Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Saturday, July 10, 2010

… ကျား နဲ့မ တို့ အတွက် အရောင်ရွေးခြင်း

( ၁ )နှစ်လောက်လျော့ပင် မထွက် ဖြစ်ခဲ့တဲ့ မဗေဒါ ..သူငယ်ချင်း..ချစ်ချစ် နဲ့ ကုန်တိုက်ထဲ အခုရောက်နေတဲ့ မြို့လေးမှာ ခြေဆန့်ခဲ့လေရဲ့..။ ခြေဆန့်တာ စက်ဘီးနဲ့.. ခြေလျှင်မဟုတ်ဘူး..။ နေ့တိုင်းနည်းပါး စက်ဘီးစီးဖြစ်တယ်..။ မစီးလို့မရဘူး.. တနေ့တနေ့ လှုပ်လှုပ်ရှားရှား ဘာမှမလုပ်ဖြစ်ဘူးဆိုတော့ ဒါကလည်း လေ့ကျင့်ခန်း သဘောဆောင်တာပေါ့.. စီးချင်လည်းစီး.. မစီးချင်လည်းစီး ရတာပါပဲ..။ ကိုယ့်သဘောကိုယ်ဆောင် လွတ်လွတ်လပ်လပ် ဖြစ်နေတာတွေပေါ့..။ အလုပ်ကလည်း ( ၁ )လ နည်းပါး နားရတော့ အိပ်လိုက် စားလိုက်ဆိုတော့ နဲနဲလှုပ်ရှားတာလေးကို လုပ်မှဖြစ်မှာကိုး..။

အခုရောက်နေတဲ့ မြို့ကလေးကလည်း သိပ်မကြီးလှပါဘူး..။ အခုတည်းခို နေတဲ့နေရာကနေ ၁၅ မိနစ်လောက် စက်ဘီးစီးရင် မြို့ထဲကို ရောက်သွားတာပဲ..။ မြို့ထဲရောက်တော့ ကိုယ်လိုချင်တဲ့ အာရှဆိုင်မှာ ဝယ်စရာရှိတာတွေဝယ်.. ပြီးတော့မှ အဲဒီအထုတ်လေးတွေဆွဲပြီး အဝတ်အစားတန်းဘက် ထွက်ခဲ့တာပေါ့..။ အဝတ်အစားတွေကလည်း နော်ဝေးမှာလိုပဲ.. ဈေးလျှော့တယ်.. ၅၀ ရာခိုင်နှုန်း အထိ လျှော့တာ ရှိသလို ၃၀ အထိ လျှော့တာလည်း ရှိတယ်..။ ဈေးကတော့ လျှော့လျှော့မ လျှော့ ဝယ်ချင်သူတွေကတော့ လိုချင်ရင် ဝယ်နေကြတာပါပဲ..။ (စကားချပ်.. မဗေဒါကတော့ ကမ္ဘာကြီးကို ချစ်တော့ ( ၁ )နှစ်နည်းပါး အဝတ်အစား မဝယ်ခဲ့ဘူး..။ ဒါကြောင့် နော်ဝေးက ဂျာနယ်လစ် တစ်ယောက် အင်တာဗျူးမှာ သူ ၁ လလောက် လျော့ပင်မထွက်ဘူးပြောတာ ရယ်ချင်တာပါပဲ..။ သူ့အလုပ်အခြေအနေ အရ ဝယ်ဖို့ လိုတဲ့ကြားက ၁ လလောက် မဝယ်တာလည်း ဖြစ်နိုင်ပါတယ်..။ အပြုသဘော ပြန်တွေးကြည့်တာ..။ )

ဈေးဝယ်ထွက်တော့ ဘာဖြစ်သလည်းဆိုတော့ ပြဿနာက မသေးဘူး.. မဗေဒါရဲ့ ချစ်ချစ်က ယောကျာ်းအများစုရဲ့ ထုံးစံအတိုင်း ဈေးပေါတာကို မဝယ်သလို နံမည်ရှိ တံဆိပ်ကောင်းမှ ဝယ်ပါတယ်..။ ဒါကလည်း မဗေဒါ အင်မတန်မှ စိတ်မချမ်းမြှေ့တဲ့ အချက်တချက်ပေါ့ ..။ (တံဆိပ်ကောင်းတွေလိုပဲ နာမည်မရှိပေမဲ့လည်း ပစ္စည်းကောင်းတွေ အများကြီးပဲ..မလား..တံဆိပ်ကောင်းတွေ ခဏကလေးပျက်သွားတက်တာလည်း ကြုံဖူးတာပဲမလား…။) အခုဝယ်မဲ့ဆိုင်ကတော့ ဒီဘက်နိုင်ငံတွေမှာ တစုံတရာ နာမည်ရှိပြီးသား ဆိုင်လို့ပြောလည်းရမယ် ထင်တာပဲ..။ ( Stadium)တဲ့..။ ပစ္စည်းတွေကလည်း နာမည် ရှိပြီးသားတွေတင်ထားတာ တွေ့တာပဲ.. ( adidas) ( Nike) ( Puma) တွေပေါ့..။ ကလေး (ကျား..မ) လူကြီး ကျား ..မ ပေါ့..။ တင်ထားတာလည်း အရောင်စုံ.. ပုံစံစုံ.. ပစ္စည်းစုံပေါ့..။ နောက်အရေးကြီးဆုံးကတော့ ၃၀ ရာခိုင်နှုန်းလျှော့ထားတာပဲ..။ တချို့အဝတ်တွေကြပြန်တော့လည်း ၃ ထည်ယူ ၂ ထည် ဖိုးပဲပေးပါတဲ့..။

ယောက်ျား တီရှပ်တွေ ထားတဲ့နေရာမှာ ခုနကပြောတဲ့ တံဆိပ်တွေ အရောင်စုံ ဒီဇိုင်းတူ တင်ထားတာ..။ အဲဒီဆိုင်ကို အရင်ရောက်ထားဖူးတဲ့ မဗေဒါက ယောက်ျားကိုခေါ် ပြတာပေါ့..။ သူက သူကြိုက်တာတွေကို လိုက်ရွေးတယ်..။ အဲဒီမှာက ပုံစံတူပေမယ့် အရောင်ကတော့ ကွဲတာပေါ့..။ အရောင်တွေကတော့ စုံတယ်.. ပြာ..ဖြူ.. နီ.. စိမ်း.. ခ၇မ်း..အမဲ.. ညို စသဖြင့်ပေါ့..။ ယောက်ျားက သူကြိုက်တာတွေရွေးတော့ အမဲ.. အညိုရောင်လေးကိုပေါ့..။ မဗေဒါက မကြိုက်ဘူး..။ အညိုလိုအရောင်ပျော့က ၂ ထည် ၃ ထည် ရှိပြီးသား.. ဆိုတော့ တခြားအရောင်ကို ရွေးစေချင်တယ်..။ ဒါကြောင့် မရှိသေးတဲ့ ခရမ်းရောင်ကို ရွေးစေချင်တာ..။ အမဲကလည်းရှိပေမဲ့ ဘာနဲ့ဝတ်ဝတ် အဆင်ပြေတော့ ယူပစေပေါ့..။ သူကလည်း စကားအေးတော့ သိပ်ရှည်ရှည်ဝေးဝေးမပြောဘူး..။ မိန်းမ လျှာရှည်တဲ့အတိုင်းပဲ..။ ဒါနဲ့ မဗေဒါ အကြိုက်ရွေးလိုက်တော့တာပဲ..။ အနီရောင်.. ခရမ်းရောင်..။ ခရမ်းရောင်လည်းေ၇ွးရော ဘေးနားပါလာတဲ့သူရော ချစ်ချစ်ပါ.. မိန်းမအရောင်ကြီး တဲ့..။ မဗေဒါ နဲနဲ..ရော.. များများ စိတ်တိုတယ်.. နဲနဲက ချစ်ချစ်အတွက်.. (သူ့ကိုတော့ ချစ်တဲ့စိတ်နဲ့ နဲနဲပဲတိုရဲတယ်..) သူငယ်ချင်းကို များများစိတ်တိုတယ်. ( သူငယ်ချင်းကိုချစ်ပေမဲ့..အမျိုးသမီးရေးလုပ်တဲ့ သူဖြစ်ပြီး ခရမ်းကို ယောက်ျားမဝတ်ရဘူးပြောလိုက်လို့ အင်မတန် အင်မတန် များများကြီး တိုမိတာ )...။

သူငယ်ချင်းနဲ့ စကားမများချင်သလို ချစ်ချစ်နဲ့လည်း စကားမများချင်ဘူး..။ ဒါကြောင့် ပို့စ်ရေးဖြစ်တာ..။ အမှန်က ( gender) ကို လေ့လာဖူးတဲ့သူတွေ.. သိသူတွေက အရောင်တွေကို ဝယ်ဖို့ရွေးတဲ့အခါ မိန်းမ ကျား ခွဲခြားထားမှုကို ဆန့်ကျင်ပါတယ်.. အရောင်တွေ ဖြစ်မှုက ကျား မ သတ်မှတ်ချက်အပေါ် အဓိကလို့ မတွေးသလို တွေ့တဲ့အရောင်ကို ကြိုက်ရင်ရွေးကြတာပါပဲ..။ ဒါမှမဟုတ်လည်း ( gender) ကို သိသည်ဖြစ်စေ မသိသည်ဖြစ်စေ ကြိုက်ရင် ဝယ်သူတွေလည်း ရှိတာပါပဲ..။ ဒါကတော့ လူနဲစုပါ….။ မဗေဒါ ပြောချင်တာကတော့ အရောင်တွေမှာ သီးသန့် သတ်မှတ်ထားတာ မရှိပေမဲ့ ပန်းရောင်ဆိုရင်လည်း မိန်းမအရောင်ဖြစ်သလို အနီရောင်ဆိုလည်း စိန်ယောက်ျားများအတွက် ဖြစ်တက်ပါတယ်..။

ကျောင်းတွေမှာဆိုရင် ကလေးတွေ ဝတ်စားထားတာတွေကို ကြည့်လိုက်..။ မိန်းမဆိုရင် ပန်းရောင်တွေမှ ပန်းရောင်ကို ဖွေးနေတာပါပဲ..။ ယောက်ျားဆိုလည်း အပြာရောင် ဒါမှမဟုတ် အနီရောင် အတောက်တွေ ဖွေးနေတာပါပဲ..။ ( ကစားစရာတွေဆိုလည်း အဲလိုပဲ ပရစ်စက်စ လေးတွေဆို ပန်းရောင်ကလေးမှ )..ဆိုတော့ ကလေးတွေက သိပ်နုနယ်တဲ့ အချိန်မှာ ဘာအရောင် ညာအရောင်ဆိုတာကို သေသေချာချာ မသိပေမဲ့ .. နဲနဲအရွယ်ကြီးလာရင်.. ပတ်ဝန်းကျင် အထုအထောင်းနဲ့ ချေးများလာတာ အမှန်ပါပဲ..။ တနည်းအားဖြင့် ပုံစံခွက်ကလေးထဲ တဖြေးဖြေး မသိမသာ သွင်းခံလာကြရတာပေါ့..။ ဒါကိုလည်း ပတ်ဝန်းကျင် ..အထူးသဖြင့် မိဘတွေက သင်ကြားပေးလိုက်တာပဲ..။ ဆိုလိုတာက ပန်းရောင်က မိန်းမအတွက် အစိမ်းကတော့ဖြင့်ရင် ကျားအတွက် ဆိုတဲ့ ပုံစံသွတ်သွင်းမှု..။ (မြန်မာပြည်မှာ ငယ်ငယ်တုံးက ယောက်ျားလေးတွေ သနပ်ခါးတွေ လိမ်းပေးရင် လက်ခံပေမဲ့ ကြီးလာရင် သူများနောက်မှာ စိုးလို့ လက်မခံတော့သလိုမျိုးပေါ့..။ ) လိမ်းရတာကိုက ဘာကြောင့်ဆိုတာ မသိတော့ ကလေးက မိန်းမမှ သနပ်ခါးလိမ်းတာမျိုး ဖြစ်သွားတာလို့ ထင်ရတာပါပဲ..။ ဒါကြောင့် ကလေးတွေ ငယ်စဉ်ကတည်းက အရောင်ဆင်တာပဲဖြစ်ဖြစ် တခြားလုပ်တာပဲဖြစ်ဖြစ် အကျိုးသင့်အကြောင်းသင့် ရှင်းပြဖို့ ကောင်းတယ်လို့ ယူဆပါတယ်..။

အရောင်အကြောင်း ဆက်မယ်ဆိုရင် လူအများစုက အရောင်တွေကို ကျား .. မ အတွက်ဆိုပြီး ခွဲခြားတက်တော့ မဗေဒါ အရင်ကဆို နဲနဲစိတ်တိုတယ်.. အခုတော့ သိပ်မတိုတော့ပေမဲ့.. စိတ်အနှောင့်အယှက်ဖြစ်တက်တယ်..။ အိမ်ကသားဆိုရင်လည်း (၅) နှစ်လောက်ရောက်တော့ ပန်းရောင်ကို မဝတ်ဘူးပြောတယ်..။ ကျွန်မကလည်း စိတ်ကြိုက်အရောင်တွေကို ဆင်တယ်.. ပြောချင်တာက လှတယ်ဆိုရင် ဆင်ပေးလိုက်တာပဲ..။ ငယ်တုံးက ဘာမှမပြောပေမဲ့ ကြီးလာတော့ အတွန့်တက်တော့တာပဲ..။ မဗေဒါက အဲလိုအတွန့်တက်လာရင် ပြန်ပြန်မေးတယ်.. ဘယ်သူက ပြောလည်း အဲဒါ မိန်းမအရောင်လို့ပေါ့..။ သူကလည်း ဘာသာ ၂ မျိုးကြား စိတ်ညစ်ညစ်နဲ့ ဘယ်သူမှ မပြောဖူး. ကိုယ့်ဘာသာပြောတာလို့ ဆိုတာပဲ..။ မဗေဒါကလည်း သိတယ်.. သူ့ကို အိမ်မှာ ဒါမျိုးတွေ မပြောတဲ့အတွက် တီဗွီ.. စာအုပ်..နဲ့ ကျောင်းဝန်းကျင်ကလွဲရင် ဘယ်ကမှ သိလာစရာ အကြောင်းမရှိဘူး..။ ဒီတော့ ရအောင်မေးတယ်.. သိအောင်စုံစမ်း လေ့လာကြည့်တယ်..။ အမှန်က ကျောင်းက သူငယ်ချင်းတွေက အဲလိုအရောင်ကို ဝတ်တဲ့အခါ ဝေဖန်တာ..။ မဗေဒါကလည်း သူ့ကို ပြောပြတယ်..။ မိန်းမအရောင် ယောကျာ်းအရောင် သီးသန့်ဆိုတာမရှိဘူးပေါ့..။ ပန်းရောင်ဆိုလည်း ယောက်ျားလေးတွေဝတ်ရင် ပိုတောင်လှသေးတယ် ဘာညာပေါ့..။ သူ့ကိုလေးနက် ကြီးကျယ်တာတွေတော့ ရှင်းပြလို့မရတာတွေ ရှိတယ်မလား..။ ကလေးဆိုတော့ လူကြီးဆင်သလိုပဲ မဝတ်ချင်လည်း ဝတ်ရတာပါပဲ.. ။ တခါတလေလည်း ဝတ်သွားပြီး အဲဒီအပေါ် ပန်းရောင် အကျီင်္ကို ချွတ်ထားခဲ့တယ်..။ မသိမသာ တွန်းလှန်တာပေါ့..။

တခါလည်းဖြစ်ဖူးတယ်.. ခြေအိတ်လား မသိဘူး သွားဝယ်တာ..။ ရောင်းသူက မိန်းမအရောင်တဲ့.. ကျွန်မကလည်း ရတယ် မိန်းမအရောင်လည်း ငါ့သားအတွက်ကြိုက်တယ်လို့ဆိုပြီး ယူခဲ့တယ်..။ သူကြည့်ရတာ မွတ်စလင်လို့ ထင်ရတာပဲ..။ သူက ဘာမှတော့ ပြန်မပြောဘူး..။ အမှန်က သင်တန်းတွေ ပေးတုန်းကလို လျှာအရှည်ကြီး ရှင်းပြရမှာ..။ အရောင်ဆိုတာ သတ်မှတ်ချက်.. မိန်းမ..ကျား မခွဲထားဖူး အစရှိတာမျိုးပေါ့..။ ဒါပေမယ့်လည်း ကိုယ်က အဲလိုရှင်းပြရင် မိတ်မဖြစ်ပဲ စိတ်အနှောင့်အယှက်ဖြစ်ရမှာစိုးလို့ မပြောဖြစ်တာများတယ်..။ အမှန်ကတော့ ကျွန်မအနေနဲ့ကတော့ ဘာအရောင်လေးပဲဖြစ်ဖြစ် လှတယ်ဆိုရင် ဝတ်စေချင်တာပဲ.. မ..ကျား ဆိုပြီး သီးသန့်မခွဲစေချင်ဘူး..။ တကယ်ကတော့ ဒီခွဲခြားထားမှုတွေကို စဉ်းစားတက်ရင်တော့ မ.. ကျား သီးသန့်အရောင် ဝတ်ဆင်စေမှု နဲသွားမယ်လို့ ယူဆရတာပါပဲ..။ နောက်ပြီး ယေက်ျားလေးတွေ ပန်းရောင် ဝတ်ရင် ပိုတောင်လှသွား တနည်းအားဖြင့် ဆက်စီ (sexy) ဖြစ်သလားလို့ ထင်မိတာပါပဲ..။ ကဲ ယောက်ျားလေးမွေးထားတဲ့သူတွေကို ပန်းရောင်လေးတွေ လက်ဆောင်ပေးကြည့်ရင်း မိတ်ဖွဲ့လိုက်ကြရအောင်လား..။

မဗေဒါ (၈၈)
၁၀.၀၇.၂၀၁၀

ဆက်ဖတ်ကြည့်ပါဦးနော်....

Friday, July 2, 2010

affirmative action အကြောင်း နှင့် ကျွန်မတို့လုပ်ရမဲ့ အလုပ်များ


အရင်ကတော့ အမျိုးသမီးရေးကိစ္စက နဲနဲလျော့ ရေးမယ်လို့ စဉ်းစားထားတယ်..။ အခုကျတော့လည်း အရင်ရေးထားတာတွေ ပြန်တွေ့တာနဲ့ ပြန်ရေးချင်စိတ် ပေါက်လာပြန်ပါတယ်..။ အမြင်မတူတာတွေလည်း နားထောင် သိရတာပေါ့..။

တိုင်းပြည်တပြည်ဆိုတာကလည်း လိုအပ်ချက်တွေ ပြောမယ်ဆိုရင် မပြီးတက်ဘူးပေါ့..။ တိုင်းပြည် လိုအပ်တာ တွေကို မဖြည့်တဲ့အခါ တကယ်နစ်နာသူတွေကတော့ ပြည်သူပြည်သားများပါပဲ..။ အဓိက နစ်နာသူတွေကတော့ လူဦးရေအားဖြင့် တစ်ဝက်ကျော်ဖြစ်တဲ့ အမျိုးသမီး..ကလေးတွေ ဖြစ်တယ်လို့ စစ်တမ်းတွေကလည်း ဆိုပါတယ်..။ တိုင်းပြည်တပြည်မှာ ပစ္စည်းဥစ္စာ ဆင်းရဲတာထက် အသိ အတွေးအခေါ်တွေ မဆင်းရဲဖို့လိုပါတယ်..။ အခုပြောချင်တာက အမျိုးသမီးရေးတွေကို ဆောင်ရွက်တဲ့အခါ သိသင့်တာနဲ့ လုပ်ပုံများကို နဲနဲဆွေးနွေးချင်တာ ဖြစ်ပါတယ်..။ အမျိုးသမီးတွေ တွေ့ကြုံခံစားနေရတာတွေကို လူတိုင်းက ထုတ်ဖော် ပြောလာပြီး လိုချင်တာတွေကို တောင်းတက်ဖို့လိုသလို ဒီတောင်းဆိုမှုတွေကိုလည်း နားထောင်မဲ့သူတွေက အမျိုးသားဖြစ်နေခြင်းထက် အမျိုးသမီးခေါင်းဆောင်တွေ ဖြစ်မယ်ဆိုရင်တော့ ပိုသင့်တော်သလို အလုပ်လည်း ဖြစ်မယ်လို့ မှန်းဆရပါတယ်..။(နားထောင်မဲ့ အမျိုးသမီးဆိုတာက.. အမျိုးသမီးတွေ ခံစားရတဲ့ ဒုက္ခဆိုတာ ဘာမှန်းမသိပဲ စိတ်ကြိုက်တင်မြှောက်ထားတဲ့ ဘုမသိ ဘလည်း မသိတဲ့ မိုးကျရွေကိုယ် ရွေမင်းသမီး.. ရွေမယားလိုမျိုး ကျောက်ရုပ်တွေကို မဆိုလိုပါဘူး..။ )


တကယ်ကိုယ်စားပြုမဲ့သူက အမျိုးသမီးတွေမှ ဘာကြောင့် သင့်တော်သလည်းဆိုတော့ သူတို့ရဲ့ဖြတ်ကျော် ရင်ဆိုင် ခဲ့ရတဲ့ အတွေ့အကြုံတွေကို သူတို့ထက် ဘယ်သူကမှ ပိုပြီး ပြောနိုင်မှာမဟုတ်သလို သူတို့လိုလည်း ဘယ်သူကမှ ခံစားပေးနိုင်မှာ မဟုတ်လို့ပဲဖြစ်ပါတယ်..။ ဒါကြောင့် ဒီသဘောတရား အယူအဆပါတဲ့ ဥပဒေသဘောအရ အစိုးရတွေ လုပ်ရမယ့် ( အစိုးရဖြစ်ချင်သူတွေ နားလည်ရမယ့်) ကိစ္စကို နဲနဲ ဆွေးနွေးချင်တာပါ..။

အမျိုးသမီးများဟာ ပင်ကိုအားဖြင့်ကို လိင်အားဖြင့် အားနည်းသူတွေ ဖြစ်တယ်..။ အမျိုးသမီးတွေ ဟာ မွေးလာကတည်းကပဲ မင်္ဂလာမရှိ.. အဖျက်အမှောင့်သဘော မကောင်းဆိုးဝါးလို့ ယူဆသူတွေ ဒီနေ့ခေတ်ကြီးထဲမှာ ယူဆနေသူတွေ ဒုနဲ့ဒေး..။ ဒါကြောင့်ပဲ အမျိုးသမီးတွေ လူ့အသိုင်းအဝန်းထဲမှာ ယုံယုံကြည်ကြည်နဲ့ ပါဝင်ပတ်သက်ဖို့ရာ သူတို့ကိုယ်တိုင် မယုံကြည်ကြသလို ယောက်ျားများကလည်း မယုံကြည်ကြဘူး..။ ဒါကြောင့် ကိုယ်စားပြု ရွေးချယ်ရေးတွေမှာ အမျိုးသမီးထက် အမျိုးသားများကိုပဲ ရွေးချယ်ကျတာဟာ ဟိုးအနောက်ကနေ အရှေ့ အထိ အစဉ်အလာဖြစ်နေပါသေးတယ်..။ ဒီတော့ အမျိုးသမီးကိုယ်စားလှယ် .. ခေါင်းဆောင်ရယ်လို့ သိပ်ပြီးတော့ မတွေ့ရတက်ပါဘူး..။ သူတို့က သူတို့ရဲ့ မိသားစုအတွက် တစုံတရာအထိ အရေးပါပေမယ့်လို့ လူ့အဖွဲ့အစည်းတခုလုံး အတွက်တော့ အရေးမပါကြပြန်ပါဘူး..။ အခြား လိင်တခုက လုပ်ပိုင်ခွင့်ရှိနေချိန်မှာ မွေးတဲ့နေရာမတူလို့ အသားအရောင် တွေမတူလို့ မိန်းမဖြစ်နေလို့ စတာတွေကို အကြောင်းပြုပြီး ခွဲခြားထားတာတွေဟာ တရားပါရဲ့လားလို့ တွေးမိပါတယ်..။

မတရားတာတွေကို သိခဲ့ကြတယ်.. မြင်ခဲ့ကြတယ် ဒါပေမယ့်လည်း ဒါကို ဘယ်လိုလုပ်ရမယ်ဆိုတာကို စဉ်းစားတဲ့အခါမှာ တိုင်းပြည်ရဲ့ အခရာကျတဲ့ ဥပဒေနဲ့ပဲ ပြန်လည်ထိမ်းချုပ် ခိုင်းရမယ်ဆိုတဲ့ စဉ်းစားချက်တွေ ရှိခဲ့ပြန်ပါတယ်..။ ဒါကြောင့်ဒီနေရာမှာ အားလုံးနဲ့ အကျုံးဝင်တဲ့ နောက် နိုင်ငံအတော်များများမှာ မွေးစားပြီး အကောင်အထည် ဖော်လုပ်ကိုင်နေရတဲ့ ယာယီ အထူးအရေးယူဆောင်ရွက်ချက် ( affirmative action ) အကြောင်းကို ပြောပြချင်ပါတယ်..။ ဒီလုပ်ငန်းများဟာ တကယ့်ကို အမျိုးသမီးတွေအတွက် သိပ်အရေး ပါတယ်ဆိုတာကို အမျိုးသမီးတွေကိုယ်တိုင်က နားလည်လက်ခံဖို့လိုသလို လူ့အသိုင်းအဝန်း ထဲမှာလည်း ဒီကိစ္စကိုလက်ခံပြီး ဆောင်ရွက်လိုချင်စိတ် ရှိဖို့လိုပါတယ်..။

