Wednesday, June 9, 2010

သပြေကုန်းရွာက မနှင်းအေး


ဘီဘီစီက `သပြေကုန်းရွာ `ဇာတ်လမ်း လွင့်ဖို့ သရုပ်ဆောင်အဖြစ် ကျွန်မအရွေးချယ်ခံခဲ့ ရပါတယ်..။ ၂၀၀၄ လောက်က ဖြစ်ပါတယ်..။ အလုပ်လျှောက်လို့ ရတုန်းက ဘယ် နေရာမှာ သရုပ်ဆောင်ရမည်ကို မသိခဲ့ပါ.. ဘယ်နေရာပဲ သရုပ်ဆောင်ရ ဆောင်ရ.. ဇာတ်လမ်းထဲမှာ နေရာတခုကနေ ပါရရင် ရပြီပြီးတာပဲဟု ကျေနပ် နေခဲ့ပါသည်..။ ရွေးချယ်တဲ့ဘက်ကလည်း အတွေ့အကြုံ ရှိသူများလိုချင်တာ ဆိုတော့ အံကိုက် ဖြစ်နေပါသေးသည်.. (မဗေဒါက ဒီဗီဘီကလွင့်ထုတ်တဲ့ ဇာတ်လမ်းတွေမှာ ပါဝင်လုပ်ကိုင်ဖူးပါတယ်..) ဒါကြောင့် အခုလည်း အံကိုက်လို့ ပြောတာပါ။ မဗေဒါလည်း ငွေရမယ်.. ကိုယ်တက်တာလည်း ကူနိုင်မယ် ..လို့ ထင်မှတ်ထားခဲ့တာပါ..။ တကယ်တမ်းကျတော့လည်း မဗေဒါ ထားတဲ့ `စံ` နဲ့ဝေးခဲ့ပါတယ် ..။ တကယ် သရုပ်ဆောင်ရမဲ့ နေရာက အတင်းပြောသူ အဖြစ် သရုပ်ဆောင်ရပါတယ်..။ အဲလိုပြောလို့ မဗေဒါ က စိတ်တိုလားလို့ မေးရင် မဟုတ်ဘူးလို့ ဖြေချင်ပါတယ်.. မဟုတ်ပါ.. မိန်းမတို့ သရုပ်ကို ဖော်ဆောင်တဲ့ ဇာတ်လမ်း ဇာတ်ကွက် အယူအဆများ ကို မကြိုက်ချင်းသာ ဖြစ်ပါတယ်..။


သရုပ်ဆောင်ပဲ ငွေရပြီးရော ဆိုကာ ဆက်လုပ်ရင်လည်း ပြီးသွားမှာပါပဲ..။ သို့သော် မဗေဒါ မကျေနပ်ပါ.. မဗေဒါ တို့ အဖွဲ့အစည်းသည် နှစ်ရှည်လများ အမျိုးသမီးတို့အပေါ် စွဲထင်နေသော ပုံရိပ်ဆိုးများကို ဖျောက်ဖျက်ရန် ကျိုးစားနေသူများဖြစ်ပါသည်..။ ပိုဆိုးသည်မှာကား မဗေဒါမှ ဒီဇာတ်ရုပ်ကို သရုပ်ဆောင်ရန် ဖြစ်လာခြင်းနှင့် မိန်းမများအပေါ် ပယ်ပယ်နှယ်နှယ် စော်ထားသောကြောင့် မကျေနပ်ခဲ့ခြင်းသာ..။ မဗေဒါ အဖွဲ့အစည်း လုပ်ခဲ့ စဉ်က သိပ်စိတ်မြန်သလို အမျိုးသမီးများအပေါ် သိပ်နှိမ်လာပြီ ဆိုပါက လုံးဝ သည်းခံသူ မဟုတ်ခဲ့ပေ.. ဒါကြောင့် လူအတော်များများကလည်း အင်မတန် ချစ်ကြပါသည်..။ (အခုတော့ စိတ်တွေ နဲနဲ ထားတက်လာပါပြီ.. ) ရုပ်ရှင်ဇာတ်လမ်းထဲတွင် မိန်းမများ အတင်းပြော.. အိမ်လည်စား.. မဟုတ်တန်းတရား ပြောဆိုသည့် အမူအယာများကို တွင်တွင်ပြပါက လုံးဝ လက်မခံသည့် ကျွန်မနဲ့မှ လာတိုးသည့်ဇာတ်လမ်း ..။ အဲဒီ နေ့က ရိုက်ကွင်းအပြန် မှာ အယ်ဒီတာထဲပါသူ.. ဇာတ်ညွန်းရေးသား တည်းဖြတ် သူများကို သိအောင် ပြောခဲ့ပါသည်.. ။

