Showing posts with label ခံစားမှုစာစု. Show all posts
Showing posts with label ခံစားမှုစာစု. Show all posts

Friday, September 30, 2011

အသံထွက် တွေ အသံထွက်တွေ



မဗေဒါ ပြောနေကျ စကားလေးပါ.. နော်ဝေးစကားက ဘဝထဲမရောက်တဲ့ စကားဖြစ်တယ်ဆိုတာပါ.. တချို့စကားလုံးတွေက တခြားသောလူမျိုးများထက် အသံထွက် အင်မတန် ခက်ခဲတဲ့ ရွေမြန်မာကျွန်မတို့ အကြောင်းများရယ်ပါ..။ ရုရှနိုင်ငံထဲက စစ်ဖြစ်နေလို့ ဒီနိုင်ငံကို ရောက်နေတဲ့ မွတ်စလင် ဘာသာဝင်များဖြစ်တဲ့ ချက်ခြေနီယာ…နောက်.. ပိုလန်.. ဂျာမဏီ… ပါကစ္စတန်.. တူကီ.. ဘရာဇီး.. နယ်သာလန် ..ဒိန်းမတ်….ဖင်လန်…တွေမှာကျတော့ နော်ဝေး အသံထွက်တွေက တော်တော်အားကောင်း တယ်လို့ ဆိုရင်ရမယ်..မဗေဒါတို့ အာရှထဲကမှ မြန်မာ..တရုတ်… ထိုင်း…တွေက အသံထွက်ဆင်းရဲတယ် တခြားသူများ ပိုနားလည်ရ ခက်မယ်ထင်တယ်…ချွင်းချက်တော့နဲနဲရှိသေးတယ်.. ဖိလစ်ပီးကတော့ သိပ်မဆိုးဘူး… အနီးစပ်ဆုံးထွက်နိုင်တယ်လို့ ဆိုရမယ်ထင်ပါတယ်..။ မြန်မာထဲတောင် ဗမာတွေထက် အခြားတိုင်းရင်းသားများက အသံထွက်က ပိုပီသတယ်လို့ နားလည်ပါတယ်..။ ကဲ ဆွေမျိုး များရဲ့ ဘာသာစကားတွေ အဘယ်ကြောင့် ပိုတူအောင် ထွက်နိုင်ကြတာလည်း… သူတို့ရဲ့ မူရင်း စကားလုံးကို ဘယ်လို ရေးသလဲ ဆိုတာကို ကျွန်မ နဲနဲ ကြည့်ရအောင်ပါ..။ ကျွန်မတို့ တွေ့နေကြ စာလုံးတလုံး ကို လေ့လာကြည့်စို့ပါ…။ ရဲ ….. ။ ရဲသားကြီး များဆိုတာကို သတင်းတွေမှာ အကြောင်းမျိုးမျိုးနဲ့ တွေ့ရတက်တော့… ဒီစကားလုံးကို ရုပ်သံ မှာလာနေရင် တခြားဘာသာစကားတခု လုံးလုံး မတက်ရင်တောင် ရွီးတုတ် ရမ်းတုတ် လို့ရနိုင်တယ်..။ သူ့ရဲ့ဝတ်စုံရယ်.. ကားကြီးရယ်… လုပ်နေတဲ့ အပြုအမှုများကြောင့် ရဲသားကြီးများကို လူတွေ သိနေကြတယ် ဆိုရမှာပေါ့..။ ဒီ ရဲ ဆိုတဲ့ စာလုံးကို ဘာသာတွေမှာ ရေးတာက ဒီလိုပါတဲ့ရှင်...။
…

ထိုင်း ……….. ตำรวจ

တရုတ် ………….警察

ပိုလန် …………… policji

ဖင်လန် ………. Poliisi

ဂျာမဏီ ………… Polizei

နော်ဝေး…….. politiet

ပေါ်တူကီ … polícia

အာရာဘစ် ………شرطة


ပြင်သစ်…… de police

ချက်… policie

နယ်သာလန်..ဒတ်ချ……… politie

အီတလီ …. polizia

ဆွီဒင် …. polis

ရုရှ…. Полиции

ကျွန်မကို ထိုင်းနဲ့ စာတွေတူလားလို့ မေးတက်တဲ့ နိုင်ငံခြားသားများ မြန်မာစာနဲ့ ထိုင်း ..ထိုင်းနဲ့မြန်မာ.. လုံးလုံးမတူတာ တရုတ်များများ နဲ့ နဲနဲမှ မဆင်ဘူးဆိုတာသာ သိရင် နော်ဝေးစာသင်ရတဲ့ ကျွန်မတို့လို အာရှသားများကို နားလည်စာနာကောင်းမယ်ထင်ပါရဲ့ (အပျော့ဆုံးလေသံဖြင့် ဆွဲဆွဲငင်ငင် ဖတ်ပါရန်) …………..။

ဟိုးတုန်းကတဲက ရေးထားတာလေးပါ..မအားလပ်ပါသောကြောင့် ..ရှိတာလေးကို တင်ပါသည်..။

စာလာဖတ်သူများကို အထူးကျေးဇူးတင်ပါသည်..

မဗေဒါ (၈၈)
၃၀.၀၉.၂၀၁၁


အောက်ပိုဒ်

ဆက်ဖတ်ကြည့်ပါဦးနော်....

Thursday, March 24, 2011

နားလည်သင့်တယ်…



ဘလော့စရေးတော့ စာရေးချင်တာတခုပဲ သိခဲ့ပါတယ်..တခြားသော ကိစ္စများကိုလည်း ရိုးစင်းစွာပဲ စဉ်းစားပါတယ်..။ ဥပမာ… ဘလော့စာဖတ်တဲ့ သူငယ်ချင်းတယောက်ယောက်က `အဲသလို ဟိုလို` ဆိုသည့် အကြောင်းများကို ဆိုလာသောအခါ.. `ဟုတ်လား` ဆိုသည်လောက်နဲ့ပဲ အဆုံးသတ်ခဲ့တာ များပါတယ်.. စိတ်ဝင်တစား ဖြစ်သည့်အခြေအနေ တခါမှမရှိခဲ့ပါ.. ။ဒါပေမယ့်လည်း ကျွန်မ ဘလော့ ဖွင့် ဖြစ်ခဲ့သည့်အခါမှာတော့ တချို့အကြောင်းအရာများကို စိတ်ဝင်စားလာခဲ့ပါတယ်.. ။ပညာပေး ဆောင်းပါးတွေ..ဆွေးနွေးထားတဲ့ သီးသန့်အကြောင်းအရာ (ဥပမာ..ဘာသာရေး..) ဗဟုသုတတွေ.. သူငယ်ချင်း မငယ်နိုင်ရေးတဲ့ တောထဲက အမှတ်တယလို စာမျိုးတွေကို ဖတ်ခွင့်ရတဲ့ အခါ စာရေးတာ ဝါသနာပါတဲ့ ကျွန်မကို ရေးချင်စိတ်တွေ ပိုပေါက်စေပါတယ်..။ နောက်.. အမြင်တွေကိုလည်း ဖလှယ်ချင်စိတ်တွေ ဖြစ်မိပါတယ်..။

ဗဟုသုတစာတွေဖတ်ရတာတွေ ရှိသလို ပြဿနာများလည်း ရှိတက်တာကို တွေ့လာပါတယ်.. မဗေဒါ တိမ်းရှောင်သွားတာများပါတယ်..။ ဘယ်သူနဲ့မှ ပြဿနာဖြစ်ဖို့ အကြောင်းမရှိဘူးလို့ပဲ ခံယူထားပါတယ်.. ဒါကြောင့် လည်း စာရေးကတည်းက ကိုယ့်အတွက် ကျန်မဲ့ အကြောင်းအရာများကို ကိုယ်တိုင်လည်း ဖတ်သလို အသိသူငယ်ချင်းများကိုလည်း ပြောပြတက်ပါတယ်.. ဆိုလိုတာက ကိုယ်လည်း အကျိုးရှိ သူများလည်း အကျိုးရှိနိုင်မဲ့ အလုပ်များကို အသက်အရွယ်အရ စဉ်းစားပြီး လုပ်တာပါပဲ..။ ကျွန်မဟာ သာမာန် လူတယောက်ဖြစ်ပါတယ်.. ဒါပေမဲ့ နဲနဲလေး ထူးတာတွေရှိပါတယ်.. တော်လှန်ရေးဆိုတာမှာ နဲနဲပါဖူးတယ်..ရေကြည်အိုင်နဲ့ ရင်းနှီးဖူးတယ်.. အင်းစိန်ထောင်ကို မစိမ်းခဲ့ပါဘူး… အချုပ်ခန်းဆိုတာဟာလည်း အိမ်ဦးနဲ့ ကြမ်းပျင်လို မဟုတ်တောင် ၅ ခေါက်လောက်တော့ ရောက်ဖူးတယ်..။ ဒါကြောင့် စာတွေ ရေးတဲ့အခါမှာလည်း ကျွန်မရဲ့ ဘဝတစိတ်တပိုင်းက ခံစားချက်တွေ အမြင်တွေဟာ နိုင်ငံရေးနဲ့ အများကြီး ပါတ်သက်ပါတယ်.. ။

ကျွန်မမှာ ကြံဖန်မွေးယူရမဲ့ ရန်သူမရှိသလို လုပ်ကြံပြီးတိုင်းပြည်ချစ်စိတ်ကို ဖန်တီးမွေးယူဖို့တော့လည်း မလိုပါဘူး.. သို့သော်လည်း စစ်အစိုးရလုပ်ရပ်များကိုတော့လည်း မကြိုက်တာ အမှန်ဖြစ်ပါတယ်…။ သူတို့တွေ သိပ်မတရားတွေ လုပ်တဲ့အခါ.. (ဥပမာ..ငွေကြေးတွေ ကုန်ကျခံကာ… လက်နက်တွေ ဝယ်ယူနေတာမျိုး ..ဘုန်ကြီးတွေကို ရိုတ်သက် ဖမ်းဆီးတာမျိုးတွေ.. ပြည်သူပြည်သားတွေ ဆေးကုဖို့ ဆရာဝန် မရှိ ဆေးဝါးမရှိ ဖြစ်နေတာမျိုး… တိုင်းရင်းသားတွေ ကို ဒုက္ခပေးတာမျိုး အစရှိတာတွေ) ကိုတော့ လည်း ပုထုဇဉ် လူသားကျွန်မက ပြောကိုပြောချင်ပါတယ်..။ ဒီစာရေးရင်း နိုင်ငံရေးလုပ်ဖူးတဲ့ အန်တီကြီးပြောတာကို သတိယပါတယ်.. `သမီး အေးခိုင် အန်တီလေ လူတွေအများကြီးကို တရားပြ ကိုယ်တိုင်လည်းလုပ်..အားထုတ်တယ် သမီးရဲ့.. ဒါပေမဲ့ နိုင်ငံရေးလောဘကို သတ်လို့ကိုမရဖူး` လို့ တောထဲလာတုန်းက ပြောသွားတာကို အမှတ်ယပါတယ်..။ ကျွန်မမှာတော့ အန်တီကြီးလို ဘာသာရေးတွေ မလုပ်နိုင်တော့ ပိုပြီးတော့ လောဘတွေ များပါတယ်..အထူးသဖြင့် မြန်မာပြည်ထဲက သတင်းဆိုးတခုခုကို ကြားရတိုင်းဖြစ်တက်တဲ့ ခံစားရမှုက အင်မတန်ကြီးပါတယ်.. ဒါကြောင့် လောဘတွေများမိပါ တယ် ..များမိတဲ့အတွက် နိုင်ငံရေးနဲ့ ပတ်သက်တာတွေကို ရေးမိပါတယ်.. ဒါဟာ ကျွန်မအမြင်ကို ဖလှယ်တာ ပြောတာသာဖြစ်ပါတယ်… မှန်နိုင်တယ်..မှားတာတွေ ရှိနိုင်တယ်…။ ဒါပေမဲ့ တခုရှိတာကတော့ နေရင်းထိုင်ရင်း အကောင်းတွေလုပ်ပေးနေတဲ့ ကောင်းနေတဲ့ အစိုးရကို ရမယ်ရှာ..အပြစ်ရှာ စော်ကားနေတာတော့ မဟုတ်ဖူးလို့ အခုထိပဲယုံကြည်ပါတယ်.. ။

ကျွန်မနဲ့ သက်တူရွယ်တူ များဟာ မဆလရဲ့ စနစ်ကြီးအောက်မှာ ကြီးပျင်းလာရသလို..ကျွန်မတို့နဲ့ အသက်အားဖြင့် သိပ်မကွာတဲ့သူတွေဟာ စစ် စနစ်ဆိုး အောက်မှာ… လူဖြစ်… ပညာသင် ကြီးပျင်းလာကြပါတယ်…။ အဲဒီထဲမှာ လူငယ်တွေ..အချင်းချင်းကြားမှာရော… လူကြီးများနဲ့ပါ နိုင်ငံရေးအမြင်အရ သဘောထား မတူတာတွေ အများကြီးရှိပါတယ်.. တချို့က ..ဒီမိုသမားတွေလို့ ကျွန်မကို အမည်တပ်ပါတယ်..။ သူတို့ကို သူတို့တော့ ဘာအမည်မှ တပ်တာမျိုးတွေ မလုပ်ကြပါဘူး.. ကဲ ကျွန်မက ဒီမိုကရေစီလိုချင်တဲ့သူဆိုတာ ဟုတ်ပါပြီ.. ဒီမိုကရေစီ ဆိုတာ ဘာလဲ …ဘာဖြစ်လို့ လုပ်ချင်ကြတာလဲ.. စဉ်းစားရအောင်ပါ.. အရှည်ကြီး ဋီကာမဖွင့်ပဲ ပြောရရင် ဒီမိုကရေစီမှာ လူတွေ ကို အကြောက်တရားနဲ့ မအုပ်ချုပ်ဘူး…( ဆိုလိုတာက မိုးလင်းရင် ငါ နိုင်ငံရေးလုပ်လို့ ဘယ်သူလာဖမ်းမလဲဆိုပြီး တွေးကြောက်ဖို့ မလိုတဲ့ လူ့ဘောင်အဝန်းအဝိုင်းဖြစ်တယ်..) လွတ်လပ်တဲ့ အတွေးအခေါ်တွေ ဖလှယ်ခွင့် ရှိတယ်.. တင်ပြခွင့်ရှိတယ်..ဒါကြောင့်လိုချင်တယ်.. ..ဒီတော့ ကျွန်မတို့ကို ဒီမိုသမားတွေလို့ ခေါ်နေတဲ့ သူတွေရော ကိုယ်ပြောချင်တာတွေ.. ကို ဆွေးနွေးတင်ပြချင်တဲ့စိတ်တွေ မဖြစ်မိဘူးလား.. အေးအေးချမ်းချမ်း လုံလုံခြုံခြုံ မနေချင်ကြဘူးလား....။ ကျွန်မတို့ ဒီမိုလိုချင်သူတွေကို ဒီမိုကရေစီကို နားလည်မှုလွဲနေတဲ့ သူတွေက ဘာကြောင့် အပစ်တွေ ပြောနေရတာလည်း.. ဆဲရေးတိုင်းထွာနေရတာလည်း..။ အကြောင်းအရာအပေါ်မှာ အမြင်မတူလို့ ဆဲဆိုစရာ အကြောင်း မရှိဘူးလို့ မြင်ပါတယ်.. ကျွန်မတို့အားလုံးမှာ လေ့လာတက်တဲ့ ညဏ် အသိရှိတယ်.. အခြေအနေကို သိနိုင်တဲ့ သုံးသပ်နိုင်တဲ့ ပညာအသိ မဆင်းရဲကြဘူး.. အဲဒီအသိတရား ညဏ်ပညာအပေါ်အခြေခံပြီးတော့ ကိုယ့်တိုင်းပြည် ကောင်းကြောင်းကို ဘယ်လိုမျိုးဖြစ်ချင်တာ ဘာတွေက ဖြစ်သင့်တာ မဖြစ်သင့်ဘူး… ဖြစ်နေတာတွေက ဘာဆိုတာကို ဆွေးနွေးရမဲ့ စွမ်းရည်နဲ့ လက်တွေ့လုပ်ငန်းပဲ အရေးကြီးပါတယ်..။ ရန်ဖြစ်ဖို့ ညစ်ညမ်းစွာ ဆဲဆိုဖို့.. မပါပါဘူး… အဲလို အပြန်အလှန်ကောင်းမွန်စွာ ပြောဆို တက်တဲ့ စိတ်ထားတွေကို မွေးယူနိုင်အောင် အခုကတည်းက ကျွန်မတို့ ကျိုးစားရမှာပါ..။ ဆဲတာဟာ ဘာမှ မထူးဆန်းပါဘူး..ကျွန်မ လည်း သင်စရာမလိုပဲ မျိုးစုံဆဲတက်ပါတယ်.. အရွယ်ရောက်ကတည်း တခါမှ ဘယ်သူ့ကိုမှ… အခုချိန်ထိ မဆဲဖူးပါဘူး…( အလယ်တန်းတုန်းက တခါတော့ ဆဲဖူးတယ်.. မလိမ်မိုး မလိမ်မာအရွယ်မို့ဖြစ်မယ်..) ဆိုလိုတာက လူတိုင်းဟာသင်စရာ မလိုပဲ ဆဲတက်ပါတယ်..လုပ်သင့်လား မလုပ်သင့်လား ဆိုတာပဲ သိဖို့လိုပါတယ်..။ ဆဲလိုက်တော့ရော ဘယ်သူ အကျိုးရှိသွားမှာလဲ အဆဲခံရသူလား ကိုယ်လား.. ပြောချင်တဲ့အကြောင်းအရာကရော.. တိုးတက်ရာ တိုးတက်ကြောင်း ရှိသွားမှာလား ..ကောင်းသွားမှာတဲ့လား.. အစရှိသဖြင့်ပေါ့..။ ဒါကြောင့် ကျွန်မတို့ အကြောင်းအရာတခုကို ပြောကြ ဆွေးနွေးကြတဲ့အခါ ဆဲရေးတိုင်းထွာတာ မပါပဲ.. လှလှပပ ဆွေးနွေး တက်အောင် ..အကျိုးရှိရာ ရှိကြောင်း လုပ်ကြဖို့… အင်မတန်ကို လိုအပ်တယ်လို့ မြင်ပါတယ်..။

အမှန်ကတော့ လူတိုင်းဟာ …ကိုယ် နေရတဲ့ အခြေအနေတခုမှာ ကိုယ့်တာဝန်ကို ကိုယ်ကျေပွန်ဖို့နဲ့ ကိုယ့်လုပ်ရပ်တွေဟာ အကျိုးရှိမရှိ သုံးသပ်တက်ဖို့ လိုပါတယ်.. အခြေအနေ ပေးတုန်းမှာ အကျိုးရှိတာတွေ ကို မလုပ်ပဲ.. တပါးသူရဲ့ အတွင်းရေး.. တပါးသူအပေါ် ..သိက္ခာကျစေမဲ့..လုပ်ရပ်တွေ ကို မလုပ်ဖို့လိုပါတယ်..။ ကျွန်မတို့ဟာ တပြည်ထဲသားချင်းများပဲဖြစ်ပါတယ်.. အမျိုးဆွေများလည်း ဖြစ်နေနိုင်ပါတယ်.. အသိအကျွမ်းများလည်း ဖြစ်နေနိုင်ပါတယ်.. ဒီမိုကရေစီ ပဲပြောပြော လွတ်လပ်တရားမျှတ အေးချမ်းတဲ့ လူ့ဘောင်တခုကို တည်ဆောက်ချင်တဲ့ အခြေအနေတခုကို သွားတဲ့အခါမှာ အမြင်မတူတာတွေ အများကြီး အများကြီးရှိကြမှာပါ… ဒါဟာလည်း အင်မတန်မှ ကျယ်ပြန့်ပါတယ်.. နေ့စဉ် အတူနေထိုင်တဲ့ သူငယ်ချင်း..မိဘ.. သားသမီးများနဲ့တောင် အကြောင်းအရာ တခုအပေါ်မှာ အမြင်မတူလို့ စကားများကြသေးတာ အခုလို ကိစ္စမျိုးဟာ အင်မတန်မှ ရူပ်ထွေးနိုင်ပါတယ်..။ လူတယောက်ရေးသားတဲ့ အကြောင်းအရာအပေါ်မှာ … မမှန်ဘူးဆိုရင်လည်း .. ဘာမမှန်တာလည်း ဆိုတာကို ထောက်ပြပြီး ယဉ်ကျေးစွာ ဆွေးနွေးသင့်ပါတယ်…. ။


ဆိုလိုတာက ဒီမိုလိုချင်သူတွေလည်း လူမို့ အမှားရှိမယ်..ဒါပေမယ့် ဘာမှားလဲဆိုတာကို တဘက် နားလည်သွားအောင် ကျိုးကြောင်းဆွေးနွေးပြတာမျိုးပဲ ဖြစ်ရမယ်.. အကျိုးအကြောင်းမပါပဲ ထိုင်ဆဲနေတာမျိုး… ထဲထဲဝင်ဝင် အကြောင်း မသိပါပဲနဲ့ စွပ်စွဲနေတာမျိုး.. နဲနဲသိတာကို အများကြီး လုပ်ပြောနေတာမျိုးတွေ ဟာ ဖြစ်သင့်သလား ဆိုတာ သေချာလေး လေးလေးနက်နက် စဉ်းစားသင့်တယ်လို့ မြင်ပါတယ်.. ..။ တခုထပ်ပြောချင်တာကတော့ အမည်ရင်းမသုံးပဲ ဆွေးနွေးကြသူတွေကို မရိုင်းစိုင်းဖို့ ပြောချင်ပါတယ်..။ ကိုယ်ရဲ့ အမည်ရင်းတောင် မဖော်ရဲပဲ အမည်တုတပ်ပြီး ပြောနေရတာဘာကြောင့်လဲ.. ကိုယ်ထောက်ခံချင်တဲ့ နအဖစစ်တပ် ကို ထောက်ခံချင်တာတောင် . … အမည်ရင်းတပ်ပြီး မလုပ်ရဲကြတဲ့ သူတွေဟာ ဒီမိုကရေစီရဲ့ တန်ဖိုးကို နားလည်သင့်တယ်….။ အခုတော့ ကိုယ့်အမည်လေးတောင် မဖော်ရဲတဲ့ ဘဝနဲ့ လူတွေကို နှောင့်ယှက်စော်ကားနေကြတာဟာ အမှားကြီးမှားနေတဲ့ လုပ်ရပ်များလို့ မြင်ပါတယ်..။ ဒီမိုကရေစီဆိုတဲ့ လူ့ဘောင်ကြီးထဲမှာ အပြန်အလှန်ပြောကြဆွေးနွေးမယ် ကိုယ်ကြိုက်တဲ့ ပါတီလား..အဖွဲ့လား.. အစရှိတာတွေကို ကြိုက်ခြင်း (မကြိုက်ခြင်း) သည် ဘာကြောင့် ဆိုတာမျိုး လွတ်လွတ် လပ်လပ်နဲ့ ယဉ်ကျေးစွာပြောဆိုဆွေးနွေး ကြရင်ဖြင့် အသိညဏ်တွေ တောင်တိုးပွားလာပါလိမ့်မယ်..။ လူတ ယောက်ဖြစ်လာပြီး အဖေ နဲ့ အမေက ချစ်လို့ ပေးထာတဲ့ အမည်ရင်းတောင် မသုံးရဲတဲ့သူတွေက ဒီမိုကရေစီရဲ့ တန်ဖိုးကို မက်မောသင့်တယ် နားလည်သင့်တယ်.. အားကျသင့်တယ်.. ပျက်ရယ်မပြုသင့်ဘူး.. ။ ဒါကြောင့် ကိုယ်လိုချင်နေတာကို ဘာမှန်းမသိ စစ်အစိုးရပြောသမျှယုံပြီး ဒီမိုကရေစီရဲ့ အားသာချက်တွေကို ပျက်ရည်ပြု …ဖုံးကွယ်ပြီး ဒီမိုကရေစီ လိုချင်သူတွေကို စော်ကားတဲ့ စကားတွေနဲ့ တိုက်ခိုက်နေတာဟာ အင်မတန်မှ ရှက်ဖို့ ကောင်းတယ်လို့ ပြောရင်း ဒီမိုကရေစီ သမားတွေလို့ တချိန်လုံး အပြစ်မြင်နေသူတွေရော တကယ်ပဲ အဲဒီလူ့ဘောင်ကို မလိုချင်ဘူးလားလို့ မေးချင်ပါတယ်…။


မဗေဒါ
၂၃.၀၃.၂၀၁၁


ဆက်ဖတ်ကြည့်ပါဦးနော်....