(affirmative action ) ဆောင်ရွက်ချက် ဖြစ်ပေါ်လာပုံ အစကကတော့ အမေရိကန်ပါပဲ..။ အမေရိကန်မှာက လူပေါင်းစုံ အခြေလာချခဲ့တာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော်ကတည်းကပဲ..။ နိုင်ငံပေါင်းစုံကလာကြတယ်.. အာရှတိုက်ဘက်က .. မြောက်အမေရိကတိုက် .. ဥရောပ က အစပေါ့..။ နော်ဝေးကဆိုလည်း တိုင်းပြည်ရဲ့ သုံးပုံ တပုံနည်းပါးလောက်ကို သွားခဲ့ကြတာ..။ အမေရိကရောက်တော့ မျိုးမတူသူတွေကြား ခွဲခြားဖိနှိပ်မှုတွေက ပြင်းထန်တာပါပဲ..။ အဲဒီဖိနှိပ်ခံရမှုမှာလည်း အမျိုးသမီးတွေလည်း ခံစားခဲ့ကြရတာပေါ့ (အခုထိပဲ) အာဖရိက ဆိုရင် အမဲတွေက ကျွန်အဖြစ် ဝယ်ယူထားရာကနေ ရောက်ရှိလာခဲ့ကြတာ အားလုံးအသိ..။ ဒီလိုပဲ ကျန်သူတွေကလည်း အောက်ခြေ လုပ်ငန်းတွေမှာ လုပ်ကိုင်ဖို့ စွန့်စားရောက်ရှိလာခဲ့ကြတယ်ဆိုတော့ အခွင့်အရေး ကိစ္စတွေက ယခင် ရှိပြီးသားလူတွေနဲ့ ဘယ်လိုမှ တူနိုင်မှာ မဟုတ်ပါဘူး..။ အထူးသဖြင့်တော့ အမျိုးသမီးတွေပေါ့..။ အမျိုးသမီးတွေဆိုရင်လည်း ဆရာဝန်လို အလုပ်မပြောနဲ့ အဖျော်ယမကာဆိုင်..နဲ့ အခြား အောက်ခြေ လုပ်ငန်းများမှာတောင် လုပ်ကိုင်ခွင့် မရခဲ့ကြပြန်ပါဘူး..။ မလုပ်ရဘူးဆိုတာ လူတွေက ပါးစပ်နဲ့ပြောတာ မဟုတ်ပဲ ဥပဒေ အရကို မလုပ်ရလို့ ပြဌာန်းထားတာ ဖြစ်ခဲ့ပါတယ်..။ ဒါကြောင့် ဒီတရားဝင်ဖြစ်နေတဲ့ ပိတ်ပင် တားဆီးမှုတွေ ကို ရင်ဆိုင်ဖို့ စဉ်းစားခဲ့ကြပါတယ်..။

(၁၉၆၁) မှာ အမေရိကန် သမတ ဂျွန်အက်ဖ်ကနေဒီ လက်ထက်မှာ နှစ်ရှည်လများက ဖြစ်နေခဲ့တဲ့ အစောက ဖိနှိပ်ခွဲခြားမှုတွေကို ပြေလည်ဖို့ ဥပဒေနဲ့ အတည်ပြု ပြဌာန်းတဲ့ အချိန်မှာ (affirmative action) ကို စတင်သုံးစွဲခဲ့တာ ဖြစ်ပါတယ်..။ ဒီလိုပြဌာန်းမှုကတော့ ပြဌာန်းမှုအဆင့်လောက် ( သီအိုရီ) သဘော အဆင့်လို့ ပြောရင်ရနိုင်ပါတယ်..။ ဒီပြဌာန်းမှုရဲ့ နောက်ဆက်တွဲ အနေနဲ့ကတော့ ပြည်သူပြည်သား အခွင့်အရေးတွေကို သွားအထောက်အကူ ပြုတယ်လို့ ဆိုရပါမယ်..။ ( ၁၉၆၅) ရောက်တဲ့အခါမှာ သမတ ( Lyndon B.Johnson) ကနေပြီး ပါးစပ်ပြော မဟုတ်ပဲနဲ့ ငါပြောငါလုပ် လက်တွေ့ဖြစ်ရအောင် ထပ်ပြီးမူသစ်ကို ထပ်လောင်းပြဌာန်းပါတယ်..။

ဥပဒေဆိုတာကလည်း သိတဲ့အတိုင်း စာရွက်ထဲပဲ ရှိနေရင် အလုပ်ဖြစ်တာ မဟုတ်ဘူး.. လိုက်လုပ်တဲ့ အကောင်အထည်ဖော်သူ ရှိမှ အသက်ဝင်တာမလား..။ အမေရိကန် သမတ အဆင့်ဆင့်လက်ထက်မှာ ဒီ (affirmative action) ကို တိကျတဲ့ ရည်မှန်းချက်တွေ ချိန်ကိုက်လုပ်ဆောင်မှုတွေ အသေးစိတ် အလုပ်ကလေးတွေကို လုပ်ဆောင်ဖို့ တိုက်တွန်းခဲ့ပြန်ပါတယ်..။ ခြုံပြောရရင်တော့ နိုင်ငံရေးသမားတွေကနေ ဦးဆောင်ဦးရွက်ပြုလို့ ဒီသမိုင်းကြောင်း ရှိခဲ့တာဖြစ်ပါတယ်..။

ဒီ (affirmative action)ဟာက ပြောမယ်ဆိုရင် လူ့အဖွဲ့အစည်းထဲမှာ အကြောင်းကြောင်းကြောင့် ဖိနှိပ်ခွဲခြားခံနေရသူတွေကို ကိုယ်စားပြုမဲ့သူတွေ ရှိလာအောင် လုပ်ဆောင်ပေးတဲ့ သဘောတရား တခုပါပဲ..။ ဒါကိုလုပ်ဆောင် လိုက်တာဟာလည်း မတူတဲ့လူတွေကြားမှာ ဖြစ်ပေါ်နေတဲ့ ကိစ္စတွေကို အထောက်အကူ ပေးတာဖြစ်တယ်လို့ ခံယူနားလည် တက်ဖို့လိုပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ လူတွေလာခဲ့ကြတဲ့ အခြေအနေတွေ တစုနဲ့တစု တယောက်နဲ့တယောက် တူညီမှု မရှိကြလို့ပါပဲ..။ တကယ်တော့လည်း လူတွေဟာ တယောက်နဲ့ တယောက် ဘယ်လိုမှ တူညီတဲ့ အခြေအနေတွေကနေ လာခဲ့ကြတာ မဟုတ်ဘူးဆိုတော့ အခုလို လုပ်ဆောင်ချက်က အင်မတန် အရေးပါတယ်လို့ ယူဆရပါတယ်..။ နောက်ခံသမိုင်း.. အရည်အချင်း.. အတွေးအခေါ်တွေ ကွာနေတက်ပါတယ်..။ ဒါကို အသိအမှတ်ပြုရမယ်ဆိုတဲ့ သဘောတရားတွေက (affirmative action ) မှာ ပါဝင် နေပါတယ်..။ မတူတာတွေကို အကြောင်းပြပြီးတော့ ခွဲခြား.. ဖိနှိပ်တာတွေ ရှိမနေသင့်ဘူးဆိုတဲ့ သဘောပါ..။



ဒါကြောင့် ဒီပြဌာန်းမှုက အမျိုးသမီးတွေဟာ တူညီတဲ့ အရည်အချင်းတွေ ရှိနေပါလျှက်နဲ့ လူ့အသိုင်းအဝန်းထဲမှာ ပါဝင်ပတ်သက်နေခွင့် မရတာကို ကျော်နိုင်အောင်ဆောင်ရွက်ဖို့ အမိန့်ပေးထားသလို အမျိုးသမီးတွေကို ဆွဲခေါ်ဖို့ကိုလည်း အားပေးပါတယ်..။ ( ဆွဲခေါ်ရမယ်ဆိုတာကတော့ အကြောင်း ကြောင်းကြောင့် နှစ်ပေါင်းများစွာ ပါဝင်ခွင့်မရတာတွေအတွက် အစားထိုးဆောင်ရွက်မှု သဘောလည်း ဆောင်ပါတယ်..။ ) ဒီလို လူတယောက်ကို အသိအမှတ်ပြုမှုဟာ အခြားလူတယောက်ကို အသိမှတ်ပြုမှု လျှော့သွားတာမဟုတ်သလို ဘေးဖက်ခံလိုက်ရတာလည်း မဟုတ်ပါဘူး..။

တူညီတဲ့အရည်အချင်း ရှိနေသူတယောက်အပေါ် ဖိနှိပ်မှုတွေကြောင့် လမ်းမရှိတော့ဘူးဆိုတဲ့ သဘောသက် ရောက်မယ် ထင်ပါတယ်..။ ဒါကြောင့် အမျိုးသမီးတွေ ကိစ္စမှာလည်း သူတို့ ကိုယ်စားပြုရမယ့် သဘော ပါဝင်ရမယ့် ရာခိုင်နှုန်း (ကိုတာ) ပုံစံမျိုးတွေကို ရည်ရွယ် ညွန်းတာလည်း ဖြစ်ပါတယ်..။ ပြဌာန်းရုံသက်သက်လည်း မဟုတ်ပြန်ဘူး.. သေချာတဲ့ ဆောင်ရွက်မှုတွေကို အထောက်အပံ့တွေကို လိုလိုလားလားနဲ့ လုပ်ပေးရမှာ ဖြစ်ပါတယ်..။ ဟန်ပြ လုပ်ပေးတာမျိုး မဖြစ်စေရဘူးပေါ့..။ ဆိုလိုတာက အမျိုးသမီးတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကိုယ်ရော စိတ်ပါ နားလည်တက်သိစွာ လုပ်ပေးမဲ့သူတွေ ဖြစ်ဖို့ လိုပါတယ်..။

မြန်မာပြည်မှာလည်း အမျိုးသမီးတွေအကြောင်းကို တကယ်တက်သိ နားလည်ပြီး လုပ်ဆောင်ပေးမဲ့သူတွေ တကယ်လိုနေပါတယ်..။ အစိုးရကိုယ်စားပြု အမြင်ကောင်းအောင် အစည်းအဝေးတွေ သွားတက်တာလောက်နဲ့ အမျိုးသမီးတွေဘဝကို ကိုယ်စားမပြုနိုင်ဘူးလို့ ထင်ပါတယ်..။ အဲဒီမှာမှ ကိုတာစနစ်နဲ့ သွားဆက်စပ်ပြီး အပြန်အလှန်ဆက်စပ် အထောက်အကူ ပြု လုပ်ဆောင်နိုင်မယ်လို့ တွေးမိပါတယ်..။

နောက် (affirmative action ) နဲ့ ကိုတာ (quota ) လုပ်တဲ့အခါမှာလည်း တလွဲဖြစ်နေတာလေးတွေကို နဲနဲ သတိထားရပါလိမ့်မယ်..။ ဒါကတော့ ပြဌာန်းထားတာနဲ့ ဖြစ်ပေါ်လာတဲ့ အကျိုးရလာဒ် အခြေအနေတွေ လွဲနေတာမျိုးပါ..။ ဥပမာအားဖြင့် အမျိုးသမီးရေး တိုးတက်အောင် ဆိုပြီး တွေ့တဲ့ မိန်းမ ( ဗိုလ်မှူးကတော်.. ဗိုလ်ချုပ်ကတော်.. နာမည်ကျော်စီးပွားရေးသမား စတာမျိုး) တွေကို ထည့်လာပြီး အမျိုးသမီးတွေ အတွက် လုပ်နေတာပဲလို့ အသံကောင်းဟစ်လို့မရပါဘူး..။ လုပ်ဆောင်ရမဲ့ နည်းနာ.. သဘောတရား.. နောက် တကယ့်စေတနာ ပဲဖြစ်ပါတယ်..။ ဒါမှလည်း တကယ့်ကို အမျိုးသမီးတွေ ဘာလိုတယ် ဘာခံစားနေရတယ်.. ဆိုတာမျိုးကို သေချာနားလည် သဘောပေါက် ကူညီနိုင်မှာဖြစ်ပါတယ်..။

နိဂုံးချုပ်ပြောရရင်တော့ မြန်မာပြည်ဟာ စီးဒေါ (CEDAW) ကို လတ်မှတ်ထိုးခဲ့ပါတယ်..။ ကျွန်မတက်ရောက်ခဲ့တဲ့ နယူးယောက်က စီးဒေါ ကော်မတီ ရှေ့မှောက်မှာ မြန်မာစစ်အစိုးရ ကိုယ်စားလှယ်များက အကောင်အထည်ဖော်ဆောင်ပါ့မယ်လို့ ပေးခဲ့တဲ့ ကတိကဝတ်တွေကို ကြားနားဖူးပါတယ်..။ လုပ်နေတာတွေကလည်း အခုထိတော့ အားရစရာ မရှိသလောက်ပါပဲ..။ ဆိုလိုတာက ဟိုး အသေးစိတ် ကျောင်းသုံးပြဌာန်း စာအုပ်ထဲက ခွဲခြားမှုကနေ လူကုန်ကူးခံရတာမျိုး နောက် ရွေးကောက်ပွဲမှာ ပါဝင်ရမဲ့ ကိစ္စလိုမျိုးထိ အားလုံးအရေးတကြီး ပါဝင်ပတ်သက်ပါတယ်..။ ဒါကြောင့် တကယ်လုပ်မဲ့သူများ အမှန်အကန် ကိုယ်စားပြုမဲ့သူတွေ အများကြီးလိုတယ်လို့ ပြောရင်း နားပါဦးမည်..။

(ဒီနေ့က မြန်မာအမျိုးသမီးများနေ့အဖြစ် မြန်မာပြည်ထဲမှာ စစ်အစိုးရက ကျင်းပပေးတယ်လို့ဆိုထားတာကြောင့် အခုတင်ပြထားတဲ့ အကြောင်းအရာတွေနဲ့ မြန်မာအမျိုးသမီး ( အသိုင်းအဝန်း) တို့ ကြား အပေါ်မှာ တင်ပြထားတာတွေ ဘယ်လောက်ထိ သိနေပါပြီလဲ.. အစိုးရက ဘာတွေများ ဆက်စပ်နေမိပါပြီလဲဆိုတာကို မေးချင်တာနဲ့ အရင်ရေးထားတာကို ပြန်လည်ရေးသား ထားတာဖြစ်ပါတယ်.. ဒီအကြောင်းအရာက လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ပြည်ပမှာ အမျိုးသမီးရေး အကြောင်းအရာတခုအဖြစ် ဆွေးနွေးခဲ့သလို ယူအန် ရဲ့ စာတွေထဲ မဖြစ်မနေ တွေ့ရတက်တဲ့ အရေးပါတဲ့ စာလုံးတလုံးအဖြစ်လည်း ရှိနေသေးတယ်လို့ ယူဆရပါသေးတယ်..။ )

မဗေဒါ (၈၈)
၀၃.၀၇.၂၀၁၀


ဆက်ဖတ်ကြည့်ပါဦးနော်....

Wednesday, June 30, 2010

ကိုတာ ( Quota )အကြောင်း နဲနဲလေ့လာရအောင်

ကိုတာစနစ်နဲ့ ပတ်သက်တာလေးတွေကို ဖတ်ရင်း ကောင်းနိုးရာရာကို တင်ပြချင်ပါတယ်..။ မြန်မာအများစုမှာ ကိုတာစနစ်ကို မရင်းနှီးသေးတဲ့ အချိန် တချို့နေရာတွေမှာကတော့ ကိုတာစနစ်က လိုတောင်မလိုတော့တာမျိုး ဖျက်သိမ်းတော့မဲ့ အချိန်တောင် ဖြစ်နေပါပြီ..။ စဉ်းစားသာကြည့် ရွေမြန်မာတို့ ဘယ်လောက်နောက်ကျ နေသလဲဆိုတာ..။ ဂလိုဘယ်လိုက်စေးရှင်း ရေစီးကြောင်းထဲမှာ ကျွန်မတို့ မဖြစ်မနေ လိုက်ပါရမယ့်ကိစ္စ တွေထဲမှာ အမျိုးသမီးရေးဆိုင်ရာ အယူအဆ သဘောထားတွေလည်း ပါမယ်ထင်ပါတယ်..။အဲဒီထဲမှာ အမျိုးသမီးများ ပါလီမာန်နဲ့ အခြားကိုယ်စားပြု ပါဝင်ရမဲ့ နေရာများမှာ အချိုးအစားတခု အထိ သတ်မှတ်ပေးပြီး ပါဝင်လာအောင် အဆင့်ဆင့်လုပ်ဆောင်ပေးဖို့ မြန်မာ့အသိုင်းအဝန်းမှာ အတော်လေးကို နောက်ကျပြီး ကျန်နေပါတယ်..။ နောက်ကျတာမှ အတော်လေးကို နောက်ကျကျန်နေတယ်လို့ ပြောရင်ရနိုင်ပါတယ်..။

ကျွန်မတို့နိုင်ငံထက် အဆပေါင်းများစွာ ဆင်းရဲတဲ့ အာဖရိကနိုင်ငံများမှာပင် ကိုတာစနစ်ကျင့်သုံးမှုက အတော်လေး လှုပ်ရှားဆောင်ရွက် နေတာကို တွေ့နေရတာကြာပါပြီ..။ ကိုတာစနစ်ကို တိုင်းပြည်အတော်များများမှာ အကောင်အထည်ဖော်လုပ်ကိုင် ဆောင်ရွက်နေချိန် ကျွန်မတို့က အခုထိ ရေရေရာရာ မရှိသေးသလို ဘယ်လိုမျိုး စတင်ရမလဲဆိုတာကလည်း ပြဿနာတခု ဖြစ်နေပါသေးတယ်..။ အမျိုးသမီးများ ကိုယ်စားပြုတင်ပြမှုဟာ အမျိုးသမီးများ ဘဝများစွာအတွက် အထူးအရေးကြီးသလို မဖြစ်မနေလုပ်ရမဲ့ ကိစ္စတခုဖြစ်တယ်လို့ ယုံကြည်ပါတယ်..။ ဒီမိုကရေစီ ဆိုတာကြီး ဘယ်ဆီနေမှန်းမသိသေး အမျိုးသမီးကိစ္စတွေ တင်ပြနေတာက စောတယ်လို့ ထင်ကောင်းထင်ရပေမယ့် တကယ်တမ်းကတော့ အစောက ပြောခဲ့သလိုပဲ အတော်လေး နောက်ကျနေပါပြီ..။ ဒါကြောင့် စတင်လုပ်လို့ရတဲ့ နေရာကနေ စတင်ပြောကြ တက်နိုင်သလောက် ကျင့်သုံးကြရင်ဖြင့် အလေ့အကျင့်ကောင်းတခုကို ဦးတည်နေပြီမို့ ကောင်းသည်ဟု မှတ်ချက်ချနိုင်ပါတယ်..။ ဒီလိုလှုပ်ရှားဆောင်ရွက် နေချိန်မှာလည်း ကျွန်မတို့လို အမျိုးသမီး အဖွဲ့တွေမှာ ပိုပြီးတာဝန် ရှိတယ်လို့ ခံယူထားတာမို့ ကိုတာစနစ်တွေနဲ့ ပတ်သက်ပြီး ရေးသားဖော်ပြထားတဲ့ ထဲကနေပြီး (IDEA )နဲ့ ဆွီဒင်နိုင်ငံ စတော့ဟုမ်း တက္ကသိုလ်က ပူးတွဲရေးသား ထားတဲ့ ကိုတာစနစ် အကြောင်း လိုအပ်မယ့် အပိုင်း စိတ်ဝင်စားမဲ့ အပိုင်းအစများကို ခြုံငုံသုံးသပ်ပြီး ရေးသားတင်ပြလိုက်ပါတယ်..။ ကိုတာစနစ်ရဲ့ အနှစ်သာရနဲ့လိုအပ်ချက်များကို သိရှိနားလည်မည်ဆိုပါက ကိုတာစနစ်အပေါ် စဉ်းစားသည့် ဦးခေါင်းတလုံး ပိုလာပါသောကြောင့် ဝမ်းသာစရာဟုလည်း ခံယူပါသည်..။



ကိုတာစနစ်

ယနေ့နိုင်ငံ အတော်များများရဲ့ ပါလီမာန်ထဲမှာ အမျိုးသမီး ( ၁၆ ) ရာခိုင်နှုန်း နေရာယူထားကြတာ ဖြစ်ပါတယ်..။ မကြာသေးခင်ကပဲ ရဝမ်ဒါနိုင်ငံက အမျိုးသမီးများရဲ့ ပါလီမာန်ထဲမှာ ကိုယ်စားပြု ပါဝင်မှုဟာ ဆိုရင် ၄၈ ဒဿမ ၈ ရာခိုင်နှုန်းထိ တိုးတက်ခဲ့တာကြောင့် ကမ္ဘာမှာ နံပါတ်တစ်ပြေးနေတဲ့ ဆွီဒင် ( ၄၅ ဒဿမ ၃) ရာခိုင်နှုန်း ကို စံချိန်ချိုးခဲ့ပြီ ဖြစ်ပါတယ်..။ ( ရဝမ်ဒါဟာ အင်မတန်မှ ဆင်းရဲပြီး ပြည်တွင်းစစ် လူသတ်ပွဲတွေကြားကနေပြီး အမျိုးသမီးများ ကိုယ်စားပြုမှုဟာ ဖွံ့ဖြိုးပြီး နိုင်ငံများထက်တောင် မယုံနိုင်လောက်အောင်ကို တိုးမြှင့်ပြီး ကွာခြားလာနေတာ စိတ်ဝင်စားစရာ ကောင်းတာမို့ ကျွန်မတို့လို နိုင်ငံအတွက် ဘာတွေများ အတုယူစရာတွေ ရှိနေလဲ ဆိုတာကို နောင်အလျဉ်းသင့်ရင် ပြောပြချင်ပါသေးတယ်..။ ) ..။

ရဝမ်ဒါ အခြေအနေဟာ ဘာကိုပြသလဲဆိုရင် နိုင်ငံရေးဆိုင်ရာ ရွေးချယ်မှုမုာ ကိုတာစနစ်ဟာ ယောက်ျားရယ် မိန်းမရယ် ဆိုပြီး ခွဲခြားထားတဲ့ အခြေအနေတခုအတွက်တော့ အလှည့်အပြောင်း တခုဖြစ်တယ်လို့ ပြောရင် ရနိုင်ပါတယ်..။ ဘာဖြစ်လို့ ဒီလိုပြောလဲဆိုရင်တော့ အခြားနိုင်ငံတွေက ပါလီမာန်တွေမှာ အမျိုးသမီးကိုယ်စားပြုမှုက အင်မတန်မှ နည်းနေသေးတဲ့အချိန် ဖြစ်နေသေးလို့ ဖြစ်ပါတယ်..။

တကယ်တော့ အမျိုးသမီးတွေ နိုင်ငံရေးဇာတ်ခုံပေါ် ပါဝင်မှုက နည်းနေပါသေးတယ်..။ ဒါကြောင့်မို့ နိုင်ငံရေးနဲ့ဆိုင်တဲ့ နေရာမျိုးတွေမှာ အမျိုးသမီးနဲ့ အမျိုးသား မျှမျှတတ အချိုးအစား ညီတူမျှတူ ပါဝင်လာဖို့ လိုနေပါသေးတယ်..။ ထိရောက်တဲ့နည်းနာတွေ ချမှတ်ဖို့ လူတွေက ပိုမိုတောင်းဆိုလာတာမျိုးတွေလည်း ရှိနေပါပြီ..။ ကိုတာစနစ်ကတော့ ဒီတောင်းဆိုမှုတွေက နည်းနာတခုလို့ ပြောရင်ရနိုင်ပါတယ်..။ အမျိုးသမီးတွေအတွက် ကိုတာစနစ်ကို သိအောင် မိတ်ဆက်ပေးခြင်းဟာ တကယ်တော့ တိတိကျကျနဲ့ ဘာလုပ်ရမယ်ဆိုတာကို လုပ်ပေးလိုက်တာပါ..။ ကိုတာစနစ်ဟာ ပိုမိုထိရောက်တဲ့ နည်းတနည်း အဖြစ်နဲ့ လူအများက လက်ခံထားကြပါတယ်..။ ဒီစနစ်ကိုသုံးမယ်ဆိုရင် အမျိုးသမီးတွေရဲ့ ကိုယ်စားပြုမှုက ပိုပြီးထိထိရောက်ရောက်နဲ့ ပါဝင်လာနိုင်တယ်လို့ မျှော်လင့်ရတာကြောင့်လည်း ပိုမိုအားကောင်းပြီး ခိုင်ခံ့အားကောင်းတဲ့ စနစ်တခုလည်း ဖြစ်နေပါသေးတယ်..။

တပြိုင်နည်တည်းမှာပဲ ဒီကိုတာစနစ်ဟာ မေးစရာမေးခွန်းတွေ ရှိနေသေးသလို တချို့တွေကလည်း ဒီစနစ်နဲ့ ပတ်သက်ပြီး အတိုက်အခံလုပ်တာတွေ ရှိပါတယ်..။ ကိုတာဆိုတာ ဘာများပါလဲ..။ ကိုတာကို ဘယ်လိုနည်းနာတွေနဲ့ အမျိုးသမီးတွေ နိုင်ငံရေးမှာ ပါဝင်လာမှုကို အားပေးလုပ်ဆောင်ဖို့ စသည်ဖြင့်ပေါ့..။ တခုသတိထားဖို့ကတော့ ကိုတာစနစ် ပုံစံတွေ တခုနဲ့တခု မတူဘူးဆိုတာပါ။ အကယ်၍များ ဒီစနစ်က နိုင်ငံတနိုင်ငံရဲ့ ရွေးကောက်တင်မြှောက်မှု ပုံစံမှာ အံဝင်ဂွင်ကျ မဖြစ်ဘူးဆိုရင်တောင် ဒါဟော ဖြစ်တောင့်ဖြစ်ခဲလို့ပြောရင် ရနိုင်ပါတယ်..။

ကိုတာဆိုတာဘာများလဲ

ကိုတာစနစ်ရဲ့ နောက်ကွယ်မှာ တကယ်ရှိနေတဲ့ အနှစ်သာရက နိုင်ငံရေးနဲ့ဆိုင်တဲ့ လုပ်ငန်းစဉ်တွေမှာ အမျိုးသမီးတွေကို ပါဝင်လာအောင် သိမ်းသွင်းစုဆောင်းဖို့နဲ့ အမျိုးသမီးတွေဟာ နိုင်ငံရေးဘဝထဲမှာ အသုံးချခံစက်ရုပ်လိုမျိုး ဖြစ်မနေဖို့ကိုပါ သေချာအောင် ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်..။
နိုင်ငံရေးပါတီတွေရဲ့ ချမတ်ထားတဲ့ ပုံစံအချိုးအစား အရပဲဖြစ်ဖြစ် ဥပဒေက ပြဌာန်းထားတာမျိုးပဲဖြစ်ဖြစ် ဒါမှမဟုတ်လည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ ပြဌာန်းထားတာမျိုးတွေဟာ အမျိုးသမီးတွေအတွက် ရွေးကောက်ပွဲဆိုင်ရာမှာ ကိုတာစနစ်ကို ပုံဖော်ထားတာမျိုးတွေ ရှိတက်ပါတယ်..(မြန်မာ နိုင်ငံရဲ့ ၂၀၀၈ တော့ အမျိုးသမီးတွေအတွက် ဘာတွေ အာမခံထားလဲဆိုတာ မဗေဒါ မသိပါ.. စစ်သားကြီးများရဲ့ အတွေ့အကြုံဆိုတော့ ရယ်စရာများ ဖြစ်နေမလားလို့ပဲ စဉ်းစားမိတယ်)..။ ပါတီကို ကိုယ်စားပြုပြီး ဝင်ပြိုင်တဲ့ အမျိုးသမီးတွေ အတွက်တော့ ဒီကိုတာစနစ်က ထိန်းညှိပေးထားတဲ့ သဘောဖြစ်ပြီး ကိုယ်စားပြုလွတ်တော် ကိုယ်စားလှယ်အဖြစ်နဲ့ ပါဝင်ရာမှာ နေရာချမှတ် ပေးတာမျိုးလို့လည်း ပြောရင်ရနိုင်ပါတယ်..။
တချို့နိုင်ငံတွေမှာဆိုရင် နေရပ်ဒေသ.. လူမျိုး..ဘာသာစကားနဲ့ ကိုးကွယ်တဲ့ ဘာသာတွေပေါ် မူတည်ပြီး ကိုတာစနစ်က အကျိုးသက်ရောက်မှု ဖြစ်စေတာမျိုးတွေလည်း ရှိတက်ပါတယ်..။ ဘာပဲပြောပြော နိုင်ငံရေးစနစ်တိုင်းမှာတော့ နယ်မြေတွေပေါ် အခြေခံပြီးတော့ ရွေးချယ်ထားတဲ့ ကိုယ်စားလှယ် ဆိုတာမျိုးရှိအောင် လုပ်ဆောင်ပေးရတာမျိုး ကတော့ ရှိစမြဲပါ..။ အခုကတော့ အမျိုးသမီးတွေနဲ့ ပတ်သက်တဲ့ ကိုတာစနစ်ကိုပဲ ပြောမှာမို့ ရွေးချယ်မှု ကိစ္စမှာ ဘယ်လိုအကျိုးသက်ရောက်တယ်ဆိုတာကို ကြည့်ကြရအောင်ပါ..။