မိန်းမ များ အပေါ် အထင်သေး အမြင်သေး သည့် စကားလုံးများ.. လိုတာထက် ပိုနေသည်များကို မထည့်ဖို့ ဖြစ်ပါသည်..။ တက်နိုင်ရင် လုံးဝမထည့်ပဲ တခြား နည်းလမ်း ရွေးချယ်ရေးသားဖို့ ဖြစ်ပါသည်..။ ကျွန်မကို ဇာတ်လမ်းရေးသူထဲက တယောက်က တုံ့ပြန်သည်မှာ.. `နင်က ရပ်ကွက်ထဲ ဖြစ်ပျက်တက်တာကို ဘာလို့ ဒီလောက် ခံစားနေပါသလဲတဲ`့.. ဟုတ်ပါပြီ ရပ်ကွက်ထဲမှာရော.. ယောက်ျား လေး အတင်း ဆိုသူ.. တပြဲနှစ်ပြဲ အလကားစားသူ .. မရှိတော့ဘူးလား.. ဘာလို့ မိန်းမမှ ဖြစ်နေရတာလည်းပေါ့..ဟု ကျွန်မ ပြန်ကွန့်ပါသည်..။ ပြီးတော့ အတော်လေးလည်း ကြေကွဲပါသည်.. ကျွန်မငြင်းခုံရသူမှာ မိန်းမတယောက် ဖြစ်နေသောကြောင့်..။ မဗေဒါနဲ့ ထိုသူ နဲနဲ အခြေအတင် ဖြစ်သွားခဲ့ပါသည်.. သို့သော်.. အတွေးအခေါ် တခုအောင်မြင်ဖို့ တိုက်ယူရသလို.. ရန်ဖြစ်သလို ပြောယူရတာတွေလည်း ရှိတက်ပါသေးသည်။ မိန်းမမှ မဟုတ် လိင် မတူသည့် အခြား အမျိုးအစားအပေါ်လည်း တရားသေ ယူဆချက်များသည် တခါတရံ လူ့အသိုင်းအဝန်းအတွက် အန္တရယ်ကို ဖိတ်ခေါ်နေခြင်း ဖြစ်သည် ဟု ဆိုနိုင်ပါသည် ...။

.. မိန်းမများသာ ကြမ်းတမ်းသော.. အတင်းအဖျင်းဆိုသော.. အစရှိသည့် သရုပ်ဖော်ဆောင်မှု နေရာ..များတွင် အစဉ်ဖော်ပြခြင်းသည် အမျိုးသမီးထုအတွက် ကောင်းသော ပုံရိပ်မဟုတ်ပေ.. ထိုပုံရိပ်များသည်လည်း . မိန်းမများအပေါ် ဖိနှိပ်ခံ.. ခြွဲုခားခံ.. အထင်သေး အမြင်သေး ဖြစ်ခံရဖို့ အစဉ်လာ ဖြစ်နေပေတော့သည်..။ ထိုပုံရိပ်များကို ပပျောက်သွားအောင် သို့တည်းမဟုတ်လည်း လျော့နည်းသွားအောင် ကျွန်မတို့ ကျိုးစား ရမည်ဖြစ်သည်..။