Wednesday, March 16, 2011

ကြိုးစားပါ..



အာရှ ရုပ်ရည်နဲ့ လူတယောက်က
* အမေရိကန်သားပါ * လို့ ပြောတဲ့အခါ..
သင် သိနားလည်အောင် … ကြိုးစားပါ..။

အမျိုးသမီးတယောက်က
သူရဲ့ အမြင်တွေကို ပြောတဲ့အခါ..
သင် လေးလေးစားစားနဲ့ နားထောင်တက်အောင် ကြိုးစားပါ..။

နိုင်ငံခြားသားတယောက်က
သူရဲ့ ယဉ်ကျေးမှု ကို
ကျင့်သုံးနေတဲ့အခါ
သင် နားလည်အောင် ကြိုးစားပါ..။

ကလေးတယောက်က..
သူ့ရဲ့ ရိုးသားမှုကို..
လှစ်ဟ ပြတဲ့အခါ..
သင် လက်ခံနိုင်အောင် ကြိုးစားပါ..။

လူတယောက်က
အမြင်မတူတာတွေ
ပြောလာတဲ့အခါ..
သင်… မရယ်ပဲ.. ဟားမတိုက်ပဲ.. နားလည်အောင် ကြိုးစားပါ..။

အာဏာရှင်တယောက်ကို
မကြိုက်တဲ့ သင်ဟာ..
အာဏာရှင်လို မကျင့်ကြံမိဖို့ များများ ကြိုးစားပါ..။

( ကျွန်မ အင်မတန်မအားပါ၍ အလည်မလာဖြစ်ပါသောကြောင့် ဘလော့ဂါ သူငယ်ချင်းများကို တောင်းပန်ပါတယ်.. စာလာဖတ်သူများကိုလည်း အထူးကျေးဇူးတင်ပါတယ်..။ )

မဗေဒါ
၁၆.၀၃.၂၀၁၁
အောက်ပိုဒ်

ဆက်ဖတ်ကြည့်ပါဦးနော်....

Monday, March 7, 2011

ဖြတ်လေးဖြတ်နဲ့ ကမ္ဘာ့ အမျိုးသမီးများနေ့


စာရေးတာကလည်း ခက်သားပါ..။ ကိုယ်ရေးချင်တာတွေကိုပဲ ရေးတဲ့အခါ ရေးသင့်တာတွေကို မေ့သွားတက်ပါတယ်..။ ရေးချင်တာကတမျိုး ဦးစားပေးမိတာက တမျိုးဖြစ်သွား တက်တဲ့ ကျွန်မအကျင့်ဆိုး ကို ဒီနေ့တော့ ဖျောက်ပြီး ရေးသင့်တာကို ရေးပါ့မယ်..။ဒီတခါတော့လည်း မနက်ဖြန်အတွက် မှတ်မှတ်ရရ တခုခုရေးဖို့အားထုတ်ရင်း ခံစားချက်ကို ရေးမယ်လို့ စဉ်းစားပါတယ်..။ မနက်ဖြန်က ကမ္ဘာ့အမျိုးသမီးများနေ့ ..။ ကျင်းပတဲ့နေရာတွေ ရှိသလို .မကျင်းပဖြစ်တာလည်းရှိတယ်… နော်ဝေးမှာတောင် ၃ ရာခိုင်းနှုန်းလောက်ပဲ မှတ်မှတ်ရရ ကျင်းပကြတယ်လို့ သတင်းစာထဲ ဖတ်ရပါတယ်..။ အမှန်ကတော့ နေ့တနေ့ဖြစ်ခဲ့ရမှုမှာ ဘယ်ဟာမှ အလဟာသ ဖြစ်တည်ခဲ့တာမဟုတ်ပါဘူး..။ ဆိုတော့ တိုက်ပွဲဝင်ခဲ့သူတွေ..ဝင်နေဆဲသူတွေ ကို ဂုဏ်ပြုတာမျိုးတွေ ရှိရင်ကောင်းတယ်လို့ မြင်ပါတယ်..။


သူတို့တွေကို ဂုဏ်ပြုတာနဲ့ တပြိုင်နက်တည်းမှာပဲ ..ဒီကနေ့ အမျိုးသမီးများ တွေ အခြေအနေဆိုးအောက်မှာ ရပ်တည်နေရဆဲ အကြောင်းတွေ သိဖို့ လိုပါတယ်..။ ဥပမာ ဇနီးသည်ကို လင်ယောက်ျားက အက်စစ်နဲ့ ပက်တာမျိုး.. အမျိုးသမီးငယ်လေးတွေ ကိုအတင်းအဓမ္မ မုဒိမ်းကျင့်တဲ့ ကိစ္စမျိုး.. အမျိုးသမီးတွေ လုပ်အားခ အမျိုးသားမျိုးလို မရတာမျိုး အစရှိသဖြင့်ပေါ့..။ ကမ္ဘာကြီးဆိုတော့ ဖြစ်နေတဲ့ ပြဿနာတွေက အများကြီး ..အင်မတန်ကျယ်ပြန့်ပါတယ်….တနေရာ ပုံစံတမျိုးစီပေါ့..။ ဆိုတော့ မြန်မာပြည်မှာပဲ နီးနီးကပ်ကပ် ကြည့်ရအောင်ပါ..။ ကျွန်မတို့ တိုင်းပြည်ကြီးထဲ မှာ ရှိနေတဲ့ အမျိုးသမီးအခြေအနေတွေ အတွက် လုပ်စရာတွေ အများကြီးရှိနေတယ်… ။ မဗေဒါ တို့က စီးဒေါ ( အမျိုးသမီးများခွဲခြားဖိနှိပ်မှု ပပျောက်ရေးစာချုပ်) တို့ ကိုယ်တာ (ဦးဆောင်ပါဝင်မှုမှာ အမျိုးသမီးပါဝင်ရမဲ့ ရာခိုင်နှူန်း) ဆိုတာကို နားလည်ပြီး တခြားနိုင်ငံလို ဖြစ်ဖို့ ယှဉ်နိုင်ဖို့ ပြောနေချိန်… ဒီကနေ့ မနက်အထိ …မတည်ငြိမ်တဲ့ နိုင်ငံရေး အခြေအနေအောက်မှာ… အသက်ရှင်နေရတဲ့ အထူးသဖြင့် တိုင်းရင်းသူ တွေအများကြီးပဲ…။ နအဖ စစ်တပ်ဟာ ကရင်..ရှမ်း စတဲ့ နယ်မြေတွေကို စစ်ထိုးနေတယ်… စစ်ထိုးနေတာလည်း ကြာပြီ.. အားလုံးသိတဲ့အတိုင်း.. ကရင်ဘက်မှာဆို ဒီကေဘီအေ က နယ်ခြားစောင့်တပ်ဆိုတာကို လက်မခံကတည်းက..။ ဒီတော့ လူတွေ ခွေးပြေးဝက်ပြေး ပြေးနေရတယ်….။ ကျွန်မက အေးဆေးဆေးဆေးနဲ့ လိုင်းကားလေးစီး…လုပ်ငန်းခွင်ကို ဝင်ဖို့သွားနေချိန်.. ကလေးတွေက အေးအေးလူလူ ကျောင်းကလေးတက်နေချိန်… ဘဏ်ကဒ်ထဲက ငွေကလေးကိုထုတ်… စားဖို့ရာ ဝယ်ပြီး..နေ့တနေ့ကို ဖြတ်ကျော်ဖို့ အားခဲနေချိန်…မြန်မာပြည်ထဲက အမျိုးသမီးပေါင်းများစွာ ကလေးပေါင်းများစွာဟာ ရတဲ့ အထုပ်ကလေးတွေ စွဲပြီး အသက်ရှင်ဖို့ ပြေးလွားနေကြရတုန်းပဲ..။




ဒီပြေးလွားနေရတာမျိုးဟာ အခုမှ မဟုတ်တော့ဖူး.. နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ..သိသလောက် မှတ်မိသလောက်တော့ ဦးနေဝင်းတက်လာကတည်းက ချမှတ်ခဲ့တဲ့ ```` ဖြတ်လေးဖြတ်…( အစားအစာ.. ငွေကြေးထောက်ပံ့မှု.. သတင်းအချက်အလက်..နဲ့ လူသစ်စုဆောင်းမှု ) ```` တနည်းအားဖြင့်လည်း ````တံမြက်လှဲ အမြစ်ဖြုတ်သုတ်သင်ရေး```` ပါ..။ ဒါနဲ့ ပတ်သက်တဲ့ ဇာတ်လမ်းတွေ… ရေးမယ်ဆိုရင် .. အာဖဂန် နိုင်ငံကထက် ရင်နာစရာ ကောင်းတဲ့ ဇာတ်လမ်းတွေ အများကြီးပါပဲ…။ ဒီအချိန်မှာ အမျိုးသမီးအခွင့်အရေးတို့ ..အကြမ်းဖက်မှုတွေ ပပျောက်အောင်လှုပ်ရှားမှုတို့ ဆိုတာ အဝေးကြီး အဝေးကြီး ဖြစ်နေအုံးမှာ အသေချာပဲ..။ သူတို့ ဘဝတွေ လုံခြုံဖို့… အသက်ရှင်ဖို့… ကလေးတွေ အသက်ရှင်ဖို့… သူတို့လေးတွေ ရင်ခွင်ထဲကနေ မပျောက်သွားဖို့… စွဲလွဲပြီး ပြေးနေကြရတယ်..။ အဲဒီနေ့တွေ ထမင်းဆိုတာ မြင်ချင်မှ မြင်မယ်.. ရေအေး( သန့်) တခွက် ရချင်မှရလိမ်မယ်..။ ကျည်ဆံမမှန်ဖို့.. လက်နက်ကြီး လာမမှန်ဖို့… ကလေးတွေ ..နက်ရိုင်းတဲ့ ချောက်ကြီးထဲ မကျသွားဖို့… မိုင်းမနင်းမိဖို့… ဆူးချွန်တွေ…မနင်းမိဖို့.. ပိုးထိတာမခံရဖို့…စတဲ့ ( ဖို့) ပေါင်းများစွာနဲ့ အသက်ရှင်ဖို့ အလုအယက် ပြေးနေကြရတယ်..။ ကျွန်မတို့က အမျိုးသမီးများနေ့ ဆိုပြီး ပွဲတွေကို ဆိုင်ရာနေရာတွေမှာ ကျင်းပနေချိန် မြန်မာပြည်သား အမျိုးသမီးတွေ ဒုက္ခတွေ တပွေ့တပိုက်နဲ့ မျက်စိ နှစ်လုံး..နားနှစ်ဖက် အနားမပေးရရှာပဲ.. ကလေးငယ်တွေကို ပွေ့ပိုက်ပိုးဖက်ပြီး ပြေးလွားနေရတုန်းမို့ .. ကျွန်မတို့တွေ … ပြောချင်တဲ့ အကြောင်းအရာတွေ… ဖြစ်စေချင်တဲ့ အခြေအနေတွေ ဟာ ဟိုးအဝေးကြီး ဖြစ်နေအုံးမှာ ဆိုတာ အသေအချာပါပဲ....။



တကယ်လို့ စာနာသနားတက်မယ် ကိုယ်ချင်းစာတက်မယ်ဆိုရင်… မြန်မာ စစ်ဗိုလ်ချုပ် သားသမီးတွေ နေသလို မဟုတ်တောင် မျက်စိနှစ်လုံး ပွင့်လာတာနဲ့ မိဘ နှစ်ပါးက သက်ဆိုင်ရာ လုပ်ငန်းခွင်ကိုဝင်.. သားသမီးတွေက ဘဝအတွက် ပြင်ဆင်ဖို့ရာ ကျောင်းခန်းထဲ သွား ရမဲ့ အခြေအနေတခု ကို အစိုးရကောင်းတရပ်က ဖန်တီးပေးသင့်နေပါပြီ..။ ကိုယ်နဲ့ အတွေးအခေါ် အယူအဆချင်းမတူသူတွေနဲ့ တိုက်တဲ့စစ်ပွဲတွေမှာ ဘာအပြစ်မှ မရှိတဲ့ ပြည်သူပြည်သားတွေကို ဓါးစားခံလုပ်ပြီး… ````ဖြတ်လေးဖြတ်```` ကို အတင်းအဓမ္မ ဆက်လုပ်နေကြမယ် ဆိုရင်ဖြင့် မြန်မာ အမျိုးသမီးတွေ ဘဝမှာ တန်းတူ ညီမျှမှုတို့ အခွင့်အရေးတို့ အခွင့်အလမ်းတို့ ဆိုတာ အိမ်မက်လို ပဲ ဖြစ်နေအုံးမယ်ဆိုတာကို ခံစားတင်ပြ ပါတယ်..။

အမျိုးသမီးများ..ကလေးငယ်များ စစ်ပွဲများကြောင့်ပြေးလွားရခြင်း ဒုက္ခမှ အမြန်ဆုံးလွတ်ကင်းပါစေ..။ ဖြတ်လေးဖြတ် စီစဉ်သူတို့ အမြန်ကျဆုံးပါစေ…။

( ဓါတ်ပုံများကို အေပီ သတင်းဌာန နှင့်.. အင်တာနက် သတင်းများမှ ကူးယူဖော်ပြပါသည်..။ ကျေးဇူးတင်ပါသည်..။ )

မဗေဒါ
၀၇.၀၃.၂၀၁၁

ဆက်ဖတ်ကြည့်ပါဦးနော်....

Tuesday, December 21, 2010

နှလုံးသားစေရာ …





တခါမှ စကားမဆုံဖူးတဲ့ ယောက်ျားလေး တယောက်နဲ့ စကားဝိုင်းထဲ ဆုံဖြစ်ခဲ့ကြတယ်..။ ကောင်လေးက အသက် (၃၀) လောက်ပါ.. ရုပ်ရည်က ခပ်ချောချော. .အရပ်အမောင်းကောင်းနဲ့.. မြန်မာလူရွယ်တဦးပါ..။ ကျန်တာကတော့ ကျွန်မတို့ မိန်းမကြီးများပါ..။ ကျွန်မတို့ဆုံတော့ ကိုယ်စီ ပြဿနာလေးတွေကို ပြောဖြစ်ကြတယ်.. ပြောဖြစ်ကြတဲ့အထဲ လက်တွေ့ဘဝမှာ ကိုယ်ဖြစ်တာတွေ ခံစားရတာတွေကို ဦးစားပေးလို့ မရပြန်မို့ စိတ်တွေ ရူပ်ထွေးနေတဲ့အကြောင်းကို ပြောဖြစ်ကြခြင်းပါ.. ကျွန်မခံစားရတာကို အသေးစိတ် နားထောင်ပြီးတော့ ကောင်လေးက ဘာပြောသလဲဆိုတော့ `အမရာ.. ကိုယ့်နှလုံးသား စေရာနောက်ကို လိုက်စမ်းပါတဲ့..` ။ အတော်သဘောကျသွားတယ်… ဒီကောင်လေးကို တခုခုတော့ ပြောမှဆိုကာ လက်တွေ့အခြေအနေလေးလည်း ပြောခဲ့ရပါသေးတယ်..။ တပါတည်းလည်း သူ့ကို အချိန်ရှိတုန်း တခုခုဖြစ်အောင်လုပ်ဖို့ပါ တိုက်တွန်းခဲ့မိတယ်..။

ကျွန်မတို့ ကြားဖူးနေကြ စကားလေးတွေ ရှိပါတယ်.. ငယ်ဂုဏ် .. ငယ်သေးတော့ ဖြစ်နိုင်သေးတယ်.. အချိန်ရှိသေးတယ်… ပျော်ရာမှာ နေခွင့်ရှိတာ .. တွေ အစရှိသဖြင့်ပါ..။ တကယ်လည်း ဟုတ်ခဲ့ပါတယ်.. ငယ်သေးတဲ့အချိန်မှာ အခွင့်အလမ်း… အခွင့်အရေး..ရွေးချယ်ခွင့်.. တွေ အရမ်းများတယ်.. ဘာလုပ်ချင်သလဲ.. ဖြစ်ချင်တာကို တကယ်ကျိုးစားရင် အခြေအနေကလည်း ပေးရင် လုပ်လို့ရပါတယ်.. အတားအဆီးကိုလည်း နောက်ဆံငဲ့စရာမလိုပဲ တိုးဖြတ်လို့ရတယ်.. ဘာကိုမှ သိပ်ပူစရာမလိုဘူးပေါ့..။ အချိန်ကလည်း အဲဒီအတွက် ပေးထားတယ်လို့ ဆိုရမယ်.. ဆိုလိုတာက ငယ်တော့ လုပ်နိုင်ရည်စွမ်းရည်တွေက ပိုအားကောင်းသလို ထောက်ရ ကြည့်ရမဲ့ မျက်နှာမရှိဘူး…. အကယ်၍ ဆင်းရဲလို့ ပညာဆက်မသင်နိုင်ခဲ့ရင်တောင် ပြုစုပျိုးထောင်ပေးမဲ့သူမျိုး ပေါ်လာတက်တာမျိုး ရှိတက်ပါတယ် ....။ … ကိုယ်ကလည်း ဇွဲရှိမယ်ဆိုခဲ့ရင် ဖြစ်နိုင်တာမျိုးတွေ များတယ်လို့ ဆိုရပါ့မယ် ..။ ဒါကြောင့် အိမ်က အရွယ်ရောက်လာတဲ့ သမီးကို တပါတ်တခါလောက် တရားဟောရတယ်… အဲဒီတရားက တခြားအရာ မဟုတ်ဘူး.. မိသားစုထဲမှာပဲ ကျွန်မခံစားရသလိုမျိုး ( ဖြစ်ချင်တာတွေနဲ့ လုံးလုံး ဆန့်ကျင်ရာအရပ်… မှာပဲ ရပ်တန့်နေသလိုဖြစ်နေတဲ့ အခြေအနေ ) မဖြစ်ရအောင် အနီးစပ်ဆုံး ဥပမာ ပေး ရှင်းပြပြောပြရပါတယ်..။ ဒီမှာကလည်း ကလေး အတော်များများက အသက်မွေးဝမ်းကျောင်းကို လိုက်ကြတာများတယ်… ။ ဆိုတော့ နီးစပ်ရာကိုကြည့်ပြီး အတန်းပညာလေးကို ဆုံးခမ်းတိုင်အောင်ဆက်မသင်မှာ စိတ်ပူလို့… အနည်းဆုံး (အနိမ့်ဆုံး) တော့ ရိုးရိုးသာမန် ဘွဲ့လေးတခု ရဖို့ ပြောရပါတယ်… ။ ဒါအနိမ့်ဆုံးပါ… ဖြစ်နိုင်ရင်တော့ မာစတာတွေ ပီအိတ်ခ်ျ တွေ ဘာပေါ့..။ ဒါပေမယ့်လည်း အရာရာမှာ အတန်းပညာက အဆုံးအဖြတ်ပေးတာမျိုး ဖြစ်မှာစိုးလို့ နားလည်အောင် ပြောရတာလည်း တပိုင်းပေါ့..။