ကိုတာစနစ်ရဲ့ ရည်ရွယ်ချက်ကတော့ အချိုးအစားအရကို အမျိုးသမီးတွေဟာ အနည်းဆုံး (၃၀)ရာခိုင်နှုန်း ဒါမှမဟုတ်လည်း (၄၀) ရာခိုင်နှုန်းလောက် ပါဝင်ဖို့ကို ပြဆိုပါတယ်..။ အမျိုးသမီးတွေအတွက် ကိုတာစနစ်ကတော့ ဘာကိုသတ်မှတ်ပေးသလဲဆိုရင် အမျိုးသမီးအရေအတွက် အချိုးအစား တခုဟာ နိုင်ငံရေးနဲ့ဆိုင်တဲ့ အမည်စာရင်း တင်သွင်းမှုတိုင်းမှ ပါဝင်ဖို့လိုကို လိုအပ်ပါတယ်..။ ကိုတာစနစ်ဟာ အမျိုးအစား ကိုယ်စားလှယ်ပါဝင်ဖို့ဆိုပြီး ဒီစုဆောင်းရေး ကိစ္စကိုပဲ ပြောနေတာတော့ မဟုတ်ပါဘူး..။ ဒီစုဆောင်းလုပ်တာတွေကို ထိမ်းချုပ်ထားသူ တွေအပေါ်မှာလည်း အများကြီး မူတည်နေပါတယ်..။ ကိုတာစနစ်ရဲ့ နောက်ကွယ်မှာ တကယ့်အနှစ်သာရကတော့ နိုင်ငံရေး ဇာတ်ခုံပေါ်မှာ အမျိုးသမီးတွေ ပိုမိုပါဝင်လာပြီး လူသစ်စုဆောင်းရေး လုပ်တာဖြစ်သလို နိုင်ငံရေး ဘဝတွေထဲမှာလည်း ဒီပါဝင်လာတဲ့ အမျိုးသမီးတွေ အထီးကျန် ဖြစ်မနေဖို့တွေကို သေချာအောင် ပြုလုပ်ပေးရမယ်ဆိုတဲ့ သဘောပါပဲ..။

အရင်တုန်းက အမျိုးသမီး တယောက်စနှစ်ယောက်စ အတွက် နေရာချန်လှပ်ပေးထားတာမျိုးက တကယ့်စဉ်းစားချက် မဟုတ်သလို အလုပ်မဖြစ်လို့ လုပ်နေရတဲ့သဘော( မရေရာမှု) သက်ရောက်နေပါတယ်..။ ဒါကြောင့် ကိုတာစနစ်ရဲ့ ရည်ရွယ်ချက်ကတော့ အနည်းဆုံး အမျိုးသမီးတွေ ၂၀ ကနေ ၃၀ ဒါမှမဟုတ် ၄၀ အထိ အမျိုးသား အမျိုးသမီး တဝက်စီပါလာနိုင်တဲ့ တကယ့်စစ်မှန်တဲ့ ယောက်ျားမိန်းမ မခွဲခြားတဲ့ ကိုယ်စားပြုမှုကို သေချာရေရာအောင် ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်..။ အဖြစ်သဘောဆိုပြီး နာမည်ရရုံလောက် လုပ်လို့မရဘူးဆိုတဲ့သဘောပါ..။ တချို့နိုင်ငံ ( အနည်းစု) မှာကျတော့ ကိုတာစနစ်ကို နိုင်ငံရေးလောကထဲမှာ အမျိုးသမီးတွေ အဟန့်အတားမရှိ ပဲ ပါဝင်လာနိုင်တဲ့အထိ ခဏယာယီ ပြုလုပ်ပေးထားတာဖြစ်ပါတယ်..။ ဒါပေမယ့်လို့အများစုနိုင်ငံတွေကတော့ ဒီစနစ်ကို သုံးတဲ့နေရာမှာ အချိန်တိတိ ကျကျနဲ့ ချိန်ကိုက် ကန့်သတ်ထားတာမျိုးတွေ မရှိပြန်ပါဘူး..။ သဘောကတော့ လိုသလောက် အချိန်ယူသွားမယ့် သဘောပါပဲ..။

အမျိုးသမီးတွေရဲ့  ကိုယ်စားပြုပါဝင်မှုက နည်းနေတဲ့အခါ အမျိုးသမီးတွေရဲ့ ပြဿနာတင်ပြမှုကလည်း နည်းနေတဲ့ ဖြစ်စဉ်သဘောပါပဲ..။ ဒါကြောင့်မို့ ဒီပြဿနာတွေကို အမျိုးသမီး ကိုယ်စားပြုဦးရေ ပိုများလာတဲ့အခါ အမျိုးသမီးကိုယ်စားလှယ် ပိုများလာတဲ့အခါ သူတို့တွေ့ကြုံခံစားရတဲ့ ကိစ္စတွေကို တင်ပြလာအောင် ကိုတာစနစ်က လုပ်ဆောင်ပေးမယ်လို့ ယုံကြည်ရပါတယ်..။ အထူးသဖြင့်တော့ လူဦးရေရဲ့ တဝက်ဟာ အမျိုးသမီးဦးရေ တွေ ဖြစ်လာတဲ့ အချိန်ကစပြီးတော့ ဒီစဉ်းစားချက်က စတင်တယ်လို့ ဆိုရင်ရပါတယ်..။ ဆိုလိုတာကတော့ အမျိုးသမီးဦးရေလည်း များလာပြီမို့ သူတို့ကို ကိုယ်စားပြုဖို့လိုလာပြီလို့ အချက်ပြလိုက်တာပါပဲ..။ ဥပမာအားဖြင့်တော့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပြဌာန်းမှုမှာ အမျိုးသမီးကိုယ်စားလှယ် လောင်း ၄၀ ရာခိုင်နှုန်းပါဝင်ရမယ်ဆိုတဲ့ ပြဌာန်းမှုပါ..။ (အမျိုးသမီးဦးရေ ကိုယ်စားပြုမှုဟာ ဘာကိုပြလဲဆိုရင်တော့ အမျိုးသားများက များများပါပြီး အမျိုးသမီးများ နည်းနည်းပိုပါဝင်လာတဲ့ သဘောဖြစ်ပါတယ်..။) နိုင်ငံရေးနဲ့ဆိုင်ရာ နေရာဌာနတိုင်းမှာ အမျိုးသမီးများ ကိုယ်စားပြုမှု နည်းနေသေးတာကြောင့် ပြဌာန်းလိုက်တဲ့ ဥပဒေက အမျိုးသမီးတွေ အနည်းဆုံး ပါဝင်လာနိုင်မယ့် အခြေအနေတခုကို ရည်မှန်းထားတာမျိုးပေါ့..။

တချို့ကိုယ်တာ စနစ်ကျပြန်တော့လည်း အမျိုးသား အမျိုးသမီး မျှမျှတတ ပါဝင်နိုင်အောင် ဖန်တီးပေးထားတာမျိုး ရှိတက်ပါတယ်..။ ဆိုလိုတာကတော့ ဘယ်အုပ်စုကနေပြီး ပိုကိုယ်စားပြု ပါဝင်နေလို့ မရဘူးဆိုတာပါပဲ..။ ဘာကိုဆိုလိုတာလဲဆိုတော့ ဘယ်အုပ်စုကမှ ၆၀ ရာခိုင်နှုန်း ထက်မများရသလို ၄၀ ရာခိုင်နှုန်းထက်လည်း မနည်းရဘူးဆိုတာပါပဲ..။ ဘာပဲပြောပြော ၅၀ ရာခိုင်နှန်း ပါဝင်တဲ့ ကိုတာပုံစံစနစ်ကတော့ အုပ်စု ၂ ခုလုံးအတွက် မျှတစွာ ပါဝင်နိုင်တဲ့ အခြေအနေပါပဲ..။
ကိုတာစနစ်နဲ့ စပ်လျဉ်းလို့ နှစ်ဆတိုး ကိုတာမူကို ကျင့်သုံးမှု ရည်ရွယ်ချက်ကတော့ ရွေးကောက်ပွဲမှာ အမျိုးသမီးတွေ ဘယ်ရွေ့ဘယ်မျှ ( အချိုးအစား) နဲ့ ရွေးကောက်ပွဲမှာ ပါဝင်လာနိုင်တဲ့ အမည်စာရင်း တင်သွင်းရုံ သက်သက်မဟုတ်ပါဘူး..။ ဟိုအောက်ခြေ စာရင်းမှာ ရွေးကောက်ခံရဖို့ အခွင့်အလမ်းနည်းနေတာတွေကိုလည်း တခါတည်း ကာကွယ်ပေးထားရာရောက်ပါတယ်..။ အာဂျင်တီးနား..ကော့စတာရီကာ နဲ့ ဘယ်လဂျီယန်တို့မှာ နှစ်ဆတိုး ကိုတာ ပြဌာန်းထားတဲ့ စနစ်ကို လုပ်ဆောင်ထားတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်..။

အားနည်းချက်

၁… အမျိုးသမီးတွေကို အမျိုးသားတွေထက် ပိုမိုဦးစားပေးလိုက်ပြီ ဆိုပါက လူတိုင်းတန်းတူညီမျှစွာ ပါဝင်လာနိုင်ဖို့ကို ဆန့်ကျင်ရာရောက်ပါတယ်..။
၂… ကိုတာစနစ်ဟာ ဒီမိုကရေစီနဲ့ ဆန့်ကျင်နေပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ မဲပေးသူတွေက ဘယ်သူ့ကို တင်မြှောက်မယ်ဆိုတာကို ဆုံးဖြတ်ရမဲ့သူတွေ ဖြစ်လို့ပါပဲ..။
၃… နိုင်ငံရေးသမားတွေ ရွေးချယ်ခံရမှုမျာ ရွေးချယ်ခံလိုက်ရတဲ့ သူတွေဟာ သူတို့ရဲ့ အရည်အချင်းကြောင့် မဟုတ်ပဲ လိင်ပေါ်ကို မူတည်ပြီး ရွေးချယ်ခံရမှုမျိုး ဖြစ်နေတာကြောင့် အရည်အချင်းပိုရှိတဲ့ သူတွေအတွက် ဘေးကို တွန်းပို့သလိုဖြစ်နေပါတယ်..။
၎… အမျိုးသမီးအတော်များများကတော့ မိန်းမဖြစ်နေတာ တခုတည်းနဲ့ ရွေးချယ်ခံလိုခြင်း မရှိကြပြန်ပါဘူး..။
၅… ကိုတာစနစ်ကို ပြဌာန်းလိုက်မှုဟာ ပါတီထဲမှာ မသင့်မြတ်မှု (အလိုမကျမှု) တွေကို ဖြစ်ပေါ်စေတက်ပါတယ်..။

အားသာချက်

၁… ကိုတာစနစ်ဟာ အမျိုးသမီးတွေကို ခွဲခြားဆက်ဆံတာ မဟုတ်ပါဘူး..။ ဒါဟာ ဘာကိုပြသလဲဆိုရင် နိုင်ငံရေး ထိုင်ခုံကနေပြီး အမျိုးသမီးတွေ အချိုးအစားတခုအရ မျှမျှတတ ပါဝင်လာနိုင်ဖို့အတွက် ဖြစ်နေတဲ့ အဟန့်အတားကို ခြေဖျက်လိုက်တာလည်း ဖြစ်ပါတယ်..။
၂… ကိုတာစနစ်ဟာ နိုင်ငံရေး လုပ်တဲ့အခါမှာ အမျိုးသမီးတွေ စုပေါင်းလုပ်ဆောင်မှုကို ဖြစ်ပေါ်စေပြီး သူတို့တွေရဲ့ တွေ့ကြုံခံစားနေရတဲ့ သောကတွေကို လည်း အနည်းနဲ့ အများဆိုသလို ပြေပျောက်စေပါတယ်..။
၃… အမျိုးသမီးများဟာ နိုင်ငံသားတယောက် အနေနဲ့ ညီတူညီမျှ ပါဝင်မှု အခွင့်အရေးလည်းဖြစ်ပါတယ်..။
၎… အမျိုးသမီးတွေရဲ့ အတွေ့အကြုံတွေဟာ နိုင်ငံရေး ဘဝတွေထဲမှာ လိုကိုလိုအပ်နေပါတယ်..။
၅…ရွေးကောက်ပွဲဆိုတဲ့ ကိစ္စဟာ ပြည်သူ့အသံများကို တင်ပြဖို့ဖြစ်ပြီး ပညာရေးမှာဘယ်လောက် တော်ပါတယ် တက်ပါတယ်ဆိုတာကို သွားပြိုင်ရမဲ့ နေရာမဟုတ်ပါဘူး..။
၆… အမျိုးသမီးများဟာ အမျိုးသားများလို အရည်အချင်း ပြည့်စုံသူများဖြစ်ကြပါတယ်..။ သို့သော်လည်းပဲ အမျိုးသားတွေ ကြီးစိုးချယ်လှယ်နေတဲ့ နိုင်ငံရေး စနစ်ကြီးထဲမှာ အရည်အချင်း ပြည့်မှီတဲ့ အမျိုးသမီးများဟာ နေရာမပေးခံတာကတော့ ထုံးစံပါပဲ..။ တနည်းအားဖြင့် အမျိုးသမီးတွေ အဆင့်လျှော့ခံနေရပါတယ်..။
၇… အမှန်ကတယ်ကတော့ နိုင်ငံရေးပါတီတွေကနေပြီး ဘယ်သူဘယ်ဝါကို ရွေးချယ်ဖို့ဆိုတာကို ထိမ်းချုပ်ထားတာဖြစ်ပြီး မဲပေးသူတွေကနေ ဘယ်သူဘယ်ဝါကို ရွေးတယ်ဆိုပြီး စဉ်းစားဆုံးဖြတ်တာ မဟုတ်ပါဘူး..။ ဒါကြောင့်မို့ ကိုတာစနစ်ဟာ မဲပေးသူတွေ၇ဲ့ အခွင့်အရေးကို ချိုးဖောက်ရာ မရောက်ဘူးလို့ ပြောနိုင်ပါတယ်..။
၈… ကိုတာစနစ်ကို စတင်အသက်သွင်း တဲ့ အချိန်မှာ ပြဿနာလေးတွေ ရှိကောင်းရှိနိုင်ပေမယ့် ဒါဟာ အခိုက်အတန့်ကိစ္စမျိုး ဖြစ်နိုင်ပါတယ်..။

တန်းတူညီမျှမှုဆိုင်ရာ အယူအဆနှစ်ရပ်

၁.. ယေဘုယျအားဖြင့် အမျိုးသမီးတွေအတွက် ကိုတာစနစ်ဟာဆိုရင် တန်းတူညီမျှမှုဆိုတဲ့ အယူအဆတရပ်ကနေပြီး နောက် အခြားတခုကို ရွေ့သွားတဲ့ တင်ပြမှုပဲ ဖြစ်ပါတယ်..။ တန်းတူ ညီမျှမှုရဲ့ ခေါင်းမမာပဲ လိုက်လျောတက်တဲ့ အယူအဆ တရပ်ကတော့ ဘာလဲဆိုရင် တန်းတူ ညီမျှမှု အခွင့်အလမ်း ဆိုတဲ့ အယူအဆ ဒါမှမဟုတ်လည်း အပြိုင်အဆိုင် ဖြစ်ထွန်းသည့် တန်းတူညီမျှမှု ကို ဖြစ်ထွန်းစေတာဖြစ်ပါတယ်..။ ပထမ အယူအဆကတော့ အတားအဆီး ဖြစ်နေတဲ့ ပုံစံတွေကို ဖယ်ရှားပေးလိုက်တဲ့ ကိစ္စမျိုး ( အမျိုးသမီးတွေကို မဲပေးခွင့် ပေးလိုက်တာမျိုး) တွေကို ပြည့်စုံလုံလောက်ပြီလို့ ယူဆကြတာလည်း ရှိတက်ပါတယ်..။ ကျန်တဲ့အပိုင်းကတော့ အမျိုးသမီး တဦးချင်းစီရဲ့ သဘောနဲ့ပဲဆိုင်ပါတယ်..။
၂…. ဒုတိယအယူအဆ ရဲ့ တန်းတူညီမျှမှု သဘောထားကတော့ ဒီလိုမဟုတ်ပါဘူး..။ ဘီဂျင်းပလက်ဖိုက် လို့ခေါ်တဲ့ အမျိုးသမီးညီလာခံမှာ အမျိုးသမီးရေး တက်ကြွသူတွေ ဖိအားပေးမှုတမျိုးကတော့ ဆက်စပ်မှုတွေ လုပ်တာမျိုးနဲ့ အထောက်အပံ့ဆိုင်ရာ ကိစ္စတွေ လုပ်ခြင်းဟာ ပိုမိုတိုးတက်မှုတွေကို ရလာစေတာ ဖြစ်တယ်လို့ ဆိုပြန်ပါတယ်..။ တနည်းအားဖြင့်တော့ တန်းတူညီမျှမှု ရလာဒ် ဖြစ်ပါတယ်..။ ထပ်ပြီး အထွန့်တက်တဲ့ အငြင်းပွားမှုကတော့ အရင်က အဟန့်အတားတွေကို ဖယ်ရှားလိုက်တာနဲ့ တကယ့်စစ်မှန်တဲ့ အခွင့်အလမ်းဆိုတာဟာ မရှိနေဘူးဆိုတဲ့ ကိစ္စပါ..။ ဘာဖြစ်လို့လည်းဆိုတော့ အမျိုးသမီးတွေ အပေါ်မှာ မမြင်ရတဲ့ အဟန့်အတား ဥပါဒန် အစွဲအလမ်းတွေဟာ ဆိုရင်လည်း အမျိုးသမီးတွေ နိုင်ငံရေးဘဝထဲမှာ သြဇာအာဏာသက်ရောက်မှု (ပါဝင်ဖို့) တွေကို တနည်းတဖုံနဲ့ အတားအဆီးဖြစ် နေသေးလို့ ဖြစ်ပါတယ်..။ ကိုတာနဲ့ အခြားသော နည်းလမ်းတွေဟာ အမျိုးသမီးတွေ ပါဝင်လာအောင် လုပ်ဆောင်ထားတဲ့ နည်းလမ်းကောင်းတွေဟာ တန်းတူညီမျှမှု ရလာဒ်ကောင်းတွေကို ဖြစ်ပေါ်စေပါတယ်..။ အရင်တုန်းက တန်းတူညီမျှမှု လုပ်ဆောင်မှုတွေကို နည်းလမ်းတခုအနေနဲ့ လုပ်ဆောင်ပေးလိုက်ရုံနဲ့ကတော့ တန်းတူညီမျှမှုကို ရည်မှန်းချက် တခုအနေနဲ့ ရောက်ရှိမှာ မဟုတ်ပါဘူး..။ ဒါကလည်း အတွေ့အကြုံပေါ် မူတည်ပြီး ပြောဆိုငြင်းချက် ထုတ်ရခြင်း ဖြစ်ပါတယ်..။ တကယ်လို့များ အတားအဆီးတွေက ရှိနေဦးမှာ ဆိုရင်တော့ အစားထိုးလုပ်ဆောင်ချက်တွေကို နည်းလမ်းတခုအဖြစ် ချမှတ်ပြီးတော့ တန်းတူညီမျှ ရလာဒ်တွေဆီ ရောက်အောင်ကို လုပ်ဆောင်ပေးရမှာ ဖြစ်ပါတယ်..။ ဒီလိုအမြင်ဘက်က ချဉ်းကပ်မယ်ဆို၇င်တော့ ကိုတာစနစ်ဟာ ဆိုရင် နှစ်ရှည်လများက ဖြစ်နေတဲ့ ပုံစံသွတ်သွင်းခံထားရမှု အဟန့်အတားအတွက် လျှော်ကြေး တခု အဖြစ်နဲ့ အမျိုးသမီးတွေကို ရွေးကောက်တင်မြှောက်တဲ့ ကိစ္စတွေမှာ ဖြည့်ဆည်းပေးတဲ့ သဘောဖြစ်ပြီး အမျိုးသားများကို ခွဲခြားဖိနှိပ်တာ မဟုတ်ပါဘူးလို့ ပြောနိုင်မယ်ထင်ပါတယ်..။

ကိုတာစနစ် အလုပ်ဖြစ်မဖြစ်

ကိုတာအလုပ်ဖြစ်မဖြစ် ဆိုတာကတော့ နိုင်ငံတခုချင်းစီနဲ့ပဲ ဆိုင်မယ်ထင်ပါတယ်..။ အမျိုးသမီးတွေ ပါဝင်နေတာရယ် ကိုတာရဲ့ ပြဌာန်းချက် အမျိုးအစားတွေ ဆက်နွယ်ပတ်သက် နေမှု ဘယ်လောက် အလုပ်ဖြစ်နေပြီလို့ ပြောဖို့ကတော့ ခက်နေပါသေးတယ်..။ ဘာဖြစ်လို့လဲဆိုတော့ ကိုတာစနစ်ကို အကောင်အထည်ဖော်ရာ မှာ လိုလိုလားလားနဲ့ လုပ်နေတာမျိုးက ဘယ်အခြေအနေမှာ ရှိနေတယ်ဆိုတာ ပြောရခက်နေသေးတယ်..။ ဒီစနစ်ကို အသုံးပြုနေတဲ့ ကိစ္စတွေကို သေသေချာချာနဲ့ အရည်အချင်းပြည့်မှီအောင် ကျွမ်းကျွမ်းကျင်ကျင်နဲ့ လေ့လာဆန်းစစ်ဖို့ လိုပါတယ်..။ များသောအားဖြင့်တော့လည်း ရွေးကောက်ပွဲအတွက် တင်ပြမှုပုံစံတွေမှာက ယောက်ျားရယ် မိန်းမရယ်ဆိုပြီးတော့ နိုင်ငံရေးပါတီတွေကနေပြီး အသေးစိတ်ဖော်ပြထားတာ မရှိသေးပါဘူး..။ ကိုတာစနစ် အလုပ်ဖြစ်မဖြစ် လေ့လာဆန်းစစ် တဲ့ ကိစ္စတွေမှာလည်း မမြင်ရတဲ့ နောက်ဆက်တွဲ ပြဿနာမျိုးတွေ ဖြစ်တဲ့ ( ဥပါဒန် အစွဲအလမ်းတွေ ကြောင့် ဖြစ်ရတဲ့ ခွဲခြားဖိနှိပ်မှုတွေ ) ရှိနေသေးတယ် ဆိုတာကို နက်နက်နဲနဲ သိဖို့လိုပါတယ်..။
ကိုတာစနစ်ကို အသုံးပြုဖို့ရာ နိုင်ငံတကာရဲ့ အကြံပြုချက်ထောက်ခံချက်တွေရယ်.. တခြားနိုင်ငံတွေရဲ့ လှုံဆော်ချတက်တွေ ဟာဆိုရင်လည်း ပိုမိုအရေးပါလာ နေပါတယ်..။ ကိုတာစနစ်ဟာ အမျိုးသမီးတွေ နိုင်ငံသားတယောက်အဖြစ် ကြုံတွေ့နေရတဲ့ အတားအဆီးတွေ အခက်အခဲတွေကို အကုန်လုံး ပျက်ပြယ်စေတာတော့ မဟုတ်ပါဘူး။ နောက်ပြီး ဒီိကိုတာစနစ် ဟာ ဟိုးအထက်မိုးပေါ်က ကျလာတဲ့ ကိစ္စ မဟုတ်သလိုအောက်ခြေကနေပြီး အမျိုးသမီးတွေ ပါဝင်လုပ်ဆောင်ချက်တွေနဲ့ အမျိုးသမီးအဖွဲ့အစည်းတွေရဲ့ တက်တက်ကြွကြွနဲ့ ပါဝင်မှုတွေကြောင့် ဆိုတာကိုလည်း သိထားဖို့အရေးကြီးပါကြောင်း…………။

( ဒီဆောင်းပါးက ၂၀၀၆ မှာ ရေးခဲ့ပါတယ်.. အကြောင်းအရာက အင်မတန်မှအရေးကြီးသလို လေးနက်ပါတယ်..။ မြန်မာတွေအတွက် အင်မတန်မှ အရေးကြီးတဲ့ အကြောင်းအရာ ဖြစ်တယ်လို့ ယူဆသလို တိုင်းပြည်အပြင်ဘက်မှာတော့ အယူအဆရေးရာအရ ဆွေးနွေးနေကြတာ ကြာခဲ့ပါပြီ..။ တိုက်ပွဲတွေက ပြင်းထန်သလို နုတ်နဲ့ပြောပြီး တကယ်မယုံကြည်သူတွေလည်း အများကြီး ရှိနေပါတယ်..။ ဘာပဲပြောပြော ကျွန်မတို့ တိုင်းပြည်အတွက် စဉ်းစားစရာ အချက်တွေအများကြီးထဲက အကြောင်းအရာတခု နဲ့ တင်ပြခြင်းပါပဲ..။)

မဗေဒါ




ဆက်ဖတ်ကြည့်ပါဦးနော်....

Tuesday, June 22, 2010

ကွဲပြားစေချင်သည်..


