Wednesday, May 19, 2010

ကျွန်မတို့ အတုယူရမည်..


ဒီစာလေးကို ရေးဖြစ်တာ ဟိုတနေ့က နော်ဝေးရဲ့ အမျိုးသားနေ့ ( မေ.. ၁၇) မှာ သွားဗျူးခဲ့တာလေးကြောင့်ပါ..။ ဗျူးတဲ့ထဲကမှ ကလေးအခွင့်အရေး အကြောင်းလေးကို မေးထားတာပါ..။ ဘာတွေ ဒီနိုင်ငံမှာ ကောင်းသလဲတဲ့.. အရပ်စကားနဲ့ပဲ ဖြေဖို့လိုတာပါ.. ကြီးကြီးကျယ်ကျယ်တွေ ပြောစရာမလိုဘူး.. ကိုယ်သိတာ.. ကိုယ်မြင်တာ ပဲပေါ့..။ မဗေဒါ လည်း ကိုယ်သိတာ ရင်ထဲ ရှိတာလေးတွေ ဖြေခဲ့ တာကို အကျယ် ပြန်တင်ပြချင်ပါ၏..။

ဒီနိုင်ငံမှာ နေရတာ ကျွန်မတို့လို အသက်ကြီးတဲ့ လူတွေ အတွက်သာ မကောင်းရှိရမယ် ..(မကောင်းဆိုတာ ကလည်း ကိုယ့်လောဘနဲ့ကိုယ်မို့…။ )ကလေးများအတွက်တော့ အထူးကောင်း၏ လို့ဆိုရမှာပါ..။ ရှေးက တော်ခဲ့ကြတဲ့ ကျေးဇူးကြီးမားလှတဲ့ တိုင်းပြည်ရဲ့ ခေါင်းဆောင် (လယ်သမား.. အလုပ်သမား..) များကြောင့် .... ကမ္ဘာပေါ်မှာ အကောင်းဆုံး ထိပ်တန်းက ပြေးနေတဲ့ နော်ဝေးရဲ့ လူမှုဖူလုံရေး စနစ် (အဲဒီထဲမှာမှ ကလေးအခွင့်အရေး) ရယ် ကြောင့် . ကလေးတွေအတွက် မပူရ မပင်ရအောင်ကို ရှိလှပါတယ်..။

အထောက်အပံ့ကိစ္စလို့ဆိုပါက ကလေးတိုင်း (၁၈) နှစ် မပြည့်မချင်း အထောက်အပံ့တွေ ရတာလောက်ကို ပြေးမြင်မှာပါ..။ ပြောမယ်ဆိုရင် မဗေဒါ လုံးဝ စိတ်မဝင်စားပါ.. ။ ရတာကလည်းရသလို ပြန်ကုန်မှာတွေက တန်းစီပြီး စောင့်နေသား..။ သူ့ငွေကလည်း သူဟာနဲ့သူ တကယ် သုံးမယ်ဆိုရင် ကလေးအတွက် လောက်တောင် မလောက်ပါဘူး..(ဒါနေရာတိုင်း ဖြစ်နေကြ သမရိုးကျ သဘောသဘာဝ) ။ နောက်တခု ငွေဆိုတာက အချိန်မရွေး ရှာနိုင်တာမို့ ငွေထောက်ပံ့မှု ကို စိတ်မဝင်စားခြင်းပါ..ဟု မြည်ကြွေးခြင်းသာ။ ထားပါတော့.. မဗေဒါ ဖိုးကပ်စ (ပြောချင်) သည်မှာက `ငွေ` အကြောင်း မဟုတ်ပါ..။ ကလေးတွေကို ပြုစုပျိုး ထောင်မှုပါ..။

ကလေးတွေက အသက် (၁) နှစ်လောက်မှာ စပြီး ကျောင်းသွားနေရပါပြီ.. မူကြိုကျောင်းကို စပို့လိုက်ကတည်းက ကလေးတွေဟာ တစိမ်း လူကြီးများရဲ့.. အုပ်ထိမ်းမှုအောက်ကို ရောက်သွားပါတယ်..။ အဲဒီအခါမှာ ကလေးတွေက တခြားကလေးတွေရဲ့ အမူအကျင့်တွေကို ပေါင်းစုံကြုံရပါတယ်..။ အထူးသဖြင့် တယောက်တည်းသော ကလေးများအကြောင်း က ပိုစိတ်ဝင်စားဖို့ကောင်းပါတယ်..။ တယောက်သမားဆိုတော့ ထုံးစံလို့ ပြောရမှာကတော့ အလိုလိုက်ခံရသေးသည့်အတွက် အတ္တနဲနဲပိုနေသလို ဖြစ်တက်ခြင်းပါပဲ..။