ပြောမဲ့သာပြောရတာ… ဒီမှာ ရှိနေတဲ့ နိုင်ငံခြားသားကလေးများရော ပြည်ရင်းသားကလေးတွေရော ကုသိုလ်ကောင်းကြတာပဲ… ပညာကို ဘယ်လောက်ထိ ယူမလဲ..… ငွေလည်း ပူစရာမလိုဘူး… အစိုးရဆီမှာ ချေးဌားရုံပဲ.. ကိုယ်ဖြစ်အောင်လုပ်နိုင်ဖို့ရယ် ..ဇွဲရှိရင် ဖြစ်တာပဲ..။ ဒါပေမဲ့ ကျွန်မတို့လို အသက်ကြီးမှ ရောက်လာသူတွေကတော့ ထုံးစံအတိုင်း အိုးနင်းခွက်နင်း ဖြစ်ရစမြဲ…မဗေဒါ ပြောသလို ဘာသာစကားလေးကို ဘဝထဲရောက်ဖို့တောင် မနည်း ကြိုးစားနေရတာ … ကျန်တာတွေကတော့ ဝေးသလိုဖြစ်တယ်.. ကိုယ်ဖြစ်ချင်တာတွေကြီးပဲ မကြည့်ပဲ မိသားစုအတွက် ထည့်စဉ်းစားပေးရမှုဟာ အသက်ရလာသူတွေအတွက် အင်မတန် အရေးကြီးပါတယ်..။ ဟိုမျက်နှာငဲ့ရ ဒီမျက်နှာကြည့်ရ နဲ့ ခုနက လူရွယ်ပြောတဲ့ နှလုံးသားနောက် လိုက်ဖို့ဆိုတာ လက်တွေ့မှာခက်ပါတယ်..။ နှလုံးသားကတောင်းဆိုတာ ဖြစ်ချင်တာတွေ သာ လုပ်မယ်ဆိုရင် မဗေဒါ ဒီနိုင်ငံမှာ ထမင်းငတ်ဖို့လည်းရှိတယ် .. လူမွေးလည်း….မပြောင်နိုင်ပါဘူး..။ မဗေဒါက ကိုယ်လုပ်ချင် တာသာ လုပ်ခွင့်ရနေရင် လူရောင်မပြောင်တာကို ဂရုမစိုက်ပေမဲ့ သားသမီး.. ယောက်ျားမျက်နှာ… လူမျိုးသိက္ခာဆိုတာ ရှိပါသေးတယ်…. နောက် ပြောဖူးသလိုပဲ… အရောင်မဆိုးပဲ မဲနေတဲ့ ခေါင်းမဲ တယောက်အပေါ် လူတွေ ထားတဲ့ တန်ဖိုးက နည်းတဲ့အတွက် အလုပ်တခုခုတော့ လုပ်ချင်သည်ဖြစ်စေ မလုပ်ချင်သည်ဖြစ်စေ လုပ်ကြရပါတယ်..။ အလုပ်လုပ်မှလည်း လူဆိုတာ တန်ဖိုးရှိတယ်ဆိုတဲ့ အယူအဆ ရှိတာလည်း ပါမယ်ထင်ပါတယ်..။ ကြိုက်တာ မကြိုက်တာဘေးချိတ်လို့… ကိုယ့်ဝင်ငွေထဲက ရာခိုင်နှုန်းအချို့ ကို အခွန်ဆောင်… ရသလောက်လုပ်နဲ့.. လူတယောက်ရဲ့ တာဝန်တွေ စိတ်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ ကျေပွန်အောင် ထမ်းနေရတယ်လို့ မြင်ပါတယ်..။ လုပ်နေတဲ့အလုပ်ကို ပျော်သလား ကြိုက်သလားလို့မေးရင် ၁၀ ယောက်မှာ ၉ ယောက်က မပျော်ကြဘူးလို့ ဆိုလို့ရပါတယ်..။ အသေအချာ စာရင်းမကောက်ထားပေမဲ့.. ပြောနေကြ စကားတွေထဲမှာ လက်လျှော့ထားတာ.. စိတ်အားငယ်တာ.. စိတ်ပျက်တာ… သားသမီးအရေးပဲ ဦးစားပေးတာ… မျိုးတွေပဲများပါတယ်..။ ( အထူးသဖြင့် နိုင်ငံရေးအဖွဲ့အစည်းထဲမှာ လုပ်လာသူတွေ က ဒီလိုခံစားချက်မျိုးများပါတယ်… သီးသန့်ရောက်လာသူတွေနဲ့တော့ နဲနဲကွာနိုင်ပါတယ်..။ ငွေ သည် ပထမထက် ဒုတိယနေရာမှာပဲ ရှိပါတယ်…အရာရာကို ငွေနဲ့ တန်ဖိုး မဖြတ်တက်သူများလို့ ဆိုရင်ရမယ်ထင်ပါတယ်..။)

မြန်မာပြည်မှာ ဘွဲ့ရထားပေမဲ့ ဒီမှာ တော့ ဘွဲ့ရလိုမျိုးပြန်မဖြစ်ပါဘူး… စာရွက်စာတမ်း ပါလာရင်တော့ ဒီက အထက်တန်း (၁၃ ) နဲ့ ရိုးရိုးဘွဲ့ကို တန်းညှိပေးပါတယ်.. မာစတာဆိုရင်တော့ ရိုးရိုး ဆက်နွယ် ပတ်သက်ရာ သာမာန်ဘွဲ့နဲ့ တန်းတူပြန်ပေးပါတယ်..။ ဆိုတော့ ဒီအရပ်မှာ အသက်မွေးဝမ်းကျောင်းပညာ က စားသွားပါတယ်… ဥပမာ ကားပြင်တက်ရင်.. အဲဒီအလုပ်မှာ အဆက်လည်းကောင်းရင် တန်းရဖို့ လွယ်ပါတယ်..။ ပညာရပ်ပိုင်းဆိုင်ရာလိုမျိုးတွေမှာ ခက်ပါတယ်… ဒါတောင် ကိုယ်ကတက်ပေမဲ့… ဒီက သက်ဆိုင်ရာဘာသာ မကျွမ်းကျင်ရင် ရဖို့ ပိုခက်ပြန်ပါတယ်… ( စကားချပ်.. လွန်ခဲ့တဲ့ ၂ နှစ်လောက်က ပါကစ္စတန်က ဘိုင်အိုဆရာ တယောက် ဆရာလတ်မှတ်ရပြီး စာသင်နေပေမဲ့ ကျောင်းက အချို့မိဘတွေက ဘာသာစကားနားမလည်လို့ ပြဿနာဖြစ်တာ ဖတ်လိုက်ရပါသေးတယ်..။ ) ဆိုတော့ ခက်တာတွေထဲမှာမှ ဘာသာစကားကလည်း အခရာ ကျပြန်ပါတယ်..။ အခြားအခြေအနေတွေနဲ့ပေါင်းရင် အသက်ကြီးသူများ ရတာလုပ် ဘာနဲ့ ကြီးကြီးကျယ်ကျယ် တွေးမနေနဲ့ ကလေးများသည် အဓိက … ဆိုတာမျိုးနဲ့ နိဂုံးချုပ်ပါတယ်..။ ကိုယ်ကတော့ အနစ်နာခံရမဲ့ ပထမမျိုးဆက်လို့ ဆိုနိုင်ပါတယ်..။

ဖြစ်နိုင်တာကတော့ အသက်ကြီးသူတွေမှာ အထူးသဖြင့် အဖွဲ့အစည်းထဲ နှစ်ရှည်လများ လုပ်ခဲ့ကြပြီး… ကိုယ့်ကိုယ်ကိုယ်လည်း တစုံတခု လုပ်နိုင်တယ်လို့ ယုံကြည်နေသူများမှာ ခံစားရတဲ့ ခံစားရမှု ပိုကြီးမားမယ်ထင်ပါတယ်..။ ဥရောပကို မလာခင်ကတည်းက ကြိုသိနေတာတွေက တကယ့်လက်တွေ့မှာ တော့ ခံစားမှုကို ရှေ့တန်းတင်ရင် ကြုံရတဲ စိတ်ခံစားချက်များ က လွယ်မယောင်နဲ့ ခက်နေတက်တာမျိုးတွေ အများကြီးပါ… ဒါကြောင့် မြန်မာဒုက္ခသည်ထဲက ပြန်တာ ၂ ယောက်ရှိသွားပါပြီ… ပြန်သွားတဲ့ထဲက တယောက် သတင်းအကြောင်းကြားတဲ့ နော်ဝေးဆရာမတွေ မျက်လုံးပြူးပြီး မေးရတဲ့အထိ ထူးဆန်းခဲ့ပါသေးတယ်..။ ဟုတ်လည်းဟုတ်ပါတယ်..လူတကာက ကောင်းလှပါတယ်ဆိုတဲ့ ဒီလိုနိုင်ငံမျိုးကိုလာချင်နေတာ ပြန်သွားတဲ့ မြန်မာပြည်သားကို မအံ့သြပဲ ရှိပါ့မလား.. ။ ဘာပဲပြောပြော ခံစားချက်ကို ရှေ့တန်းတင်ပြီး အောက်ခြေသိမ်း အလုပ်ကနေ မစလို့လည်း မဖြစ်ပြန်တော့… ကြုံတဲ့ ရတဲ့အလုပ်ကို လူတယောက်အဖြစ် တန်ဖိုးရှိစွာ ရပ်တည်ဖို့ လုပ်နေကြရပါတယ်..။ ဒါကြောင့် အသက်ရလာသူတွေမှာ ခံစားမှု စေရာ နှလုံးသား နောက် ကောက်ကောက်ပါအောင် လိုက်ဖို့ ခက်တယ်ဆိုတာ ကို ပြောရင်း လူငယ်လေးများကို ကျိုးစားစေချင်ပါတယ် … ကျွန်မတို့ လူကြီးများက ကလေးများအတွက်… အစဉ် အားပေးရင်း… ဂုဏ်ယူချင်သူများ ဖြစ်ပါတယ် ....။ လူငယ်များလည်း တချိန်မှာ ကိုယ့်နှလုံးသားစေရာနောက် ကောက်ကောက်ပါနိုင်သူများ ဖြစ်ကြရအောင် အခုကတည်းက အချိန်..အရွယ်… အခြေအနေ..အခွင့်အလမ်း..အခွင့်အရေးများ..ရွေးချယ်ခွင့်များ ရှိတုန်း … ကျားကုတ်ကျားခဲ ကြိုးစားကြစေချင်ပါတယ်လို့ ………။


မဗေဒါ (၈၈)
၂၀.၁၂.၂၀၁၀

ဆက်ဖတ်ကြည့်ပါဦးနော်....

Tuesday, December 14, 2010

ပြော မလုပ်ပါနဲ့ …




လက်ကိုင်ဖုန်းစပြီး ကိုင်ခဲ့ဖူးတာ ၁၉၉၉ လောက်ကလို့ ထင်ပါတယ်… သူများတွေလို ကိုယ်ပိုင်မဟုတ်ပါဘူး… အဖွဲ့အစည်းပစ္စည်းပါ…။ ဒေါ်စုပြောသလိုပဲ ဘယ်နေရာမှာ ပါးစပ်ထားရမှန်းမသိ ဘာနှိပ်ရမှန်း မသိ ...ဖြစ်ခဲ့ပါတယ်..။ အခုတော့လည်း အနီရောင် ခလုတ်လေးက ပိတ်တာ …အစိမ်းလေးက ဖွင့်တာဆိုတာ လောက်တော့ သိနေပါပြီ..။ ဆက်သွယ်ရေးမှာ အဆင်ပြေပေမဲ့ တကယ်တော့ ကုန်ကျစရိတ် ကလည်း မထောင်းသာပါဘူး..။.။ သူမရှိလည်း တနည်းနည်းတော့ ဆက်သွယ်ရေးက အဆင်ပြေနေမှာပဲ… သူရှိတော့ လည်း ဟိုဂဏန်းနှိပ် ဒီဂဏန်းနှိပ်နဲ့ မိုက်ခဲပါပဲ..။ တယ်လီဖုန်းက အနယ်နယ် တိုင်းပြည်တွေမှာ ရှိနေတဲ့ သူငယ်ချင်း မိတ်ဆွေများကို ဆက်ရတာ အဆင်ပြေပေမဲ့ မဗေဒါ အတော်လေး သဘောမတွေ့တဲ့ ခံစားချက်ကိုရေးချင်တာပါ.. ဒါကြောင့် နိဒါန်းနဲနဲပျိုးခြင်း ဖြစ်လေသတည်းပါ..။

မျက်စိရှေ့မှာ တယ်လီဖုန်း.. လက်ခံပြောသူတွေ အများကြီးတွေ့ဖူးတယ်..။ ဖုန်းခေါ်လာသူကို အမျိုးမျိုး တုန့်ပြန်ကြတာ တွေ့ဖူးပါတယ်..။ ဟုတ်ကဲ့.. ပြောပါရှင်.. ခင်ဗျာ… မျိုး ကြားဖူးသလို အကြားများလာတဲ့ ပြန်ဖြေနည်းတခုက ``ပြော …အေးပြော`` ဆိုတာပါ..။ အဲဒီလို ပြန်ပြန်ဖြေနေတာတွေကို အမြဲလိုနည်းပါး မြင်နေရတာကို ဘဝင်မတွေ့ ဖြစ်နေတာ အတော်ကြာခဲ့ပါပြီ…။ ခပ်ကြမ်းကြမ်းပြောရရင် အင်မတန်ရိုင်းတယ်လို့ ယူဆသလို ဒီလိုမျိုး တုံ့ပြန်တာ ဘာဖြစ်လို့လဲလို့ စဉ်းစားမိတယ်…။ `အေး ပြော` နဲ့ `ပြော`ဆိုတဲ့ ဖြေနည်း ကို ဘယ်သူတွေက စလိုက်တာများလဲ..ပေါ့.. ။ စပြောလိုက်တဲ့သူက ဘယ်လိုအခြေအနေမှာ သုံးတဲ့စကားလုံး ဆိုတာကိုလည်း တွေးဖူးတယ်..။ တကယ်တော့ ဖုန်းလက်ခံပြောသူဟာ တဘက်သားစိတ်ထဲ ဘာပြောချင်တယ်.. ဘာကိစ္စများ သိချင်တယ်.. အကူအညီလိုချင်တာ စသည်ဖြင့် အကြောင်းအမျိုးမျိုးနဲ့ ဆက်သွယ်လာနိုင်တာကို အမှုမဲ့အမှတ်မဲ့ သဘောနဲ့ တုန့်ပြန်တာလား…..။ ဒါမှမဟုတ် ဒီလိုပြန်ဖြေရတာကို သဘောတွေ့လို့လား.. တဘက်က ဆက်သွယ်လာပြီ ဆိုကတည်းက ငွေကုန်သလို အချိန်လည်း ကုန်ပါတယ်… နောက် ကိစ္စရှိလို့လည်း တကူးတက ဆက်လာတာမျိုး များပါတယ်..( နေ့စဉ် ကိုယ်ပွားနေကြ အရင်းအခေါက်များအတွက် မဆိုလိုပါ..။ နားနဲ့မနာ ဖဝါးနဲ့နာပါ.. တချို့ဆို.. အရင်းများမို့ အဆဲလေးနဲ့တောင် နှုတ်ဆက်ပြီး ဖုန်းခေါ်တာမျိုးလည်း ရှိတက်ပါသည်..။ ဒါကတော့ အခြေအနေတမျိုး ဖြစ်မည်ပေါ့..။ ).. ဆိုသည့်အခါ… တဘက်က ဘာပြောချင်မှန်း မသိပဲနဲ့… အသက်အရွယ်အရလည်း ဘယ်လောက်ကွာမှန်းလည်း မသိပါပဲ( အထူးသဖြင့် မရင်းနှီးသူများ) ကို တပြောပြောနဲ့ လုပ်ခြင်းဟာ အင်မတန် စိုးရွားတဲ့ အပြုအမူဟု ကောက်ချက်ချနိုင်မယ် ထင်ပါတယ်…။ ကိုယ့်အပြောကြောင့် တဘက်သား ပြောချင်တာတွေ ငုံ့လျှိုးသွားနိုင်ပါတယ်..။ နုတ်က မပြောတောင် နောင် ဆက်သွယ်ဖို့ စိတ်ညစ်နိုင်ပါတယ်..။ စိတ်ထဲမှာလည်း နောက် တကြိမ်အတွက် တွန့်သွားနိုင်သလို ကိုယ့်အပေါ်ထားတဲ့ အမှတ်ကောင်းများ ရှိခဲ့ရင် လျှော့သွားမှာ အသေအချာပင်…။


ကျွန်မကို အဲသလို ပြော လို့ တုန့်ပြန်ချိန်မှာ … သူများတော့မသိ.. ကျွန်မစိတ်ထဲမှာ … အဲသလို တုန့်ပြန်ခြင်းဟာ အထက်စီးစံတာ… ဆရာကြီး လေသံမျိုး ဂိုက်ဖမ်းနေတာ… ကိုယ့်ကိုယ်ကိုယ် သိပ်အထင်ကြီးနေတာ… အင်မတန် အရေးပါနေ သလို…ဆိုက်ပေးနေတာ.. အင်မတန် အလုပ်များနေလို့ စိတ်မရှည်ဟန် ပြနေတာ… ကိုယ့်ကို မတူမတန်သလို ..လုပ်ပြောတော လို့ ယူဆရပါတယ်..။ ပြော သူက အဲသလို .. မရည်ရွယ်ဘူးဆိုရင်တောင် ကျွန်မအမြင်တော့ .. ခုနက ပုံစံမျိုးတွေလို့ပဲ ခံစားရပါတယ်…။ တခါတလေဆိုရင်… ဆက်သူက အကြီး လက်ခံပြောသူက အငယ် ဆိုတာကိုသိရင် ယဉ်ကျေးမှုတရား ထိုင်ဟောချင်စိတ်ပေါက်မိပါတယ်… ဒုက္ခကို ဝယ်ယူတယ်ပဲ ဆိုဆို ဒေါသလည်း အချောင်းလိုက် အချောင်းလိုက် ကိုယ်နဲ့မဆိုင်လည်း ထွက်နေတက်ပါသေးတယ်…။ ပြီးရင် ၁ နာရီလောက် ဗျစ်တောက် ဗျစ်တောက် ပြောနေမိပါတယ်..။ အင်မတန်သည်းခံမှုစွမ်းရည် နည်းတဲ့စိတ် လို့ပြောလည်း မတက်နိုင်ပါ … ဝင်ခံရုံပင် ရှိပါသည်..။

ဖုန်းဖြေမယ်ဆိုရင် ဘယ်လိုမျိုးများ ဖြေရမယ် ဆိုတာတော့ တိတိကျကျ.. သင်တန်းရယ်လို့ သီးသန့်မပေးကြပေမဲ့… ရုံး..ကနား.. စတဲ့ ကိစ္စမျိုးတွေမှာတော့… ဟလို… မင်္ဂလာ စာအုပ်တိုက်ကပါ… မြန်မာ အမျိုးသမီးကယ်ဆယ်ရေး အသင်းကပါ… ဟလို… မင်္ဂလာပါရှင်…ကလေးထိမ်းကျောင်း အမှတ် (၂)က မမေသူ စကားပြောနေပါတယ် …. အစရှိသဖြင့် ဖြေကြ ပြောကြတာမျိုးကိုတော့ လေ့လာကြားဖူးကြမှာပါ..။ ဒါ ကိုယ့်ဆီကို ဘယ်ကပဲ ဆက်သွယ်ဆက်သွယ်လာ… ပုံမှန် ပြောနေကျ ဆက်သွယ်ရေး မင်္ဂလာစကားလေးပါ..။ အင်မတန်မှ နားထောင်ရတာ… အရသာရှိသလို ယဉ်းကျေးရာလည်း ရောက်ပါတယ်..။ အဲသလို ယဉ်ကျေးမှုတရားကိုလည်း အတုယူသင့်ပါတယ်..။ ဆိုလိုတာက နေ့စဉ်ပြောနေကျ သူငယ်ချင်း သက်တူရွယ်တူ ကလွဲရင်… ကျန် မိတ်ဆွေ အပေါင်းအသင်း..များကို ဖုန်းပြောတဲ့အခါ… မှာ အချိုသာဆုံးနဲ့ ယဉ်ကျေးသိမ်မွေ့တဲ့ စကားတွေ ပြောမယ်ဆိုရင် နားထောင်ရသူရော ဘေးက ကြားရသူရော အဆင်ပြေမှာပါ…။

တကယ်တော့ ဖုန်း ဆိုတာက လူနှစ်ယောက် ဆက်သွယ်ဖို့ ကြားခံပစ္စည်း ဖြစ်လေတော့ သူ့ကို အသုံးချတက်ရင် အဆင်ပြေမှာပါ..။ ဖုန်းနဲ့ ပြောပြီဆိုကတည်းက တယောက်နဲ့ တယောက် မတွေ့မမြင်ရတာမို့… စကားကို အတက်နိုင်ဆုံး ချိုသာစွာပြောမယ်ဆိုရင် တဘက်က ဆက်သွယ်လာ တဲ့လူလည်း… ပြောချင်တာတွေ ပိုပြီးရှောရှောရူရူ ထွက်လာသလို ( ဥပမာ) အကူအညီတောင်းမဲ့ ကိစ္စဖြစ်နေမည်ဆိုပါက မကူနိုင်ခဲ့ရင်တောင် အပြောအဆိုကြောင့် တဝက်လောက် စိတ်ကျေနပ်သွားမှာ အသေအချာပါပဲ..။ ဒါကြောင့် ကျွန်မနားဝမှာ နားဝင်အဆင်မပြေလှတဲ့ ပြော ပြော နဲ့ ပြောနေကျတဲ့… အဆင်မပြေမှုကို ရင်ဖွင့်မိပါတယ်....။ ဖုန်းလက်ခံပါက အခြားသော နည်းများဖြစ်တဲ့… ယဉ်ကျေးချိုသာသော စကားလုံးများဖြင့် တုံ့ပြန်နိုင်ရင် ဘေးက ကြားရသူများလည်း အဆင်ပြေ… ခေါ်လာသူလည်း ကျေနပ်နိုင်မယ်လို့ ယုံကြည်ပါကြောင်း..။

( စကားချပ်.. ကလေးတွေကလည်း လူကြီးဖုန်းခေါ်တာကို ယဉ်ယဉ်ကျေးကျေး ပြန်မဖြေတက်တာများလည်း တပုံကြီး ရှိနေပါသည်… မိဘများတွင် အထူးတာဝန်ရှိသည်ဟု တပါတည်း ဆိုချင်ပါသေးသည်..။ )


အားလုံး မင်္ဂလာပါရှင်…။ မအားသည့်ကြားမှ လာရောက်အားပေး သူများ အားလုံး… ကျေးဇူး … ကျေးဇူးအထူးတင်ပါသည်…. ။

မဗေဒါ
၁၃.၁၂.၂၀၁၀

ဆက်ဖတ်ကြည့်ပါဦးနော်....