ကျွန်မဒီစာကိုရေးမယ်ဆိုတော့ အခါခါ တွေးမိပါတယ် ..။ ကောင်းပါ့မလားပေါ့..။ ထပ်ခါထပ်ခါ ပြန်တွေးတယ် အင်တာနက်ပေါ်မှာ စာဖတ်ပရိသတ်တွေ သိသင့်တာလေးတွေကို အခုကတည်းက သိထားသင့်တာရယ်.. သိပြီးသူတွေလည်း ပိုစဉ်းစားပေးတာမျိုး.. ဆွေးနွေးပေးတာမျိုး လုပ်နိုင်ရင် ကောင်းမယ်..။ တနေ့ တိုင်းပြည်မှာပဲဖြစ်ဖြစ်.. အခုရောက်ရှိနေထိုင်နေတဲ့ နေရာမှာပဲဖြစ်ဖြစ် တနည်းနည်း ပတ်သက်နေတာလေး တွေဆိုတော့ အခုကတည်းက စဉ်းစားထားလို့ရအောင် ရေးမယ်လို့ ဆုံးဖြတ်ပါတယ်..။

လွန်ခဲ့တဲ့ ၁၃ နှစ်လောက်က `ဗမာ` ဆိုတဲ့စကားလုံးရယ်.. ဗမာမဟုတ်တဲ့ အခြားတိုင်းရင်းသား အကြောင်းတွေငြင်းရင်းခုန်ရင်း အကြိမ်ပေါင်းများစွာ စိတ်အနှောင့်အယှက် ဖြစ်ဖူးပါတယ် ။ ကျွန်မကိုယ်တိုင်တော့ ( ဗမာ အစစ် )ရာခိုင်နှုန်းပြည့် ဟုတ်မဟုတ်တော့ မသိဘူး.. မြင်တဲ့သူတိုင်းကတော့ ဗမာလို့ အလိုလိုသတ်မှတ်ထားတယ်.. အကြောင်းက အများသတ်မှတ်ထားတဲ့ ဗမာဆိုတဲ့ အသားအရည်… ရုပ်ရည်.. စကားပြောဟန်.. (အကြွားထူတာမျိုး) စတဲ့ ဗမာလို့ ယေဘုယျ သတ်မှတ်ထားတာမျိုးတွေ နဲ့ အံဝင်ဂွင်ကျတာကြောင့် ဗမာလို့အော်တိုဖြစ်စေတာ ဖြစ်မယ်လို့ ယူဆရပါတယ်..။ ကျွန်မကလည်း ဂုဏ်ယူစွာပြောချင်ပါတယ်။ ဗမာအစစ် ၈၀ ရာခိုင်နှုန်းလောက် သေချာမယ်ထင်ပါတယ်လို့။ ဗမာဖြစ်ရတာကို ကိုယ်ကဂုဏ်ယူပေမယ့်လည်း ကိုယ့်ကိုဗမာဖြစ်လို့ မြင်တာနဲ့ စိတ်အချဉ်ပေါက်သူတွေလည်း တွေ့ဖူးတယ်။ ဗမာလို့ ဆိုလိုက်တာနဲ့ နေရင်းထိုင်ရင်း အမှတ်တွေ လျှော့ပစ်တာကို ခံရဖူးတယ်..။ ဗမာဖြစ်လို့ အခွင့်အရေးဆုံးရူံး ခဲ့ရတာတွေ ရှိခဲ့ဖူးတယ်..။ ကျွန်မရဲ့ အတွေ့အကြုံလေးကို ဖလှယ်ခြင်ပါတယ်။


ကျွန်မတို့တွေ အမျိုးသမီးရေးနဲ့ ဆိုင်တဲ့ အစီရင်ခံစာ တဆောင် ရေးချိန်က ဖြစ်ပါတယ် ...။ အမျိုးသမီး ကိစ္စဆိုတော့ အမျိုးသမီးအရေးတွေ စုံလင်စွာဆွေးနွေးတဲ့ကိစ္စ ..အင်တာဗျူးတွေ.. သတင်းတွေကို ဖတ်ရပါတယ်..။ အဲဒီမှာ ဗမာမဟုတ်တဲ့ တိုင်းရင်းသား အမျိုးသမီးတွေကို စနစ်တကျ ဘာလုပ်တယ် ညာလုပ်တယ် ဆိုတာမျိုးတွေ ထည့်သွင်းဖို့ ပါလာပါတယ်..။ ။ မှတ်မိသလောက် ပြောရရင် တော့(အမျိုးသမီးများကို ဗမာစစ်တပ်က စနစ်တကျမုဒိမ်းကျင့် ) ဆိုသည့် စကားလုံး ပါလာတာဖြစ်ပါတယ်..။ ကျွန်မက အဲလိုစကား လုံး ကိုမသုံးဖို့ အငြင်းအခုံ လုပ်မိပါတယ်။ ပြောမယ်ဆိုရင် စကားလုံးတခုကို ကုလသမဂ္ဂလိုနေရာမျိုးမှာ တင်ပြမယ်ဆိုရင် အင်မတန်မှ ဂရုစိုက်ရမယ်လို့ ယူဆလို့ဖြစ် ပါတယ်။ ဖြစ်နေတဲ့အခြေအနေတွေကို ကျယ်ကျယ်ပြန့်ပြန့် သေချာစုံးစမ်းမသိပါပဲ အချက်အလက်မခိုင်မှာပါပဲ ဇာတ်နာရုံ လေး ပြောချင်တဲ့ စိတ်နဲ့ စကားလုံးလှလှလေးတွေ သုံးတာက တကယ်တော့ ပြဿနာဖြစ်တက်ပါတယ် ။ အမှန်က ကုလသမဂ္ဂ ဆိုတဲ့ နေရာဟာ ရသတွေလာတင်ပြတဲ့နေရာ မဟုတ်သလို ဇာတ်နာအောင် ကြားကောင်းအောင် ရေးလို့မရပဲ အချက်အလက်ခိုင်မာစွာ တင်ပြရတဲ့ နေရာတခုသာဖြစ်ပါတယ်..။

တင်ပြလာတဲ့ အချက်အလက်တွေကို သက်ဆိုင်ရာ ပညာရှင်.. (သို့) အစိုးရ ကိုယ်စားလှယ်များက ဖတ်ရူပြီးမှ သက်ဆိုင်ရာ အစိုးရတွေကို ဖိအားပေးတာမျိုး ဒါမှမမဟုတ်လည်း ဆွေးနွေးတာမျိုးတွေ ပြုလုပ်တဲ့ နေရာတခုသာဖြစ်ပါတယ်..။ ကြုံတုန်းပြောချင်ပါတယ်။ ကျွန်မတို့ ကြားနေတဲ့ ကုလသမဂ္ဂ လိုနေရာမျိုးမှာ စာလုံးလေးတလုံး စာကြောင်းတကြောင်း ဖြစ်ဖို့ဆိုတာ ငွေ .. အချိန်.. အဆက်အသွယ် .. နားလည်စာနာမှု စတာတွေနဲ့ပတ်သက်ပြီးတော့ တဖြေးဖြေးအချိန်ယူ ထည့်ရတာပါ။ နောက် မမြင်ရတဲ့ လိုက်မမီတဲ့ အခြေအနေတွေလည်း နိုင်ငံတွေကြား ရှိတက်ပါသေးတယ်..။ တချို့ကလည်း ဒါကို ( ယူအန် ပေါလစ်တစ် UN politics)လို့ ခေါ်ကြပါသေးတယ်..။ ကျွန်မတို့ မကြာခဏကြားရတက်တဲ့ ကုလသမဂ္ဂက ဘာပြောတယ် ညာပြောတယ်ဆိုတာက တကယ်တော့ ကာယကံရှင် နိုင်ငံက သွားရောက် ပြောဆိုသူများနဲ့ ဆိုင်သလို အချက်အလက် အမှန်အကန်တွေပေါ်မှုတည်တာ ဖြစ်ပါတယ်..။ နောက် တင်သွင်းရတဲ့ နိုင်ငံတွေရဲ့ မြန်မာအပေါ် စိတ်ဝင်စားမှု.. သူတို့ရဲ့ နိုင်ငံရေးအယူအဆ.. တခြား အမျိုးသားအကျိုးစီးပွား.. ဘာသာရေးဆိုင်ရာ ကိုးကွယ်မှု အစရှိတာတွေပေါ်လည်း အများကြီး မူတည်ပါတယ်..။ ဒီတော့ ကျွန်မက မုဒိမ်းကျင့်ခံရတဲ့ အမျိုးသမီးများ အခြေအနေကို သုံးသပ်ပြီး ခုနက စကားလုံးကို မဖြစ်နိုင်ဘူးဆိုတဲ့ အထင်ရှိတာကြောင့် မသုံးချင်တဲ့အတွက် ငြင်းခုံမိတာသာဖြစ်ပါတယ်..။

ဘယ်သူမှ သာစေ နာစေဆိုတာမျိုးနဲ့ ငြင်းခုံခဲ့တာမဟုတ်ပါ.. ။ မြန်မာစစ်တပ်က ဒီလိုပေါ်လစီ.. မှုတွေ ချထားတယ်ဆိုတာမျိုးကလည်း စာတတန် ပေတတန်နဲ့ ရေးထားတာကို တွေ့ဖူးတဲ့ အထောက်အထား မရှိတာရယ်ကြောင့်လည်း တွန့်ဆုတ်မိတာသာဖြစ်ပါတယ်..။ (အဲဒီထဲမှာပါတဲ့သူတ ယောက်ကလည်း အစိုးရတွေမှာ ဒါမျိုးတွေကို မူအားဖြင့် မဟုတ်ပေမဲ့ လုပ်တက်တဲ့ ဓလေ့ရှိကြောင်း နိုင်ငံရေးသာသာ လေ့လာထားသူပီပီ ငြင်းပါတယ်.. သူက အဖြူမပါ…။) ဘယ်သူပဲ ကုလသမဂ္ဂမှာ သွားတင်ပြပြ အချက်အလက်ခိုင်တာ.. ဟာ အင်မတန်အရေးကြီးသလို လူလည်း လေးစားပါတယ်.. နောက်.. လုပ်ရတဲ့သူတွေလည်း ဂုဏ်ရှိသလို.. အတိုင်ကြားခံရတဲ့ အစိုးရများက အရှက်ရှိမယ်.. လေးစားမယ် ဆိုရင်လည်း သေချာစုံစမ်းတာတွေ.. ဒါမှမဟုတ် အမှုတွေလျော့သွားတယ် ဆိုတာမျိုးတွေ ဖြစ်နိုင်အောင် လုပ်ဆောင်စေတာမို့.. အချက်အလက်အားဖြင့် အရေးကြီးတာကို တင်ပြချင်းဖြစ်ပါတယ်..။ နာစေ သာစေဆိုတဲ့ ဗမာစိတ် နဲ့ ငြင်းဆိုခဲ့တာမဟုတ်ဘူးလို့တော့ မိမိဘာသာ သိနေပါတယ်..။

ဘယ်လူမျိုးကို မုန်းလို့ ဖြစ်စေတဲ့စိတ်.. ငါတို့ဗမာအမျိုးသမီးတွေ မခံရလို့ ဆိုတဲ့ အတွေးဆိုး တွေနဲ့ ပြောခဲ့ခြင်း ငြင်းခုံခြင်းလည်း မဟုတ်ပါ။ ဒါကိုတော့လည်း ကာယကံရှင်ကျွန်မသာလျှင် သိသည်မို့ ကျန်သူတွေနဲ့လည်း အငြင်းအခုံတွေ လုပ်ရင်း စိတ်ဓာတ်တွေအကြီးအကျယ် ကျသွားခဲ့ဘူးပါတယ်..။ ပြောချင်တာက စာသားများရဲ့ အရေးပါမှု အရေးကြီးမှု အကြောင်း မဟုတ်တော့ပဲ ဗမာဖြစ်တဲ့ ကျွန်မက အခြားအမျိုးသမီး တွေအပေါ်နားမလည်ဖူးဆိုတဲ့ စွပ်စွဲသလိုမျိုးဖြစ်နေပါတယ်..။ အမျိုးသမီးတွေအပေါ် စနစ်တကျ မုဒိမ်းကျင့်တယ်ဆိုတဲ့ အကြာင်းထက် လူအများ လက်ခံထားတဲ့ ဗမာဆိုတဲ့ လူတွင်ကျယ်တွေ အကြောင်းဘက်ဆီကို ဆွေးနွေးပွဲက ဦးတည်နေပါတယ်..။ တကယ်တော့ သိပ်ချစ်စရာ ကောင်းတဲ့ ကရင်လေးတွေ ရှိသလို မုန်းစရာကောင်း ( ရိုက်သတ်ချင်လောက်အောင်) ကို အကျင့်ဆိုးတဲ့ ဗမာများလည်း ရှိနေနိုင်ပါတယ်။ (ပေါ်လွင်အောင်ရေးခြင်းမို့ .. တင်ပြတာကြမ်းနေရင် ခွင့်လွတ်ပါ..။)

ကျွန်မတို့ အားလုံးဟာ ( 678,500 sq. km. ) ရှိတဲ့ နိုင်ငံလေးထဲမှာ အတူတကွကြီးပြင်း နေထိုင်ခဲ့ (နေ) ရသလို ရူပ်ထွေးလှတဲ့ မပြီးနိုင်တဲ့ နိုင်ငံရေး စနစ်ဆိုးကြီးအောက်မှာ နာကျင်မှုတွေ… ရက်စက်မှုတွေ.. ခါးသီးမှုတွေကို အတူတကွ ခံစားနေကြရတာဖြစ်ပါတယ်..။ ဘယ်လူမျိုးကမှ ပိုတယ် နာတယ်လို့မရှိပါဘူး..။ အားလုံးဟာ ကိုယ့်အတိုင်းအတာတခုအထိတော့ ခံကြရတာကြီးပါပဲ..။ နယ်စပ်မှာနေပြီး အင်္ဂလိပ်စကားကို ထမင်းစားရေသောက်ပြောရင်း နိုင်ငံတကာကပေးတဲ့ အခွင့်အရေး ရနေသူတွေရှိသလို.. ရန်ကုန်မြို့ကြီး ပေါ်နေ ထိုင်ရင်း ဘုန်းကြီးကျောင်း ပညာရေးနဲ့ နှစ်ပါးသွားနေရတဲ့ ကလေးတွေ အများကြီးပါ..။ ဒါကြောင့် နစ်နာတယ်.. ဆုံးရူံးတယ် ဆိုတာမျိုးတွေ ပြောရင်တော့ ကျွန်မတို့ဟာ ကျယ်ပြန့်တဲ့ စစ်တမ်းတွေ.. အသေအချာကောက်ယူပြီးမှ ပြောရမလိုတော့ ဖြစ်ပါတယ်..။

ပြီးရင်တော့ ဘက်မလိုက်ကြေး ဘယ်တိုင်းရင်းသား အရေအတွက်ကတော့ဖြစ် ဒီလိုခံနေရပါတယ် စသည်ဖြင့် ပြောနိုင်မယ်လို့ ထင်ပါတယ်..။ ကျွန်မအမြင်ကို ပြောရရင်တော့ အားလုံးဟာ ဒီစနစ်ဆိုးအောက်မှာ ပုံစံတမျိုးစီနဲ့ ဒုက္ခတွေကို ခံစားနေရတာလို့ ဆိုချင်တာပါ..။ ဘယ်လူမျိုးကမှ လက်ရှိအာဏာရှင်တွေအောက်မှာ မသက်သာဘူးဆိုတာကို နားလည်စေချင်တာပါ..။ ဒုက္ခပုံစံသာ ကွဲကြမယ် တနည်းမဟုတ် တနည်းတော့ ခံကြရတာပါပဲ..။ အဲဒီမှာ လူတယောက်ချင်းစီရဲ့ အတွေ့အကြုံ.. အမြင်..ဆွေးနွေးချက် စဉ်းစားချက်တွေ ကလည်း ကွာနေနိုင်ပါတယ်..။

အပြစ် ကျူးလွန်သူတွေ အာဏာပိုင်ဆိုင်ထား သူတွေဟာ ဗမာများချည်းသာမဟုတ်လို့ ဗမာဆိုတာကို ဘာမှန်းမသိတဲ့သူတွေကို ဗမာမုန်းတီးရေး ဇာတ်လမ်းတွေ မဖန်တီးမိဖို့ လိုမယ်ထင်ပါတယ်။ (ပြောရတာအကြောင်းရှိလို့ပါ.. ကရင်အသိတယောက်က ပြောဖူးပါတယ်.. သူတို့ဆီမှာ ကလေးငိုရင် `ပရော် ` လာမယ် ဆိုပြီးချောက်တယ်တဲ့.. ကလေးကတချက်တည်း ငြိမ်သွားပါရောတဲ့..၊။ ပရော်ဆိုတာ ဗမာလို့ ပြောတာဖြစ်ပါတယ်..။ ဒီတော့ ဗမာဘယ်လောက် ဆိုးလည်း မဆိုးလည်း ဆိုတာ ကလေးအငိုတိတ်တဲ့အထိ ဗမာဟာ ကြောက်စရာကောင်းလောက်အောင် ဖြစ်နေတော့တာပါပဲ..။ ) တခုတော့ရှိပါတယ်.. အာဏာပိုင်သူတော်တော်များများကတော့ ဗမာစကားကိုကောင်းကောင်း ပြောနိုင်တဲ့သူတွေသာဖြစ်ပါတယ်..။ အဲဒီသူတွေဟာလည်း ဗမာကြီးပဲမဟုတ်ဘူးဆိုတာကိုလည်း နားလည်သင့်ပါတယ်..။ နောင်ကြုံရင်လည်း ဗမာနဲ့ မြန်မာ အကြောင်းတွေ ရှင်းလင်းရပါဦးမယ်.. ဆွေးနွေးရပါဦးမယ်..။ ဒါဟာလည်း ကျွန်မတို့နိုင်ငံရဲ့ မပြီးဆုံးသေးတဲ့ ဇာတ်လမ်းတွေ ဖြစ်နေအုံးမှာပါ..။

ကျွန်မနဲ့ဆုံဖူးတဲ့ ဗမာမဟုတ်တဲ့ တိုင်းရင်းသား တချို့ဟာ တွေ့တွေ့ချင်းမှာ ဖော်ရွေသလောက် ကြာလာလေ ဗမာဆိုတာတွေကို ထပ်ခါထပ်ခါသုံးရင်း ဗမာတွေကို ပြဿနာရှာတာ.. မသိသာရော သိသိသာသာပါ ဗမာတွေကိုစော်ကားတာမျိုးတွေ ဖြစ်လာပါတယ်..။ ဒါဟာ ဘာကိုပြသလဲဆိုတော့ အရောင်ဆိုးခံရတာကို တကယ်မသိကြတာပဲလား နအဖ မကောင်းတာကို ရမယ်ရှာပြီး ကျွန်မတို့လို သာမာန် ဗမာတွေဟာ ဆားညှပ်ခံရတာ တရားပါရဲ့လားလို့ စဉ်းစားမိပါတယ်..။ ဗမာကိုမုန်းလို့ မုန်းပြလို့ ကိုယ့်လူမျိုးက ကောင်းရာမွန်ရာကို ရောက်စေမယ်လား ဒါမှမဟုတ် ဗမာကိုမုန်းမှ ကိုယ့်လူမျိုးတွေကို သူများက သနားမှာတဲ့လား ..ဗမာမဟုတ်တဲ့ ကိုယ့်လူမျိုး အခြင်းခြင်းကရော ကိုယ့်အပေါ် တကယ်စေတနာကောင်းတွေနဲ့ စောင့်ရှောက်ပေးနိုင်ပါသတဲ့လား.. စသည်ဖြင့်ပေါ့.. စဉ်းစားစရာပါ .. စဉ်းစားစရာပါ ..။ ဒါကြောင့် ကျွန်မတို့တွေ ရှင်းလင်းကွဲပြားဖို့လိုတာက ဗမာတွေက ရန်သူလား … အာဏာရူးတွေကရန်သူလား … ဘုံရန်သူဆိုတာ ဘာလည်းဆိုတာ ကွဲပြားဘို့လိုမယ်ထင်ပါ တယ်လို့ တင်ပြရင်း နားပါဦးမည် ….။

(ကျွန်မအပါအဝင်.. မြန်မာပြည်သားတွေ နောင် (ယခု) ကြုံရမဲ့ ဒီပြဿနာတွေကို အခုကတည်းက အပြုသဘော.. ကျယ်ကျယ်ပြန့်ပြန့်.. ဆွေးနွေးကြမယ်.. စဉ်းစားကြမယ်.. ဆိုရင်ဖြင့် တိုင်းပြည်အတွက် အုပ်တချပ် သဲတပွင့်အဖြစ် နောင်မှာ ပါဝင်ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ပါတယ်..။)

မဗေဒါ
၂၀.၀၆.၂၀၁၀

ဆက်ဖတ်ကြည့်ပါဦးနော်....

Wednesday, June 9, 2010

သပြေကုန်းရွာက မနှင်းအေး


ဘီဘီစီက `သပြေကုန်းရွာ `ဇာတ်လမ်း လွင့်ဖို့ သရုပ်ဆောင်အဖြစ် ကျွန်မအရွေးချယ်ခံခဲ့ ရပါတယ်..။ ၂၀၀၄ လောက်က ဖြစ်ပါတယ်..။ အလုပ်လျှောက်လို့ ရတုန်းက ဘယ် နေရာမှာ သရုပ်ဆောင်ရမည်ကို မသိခဲ့ပါ.. ဘယ်နေရာပဲ သရုပ်ဆောင်ရ ဆောင်ရ.. ဇာတ်လမ်းထဲမှာ နေရာတခုကနေ ပါရရင် ရပြီပြီးတာပဲဟု ကျေနပ် နေခဲ့ပါသည်..။ ရွေးချယ်တဲ့ဘက်ကလည်း အတွေ့အကြုံ ရှိသူများလိုချင်တာ ဆိုတော့ အံကိုက် ဖြစ်နေပါသေးသည်.. (မဗေဒါက ဒီဗီဘီကလွင့်ထုတ်တဲ့ ဇာတ်လမ်းတွေမှာ ပါဝင်လုပ်ကိုင်ဖူးပါတယ်..) ဒါကြောင့် အခုလည်း အံကိုက်လို့ ပြောတာပါ။ မဗေဒါလည်း ငွေရမယ်.. ကိုယ်တက်တာလည်း ကူနိုင်မယ် ..လို့ ထင်မှတ်ထားခဲ့တာပါ..။ တကယ်တမ်းကျတော့လည်း မဗေဒါ ထားတဲ့ `စံ` နဲ့ဝေးခဲ့ပါတယ် ..။ တကယ် သရုပ်ဆောင်ရမဲ့ နေရာက အတင်းပြောသူ အဖြစ် သရုပ်ဆောင်ရပါတယ်..။ အဲလိုပြောလို့ မဗေဒါ က စိတ်တိုလားလို့ မေးရင် မဟုတ်ဘူးလို့ ဖြေချင်ပါတယ်.. မဟုတ်ပါ.. မိန်းမတို့ သရုပ်ကို ဖော်ဆောင်တဲ့ ဇာတ်လမ်း ဇာတ်ကွက် အယူအဆများ ကို မကြိုက်ချင်းသာ ဖြစ်ပါတယ်..။


သရုပ်ဆောင်ပဲ ငွေရပြီးရော ဆိုကာ ဆက်လုပ်ရင်လည်း ပြီးသွားမှာပါပဲ..။ သို့သော် မဗေဒါ မကျေနပ်ပါ.. မဗေဒါ တို့ အဖွဲ့အစည်းသည် နှစ်ရှည်လများ အမျိုးသမီးတို့အပေါ် စွဲထင်နေသော ပုံရိပ်ဆိုးများကို ဖျောက်ဖျက်ရန် ကျိုးစားနေသူများဖြစ်ပါသည်..။ ပိုဆိုးသည်မှာကား မဗေဒါမှ ဒီဇာတ်ရုပ်ကို သရုပ်ဆောင်ရန် ဖြစ်လာခြင်းနှင့် မိန်းမများအပေါ် ပယ်ပယ်နှယ်နှယ် စော်ထားသောကြောင့် မကျေနပ်ခဲ့ခြင်းသာ..။ မဗေဒါ အဖွဲ့အစည်း လုပ်ခဲ့ စဉ်က သိပ်စိတ်မြန်သလို အမျိုးသမီးများအပေါ် သိပ်နှိမ်လာပြီ ဆိုပါက လုံးဝ သည်းခံသူ မဟုတ်ခဲ့ပေ.. ဒါကြောင့် လူအတော်များများကလည်း အင်မတန် ချစ်ကြပါသည်..။ (အခုတော့ စိတ်တွေ နဲနဲ ထားတက်လာပါပြီ.. ) ရုပ်ရှင်ဇာတ်လမ်းထဲတွင် မိန်းမများ အတင်းပြော.. အိမ်လည်စား.. မဟုတ်တန်းတရား ပြောဆိုသည့် အမူအယာများကို တွင်တွင်ပြပါက လုံးဝ လက်မခံသည့် ကျွန်မနဲ့မှ လာတိုးသည့်ဇာတ်လမ်း ..။ အဲဒီ နေ့က ရိုက်ကွင်းအပြန် မှာ အယ်ဒီတာထဲပါသူ.. ဇာတ်ညွန်းရေးသား တည်းဖြတ် သူများကို သိအောင် ပြောခဲ့ပါသည်.. ။

မိန်းမ များ အပေါ် အထင်သေး အမြင်သေး သည့် စကားလုံးများ.. လိုတာထက် ပိုနေသည်များကို မထည့်ဖို့ ဖြစ်ပါသည်..။ တက်နိုင်ရင် လုံးဝမထည့်ပဲ တခြား နည်းလမ်း ရွေးချယ်ရေးသားဖို့ ဖြစ်ပါသည်..။ ကျွန်မကို ဇာတ်လမ်းရေးသူထဲက တယောက်က တုံ့ပြန်သည်မှာ.. `နင်က ရပ်ကွက်ထဲ ဖြစ်ပျက်တက်တာကို ဘာလို့ ဒီလောက် ခံစားနေပါသလဲတဲ`့.. ဟုတ်ပါပြီ ရပ်ကွက်ထဲမှာရော.. ယောက်ျား လေး အတင်း ဆိုသူ.. တပြဲနှစ်ပြဲ အလကားစားသူ .. မရှိတော့ဘူးလား.. ဘာလို့ မိန်းမမှ ဖြစ်နေရတာလည်းပေါ့..ဟု ကျွန်မ ပြန်ကွန့်ပါသည်..။ ပြီးတော့ အတော်လေးလည်း ကြေကွဲပါသည်.. ကျွန်မငြင်းခုံရသူမှာ မိန်းမတယောက် ဖြစ်နေသောကြောင့်..။ မဗေဒါနဲ့ ထိုသူ နဲနဲ အခြေအတင် ဖြစ်သွားခဲ့ပါသည်.. သို့သော်.. အတွေးအခေါ် တခုအောင်မြင်ဖို့ တိုက်ယူရသလို.. ရန်ဖြစ်သလို ပြောယူရတာတွေလည်း ရှိတက်ပါသေးသည်။ မိန်းမမှ မဟုတ် လိင် မတူသည့် အခြား အမျိုးအစားအပေါ်လည်း တရားသေ ယူဆချက်များသည် တခါတရံ လူ့အသိုင်းအဝန်းအတွက် အန္တရယ်ကို ဖိတ်ခေါ်နေခြင်း ဖြစ်သည် ဟု ဆိုနိုင်ပါသည် ...။

