရင် ပွေ့ဖက်ပြီးတော့ နှုတ်ခွန်းဆက်ပါ…။

၂…။ သူ့ရဲ့ တနေ့တာအခြေအနေလေး ဘယ်လိုများရှိတယ်ဆိုတာကို မေးပါ… ( ဥပမာ.. ဆရာဝန်နဲ့ တွေ့ခဲ့တာ အဆင်ပြေလား ဘာပြောလဲ အစရှိသဖြင့်ပေါ့…။ မြန်မာပြည်မှာဆိုလည်း ဆရာဝန်နဲ့ သွားပြီး ခဏခဏ တွေ့စရာမလိုတော့ နေ့စဉ်ဘဝထဲက … ဥပမာ… ဒီနေ့ ဘာတွေထူးလဲ မိန်းမရေ.. ဆိုပြီး မိန်းမနဲ့ ပတ်သက်မှုလေးတွေကို တခုတ်တရ မေးတာမျိုးလေးပေါ့ ..။ )

၃…။ ပြောတာကို နားထောင်တာ… ပြန်မေးတာမျိုးတွေကို လေ့ကျင့်ပေးပါ…။

၎…။ သူကြုံတွေ့နေရတဲ့ အခက်အခဲကို ဖြေရှင်းစွမ်းဆောင်ပေးနိုင်တဲ့ ပုံစံမျိုး မလုပ်ပါနဲ့.. မျှဝေခံစားပေးပါ..။

၅…။ စကားလာပြောရင် လည်း မိနစ် (၂၀) လောက် အချိန်ပေးပြီး နားထောင်ပါ…။ ဆိုလိုတာက သတင်းစာပဲ ငုံ့ဖတ်မနေပါနဲ့… ကွန်ပြူတာချည်းပေါ်ပဲ မထိုင်နေနဲ့ပေါ့…။

၆…။ ပန်းလေးတွေ ဝယ်ပေးပါ… အမှတ်တရ အခြေအနေမျိုးလေးတွေမှာလည်း အဲလို ပန်းလေးတွေဝယ်ပေးတာမျိုးနဲ့ အံ့သြဝမ်းသာအောင်လုပ်ပါ..။

၇…။ သောကြာနေ့ အထိစောင့်ပြီး ဘာလုပ်ရင်ကောင်းမလဲ ဘယ်သွားမလဲဆိုတာထက် ကြိုတင် အချိန်ယူပြီးတော့ ကိုယ်တွေလုပ်ချင်တာကို ပြောဆိုပါ…။

၈…။ တကယ်လို့ ညစာကို သူက ပုံမှန် ချတ်ပြုတ်တာ ဒါမှမဟုတ်လည်း သူချက်ပြုတ်ရမဲ့ နေ့ရက် ဖြစ်နေခဲ့ရင်… သူ့အခြေအနေကိုကြည့်ပြီး (ဥပမာ မောနေလား.. အလုပ်ရူပ်နေလား) ဝိုင်းဝန်း ချက်ပြုတ်မယ်ဆိုတာမျိုးကို ပြောပါ..။

၉…။ သူ့ကိုကြည့်ရတာ အဆင်ပြေတယ် ( လှတယ်) ဆိုတာမျိုးကို ပြောပေးပါ…။

၁၀…။ သူ စိတ်မပျော်မရွင်ဖြစ်နေမယ်ဆိုရင် သူ့ကိုဂရုစိုက်ကြောင်း ပြသပါ..။

တခ်ျမဟာကြီး သက်သေထားပြီး အရမ်းချစ်နေကြတယ်တော့ မထင်လိုက်ပါနဲ့...။

၁၁…။ သူမောပန်းနေမယ်ဆိုရင် အကူအညီပေးဖို့ ပြောပါ…။

၁၂…။ ခရီးသွားမယ်ဆိုရင်.. အချိန်ယူပြီးလုပ်ပါ… ဒါဆိုရင် သူလည်း ပြေးလွားနေစရာမလိုတော့ဘူးပေါ့…။

၁၃…။ ကိုယ်ဘာကြောင့် အိမ်ပြန်နောက်ကျမယ်ဆိုတာကို ပြောပါ…။

၁၄…။ သူက ကိုယ့်ရဲ့ အကူအညီထောက်ပံ့မှုလိုတယ်လို့ ပြောလာရင် …အကူအညီတောင်းဆိုမှုဟာ မမှားဘူးဆိုတာကို ပြသရင်း တခုခု ပြန်ဖြေပါ…။ လုပ်ပေးနိုင် မနိုင် ပေါ့..။