Tuesday, November 23, 2010

မေတ္တာဖြင့် အသက်ရှင်နေသောသူ








ကျွန်မကို စာမရေးဘူးလားဟုမေးလာသော ညီမငယ်အတွက် ဘာရေးရင် ကောင်းမလဲလို့ စဉ်းစားမိရာက မေတ္တာ ထားခံရသည့်သူတယောက် အကြောင်း ရေးချင်မိပါတယ်..။ မေတ္တာကို မြန်မာအဘိဓါန်က `ချစ်ခင်ခြင်း `လို့ ဖွင့်ဆိုထားပါတယ်..။ မေတ္တာဆိုတာ အပြန်အလှန် ရှိကြတယ်ဆိုတာမျိုး စာအုပ်တွေထဲ.. လက်တွေ့ဘဝထဲ မှာ တွေ့မြင်ရပါတယ်..။ တကယ်တော့ လူတယောက်က တယောက်အပေါ် မေတ္တာဆိုတာ အလကားပေးလို့ ရပါလျှက်နဲ့ .. လူတိုင်း မထားခံရတာ.. လူတိုင်းမပေးနိုင်တာမျိုးလည်းရှိပါတယ်.. ..။ ကိုယ်က မေတ္တာ ထားရင် ကိုယ့်ဆီကိုလည်း မေတ္တာ ပြန်လာတက်ပါတယ်..။ တပါးသူအပေါ် မေတ္တာမထားနိုင်ပဲ.. ကိုယ့်အပေါ်လည်း အခြားတယောက်က ပြန်မပေးနိုင်ဘူး ဆိုတာကတော့ အထင်အရှားပါ..။

ကျွန်မ အခုရေးချင်သည်မှာ ကျွန်မတို့ မြန်မာပြည်သူများ အင်မတန် ချစ်ခင်လေးစားရသည့် ဒေါ်အောင်ဆန်းစုကြည် … အကြောင်းပါ.. ..။ ကျွန်မတို့ချစ်တဲ့ လေးစားတဲ့ ဒေါ်စု ကိုဘာလို့ လူတွေ ချစ်ကြတာလဲ ဆိုတာလေး စဉ်းစားမိသလောက် ရေးချင်ပါတယ်..။ အားလုံးသိကြသည့်အတိုင်း ဒေါ်စုလွတ်မြောက် လာသည့်အခါ ဝမ်းသာလို့ ကျသည့်မျက်ရည်… ဝမ်းနည်း၍ ကျသည့်မျက်ရည်.. အားကိုး အားထားတခု ရှိ လာပြီဆိုသည့် အသိဝင်ကာ ကျလာသည့်မျက်ရည်.. အဓိပ္ပါယ်မဲ့ နှစ်ပေါင်းများစွာ အချုပ်အနှောင်ခံထားရ သည့်အတွက် ယူကြုံးမရဖြစ်ကာ ကျသည့်မျက်ရည်.. လူတန်းစားပေါင်းစုံ ဆီကနေ ခံစားရတာတွေ တွေ့မြင်ရတဲ့အခါ အော်သူ့ကို ဘာဖြစ်လို့များ ဒီလောက်တောင် ချစ်ရပါသလဲလို့ တွေးမိပါတယ်..။

ဒေါ်စုမှာ စစ်လက်နက်များစွာ ကိုပိုင်ဆိုင်ထားသည့် ယောက်ျား ရင့်မာကြီးများကို အားပြိုင်ရဲသည့် သတ္တိရှိနေခြင်း.. သူ ယုံကြည်ရာ နည်းလမ်းဖြစ်သည့်…. အကြမ်းမဖက်သည့် နည်းလမ်းဖြစ် လူပေါင်းများစွာကို လွတ်လပ်တရားမျှတသည့် လူဘောင်တွင် အေးချမ်းစွာ နေထိုင်စေလိုခြင်း.. သူ့ဒုက္ခ ကို ပမာဏ မထားပဲ.. တိုင်းပြည် သည်သာလျှင် အဓိကဟု ယူဆကာ.. ရှေ့သို့ ဆက်လက်ချီတက်နေခြင်း.. စစ်အစိုးရအပေါ် အငြိုးအတေးမထားပါပဲ.. လူထုအကျိုးအတွက် စဉ်းစားကာ…ညဏ်အမြော်အမြင်ရှိစွာ ပြောဆိုတက်ခြင်း.. စသည့်အချက်ပေါင်း များစွာကြောင့် သူ့ကို ချစ်သူများ ယုံကြည်လေးစားသူများ များပြားခြင်း ဖြစ်မည်ဟု ယူဆရပါသည်..။ သူ့ကို သာမာန်ပြည်သူများက လေးစားချစ်ခင် ကြသလို စစ်တပ်မှ အတန်းပညာတက် ရဲဘော်များ.. သာမာန်ရဲဘော်များကလည်း `နိုင်ငံခြားသားကို ယူထားသည် တိုင်းပြည်ကို မချစ်`ဟု အလီလီအခါခါ မှိုင်းတိုက်ခံထားရသည့်ကြားမှ ချစ်ခင် အားကိုးသည့် စိတ်များ ဖြစ်နေခြင်းသည် သူ၏ တိုင်းပြည်အပေါ် ထားသည့် မေတ္တာစေတနာ မှန်ကန်သောကြောင့် ဖြစ်မည်ဟု မှန်းဆရပါသည်..။

သွားလေရာတွင် သူ့စကားကို နားထောင်လိုခြင်း.. သူ့ကိုကြည့်မြင်လိုခြင်းသည် .. လှပသော သူ့ရုပ်ရည်ကြောင့် မဟုတ်သလို သူ ပြောမည့်စကားများသည် လူတိုင်းအတွက် အဖိုးတန် စဉ်းစားသင့်သော စကားများ.. ဖြစ်သောကြောင့် လူထုက လိုက်ပါ နားဆင်လိုကြခြင်းဖြစ်နိုင်ပါသည်..။ တရားလက်လွတ် ဖြစ်နေသည့်ကိစ္စများသည် နိုင်ငံရေးကိစ္စများနှင့် ဆက်စပ်နေခြင်း ဖြစ်သည်ကို လူအများ နားလည်အောင် ဟောပြောပေးနိုင်သည့် သူ၏ စွမ်းပကားနှင့် ပြောတိုင်းလုပ်သည့် စိတ်ဓာတ်သည်ကား နှယ်နှယ်ရရတော့ မဟုတ်ပေ..။ မည့်သူကိုမျှ အတင်းအဓမ္မ `ဒေါ်အောင်ဆန်းစုကြည် စကား သွားနားထောင်ပါ`ဟု တိုက်တွန်းစရာမလိုပဲ ..ဈေးသည်မှသည် အသိပညာရှင် အတက်ပညာရှင်.. သက်ငယ်မှ သက်ကြီးအထိ ဒေါ်စုအပေါ် အားပေးနေခြင်းသည် သူ့အပေါ်ထားသည့် မေတ္တာအတိမ်အနက် နှင့် ယုံကြည်လေးစားမှုကို ပြနေခြင်း ဖြစ်ပါသည်..။ လူထုသည် သူ့အား အားကိုးယုံကြည်သလို သူသည်လည်း လူထုရှေ့မှ မားမားမတ်မတ် ရပ်ပေးလိုသည့် ဆန္ဒများ ရှိသည်ကို အစဉ်ဖော်ထုတ်ပေးနေသည်မှာ အထင်အရှား ဖြစ်ပါသည်..။

လာပါ လာပါ .. ဟု ခေါ်စရာ မလိုပဲ သူ့အား ရင်ထဲမှ လာသည့် မေတ္တာ အရှိန်ကြောင့် သူ့စကားကို နားထောင်ချင်သူများမှာ မြန်မာပြည် တပြည်ထဲမှ မဟုတ် ကမ္ဘာ အရပ်ရပ်မှ ဖြစ်သည် ကိုလည်း ဒေါ်စုလွတ်မြောက်လာသည့် အချိန်က တွေ့မြင်ခဲ့ရပါသည်..။ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင်ဆိုသည့် ဒေါ်အောင်ဆန်းစုကြည် သည် လုပ်ယူစရာမလိုသည့် မေတ္တာ စေတနာများဖြစ် ပြည်သူ့အကျိုးကို အစဉ်ထမ်းပိုး မည့်သူ ဖြစ်သည် ဆိုသည်ကို ခိုင်မာစွာယုံကြည်ရင်း .. မေတ္တာမရသူတို့ မရူမလှ ဒုက္ခများဖြစ် ဗျာများနေရမည်ကို မြင်ယောင် နေမိသည်ကို တွေးမိရင်း အလကားရသည့် မေတ္တာကို ငတ်မွတ် နေသူတို့ အရယူကြစေချင် သည် ကို တွေးရင်းတောရင်း ………။

ဒီနေ့လည်း သားအမိနှစ်ယောက် ကို ကြည့်ကာ ဝမ်းသာမျက်ရည် ကျရပါသေးတယ်.. ချစ်တက်ကြပါစေ.. မေတ္တာထားနိုင်သူများ ဖြစ်ကြပါစေလို့ ..။

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေလို့လည်း ဆုတောင်းပါတယ်..။

မဗေဒါ
၂၃.၁၁.၂၀၁၀

ဆက်ဖတ်ကြည့်ပါဦးနော်....

Monday, November 15, 2010

ဗေဒါလမ်း


ညိုပြာပြာ လတာပြင့်ခြေရင်း
လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။
ဆင်းရလဲ မသက်သာ။
အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ
အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး။
အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။
ဆောင့်ခဲ့လဲ မသက်သာ
နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ
မြည်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ
တလံကွာ လှိုင်းအကြွံ၊ ပေါ်လိုက်ပြန်ရ
ပေါ်ပြန်လဲ မသက်သာ
ချောင်းအဆွယ် မြောင်းငယ်ထဲက၊ ဘဲထွက်လို့လာ
ဘဲအုပ်မှာ တရာနှစ်ရာ၊ ဗေဒါက တပင်ထဲ
အယက်အကန်ခံလို့
ဗေဒါပျံအံကိုခဲ၊ ပန်းပန်လျက်ဘဲ။


ဆရာဇော်ဂျီ (၁၉၀၇-၁၉၉၀)

.. ဗေဒါလမ်းကဗျာကို မောင်ဥက္ကာကိုကို (သံတွဲ) ဆီကနေ ကူးယူ ပြီး တင်ပေးပါတယ်..။ ဘာရေးရမှန်းမသိ.. ဘယ်လိုနေရမှန်းမသိဖြစ်နေတာနဲ့.. ဒီ စာသားကို တင်ဖြစ်တာပါ.. ဒီ ကဗျာ (သီချင်း) ကိုလည်း အင်မတန်မှ သဘောကျပါတယ်.. တော်လှန်ရေးထဲ နေတုန်းက မယ်ဒလင် တီးတဲ့ ရဲဘော် ( ) က အဲဒီသီချင်းက ခက်တယ် သိပ်ပညာပါတယ်..လွယ်တဲ့ သီချင်းအရင်ဆိုတက်အောင်လုပ် လို့ ပြောပေမဲ့ အင်မတန် ဆိုချင်ခဲ့.. သူပါ.. သီချင်းမဆိုရပေမဲ့လည်း စာသားတွေကို ကြိုက်တော့ ဒီကနေ့ ခံစားချက်အဖြစ် တင်ဖြစ်ပါ၏..။

မဗေဒါ (၈၈)
၁၃.၁၁.၂၀၁၀

အောက်ပိုဒ်

ဆက်ဖတ်ကြည့်ပါဦးနော်....

Friday, November 12, 2010

ဒီကနေ့ခံစားချက် (၄)



ဥရောပရဲ့ ဆိတ်ငြိမ်ညတွေ အေးစက်စက် ညတွေကြား

ရင်ခုန်စွာ ဖြတ်သန်းရင်း ..

ရင်ထဲက

ခုန်ထွက်လာတဲ့ .. စာသားတခု..ထဲ..

အပြောင်းအလဲ ကို ..

ကြောက်သူတွေ

မကြိုက်သူတွေ

လန့်သူတွေ

မနှစ်မြို့သူတွေ

မလိုလားသူတွေ

ရဲဝံ့စွာ မထုဆစ်ရဲသူတွေ

…..တွေ …….ကို

ကျွန်မ မကြိုက်ချင်ဘူး..ပြီးတော့..

ကိုယ်တိုင်လည်း

အပြောင်းအလဲများစွာအတွက်

နှလုံးသား ဖွင့် ထားရမယ်လို့

ဦးနှောက် နဲ့ နှလုံးသားကြား အပြန်ပြန် အလှန်လှန်

စည်းချက်မှန်မှန် အချက်ပြနေလေရဲ့ ....။

ဂန္ဒီနဲ့ တဂိုး အတွေးအခေါ် တိုက်ပွဲတွေ ရှိခဲ့ကြတယ်..

သူတို့မှာ အပြန်အလှန် လေးစားတာတွေ ရှိခဲ့ကြတယ်တဲ့..

အပြောင်းအလဲတခုအတွက် …

မတူတာတွေ အများကြီး ရှိနိုင်ပေမယ့်..

တကယ့် ဘုံရန်သူဟာ

စစ်အာဏာရှင်မို့..

မျက်စိကြီးနားကြီးစေတဲ့

ရဲရဲတောက် တေးသီချင်းတပုဒ်…

လက်ဆောင်ပေးလိုက်ချင်ရဲ့.. ။

`` အရေးကြီးပြီ ညီနောင်အပေါင်းတို့ `` ..။

မဗေဒါ (၈၈)
၁၁.၁၁.၂၀၁၀
အောက်ပိုဒ်

ဆက်ဖတ်ကြည့်ပါဦးနော်....

Wednesday, November 10, 2010

ဒီကနေ့ခံစားချက် (၃)



တကယ်တော့ နိုဝင်ဘာမှာ ခံစားရတာတွေ များမယ်ဆိုရင် ကျွန်မရဲ့ တကိုယ်ရေ ခံစားချက်တွေကို ပြောဖြစ်မှာ မဟုတ်ပါဘူး… ဥရောပရောက် ဒုက္ခ္ခသည် တယောက်ရဲ့ ခံစားချက်တွေ ကို ရှေ့တန်းမှာ မတင်ရက်တော့ဘူး..။ မြန်မာပြည်ကြီး မငြိမ်မသက်ဖြစ်လာတိုင်း မဗေဒါ ခံစားရတဲ့ ခံစားမှုတွေဟာ မြန်မာပြည်သားများဆီကို ဆိုက်ဆိုက်မြိုက်မြိုက် ဒုံးဒုံးစိုင်း ရောက်သွားလေရဲ့..။ ဘုန်းကြီးများ နှိမ်နှင်းခံရတဲ့ကိစ္စ… ကိုမင်းကိုနိုင်တို့အုပ်စုတွေ အဖမ်းခံရတဲ့ ကိစ္စ… နာဂစ် ကိစ္စတွေ ဖြစ်ခဲ့တုန်းက အိပ်မရ .. . လမ်းလျှောက်ရင် မြေကြီးနဲ့ မထိသလို ဖြစ်ခဲ့ဖူးတယ် … နောက် စကားသံတွေ တိုးတိတ် စွာ ဖြစ်ချင်တာတွေကို အရူးတယောက်လို ပြောနေတက်တယ်..။ ပြီးရင် အားကောင်းတဲ့ လက်နက် တခုဖြစ်တဲ့ မျက်ရည်က မရပ်တော့..။ သမီးကပြောတက်တယ်.. အမေ အဲလိုဖြစ်နေတော့ ဘာတွေ ဖြစ်လာမလဲတဲ့.. ထိုင်းက အလည်ရောက်နေတဲ့ ယောက်ျားလေး သူငယ်ချင်းကလည်း မေးဖူးတယ်..။ နင် စိတ်မှ ကောင်းသေးရဲ့လားတဲ့.. အခု ငိုလိုက် .. စိတ်တိုလိုက်နဲ့တဲ့..။ ဟုတ်ပါတယ်… ကျွန်မဟာ မြန်မာပြည်အတွက် အခုလို လှုပ်လှုပ်ရှားရှား ဖြစ်လာပြီဆိုရင် လောဘတွေ အရှိန်သတ်မရ အမြဲရှိတက်တယ်.. ။ ဖြစ်စေချင်တာတွေ မဖြစ်ခဲ့ရင် ကိုယ်ကလည်း အားနည်းသူ .. အမိမြေနဲ့ ဝေးနေသူဆိုတော့ ပိုခံစား ရတက်ပါတယ်..။ တခါတလေ ကိုယ့်ဘာသာတောင် မေးခွန်းတွေ မေးနေတက်တယ်…ငါ က တော်လှန်ရေးလုပ်မယ်ဆိုပြီး အခုတော့လည်း ဥရောပက တိုက်ခန်းတခုထဲ မသေထမင်းဟင်းရှာဖွေစား အောက်ကျ နောက်ကျ စိတ်တွေ တပွေ့တပိုက်နဲ့ အသက်ရှင်နေရတာ လူဖြစ်ရူံးသလိုပဲ..။ ငါ လူပို တယောက်လား… လို့ပေါ့..။ ဒါပေမယ့်လည်း လူ့သဘာဝဖြစ်စဉ်တွေကို မေ့နိုင်အောင် ကျိုးစားရင်း အကောင်းတွေများများတွေးကာ ဘဝတိုက်ပွဲနွှဲရင်း အမိပြည်ကြီး ရဲ့ သတင်း နားမထောင်တဲ့ရက် တရက်မှ မပျက်ရအောင် ကျိုးစားနေတဲ့သူတော့ ဖြစ်နေပါသေးရဲ့..။

မြန်မာ ပြည်အတွက် ဆိုရင် တခုခု လုပ်ပေးချင်သူတိုင်း အားမလိုအားမရတာတွေ ဖြစ် (ရှိ) မယ်ထင်ပါရဲ့..။ အခုလို ရုတ်ရုတ်သဲသဲ ဖြစ်နေချိန် ဘာလုပ်ရမှန်းမသိ ဘယ်သူ့ကိုမေးရမှန်းမသိ ဖြစ်နေသူတွေ အများကြီး ဖြစ်မှာပါ.. အဓိကကတော့ တကယ်လုပ်နေသူတွေနဲ့ အဆက်အသွယ်ရဖို့လိုတယ်.. ကူညီမဲ့ကိစ္စတွေ ထဲထဲဝင်ဝင်ဖြစ်ပြီး ထိရောက်ဖို့လိုတယ်..။ ဒီကနေ့တော့လည်း သတင်းတွေ တက်လာတာ သိရသလောက် နည်းနည်း ဟုတ်နေသေးတယ်.. ရှမ်း ( ) ကလည်း နှိုးဆောင်မှုတွေ လုပ်နေတယ်.. ကရင်ကလည်း သွေးရင်းကို ထိရင် မခံဘူးလို့ ကြွေးကြော်ထားတယ်..။ ရှမ်းအဖွဲ့ကတော့ မနေ့တနေ့က ဖွဲ့ခဲ့တဲ့ စစ်ရေး နိုင်ငံရေး မဟာမိတ်တွေ ကိစ္စ ထည့်ပြောတယ်.. မဗေဒါ သဘောကျတယ်.. အဲလိုဖြစ်ရမယ်.. ပြီးရင် တကယ် ဝိုင်းရတော့မယ်.. လူထုကိုလည်း ဘာလုပ်နေတယ်.. ဘာဖြစ်ဖို့လိုတယ်.. ဘယ်ဟာကအရေးကြီးတယ်.. အစရှိတာတွေကို အသိပေးဖို့လိုတယ်..။ တိုက်ပွဲတွေကို ပံ့ပိုးရင်း မြန်မာပြည်တွင်းကလူတွေရဲ့ စစ်အစိုးရအပေါ် စိတ်ကုန်နေတာတွေကို အခုချိန်မှာ ထုတ်ပြနိုင်ဖို့ရာ အခြေအနေကောင်းတခုကိုလည်း ဖန်တီးနိုင်ရမယ် ထင်ပါတယ်..။ ပြည်သူသာ တိုက်ပွဲအတွက် အဆုံးအဖြတ်ပေးမှာမို့ သူတို့ သိဖို့လိုတာတွေ သူတို့ကူရမှာတွေကို ရရာနေရာများကနေတဆင့် တိုက်တွန်းနှိုးဆော်တာတွေ လုပ်ရမယ် ထင်တာပဲ..။

နိုင်ငံရေး ..စစ်ရေးစစ်ရာဆိုတာကလည်း ခက်သား လား ..မဗေဒါတို့ မသိတာတွေ သိခွင့်မရှိတာတွေ အများကြီးပါ.. ဒါပေမယ့်လည်း ကျွန်မတို့ကို ဦးဆောင်ခဲ့သူတွေ ပေးနေသူတွေ ဟာ အခုချိန်မှာ စီမံကိန်းတခုကို ခပ်သွက်သွက်လေး ဆွဲကာ… ပြည်သူတွေ အားကိုးလာမဲ့ အခြေအနေ တခုကို လက်ဆုပ်လက်ကိုင်ပြဖို့ လိုနေပြီ ထင်တာပဲ.. ဥပမာ ကျောင်းသားတပ်က ကိုယ်ပိုင်နယ်မြေမရှိဘူး.. ( ထိုင်းဘက်မှာဆိုရင် တောခိုလာကတည်းက ကရင်..နယ်မြေတွေပေါ် မှာ အခြေချရတာ ပူးတွဲပြီး ရန်သူကို တိုက်ရတာမျိုး).. ဆိုတော့ အခုလည်း ကေအန်ယူက ဒီကေဘီအေကို ညီရင်းကိုစိတ်နဲ့ ထိရင် မခံဘူး… ဆိုခဲ့ရင် ကျောင်းသားလည်း သေချာပါပြီပေါ့..။ ဒီတော့ အလုပ်တခုခုကို လုပ်ပြရမယ်ထင်တာပဲ..။ အဲလို မဟုတ်ပဲ.. ကေအန်ယူကလည်း ညှိုနှိုင်းရမှာတွေ လိုတာထက် အချိန်ပိုကြာသွားရင် သွေးအေးသွားရင် နောက်တကြိမ်အတွက် မလွယ်တော့ဘူး.. အခုချိန်က နိုင်ငံရေးကလည်း အချိန်အခါကောင်းမလား.. မဲကိစ္စတွေကလည်း အားလုံးအသိပဲ.. အာဏာရှင်တွေ ချယ်လှယ်နေကြတာကို အတိုက်အခံတွေ က မကျေနပ်ကြဘူးမလား.. လုပ်စရာရှိတာတွေ မြို့ထဲမှာ လုပ်ကြမယ် ထင်ရတာပဲ.. ။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း လွတ်ပေးရတော့မယ်.. ခေါင်းဆောင်ထွက်လာရင်တော့ အခုချိန်မှာ အားကိုးစရာ ပိုရှိပြီမို့ .. နိုင်ငံရေးလှုပ်ရှားမှုများသည်လည်း အင်မတန် အရေးကြီးတယ်လို့ ထင်မိပါတယ်.. ။ ဒါကြောင့် စစ်ရေးရော နိုင်ငံရေးရော ၂ ခုစလုံးအရေးပါပါ၏လို့ မြင်မိပါတယ်..။ နိုင်ငံတကာကမှာလည်း သွားပြောနေသူတွေရှိတော့ သူတို့လည်း တကယ်စွမ်းဆောင်မှုတခုခုထဲပါလာရင်တော့ ပိုကောင်းပါ၏လို့ပဲ ဆိုရမယ်ထင်တာပဲ.. (မဗေဒါရဲ့ ပင်ရင်းစိတ်ကတော့ အစဉ်အမြဲ လူထုပဲ အားကိုးသူပါ…) ။

ကျွန်မတို့ မြန်မာပြည်သားများအားလုံးမှာ ရင်ဆိုင်နေရတဲ့ မလုံခြုံမှု.. ပူပန်သောက ဖြစ်ရမှု.. မတရား အပြုခံရမှုများစွာဟာ အချိန်တခုထက် မပိုခံစားသင့်တော့ပါဘူး.. အဲဒီအတွက် မြန်မာပြည်သားတိုင်းမှာ ကိုယ်စီကိုယ်ဌတာဝန် ရှိကြေးဆိုရင် နိုင်ငံရေး.. တော်လှန်ရေးသမားတွေက ပိုတာဝန် ရှိတယ်လို့ ယူဆတဲ့ ဒီကနေ့ ခံစားချက်ကိုရေးပါတယ်..။

အချိန်ဆိုတာ တန်ဖိုးရှိတယ်ဆိုရင်… မြန်မာပြည်အတွက် နိုဝင်ဘာလဟာ တကယ့်တန်ဖိုးရှိစွာ အသုံးချရမဲ့ အချိန်များဖြစ်နေမလား… တရားသော တိုက်ပွဲအတွက် လူတိုင်းလူတိုင်း ပါဝင်သင့်တယ်လို့ ထင်မြင်မိပါတယ်...။

မဗေဒါ
၁၀.၁၁.၂၀၁၀

ဆက်ဖတ်ကြည့်ပါဦးနော်....