.. မိန်းမများသာ ကြမ်းတမ်းသော.. အတင်းအဖျင်းဆိုသော.. အစရှိသည့် သရုပ်ဖော်ဆောင်မှု နေရာ..များတွင် အစဉ်ဖော်ပြခြင်းသည် အမျိုးသမီးထုအတွက် ကောင်းသော ပုံရိပ်မဟုတ်ပေ.. ထိုပုံရိပ်များသည်လည်း . မိန်းမများအပေါ် ဖိနှိပ်ခံ.. ခြွဲုခားခံ.. အထင်သေး အမြင်သေး ဖြစ်ခံရဖို့ အစဉ်လာ ဖြစ်နေပေတော့သည်..။ ထိုပုံရိပ်များကို ပပျောက်သွားအောင် သို့တည်းမဟုတ်လည်း လျော့နည်းသွားအောင် ကျွန်မတို့ ကျိုးစား ရမည်ဖြစ်သည်..။

ထိုင်းနိုင်ငံတွင် နေဖူးသူများ သည် ထိုင်း အပျော်တမ်း ဖျော်ဖြေရေး မီဒီယာများက ထုတ်လွင့်သည်ကို ကြည့်ဖူးကြမည်ထင်ပါသည်..။ မဗေဒါ လုံးဝ မကြိုက်ပါ.။ ထိုင်းရုပ်ရှင် အတော်များများ၏ ရည်ရွယ်ချက်မှာ မှာကား.. မိန်းမများ ယောက်ျားလုမည်.. သို့တည်းမဟုတ်.. သရဲ သစ္စေကား ပြမည် သို့တည်းမဟုတ် ထိုင်း မြန်မာ ကား ရန်ဖြစ် (စစ်) ပွဲများ အကြောင်းပြမည်..။ ဒီထက် ရည်ရွယ်ချက် ပိုကောင်းသည့် ရုပ်ရှင်ကား ရှိသည်.. သို့သော် ရှားသည် ..။

အဆိုးဝါးဆုံးမှာကား မိန်းမများ တအိညှောင့်ညှောင့်နှင့် ယောက်ျားလုခြင်း..ကိစ္စ..။ အင်မတန် မြင်ပြင်းကတ်ဖို့ ကောင်းလှပေသည်..။ မိမိကျင်လည်ဖူးသလောက် ထိုင်းလူ့အဖွဲ့အစည်းတွင် ယင်းလောက် ဖြစ်ပျက်နေခြင်း မဟုတ်ဟု ဆိုချင် ပါသည်..။ သို့သော် မီဒီယာတွင် ပုံဖော်သည်မှာကား မိန်းမသည် ယောက်ျားလုဖို့ သက်သက် ဖြစ်လာ ပေတော့သည်..။ ထို့ကြောင့် မဗေဒါ တို့ အမျိုးသမီးရုံးတွင် ယင်းကားများကို ရောက်လာကာစ မိန်းက လေးငယ်များကြည့်ပါက ကျွန်မတို့ လူကြီးများ အင်မတန် စိတ်တိုသလို မကြည့်ဖို့ နားချရပါသည်..။ ကျွန်မလည်း ထိုအရည်မရ အဖတ်မရသည့် အဓိပါယ်မဲ့ ရုပ်ရှင်ကားများ တခါမှ မကြည့်ပါ..။ ဒါကြောင့် တခါတလေ ကလေးများ ကြည့်နေချိန် လူကြီးများ တွေ့သွားပါက အလွန်လန့်ကြပါသည်..။ သူတို့လည်း ကြာလာသည့်အခါ နားလည်လာပြီး မကြည့်ကြတော့ပါ..။

မြန်မာကားများ ထိုလောက် မဆိုးသော်လည်း မြန်မာရုပ်ရှင်ကားမှန်ရင် အမျိုးသမီး အတင်းပြောတာလေးတွေ.. စဉ်းစားဆင်ခြင်တုံတရား နဲတာတွေ.. ငွေမက်တာတွေ စတဲ့ ပြကွက် များကား အော်တို ပါနေကြ..။ မိန်းမဆိုသည်ကား ဤသို့ပေတည်းဟု တင်ပြ နေကြပင်..။

မိန်းမများအပေါ် တဘက်သက် ခွဲခြားထားသည့် အပြုအမူများ.. တရားသေ သတ်မှတ်ချက် များ.. ခွဲခြားမှုများ အစရှိသည့် တို့ကို နည်းမျိုးစုံဖြင့် ကျွန်မတို့ ဆန့်ကျင်ရမည်.. သို့တည်းမဟုတ်..ဆွေးနွေးခြင်းဖြင့် လျော့နည်းသွားအောင် ပညာပေးလုပ်ငန်းတွေကို လုပ်ဆောင်ရမည်..။ သို့မှသာ ကျွန်မတို့ မိန်းမသားများအပေါ် လွဲမှားစွာ ထင်မြင်နေသည့် အမြင်ဆိုး.. အယူအဆဆိုး များမှ ဖယ်ကွာသွားမည်ဟု လုံးဝ ယုံကြည်ပါသည်..။

အချုပ်ဆိုရသော်.. ဘီဘီစီက လွင့်ခဲ့သည့် သပြေကုန်းတွင် မဗေဒါ သည် လူ့ဘဝ၏ ဒုက္ခများကို ရင်ဆိုင်ခဲ့သူ `မနှင်းအေး` အဖြစ် သရုပ်ဆောင်ရင်း အမျိုးသမီးများ အပေါ် မလိုလားအပ်သည့် အထင်သေး အမြင်သေး သည့် အယူအဆ အတွေးများ ထည့်သွင်းခြင်းမှ လျှော့နည်းသွားအောင် အတိုင်းအတာ တခုထိ ပါဝင်ပတ်သက်နေသည့် အယ်ဒီတာများ.. စာရေးဆရာများအား အသိပေးနိုင်ခဲ့သည်ဟု ယူဆပါသည်..။ ကျွန်မတို့ မိန်းမများအပေါ် တရားသေသတ်မှတ် ထားသော အယူအဆ အတွေးဆိုးများအောက်မှ ရုန်းထွက်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း..။

( ပေါ့တာကြိုက်တဲ့ မောင်ဇေ.. ခဏခဏ နားပူနားဆာ ( စိတ်ညစ်အောင်) ရစ်တက်သော မောင်ဇေ ရေ.. ဖတ်ပြီးရင် လည်း နောက်ထပ် အသစ်တွေတင်ဖို့ မပြောပါနဲ့တော့.. အသစ်တင်ဖြစ်မှာ မဟုတ်တော့ဘူး.. ခရီးသွားတော့မှာမို့.. ကြားပါသလား.. ။ ဒါပါပဲ..။ )



မဗေဒါ (၈၈)
၀၉.၀၆.၂၀၁၀

ဆက်ဖတ်ကြည့်ပါဦးနော်....

Monday, June 7, 2010

အကြောက်တရား စားသုံးနေရသူများ

ပထမဆုံး ပြောချင်တာကတော့ ခေါင်းစဉ်စာသားပါ..။ စာဖတ်နာသူများကတော့ ကျွန်မရဲ့ ကိုယ်ပိုင်စကား မဟုတ်ဘူးဆိုတာ သိမှာပါ.. မသိတဲ့ စာဖတ်သူများကို ပြောချင်တာကတော့ ဒီစာသားဟာ ကျွန်မရဲ့ ကိုယ်ပိုင် စာသားမဟုတ် ဆိုတာနဲ့… လက်တင်အမေရိက က ဆောင်းပါးရှင် ( Eduardo Galeano ) ၁၉၈၇ ခုနှစ် ခန့််လောက်က သုံးခဲ့တဲ့ စကားပါ.. ကျွန်မအကြိုက်မို့ ယူသုံးပါတယ်..။ အာဏာရှင်ကို တိုက်တဲ့နေရာမှာ အင်မတန်မှ လူတွေရဲ့ ရင်ကို ကလိ စေတဲ့ အားမာန်ပါတဲ့ စကားလုံးမို့ပါ..။ လူတွေက ဘာကို စားသုံး နေရသလဲ ဆိုတာကို ကလောင်နဲ့ အာဏာရှင် တွေကို စော်ခဲ့တဲ့ အတွေးကောင်း စာသားလေးပါ..။ (စာအုပ် လက်ဆောင်ပေး ခဲ့သော ကြီးကြီးကျယ်ကျယ် ပီအိတ်ချဒီ ရေးနေတဲ့ ခင်ရပါသော (.. )ကို အခုထိ ကျေးဇူးတင်နေဆဲ..)

စိုးရိမ်ကြောင့်ကြမှု ..အကြောက်တရားနှင့် ပတ်သက်၍ .. ဒေါ်အောင်ဆန်းစုကြည်က ဤသို့ပြောဖူးပါသည်..။

( လူ့အခွင့်အရေးထဲမှာ အရေးကြီးဆုံး အခွင့်အရေး တခုကတော့ စိုးရိမ်ကြောင့်ကြခြင်းမှ လွတ်လပ်ပိုင်ခွင့်ပဲ..။ လူတိုင်း.. လူတိုင်းဟာ တခြားလူကို အန္တရယ် မလုပ်ရင်.. ဥပဒေ ဘောင်အတွင်းက နေလို့ရှိရင် စိုးရိမ်ကြောင့်ကြမှုကနေ ကင်းလွတ်စွာနဲ့ မိမိတို့ဘဝမှာ မိမိတို့ ရပ်တည်ပိုင်ခွင့်.. ရှိရမယ်..။ )

အကြောက်တရားဆိုတာကို ကျွန်မ နားလည်သလို ဘာသာပြန်ကြည့်မည်..။ ရိုးရိုးရှင်းရှင်းပေါ့..။ အကြောက်တရား ဆိုသည်မှာ တရားသဖြင့် ထုတ်ပြန်ထားသော ဥပဒေ စည်းမျဉ်း စည်းကမ်း များကို ကျော်လွန်၍ လုပ်ရမှာ ကို ရွံ့ခြင်း…စိုးရိမ်ခြင်း..။ ဥပမာ ပေးရသော် ( … ပြည်သူပိုင် ငွေများကို ကိုယ်ကျိုးအတွက် သုံးခြင်း.. လူတယောက်က သူယုံကြည်ရာပြောသည့် အတွက် ဝိုင်းရိုက်ခြင်း ထောင်ချခြင်း စတဲ့ အပြုအမူများ.. ) ဖြစ်ပါသည်..။

မှတ်မိသေးသည်.. ကျွန်မတို့ မြန်မာပြည်ကို ဖုန်းကန်ပိန်း (phone campaign) လုပ်စဉ်ကပါ.. ဒေါ်စုတို့ အုပ်စု ဒီပဲယင်း… ဘက် စည်းရုံးရေးသွားစဉ် အရိုက်ခံရ၍ မေးခြင်းပင်..။ (၂၀၀၃)..တုန်းက။ ဖုန်းပြန်ဖြေသူများကလည်း မြန်မာပြည်ကြီး အေးဆေးနေသည်.. ဘာမှမဖြစ်ဘူး.. မစိုးရိမ်နဲ့.. မြန်မာပြည်က အမြဲအေးဆေး ဟု တုံ့ပြန်သူများလည်း ရှိခဲ့ပါသည်..။ အမျိုးသားခေါင်းဆောင် တယောက်လုံးကို သေတွင်းပို့မည့် အခြေအနေဆိုးများကို သိလျှက်နဲ့ပင် ဘာမှမဖြစ်သရောင် အမှန်ကို မပြောရဲအောင် ဖန်တီးထားသော ပြည်မြန်မာကြီးသည် အကြောက်တရား စားသုံးနေသည် ဟု မဆိုလျှင် ဘာတွေများ နေ့စဉ်စားသုံးနေသနည်းဟု မေးခွန်းထုတ်စရာပင် ..။

မြန်မာပြည်တွင် ဟုတ်တာလုပ်လည်း ကြောက်ရသည်.. မဟုတ်တာလုပ်လည်း ကြောက်ရသည်..။ဥပမာ… ချဲထိုး၍ ကြောက်ရခြင်းမျိုး .. ( ချဲထိုးတာ တကယ်တမ်း ကြောက်စရာလားလို့ မေးရင်လည်း လူတော်တော်များများ ထိုးကြသည်)..။ ဥပဒေတွေအရ ကြီးကြီးကျယ်ကျယ် ပြောမည်ဆိုရင်လည်း မလွတ်ကင်းပါ..။ တရားမဝင်ပါ..။ ကြောက်စရာဟု ယူဆရင်လည်း ရသည်.. မယူဆလည်း ရသည်.. သို့သော်.. ချဲထိုးသူက နိုင်ငံရေး အရိပ်အာဝါသ ကင်းသည်ဆိုလျှင် အိုကေသလို.. အာဏာပိုင်များနှင့် အလွမ်းသင့်ပါကလည်း အိုကေ နိုင်ပါသေးသည်..။ သို့သော် မပိုင်သူများအတွက်တော့ အချိန်မရွေး ဂန့်သွားနိုင်သည်..။ ဂန့်ခဲ့တဲ့ ဇာတ်လမ်းတွေလည်း အများကြီးရှိခဲ့ (နေ) သည်..။

သူငယ်ချင်းနဲ့ ထွေရာလေးပါး ပြောစဉ်က မိမိ စာရေးနေတာလေးတွေ မြည်းစမ်းကြည့်စေချင်သည်…။ ပြန်ပြောပုံလည်း ကြည့်ဦးတော့ ..။ နင်ရေးတာ အကြောင်းမဟုတ် … `ငါ လာမဖတ်ရဲ `ပါတဲ့ သိသွားမှာစိုးလို့တဲ့.. ကဲ.. ဒါက အထဲက သူငယ်ချင်း..။ ထားတော့ ဒါက ပြည်မြန်မာထဲမှာ ဥပဒေအရ တားမြစ်ထားတယ်ပဲ ပြောရမလား ..ပိတ်ပင်ထားလို့.. ကြောက်လို့.. မလုပ်ရဲဘူး..။ နဲနဲလေးဖြစ်ရင် သနားပေးလို့ ရသေးသည်..။ ဆိုလိုတာက ကိုယ်က ဝေးနေလို့ မကြောက်တရား ပြောတာ လက်တွေ့ကျ သလို ရှိပေမဲ့ တကယ် ရင်ဆိုင်နေရသူတွေ အတွက် ထည့်သွင်း စဉ်းစားပေးခြင်းမျိုး..။ စဉ်းစားပေးသည်.. မဖတ် ရှိစေတော့..ဘလော့မှ မဟုတ်.. ပြည်ပ က တရားဝင် ထုတ်ထားသည့် စာအုပ် များ ပင် ပါလိုက်သေး.. အိုကေပါ.. ခွင့်လွတ်နိုင်သေး…။

နောက်တခု ပိုဆိုးချက်ကဖြင့် မြန်မာပြည်ထဲ နေရုံမဟုတ်သေး.. အပြင်မှာနေလည်း ကြောက်နေရသည့် ကိစ္စ.. ။ အပြင်မှာနေသူကလည်း `ငါ့ကို အဲဒီ နိုင်ငံရေးဆိုတဲ့ ဟာမျိုးတွေ နဲ့ ပတ်သက်နေတာသိသွားရင် ဒုက္ခ. ငါပြန်ရင် ပြဿနာ ရှာခံနေရမယ်`…ဟု ဆိုသူလည်း ရှိပါသည်..။ နိုင်ငံရေးနှင့် ပတ်သက်နေသည့် လူများနှင့် မတွေ့ရဲ မပြောရဲ နုတ်မဆက်ရဲကြပေ ....။ ထို့ကြောင့် ပင်ဖြစ်မည် ပြည်တော်ပြန်မဲ့သူများ ကျွန်မတို့ (အတိုက်အခံ အုပ်စုများ) ကို ဝေးဝေးရှောင်ခြင်းပင်..။ ရှောင်တာကို အပစ်မမြင်သော်လည်း သူတို့ သင်ထားတဲ့ပညာ အသိတရားတွေ မှ အားမနာ ဒီလောက်တောင် ကြောက်ရလေခြင်းရယ် ဆိုကာ ယူကြုံးမရ ဖြစ်ကာ မခံချင်စိတ် ဖြစ်ခဲ့ရသည်မှာ အကြိမ်ပေါင်း မနည်းတော့..။ တကယ်ပင် သနားခြင်း.. ဒေါသ .. ယူကြုံးမရ ဖြစ်ခဲ့ပေါင်း မနည်းတော့..။ ဆိုးလိုက်တဲ့ ဘဝတွေများ.. အာကာသတက်တောင် လေဟာနယ်ထဲ ထွက်ကျမှာကို မကြောက်ရပဲ နိုင်ငံရေး စကားပြောလို့.. တိုင်းပြည်အကြောင်း ဆွေးနွေးလို့ .. လာတက် ဖမ်းမှာကိုပဲ တွေးကြောက်နေရမည့် အဖြစ်ပင် .။ အကြောက်တရား ဆိုသည်ကို ဘယ်နေရာကို သွားသွား မလွတ် နိုင်တော့ ပါတကား..။

ကျွန်မတို့တွင် ရှိသင့်ရှိထိုက်သည့် အခွင့်အရေးများကို တရားသော ဥပဒေများဖြစ် အာမ ခံပေးထားခြင်း မရှိသည့်အတွက် အာဏာရူးနေသူများကို အလိုလို ကြောက်ရွံ့အောင် သင်ကြားခံထားရသလိုပင်...။ မှန်သည်ပဲလုပ်လုပ်.. မှားသည်ပဲ လုပ်လုပ် ကြောက်နေရသည်..။ အထူးသဖြင့်တော့ နိုင်ငံရေး ဆိုသည်ကို တိုက်ရိုက် ပါဝင် ပတ်သက်မည်ဆိုလျှင်တော့ အထက်က စာရေးဆရာ ပြောသလို စားသုံးပေတော့ အကြောက်တရား သေသည် အထိ.. မသေသော်လည်း လူတွေကို သေအောင်လုပ်ထား ပုံမှာကား သင်းသင်းလေးပင်..။

နိုင်ငံရေးကို မလုပ်နှင့်.. ဝေးအောင်နေ ရှင်းအောင်နေ.. ခိုင်းတာလုပ်.. ပြန်မပြောနဲ့ .. ရသလို ရပ်တည်ကြ.. ငါတို့က နင်တို့ကို အောက်က လက်အောက်ငယ်သား စစ်သားများကို အုပ်ချုပ်သလို (တပ်လို )အုပ်ချုပ်မည်..။ တရားဝင် ထည့်သွင်းထားခြင်း မရှိသော်လည်း အားလုံးရင်ထဲ ဦးနှောက်ထဲတွင် အလိုလိုသိအောင် သွတ်သင်းပေးထားသည်..။ နေရာတိုင်း အရပ်တိုင်းမှာ နိုင်ငံရေး စကားပြောသူများကို ( လူတော် ဇာဂနာ ကို ဘုန်းကြီးဆွမ်းလောင်းရုံဖြစ် ထောင် အနှစ် ( ၃၀ ကျော်) ချပြခြင်းမျိုး.. ကိုမင်းကိုနိုင်.. ကိုကိုကြီး စသော ကျောင်းသားခေါင်းဆောင်များကို အဓိပါယ်မဲ့ ထောင်နှစ်ရှည် ချထားခြင်းမျိုး..ဒေါ်စုကို လက်သည်မပေါ်အောင် ဝိုင်းသတ်ဖို့ ဒီပဲယင်း လုပ်ကြံခဲ့ခြင်းမျိုး ) ဖြင့် သာမာန်လူများ ကြောက်သွားအောင်..နမူနာ ပေးထားသည် ။ စစ်တပ်ဆိုသည့် အာဏာပိုင်များကို မလွန်ဆန်ရဲအောင် ရှေ့ကဦးဆောင်ဦးရွက်ပြု ခေါင်းဆောင်များကို နှိပ်ကွပ်ထားပြ လိုက်ပေသည်..။ ဤသို့ဤပုံ လုပ်ပြခဲ့ခြင်းမျိုးဖြစ် ပြည်သူပြည်သားများကို ကြောက်အောင် ခြောက်ထား ပေသည်..။ ` ပြည်သူများ အကြောက်တရား ကိန်းအောင်းရေး ငါ ဒို့အာဏာတည်မြဲရေး` ဟု ဆိုရမလိုပင်..။ လူညွန့်တုံးအောင် လုပ်ဆောင်ချက်ကား ဘယ်လိုအာဏာရှင်မျိုးဆီမှ အတု ယူထားမှန်းမသိ ထက်မြက်လွန်း လှချေ့…။

သို့သော်လည်း နိုင်ငံရေးစကား ရဲရဲတောက် ပြောနေသူများ များစွာ ကျန်နေသည်မှာ ဖိနှိပ်မှုများ တည်ရှိနေသေးသည် ဆိုသည်ကို မီးမောင်းထိုးနေခြင်းနှင့် အကြောက်တရားသည် ငါတို့အတွက် မဟုတ်ဟု ကြွေးကြော်နေသည့် ပြယုဒ်လည်း မည်ပေသည်..။ ဒီမိုကရေစီပြောင်းလဲရေးတွင် အမှန်တရား ဘက်မှ ရပ်တည်သော သူ မှန်သမျှသည် အရေးပါသူများ.. သူရဲကောင်းများ … ဖြစ်သည်ဟု ဆိုချင်ပါသည်.. နောက်တခု ထပ်ဆိုချင်သည်မှာ ကြောက်အောင် ခြောက်သူများသည်သာ ပိုကြောက်တက်သူများ ဖြစ်သည်ဟု လုံးလုံး ခံယူစေချင်ပါသည်..။ ထို့ကြောင့် အကြောက်တရား ဟူသည် ကြောက်တက်သူ များအတွက်သာ ဖြစ်ကြောင်း တင်ပြရင်း အကြောက်တရား စားသုံးနေရခြင်းမှ ကင်းဝင်းနိုင်ပါစေလို့ ဆုတောင်းရင်း နားပါမည်..။



မဗေဒါ
၀၇.၀၅.၂၀၁၀


ဆက်ဖတ်ကြည့်ပါဦးနော်....

Friday, May 28, 2010

ဘဝ အမောတွေကြားက အပြုအမူမှား တခုပဲလား ..။


ဟိုတပတ်က အတော်လေး လူပြောများခဲ့တဲ့ ထက်ထက် သတင်း..။ ကျွန်မလည်း သွားလည်တုန်းက အတော်လေး ငြင်းလိုက်ခုံလိုက်မိသေးတယ်..။ အဓိက စဉ်းစားမိတာက ဘာဖြစ်လို့ သူ ဒီလို ကိုယ်ထိလက်ရောက် လုပ်လိုက်မိသလဲ..။ မေးတဲ့ သူရဲ့ မေးခွန်း.. ( ပြောချင်တာက မေးပုံ.. အခြေအနေ.. အမူအယာ) အစ ရှိသဖြင့်ပေါ့..။ မဗေဒါ အမြင်ကတော့ ဖြစ်ရင် မဗေဒါ တို့ မြန်မာ့အသိုင်းအဝန်း အတွက် လုပ်စရာတွေ အများကြီးထဲက အကြောင်းအရာလေး တခုအဖြစ် ဒီပြဿနာက မီးမောင်းထိုးနေတယ်လို့ မြင်မိတာပါပဲ ..။ မဗေဒါပြောခဲ့သလိုပဲ .. ဒီနော်ဝေးမှာ ကလေးတွေကို ဘယ်လို ပြုစုပျိုးထောင်တယ် ဆိုတာပါ..။ သိပ်ကောင်းနေတယ်လို့ စောဒက မတက်တောင် ကျိုးစားပြီး အကောင်းဆုံးဖြစ်အောင် ကျိုးစားနေကြတယ်..။ နော်ဝေးရဲ့ ရေရှည် အနာဂါတ် လူ့ဘောင်လှပဖို့အတွက်.. (ဒါလည်း အားနည်းချက် ဆိုတာ ရှိတက် ပါသေးတယ်..)။


မဗေဒါတို့နဲ့ ငြင်းတဲ့ထဲမှာ ပါတဲ့သူကလည်း သူ့ကို စော်ကားဖူးလို့ မြန်မာပြည်ထဲမှာ နေတုန်းက ပြန်တွယ်ဘူးတယ်လို့ ဆိုပါတယ်..။ တွယ်တာ ရိုးရိုးမဟုတ်..။ ကိုယ်ထိလက်ရောက်ပါ..။ သူဘာလို့ အဲလို လုပ်ရသလဲဆိုတဲ့ အကြောင်းပြချက်က ရိုးရိုးပဲ..။ မခံချင်လို့.. မတရားလို့.. ဘဝမှာ စိတ်တွေ မောနေလို့..။ နောက် အဲလို ဖြေရှင်းမှ ကိုယ့်ကို လန့်သွားမယ်.. မှတ်သွားမယ်ထင်လို့..။ ကဲ .. ကျွန်မတို့တွေ ငယ်ငယ်ကတည်းက ဘယ်လို ကြီးလာကျသလဲ..။

အဖေက ` အေး မင်း..မငိုလာနဲ့.. သူများကိုလည်း သွားမလုပ်နဲ့.. ကိုယ့်ကို လုပ်လာရင် ပြန်လုပ်ထည့်လိုက် ငါလိုက်ရှင်းမယ် ..`..။ အမေကလည်း ` တွေ့တာနဲ့ ပြန်လုပ်ထည့်လိုက်.. နောက်ပြဿနာ နောက် အမေရှင်းမယ် `… အစ ရှိသဖြင့် သင်ပေးသလို ရှေ့ဆောင်ပေးနေတယ်..။ ကြာလာတော့ လက်စားချေတာ.. အကြမ်း ကို အကြမ်းနဲ့ပဲ ရှင်းဖို့ စိတ်ဝင်စားလာတယ်.. မှန်တယ် မထင်တောင် ..မမှားဘူးလို့ မပြောရဲကြဘူး။ ဖြေရှင်းနည်း အမှန်ကို အသိုင်းအဝန်းမှာ သင်ပေးတာ လမ်းကြောင်းပေးတာ မရှိ သလောက်နည်းပါးပါတယ်..။ သင်လည်း အားလုံးက ကြမ်းနေမှတော့ ကျန်တဲ့သူကလည်း နုဖတ်နေလို့ မရတော့ပဲ လိုက်ကြမ်းနေရတာပဲ..။ ဆိုတော့ အားလုံး ကြမ်း နေရမှ ကိုယ့်ကိုယ်ကိုယ်.. ကိုယ့်မိသားစု လုံခြုံသလို ဖြစ်နေတော့တာပဲ..။ ကြမ်းတယ်ဆိုတာကလည်း နုတ်အားဖြင့် ရော.. လက်အားဖြင့်ရော … အားလုံး ပါကုန်တော့တာပဲ..။ ဖြစ်လာတဲ့ ပြဿနာကသေးသေး မိဘတွေ အတ္တကြီးလို့ မပြီးနိုင် မစီးနိုင် ဖြစ်ရတာက များများမလား..။