ထိုင်းနိုင်ငံတွင် နေဖူးသူများ သည် ထိုင်း အပျော်တမ်း ဖျော်ဖြေရေး မီဒီယာများက ထုတ်လွင့်သည်ကို ကြည့်ဖူးကြမည်ထင်ပါသည်..။ မဗေဒါ လုံးဝ မကြိုက်ပါ.။ ထိုင်းရုပ်ရှင် အတော်များများ၏ ရည်ရွယ်ချက်မှာ မှာကား.. မိန်းမများ ယောက်ျားလုမည်.. သို့တည်းမဟုတ်.. သရဲ သစ္စေကား ပြမည် သို့တည်းမဟုတ် ထိုင်း မြန်မာ ကား ရန်ဖြစ် (စစ်) ပွဲများ အကြောင်းပြမည်..။ ဒီထက် ရည်ရွယ်ချက် ပိုကောင်းသည့် ရုပ်ရှင်ကား ရှိသည်.. သို့သော် ရှားသည် ..။

အဆိုးဝါးဆုံးမှာကား မိန်းမများ တအိညှောင့်ညှောင့်နှင့် ယောက်ျားလုခြင်း..ကိစ္စ..။ အင်မတန် မြင်ပြင်းကတ်ဖို့ ကောင်းလှပေသည်..။ မိမိကျင်လည်ဖူးသလောက် ထိုင်းလူ့အဖွဲ့အစည်းတွင် ယင်းလောက် ဖြစ်ပျက်နေခြင်း မဟုတ်ဟု ဆိုချင် ပါသည်..။ သို့သော် မီဒီယာတွင် ပုံဖော်သည်မှာကား မိန်းမသည် ယောက်ျားလုဖို့ သက်သက် ဖြစ်လာ ပေတော့သည်..။ ထို့ကြောင့် မဗေဒါ တို့ အမျိုးသမီးရုံးတွင် ယင်းကားများကို ရောက်လာကာစ မိန်းက လေးငယ်များကြည့်ပါက ကျွန်မတို့ လူကြီးများ အင်မတန် စိတ်တိုသလို မကြည့်ဖို့ နားချရပါသည်..။ ကျွန်မလည်း ထိုအရည်မရ အဖတ်မရသည့် အဓိပါယ်မဲ့ ရုပ်ရှင်ကားများ တခါမှ မကြည့်ပါ..။ ဒါကြောင့် တခါတလေ ကလေးများ ကြည့်နေချိန် လူကြီးများ တွေ့သွားပါက အလွန်လန့်ကြပါသည်..။ သူတို့လည်း ကြာလာသည့်အခါ နားလည်လာပြီး မကြည့်ကြတော့ပါ..။

မြန်မာကားများ ထိုလောက် မဆိုးသော်လည်း မြန်မာရုပ်ရှင်ကားမှန်ရင် အမျိုးသမီး အတင်းပြောတာလေးတွေ.. စဉ်းစားဆင်ခြင်တုံတရား နဲတာတွေ.. ငွေမက်တာတွေ စတဲ့ ပြကွက် များကား အော်တို ပါနေကြ..။ မိန်းမဆိုသည်ကား ဤသို့ပေတည်းဟု တင်ပြ နေကြပင်..။

မိန်းမများအပေါ် တဘက်သက် ခွဲခြားထားသည့် အပြုအမူများ.. တရားသေ သတ်မှတ်ချက် များ.. ခွဲခြားမှုများ အစရှိသည့် တို့ကို နည်းမျိုးစုံဖြင့် ကျွန်မတို့ ဆန့်ကျင်ရမည်.. သို့တည်းမဟုတ်..ဆွေးနွေးခြင်းဖြင့် လျော့နည်းသွားအောင် ပညာပေးလုပ်ငန်းတွေကို လုပ်ဆောင်ရမည်..။ သို့မှသာ ကျွန်မတို့ မိန်းမသားများအပေါ် လွဲမှားစွာ ထင်မြင်နေသည့် အမြင်ဆိုး.. အယူအဆဆိုး များမှ ဖယ်ကွာသွားမည်ဟု လုံးဝ ယုံကြည်ပါသည်..။