Tuesday, November 9, 2010

ဒီကနေ့ခံစားချက်..(၂)



မနေ့က စတဲ့ ယောက်ယပ်ခတ်တဲ့စိတ်က ဒီနေ့ထိ မပြီးသေးဘူး.. ဟိုသူ့ကို မေး ဒီသူ့ကိုမေးနဲ့ အဆုံးတော့ ဘလော့တွေပဲ ပြန်အားကိုးလိုက်ရှာရင်း ကိုမိုးသီးဇွန် တို့ မနေ့က ကူနေတာတွေ တွေ့ရတော့ ရင်ထဲမှာ ဘာပဲပြောပြော ပီတီဖြစ်ရသလို အဆုံးသတ်တိုက်ပွဲ တခု ဖန်တီးရတော့မယ်လို့ ယုံကြည်မိပါတယ်..။ ထိုင်းမှာရှိတဲ့ သူငယ်ချင်းကို လှမ်းမေးရတယ်.. ဟဲ့ ဘာလုပ်နေကြတုန်း.. ဘာလုပ်ရမှာတုန်း.. ငါ့မှာ နေရ ထိုင်ရတာ အဆင်မပြေဘူး…ဆိုကာ ဖုန်းဆက်ရတယ်..။ ကျွန်မရဲ့ မိခင် အမျိုးသမီး အဖွဲ့ကတော့ ဒုက္ခရောက်နေသူတွေကို သွားကူကြမယ်တဲ့..။ ဒုက္ခသည်ကို ကူမဲ့အခြေအနေက လက်တလော ဖြေရှင်းတာလို့ ထင်ပါတယ်.. သူတို့ကို စိတ်ဝင်စားမဲ့ အဖွဲ့တွေ လာလိမ့်မယ်လို့ ယုံကြည်ပါတယ်.. ကျွန်မ စိတ်ဝင်စားတာက ဒုက္ခသည်တွေထက် သူတို့အတွက် ဆေးမြည်းတို မဟုတ်တဲ့ တကယ်ပျောက်စေမဲ့ ပျောက်ဆေးပါ..။ အဲဒီအတွက် ကျွန်မတို့ တခုခုတော့ လုပ်ရတော့မယ် ထင်ပါရဲ့..။ ဗိုလ်နှုတ်ခမ်းမွှေး (စောလားဘွယ်) အခြေအနေလည်း မကြားရဘူး.. ဘလော့တွေမှာလည်း သတင်း သိပ်မတက်လာဘူး.. တခြား မီဒီယာတွေမှာလည်း ဒီကနေ့ နယ်စပ်သတင်း အကြောင်း သိပ်မဖတ်ရတော့ ရင်ထဲမှာ ဟာနေတယ်..။ တခုခုတော့ လုပ်ရမယ်.. ချက်ချင်းမဟုတ်တောင် အဆက်အသွယ်တခုကို ပီပီပြင်ပြင် ရပြီဆိုတာနဲ့.. ရန်သူကို စိန်ခေါ်သံတွေ ..အရပ်ရပ်က ပုံစံမျိုးစုံနဲ့ ပြဖို့လိုတယ် ထင်တာပဲ..။ ဒါမှမဟုတ်ရင် အားကြီးသူတွေ လက်နက်အားကိုးနဲ့ အနိုင်ရသွားမယ် ဆိုရင် ကျွန်မတို့လူထုတွေ စစ်သက်အောက် အကြိမ်ကြိမ် ဒူးမထောက်တောင် မျက်ရည်ပင်လည် ဝေနေရမှာကို မလိုလားပါဘူး..။

မနေ့ညက ဒီဗီဘီက ကိုအေးနိုင်ဆိုတဲ့ သတင်းထောက် မေးထားတဲ့…ဖယ်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး ကော်မတီက နိုင်ဟံသာ ဖြေတာတွေ သိပ်သဘောမတွေ့လှဘူး.. ဆက်သွယ်ရေးကောင်းနေတဲ့ ခေတ်ကြီးထဲ ဘာကိုမှ အဆက်အသွယ် တကယ်မရသေးရင်တော့ တော်တော်ညံ့တာလို့ ဆိုရမယ်ထင်တာပဲ..။ တိုက်ပွဲဖော်နေသူကို ကိုယ်က အဖြေတောင်းစောင့်နေတာဆိုရင်တော့ တော်တော်ရုပ်ဆိုးလှပါတယ်..။ တဖွဲ့ဖွဲ့နဲ့ ဖြစ်ရင် ဝိုင်းမယ်ဆိုတဲ့ စကားက မနေ့တနေ့ကမှ နိုဝင်ဘာထဲ ကြွေးကြော်ခဲ့တာပဲ.. တခုခု ဆိုရင် လိုအပ်တာထက် ပိုမကြာသင့်ဘူးလို့ မြင်တာပဲ.. ကူညီမဲ့သူတွေ.. အခြေအနေတခုမှာ ပါဝင် ပတ်သက်ချင်သူတွေကို စိတ်ဓါတ်ကြအောင် အနီးကပ် လုပ်နေတဲ့ ခေါင်းဆောင်တွေက မလုပ်သင့်ဘူး..။ ဒီလိုအချိန်မှာ လိုအပ်သလောက် သွေးမရဲရင်.. ကြွေးကြော်တာ ပျော့ညံ့ရင်.. လူလိမ်မာ လုပ်နေရင် စစ်သက်ရှည်တော့မှာပေါ့..။ ဒါကြောင့် ကျွန်မမြင်တာကတော့ လိုအပ်သလောက် အချိန်ယူပြီးရင် ခပ်မြန်မြန်လေး.. တခုခုကိုလုပ်ဖို့ တိုက်တွန်းချင်ပါတယ်..။ ကျွန်မတို့ကလည်း နိုင်သလောက် ဝိုင်းရမယ်.. အနီးမှာ ရှိသူတွေကလည်း စိတ်ဝင်တစားနဲ့ ထိုင်မကြည့်ပဲ လိုတဲ့ပန်းတိုင်ကို အရောက်ချီတက်ဖို့ အင်မတန်အရေးကြီးတယ်လို့ ဆိုချင်ပါတယ်..။

လူအား.. ငွေအား လိုတယ်ဆိုတာက အမှန်ဖြစ်နေတော့လည်း ကျွန်မတို့တွေ လူမသွားနိုင်တောင်… ငွေတော့ ပေးနိုင်မယ်လို့ ယူဆရတာပါပဲ..ရရာ အဆက်အသွယ်များကနေတဆင့် ဝိုင်းပံ့ပိုးကြဖို့ နှိုးဆောင်ချင်ပါတယ်.. လူအားကတော့ လည်း လောလောဆယ်ရှိနေတဲ့ သူများနဲ့ ဝိုင်းရမယ်ထင်ပါတယ်.. ဒါတောင်မှ ဒီတိုက်ပွဲဟာ တကယ်ပဲ စနစ်ကျနေတဲ့ ပုံဖော်မှု ခေါင်းဆောင်မှု အောက် ရှိနေပြီဆိုရင် တိုက်ဖူးတဲ့ ရဲဘော်များ ယူနီဖောင်းမဲ့ တိုက်ပွဲဝင်မဲ့သူတွေ အများကြီး ပြန်လာဖို့ အသင့်ရှိနေမယ်လို့ ယူဆကြောင်း ဒီကနေ့ ဖြစ်နေတဲ့ ခံစားရမှုကို ရေးပါတယ်..။

တိုက်ပွဲတိုင်းမှာ အားကြီးသူက အစဉ်နိုင်စတမ်းဆိုရင် အမှန်တရားမြတ်နိုးသူတွေ အစဉ်ဒူးထောက် နေရတော့မှာပေါ့..။ လွတ်လပ်မျှတတဲ့ မြန်မာ့လူ့ဘောင်တခု ထူထောင်ဖို့ ကျွန်မတို့ ဝိုင်းဝန်းလုပ်ဆောင်ကြစို့ ..။
မဗေဒါ
၀၉.၁၁.၂၀၁၀
အောက်ပိုဒ်

ဆက်ဖတ်ကြည့်ပါဦးနော်....

Monday, November 8, 2010

ဒီကနေ့ခံစားချက်..



ကျွန်မလို ခရီးတူ လျှောက်ခဲ့သူတွေ လျှောက်နေသူတွေ ဒီကနေ့ ခံစားရမဲ့ ခံစားချက်က တူမယ်ထင်ပါရဲ့… မရိုးမရွဖြစ်နေတဲ့ အပြုအမူ.. ဘာလုပ်ရမှန်းမသိ.. ထိုင်ရမလို..ထရမလို ဖြစ်နေမိပါတယ်..။ ကိုယ်က အားနေတော့ ဘယ်ကို ဖုန်းဆက်ရမလဲ စဉ်းစားလိုက်.. တီဗီကိုဖွင့်လိုက်… မြန်မာ သတင်းတွေ တင်တက်တဲ့ ဘလော့တွေ.. သတင်းတွေကို လျှောက်ဖတ်လိုက်…နဲ့.. နေမထိ ထိုင်မသာ ဖြစ်နေတာ..။ ဒါကြောင့် သူငယ်ချင်း အလုပ်ထဲ ရောက်နေတာ သိပေမဲ့ စိတ်ထဲမှာ ရှိတာတွေ ပြောချင်တာတွေ ကို ပြောဖြစ်ခဲ့တယ်.. ဘယ်လိုမျိုးများ ရှေ့ကို ဖြစ်လာမလဲပေါ့.. ကျွန်မမှာ စိုးရိမ်စိတ်… သူများတိုင်းပြည်များလို အေးချမ်းစွာ နေထိုင်ကြီးပျင်းစေချင်တဲ့ မြန်မာ့ ပြည်သူ တွေရဲ့ဘဝများ လုံခြုံစေချင်တဲ့စိတ်.. တရားတဲ့သူတွေ.. အမှန်တရားအတွက် တိုက်ပွဲဝင်သူတွေ အောင်ပါစေလို့ စိတ်ထဲမှာ အကြိမ်ကြိမ် ဆုတောင်းရင်း… မတည်ငြိမ်တဲ့စိတ်ကို ထိမ်းချုပ်ရ ခက်နေပါရဲ့..။ ယောက်ျား အလုပ်က ပြန်လာတော့လည်း စိတ်ထဲရှိတာတွေ ပြောဖြစ်ရဲ့.. ဖြစ်နိုင်တာတွေ မဖြစ်နိုင်တာတွေ ကျွန်မ မေ့သွားတယ်ထင်ပါတယ်..။ အခု တိုက်နေတဲ့ ဗိုလ်နှုတ်ခမ်းမွှေးးကို သတ္တိရှိသူ အဖြစ်ချီးကျူးရင်း … သူ့အတွက် ရုပ်ပိုင်းစိတ်ပိုင်း ၂ ခုစလုံးအတွက်.. အကူအညွီ အများကြီးလိုတာတွေ… နိုင်ငံရေးပါတီများ ဦးဆောင်ပြီး မြို့တွင်းမှာ လူထု တိုက်ပွဲ ခေါ်ရမှာတွေ.. မကျေမနပ် ဖြစ်နေတဲ့ မြန်မာစစ်သည်တော်တွေရဲ့ အရေးကြီးဆုံး အချိန်မှာ… မှန်တဲ့ဘက်က (လူထု) ဘက်က ရပ်သင့်တာတွေ … နယ်စပ်မှာ အခြေချနေတဲ့ အဖွဲ့များ မြန်မြန်ဆန်ဆန်… လိုအပ်တာတွေမှာ ဖြည့်ဆည်းပံ့ပိုးကူညီဖို့လိုတာတွေ… အစည်းအဝေးတွေကို လိုအပ်တာထက် ပိုမထိုင်ပဲ… ရှိခဲ့တဲ့ အတွေ့အကြုံတွေ မူတည်ပြီး… အကောင်းဆုံး ဆုံးဖြတ်ချက်တွေချပြီး… အပြောင်းအလဲ တခုအတွက် … ထိရောက်စွာ ကူညီနိုင်ဖို့လိုတာတွေ.. တိုက်ပွဲများအတွက်… လိုအပ်တာတွေကို စနစ်တကျ ဦးဆောင်မဲ့ ခေါင်းဆောင်ကောင်းတွေ ကို ရွေးချယ်တက်ဖို့တွေ… အကောင်းဆုံးပန်းတိုင်အတွက် ရည်မှန်းကာ … ပြည်ပမှာ နေထိုင်သူတွေ နိုင်သလောက်တင် မဟုတ်ပဲ စိတ်ပါလက်ပါ ကူညီဖို့လိုတာတွေ.. ပြည်တွင်း ပြည်ပ အဆက်အစပ်ရှိရှိနဲ့ ဖြစ်ပေါ်နေတာတွေကို အမြန်ဆုံးသိအောင် အကြောင်းကြား… ပေးအောင် စွမ်းဆောင်နိုင်မဲ့ သတင်းဌာနများ အရေးပါမှု အခြေအနေတွေ… လိုအပ်ရင်ကူညီမယ် မဟုတ်ပဲ.. ထဲထဲဝင်ဝင် အခြေအနေတခုကို ဖန်တီး အကူအညီပေးရမှာတွေ..အများကြီး အများကြီးကို စိတ်ကူးပေါ်တိုင်း အရူးတယောက်လို ပြောနေမိတယ်..။ တကယ်တော့ ကျွန်မတို့ ပြည်သားတွေ စနစ်ဆိုးတခုအောက်မှာ နှစ်ပေါင်းများစွာ ရင်းနှီး ကြီးပျင်းခဲ့ရပြီ… အဲဒီအတွက် အပြောင်းအလဲတွေအတွက် နိုင်သလောက် လုပ်ရမယ်ဆိုရင်.. လုပ်ဆောင်နိုင်တာတခုခုမှာ လူတိုင်းလူတိုင်း ပါနိုင်မှ ရမယ်လို့ ထင်မိပါတယ်..။ အခြေအနေပေးလာတုန်း ဘာတခုမှ တိုင်းပြည်အတွက် မလုပ်ပေးလိုက်ရဘူးဆိုရင်… နောက်ထပ် အခြေအနေတခု ဖြစ်လာမဲ့အချိန်ဆိုတာ ပိုခက်သွားမယ်ထင်ပါတယ်..။ ဒါကြောင့် အပြောင်းလဲတခုအတွက် အားလုံးပါဝင်ပတ်သက်ရအောင်ပါ…။ လူတိုင်းဟာ အပြောင်းအလဲအတွက် တော်လှန်ရေးသမားကောင်း တယောက် ဖြစ်နိုင်ပါတယ်… ဘယ်သူ့ကိုမှ စောင့်စရာမလိုပါဘူး ထင်ပါရဲ့… နိုင်တာကနေ စလိုက်ပါ… လုပ်နေသူတွေနဲ့ အဆက်အသွယ်ရအောင် ယူပါ.. ပြီးတော့ ညီညွတ်ရေး စည်းလုံးရေးသည် အရေးကြီးဆုံး ကိစ္စအဖြစ်မှတ်ယူကာ အာဏာရှင် (ဘုံရန်သူ)လူတစုကို အပြီးအပိုင် မောင်းထုတ်နိုင်အောင် ကျွန်မတို့အတူတကွ လက်တွဲ ကြရင်ကောင်းမယ်ဆိုတဲ့ စိတ်ကူးကို ရေးပါတယ်..။ အနိုင်ဆိုတာဟာ ထပ်ခါထပ်ခါ ကျရူံးနေသူတွေအတွက် အင်မတန်မှ တန်ဖိုးကြီးလှတဲ့ ရတနာ အဖြစ်မှတ်ယူပါတယ်..။

မတရားမှုများ အစဉ်ကျဆုံးပါစေ.. စည်းလုံးခြင်းသည်အင်အား ဆိုသည့် အယူအဆသည် အယူအဆကောင်း ဖြစ်သလို လက်တွေ့တွင် အရေးကြီးကြောင်း ကျွန်မတို့ နားလည်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း..။

မဗေဒါ
၀၈.၁၁.၂၀၁၀
အောက်ပိုဒ်

ဆက်ဖတ်ကြည့်ပါဦးနော်....

Thursday, October 14, 2010

( Luis Urzua)


ရက်ပေါင်း (၁၇) မှာ
လူပေါင်း ၃၃ ယောက်ကို
ခံနိုင်ရည်ရှိအောင်
စိတ်ဓါတ်ခွန်အားတွေ ရှိအောင်
စုစုစည်းစည်းရှိအောင်
စွမ်းဆောင်ပေးထားနိုင်တဲ့
နုလုံးရည် သတ္တိ ဆိုတာ
နဲတာမှ မဟုတ်ပဲ..
ဒါမျိုးမှ
တကယ့်ခေါင်းဆောင်..

ရက်ပေါင်း (၆၉) ရက်
မျှတအောင်
ညီညွတ်အောင်
ဇွဲရှိစွာ
ရင်ဆိုင် ရဲအောင်
နုလုံးရည် လက်ရုံးရည်နဲ့ ဦးဆောင်ရင်း..

သူ ဆိုတဲ့ ( Luis Urzua) က
ကြောက်စရာ အမှောင်တွင်း
မီတာ (၆၂၂ ) မြေခေါင်းထဲက
နောက်ဆုံး မိုင်း သမား အဖြစ်
မြေပေါ်က လေသန့်ကို
ရူဖို့ ချီလီမြေပေါ် မှာ ခြေချလို့

ခေါင်းဆောင် စိတ်ဓာတ်ကို
ပီပီပြင်ပြင်
ပြခဲ့တာမို့
သူ့အတွက် ဂုဏ်ယူရင်း

မိသားစုတွေ အတွက်
ကြည်နူးရင်း..
ကျွန်မ စိတ်တွေကို
ချီလီ မိုင်းသားတွေ ထံ အရောက် ပို့ခဲ့မိလေရဲ့ .. ..။

ရက်ပေါင်း ၆၉ ရက်တာ မြေအောက်မှာ မွန်းကျပ်စွာ နေခဲ့တဲ့ ချီလီမိုင်းသားပေါင်း ၃၃ ယောက် ကို အကျယ် ၄ မီတာ ၅၄ မီတာ အရှည် ကယ်တင်စက်ကလေးနဲ့ ၂၂ နာရီကြာ တယောက်ချင်းကို ၁၅ မိနစ်နဲ့ ၂၀ မိနစ်ကြား မြေပေါ်အရောက် ကယ်တင်နိုင်ခဲ့ပြီမို့ ကြည်နူးစွာ တီဗီက သတင်းတွေကိုကြည့်ရင်း ပီတီဖြစ်ရတာမို့…အုပ်စု ခေါင်းဆောင် ( Luis Urzua) စိတ်ဓာတ် ကို ဂုဏ်ပြု ချီးကျူးရင်း.. ရင်ထဲက စာများကို ရေးမိပါတယ်..။

မဗေဒါ
၁၄.၁၀.၂၀၁၀

ဆက်ဖတ်ကြည့်ပါဦးနော်....

ချစ်တတ်ကြပါစေ



မြန်မာတွေ တကယ်ပဲ သဘောထား သေးသိမ်သလား…။ မြန်မာအချင်းချင်းကြား စိတ်ပျက်လောက်အောင်ကို အပေါင်းအသင်း လုပ်ဖို့ ဝန်လေးနေကြသလား..။ မြန်မာလူမျိုး တယောက်က အခြား မြန်မာလူမျိုးတယောက်ကို စိတ်ပျက်တယ်.. စိတ်ကုန်တယ်..အပေါင်းအသင်း မလုပ်ချင်ဘူး လို့ ကြားရတဲ့အခါ `` အော် ယဉ်ကျေးမှုတွေ မတူကြလို့`` ဆိုတဲ့စိတ်နဲ့ နားထောင်ရတာ မစိုးလှပေမဲ့.. ကိုယ့်လူမျိုးတခုလုံးကို ချီပြီး စိတ်ပျက်တယ်လို့ ပြောတာကို ကြားရရင်ဖြင့် ပြောသူကို မေးချင်တာကတော့ ကိုယ်ကရော ဘယ်လို သဘောထား ရှိသူလဲဆိုတာ မိမိကိုယ်မိမိ မညာတမ်းဝေဖန်ဖို့ လိုမယ်လို့ ထင်မိပါတယ် ..။

အပေါ်ကပြောတဲ့ စကားမျိုးက မြန်မာ အသိုင်းအဝန်းထဲမှာ နေတော့နေတယ်…ဒါပေမယ့် ဝန်းကျင်တခုလုံးက မြန်မာအသိုင်းအဝန်း မဟုတ်ဘူး.. ဆိုလိုတာက နိုင်ငံရပ်ခြားမှာ နေကြတာများတာ..။ အဲဒီမှာ အလိုမကျတာ စိတ်နဲ့မတွေ့တဲ့ အထာမကျမူတွေ အစရှိတာကို အစပြုလို့ … မြန်မာတွေ ဟာ သိပ် စိတ်ပျက်ဖို့ ကောင်းတယ်ဆိုတဲ့ စကားမျိုး ထွက်လာတာလို့ ထင်တာပါပဲ.. ဆိုတော့ အစောက စကားကိုပြန်ကောက်ရင် ကိုယ်ကရော ဘယ်လောက်ထိ တပါးသူအပေါ် နားလည်နိုင်သလဲ.. ကိုယ်ရဲ့ စဉ်းစားချက်ကရော ဘက် (၂) ခုကို စဉ်းစားပေးတာလား..
..