ဆိုတော့ ဒါ ငယ်ငယ်က ကျွန်မတို့ ကလေးများ ကြီးပျင်းလာရတဲ့ ပုံစံပေါ့.. အများစု..လို့ ဆိုရမလား..။ နောက် ကျွန်မတို့ရဲ့ ဆင်းရဲမှု.. ကြပ်တည်းမှု.. မပြည့်စုံမှု တွေ ကလည်း အမြဲတမ်း စိန်ခေါ် ခြင်း ခံနေရတာ မလား..။ ကလေး တယောက်ကို မိဘ လုပ်သူက စိတ်ရှည်ရှည်.. နားလည်အောင် .. သိသွားအောင် ပြောပြဖို့ အချိန်မပေး နိုင်ကြဘူး..။ ပေးဖို့လည်း အချိန်မရှိဘူး..။ ပေးနိုင်ရင်လည်း မပေးချင်ဘူး..။ ကျွေးနေတာပဲ လိုတာတွေ ဖြည့်ဆည်းပေးနေတာကပဲ ပြီးပြည့်စုံပြီလို့ ယူဆနေတက်ကြတယ်..။ နောက် မိဘများကိုယ်တိုင်လည်း အစောက ပြောခဲ့သလိုပဲ.. `ပြန်တီးလိုက်တဲ့နည်း` တွေ နဲ့ပဲ ရှင်သန် နေခဲ့ကြတာဆိုတော့ ဘယ်လို သင်ရမှန်း မသိတာလည်း ပါဝင်နိုင်ပါတယ်..။

မိမိရဲ့ ပတ်ဝန်းကျင်က မောင် ( မ) တို့က ဒီလို ဖြေရှင်းနေတော့ ငါတို့လည်း ဒီလိုပဲ ဖြေရှင်းမယ် လို့ သဘောပေါက်ကြပုံပါပဲ..။ ဘဝအမောတွေ စုလိုက်တော့ ကလေးတယောက် လူလားမြောက် ရမှုမှာ လုံခြုံမှု တွေ ကင်းဝေးနေတော့တာ ဘုရား အသိ.. ကျွန်မတို့ အားလုံး အသိ အမြင်ပဲ..။ ဒါတွေဟာ အနာဂါတ် ကျွန်မတို့ မြန်မာ့ လူ့အဖွဲ့အစည်းအတွက် စိန်ခေါ်ခြင်း ခံနေရတဲ့ ထဲက သေးသေးလေးပေမဲ့ အင်မတန်အရေးကြီးတဲ့ ကိစ္စတခု အဖြစ် မဗေဒါ ရူမြင်ပါတယ်..။

ထက်ထက်အကြောင်းလေး နဲနဲ ပြန်ကောက် ပြီး ပြောရရင်.. မေးသူက တကယ်ပဲ ကလေးဆုံးတာကို မေးတယ်ဆိုရင် အချိန်အခါအရရော အမေတယောက်အနေနဲ့ရော သူ့ဘက်က ခံစားပေးလို့ရတာက ( မေးသူက မှားတယ် ) လို့ ပြောလို့ရမယ်ထင်ပါတယ်..။ ကဲ သတင်းသမားက မေးတာ မလွန်ဘူး.. ( အိမ်ထောင်ရေး ) ကိစ္စ ဆိုရင်လည်း ကျွန်မတို့ မြန်မာပြည်ရဲ့ အဆင့် အခြေအနေ အရကိုလည်း နဲနဲတော့ ပါးရည်နပ်ရည် ရှိဖို့လိုပါတယ်..။ ဘယ်လောက်ထိ မြန်မာ့ အသိုင်းအဝန်းက ဒီလို မေးခွန်းအတွက် အဆင်သင့် ဖြစ်နေပြီလည်းပေါ့..။

နောက်ဆုံး ပြောချင်တာကတော့ ထက်ထက်ကို တကယ်ပဲ အဲလို အိမ်ထောင်ရေး ကိစ္စသာ မေး ခဲ့တယ်ဆိုရင် .. တတိုင်းပြည်လုံး သိထားတဲ့ သူ့ အိမ်ထောင်ရေး အခြေအနေကို ချပြလိုက်တော့ရော ဘာတွေ ပို အကျိုးထူးသွားမှာလဲ..။ စာဖတ်ပရိသတ် ဘယ်နှစ်ယောက်က အကျိုးရှိတာတဲ့ သုတတွေ ရသွား သိသွားမှာတဲ့လဲ..။ နောက် တကယ်ပဲ ပရိသတ် လိုအပ် သိချင်တဲ့ မေးခွန်းရော ဟုတ်ပါရဲ့လား လို့လည်း ဆန်းစစ်ရပါမည် ..။

( ထက်ထက် ရယ်လို့ မြန်မာပြည်မှာ သူ နာမည် ကျော်ကြားချိန်မှာ ကျွန်မ သူ့ရဲ့ အနုပညာတွေကို မခံစားဖူးပါဘူး.. ။ နောင် သူ (ကျ) တဲ့ဘက်မှာတွေ့ဖူး ကြည့်ဖူးတော့လည်း ချစ်စရာ ကောင်းသားပဲလို့ တွေးမှတ်ပါတယ်.. ဘာပဲပြောပြော ထက်ထက်မိုးဦးတယောက် ဘဝမှာ အမောတွေ ပြေပါစေလို့ .. မြန်မာပြည်သားတွေ အမောတွေ ပြေပါစေလို့ စိတ်မှာဆုတောင်းရင်း ဒီဆောင်းပါးကို ရေးပါသည်..။)


မဗေဒါ
၃၀.၀၅.၂၀၁၀

ဆက်ဖတ်ကြည့်ပါဦးနော်....

Tuesday, May 25, 2010

ဘဏ္ဍာငွေတွေ ဖြုန်းတီးခြင်း

ဆီနီဂယ်လ် (Senegal) နိုင်ငံမှာ အမြင့်ပေ ၁၆၀ ရှိတဲ့ ကျေးရုပ်တုဟာ နိုင်ငံတကာလေ့လာသူတွေ၊ ဆီနီဂယ် နိုင်ငံက အတိုက်အခံ နိုင်ငံရေး အဖွဲ့အစည်းတွေ၊ ကမ္ဘာ့သတင်းစာတွေမှာပါ အငြင်းပွားစရာ ဖြစ်လာ ရတယ်။ ဒီရုပ်ထုကတော့ ဗလကောင်းကောင်း၊ ကြွက်သားတွေနဲ့ ပြည့်နှက်နေတဲ့ အမျိုးသားတစ်ဦးက ရင်သား တစ်ခြမ်းပေါ်နေတဲ့ သူ့အနောက်ကနေ ချီတက်နေတဲ့ အမျိုးသမီးတစ်ဦးကို တွဲခေါ်နေပြီး ကိုယ်တုံးလုံး ကလေးငယ်ကို ဘယ်ဘက်လက်နဲ့ ချီပြီး ရှေ့ကိုဦးတည် ချီတက်နေတဲ့ ကွန်မြူနစ် ဆိုဗီယက် အင်ပိုင်ယာခေတ်က ပုံစံမျိုးရုပ်ထုပါပဲ။ ဘာဖြစ်လို့  အငြင်းပွားစရာဖြစ်ရသလဲ?

ရုပ်ထုအကြောင်း မပြောခင် ဆီနီဂယ်နိုင်ငံအကြောင်း နည်းနည်းတော့ ပြောမှရမယ်။ ဆီနီဂယ်နိုင်ငံဟာ အာဖရိကအနောက်ဖက်ခြမ်းမှာ ရှိပြီး၊ ဆိုရှယ်လစ်တစ်ပါတီ အာဏာရှင်အောက်မှာ နှစ်ပေါင်း ၄၀ ကျော်ကြာနေခဲ့ရပြီး အင်မတန်မှ ဆင်းရဲမွဲတေတဲ့ နိုင်ငံဖြစ်ပါတယ်။ နိုင်ငံရဲ့ ပြည်ပပို့ ကုန်ဟာ မြေပဲနဲ့ ငါး တင်ပို့ တဲ့နိုင်ငံဖြစ်ပြီး အလုပ်လုပ်နိုင်သူ လူဦးရေ တ၀က်လောက်ဟာ အလုပ်လက်မဲ့တွေ ဖြစ်တယ်။ အာဏာရလာတဲ့ သမ္မတ ၀ိတ်ဒ် ( Wade) ဟာ ဒီမိုကရေစီ နည်းလမ်းတကျနဲ့  ရွေးကောက်ပွဲမှာ မဲအများဆုံးနဲ့ အနိုင်ရလာတဲ့ ခေါင်းဆောင်ဖြစ်ပါတယ်။ ဒါပေမဲ့ ချစားမှု၊ ဆွေမျိုးသားခြင်းတွေကိုသာ လုပ်ပိုင်ခွင့်တွေ ပေးထားမှု စတာတွေကြောင့် အတိုက်အခံတွေက အယုံအကြည်ကင်းမဲ့သူ ဖြစ်ပါတယ်။

ဒီလို ဆင်းရဲတဲ့နိုင်ငံမှာ ကောင်းမွန်တဲ့ တာဝန်ခံတဲ့အစိုးရ တစ်ရပ်ဖြစ်လာအောင် ဆိုပြီး နိုင်ငံတကာက ၀ိုင်းဝန်းထောက်ပံ့နေကြပါတယ်။ အမေရိကန် အစိုးရဟာ ဆီနီဂယ်လ် အစိုးရ လည်ပတ်နိုင်ဘို့  အတွက် ပြီးခဲ့တဲ့နှစ်အတွင်းက ဒေါ်လာ သန်းပေါင်း ၅၄၀ ပေးခဲ့ပါတယ်။ ဒီလို တိုင်းပြည်အတွက် အကျိုးရှိမဲ့ ကဏ္ဍတွေမှာ တိုင်းပြည်ဘဏ္ဍာငွေတွေကို သုံးမဲ့အစား ဒေါ်လာ ၂၇ သန်းအကုန်အကျ ခံပြီး ရုပ်ထုတည်ဆောက်လိုက်တော့ ပွက်လောရိုက်အောင် ဝေဘန်ကြတော့တာပါပဲ။ အနာပေါ်တုတ်ကျ ဆိုသလို သမ္မတ ၀ိတ်က ဒီရုပ်ထုကို ကြည့်ဖို့  ရောင်းရတဲ့ လက်မှတ်တန်ဘိုးတွေထဲက ၃၅ ရာခိုင်နှုန်းဟာ သူ့ အတွက် ဖြစ်ရမယ်ဆိုပြီး သတ်မှတ်လိုက်ပြန်ပါတယ်။

အတိုက်အခံတွေကတော့ သမ္မတဟာ အာဏာကို အလွဲသုံးစားလုပ်တယ်။ ဒီရုပ်ထုအစား တန်ဘိုးနည်းတဲ့ ရုပ်ထုလုပ်ရင် မရဘူးလား အစရှိသဖြင့် ဝေဘန်ကြပါတယ်။ မူဆလင်ဘာသာရေး ခေါင်းဆောင်တွေကလည်း ဒီရုပ်ထုရဲ့အမျိုးသမီးဟာ ရင်သားတစ်ခြမ်းပေါ်နေတဲ့ ပုံဖြစ်တဲ့အတွက် မူဆလင် ဘာသာရေးနဲ့ မညီညွတ်ဘူး အစရှိသဖြင့် ဝေဘန်ပါတယ်။ သမ္မတဘက်ကလည်း ထုံးစံအတိုင်း အမျိုးမျိုး ပြန်လည်ချေပတယ်ပေါ့။

ဒီရုပ်ထုအကြောင်းကို NPR နဲ့  Fareed Zakaria မှာ ဖတ်ရ ၊ ကြည့်ရတော့  မြန်မာစစ်ဗိုလ်ချုပ်တွေ ရုပ်ထုရူး ရူးတဲ့အကြောင်း သွားသတိရမိတယ်။ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ထုတွေကို လေးစားရမှာကြောက်တော့ ရှေးဘုရင်များ ရုပ်ထုကို နေပြည်တော်မှာ တခမ်းတနား ဆောက်တော့တာပါပဲ။

ဆီနီဂယ်က ရုပ်ထုဟာ ဘယ်လောက်ကုန်တယ်၊ လူတွေ ဒီအပေါ်မှာ ဘယ်လိုခံစားရတယ်၊ အစိုးရတစ်ရပ်အနေနဲ့ တိုင်းပြည်အပေါ်မှာ ဘယ်လို တာဝန်ယူရမယ် အစရှိသဖြင့် ဖေါ်ပြခွင့် ရတာမြင်တော့ ဘာဘဲဖြစ်ဖြစ် လွတ်လပ်စွာ ဖေါ်ပြခွင့်တော့ ရသေးသားပဲလို့ ဖြေသိမ့်မိတယ်။

မြန်မာနိုင်ငံမှာတော့ ဒီရုပ်ထုတွေကို ဝေဘန်ဖို့ နေနေသာသာ အားလုံးကို ရှိခိုးခိုင်းမှာတောင် ကြောက်နေရတဲ့ အဖြစ်မျိုးပါ။ တိုင်းပြည်အတွက် တိုးတက်ရာ တိုးတက်ကြောင်းတွေ အသာထား၊ ပညာရေး ကျမ္မာရေးတွေ အသာထား၊ ဗိုလ်သန်းရွှေတို့ ကတော့ အနှစ် ၂၀ လုံးလုံး နေရာချလို့ မပြီးသေးဘူး။ နေပြည်တော်က ရုပ်ထုတန်ဘိုး ဘယ်လောက်ကုန်သလဲ နဲ့  ဘာရည်ရွယ်ချက်လဲဆိုတာတောင် မထုပ်ပြန်တဲ့အပြင် ရုပ်ထုတင် မကဘူး၊ မြို့ တော်ပါ ပြောင်းပြီးတည်ဆောက်နေတာ တွေ့ ရတော့ အင်း... ဒင်းတို့  တတ်လဲတတ်နိုင်ပါ့။

ဒီပို့စ်က သံလွင်အိပ်မက် ဆီကနေ ခွင့်ပြုချက် ယူပြီး သဘောကျလို့ ပြန်တင်ထားတာပါ..။ မူရင်း ဘလော့က .. http://www.salween-dream.blogspot.com/

ဆက်ဖတ်ကြည့်ပါဦးနော်....

Monday, April 26, 2010

အာဏာရှင်ကို ပြောင်းမည့် …ကျွန်တော်… ကျွန်မတို့သည် ..

ကျွန်မ၏ တကိုယ်ရေ ကိစ္စလေး ပြောချင် ပါသည် ။ ကျွန်မသည် ကလေး (၂) ယောက်မိခင်..။ နေ့စဉ် ဘဝတွင် ထမင်းစားဖို့ ရုန်းကန်ရင်းဖြင့် ကြိုက်ခြင်း မကြိုက်ခြင်းများကို ရင်ဆိုင် ဖြတ်သန်း နေသည်။ နောက် ကိုယ်ဝါသနာ ပါသည့် သီချင်းတွေ ဆိုမည် (ဆိုတက်၍ မဟုတ်ပါ.. ဝါသနာပါ၍သာ).. စိတ်ဝင်စားစရာ မြည်မာပြည် အကြောင်း တွေ့ရင် ဖတ်မည်.. တခြားသုတ.. ရသ.. စာတွေ.. ဖတ်မည်..။ စိတ်ဝင်စားသည် ဆိုလျှင် နိုင်ငံရေးပွဲများ သွားမည်.. လူမှုရေး ကိစ္စတွေ နိုင်သလောက် သွားမည် ဗိုက်ပြည့်ဖို့ အတွက် ထမင်း.. ဟင်းချက်မည်.. (ဥရောပမှာ ထမင်းဟင်းပဲ ချက်စားပါသည်.။) ပိုက်ဆံ အပိုရှိလျှင် ခရီးတွေ ထွက်မည်။ အတက်နိုင်ဆုံး ဘဝကို ပျော်ပျော် ဖြတ်သန်းချင်သည်။ အချုပ်ဆိုသော် သူလိုကိုယ်လို သာမန်လူ တစ်ယောက်ထက် ဘာမှ မပိုသောသူ တယောက်သာ ဖြစ်ပါသည်..။

အခုတော့ အလုပ် တခု တိုးလာသည်.. တွေးမိတာတွေကို ရေးချင်သည် မှန်သည်လည်း ရှိမည် မှားနေသည် များလည်းပါနိုင်သည်.။ (အစဉ်မှန်နိုင်သည်မှာကား သစ္စာတရား လေးပါးသာ ရှိမည်ဟု ထင်ပါသည်..။) ဘယ် အကြောင်းအရာမှ အစဉ်မမှန်နိုင်သည်များကို ကိုယ့်အသိလေးဖြင့် ချင့်ချိန်၍ ဘလော့ဂ် ကလေး ကနေ တင်ပြချင်သည်..။ ဒါပါပဲ ဘဝက..။ ထိုကြောင့် မဗေဒါသည် မိသားစု အတွက်သာ ဖြစ်နေပါသည်..။ တိုင်းပြည် အတွက် ဘာမှ မလုပ်နိုင်ပါ ။ အာဏာရှင်တွေကို ပြောင်းလဲ လိုသည် ဒီမိုကရေစီ လိုချင်သည် သို့သော် မိသားစုအတွက်သာ လက်တွေ့ဘဝ ဖြစ်နေ ပါသေးသည် ။

ထို့ကြောင့် နိုင်ငံရေး စိတ်ဝင်စားသူ တယောက် အနေနှင့် တိုင်းပြည်အတွက် အချိန်ပေးနေ သည့်သူများကို လေးစားရ သလို သူတို့၏ အသံများကို တလေးတစား နားထောင်ရသည်သာ။ နောက်လက်တွေ့ ဘဝတွေထဲမှာ မရှိသည့်အတွက် မြန်မာပြည်ကြီးကို ဘယ်လောက်ပင်ကောင်း စေချင်သော်လည်း တကယ် မသိတာတွေကို တကယ်လက်တွေ့ လုပ်နေသူများ သာလျှင် ပိုသိ..ပိုတက်သည်ဟု လေးနက်စွာ ခံယူထားပါသည်..။ ထို သူတို့ကို ကျော်၍ ဘယ်လို အခြေအနေမျိုးကိုမှ စာဖတ်၍ မကျော်ဖြတ်နိုင်သလို အထင်နှင့်ထင်ရာမြင်ရာပြောခြင်းသည် မမှန်ဟု လက်ခံထားပါသည်..။ ဤသည်ကား ကျွန်မ၏ အခြေအနေမှန်လေး နှင့်စိတ်ဓာတ်အား အမှန်တိုင်း လှစ်ဟမှုဟု ဆိုနိုင်ပါသည်..။

ဟိုတုန်းက တက်ရောက်ခဲ့ရသည့် ဆွေးနွေး ပွဲလေးက အကြောင်းတခုကို ပြောချင်ပါသည်..။ ဆွေးနွေးပွဲရဲ့ အဓိကအကြောင်းကတော့ တောင်အာဖရိက၏ အတွေ့အကြုံများကို ကိုယ်တိုင် ပါခဲ့သူတွေ မျှဝေခြင်းဖြင့် မြန်မာပြည် အရေး အတွက် လာရောက် ဆွေးနွေးသည့်ပွဲ ဖြစ်ပါသည်..။ သူတို့ အဓိက ပေးချင်သော မက်ဆေ့သည် မြန်မာပြည်တွင် အစိုးရဘာလုပ်နေသည်ကို သေချာသိဖို့ရန်.. နောက် လူသူ လေးစား ရတဲ့ သူတွေနဲ့ အစိုးရကို စကားပြောပြီး အလှည့်အပြောင်း တခု ဖြစ်လာစေရန် ရည်ရွယ်ရင်း ဖြစ်ပါသည်..။ မှတ်မိ သလောက် ဆိုရသော် ထိုအချိန်တွင် တက်ရောက်သူ မည်သူကမှ ၄င်းအကြံကို လက်မခံခဲ့ပါ..။ အဓိကကတော့ မြန်မာစစ်အစိုးရသည် ခေါင်းမာသည် ဆိုသည့် မှတ်ချက်ကြောင့် ဖြစ်ပါသည်..။…ထိုတောင်အာဖရိကသားများသည်လည်း မြန်မာ့နိုင်ငံရေးသမားများ ပြောသည့် မြန်မာပြည် ရေးသည် မြန်မာတို့ ကိစ္စဟူ၍ သဘောပိုက် နားထောင်ကာ ဆွေးနွေးပွဲ သိမ်းသွားပါသည်..။ ..ကျွန်မ ခန့်မှန်းသည်မှာ သူတို့ ဟဒယ ချမ်းမြေ့ သွားပုံ မပေါ်ခဲ့..။

တကယ်တော့ ကျွန်မ သဘော ဆိုလျှင် ထိုသူတို့ ပြောသည်ကို သဘောကျကာ ကြိုးစား ကြည့်ချင်သူဖြစ်ပါသည်..။ အဲဒီ အကြောင်း ကိုလည်း ကိုယ်စားပြု တက်ရောက်ခဲ့သည် အဖွဲ့သို့ အစီရင် ခံစာတွင် တင်ပြခဲ့ဖူးပါသည်..။ တကယ်တမ်းတွင် နအဖစစ် အစိုးရသည်လည်း လူသားများမို့ သူတို့ တလေးတစား ရှိသည့်သူများ မှတဆင့် တစုံတရာ အပြောင်းအလဲ သို့မဟုတ်လည်း လမ်းစ တခုခု ရသွားခြင်းမျိုး မဖြစ်နိုင်ဟု ဘယ်သူမှ အတိအကျ မပြောနိုင်ပါ..။ ပြောနိုင်သည် မှာကား ခေါင်းမာသည်ဟုထားလိုက်ကာမှ ပိုဆိုးခြင်းပင် ဖြစ်မည်ဟု ထင်ပါသည်..။ အခုလည်း ဆိုးနေသည်သာ..။ တခါ ပြောင်းပြန် စဉ်းစား ကြည့်ပြန်တော့လည်း နအဖကို ခေါင်းမာသည် ဆိုသည့် ထိုဆွေးနွေးပွဲ တက်သူများကရော တယူသန် စိတ်ကလေးဖြင့် နအဖမပြောင်းနိုင်ပါဟု ခေါင်းမာနေခြင်း မဖြစ်နိုင်ဘူးလားဟု တွေးစရာပင်..။ ယင်းမှာ (၁၀ )နှစ်ကျော်ကြာမှ ကျွန်မပြောမိသည့် အယူအဆ တစ်ခုဖြစ်ပါသည်..။ အထင်ကို ပြောခြင်း ဖြစ်ပါသည်..။ မှန်သည် မှားသည်က တပိုင်းပါ..။ (အခုလက်ရှိ တွင်လည်း စစ်အစိုးရသည် မပြောင်းသေးပဲ နိုင်ငံရေး လုပ်သူများ နိုင်ငံရေး ပိုးရှိသူများ ပတ်သက် သူများကို နှိပ်စက် ထောင်ချနေသည်ဆိုတော့ သူတို့ ဘာလုပ်လုပ် အမှားတွေပါ ခေါင်းမာ နေတာ မသိဘူးလား.. ငတုံးမေ_ာက်ရူးမဟု ပြောလည်း မဗေဒါ စိတ်မဆိုးပါ.. ..။ )

ကျွန်မ အတွေးကို အစဉ် ရိုက်ခတ်နေသည့် စကားများကို ခင်ရာမင်ရာများနှင့် ပြောကြည့် ဖူးပါသည်..။ သဘောတူသူ ရှိသည် မကြိုက်သူ များစွာ ရှိပါသည်.။ ဥပမာ အားဖြင့် လာမည့် ရွေးကောက်ပွဲ ကိစ္စဖြစ်ပါသည်..။ `ရွေးကောက်ပွဲဟူသည် ဒီမိုကရေစီကို သယ်ဆောင် မပေး` ဆိုသည့် နယူးယောက် သတင်း ဆောင်းပါး သုံးသပ်ချက် ရေးသူ ( Fareed Zakaria ) ၏ လွန်ခဲ့သည့် ၆ နှစ်ကျော် ကာလက အီရတ် အတွက်ပေးခဲ့သည့် ကောက်ချက်လေးသည် ကျွန်မ၏ ဟဒယကို ဒက်ထိ လာညိစေပါသည်..။ မြန်မာပြည်တွင် အတွက် ဆိုလျှင် အခု လက်ရှိ အခြေအနေနှင့် ဆိုပါက စကာရီစကား ကွက်တိ မှန်သည်ဟုလည်း ရာခိုင် နှုန်းပြည့် ထောက်ခံ ပေသည်..။ ကျွန်မသည်.. ရွေးကောက်ပွဲ လမ်းကြောင်းကို ကြားကတည်းက အမြင်တွေ အမျိုးမျိုးကို နေရာ ပေါင်းစုံမှ နားထောင်ကြည့်ပါသည်..။ ရွေးကောက်ပွဲ ဝင်လျှင် ကောင်းသည်...မကောင်းပါပေါ့..။ အချို့က နှိုင်းနှိုင်း ချိန်ချိန် အယူအဆကို ထိအောင် မိအောင်ပြောသည်..။ အချို့ ကတော့ ဖြစ်လည်း ရွေးကောက်ပွဲ ဝင်မည့် သူများကို အခွင့်အရေး လိုချင်သူ.. ဦးနှောက်မရှိသူများဟူကာ စွပ်စွဲသူများ ဒုနဲ့ဒေး ဆိုသည့် အခါ ဘာမှတောင် မလုပ်ရ မကိုင်ရ သေးပါပဲ ဘာဖြစ်လို့များ စွပ်စွဲတာတွေ .. ကြမ်းတမ်းတဲ့ စကားလုံးတွေနဲ့ ပြောဆိုတိုက်ခိုက် နေကြပါသလည်းဟု ….တွေးကာ စိတ်မကောင်းကြီးစွာ ဖြစ်မိပါသည်..။