ဥပမာ .. ကစားစရာ ဆိုရင် သူပဲဆော့မယ်.. ကစားမယ်.. မောင်ပိုင် စီးမယ် ဆိုတာမျိုးပါ..။ (မောင်နှမ ရှိသူများလည်း အဲလိုစိတ်မျိုး ရှိတက်ပါတယ်..။) သူများကို မဝေခွဲလိုဘူးပေါ့..။ အဲဒီအခါမှာ ကလေးတွေကို ကျောင်းကနေ ရင်ထဲ နှလုံးသားထဲ … ဦးနှောက်ထဲရော ရောက်အောင် သင်ပေးလိုက်တာက အဲလို လုပ်မရပါ.. အားလုံးပိုင်သည့် ပစ္စည်းမို့ အတူတူ ကစားရမည်.. သို့မဟုတ် အလှည့် စောင့်ရမည် ဖြစ်ပါသည်..။ ကလေးက မရ မက ငိုနေပါကလည်း သဘောတရားနဲ့ ပြော၍ ရရင်ရ မရပါက မသိမသာ ပစ်ထားခြင်းမျိုး .. အချိန်ယူ၍ နားလည်အောင် လုပ်ပေးခြင်းမျိုး များဖြင့် စိတ်ဓာတ်ကို မြှင့်တင်ပေးပါသည်..။ ( ချီးကျူးစရာ ကောင်းသည်မှာကား ဆရာဝန်သားသမီးမို့… ကျောင်းဆရာ သားသမီးမို့ ဆိုကာ မည်သူ့ကိုမျှ ဘက်လိုက်၍ ဆုံးမခြင်းမျိုးသည် မရှိသလောက်ပင်…။ ) ဘက်လိုက်ခြင်းမျိုး.. မဟုတ်တန်းတရား ပြောဆို ကြိမ်းမောင်းသည့် အပြုအမူ ပြုလုပ်ခြင်းမျိုးကိုလည်း ကျောင်းတွင်လုံးဝ လက်မခံသလို.. မဖြစ်အောင် အထူးကြီးကြပ် ပါသည်..။အဲဒီအတွက်လည်း ဆရာ များ ပညာသင်ကြားကတည်းက အထူး လေ့ကျင့်သင်ကြားခဲ့ကြရသည့် သဘောများဖြစ်ပါသည်..။ ကျောင်းအုပ်ဆိုသူများကလည်း ထိုကိစ္စများကို အထူးလေ့လာ အကဲခတ်ပါသည်.. မှားနေသည် ဟု ယူဆရပါက အချိန်မရွေး ဆွေးနွေးနိုင်ပါသည်..။ ( သားအတွက်ကြုံဖူးသည်..အခွင့်အရေး ကိစ္စနှင့် တိုက်ရိုက်မဆိုင် သော်လည်း ကိုယ့်သဘော ကိုယ်ဆောင် လုပ်လိုက်သည့်အတွက် ချဲဖူးသည်.. ငြိမ်သွားသည်.. နောင် မှာရင်မှာတဲ့အတိုင်း လုပ်ပေးသည်.. ကိုယ့်ကို ခေါင်းမဲဆို၍ တွယ်လို့မရ.. ဥပဒေ.. စည်းမျဉ်းများက ကိုယ့်ဘက်မှာ အစဉ်ရှိသည်..။ ) ဆိုလိုချင်သည်ကို ကလေးတိုင်းအတွက် မှန်ကန်သော အသိစိတ်ဓာတ်ကို ထည့်သွင်းလိုက်ခြင်းဖြစ်သည်..။ ဘာမှားနေလဲ.. မတရားဘူးလား ပြောရဲရမည်.. ပြောအောင်လည်း ဖန်တီးလမ်းဖွင့် ပေးထားသည်..(ရှေ့တမျိုး နောက်တမျိုး ဖြစ်မနေ) နောက် စည်းမျဉ်းစည်းကမ်းနှင့် စကားပြောသည်.. မလိုအပ်သည့် ဘေးထွက်စကား ( ခေါင်းမဲခြင်း.. ဖြူခြင်း ..ဆင်းရဲ ..ချမ်းသာ.. မုဆိုးမ.. မုဆိုးဖို ဟူသော ပေတံ နှင့် မတိုင်းတာ..)။