ပြဿနာ တခုကို ကိုယ့်ဘက်ကချည်းပဲ ချဉ်းကပ်နေတာလား ဆိုတာ ပြန်ကြည့်ရမယ်.. ခက်တော့ခက်သားလား.. လူတယောက်နဲ့ တယောက် အဆင်ပြေ နားလည်နိုင်ဖို့ ဆိုတာ.. တော်ရုံလွယ်တဲ့ ကိစ္စတော့ မဟုတ်ဘူး ထင်ပါတယ် .. ကိုယ်ချစ်လို့ အကြောင်းပါထားကြတဲ့ လင်ယောက်ျား .. ဇနီးတောင် နားလည်အောင် မြင်အောင် မပြောနိုင်လို့ တအိမ်တည်းနေပြီး လစ်လျှူရူထားရတာတွေ… နားလည်အောင် အချိန်ယူ ကျိုးစားကြရတာတွေ အများကြီးပါ..။ သူများ ဆိုတာ တစိမ်းလူတယောက်ပဲ.. ကိုယ်နဲ့ တမိုးအောက်တည်း နေတာမဟုတ်ဘူး..။ ကိုယ်နဲ့ အချိန်ပြည့် ထိတွေ့နေရတာ မဟုတ်ဘူး… ။ သူ ခံစားနေရတာတွေ.. သူ နားလည်ထားတာ သိထားတာတွေ.. သူဖြစ်ချင်တာတွေ.. သူရဲ့ အယူအဆ အစရှိတာတွေကို ကိုယ်က ဘယ်လိုမှ မသိနိုင်ဘူး..။ ဒါကြောင့် နားလည်မှုဆိုတာ အကြောင်းကြောင်းကြောင့် လွဲနိုင်တာမလား..။ အဲဒီတော့ ကိုယ်နဲ့ အယူအဆ.. တခုခု… မတူတာနဲ့ မြန်မာတွေ က ဒီလိုပါလို့ ကောက်ချက်ချတာ လူညံ့တွေအလုပ် လို့ ဆိုရမလားပဲ..။

ကျွန်မအမြင်အရတော့ လူတယောက်ရဲ့ ကောင်းကွက်ကို ရှာတက်ပြောတက်ရသလို.. အားနည်းချက်ကိုလည်း နားလည်ပေးတက်ရင် ကိုယ့်အတွက် နဲနဲတော့ နေလို့ထိုင်လို့ ကောင်းမယ်ထင်တာပဲ..။ နောက်တခုက သူများမှာချည်းပဲ အားနည်းချက် ရှိတာမဟုတ်ပဲ ကိုယ့်ဆီမှာလည်း အားနည်းချက်… ရှိတက်တာကို သတိပြုမိတယ်… ဆိုရင်ဖြင့် အပြစ်ဆိုတာ တခြားသူအတွက် နဲနဲတော့ ပြောဖို့ ခက်မယ်ထင်တာပဲ..။

ဥပမာ ၂ ခုပေးချင်တယ်.. တခုက လက်တွေ့နဲ့ နီးစပ်တာ.. မဗေဒါ တို့က တော်လှန်ရေးဆိုတာနဲ့ပဲ နှစ်ပေါင်းများစွာ နှစ်ပါးသွားခဲ့ကြတာ.. ငွေ ရေးကြေးရေးမှသည် အခြားသော ကိစ္စများထိ ဘာမှ စကားတွေ ရှည်ရှည်ဝေးဝေး ပြောနေစရာမလိုဘူး.. လိုအပ်လား.. … ခရီးတခုတည်း အတူသွားကြတာ.. အတွေးအခေါ် တခုအောက်မှာ ရှိခဲ့ဖူးကြတာ. .ဆိုလိုတာက … ဘာမှ သိပ်မစဉ်းစားနဲ့.. အရာရာသည် ကိုယ့်ကိစ္စလို့ မှတ်ယူတာမို့ ငွေ တပဲရှိရင် တပဲသည် အားလုံးအတွက် မျှဝေချင်စိတ်ဖြစ်ခဲ့ဖူးတာ မဆန်း…။ ဒါပေမယ့် နိုင်ငံရပ်ခြားမှာ နေကြတော့ တော်လှန်ရေးသမား ဘဝနဲ့ တခြားစီဖြစ်တဲ့ ပုံစံ ( ပုံမှန်ဘဝ) များနဲ့ နေကြရပြီ.. ဆိုလိုတာက ငွေရတဲ့ အလုပ် လုပ်ရမယ်.. ဒါမှမဟုတ် ကျောင်းတက်မယ်.. အစ ရှိတာတွေနဲ့ အလုပ်များမယ်.. … ကိုယ့်ဘဝ လိုအပ်ချက် ကြောင့်ပဲ ဖြည့်စွက်ရမှာတွေ များလာတယ်… ။ တဘက်မှာလည်း ကိုယ့်လို မဖြတ်သန်းဖူးတဲ့ ဇနီးသည် ဒါမှမဟုတ် လင်ယောက်ျား ရှိမယ်ဆိုရင်ဖြင့် စကားတွေ အများကြီး နားလည်အောင် ပြောရ ဆွေးနွေးရမယ်.. ဆိုတော့.. ငွေ ပဲဖြစ်ဖြစ်.. နိုင်ငံရေး ကိစ္စ တခုခုမှာ ပါဝင်ပတ်သက်ဖို့ ဆိုတာ နဲနဲတော့ ခက်ခဲသွားမှာပါပဲ..။ အဲလို အခြေအနေမှာ ကိုယ်က တော်လှန်ရေးအတွက် ၅၀၀၀ ပေးနိုင်လို့ မောင်ဖြူ မောင်မဲက တပြားမှ မပေးနိုင်တာဟာ အပြစ်လို့ ယူဆရင်… အဲဒါ ကိုယ့်ကိစ္စပဲ ဖြစ်မယ် ထင်တာပါပဲ.. ။ သူ မပေးနိုင်တာဟာ သူ့ကိစ္စ ဖြစ်ပေမဲ့ ဒီအပေါ်မှာက ကိုယ်က လိုက်ခံစားပြီး .. သူများမပေးခြင်းအပေါ် အပြစ်လို့ ယူဆကာ အပြစ်ပြောနေမယ်ဆိုရင်ဖြင့် အဲဒီလူနဲ့ ဘယ်လိုမှ ဆက်အပ် တော့မှာ မဟုတ်တာ သေချာသွားပါပြီ..။ အဲဒီမှာမှ အဲဒီ အပြစ်ဆိုတဲ့ အခြေခံ စိတ်ကလေးနဲ့ စကားပြောကြမယ်.. ဆိုရင်ဖြင့် ဘယ်အရာကမှ နီးစပ်တဲ့ အခြေအနေကောင်းတခုဆီကို ရောက်လာမှာ မဟုတ်ပါဘူး..။ ဘာဖြစ်လို့လည်း ဆိုတော့ ကိုယ်ရဲ့ စိတ်မှာကိုယ်က ကိုယ်ပေးထားတဲ့ အမှတ်နဲ့ တန်တဲ့ အယုအဆကိုပဲ အဲဒီလူကို ပေးထားပြီးသားမို့ .. လူနှစ်ဦး ဆက်ဆံရေးကြားမှာ ကောင်းမွန်တဲ့ အနေအထားဆီရောက်ဖို့ ဆိုတာ ခက်သွားတယ်လို့ ပြောရမယ် ထင်တာပါပဲ.. ။

နောက်ဥပမာ တခု .. ဆိုပါစို့.. ကိုယ်က လူတယောက်ကို အကျိုးမျှော်ပြီး .. ကူညီမိတယ်စိုပါစို့.. ။ ကူညီကတည်းက စိတ်ထား…မသန့်တဲ့အတွက်… ကူညီပေးခံရသူဆီက မသိမသာ ပြန်လိုချင်နေတဲ့စိတ် … အလိုလို ကိန်းအောင်းပြီးသား ..။ ပြန်မရတဲ့ အကူအညီ အတွက် ငါ့တုန်းက ဒီလို သူ့ကျတော့ ဒီလို ဆိုတာမျိုးတွေ ပြောရပြီ ဆိုကတည်းက ဘယ်လိုမှ ကောင်းမွန်တဲ့ ဆက်ဆံရေးကို မဖြစ်ထွန်းစေပါဘူး.. ။

မိမိကိုယ်တိုင်က စိတ်ထား မရှင်းမလင်း ဖြစ်တာရယ်… စိတ်ထားမသန့်တာရယ်ကြောင့် သူများကို အပြစ်တင်ချင်ဇောနဲ့ မြန်မာလူမျိုးတွေ က အဲလိုချည်းးပဲ လို့ ပြောမယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ်ပဲ အရင် ရဲရဲတင်းတင်း မေးကြည့်ရမယ် ထင်တာပါပဲ..။ ကိုယ်ကရော ဘာလို့ ဒီလိုမြင်တာလည်း.. ငါကရော.. ဘာလို့ ဒီလိုမျှော်လင့် နေရတာလည်း ဆိုတဲ့ အသိတရားလေး ထည့်ပေးရင် အပစ်တင်တာနဲနဲတော့ လျော့သွားမယ် ထင် ပါတယ်..။ မဗေဒါ အမြင်ကတော့ လူမျိုးကိစ္စ မဟုတ်ပါဘူး.. ကိုယ့်ဘာသာ မရှင်းလင်းပဲ.. ဖြစ်နေရတဲ့ အတ္တစိတ်ကြောင့်သာ ဖြစ်မယ်လို့ ထင်ပါတယ်..။ အဲဒီစိတ်အခံနဲ့ လူမျိုးကို ဝါးလုံးသိမ်းရမ်းပြီး စော်ကားတာဟာ အင်မတန်မှ ညံ့လွန်းရာ ရောက်ပါတယ်.. ကိုယ့်လူမျိုးရဲ့ ချစ်စရာ စရိုက်တွေကို မေ့လျှော့ စော်ကားသလို ကိုယ့်စရိုက်ကိုလည်း လှစ်ဟရာ ရောက်ပါတယ်..။ အဆိုးဆုံးကတော့ မိမိကိုယ် မိမိ သုံးသပ်တက်တဲ့ စိတ်ခွန်အား မကျမ်းမာဖြစ်နေတာဆိုရင် ပိုမှန်မယ်ထင်တာပဲ..။

အဲလိုမဟုတ်ပဲ.. မြန်မာလူမျိုးတွေ..နဲ့ အပေါင်းအသင်း လုပ်ရတာ စိတ်ပျက်တယ်… စိတ်ကုန်တယ်… မြန်မာ တွေ … စိတ်ထားမကောင်းဖူး… အတ္တသိပ်ကြီးတယ်. ပြောမယ်ဆိုရင်ဖြင့် ကိုယ်ကိုယ်တိုင်ရော ဘယ်လို လူမျိုးလည်း ဆိုတာနဲ့.. တခြား တခြားသော ကမ္ဘာပေါ်က လူတွေ လည်း လူမို့လို့ အဲသလို ဆင်တူယိုးမှား ပြဿနာတွေ ရှိနေမယ်ဆိုတာ မျက်စိဖွင့်ကြည့်စေချင်တယ်ဆိုတာ ပြောရင်း.. မြန်မာတွေနဲ့ မပေါင်းချင်ဘူး.. စိတ်ကုန်တယ်.. လို့ ဆိုနေသူများ… ကိုယ်ကိုယ်တိုင် ပျော်ရွင်စွာ.. နေထိုင်တတ်သူများအဖြစ် … တဘက်သားကို အပြုသဘော.. နားလည်တက်သူများအဖြစ်… လူ့လောကကြီးထဲ ရပ်တည်နေနိုင် ပါစေလို့.. အားပေးရင်း.. နားပါဦးမည်..။

(မြန်မာလူမျိုးတွေရဲ့ ချစ်စရာစရိုက်များကို မြင်တက်ပါစေ.. အားနည်းချက်များကိုလည်း အပြုသဘောဖြင့် ဖြေရှင်း ပူးပေါင်းတက်ပါစေ … တပြည်တည်းသား အချင်းချင်း ချစ်တတ်သူများအဖြစ်… နေထိုင်နိုင်ကြပါစေလို့ .. ဆန္ဒပြုရင်း ။ )

စာလာဖတ်သူများ အားလုံးကို ခင်မင်စွာဖြင့် …

စာလာဖတ်သူများအားလုံးကို ကျေးဇူးတင်ပါတယ်..။

မဗေဒါ
၁၄.၁၀.၂၀၁၀

ဆက်ဖတ်ကြည့်ပါဦးနော်....

Wednesday, September 22, 2010

လူမိုက်


တကယ်တော့
ကျွန်မရဲ့ ကြမ်းတမ်းတဲ့
ခြေသံတွေ
လုံးဝ… မပျင်းလာစေချင်ဘူး….

တကယ်တော့
ကျွန်မရဲ့ တိုးတိုးတိတ်တိတ် မဟုတ်တဲ့
တောက်ခတ်သံတွေ..
ဘယ်သူမှ မကြားစေချင်ဘူး..

တကယ်တော့
ကျွန်မရဲ့ သက်ချသံပြင်းပြင်းရှည်ရှည်
ဘယ်သူ့ ကိုမှ မရိပ်မိ စေချင်ဘူး..

တကယ်တော့
ကျွန်မရဲ့ မျက်ရည်တွေ
ဘယ်သူ့ကိုမှ မမြင်စေချင်ဘူး..

တကယ်တော့
ကျွန်မရဲ့ နာကြည်းမှုတွေ..
ဘယ်သူ့ကိုမှ လှစ်ဟ မပြချင်ဘူး..။

တကယ်တော့
ကျွန်မရဲ့ ဝေဒနာ ခံစားချက်တွေကို
ဘယ်သူ့ကိုမှ မပေးချင်ဘူး..။

တကယ်တော့
ကျွန်မရဲ့ ခံစားချက်တွေကို
စာအဖြစ် မပြောင်းလိုဘူး..

တကယ်တော့…
တကယ်တော့…
တကယ်တော့
ကျွန်မရယ်လို့ ထင်ရှိနေတဲ့
ရုပ် နာမ် ၅ ပါး
ခံစားချက်အတ္တ
ထုထည်ကြီး တည်ရှိနေသ၍ …..
အစဉ်မပြတ်
တည်ရှိနေမဲ့ ပုထုဇဉ် လူမိုက်လမ်းပဲ ဖြစ်မယ် ထင်ပါရဲ့…..။

အကောင်းတွေထက် အဆိုးတွေ ကြားပြီးရင်း ကြားနေရတဲ့ သံသရာလောကကြီးထဲ တခါတရံ ဘာကိုမှ မကြား မသိချင်တော့တဲ့ ခံစားမှုတွေအတွက် ဒီစာလေးကို ရေးဖွဲ့မိပါတယ်… ရွေးကောက်ပွဲအတွက် ဓါတ်ပုံတွေ မရသေးလို့ မတင်ဖြစ်သေးပါ. …………….။

အသစ်အဟောင်း မိတ်ဆွေ သူငယ်ချင်းများ အားလုံးကို နုတ်ဆက်ပါတယ်…။ စာလာဖတ်သူများ အားလုံးကို ကျေးဇူးတင်ပါတယ်..။ ဘလော့ရေးကြတဲ့ မိတ်ဆွေများဆီကိုလည်း အရောက်လာပြီး အားပေးပါအုံးမယ်… လာပွားပါအုံးမယ်… ။


မဗေဒါ
၂၁.၀၉.၂၀၁၀

ဆက်ဖတ်ကြည့်ပါဦးနော်....

Thursday, September 9, 2010

အိမ် အလွမ်း



`အိမ် `
ဆိုတာ အကျဉ်းတန်နေခဲ့ရင်တောင်
လွမ်းကောင်းတဲ့ အရပ်ပဲ …။

`အိမ် `
ဆိုတာ… ငိုစရာ… သောကတွေ
ရစ်ဝိုင်းနေလဲ..
လွမ်းကောင်းတဲ့အရပ်ပဲ …။

`အိမ် `
ဆိုတာ လွမ်းမောစရာတွေနဲ့
ပြည့်နှက်နေလဲ…
လွမ်းကောင်းတဲ့ အရပ်ပဲ..။


`အိမ် `
ဆိုတာ တခန်းရပ်ပြဇာတ်လို..
ရင်ခုန်စရာ ရင်နာစရာ ချောက်ခြားစရာ တွေ ရှိခဲ့လဲ…
လွမ်းကောင်းတဲ့ အရပ်ပဲ..။

`အိမ် `
ဆိုတာ ဘာကြောင့်ပဲ လွမ်းလွမ်း
လွမ်းကောင်းတဲ့ အရပ်ပဲ…

`အိမ် `
ဆိုတာ ..
ဘာကြောင့်ပဲ ခွာခဲ့ကြရပါစေ…
သတိယလို့ကောင်းတဲ့အရပ်.. လွမ်းလို့ကောင်းတဲ့ အရပ် ..
သူ့ကို တည်ငြိမ်နေတဲ့ အတိတ်ရဲ့ သံသရာ ပန်းချီကားတချပ် အဖြစ် ပုံမဖော်နိုင်သေးသ၍ ပေါ့ ..။

( မြန်မာပြည်ကို ငွေမရှိပဲ ပြန်မလာချင်စမ်းပါနဲ့… လို့ ပြောလေ့ရှိတဲ့ သူငယ်ချင်းကို အကြောင်းပြုပြီး ဒီစာလေး ကို ရေးဖွဲ့မိပါတယ်..။)



စိန်ခေါ်သံကြားက တိုက်ပွဲပုံစံတွေ ပြောင်းလာတာလား

အပျက်အပျက်နဲ့ ဒုက္ခတွေတော့ များတော့မယ်ထင်တာပါပဲ…။

ငြိမ်းချမ်းရေး လို့ အမည်တပ်ပြီး အရှေ့လယ်ပိုင်း က ပြန်လာတဲ့ အီမာန် ( Imam Feisal Abdul Rauf) က ခုနကပဲ လယ်ရီကင်း အထူးသီးသန့် အင်တာဗျူးမှာ ဂရောင်းစီးရိုး ( Ground Zero ) နားမှာ အစ္စလာမ် စင်တာ (ဘုရားကျောင်း အပါအဝင်) ဆောက်ဖို့ အတည်ပြု ကာပြောသွားတယ်..(ဒီအကြောင်းအရာ အငြင်းပွားတာကို ပဲ လယ်ရီကင်းမှာ ဆွေးနွေးခဲ့တာ ကျန်ခဲ့တဲ့အပါတ် တင်ဆက်တာကိုလည်း ကြည့်ရပါသေးတယ်… အမေရိကန် အစ္စလာမ် မဟုတ်တဲ့ သတင်းသုံးသပ်သူ…ပရော်ဖက်ဆာ ငယ်ငယ်ရွယ်ရွယ် ၂ ယောက်ကလည်း ဘာသာရေး လွတ်လပ်ခွင့်ဆိုတဲ့ သဘောတရားကို ဆုပ်ကိုင်ပြီး… ဗလီ ဆောက်ဖို့ ဖက်ကနေ ဆွေးနွေးသွားတာပါ.. ။ ) ဒီနေ့တော့ မေးခွန်းမေးတဲ့သူကလည်း အင်တာဗျူးတာနဲ့ မတူဘဲ.. စစ်ကြောရေး လုပ်နေသလိုပဲ စိတ်တိုပြီး မေးမြန်းနေလေရဲ့.. (သဘောက တို့မြေပေါ်မှာ လူပေါင်း များစွာအကြောင်းမဲ့ သေခဲ့ရပြီ.. အခုလည်း အသတ်ခံရသူတို့ကို စော်ကားသလို ဘာသာရေးကို အသုံးချ ဖို့ လုပ်နေတာကို လုံးဝ မကျေနပ်တဲ့ပုံပါပဲ.. နောက် အမေရိကန် ၇၁ ရာခိုင်နှုန်းက ဒီလိုတည်ဆောက်မှုကိုလည်း သဘောမတူတာ ပြောသွားပါတယ်..။ ) နောက် အစ္စလာမ်ဟာ တခြားဘာသာဝင်တွေ ပျက်ဆီးမှ သူတို့ငြိမ်းချမ်းရေး ဆိုတဲ့ အင်တာဗျုးကိုလည်း ပြပါသေးတယ်..။ အီမာန်ကတော့ ဒီလို မမှန်ကန်တဲ့ ဟောပြောချက်တွေကို မှားတယ်လို့ ပြောဆိုသွားပါတယ်..။

အီမာန်ကလည်း ဒီစင်တာ တည်ဆောက်ရခြင်းဟာ ငြိမ်းချမ်းရေး သဘောဆောင်တဲ့ အခြေအနေ.. ပေါင်းစည်းရေး.. စည်းလုံးရေး.. အဓိကကတော့ အမေရိကန် လုံခြုံရေး ဟာ အင်မတန် အရေးကြီးကြောင်း ပြောသွားပါတယ်..။ အစ္စလာမ် စင်တာ တည်ဆောက်ဖို့ သန်း (၁၀၀) နဲ့ ဆောက်ဖို့ လျာထားကြောင်း ပြောသွားတယ်.. ငွေတွေ ဘယ်က ရမလဲလို့ မေးတော့ နေရာပေါင်းစုံက ဖြစ်မယ်.. (ဟားမက်) ဆီကလည်း ပါမယ်ဆိုတဲ့ သဘော ပြောပါတယ်..။ ဟားမက် ဆိုတာကလည်း အမေရိကန်အစိုးရရဲ့ အကြမ်းဖက် အုပ်စု စာရင်းထဲ ပါ လို့ စဉ်းစားစရာတွေ တော့ များနေပါတယ်..။ ၉/ ၁၁ မှာ ခံခဲ့ရတဲ့သူတွေဘက်ကလည်း ဘယ်လိုမှ အခုလိုမျိုး ဆောက်လုပ်မှာကို ဟဒယ တွေ့မှာ မဟုတ်တာတော့ အသေအချာပါပဲ..။ နောက် အဲဒီဝန်းကျင်မှာပဲ အစ္စလာမ် ဘုရားကျောင်း ၂ ကျောင်း ရှိပြီးသားဖြစ်လို့ အခုလို အစ္စလာမ်အကြမ်းဖက်သမားတွေ အသေခံတိုက်သွားလို့ သေသွားတဲ့ နေရာနားမှာ ဘုရားကျောင်း ထပ်ဆောက်ဖို့ ဘယ်လိုမှ သဘောတူ နိုင်မှာ မဟုတ်ဖြစ်နေတယ်… ။ နှစ်ဘက်စလုံးကတော့ အတော်လေးကို တင်းမာ နေတဲ့အချိန်ရောက်နေပါပြီ..။

တခါ မနေ့ကပဲ ဂျာမဏီ သမ္မတ ကလည်း ဒိန်းမိတ်က မိုဟာမက် ပုံ ဆွဲခဲ့တဲ့ သတင်းသမားကို ဆုပေးဖို့ ပြောပြန်ပါတယ်..။ အခုလည်း ဖလော်ရီဒါက တယ်ရီကလည်း အစ္စလာမ်တွေရဲ့ ကျမ်းစာအုပ်ကို လာမဲ့ စနေနေ့မှာ မီးရို့ပစ်မယ်ဆိုကာ ကျမ်းစာအုပ်တွေကို စုံပုံထားတာတွေ့ပါတယ်..(အိုဘားမားက သူ့လုပ်ရပ်ကို လုံးဝ ရူတ်ချပါတယ်လို့ ပြောသွားပါတယ်..) သူ့လုပ်ရပ်ဟာ အစ္စလာမ် တိုင်းပြည်ထဲ ရောက်နေတဲ့ အမေရိကန်စစ်သားတွေ အတွက် အန္တရယ် ရှိပါတယ်.. ဘယ်လိုမှ ပြေလည်မှုကို မဖြစ်စေဘူးဆိုတဲ့ ပြောဆိုမှုအပေါ် နားမထောင်တော့ပဲ မီးရို့ဖို့လုပ်နေပြန်ပါပြီ..။

မဗေဒါ စဉ်းစားမိသလောက်တော့ မပြီးပြတ်သေးတဲ့ ပြဿနာများကြား.. လူတွေ မသေသင့်ပဲ သေကြေပျက်ဆီးတော့မယ်လို့ မှန်းဆမိပါတယ်..။ ဘယ်ဘာသာကမှ… အစွန်းရောက်တာ အကြမ်းဖက်တာတွေ… ရန်လိုတဲ့ အပြုအမှုတွေကို အားပေးတယ်လို့ မယူဆပါဘူး.. သို့ပါသော်လည်း ဘာသာကို အသုံးချပြီး အစွန်းရောက်နေသမျှ ကာလပတ်လုံး သူတို့ ယုံကြည်ရာ ဘုရားများ ပြောတာကို ဆန့်ကျင်နေဆဲ ဖြစ်မယ်လို့ ယူဆရပါတယ်..။ ဘုရားများရဲ့ ဟောခဲ့သမျှကို ပြောင်းပြန်လုပ်နေသူတွေ… ဘုရားဟောတွေနဲ့ ဆန့်ကျင်ပြီး သတ်ဖြတ်.. မုန်တီးရေး.. တွေဟာဖြင့် ကမ္ဘာကြီးအတွက် အကျိုးယုတ်စေတဲ့ အကျည်းတန်မှုတွေကိုပဲ ဖြစ်စေတယ်လို့ ယူဆရင်း တီဗွီက လာနေတာတွေကို ကြည့်ရင်း စိတ်မကောင်းကြီးစွာဖြင့် ဒီစာစုလေးကို ရေးတင်ပါတယ်..။ တပါတည်း မဗေဒါ ရောက်ဖူးခဲ့တဲ့ ဂရောင်းဇီးရိုး (၆) လပြည့် မှာ မှတ်မှတ်ယယ ရိုက်ထားခဲ့တဲ့ ပုံလေးကိုလည်း တင်ပေးလိုက်ပါတယ်…..။









မဗေဒါ (၈၈)
၀၆.၀၉.၂၀၁၀


ဆက်ဖတ်ကြည့်ပါဦးနော်....