ဒီမိုကရေစီ ဆိုသည်မှာ ကိုယ်ယုံကြည်ခြင်း တခု အတွက် အမြင် မတူသူများကို လေးစားရမည်သာ ဖြစ်ပါသည်..။ တယောက်နှင့် တယောက် နာအောင်.. ဘေးတိုက်လိုက်ပြောနေ၍မရပါ..။ အကောင်းဆုံး အဖြေအတွက် အဖြေ တခုကို ရှာရာတွင် ဘာ အကောင်းဆုံးလည်း ဆိုသည်ကိုသာ ပြောရပါမည်...။ သူတို့ ဘာကြောင့် ဝင်မှာလည်း ဆိုသည့် နိုင်ငံရေး ဆိုင်ရာ အမြင်များ.. နှင့် အခြား သက်ဆိုင်သော ဒေတာတွေကိုသာ ကြည့်ပြီး မည်သည့် ခံစားချက်ကိုမှ ရှေ့တန်း မတင်ပဲ ဖြောင့်မတ် မှန်ကန်စွာ ဝေဖန် ရမည်သာ ဖြစ်ပါသည်..။ အဓိက အကျိုးစီးပွားသည် တိုင်းပြည်အတွက်သာ ဖြစ်ရမည်ဟုနားလည်ပါသည်..။ နင်ပဲငဆ ကိုယ်ထင်တာ တွေကို အချက်အလက် ထောက်မပြောပဲ ပြောခြင်းသည် ဒီမိုကရေစီနှင့် လုံးလုံး ဆန့်ကျင်ပါသည်....။ ရေးခွင့် ရ၍ ရေးနေသော်လည်း အကျိုးမပြုပဲ ဘတ်တဘက်ကို ဇောင်းပေး လွန်းပါကလည်း အမှန်ဆိုသည်ကို မမြင်နိုင်ဟု ယူဆပါသည်..။

ကျွန်မရေးချင်သည့် အကြောင်းမှာ တခြားတော့မဟုတ်ပေ..။ ဒီကနေ့ ဒီမိုကရေစီ လိုချင်သူတွေထဲမှာ သည်ပင်လျှင် အပြစ် အနာ အဆာ မကင်း ဆိုသည်ကို ရှေ့ရူတက်ရန် လိုပါသည်..။ ဒါကလည်း ကျွန်မ၏ ကိုယ်တွေ့နှင့် ပြောခြင်း ဖြစ်ပါသည်..။.. စာအုပ် စာပေများဖတ်ပြီး သီအိုရီ သဘော တရားတွေကို ဖောက်သည် ချခြင်း မဟုတ်ပါ..။ အင်မတန်မှ ပေါ်လွင်သည့် အခြေခံကျသည့် ဥပမာ တခု ပေးချင် ပါသည်..။ မောင်ဘ သို့တည်း မဟုတ် မလှ ဦးစီးသော နိုင်ငံရေးပွဲတခု.. သို့မဟုတ် အဖွဲ့အစည်းတွင် ဝင်ရောက်ရေး ဆိုပါစို့..။ ထိုဆန္ဒပြပွဲ ငါမသွား.. မောင်လှ ဦးစီးလျှင် သူပဲ နာမည် ယူမည် ဒါကြောင့်ငါမပါ.. အဲဒီ လူတွေက နေရာတကာ ပါနေတာ ငါတို့ အတွက်တော့ ဖြစ်ရင် အကျိုးမများ.. အဲဒီလူတွေက ၈၈ က မဟုတ်ဘူး.. သူတို့ အဖွဲဝင်ရင်လည်း အားလုံးက .. ဆရာတွေချည်းပဲ စသည် စသည်ဖြင့် ကိုယ်နဲ့ အဆင်မပြေသူများ ဦးဆောင် ဦးရွက်ပြုလျှင် သို့တည်း မဟုတ် ပါဝင် နေသောကြောင့် ဒီမိုကရေစီ ဖြစ်စဉ် ထဲတွင် တတောင့် တနေရာမှ ပါချင်သော်လည်း ဘေးထွက် နေသူများ.. ဘေးတိုက် လိုက်နေသူများ.. အပြစ်ဖို့ နေသူများကို အများကြီး တွေ့ဖူးပါသည်..။ မှန်သည့် စဉ်းစားချက် မဟုတ်သလို ဖြစ်သင့်သည် မဟုတ်ဟုလည်း ယူဆပါသည်..။ မဗေဒါ ကရောဟု မေးလျှင် ဖြေချင်ပါသည်…။ ကျွန်မသည် မောင်လှ၏ အပြောအဆို ဆရာ လုပ်လိုမှု စသည့် အားနည်းမှုများကို ကြိုက်ချင်မှ ကြိုက်မည် ဖြစ်သော်လည်း သူ၏ နိုင်ငံပေါ်တွင် ထားသည့်စေတနာ.. တရားမျှတသည့်စိတ်ထားတို့ကြောင့် တိုင်းပြည်အကျိုးရှေ့ရူကာ ပါဝင်ပတ်သက်ရပါမည်..။ အမှန်တကယ်တွင် လည်း ပါဝင် ပတ်သက်မည်သာ ဖြစ်ပါသည်..။

ဘေးထွက် နေခြင်းသည်.. သူ့ကိုယ်ပိုင် အခွင့်အရေးဟု ပြောနိုင်သော်လည်း ဘုပြော၍ တဘက်သားအား ထိခိုင်အောင် ပြောဆိုခြင်းသည် ကိုယ်ပိုင် အခွင့်အရေး မဟုတ်ပါ..။ ကိုယ်ကရော ဘယ်လို လူမျိုးဆိုသည်ကို ကိုယ့်ဘာသာကိုယ် စမ်းစစ်ရန် လိုပါသည်..။ ဦးဆောင် ဦးရွက်မည့် နေရာတွင် တာဝန် မယူနိုင်ဆိုလျှင် သူများ နောက်က လိုက်ရုံသာ..။ မလိုက်နိုင်ပါ.. ငါသည် ဦးဆောင်ဦးရွက် ပြုနိုင်သည်ဟု ကိုယ့်ကိုယ်ကို ယုံကြည်သည် ဆိုလျှင်လည်း ကိုယ်တင်ပြချင်သည့် သဘောအတွေးများကို ဆွေးနွေး ညိုနှိုင်းခြင်းဖြစ် ရှေ့ကသွားပြလိုက်ရုံသာ..။… အလုပ်တူ လုပ်ကြမည်ဆိုသည်ဖြင့် ကိုယ်ကြိုက်သည်လည်း ပါနိုင်သည်.. မကြိုက်သည် များလည်း ကြုံနိုင်သည် ဆိုသည့် ဖြစ်လေ့ ဖြစ်ထများကိုလည်း နုလုံး သွင်းနိုင်ရပါမည်..။ ကိုယ်ပြောသည့် အယူအဆများကို ထည့်သွင်း စဉ်းစား သည်လည်း ရှိမည်.. ကိုယ်တင်သည့် အာဂျင်တာ မကြသည်လည်းရှိမည်..။ ကိုယ့်အယူအဆများကို သဘောမတူဆိုသည်နှင့် ဘေးထိုင်ကာ အပြုသဘော မမြင်ခြင်းသည် အင်မတန် ရုပ်ဆိုးသည်ဟု ယူဆပါသည်..။….ဆိုလိုချင်သည်မှာ ..ကိုယ့်စိတ်ကလေး ကို..ရှင်းရှင်းတွေး၍ ခပ်ရှင်းရှင်း လုပ်ဖို့သာလိုပါသည်....။ ..နောက်အပြုသဘောဆောင်ချင်သည့် စိတ်ကလေး ထားနိုင်ရပါမည်..။ တကယ်တွင် ကျွန်မတို့တွေသည် နှစ်ပေါင်း ၂၀ ကျော်ကြာ လေ့ကျင့်ရေးကွင်း တခုတွင် အလေ့အကျင့် ကောင်းတွေကို လိုလိုလားလား သယ်ဆောင်နိုင်သူများ ဖြစ်ရမည့်အချိန် ပင်ဖြစ်ပါတော့သည်..။

နောက်ကျွန်မ မြင်တွေ့ဖူးသည့် ကိစ္စတခု.. ဥပမာ ထပ်ပေးချင်ပါသည်..။ ဒီမိုကရေစီ လိုချင်သည့် မိသားစု တခု ဆိုပါစို့..။ ကိုယ့်မိသားစု ကိုပင် အခြေအနေ တခုကို နားလည်အောင် မိသားစု အကျိုး စီးပွားဆိုသည်ကို ချက်နှင့်လက်နှင့် မပြောနိုင်ပဲ မစည်းရုံးနိုင်ပါပဲ ဘယ်လိုမျိုး အာဏာရှင်တွေကို တိုက်ပါမည်နည်း..။ မိသားစုကို နားလည် လာအောင် သိလာအောင် သဘောတရားကို မရှင်းပြောပါပဲ ကိုယ်ဖြစ်ချင်ရာ တွေကိုပဲ ဦးတည်ကာ တဘက်သားကို မသိပါဘူး.. မတက်ပါဘူး. ငတုံး. အသုံးမကျဘူး..နိုင်ငံရေးစိတ်မဝင်စားဘူး.. ငါသည်သာ မိသားစု အတွက် စွမ်းဆောင်နိုင်သူ ဆိုသည့် အတွေးအခေါ် အပုတ်အသိုးများဖြင့် အိမ်ထောင်တခုကို ဦးဆောင် နေသူတ ဦးသည် မည်သည့်နည်းနှင့် တိုင်းပြည်အတွက် စည်းရုံးရေး သမားကောင်းတယောက်.. နိုင်ငံရေးသမားကောင်း တယောက်အဖြစ် လူထုကို ဦးဆောင် နိုင်ပါမည်နည်း..။ ဒီမိုကရေစီ ဆိုသည်ကိုရော လက်တွေ့တွင် တကယ် နားလည် လက်ခံ နိုင်ပါသလား ဆိုသည်မှာ စဉ်းစား စရာပင် ဖြစ်ပေသည်..။

လူတယောက်ချင်း စီတွင် အားနည်းချက်များ အစဉ် ရှိတက်သည်သာ.. ထိုရှိတက်သည်ကိုလည်း လိုလိုလားလားနှင့် လက်ခံ၍ ပြင်ဆင် ချင်သည့် စိတ်ထား ရှိဖို့မှာကား ဒုတိယ အဆင့် ဖြစ်ပါသည်..။ ကိုယ့်ကိုယ် ကိုလည်း မပြင် သူများကိုလည်း ပြင်တက်အောင်မကျိုးစားပဲ ငါတကော ကောနေခြင်းသည် ရှက်စရာ နတ္တိ ဖြစ်ပေသည်..။ ကျွန်မ မြင်ဖူးကြုံဖူးသည့် လူတချို့သည် ပထမ အဆင့်တွင်ပင် မရှိခြင်းပင်..။ ဆိုလိုချင်သည်မှာ သူတို့သည်သာ အစဉ်မှန်နေသည်ဟု ငါအထင် ဖြစ်နေတက်သူများ ဖြစ်ပါသည်..။ အသက် (၁၀)နှစ် လောက် ကတည်းက မှန်သည်ဟု ယူဆထားချက် အသိတရား အမှားများကို ငါဆိုသည့်နေရာမှ ခွာ၍မကြည့်ပဲ ငါဆိုသည်ကိုပဲ ကြည့်နေသည့် အခါတွင် ၅၀ အရွယ်အထိလည်း ထိုသူသည် အသိနည်းသူအဖြစ်သာ တည်ရှိနေပါသေးသည်..။

ထိုလူတို့သည် ကိုယ့်ကိုယ်ကိုသာ ပြင်ရန်မကြိုးစားဘဲ အထက်ကပြောခဲ့သည့် စစ်အာဏာရှင်များကို ဘယ်လိုနည်းနဲ့များ ပြုပြင် ပြောင်းလည်း မလည်း ဆိုသည်ကို တင်ပြလိုခြင်းနှင့် ဆက်စပ် ပါတော့မည်..။ ယင်းကိစ္စကိုပဲ ကျွန်မစောဒက တက်ချင် နေမိခြင်း ဖြစ်သည်…..။

ဘာကြောင့် ဆိုသည်ကား… ``နင်တို့ ဒီမိုကရေစီ လိုချင်သူတွေကလည်း ပြောလိုက်ရင် ရွေမန်း.. အခုမှပဲ အကြောင်းတွေ သိလာတယ် ``ဟူ၍ အပြော ခံရသည်မှာ အကြိမ်ပေါင်း မနည်းတော့ပေ..။ မှန်ပါသည်.. ဒီမိုကရေစီ လိုချင်သည့် ကိုယ်တော်များ ဆိုသည် မှာလည်း သာမာန် အရပ်သား ဖြစ်သည့် ဈေးသည်.. ကျောင်းဆရာ.. ဆရာဝန်.. ကျောင်းသား… စာရေးဆရာ.. ပညာရှင် စသည် စသည်ဖြင့် လူကြားထဲက လူများ ဖြစ်ကြသည်မို့ စိတ်ဓာတ် အားဖြင့် ရင့်ကျက်သူများ ရှိသလို နအဖ စစ်တပ်မှ ဗိုလ်ကြီး..မှူး ဆိုသူများလိုပင် တချက်လွတ် အာဏာကလေး သုံးချင်သူ (နေ) များ ဒုနဲ့ဒေးဆို သည်ကိုလည်း သတိပြု တက်ရန် လိုပေသည်..။ ဆိုလိုသည်မှာကား အထက်အောက် ဆက်ဆံရေး မျိုး.. ငါသိငါတက်.. ငါသည်သာ ပဓာနဆိုသည့် အယူအဆများဖြင့် ဒီမိုကရေစီကို မတည်ဆောက် နိုင်ဟု ပြောချင်ပါသည်..။ အခြေအနေများကို ဘက်နှစ်ဖက်မှ နေ၍စဉ်းစားတက်ရန်လိုပါသည်..။

ထိုလို…ငါသိ ငါတက်နှင့် အတွေး မရင့်ကျက်သူတို့ အာဏာရလျှင်လည်း အာဏာရှင်လက်သစ်ဖြစ်မည်သာ..။ ဗိုလ်သန်းရွှေ ကဲ့သို့ပင် လက်ဆောင်း ထက်သွားနိုင်ပါသေးသည်..။ ထို့ကြောင့် ကျွန်မပြောချင်သည်မှာ ဒီမိုကရေစီ ဘက်တွင်သော် လည်းကောင်း နအဖ ဘက်တွင် သော်လည်းကောင်း ခေါင်းမာသူများ.. အာဏာရှင် ဆန်သူများ.. တယူသန်သူများ အစရှိသူတို့ ရှိနေတက်သည့် သဘော သဘာဝကို နားလည်ပြီး အာဏာရှင်ကိုလည်း ပြောင်းလဲမှု လုပ်ရမည်သာ..။ မိမိတို့၏ မကောင်းသော စိတ်ထား အမှားများကိုလည်း ပြုပြင် ပြောင်းလဲ ရန်သင့်သည်ကို ဆိုလိုခြင်းပင်..။ သို့မှသာလျှင်..ကျွန်မတို့သည် ဒီမိုကရေစီ လူ့ဘောင် အတွက် လူ့အဖွဲ့အစည်း၏ အဓိက ကျသည့် မိမိ နေအိမ်ထဲမှ တဆင့် ဟိုးမြင့်မားကြီး ကျယ်သည့် လူ့အသိုင်းအဝန်း အထိ အလေ့အကျင့် ကောင်းတွေကို စတင် လုပ်ဆောင် ကျပါစို့လို့ တိုက်တွန်းရင်း…။

မဗေဒါ
၂၆.၀၄.၂၀၁၀

ဆက်ဖတ်ကြည့်ပါဦးနော်....

Monday, March 29, 2010

အမျိုးသမီးအခွင့်အရေးဘာလို့တောင်းနေပါသလဲ…

ရင်းနှီးသည့် သူငယ်ချင်းက ကျွန်မကို မေးဖူးသည်၊ ``…… တို့မိန်းမတွေက ဘာဖြစ်လို့ ယောက်ျားတွေဆီမှာ အခွင့်အရေးတောင်း နေကြတာလဲ.. တို့တွေ ကြိုးစားရင် တို့လိုချင်တာတွေ ရမှာမဟုတ်ဘူးလား….`` တဲ့၊ မရပါဘူးဟု ဖြေဖူးပါသည်။ တကယ်လည်းမရပါ။




အမှန်တကယ်တွင် မည်သူတဦးတယောက်ကမှ မည်သူတဦးတယောက်အတွက် အခွင့်အရေးများကို ပိုင်ဆိုင်မထားပါ၊ လူတိုင်းတွင် မွေးရာပါ အခွင့်အရေးများ ရှိကြသည်၊ ဥပမာ လူတိုင်း အသက်ရှင်နေထိုင်ခွင့် (UDHR) တွင်ဖော်ပြထားသည်။ ဆိုသည့်အခါ မိန်းမယောက်ျား ဟူသော ထိုလူနှစ်မျိုးတွင် မိန်းမများသည် ရှေးယခင်ကတည်းက ဖိနှိပ့်ခံလာရခြင်းဖြစ်သည် ဆိုသည်ကို အထူးပြောစရာ လိုမည်မထင်ပါ၊ ထိုရှိခဲ့ပြီးသော ခွဲခြားမှု.. ဖိနှိပ့်မှု …အကြမ်းဖက်ခံရမှု.. စသည့် အခြေအနေများကို ထည့်သွင်းစဉ်းစားရင်းဖြစ် အမျိုးသမီးဆိုင်ရာ စာချုပ် စာတမ်းများလည်း ပေါ်ထွန်းခဲ့သည်ဟု အကြမ်းဖျင်း ပြောနိုင်ပေသည်၊ ထို့ကြောင့် မိန်းမများ ခွဲခြားဖိနှိပ့်ခံနေရသေးသည့်အတွက် မိန်းမအခွင့်အရေးများကို လူ့အဖွဲ့အစည်းအတွင်း သိလာအောင် (သတိပြုမိစေရန်) အရေးတယူ ဆောင်ရွက်လာအောင် တတွင်တွင် ပြောဆိုတောင်းဆိုနေရခြင်းလည်း ဖြစ်ပေသည်၊

ပြောချင်သည်မှာ မိန်းမတို့ ရရှိရမည့်အခွင့်အရေးကို မထိမ်းချုပ်ပါနှင့်။ ပေးပါ။ ယောက်ျားနှင့် မိန်းမသည်လည်း မွေးကတည်းက တန်ဖိုးတူညီစွာ မွေးဖွားလာလဲ့ခြင်းကြောင့် မည်သည့်အရာမျှ ခွဲခြားမထားရန် တောင်းဆိုခြင်းလည်း ဖြစ်ပေသည်။ မြန်မာပြည်နှင့် ဆက်စပ်နေသည့် အကြောင်းအရာတခုကို ဥပမာတခုပြောရလျှင် အမျိုးသမီးများ ဘာကြောင့် စစ်သမီးဖြစ်ခွင့်မရှိရပါသနည်း၊ ဘာကြောင့် ယောက်ျားများနည်းတူ အမှတ်တူဖြင့် ကျောင်းဝင်ခွင့် မရှိရပါသနည်း၊ စသည်စသည်ဖြစ်ပေါ့၊ ထိုကိစ္စများသည် အစိုးရများကိုယ်တိုင်က အမှန်တကယ် နားလည်လက်ခံရန်လိုသလို လိုလားစွာလည်း ပြောင်းလဲလိုစိတ်လည်း ရှိရမည်ဖြစ်ပေသည် ၊ တချိန်တခါက အခြေအနေတခုအောက်တွင် ထိုသို့ဖြစ်ခဲ့ရသည် ဆိုလျှင်လည်း ယနေ့အချိန်အခါတွင် ပယ်ဖျက်ရမည်ဆိုသည်ကို အမျိုးသမီးအခွင့်အရေး စာချုပ် ချုပ်ဆို လတ်မှတ်ထိုးထားသည့် နိုင်ငံတိုင်း လိုက်နာရပေမည်။ ထို့ကြောင့် ဥပဒေ.. မှုဝါဒများ စသည်တို့တွင် တည်ရှိနေသည့် ခွဲခြားထားမှု အဓိပါယ်ဆောင်သော စာသားများကို သေချာစွာပြန်လည် ကြည့်ရူရန်လိုအပ်ပေသည်၊ ယင်းကိစ္စသည်လည်း လူတဦးထဲက လုပ်၍မရသလို အုပ်စုတခုကတည်းကလည်း ဆောင်ရွက်၍ မရပါ၊ နိုင်ငံလုံးအလိုက် ဆောင်ရွက်ရမည့် အကြောင်းအရာတခုဖြစ်ပေသည်။

အစိုးရများသည် စာချုပ်များတည်ရှိမှုသည် ကောင်း၏။ လုပ်နေ၏.. စသည်ဖြင့် ကုလသမဂ လိုနေရာမျိုးတွင် ကြီးကျယ်စွာပြောဆိုဆွေးနွေးနေကြသည်ကို မြင်တွေ့ရပေမည်။ ( စကားချပ်… ကျွန်မတက်ရောက်ခဲ့သည့် အမျိုးသမီးရေးဆိုင်ရာ ကုလအစည်းအဝေးတခုတွင် ဥက္ကဌလုပ်သူက ဆွေးနွေးရန် …မဲပေးရန် ပြောနေသော်လည်း ဘယ်မှာဘာရှိသည်ကို မသိပဲ ရှာဆဲဖွေဆဲ လုပ်နေသူများကို တွေ့ဖူးပါသည်။) ပြောချင်သည်မှာ အစိုးရက ယုံ၍လွတ်ထားသည့် ကိုယ်စားလှယ်များသည်ပင် ဘာဆွေးနွေးရမှန်းမသိ လက်ညှိုးထောင်..(ခါ) လုပ်ပြီး ပြန်လာသည့်သူများ ရှိသလို (မတက်ရောက်ပဲနေသူများလည်းရှိပေသည်။) စာရွက်ထဲ ဘာရေးမှန်းမသိသူများလည်း များစွာရှိနေနိုင်ပါသေးသည်။ တနည်းအားဖြင့် အမျိုးသမီးများအရေးကို နိုင်ငံ့အကျိုးစီးပွားဟု သဘောမထားခြင်းလည်း မည်ပေသည်။ လူအများစုသည် အမျိုးသမီးရေးဟု ဆိုလိုက်ပါက မျက်နှာရူံ့ချင်ကြသူများရှိသလို အချင်းချင်းလှောင်ပြောင်ချင်သူများ ဒုနဲ့ဒေး ရှိနေခြင်းသည် ကောင်းသောလက္ခဏ မဟုတ်ချေ။ တချို့ဆိုလျှင်လည်း အစမှာပြောခဲ့သလို ပင် ဘာလို့တောင်းနေတာလဲ ဟု မေးကြသည်၊ (ထိုမေးသည့်သူငယ်ချင်းသည် သူလုပ်ချင်သော လုပ်ငန်း.. ပြောချင်သည့်အကြောင်းအရာ… ဖြစ်ချင်သည့်ကိစ္စများကို အတိုင်းအတာတခုထိ လုပ်ခွင့်များ ရနေသူဖြစ်ပါသည်။) အမှန်တွင် ထိုလုပ်ခွင့်ရနေခြင်းသည် လင်ယောက်ျားက အမျိုးသမီးအခွင့်အရေး (လူတယောက်၏ရပိုင်ခွင့်အဖြစ် ရူမည်၍) နားလည်၍ ပေးထားခြင်းမဟုတ်။ ချစ်၍ ပေးထားသော လွတ်လပ်ခွင့်ဖြစ်ပြီး အချိန်မရွှေး ဆုံးရူံးသွားနိုင်ပေသည်။ ထိုသို့ အခွင့်အရေးရနေသော အမျိုးသမီးများ မြန်မာ့လူ့အဖွဲ့အစည်းတွင် မရှိမဟုတ်ပါ။ ရှိနေနိုင်သည်.. သို့သော် လက်ချိုးရေတွက်၍ ရနိုင်သည် ဆိုသည်ကို သတိပြုသင့်ပေသည်။ ကိုယ်တော်နေသည်.. ကိုယ်လုပ်ခွင့်ရနေသည်. (သဘောမနောကောင်း ယောက်ျားရထား၍ လုပ်ခွင့်များပိုင်ဆိုင်နေခြင်းမျိုး.. နားလည်၍အမြင်ကျယ်သည့်မိဘမျိုး ပိုင်ဆိုင်ထားသည်). ဆိုပြီး ဘာလို့တောင်းနေစရာ လိုသနည်းဟု မမေးသင့်ပါ။ မိန်းမတွေ ဘာတွေများ ရင်ဆိုင်နေရပါသောကြောင့် ထိုသို့တောင်းဆို နေသည်ဆိုသည် ကို ထပ်ခါထပ်ခါ စဉ်းစားသင့်ပေသည်။ (မျက်စိကြီး နားကြီးရန်လိုပေသည်။)

သေချာသည်မှာ မိန်းမတိုင်းနည်းပါးသည် ဘဝတွင် တကြိမ်တခါတွင် အနှိမ်ခံ ခွဲခြားဆက်ဆံခံရဖူးသည်သာ ဖြစ်ပေသည်။ မိန်းမဖြစ်ခြင်းကြောင့် ထိုအပြုအမူမျိုး ရင်ဆိုင်ရခြင်းဖြစ်သည်ဟု ယေဘုယျပြောနိုင်ပေသည်။ (ဥပမာ …. မိန်းကလေးတဦးကို စာမတက်တော့ရော ဘာဖြစ်သေးသလဲ. ယောက်ျားလုပ်ကျွေးမယ်ဟု ဆိုခြင်းမျိုးသည် စာတက်ရန်မလိုဟု လမ်းကြောင်းရာရောက်သလို မိန်းမနှင့် စာသင်ရန်မလိုကို ညီမျှခြင်း ချခြင်းလည်း မည်ပေသည်။ တနည်းအားဖြင့် မိန်းမသည်အတန်းပညာ တက်မရာ မလိုဟုလည်း အားပေးနေရာရောက်ပေသည်။ )

အမျိုးသမီးများအပေါ် ခွဲခြားပြုမှုခြင်းကို လက်မခံဆိုသည်ကို အမျိုးသမီးစာချုပ်ဖြစ်သည့် စီးဒေါ က ညွန်းဆိုပါသည်။ ဥပမာအားဖြင့် ( CEDAW) အပိုဒ် ( ၇) တွင် မိန်းမများ မဲပေးခွင့် ဆိုသည်ကို တင်ပြထားပါသည်။ မဲပေးခွင့်များ မြန်မာမိန်းမများ ဟိုးရှေးရှေးကတည်းက ရှိခဲ့တာ အရေးလုပ် ပြောနေသေးဟု အထင်မစောပါနှင့်၊ မဲပေးနိုင်ရန်အတွက် လုံလောက်သော အသိ.. သတင်းအချက်အလက်… အမျိုးသမီးများ၏ အခန်းကဏများ အရေးကြီးပေသည်။ ထို့အပြင် မဲပေးနိုင်ရန် အတွက် လိုအပ်သော အခြားအကြောင်းများနှင့် အမျိုးသမီးများအား ရာထူးတာဝန်များ ပေးအပ်ခြင်းမျိုးလုပ်ဆောင်ပေးရမည်ကို သေချာအောင် ဖန်တီးပေးထားရပေမည်။ (ဤအတွက် အမျိုးသမီးများ စာဖတ်ကိုဖတ်တက်ရမည်.. စာဖတ်တက်ရန် ကျောင်းနေနိုင်သည့် အခွင့်အလမ်း ဖန်တီးပေးရမည်ဖြစ်သည်။) နိုင်ငံရေး၏ အခြေခံအခွင့်ရေး ဖြစ်သော မဲပေးခြင်းမှသည် ကျောင်းနေခွင့် ရှိခြင်းအဆုံးထိ အမျိုးသမီး အခွင့်အရေးများ အပြည့်အ၀အသုံးချနိုင်ရန် စီးဒေါက ညွန်းဆိုအားပေးပါသည်၊ အစိုးရများက အကောင်အထည်ဖော်ရန်လည်း စီးဒေါကော်မတီက အစဉ် တိုက်တွန်းနေပါသည်၊

ဤမျှလောက်ဆိုလျှင် အမျိုးသမီးအခွင့်အရေး ဘာလို့ တောင်းနေရသလဲဆိုသည်ကို ရှင်းလောက်ပြီဟု ဆ၀ါးမိပါသည်။ ထို့ကြောင့် လူတဦးတယောက်ကကြိုးစားအောင်မြင်တိုင်း အမျိုးသမီး အခွင့်အရေးများ ရရှိနေသည်ဟု မဆိုနိုင်ပေ။ အမျိုးသမီးရော အမျိုးသားပါ လူ့အဖွဲ့အစည်းတွင်း ဖြစ်ပေါ်နေသော ခွဲခြားဆက်ဆံခံနေရမှု ပြဿနာများကို နားလည်လက်ခံပြီး အားလုံးပူးပေါင်းဆောင်ရွက်ပါမှ အတိုင်းအတာ တခုအထိ လျှော့ကြမည် ဖြစ်သည်။ ထိုမှတဆင့် လူ့အဖွဲ့အစည်းတွင်းရှိ အမျိုးသမီးများအားလုံး တူညီသော အခွင့်အရေးများကို ရရှိနေမှသာလျှင် အမျိုးသမီးအခွင့်အရေး များလူ့အဖွဲ့အစည်းအတွင်း လက်တွေ့ကျင့်သုံးနေသည်ဟု ဆိုနိုင်ပါကြောင်း တင်ပြရင်း နိဂုံးချုပ်ပါသည်၊


ဆက်ဖတ်ကြည့်ပါဦးနော်....