၁၅…။ တကယ်လို့များ သူ စိတ်ထိခိုက်နေမယ်ဆိုရင် သူ့အပေါ်စာနာ နားလည်တယ်ဆိုတာနဲ့ ကိုယ်လည်း စိတ်မကောင်းဘူး ဖြစ်တယ်ဆိုတာကို ပြောပါ..။ ပြီးရင် တိတ်ဆိတ်စွာ နေပါ..။ အဓိကကတော့ သူခံစားနေရတာ နားလည်တယ်ဆိုတာကို ပြသဖို့ပါ..။ ကိုယ့်အမှားကြောင့် မဟုတ်ပဲ သူဒီလို ခံစားနေရပြီ ဆိုတဲ့ အပြောမျိုး.. ဖြေရှင်းချက်မျိုး… အဖြေရှာမှုမျိုးတွေကို မလုပ်မိပါစေနဲ့……….။

၁၆…။ ကိုယ်သွားလာစရာရှိတယ်ဆိုရင် ပြန်လာမယ်ဆိုတာမျိုး… ဒါမှမဟုတ် အခြားဗာဟီရတွေ လုပ်စရာ ရှိသေးတယ်ဆိုတာကို အသိပေးပါ…။

၁၇…။ စိတ်ဆိုးပြေသွားလို့ … အိမ်ပြန်လာခဲ့ရင်… ဆင်ခြေတက်တဲ့ ပုံစံမျိုး မပါစေပဲ … သူ့ကို လေးစားမှုပြသတဲ့ အပြုအမှုမျိုးနဲ့… ကိုယ့်ကို ဘာတွေက စိတ်အနှောင့်အယှက်ဖြစ်စေတယ်ဆိုတာကို ပြောပြပါ..။ ဒါဆိုရင် သူလည်း အဆိုးတွေကို မတွေးမိတော့ဘူး..။

၁၈…။ ဆောင်းရာသီဆိုရင် မီးဖိုလေးလုပ်ပေးပါ..။

၁၉…။ စကားလာပြောရင် ကြည့်နေတဲ့ တီဗွီ..(စာအုပ်) ကို ခဏ မေ့ထားလိုက်ပါ… သူ့အပေါ်မှာပဲ အာရုံထားဆက်ဆံပါ..။

၂၀…။ အမြဲတမ်းပဲ ပန်းကန်ခွက်ယောက်တွေ သူက ဆေးကြောတယ်ဆိုရင် ကိုယ်လုပ်ပေးမယ်ဆိုတာမျိုးကို မကြာခဏပြောပြီး ကူညီပါ..။ အထူးသဖြင့် သူ မောပန်းနွမ်းနှယ် နေတဲ့အချိန်အခါ မျိုးမှာ ပေါ့..။

၂၁…။ သူ မောပန်းနေတာလား.. စိတ်မကောင်းဖြစ်နေတာလား ဆိုတာကို သတိထားပါ.. သူဘာလုပ် သင့်တယ်ဆိုတာကို ပြောပါ..။ နောက်ပြီးရင် သူလုပ်ရမဲ့ ကိစ္စဝိစ္စ ( ပူညံပူညဖြစ်စေတဲ့ ကိစ္စံ) အချို့ကို ဝိုင်းလုပ်ဖို့ အကူအညီပေးချင်ကြောင်း ပြောပါ..။

၂၂…။ ကိုယ် အပြင်သွားတဲ့အခါ လိုနေတာလေးတွေ ဝယ်လာပေးဖို့ မေးပါ..။ တကယ်ဝယ်လာဖို့လည်း မမေ့ပါနဲ့…။

၂၃…။ ခန အနားယူတာမျိုး … အပြင်သွားမယ် ဆိုရင် အသိပေးပါ..။

၂၄…။ သူ့ကို တနေ့ ( ၄) ခါလောက် ပွေ့ဖက်ပါ…။

၂၅….။ အလုပ်ကနေ သူ့ကို ဖုန်းခေါ်ပြီး သူဘာတွေလုပ်နေလဲ ဆိုတာရယ် .. သူ့ကိုချစ်ကြောင်း… နဲ့..အခြားစိတ်လှုပ်ရှားစရာ အတွေ့အကြုံ အကြောင်းလေးတွေ ကို ပြောပေးပါ… ။

၂၆…။ ချစ်မြဲ (တယ်) ဆိုတာကို နေ့စဉ်နေ့တိုင်း အကြိမ်များများ ပြောပေးပါ…။

၂၇…။ အိပ်ယာကို သန့်ရှင်းသပ်ရပ်အောင်ထားပါ..။

၂၈…။ ကိုယ့်ခြေအိတ်ကို သူလျှော်ဖွတ်ပေးထားတယ်ဆိုရင် ကိုယ်က အတည့်လုပ်ပေးတာမျိုး ဝိုင်းကူ ဆောင်ရွက်ပေးပါ..။

၂၉…။ အမိုက်အိတ် ပြည့်မပြည့်သေးဆိုတာကို သတိထားပြီးတော့ ဝိုင်းသိမ်း..(ပြစ်) ပေးပါ..။

၃၀…။ ခရီးဝေးသွားရင်… ကိုယ့်ကို ဆက်သွယ်နိုင်မဲ့ တယ်လီဖုန်းနံပါတ်လေးကို ထားပေးခဲ့ပါ… ပြီးရင် ကိုယ်ချောချောမွေ့မွေ့ ရောက်တယ်ဆိုတာကို အသိပေးပါ..။