Monday, September 6, 2010

ရွာလူဂျီးများ ကြွလာပြီ။ ကြွေပဂံ ယူခဲ့ပါ။


အခုတလော စိတ်ထဲမတွေ့တဲ့ မြန်မာစကားပြောသံ.. တင်ပြသံတွေ နဲနဲကြားမိတော့ စဉ်းစားစရာတွေ များများလာတယ်..။ မြန်မာလို တင်ဆက်နေတဲ့ ရေဒီယိုလိုင်းတခုက ဆိုရင် `ကြိုးကြား ပစ်ခတ်မှု` ကို အဲဒီ စာအတိုင်းပဲ အသံမပြောင်းပဲ ဖတ်သွားတော့ အော် ဒို့ဗမာလူကြီးတွေလည်း ငယ်ငယ်က သင်ခဲ့ရတာ.. တွေ မေ့လို့လား.. တိုင်းတပါးစာတွေ ဖတ်ရလွန်းလို့ မြန်မာစကားအသိ တွေ ဆင်းရဲသွားတာလား.. သတိမထားမိတာလား ဒါမှမဟုတ် အလုပ်ကို တော်အိလျော်အိ လုပ်နေတာလားလို့ စဉ်းစားမိတော့ အိမ်က ကျေးဇူးရှင်လေးကို နဲနဲ ဒေါသပြေသွားတယ်..။ အိမ်က ကျေးဇူးရှင်လေးကို မြန်မာစာ သင်ပေးနေတော့ သူမေးတဲ့ မေးခွန်းတွေကို ဖြေဖို့ရာ ကျိုးစားအားထုတ်ရင်း …. ဒီပို့စ်ကို ရေးမိတာပါ..။

သားသားကို မြန်မာစာ သင်ပေးတဲ့ ထဲက စာပိုဒ် တခု ကို ဖတ်ကြည့်စေချင်ပါတယ်..

ရွာလူကြီးများ ကြွလာပြီ။
ကြွေပန်းကန် ယူခဲ့ပါ။
ကျွဲကောသီး ထည့်ထားပါ။
ကျွေးမွေး ပြုစု ပါရစေ။


မြန်မာပြည်က လမ်းညွန်ထားတဲ့ ပုံမုန်စာသင်ပုံအရ ဆိုတော့ `သင်ခန်းစာ` က စာတွေကို အရင်ဖတ်ခိုင်း ရှင်းပြပေးထားပါတယ်..။ ပြီးရင် ညွန်ကြားထားတဲ့အတိုင်း `လေ့ကျင့်ရန်`ကို အထပ်ထပ် နားလည်အောင် ရှင်းပြပြီးမှ `ဖတ်စာ` ကို ဆိုခိုင်း ပါတယ်..။ အားလုံး နားလည်မှ စာတပုဒ်လုံးကို စာလုံး ပြန်ပေါင်းပြီး ခပ်သွက်သွက်လေး ဆိုခိုင်းပါတယ်.. ။ သားကလည်း သူ့ကို သင်ထားတဲ့အတိုင်း ဖတ်ပါတယ်..။ ဖတ်ပုံက ရေးထားတဲ့ အတိုင်းပဲ ဖတ်ပါတယ်..။ အသံ မပြောင်းပါဘူး..။ ဒီစာဟာ ဒုတိယအကြိမ် တတိယအကြိမ် ပြန်သင် ပြန်ချ ပေးနေတာဆိုတော့ အသံထွက် တာ မမှန်တော့ နဲနဲစိတ်တိုပါတယ်..။ ဒါပေမယ့်လည်း သူရဲ့ နေ့စဉ်ဘဝက မြန်မာစာ (စကား) နဲ့ ဝေးနေရတဲ့အပေါ်မှာရော.. ကျွန်မတို့ကိုယ်တိုင်လည်း စိတ်ရှည်ရှည် နဲ့ နေ့စဉ်နေ့တိုင်း သေသေချာချာ အချိန်ယူပြီး စာမသင် ပေးနိုင်တာကြောင့် ` သားကို မေမေပြောတာ ဖတ်ရင် အသံ..ရေးရင် အမှန် လို့ပြောထားတယ်မလား.. ပြန်ဆိုမယ် အတူတူ ` ဆိုကာ


`` ရွာလူချီး (ဂျီး) များ ကြွလာပြီ။
ကြွေ (ပဂံ )ယူခဲ့ပါ။
ကျွဲကောသီး ထည့်ထား (ဘာ)။
ကျွေးမွေး ပြုစု ( ပယစေ).. ``ဆိုတဲ့ အနီးစပ်ဆုံး အသံမှန်ကို ထွက်ပြရပါတယ်..။

သားက သူ့ကို နဲနဲ စိတ်တိုတော့ သိတော့ ဘာဖြစ်လို့ အသံပြောင်းသွားရသလဲ ဆိုတာကို ထပ်မေးပါတယ်..။ ပြောချင်တာက သားသား မေမေရှင်းပြတာတွေ မမှတ်မိတော့ဘူးပေါ့..။ ဒီတော့ သူ နေ့စဉ် သင် (ဖတ်) နေရတဲ့ နော်ဝေး ဘာသာက အသံပြောင်းသွားတဲ့ ပုံစံနဲ့ နဲနဲ နှိင်းယှဉ်ပြောပြ ရပါတယ်..။ ကျွန်မအဖြေကို သိပ်မကျေနပ်တာ ကျွန်မသိပါတယ်.. သူနားမလည်တဲ့ မသင်ရသေးတဲ့ နာမ်..ကြိယာ.. နာမဝိသေသန တွေ (ဗျည်း.. သရ အသံ) ထွက်တွေပေါင်းတဲ့အခါ ထွက်တဲ့ .. သံနုံ့.. သံပြင်း ဆိုတာတွေနဲ့ ဘာသာရပ်ဆိုင်ရာ စကားလုံးတွေကိုပဲ နားလည်သလောက်ရှင်းပြ ရမလား အစ ရှိသဖြင့် တွေးမိပါသေးတယ်..။ ဒီလိုကျတော့လည်း ကလေးက နားလည်ပါ့မလား.. ။

တကယ်တော့ ကျွန်မတို့ ငယ်ငယ်ကလည်း ဆရာများ မိဘများက` ဖတ်ရင် အသံ ရေးရင် အမှန်`လို့ပဲ တိုတို တုတ်တုတ် ရှင်းပြ ခဲ့တာ မို့ အဲဒီထက် ပိုမသိခဲ့ပါဘူး..။ သား သာ မြန်မာ အသိုင်းအဝိုင်းထဲမှာသာ ကြီးရင် ဒီလို ရေးထားရင် ဒုတိယ အပိုဒ်က အသံမျိုး ထွက်ရမယ်ဆိုတာ သိပ်ရှင်းပြစရာ သိပ်မလိုပါဘူးလို့ ထင်တာပဲ..။ ဆိုလိုတာက မိဘ.. ဆရာ နဲ့ သူ့အသိုင်းအဝန်းက ပြောနေတာတွေကို နေ့စဉ်နေ့တိုင်း ကြားရင်ဖြင့် အလိုလို သိသွားမယ် ထင်တာပဲ.. ။ အရှည်ကြီး စိတ်ညစ်ခံပြီး ရှင်းပြ မနေရတော့ဘူးပေါ့..။ အခုတော့ဖြစ်… `မြေဖြူ `ဆိုတာ မရင်းနှီး.. `အကြွေး` ဆိုတာကို နားမလည်… `အားရ ပါးရ ` ဆိုတဲ့ စကားလုံး ကို ရယ်စရာ အဖြစ် သဘောကျနေတဲ့ ကျွန်မ သားကို တခါတရံ သနား တခါတရံ ဒေါသထွက်ရ ..အချိန်တွေ အကြာကြီး မြန်မာလို နော်ဝေးလို ပေါင်းရှင်းရ နဲ့ ဖြစ်နေတာပါပဲ..။

အခုတော့ သူဖတ်နေတဲ့ အသံ … စကားပြောဟန် တွေဟာ မြန်မာစာ မတက်တဲ့ ဒါမှမဟုတ်လည်း တက်ကာစ နိုင်ငံခြားသား တယောက် ပြောနေသလို ဖြစ်နေတော့ တခါတလေ တော်တော်လေး စိတ်တို ရပါတယ်..။(တခါတလေတော့လည်း ချစ်စရာကောင်းပြန်ပါတယ်.. ဥပမာ ထမင်း ဝပြီးလား .. ယူအုံးမလားလို့မေးရင်.. `ယူအုံးတော့ဘူး ` လို့ ပြန်ဖြေရင် ရယ်ချင်ပါတယ်..။ အဲသလို ပြန်ဖြေတာကြားတိုင်း သူ့အဖေက ပြန်ပြင်ပေးပါတယ်.. `မယူတော့ဘူး` ပြောရတယ်ပေါ့.. ဒါပေမယ့်လည်း သူက အမြဲပြန်ဖြေတာက `ယူအုံးတော့ဘူး` .. ပါပဲ.. သူ့အတွက် အဲဒါကို အမှန်လို့ ထင်နေပုံရတယ်.. ဒါမှ မဟုတ်လည်း ဆိုလို့ကောင်းတယ် ထင်တာပါပဲ..။ ) ဒါပေမယ့်လည်း စာသင်တဲ့အချိန်မှာ အမှားတွေ ဆိုရင် အတော်လေး စိတ်အနှောင့်အယှက် ဖြစ်မိပါတယ်..။ တကယ်တော့ သူ့မှာ အပြစ်မရှိပေမဲ့.. ကိုယ်ပြောထားတာတွေ မသိရ မမှတ်ရ ကောင်းလား ဆိုကာ စိတ်အလိုမကျ ဖြစ်ရခြင်းက တော်တော်လေး မကောင်းတဲ့ အကျင့်ဆိုးလို့ပဲ သတ်မှတ်ရမလား.. ကိုယ် မပေးနိုင်တဲ့ ဆင်းရဲတဲ့ အချိန်တွေအတွက်… ပဲ အားမလိုအားမရဖြစ်ရမလား… မြန်မာ့ အသိုင်းအဝန်းထဲ ကလေးကြီးပြင်းခွင့် မရတာကိုပဲ စိတ်တိုရမလား…လို့ တွေးတေားရင်း ..မရေးဖြစ်ခဲ့တဲ့ တပါတ်စာ အတွက် ပို့စ် တင်ပါတယ်ရှင်..။

စာလာဖတ်သူများ အားလုံးကို ကျေးဇူးတင်ပါတယ်လို့..။


မဗေဒါ (၈၈)
၀၆.၀၉.၂၀၁၀

ဆက်ဖတ်ကြည့်ပါဦးနော်....

Sunday, August 29, 2010

မြန်မာစာကို အထူးပြု သင်ပေးတဲ့ ရှေ့နေဆရာ ကောင်လေးတယောက်

`ချေးဌား ` ဆိုတာကို `ချီးဌား` လို့ရေးလို့ လှောင်ပြော နောက်သွားတဲ့ ကောင်လေးတယောက် ကျွန်မ အစဉ်မှတ်မိနေပါတယ်..။ ကျွန်မဆီကို သမီးအရွယ် နဲ့ အသက် သိပ်မကွာတဲ့ ကလေး (၃ ) ယောက် အမြဲမဟုတ်တောင် မကြာခဏ လာလည်လေ့ရှိပါတယ်.. နှစ်ယောက်က မြန်မာပြည်ထဲက ကျန်တယောက်က နိုင်ငံခြားမှာ ပညာသင်နေတဲ့ မျက်မှန်ထူထူ လေး တပ်ထားပါတယ်ဆိုတဲ့ ကလေးတယောက်..။ ကလေး ၃ ယောက်စလုံးက ရင်းရင်းနှီးနှီးနဲ့ ကျွန်မကို နောက်တက်လှောင်တက်ကြပါတယ်..။ သူတို့နောက်သမျှ စသမျှ ဟာလည်း ချစ်စရာကောင်းသလို ကျွန်မကိုယ်တိုင်ကလည်း နောက်တက်ပြောင်တက်တဲ့သူ ဖြစ်တာမို့ တခါမှ စိတ်အနှောင့်အယှက် မဖြစ်မိပါဘူး..။

အဲဒီထဲက တယောက်ကတော့ အသက် ( ၂၁) နှစ် ပြည့်တော့မှာဖြစ်သလို ဘလော့ ရေးတာလည်း ၁ နှစ်ပြည့်ပါပြီ .... သူကတော့ မိုးကုတ်သားလေး မောင်ကိုကိုးအိမ် ပါ.. ။ ကျွန်မ မှတ်မိသလောက်တော့ ဘလော့ လုပ်ကာစက သူငယ်ချင်း မငယ်နိုင်က လျှောက်လည်ရတယ် ပြောတာရော.. ကိုယ်ကိုယ်တိုင်လည်း တချို့စာတွေ သဘောတွေ့တာကြောင့် လည်ရင်းပတ်ရင်း မောင်ကိုးအိမ် ဆီ ရောက်ခဲ့ပါတယ်.။ ဒီနောက်တော့ ပုထုဇဉ် တို့ရဲ့ ထုံးစံအတိုင်း ခင်ခဲ့ သံယောဇဉ် ဖြစ်ရပါတယ်..။

သားသမီး.. တူသားအရွယ်..ဆိုပေမယ့် ဒီခေတ် ကလေးတွေ နိုင်တဲ့ဝန်တွေထမ်းရင်း သူတို့မြင်တာတွေး ခံစားရတာတာလေးတွေ ဗဟုသုတ ဖလှယ်တာတွေကလည်း စိတ်ဝင်စားစရာတွေ အများကြီးနဲ့ပါ..။ မောင်ကိုးအိမ် ရဲ့ စာတွေ ကို သွားသွားဖတ်နေတဲ့ အချိန်က မြန်မာပြည်မှာ နွေခေါင်ခေါင်ကြီးထဲ လူတွေ ဒုက္ခခံစား ရတာလေးတွေ သူရေးတင်ပေးတာကို ဖတ်ပြီး စိတ်မကောင်းဖြစ်ရပါတယ်..။ လူတွေရဲ့ ဒုက္ခတွေကို ရေးပြတက်သလို သူကြုံခဲ့ရတဲ့ အတွေ့အကြုံ သီချင်းဆိုတာမျိုး.. ကျွန်မ စိတ်ဝင်စားတဲ့ ပုလဲ.. ကိစ္စမျိုး.. ဘာသာရေး ကိစ္စနဲ့ အခြားသော ဗဟုသုတ များ ရေးထားတာတွေကလည်း ဗဟုသုတ အဖြစ် အကျိုးများစေပါတယ်..လို့ မြင်မိပါတယ်..။ စာရေးရင် ရိုးရိုးပဲ ရေးသလို သူရေးထားတဲ့ ပို့စ်တခုမှာ ဘာသာရေးစာပေတွေ စိတ်ဝင်စားတယ်ဆိုတာ ရယ်.. မဟုတ်တာ လုပ်ရမှာကို ကြောက်တဲ့ စိတ်ထားတွေ ဖော်ပြထားတာ တွေ့ရတော့ ` အော်.. စိတ်ထားကောင်းကို ဘာသာက သင်ပေးတာ.. ငယ်ရွယ်ပေမဲ့.. သူလက်ခံနာလိုသားပဲ ` လို့ ချီးကျူးမိပါတယ်.. .. ဖြူစင်တဲ့ ကလေးတယောက် အဖြစ် မြင်မှတ်မိ သလို မိခင်ရဲ့ ဂုဏ်ကိုလည်း နားလည်တက်သူ အဖြစ် လေးစားမိပါတယ်..။ ဒါကြောင့် မောင်ကိုးအိမ်ကို တခု ပြောချင်ပါတယ်.. အခုအရွယ်မှာ ထားနိုင်တဲ့ စိတ်ထားမြတ်တွေကို ဘဝမှာ ဘယ်လိုအခြေအနေတွေပဲ ရောက်ရောက် သယ်ဆောင်ယူသွားနိုင်ပါစေ..လို့ပါ..။ ရိုးသားခြင်း.. ဖြူစင်ခြင်း.. သဘောထားကြီးခြင်း.. မေတ္တာထားနိုင်ခြင်း… စတဲ့ ကောင်းမွန်တဲ့ စိတ်ထားမှန်သမျှဟာ တခါတရံမှာ လုပ်ယူမွေးယူ ရသလို ရှိရင်းစွဲ စိတ်ဓာတ် စိတ်ထားကောင်းတွေကို ဆက်လက် သယ်ဆောင် သွားနိုင်ပါစေလို့ ဆန္ဒပြုပါတယ်..။

ရှေ့နေဘာသာနဲ့ ကျောင်းပညာတွေ သင်ကြားခဲ့ပေမယ့် စာရေးတာ.. ဖတ်တာ ဝါသနာ ပါတဲ့ မောင်ကိုးအိမ်က အခုတော့လည်း ပညာနဲ့ လွဲနေတယ်လို့ ထင်ရတဲ့ အသံလွင့်ဌာန မှာ အလုပ်လုပ်နေပြန်သတဲ့..။ အဲဒီအတွက် ကျွန်မမှာ မေးခွန်း ၂ ခုရှိပါတယ်.. ဘာဖြစ်လို့ အဲဒီအလုပ်ကို လုပ်နေရတာပါလဲ.. အရင် အသံလုပ်ငန်းကိစ္စ အခံနဲ့ ဆက်စပ်ပြီး သဘောကျလို့လား.. ရှေ့နေလုပ်ငန်းက အခုအရွယ်မှာ ဝင်တိုးရ ခက်လို့လား ဒါမှမဟုတ် အလုပ်သင်ရှာရ နေရာခက်လို့လားဆိုတာပါ..။ သူမဖြေခင် ကျွန်မသိတဲ့ ရင်ထဲက စကားအချို့ ပြောကြည့်ချင်ပါတယ်..။ ကျွန်မခင်တဲ့ အသိုင်းအဝန်းလေးတွေ နဲ့ ဆက်စပ်ပြီး သိရတာကတော့ မြန်မာပြည်မှာ သင်ထားတဲ့ အတန်းပညာနဲ့ အမြဲလွဲနေတဲ့ လုပ်ငန်းကိုပဲ နှစ်များစွာ ဘာကြောင့် လုပ်နေကြရတာလဲ ဆိုတာပါ..။ နောက်ပြီး ဒီလိုဖြစ်အောင် ကာယကံရှင် တွေ ကိုယ်တိုင်ရွေးချယ်တာလား.. ဒါမှမဟုတ် အခြေအနေက အဲသလိုပဲ ဖန်တီး ပေးတာလား.. ဒါမှမဟုတ် ကိုယ် စတင်ပညာသင်ကြားကတည်းက ကိုယ်မကြိုက်ပဲ သင်ယူခဲ့တဲ့ ကျောင်းပညာ ဘာသာမို့ အသက်မွေးဝမ်းကြောင်း အလုပ်တခုအဖြစ် စိတ်မဝင်စားတာလား ဆိုတာပါ..။ မဗေဒါ တကယ်ကို သိချင်တာကြောင့် အခုလို တကူးတက မေးချင်းလည်းဖြစ်ပါတယ် မောင်ကိုးအိမ်..။ နောက် အဲဒီလို လူတွေ နီးနားဝန်းကျင်မှာ အများကြီးလား… ဆိုတာပါ..။

မိဘတွေ လက်ထပ်ကတည်းက ပြောလေ့ရှိတာရော မြင်ဖူးတာရောရှိပါတယ်.. ဘွဲ့ရ လူ ဆိုက်ကားနင်းတယ်ဆိုတာပါ.. အဟုတ်ဖြစ်ခဲ့တာပါ.. အခုခေတ်ကြီးထဲတော့လည်း မသိပါဘူး..။ ဒါပေမယ့် ကျွန်မသိတဲ့ မောင်ကိုးအိမ်ကတော့ ဆိုက်ကား မနင်းပေမဲ့ သူ့ပညာနဲ့ လွဲနေတဲ့ အသက်မွေးဝမ်းအလုပ်အတွက် ဘလော့ ၁ နှစ်ပြည့်မှာ မေးချင်တဲ့ ဘွားဗေရဲ့မေးခွန်းပါ.. ။ ပြောလို့ ဖြေလို့ရရင် ဖြေစေချင်ပါတယ် မောင်ကိုးအိမ်..။

မောင်ကိုးအိမ် ကျမ်းမာရေးတွေ ကောင်းပြီး.. ကိုယ့်အတွက် မိသားစုအတွက် နောက် လူ့အဖွဲ့အစည်းအတွက် နိုင်ရာ တာဝန်တွေ ထမ်းနိုင်တဲ့ ကလေးတယောက် ဖြစ်ပါစေလို့ အစဉ် ဆန္ဒပြုပါတယ်..။


( ဒီစာကို ကျန်ခဲ့တဲ့ သောကြာနေ့ကတည်းက ရေးထားပေးပါတယ်.. မအားလို့ ပြန်မကြည့်နိုင်တာကြောင့် အခု အိပ်ယာကထထချင်းမှာ နဲနဲပြန်စစ်ပြီး တင်ပေးပါတယ် မောင်ကိုးအိမ်ရေ.. လိုင်းပေါ်လာတိုင်း ဘွားဗေကတနေရာ.. ဖြစ်နေတက်တာကိုလည်း တခါတည်း တောင်းပန်ပါတယ်..။ မွေးနေ့ ၂ ခုအတွက် ဘွားဗေရဲ့ တခုတည်းသော လက်ဆောင်မွန်ဖြစ်ပါတယ်…။ )

ဘွားဗေ
၃၀.၀၈.၂၀၁၀




ဆက်ဖတ်ကြည့်ပါဦးနော်....