Monday, March 22, 2010

မိန်းမဆိုရင် ပိန်မှလှတဲ့ လူ့အဖွဲ့အစည်း

ကျွန်မသွားလေရာတွင် အမျိုးသမီးသူငယ်ချင်းများ၏ " ၀လို့ စိတ်ညစ်တယ်" "ပိန်ချင်တယ်" ဆိုတာတွေကြားနေခဲ့တာ နှစ်ပေါင်းမနည်းတော့ပါဘူး။ ကိုယ်တိုင်လည်း "ဟယ်ဆုန်သင်းပါရ်က "၀" လာတယ်၊ ထက်ထက်မိုးဦးကလည်း "၀" လိုက်တာ လွန်ရော" စသဖြင့် အပြစ်သဘောပြောဆိုတတ်လာပါတယ်။

ဒီထက်ပိုဆိုးတာကတော့ "ဟဲ့နင်ပိန်အောင်လုပ်လေ၊ "၀" နေတော့ ယောက်ျားကဘယ်ကြိုက်တော့မလဲ" ဆိုကာ "၀ခြင်း" နှင့်အသားကျကျေနပ်နေသူတွေကိုလည်း ပိန်စေချင်ကြပါတယ်။ "၀" တာက အပြစ်ဖြစ်နေလို့ လားဆိုတဲ့ မေးခွန်းကတော့ ဘယ်သူကမှ တိတိကျကျ မဖြေကြပါဘူး။ အမှန်ကအပြစ်ဖြစ်နေတယ်လို့ 



ပေါ်ပေါ်တင်တင် မပြောရဲလို့ ပါပဲ။ မြန်မာ့လူ့ အဖွဲ့ စည်းမှာ "၀" တာကို အပြစ်လိုဖြစ်လာတာက ခန့် မှန်းခြေအနှစ် ၂၀ ဆယ်လောက်တော့ ရှိနိုင်ပြီလို့  ပြောနိုင်မယ်ထင်ပါတယ်။ ၀ တယ်ပြောရင် စိတ်မဆိုးပေမယ့် ၀ တယ်ဆိုရင် မကြိုက်တာကတော့ အတော်လေးကြာခဲ့ပါပြီ။ ဘာဖြစ်လို့ မကြိုက်တာလဲလို့ မေးဖူးတယ်။ အဖြေကအမျိုးမျိုးပါ၊ "၀တော့အ၀တ်ဝတ်ရတာ အဆင်မပြေလို့ " " ယောက်ျားက "၀" လာရင် မကြိုက်ဘူး.. ၀က်နဲ့ တူတယ်ပြောတယ်" "၀လာတော့ မလှဘူး" "ကျမ်းမာရေးမကောင်းမှာစိုးလို့ " "၀ရင်တခုခုမှားနေသလို ဖြစ် နေတယ်ထင်တာပဲ"စသဖြင့်အဖြေစုံကြားရပါတယ်။

အမှန်ကတော့ "၀" တာကို ကျမ်းမာရေးရူထောင့်က ကြည့်တာထက် လှဖို့ အတွက် "၀" တာကိုလျှော့ဖို ကြိုးစားကြခြင်းပဲဖြစ်ပါတယ်။ "၀" လို့ဆိုပြီး ထမင်းကို တရက်မှာနပ်ပဲစားတဲ့သူ၊ ပိန်ဆေးစားတဲ့သူ၊ စားပြီးပြန်ထုတ်သူ၊ ဗိုက်အဆီထုတ်သူ၊ ရက်သတ္တပတ်လုံး အစာမစားပဲနေသူ၊ စားချင်တဲ့အဆီများအစာကို လပေါင်းများစွာရှောင်ပြီး တခါတည်းနဲ့ အများကြီးစားတဲ့သူ၊ ဆေးလိပ်သောက်သူ လူမျိုးစုံ ရှိပါတယ်။ ကျမ်းမာရေး ရူထောင့်က ကြည့်ရင်လည်း အကုန်မှားနေပါတယ်။ ဒီတော့ "၀" တာကိုအမျိုးသမီးအများစုက အေအိုင် ဒီအက်စ် ရောဂါထက် ဘာဖြစ်လို့ ပိုကြောက်နေကြရပါသလဲ။ "၀" လာတာကအပြစ်လား၊ ဒါမှမဟုတ်"၀"တာဟာ လူတောတိုးမှုကနေငြင်းပယ်ခံနေရလို့လား။

မြန်မာမှာရော ကမ္ဘာမှာပါ ရုပ်ရှင်မင်းသမီး၊ အဆိုတော်၊ အားကစားသမားအပါအ၀င် လူရှေ့  ထွက်တဲ့နိုင်ငံကျော် အမျိုးသမီးများဟာဆိုရင် ပိန်ပိန်သွယ်သွယ်နဲ့ ကြည့်လှတဲ့သူတွေများပါတယ်။ သတင်းမီဒီယာတွေကလည်း အဲဒီလူတွေကိုပိုကြော်ငြာပေးနေကြပါတယ်။ အဲဒီကြော်ငြာတွေကိုကျမတို့ ကိုယ်တိုင်ကလည်း လိုလားစွာလက်ခံဖြန့် ဖြူးနေကြပါတယ်။ ဒီတော့မြင်နေကြပုံစံကနေကျော်သွားရင် လူ့ အဖွဲ့ အစည်းက မျက်စိမတွေ့ တော့ပါဘူး။ တခါတလေ လူရှေ့ မှာ တွေ့ ရလေ့မရှိတဲ့ စာရေးဆရာ၊ အသံလွှင့်သူတွေကို ရုတ်တရက်တွေ့လိုက်ရလို့ ကိုယ်မှန်းထားတဲ့ ခန္ခာကိုယ်ရုပ်ရည်တွေနဲ့ ကွဲလွန်းနေရင်လည်း စိတ်ညစ်သွားတာ တွေရှိတတ်ပါတယ်။ ဒါကဘာကို ပြသလဲဆိုရင် မသိစိတ်တွေမှာ လူတွေကို ပုံစံတူ စံနှုန်း သတ်မှတ် ချက်လုပ်ထားပြီးသားဆိုတာကို ပြသနေတာဖြစ်ပါတယ်။ မြန်မာမှာရော ကမ္ဘာမှာပါ လူရှေ့ ထွက်တဲ့ အကျော်အမော် အမျိုးသမီးများဟာ လှတယ်ဆိုတာထက် ပိန်တာကိုဦးစားပေးပြီး အမျိုးမျိုးကြော်ငြာနေကြတာလည်း ဖြစ်ပါတယ်။

ဘာဖြစ်လို့ပါလဲ…. ပိန်လျမှုကအရေးပါလို့လား.. ၀တာဟာ အပြစ်ဖြစ်သလို ပိန်လျတာဟာ စွမ်းအားတခုဖြစ်နေတယ်လို့ ယူဆရတဲ့ အယူအဆဟာ ကျွန်မတို့ ခေါင်းထဲကို ရိုက်သွင်းခြင်းခံခဲ့ရပါတယ်။ ပိန်တဲ့သူဟာ ကျန်းမာရေးလိုက်စားတယ်.. စည်းစနစ်ရှိတယ်.. ကိုယ့်ကိုယ်ကို ထိန်းသိမ်းနိုင်တဲ့သူလို့ အထင်ရှိစေပါတယ်။ ဒါ့အပြင်လည်း လုပ်ငန်းခွင်ထဲမှာ လိင်အရဆွဲဆောင်မှုရှိတဲ့ လုပ်ငန်းဖော်အဖြစ် စိတ်ကူးရင်လည်း စိတ်ကူးနိုင်လောက်တဲ့ ရုပ်ရည်ရှိတဲ့ လုပ်ဖော်ကိုင်ဖက် အဖြစ်ရူမြင်ခံရပါတယ်။ လင်ယောက်ျားကလည်း ပွဲဝင်မိန်းမအဖြစ် အမြင်ခံ…အတွဲခံရလို့ပါ။ ရုပ်ကြီးကဆိုးနေ.. ၀ တုတ် ကြီးဖြစ်နေတော့ ဘယ်သူကစိတ်ကူးယဉ်မလဲ။ ဒါကြောင့် ပိန်ပြီးကြည့်ကောင်းမှုဟာ အရေးပါတယ်လို့ ထင်ကြပါတယ်။ နောက်ပိန်လျမှုဟာ အမျိုးသားတွေကို ဆွဲစောင်တယ် ထိန်းချုပ်နိုင်တယ်လို့ မိန်းမရော ယောက်ျားရော အထင်ရှိနေပါတယ်။ ကျမတို့ မိန်းမများရဲ့ ပင်ကိုယ်အရည်အသွေးတွေဟာ ဘာတွေလဲဆိုတာထက် သူ့ရုပ်ရည်က ဘယ်လိုလဲ.. သူကပိန်လား ဆိုတာဟာ ပိုအဓိကကြလာတာဟာ ဒီကနေ့လူ့အဖွဲ့အစည်းရဲ့ အမြင် (လိုအပ်ချက်) လိုဖြစ်လာနေပါတယ်။ ဒါကြောင့်မိန်းမများဟာ ပိန်ဖို့အတွက်လိုလိုလားလား လုပ်ချင်သူရော မလုပ်ချင်သူရော အထက်ကပြောခဲ့တဲ့ နည်းမျိုးစုံကို ပိန်အောင်လိုက်လုပ်ရင်း အဲဒီအလှနဲ့ လူတွေကို သြဇာညောင်းမယ်လို့ မျှော်လင့်ရင်း အသက်အန္တရယ်ကို ထိခိုက်နိုင်တဲ့အထိ ကိုယ့်ကိုယ်ကိုပိန်အောင် ညှင်းဆဲနေကြပါတယ်။ (စကားချပ်.. အမေရိကားမှာ အမျိုးသမီးတယောက်ဟာဆိုရင် သူ့ယောက်ျားက ပါးစပ်က မင်းသမီးဘယ်သူနဲ့တူစေချင်တယ်.. ရင်သားဆိုရင် ဘယ်သူနဲ့တူရင်ကောင်းတယ် .. နှာခေါင်းဆိုရင် ဘယ်လိုမျိုးကလှတယ်လို့ လှစေချင်တာကြောင့် အလှပြင်လာလိုက်တာ ကော်ပတ်ရုပ်နဲ့တူတဲ့ အဲဒီအမျိုးသမီးကို အော်ပရာနဲ့ အင်တာဗျုးမှာ ကြည့်လိုက်ရပါတယ်။ အကြွေးတွေလည်း တပုံကြီးတင်နေလေရဲ့။)

ဒီတော့အမျိုးသမီးများရဲ့ အလှတရား (အထူးသဖြင့် ပိန်လျမှု.. ရင်သား.. တင်.. ဗိုက်နဲ့အရေးအကြောင်း) ဟာ စိတ်ဓာတ်ရေးရာနဲ့ လုံးဝမဆိုင်ပဲ ခနာကိုယ်ပေါ်က မြင်သာထင်သာရှိတဲ့ ရုပ်ပုံကိစ္စသာ ဖြစ်တယ်ဆိုတဲ့ ခံယူမှုအမြင်တွေ မရှိနိုင်တော့ဘဲ ပတ်ဝန်းကျင်ရဲ့ တောင်းဆိုမှုနောက်ကို လိုက်နေကြတာဟာ ဒီနေ့ခေတ်ရဲ့ လွဲမှားတဲ့ အယူတခုသာဖြစ်ပါတယ်။ ကျမတို့တွေဟာ မလှဘူး (အထူးသဖြင့် ၀ နေတယ်) လို့ ယူဆတယ်ဆိုရင်ဖြင့် ကိုယ်ဟာ တခုခုမှားနေတယ်လို့ ယူဆပြီး အရာရာမှာသိမ်ငယ်တာတွေ မ၀င့်မရဲဖြစ်တာတွေ ဖြစ်နေတက်ပါတယ်။ တကယ်တော့ လူတိုင်းမှာ ဘုရားပေတယ်ပဲပြောပြော.. မွေးရာပါ သဘာဝပဲဆိုဆို ပင်ကိုယ်မူလကို အတုအယောင် လုပ်ချင်လာတာဟာ ကာယကံရှင်များရဲ့ စိတ်ကို လွမ်းမိုးခြင်းခံနေရတဲ့ သမိုင်းနောက်ခံ အခြေအနေတရပ်ကြောင့် ဖြစ်မယ်ဆိုရင် ပိုမှန်ပါလိမ့်မယ်။

မိန်းမများရဲ့ ခနကိုယ်အလှအရေးပါမှုဟာ အခုမှဖြစ်ပေါ်လာတဲ့ အတွေးခေါ်သစ်မဟုတ်ပါဘူး။ ၂၀ ရာစုအစောပိုင်းကတည်းက ပိန်တာဟာ မိန်းမများရဲ့ အလှဆိုတဲ့အတွေးတရပ် စတင်ထွန်းကားနေပါပြီ။ အမှန်မှာလည်း ခရစ်တော်မပေါ်မီ နှစ်ပေါင်း (၈၀၀) ကတည်းက မိန်းမတွေဟာ ယောက်ျားတွေအတွက် ဖန်ဆင်းခံခဲ့ရတဲ့ လူသားဖြစ်ခဲ့တယ်လို့ အဆိုရှိပါတယ်။ မိန်းမတွေဟာ လှည့်စားတက်တဲ့.. ပရိယာယ်များတဲ့လူသား အဖြစ်ဖန်တီးခံခဲ့ရသလို အဲဒီအလှနဲ့ ယောက်ျားတွေကို အနိုင်တိုက်မဲ့ လူသားများ.. တနည်းအားဖြင့် ယောက်ျားများကို အပြစ်ပေးမဲ့လူသားများအဖြစ် ဖန်ဆင်းခံခြင်းခံခဲ့ရပါတယ်။
လက်စားချေမှုအဖြစ် မိန်းမကိုဖန်ဆင်းခဲ့ပြီးနောက် မိန်းမဟာ နှလုံးသားမရှိတဲ့လူသား.. အလှသာလျှင် အရေးပါတဲ့ ယောက်ျားများရဲ့ အသုံးတော်ခံ အထိမ်းချုပ်ခံ လူသားအဖြစ် ဖန်ဆင်းခံခဲ့ရတယ်လို့ ဂရိဒဏာရီမှာဆိုပါတယ်။ ( တချို့ကလည်း အာဒံနဲ့ ဧ၀ဟာ အဲဒီသမိုင်းက အခြေခံလာတယ်လို့ ဆိုပါတယ်၊)

ကြည့်လို့ကောင်းတယ် လှတယ်ဆိုတာတွေဟာ ပိန်တဲ့သူတွေကို ပိုပြီးညွန်းပြောတဲ့ ဦးစားပေးစကားပါ။ ဒီတော့ အဲလိုအပြောမခံရသူတွေ အများစုဟာ သူတို့ရဲ့ ခနာကိုယ်ပေါ်က ဖြစ်ပေါ်တည်ရှိနေမှုတွေကို ဘယ်တော့မှ သဘောမကျ အလိုမကျဖြစ်နေသူတွေပါ။ အမေရိကန်မှာဆိုရင်လည်း အသက် (၁၃) နှစ်အရွယ် မိန်းကလေး (၅၃%) လောက် ဟာ မပျော်ရွင်ပါဘူးတဲ့။ တခါ အသက် (၁၇) တွေကြပြန်တော့လည်း စိတ်တိုင်းမကျ .. မကျေမနပ်ဖြစ်နေကြပါတယ်။ အသက်ငယ်သူတွေကြားမှာ (ခနာကိုယ်အလေးချိန်) ကိစ္စဟာ အရေးပါလာနေပါတယ်။ အမေရိကန်အမျိုးသမီးများဟာ ကိုယ်အလေးချိန်ပုံမှန် ရှိနေတာတောင်မှပဲ စိတ်မချမ်းမသာဖြစ်နေပါတယ်။ ဒါကြောင့်ပိန်အောင် နည်းပေါင်းစုံနဲ့ လုပ်ကြတာပါပဲ။ တချို့ဆိုရင် အစားကိုပုံမှန်မစားတော့ပါဘူး။ ပိန်ရေးကို အဓိကထားပြီး ကြားတာသိတာတွေ အကုန်လုပ်နေကြတော့တာပါပဲ။
အဲဒါကဘာဖြစ်လို့ လုပ်ကြသလဲဆိုတော့ ခနာကိုယ်ကြည့်ကောင်းဖို့ အရိုးငေါငေါ ဖြစ်နေမှ လှတယ် လူရာဝင်တယ်လို့ ထင်မြင်လက်ခံနေကြလို့ပါပဲ။ ဒါကြောင့်ပိန်ရေးနဲ့ ပတ်သက်တဲ့ ထုတ်ကုန်တွေကို အမေရိကန် အမျိုးသဓီများ အသုံးပြုလိုက်တာ (၅) ဘီလျံ နဲ့ (၇) ဘီလျံကြားမှာ ရှိနေတယ်လို့ ခန့်မှန်းထားကြပါတယ်။

ဒီခေတ် အမျိုးသမီးငယ်တွေဟာ ဟိုတုန်းက အမျိုးသမီးကြီးတွေထက်ကို အဆပေါင်းများစွာ ပိန်ရေးကိုအရေးထားနေတယ်လို့လည်း စစ်တမ်းတွေကလည်း ပြဆိုနေပါတယ်ဆိုတာ လေ့လာရပါတယ်။ ကလေးအမေတွေကလည်း လှတော့လှချင် ပိန်ချင်ကြတာပါပဲ။ သူတို့ကျတော့လည်း တမျိုးလုပ်ရပါတယ်။ ယောက်ျားတွေကြည့်ကောင်းအောင် မဟုတ်တော့ပါဘူး။ ယူထားတဲ့ယောက်ျားက ပစ်သွားမှာစိုးလို့ ပြောရင်တော့ မဆုံးတော့ပါဘူး။

အမျိုးသမီးတွေထဲမှာမှ ပညာတက်အမျိုးသမီးတွေ အချိန်ပိုနေသူတွေဟာ ငွေကို ဖောဖောသီသီသုံးပြီးတော့ကို အလုပ်တွေရှုပ်နေကြတာပါ။ အမျိုးသမီးရေး လှုပ်ရှားနေသူတွေဟာလည်း သူတို့ရဲ့ အရည်အချည်းတွေ ဘာရှိနေလဲ လုပ်ရပ်တွေက ဘယ်လိုအရေးကြီးသလဲ ဆိုတာထက် ရုပ်သွင်ပေါ်မှာပဲ အင်မတန်အရေးပါတယ်လို့ တွေးသူတွေ အများကြီးရှိပါတယ်။ လိုလိုလားလားကို ပိန်အောင် လုပ်နေကြသလို တချို့ကျပြန်တော့လည်း မလုပ်ချင်ပဲ လုပ်နေတာမျိုးရှိပြန်ပါတယ်။ ဒါကြောင့် မိန်းမများဟာ ယောက်ျားတွေထက် ပိုထူးကဲပြီး တယောက်နဲ့တယောက် ပိုပြိုင်ကြရ .. ပြဿနာတွေများကြပါတယ်။ အလှရဲ့ နောက်ကိုလိုက်ရင်း ဒေါသတွေ ထွက်ရ မောဟတွေတက်ရနဲ့ ပင်ကိုယ်အလှတွေ ပျောက်ကြရပါတယ်။ (တချို့ဆိုအလှပြင်ရင်း ပျက်စီးတဲ့ဘက် ဦီးတည်ပြီး လုံးပါးပါးသွားတာမျိုးလည်း ရှိပါတယ်။) နောက်တဖြေးဖြေးနဲ့ အလိုချင်ခံတဲ့ ဘ၀ဖြစ်လာပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ပိန်တဲ့အခါ လှတဲ့အခါမှာ သူ့ရဲ့ဝန်းကျင်ကို သူများတွေထက် လုပ်ပေးနိုင်တယ် ဆွဲဆောင်နိုင်တယ်လို့ အထင်ရောက်စေလို့ပါပဲ။ အမျိုးသားများဟာလည်း လှတဲ့သူကမှ သူတို့အတွက် ပွဲဝင်တင့်တယ်…မိန်းမပီသတယ်…သူတို့စိတ်ကိုလှုပ်ရှားစေ သက်ဝင်စေတယ်လို့ အထင်ရှိအောင် သင်ယူ ခံခဲ့ကြရပါတယ်။ ယောက်ျားတွေလည်း မိန်းမလှလှပိန်ပိန်ရဖို့ ပြင်ကြရသလို မိန်းမရဲ့ လှပမှုဟာ သူတို့အတွက် ပဲဖြစ်ရမယ်လို့ လက်ခံယုံကြည်ထားကြပြီး ထိန်းချုပ်ဖို့ကြိုးစားကြပါတယ်။ တဖက်မှာလည်း မိန်းမတွေအပေါ် အပြည့်အ၀ မယုံနိုင်သလို သူတို့အပေါ် သြဇာညောင်းသွားမှာကိုလည်း မလိုလားကြ ကြောက်ကြ စိုးရိမ်ကြပြန်ပါတယ်။

နိဂုံးချုပ်ပြောရရင်တော့ ပင်ကိုယ်မွေးရာပါ ရုပ်ရည်ကို ဘယ်လိုဟာမျိုးနဲ့မှ အစားထိုးမရပါဘူး။ ၀ တယ်ဆိုတာဟာလည်း နှစ်ရှည်လများ တည်ဆောက်ခဲ့သလိုမျိုးဖြစ်နေတာမို့ ပိန်အောင်လည်း နှစ်ရှည်လများ ပြန်လည်မွေးယူရမယ့်အရာဖြစ်ပါတယ်။ ဒါကိုမှားယွင်းစွာ လုပ်ချင်တာတွေ လုပ်ကြရင်ဖြင့် အသက်အန္တရယ် များလှပါတယ်။ ကျွန်မတို့မိန်းမတွေ ဒီကနေ့လုပ်နေတဲ့ ပိန်ဖို့အပါအ၀င် အခြားသော ခနာကိုယ်ပေါ်က အရေးအကြောင်းကိစ္စများဟာ ကျန်းမာရေးအတွက် လိုလိုလားလား ဦးတည်ပြီး လုပ်ကြမယ်ဆိုရင် စိတ်လည်းချမ်းသာ ကိုယ်လည်း ကျန်းမာနေနိုင်ကြပါလိမ့်မယ်။ ဒါ့အပြင်လည်း ဒီအရေးကြောင်းတွေထက် စိတ်ထား နှလုံးသားလှပမှုနဲ့ အသိတရား… အတွေးအခေါ်တွေ… လက်တွေ့ လုပ်ဆောင်ချက်တွေကသာ ကျွန်မတို့အားလုံးအတွက် အမှန်တကယ် အရေးကြီးမှူ….အရေးပါမှုဆိုတာကို သက်သေပြရင်း ပိန်တာဟာ အရေးပါတယ် လူရာဝင်တယ်ဆိုတဲ့ အတွေးအခေါ်ဆိုးကို အနိုင်တိုက်ကြရအောင်ပါ၊




ပြင်သစ်စာရေးဆရာမ Mireille Guiliano ( French Women Don't Get Fat.' နဲ့ ) အော်ပရာအင်တာဗျုးလုပ်တော့ အင်မတန်မှမှတ်မိနေတဲ့ စကားလက်ဆောင် ….. ပါ၊

၁။ အစာကိုအချိန်မှန်အောင်စားပါ။ (ဆိုလိုတာက တနေ့ကို အနည်းဆုံး (၅) ကြိမ်စားရင် အဲဒီအချိန်ကိုပဲ တက်နိုင်သလောက် ပုံမှန်စားခြင်းမျိုး)..
၂။ အစာစားရင် အနံ့အရသာ အရောင်အစရှိသဖြင့် အာရုံခံစားပါ။ (ဗိုက်ဆာတယ်ဆိုပြီး အ၀အပြဲ တခါတည်းစားခြင်းမျိုးကိုရှောင်ပါ၊)
၃။ အဆီတက်စာတွေကို ရှောင်ပြီး နောင်မှ တခါတည်း အ၀စားတာမျိုးမလုပ်ပါနဲ့၊ ( ၀က်သားကိုကြိုက်တယ်။ ဒါပေမဲ့အဆီများလို့ တလလောက်နေမှ တပိသာလောက်တထိုင်တည်းစားခြင်းမျိုးလုံးဝမလုပ်ပါနဲ့။ နဲနဲခြင်းစားနိုင်ပါတယ်။ )


၂၀၀၇ စက်တင်ဘာထုတ် ချိုးလင်းပြာအတွက် ရေးပေးခဲ့သည့်ဆောင်းပါး။

အချို့စာလုံးတွေ ရိုက်မရသေးသည့်အတွက် ခွင့်လွတ်ပါ။

ဆက်ဖတ်ကြည့်ပါဦးနော်....