အချုပ်ဆိုရသော်.. ဘီဘီစီက လွင့်ခဲ့သည့် သပြေကုန်းတွင် မဗေဒါ သည် လူ့ဘဝ၏ ဒုက္ခများကို ရင်ဆိုင်ခဲ့သူ `မနှင်းအေး` အဖြစ် သရုပ်ဆောင်ရင်း အမျိုးသမီးများ အပေါ် မလိုလားအပ်သည့် အထင်သေး အမြင်သေး သည့် အယူအဆ အတွေးများ ထည့်သွင်းခြင်းမှ လျှော့နည်းသွားအောင် အတိုင်းအတာ တခုထိ ပါဝင်ပတ်သက်နေသည့် အယ်ဒီတာများ.. စာရေးဆရာများအား အသိပေးနိုင်ခဲ့သည်ဟု ယူဆပါသည်..။ ကျွန်မတို့ မိန်းမများအပေါ် တရားသေသတ်မှတ် ထားသော အယူအဆ အတွေးဆိုးများအောက်မှ ရုန်းထွက်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း..။

( ပေါ့တာကြိုက်တဲ့ မောင်ဇေ.. ခဏခဏ နားပူနားဆာ ( စိတ်ညစ်အောင်) ရစ်တက်သော မောင်ဇေ ရေ.. ဖတ်ပြီးရင် လည်း နောက်ထပ် အသစ်တွေတင်ဖို့ မပြောပါနဲ့တော့.. အသစ်တင်ဖြစ်မှာ မဟုတ်တော့ဘူး.. ခရီးသွားတော့မှာမို့.. ကြားပါသလား.. ။ ဒါပါပဲ..။ )



မဗေဒါ (၈၈)
၀၉.၀၆.၂၀၁၀

6 ဦး၏ဆွေးနွေးချက်:

Nge Naing said...

ဒါနဲ့ပဲ အလုပ်ထွက်လိုက်တာလား။ ပြုတ်သွားတာလား။ ဘာပဲဖြစ်ဖြစ် သူငယ်ချင်း ရပ်တည်ချက်မှန်တယ်။ အမျိုးသမီးများအား အကြောင်းမျိုးစုံနဲ့ ခွဲခြားဖိနှိပ် ချိုးနှိမ်မှုများ ကင်းဝေးပါစေ။

makhaing said...

သူငယ်ချင်း ..

မပြုတ်ဘူး... ပြောရတာတော့ ရှိတာ...ပေါ့..။ ရေးတဲ့ထဲပါသူတွေ အများစုကလည်း ယောက်ျားတွေပါ..။ နောက် မြန်မာပြည်က နာမည်ကြီး စာရေးဆရာမကြီးလည်း ပါတယ်..။

အလုပ် ကတော့ ဇာတ်လမ်းမှာ မနှင်းအေး အဖြစ် အပြီးထိ သရုပ်ဆောင်ခဲ့ပါတယ်..။ သူတို့လည်း အဲဒီသရုပ်ကို သိသလောက်တော့ ဖြတ်လိုက်တယ်.. တို့က နော်ဝေးကို လာတော့မှာမို့လိုလေ..။

မဗေဒါ

သူကြီးမင်း (တုံးဖလား) said...

မနှင်းအေး...
သရုပ်ဆောင်လဲ လုပ်ခဲ့ဖူးတယ်ပေါ့။ မဗေဒါ တော်ချက်။

Anonymous said...