ဗိုလ်လိုဖတ်တော့ သဘောတွေ့ရုံပါပဲ..။ မြန်မာလိုလဲ တကယ်ချရေးရော ရယ်စရာတွေပဲ တွေးမိပါတယ်…အရယ်သန်တာလည်း ပါမယ်ထင်ပါရဲ့..။ ဘာပဲပြောပြော ဗိုလ်တယောက်ရဲ့ အမြင်တွေကို ကျွန်မတို့ လူ့အဖွဲ့အစည်း ယဉ်ကျေးမှုများနဲ့ ကိုက်ညီမှု ရှိချင်မှ ရှိပေမဲ့..စိတ်ဝင်စားစရာတွေ တွေ့သွားမယ်လို့ မျှော်လင့်ပါတယ်…။ အတွဲတွေမှ မဟုတ်ပါဘူး…လူပျိုကြီး(ပေါက်စ) များအတွက်လည်း အဆင်ပြေတာလေးတွေ သဘောကျတာလေးတွေ တွေ့နိုင်မယ်လို့ မှတ်ယူပါတယ်..။ ဘာလေးပဲဖြစ်ဖြစ် လက်တွေ့ စလုပ်နိုင်ရင် အဆင်ပြေချစ်ခင်မှုတွေ အတွက် အထောက်အကူပြုမယ်လို့ လုံးဝယုံကြည်ပါတယ်… ။ ဒီစာအုပ်ရေးသူက ( John Gray) ပါ…။ စာအုပ်အမည်က ( Men are from Mars and Women are from Venus)…။ ကျွန်မ အင်မတန်ကြိုက်တဲ့ စာအုပ်များစွာထဲက တအုပ်လို့ ဆိုရပါ့မယ်..။ ကျန် အပိုင်း ၂ ပိုင်းကိုလည်း တင်ပေးပါအုံးမယ်..။

အားလုံးကို ကျေးဇူးတင်ပါတယ်… အဆင်ပြေကြပါစေရှင်..။

မဗေဒါ
၀၂.၀၁.၂၀၁၁

4 ဦး၏ဆွေးနွေးချက်:

မောင်သီဟ said...

အစ်မရေ.... မင်္ဂလာနှစ်သစ်ပါဗျာ
တားက အတွဲမရှိတေးတော့ ခက်တယ်အစ်မရဲ့
မိုးလင်း အလုပ်ဝင် မိုးချုပ်အလုပ်ပြန် အဆောင်ဝင် စာဖတ်နဲ့ ဘဝကိုဖြတ်သန်းနေရတာ အားရင် ကြံဖန်လွမ်းရင်း အလွမ်းတောထဲမှာမျော ဟောာာာ....
ကျွန်တော်က လူဝကြီးဟုတ်ပါဖူးဗျာ ပုံကကွတတဖြစ်သွား လို့ပါး)း) တကယ်က အပြင်မှာ ကျွန်တော်က အင်တာနေရှင်နယ်ဘော်ဒီဗျာ့ ဟိဟိး)း) ရိုးမပေါ်မှာ လေတိုက်တော့ လွင့်ပါမသွားအောင် မနည်းထိန်းထားရတယ်လေး)း)

Nge Naing said...

၁၆ နှစ်သမီးနဲ့ ၁၆ နှစ်သား စုံတွဲအတွက် ရေးထားတာ ဖြစ်ဖို့များတယ်။ ယောက်ျားက အဲဒီထဲကအတိုင်းသာ ဂရုစိုက်နေရင် ငါ့ကို တော်တော်ချစ်ပါလားလို့ ချစ်ဖို့နေနေသာသာ စိတ်အနှောင့်အယှက်ဖြစ်လွန်းလို့ အော်ထုတ်ဖို့ပဲ ရှိတယ်။ ဟိဟီး ကို(SW) ကြီးက သူငယ်ချင်းကို အဲလိုပဲ ဂရုစိုက်တာလား။

SHWE ZIN U said...

မဗေဒါ ရေ

အဲဒါလေး တွေ က တကယ်အမောပြေတယ်ပေါ့
ချစ်သက်ရှည်ဆေးလေးတွေ ယောက်ကျားတွေ သတိထားဘို့ကောင်းတယ်

မဗေ တို့ နှစ်ယောက်လည်း ချစ်ခင်ကြင်နာစွာ နှစ်ပေါင်းများစွာ ပျော်ရွှင်နိုင်ပါစေ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

blackကော်ဖီ said...

အမလေး အစ်မရေ အဲဒီလိုတွေသာ အကုန်လိုက်လုပ်ပေး နေရရင် မလွယ်ဘူး။ ကျွန်တော့် ကောင်မလေးကို ဒီပိုစ့်ကို ဖတ်ခိုင်းလို့ မဖြစ်ဘူး။ တော်ကြာနေ ခိုင်းဖို့ နည်းလမ်းတွေ ရသွားနေဦးမယ်။