Thursday, August 26, 2010

သတင်းခေတ် ထဲက ကျွန်မရဲ့ ကျေးဇူးရှင်

တနင်္လာနေ့က သားသားကျောင်း (အားလပ်ချိန်) ကလေးထိန်းတဲ့ နေရာက ဖုန်းခေါ်လာတော့ ကျွန်မ ယောက်ယပ်ခတ်မိသွားတယ်.. ဘာဖြစ်လို့ပါလိမ့်.. ဒိန်းခနဲ ဒိန်းခနဲပဲ.. တခါတလေ မတော်တဆ တွေက ဖြစ်တက်တယ်မလား..။ ဘုရား တ ပြီး ဖုန်းကိုင်တော့ `.. ဟလို.. ငါ .. ပါပေါ့..။ မင်းတို့သား.. မင်းခန့် ပြောတာက သူ့ခေါင်းမှာ သန်းတွေ ရှိတယ် ` တဲ့..။ ကျသွားတဲ့ အလုံးနဲ့အတူ ` ဟင် မဟုတ်ရပါဘူး.. ဒါပေမယ့် သန်းဥ တော့ ရှိနေတယ် ..စိတ်မပူပါနဲ့ ငါတို့ သေသေချာချာလေး နေ့တိုင်း လျှော်ပေးနေတယ် ` ဆိုပြီး .. အပြန်အလှန် စကား ပြောဖြစ်တယ်.. စကားတွေ ပြောရင်းနဲ့ ဟိုဘက်က အမျိုးသမီးက ခေါင်းကို ရိုးရိုး လျှော်လို့ မရဘူး.. အစ ရှိသဖြင့် .. ပြောကာ အဆုံးမှာတော့ ကလေးကို စောစောလာကြိုဖို့ရယ်…အကယ်၍ ခေါင်းကို ညွန်ကြားတဲ့အတိုင်း သာ မလုပ်ခဲ့ရင် ကလေးမနက်ဖြန် ကျောင်းတက်ခွင့် မရှိတော့ကြောင်း နဲ့ ကျန်ခဲ့တဲ့ အပတ်က တချို့ကလေးတွေ သန်းရှိလို့ အိမ်ကို ပြန်ပို့ခံခဲ့ရကြောင်း ပြောလာတော့.. ဒီလောက်တောင် ကြီးကျယ်ခမ်းနားနေရသလားဆိုကာ စိတ်တော့ နဲနဲ တိုမိပါတယ်..။ နောက်ဆုံးတော့ သားသားကို အိမ်စောစောပြန်ဖို့ စီစဉ်ရပါတယ်..။

စိတ်တိုတာ ပြီးသွားတော့ သားသားကို သွားကြိုရပါတယ်.. သူက လိုင်းကား စီးပြန်လာတော့ သူဆင်းမဲ့ ဂိတ်မှာ စောင့်နေခဲ့တယ်..။ ကားပေါ်က သူဆင်းလာတော့ `ကဲလာ အမေတို့ ဆေးဝယ်မယ် `ဆိုပြီး ဆေးရုံထဲကို သွားကြတယ်…။ နံပါတ်စဉ် တိုကင် အပိုင်းလေး ယူပြီး အလှည့်ကို စောင့်ရပါသေးတယ်..။ ဟိုရောက်တော့ `ငါ့သားလေးခေါင်းမှာ သန်းတွေ ရှိနေလို့ လိုအပ်တာတွေ ပြောပါ ရောင်းပါ`လို့ ပြောရပါတယ်.. ဟို ကလည်း အထဲကိုဝင်သွားကာ ဆေး သွားရှာနေပါတယ်.. ၂ မိနစ်လောက်နေတော့ ဒါက သန်းကျအောင် ဖီးတဲ့ ဘီး…. လို့ခေါ်ပါတယ်.. ဒါကတော့ မင်းသားရဲ့ ခေါင်းကို (၁၂) နာရီကြာ လိမ်းထားရမဲ့ ဆေး ဆိုကာ ရှင်းပြပါတယ် .. ဆေးသုံးတဲ့အခါ ညရောက်ရင် ခေါင်းအုံးတွေ မစွမ်းရအောင် တခုခု ခံထားပါပေါ့.. ကိုယ်လည်း နာရီတွေ တွက်ပြီး အေး ဒါဆိုရင် ၁၂ နာရီပြည့်ရင် ခေါင်းကို လျှော်လို့ ရပြီလားလို့ .. ဟိုကလည်း ရပါတယ်…။ ကျေးဇူးပါ ပေါ့.. ။ အမယ် ကျသင့်ငွေလည်း ပြောရော နဲနဲတော့ လန့်သွားတယ်.. စုစုပေါင်း ၂၃၀ လောက်ကျတယ်.. အမယ်လေးဟဲ့ မြန်မာပြည်မှာသာဆို ရိုးရိုးဘီးစိပ်လေးနဲ့ ဖီးရင် ပြီးကြတာပဲမလား.. ငွေကို ကုန်စရာ အမြဲရှိနေတာပဲဆိုကာ စိတ်ထဲ ရေရွတ်နေမိတာပဲ..။

တမှုရှင်းသွားပြီဆိုကာ ဆေးဆိုင်ကထွက်လာတော့ ကဲ သားရေ သားကားလတ်မှတ်ကုန်နေပြီဆိုကာ မျက်နှာချင်းဆိုင် ဈေးဆိုင်မှာ… ကားလတ်မှတ်ဝင်ဝယ်ရပါတယ်.. လတ်မှတ်ဝယ်ရင်း ဟော့ဒေါ့စားမယ်ပြောတော့ ဝယ်ကျွေးရပါသေးတယ်..။ အဲဒီမှာလည်း စုစုပေါင်း ၁၇၀ ကျပါတယ်..။ သားလွယ်အိတ်လေး ဝိုင်းကူလွယ် ပေးရင်း သားကို နားလည်အောင် ပြောပြရတယ်.. သားခေါင်းမှာ သန်းမှ မရှိတာ သား.. ဘာဖြစ်လို့ အဲလို သွားပြောတာလဲလို့မေးတော့ ကျွန်မကို အစားစားနေရင်း `သန်းဥ ရှိတာ သန်းရှိလို့` ပေါ့ လို့ အကြောင်းပြန်တယ်..။ ဆက်မေးတာလည်း ကြိုက်မဲ့ပုံ မရှိတာရယ် ကလေးအစားစားနေရင်း အပြစ်တင်တာတွေ မလုပ်ချင်တာရယ်.. ကျောင်းက လိုအပ်လို့ လုပ်တာပဲ လို့ စိတ်ထဲမှတ်ယူကာ သားအမိ ၂ ယောက် အိမ်ပြန်လာကြတယ်..။

အိမ် ပြန်လာပြီး သိပ်မကြာဘူး.. ယောက်ျားက ဖုန်းဆက်လာတယ်.. မိန်းမ ဘယ်မှာလည်းပေါ့.. အိမ်မှာပဲ .. သားသားကို သွားမကြိုရတော့ဘူး ဆိုတော့ သူလည်း အံ့သြ သွားတယ်.. ဘာဖြစ်လို့ သူ အိမ်ရောက်နေတာလည်းတဲ့.. အိမ်ရောက်မှ ပြောတော့မယ်လို့.. ဘာမှ မဟုတ်ဘူးလို့ တပါတည်း စိတ်အေးအောင် ပြောရသေးတယ်..။ ချစ်ချစ်အိမ်ရောက်တော့ ကို့သားက ဆရာကြီး.. ခေါင်းမှာ သန်းရှိတယ်ပြောလို့ ဟိုက လှမ်း ဖုန်းဆက်တယ်.. အဲဒါ သွားကြိုပြီး ဆေး ဝယ်ရတယ်.. ကားလတ်မှတ်လည်း တခါတည်း ဝယ်လာတယ်… ဆိုကာ နိဒါန်းချိ တော့ ယောက်ျားက သားသားကို ` မင်းမှာ သန်းရှိတယ်လို့ ဘယ်သူ ပြောလဲပေါ့..` ` သန်းဥက သန်းက လာတာ့.. နောက် ဒီသန်းဥ တွေကို ရိုးရိုး ခေါင်းလျှော်ရည်နဲ့ လျှော်လို့ မပြောင်ဘူး.. ဆေးဝယ်မှရမယ် .. သေသေချာချာ လုပ်မှ ပျောက်မှာ.. ဒါက ကူးစက်တက်တဲ့ရောဂါ ` ဆိုကာ လက်ဟန်ခြေဟန်နဲ့ နော်ဝေးလို တုန့်ပြန်ပါတယ်.. သူ့အဖေက စိတ်တိုပါတယ်..။ သူ့ကို ဆရာ မလုပ်နဲ့ဆိုတဲ့ သဘော ပြောနေလို့ ကျွန်မ စိတ်တိုရလည်း အခက်ပါပဲ...။ ကျွန်မကတော့ ကြီးကြီးကျယ်ကျယ်တွေ ပြောနေတာကို ကြည့်ပြီးတော့ ရယ်ချင်တာပါပဲ..။ ကျွန်မပဲ ကြားဝင်ပြီး `ကဲ..ကဲပြောမနေနဲ့ သူ့မှာ သတင်းအချက် အလက်တွေ အကုန်ရှိတယ်.. ကျောင်းက နေ ပေးလာတဲ့ စာရွက်မှာ သန်း ဘယ်လို သန့်စင်မလဲဆိုတာ သူ ဖတ်ပြီးသား ထားလိုက်တော့ ` လို့ ဆိုမှ သူ့အဖေလည်း ဘာမှ မပြောတော့ပါဘူး..။ ကျောင်းမှာ ကလေးတွေမှာ သန်းရှိတာကြောင့် သတင်းအချက်အလက်တွေပါတဲ့ လက်ကမ်းစာစောင် ဝေပေးထားပါတယ်.. အဲဒီစာစောင်ကို .. ဟိုတရက်က သားသားဖတ်နေတာ ကျွန်မတွေ့တယ်.. နောက် အဲဒီ စာစောင်လေးအောက်မှာပဲ ဝက်ဆိုက် ကို တက်ကြည့်လို့ ရအောင်ဖန်တီးပေးထားတယ်.. ဒါကြောင့် သူဖတ်ထားတယ်.. အကုန်လုံးနည်းပါး သိတယ်... ။ သြော် သတင်းခေတ်မှာ ဘာကိုမှ ထိန်ချန် လို့ မရအောင်ပဲ (၈) နှစ်သားက သိနေပြီ..။

ဟုတ်ပါတယ်.. ကလေး ဆိုပြီး သူ့ကို ကိုယ်တွေတုန်းကလို သန်းရှိတာ မိဘက လုပ်ရိုးလုပ်စဉ်အတိုင်း လုပ်ပေးမယ် .. အလုပ်ရူပ်စရာမလို သလို ငွေလည်း မကုန်ဘူး.. ဒါ တို့ခေတ်ကတည်းက ရှိတဲ့ ပြဿနာလို့ ရူမြင်ကာ ပြဿနာကို ဖြေရှင်းလိုပေမယ့် သူနေတာက ကမ္ဘာကြီးရဲ့ မြောက်ဝန်ရိုးစွန်းက နှစ်ပေါင်း ၄၀ ကျော်က ချမ်းသာလာပြီး သန်းရှိတာကို အရေးတကြီး ကြောက်အားပိုကာ ကျန်းမာရေးဌာနကနေ ညွန်ကြားချက်တွေ အသီးသီးချလို့ သန်းတိုက်ဖျက်ရေးနေ့ရယ်လို့တောင် ရှိတော့ ဘာမှမပြောသာ မစွမ်းလှ ရှိပါတော့တယ်..။

ဘီးစိပ် အနောက်မှာလည်း ညွန်ကြားချက်ကလေးနဲ့ . ဘယ်လိုသုံးရမယ် ဆိုတာလည်း ပါသေးရဲ့ ..။ အော်.. ဖြစ်ရလေ ..ဖြစ်ရလေ လို့သာ အကောင်းတွေ ပဲ တွေးရင်းတောရင်း …။


မဗေဒါ (၈၈)
၂၆.၀၈.၂၀၁၀

ဆက်ဖတ်ကြည့်ပါဦးနော်....

Thursday, August 5, 2010

ကမ္ဘာမကြေဘူး ဖီလင်

ကမ္ဘာမကျေဘူး…. ဒီစာသား ဒီသီချင်းက ဟိုး လူမှန်းသိတက်စကတည်းက ကြားခဲ့ ဆိုခဲ့ရတာ..။ ကျွန်မတို့ မြန်မာ ကလေးတိုင်း နည်းပါး ယဉ်ပါးခဲ့တာပဲ..။ သီချင်းဆိုရင်လည်း တိုင်းပြည် ချစ်စိတ်..က အလိုလို ဝင်လာတယ်..။ ကိုယ့်မြေ ကိုယ်အမျိုးကို ထိရင် ခေါင်းငုံ့မခံတဲ့ စိတ်တွေ သွင်းပေးတယ်..။ သိပ်ကောင်းတယ်လို့ ထင်တာပဲ..။ ငယ်စဉ်က ကိုယ့်လူမျိုးအတွက် ရည်ရွယ် ဆိုခဲ့ရပေမယ့် ကြီးလာတော့ ပုံစံ ပြောင်းသွားတယ် ထင်တာပဲ.. ကလေး ဘဝ စဉ်းစားချက်တွေ ပြောင်းလာတော့ ကိုယ့်လူမျိုးကို စော်ကားမဲ့ ဘေးရန်သူ ဆိုတာထက် ကျောင်းသားဆိုတဲ့ လူ တစု ကို ထိရင် မခံဘူး ဆိုတဲ့ ဘက် စိတ်တိမ်းညွတ်သွားတယ်..။ ကျောင်းသားလို့ ဆိုလိုက်ရင် ကျွန်မ ရင်ဆိုင်ခဲ့ရတာတွေ ကို အမှတ်ယတယ်..။ အထက်တန်း ရောက်တဲ့အချိန်မှာ (၈၈) ရယ်လို့ ဖြစ်ခဲ့တာ.။ အဲဒီမှာ ဆိုနေကျ နိုင်ငံတော် သီချင်းကို မဆိုပဲ.. တခြား စာသားတွေ ထည့်ဆိုတယ်..။ ဘယ်က ဘယ်သူ ထည့်ပေးလိုက်တာလည်းတော့ မသိဘူး.. ဆိုတော့ လိုက်ဆိုတာပဲ.. ဆရာတွေ မျက်လုံးပြူးတယ်.. မြို့နယ်ကောင်စီတွေ လန့်ကုန်တယ်..။ အဖမ်းခံရတုန်းက စစ်ကြောရေး ထုံးစံ စကားပြောရရင်တော့ ကွန်မြူနစ်လက်ချက်ပဲ.. ဘယ်သူ့လက်ချက်ပဲဖြစ်ဖြစ်.. သီချင်းတွေကို ခုံမင်ခဲ့တာ အမှန်ပါ..။

မှတ်မိသလောက် အဲဒီသီချင်း ကျောင်းတက်ရင် ပေးမဆိုတော့ဘူးထင်တယ်..။ ဒါပေမယ့် လူတော်တွေ ရှိတဲ့ မြန်မာပြည်သားများ စစ်သီချင်းတွေကို ဒီမို အသွင်ပြောင်းပြီး မဆလကိုဖြုတ်တဲ့ သီချင်းတွေ အဖြစ် စပ်ခဲ့ကြတာလည်း မှတ်မိတယ်..။ အဲဒီထဲမှာ ကိုနိုင်မြန်မာ ရေးစပ်ပေးလိုက်တဲ့ ``ကမ္ဘာမကျေဘူး` `ကတော့ ယနေ့အထိ လူကြိုက်များဆဲ သီချင်းပါပဲ..။ အဲ ဒီသီချင်းကို ကျောင်းသား တပ်မတော်က နေ ပြန်ဆို ထားတာကတော့ တပိုဒ် အပို ထပ်ပါပါတယ်..။ ဒီ သီချင်း ဆိုခဲ့ရတာလည်း နှစ်ပေါင်း မနည်းတော့ဘူး.. မှတ်မှတ်ရရ နော်ဝေးရောက်ပြီး ၂၀၀၇ ခုနှစ် အထိ ပဲ..။ ဆိုတဲ့ အချိန်မှာ အမြဲတမ်း ကြက်သီး ဖြန်းဖြန်းထတာပဲ..။ ဘယ်တော့မှ မရိုးနိုင်သလို .. အပြစ်မဲ့စွာ ပစ်သတ်ခံခဲ့ရတဲ့ ကျောင်းသားလေးတွေ.. အများကြီးကို စိတ်ထဲမှာ မြင်ယောင်တယ်.. နောက် အခုချိန်ထိ ဖွဲ့စည်းအုပ်ချုပ်ပုံမရှိ.. စစ်တပ် သည်သာ တိုင်းပြည် အုပ်ချုပ် မင်းလုပ်ရတဲ့ လူတန်းစားရယ်လို့ ယူဆနေသူတွေကိုလည်း နားမလည်နိုင်ဘူး..။

ဘာကြောင့်များ ကိုယ့်အလုပ်ကိုယ် မလုပ်ချင်ပဲ စာရေးဆရာ ကို ( သန်းဝင်းလှိုင် ) စကားနဲ့ ပြောရရင် (တီကောင်ကို ပျားရည်ဖွဲ့ခိုင်း ) နေတာလည်း မသိ ဆိုတာ စဉ်းစားတိုင်း ဒေါသဖြစ်တာပဲ..။ ဘယ်သူနဲ့ယှဉ်ယှဉ် ဆင်းရဲနေတဲ့ ပြည်သားအများစု အတွက် ကမ္ဘာမကြေ ဖြစ်ရတော့တာတွေ တခါတလေ ပိုတိုးလာတယ်..။ မသိ တဲ့.. အပိတ်လှောင်ခံထားရတဲ့ ပြည်သူတွေကို ပြည်သူချစ်တဲ့ အနုပညာရှင်တွေနဲ့ အမျိုးမျိုး သမိုင်းကို ညှိုးနွမ်းအောင် ရုပ်ရှင်တွေ ဖန်တီးပြီး သမိုင်းတွေကို ပြောင်းပြန်.. ဒါမှမဟုတ်လည်း လွဲမှားစွာ ရည်ရွယ်ကြံဆောင် နေကြတာပဲ..။ ဒါနဲ့ပဲ ကမ္ဘာမကျေဘူး ဇာတ်လမ်း ပြီးမယ် ထင်နေတာလည်း ဖြစ်နိုင်တာပဲ..။ တကယ်တော့ ဒီဇာတ်လမ်းဟာ မပြီးဆုံးသေးဘူး.. ကိုယ် က ခိုင်းချင်သလို အနုပညာသမား တွေကို အသုံးချပြီးလုပ်လို့ မရဘူးဆိုတာ အာဏာရှင် တွေ မသိချင်ဟန် ဆောင် နေကြတာပဲ..။ သူတို့ပြောတာတွေကို ထမင်းစားနေတဲ့ လူထု က အကုန်ယုံမှာတဲ့လား..။

ပြောမယ်ဆိုရင် မြန်မာပြည်သူတွေ အတွက်.. ၆၂ မှာ ကျောင်းသား များရဲ့ အာခံတွန်းလှန်မှု.. ၇၄ ( ဦးသန့် .. ကျောင်းသား လှုပ်ရှားမှု..)… ၈၈ ခုနှစ် ကျောင်းသား.. ရဟန်း.. အလုပ်သမား.. စစ်တပ် .. ရဲ တွေ ပါဝင် ပတ်သက်ခဲ့တဲ့ လှုပ်ရှား မှု … တွေ… ၉၀ ခုနှစ်မှာ ပြည်သူလူထု အများစုက တပါတီ အာဏာရှင် စနစ် တောက်လောက်ပါပြီရယ်လို့ ဆိုကာ ဒီမိုကရေစီ သမားတွေကို တခဲနက် မဲပေးခဲ့တာတွေဟာ ... ကမ္ဘာမကျေဘူး ကို ယဉ်ကျေးစွာ ပြခဲ့ကြတာ မဟုတ်ပါလား..။ ၂၀၀၇ တုန်းကလည်း အကျဉ်းအကြပ် ထဲရောက်နေတဲ့ ပြည်သူတွေ အတွက် ဘုန်းဘုန်းတွေ ဦးဆောင် လှုပ်ရှားခဲ့တာတွေကလည်း ထိုနည်းလည်းကောင်းဆိုရင် မမှားဘူး ထင်တာပဲ..။

ဒါကြောင့် ကမ္ဘာမကျေဘူးဆိုတာဟာ ဖိနှိပ်ခံရတဲ့ သာမာန် ပြည်သူပြည်သားတိုင်းအတွက် .. တရားဥပဒေမဲ့ စွာ ချည်နှောင် အစီရင်ခံ အနှိပ်စက်ခံခဲ့ (နေ)ရ တဲ့ လူတိုင်းအတွက် .. အိုးအိမ်တွေ စွန့်ပစ်ခဲ့ရ ပြီး မိတကွဲ ဖတကွဲနဲ့ တောတောင်တွေထဲ နှစ်ပေါင်းများစွာ နေထိုင်နေရတဲ့ သွေးရင်းမောင်နှမတွေအတွက် .. ကိုယ့်တိုင်းပြည်ရယ်လို့ ရှိပါရဲ့နဲ့ သူများတိုင်းပြည်ပေါ် ဂယောင်ခြောက်ချား နေ့လားညလား မီးလာရို့မှာ.. ပြောင်းရွေ့ရမှာ.. လာချောင်းပစ်မှာကို စိုးရိမ်နေကြရတဲ့ ဒုက္ခသည် လူသားများအတွက်… အာဏာရှင်တွေ လိုအပ်တဲ့အချိန်ကလွဲရင် ကျန်အချိန်တွေမှာ မညီမျှမှုတွေ… ခြိမ်းခြောက် ရန်လုပ်မှုတွေ ကြောင့် အပစ်ပယ်ခံ.. အနှိပ်ခံ ဖြစ်နေရတဲ့ သာမာန် စစ်သားများစွာအတွက်.. ကမ္ဘာမကျေဘူး ရယ်လို့ ရင်ထဲမှာ အစဉ်တည်ရှိ နေကြလိမ့် မယ်လို့ မှန်းဆရင်း ဖြစ်တည်လာတဲ့ ကျွန်မရဲ့ ဖီလင် ခံစားချက်ကို (၂၂ ) နှစ် ပြည့် (၈ ) လေးလုံး အမှတ်တယ ရေးပါတယ်..။



မဗေဒါ (၈၈)
၀၅.၀၈.၂၀၁၀

ဆက်ဖတ်ကြည့်ပါဦးနော်....