သပြေကုန်းရွာ ဇာတ်လမ်းမှာ မဗေဒါ ပါတယ်ပေါ့လေ။ ကျွန်တော် အပတ်စဉ်နားထောင်ဖြစ်တယ်။ ကိုကြွက်နီတို့တောင် သွားသတိရသေးဗျာ။ မနှင်းအေးက အသံကောင်းဗျို့။အဲဒီတုန်းက ကျွန်တော် ရှေ့တန်းစခန်းတစ်ခုမှာဗျ။ တပ်မတော်သားဘ၀ရဲ့ နောက်ဆုံးအချိန်တွေပေါ့ဗျာ။

Nge Naing said...

မောင်မိုးက ဘီဘီစီကို ခိုးနားထောင်တာလား ဗြောင်နားထောင်တာလား။ ပြည်သူလူထုကိုတော့ နားမထောင်ရဘူးဆိုပြီး ပိတ်ထားလို့ ခိုးနားထောင်ရတယ်။ မောင်မိုးက အဲဒီအချိန်က စစ်ဗိုလ်ဆိုတော့ ခိုးနားထောင်စရာတော့ မလိုဘူးထင်တယ်။ ဒါဆိုရင် ဘီဘီစီ လိမ်နေတယ်လို့ ဘယ်လိုပဲ ၀ါဒဖြန့်နေနေ ပြည်တွင်းက တခြားစစ်ဗိုလ်တွေလည်း နားထောင်ကြလိမ့်မယ်လို့ ထင်တယ်။

mabaydar88 said...

ဟလို မောင်မိုး

ဟုတ်ပါတယ်.. မနှင်းအေး အဖြစ် သရုပ်ဆောင်ခဲ့ပါတယ်.. အေအိုင်ဒီအက်စ ရောပါသည်အဖြစ်..။ အဲဒီတုန်းက ပါခဲ့တဲ့ ကြွက်နီဆိုလည်း အရင်က ကျောင်းသားတပ်ထဲကပဲ (ပြန်ကြားရေး) မှာ အတူလုပ်ဖူးခဲ့ကြတာပါပဲ..။ အဲဒီဇာတ်လမ်းလုပ်တုန်းက ပျော်စရာကောင်းသား.. ရုပ်ရှင်ထဲလိုပဲ တကယ်သရုပ်ဆောင်ရတယ်.. ဥပမာ မောနေတဲ့အခန်းဆိုလည်း တကယ်ပြေးခိုင်းပြီး မောနေတဲ့ဟန် ပီပြင်အောင် လုပ်ရတယ်.. ဘီဘီစီက မြန်မာပြည်ထဲမှာ တကယ် ကွင်းဆင်းလေ့လာပြီး တော့ အချက်အလက်မှန်တွေပေါ် အခြေခံပြီး.. ရေးထားတဲ့ ဇာတ်လမ်းလေး..။ ကြေကွဲစရာတွေ.. ကြည်နူးစရာတွေ နဲ့ပေါ့.. ရိုက်ရတာလည်း အဲလို ရွာနဲ့တူတဲ့ ခြံကျယ်ကြီးတခုထဲမှာပေါ့..။

မနှင်းအေးလည်း အသံ သရုပ်ဆောင်ရတယ်သာပြောတာ ရွာထဲက လူတွေ ကိုယ့်ကို မနှစ်မြို့ထဲ အခန်းဘာညာဆို တကယ်ခံစားရပြီး အစမ်းလေ့ကျင့်ရင် မျက်ရည်ပါကျတယ်.. ဇာတ်လမ်းထဲမှာ မျောနေခဲ့တာပေါ့..။ ပြောစရာတွေ အများကြီးပါ မောင်မိုးရေ.. နောင် စာရေးတာကြုံ၇င် ထည့်ရေးပါဦးမယ်..။

လာလည်တာလည်း ကျေးဇူးပါနော်..။

မဗေဒါ