နောက် ဥပမာ တခုကား .. ရိုက်ခြင်း.. လုံးဝ လုံးဝ ခွင့်မပြုပါ..။ တွန်းခြင်း တိုက်ခြင်း အစရှိတဲ့ ကိုယ်ခန္ဓာကို နာကျင်အောင် ပြုသည့် အပြုအမူမျိုးကို လုံးဝဥဿုံ လက်မခံပါ..။ ချက်ချင်း ဖြေရှင်းသည်.. လုပ်မရ ခွင့်မပြုဆိုသည်ကို နေ့စဉ်နေ့တိုင်း ကလေးထိန်းကျောင်းတွင် ငယ်စဉ်အခါကတည်းက သွတ်သွင်းပေး လိုက်သည်..။.. လုပ်လို့ မရဟူသော အသိကို ထပ်ခါထပ်ခါ ပြောနေမည်..။ ထိုကြောင့် လုပ်သူရော မလုပ်သူရော အားလုံးကြားရသည်.. ရိုက်ပုတ်၍ မရ.. ဟု တဖွဖွ ပြောနေသည်..။ ပြုလုပ်ခဲ့လျှင် အသက်ကြီးသူ ဆိုပါကလည်း ထိုက်တန်သည့် အပြစ်ပေးမည်( ဥပမာ.. တယောက်တည်း ထိုင်ခိုင်ထားခြင်းမျိုး သို့မဟုတ်.. မိဘကို ပြောမည်.. အစရှိသဖြင့်)..။ နာကြင်အောင် တယောက်နှင့် တယောက် လုပ်ခြင်းကို လုံးဝ ဟန့်တားသည် ဆိုသည်ကို နော်ဝေးလူ့အဖွဲ့အစည်းတွင် ငယ်စဉ်ကတည်းက သေချာ သင်ကြားခဲ့ရသည်..ဟု ပြော၍ ရနိုင်ပါသည်..။

နောက်ဆုံးအချက် ပြောချင်သည်မှာကား မြန်မာများ အင်မတန် နှစ်သက်သည့် `တောက် `ခတ် ခြင်းဖြစ်ပါသည်..။ သူများတော့ မသိ ကျွန်မ အထင်ပြောရလျှင် တောက် ခတ်ခြင်းသည် ခြောက်ခြင်း လန့်အောင် အစပျိုးခြင်း ဟု သဘောပေါက်ပါသည်..။ နောက်တနည်းဆိုသော် တောက် ခတ်သူတွင် လုပ်ပိုင်ခွင့် အာဏာ ပိုင်ဆိုင်ဟန်ကို ပြနေသည့် အထက်လူလိုမျိုး ပုံပေါ်ပါသည်..။ ထိုကြောင့် ကလေးများကို ယင်းအပြုအမူဖြင့် ခြောက်လန့်ခြင်းမျိုး ကိုလည်း လုံးဝဥဿုံ ခွင့်မပြုပါ..။ ကလေးများကို အော်လျှင်ပင် အတော်လေး လွန်နေသည်ဟု သတ်မှတ်နိုင်ပါသည်..။ သို့သော် အော်မှ ကြားမည့်အတွက် အော်ခြင်းကိုတော့ ပြုကြပါသည်..။

အဆုံးသတ် ဆိုရမည်ဆိုသော် ကလေးများသည် ငယ်စဉ်ကတည်းက လူ့အဖွဲ့အစည်းက ခွင့်မပြုဆိုသည့် အမူအရာ.. အကျင့်စရိုက်ဆိုးးများကို သေချာစွာသွန်သင်ပေးလိုက်သည့်အတွက် ကလေးအတော်များများက မှားနေသည့် အပြုအမူဆိုလျှင် လုပ်ဖို့ရန် ဝန်လေးသည်ကို တွေ့နိုင်သည်..။ တနည်းဆိုသော် ( ကိုယ့်အခွင့်အရေးကို ကာကွယ်တက်ရသလို သူများအခွင့်အရေး စော်ကား၍မရ)ကိုယ့်အခွင့်အရေးကဘာ သူ့အခွင့်အရေးကဘာ ဆိုသည်ကို သိကြသည်ဟု ပုံဖော်နိုင်ပါသည်..။ ထိုကြောင့် အပြစ် လုပ်မိပြီဆိုရင်လည်း အင်မတန်ကြောက်ကြသလို လုပ်သူကိုလည်း နောင် မလုပ်အောင် တိုင်တန်းသည်မှာ ဓမ္မတာ..။ ဒါကြောင့် ကျွန်မတို့လို အတွေးအခေါ်မှန် များ အားနည်းခဲ့ကြသည့် သူများ အင်မတန် အတုယူသင့်သည် ဆိုသည်ကို တင်ပြရင်း နားပါဦးမည်..။ ( ကလေးမရှိသူများလည်း ခံစားနိုင်ကြပါစေလို့ ဆနပြုရင်း ..)

မဗေဒါ

၂၀.၀၅.၂၀၁၀

6 ဦး၏ဆွေးနွေးချက်:

SHWE ZIN U said...

မဗေဒါ ရေ

ကလေး များကို ပြုစုပျိုးထောင် ပုံ ကိုဖတ်လိုက်ရကထဲ က နော်ဝေ ကိုကြိုက်သွားပြီ

ကလေး ဆိုတာ နောင်တခတ်မှာ တိုင်းပြည် ခေါင်းဆောင် ဖြစ်မဲ့ သူများမဟုတ်လား

ကျေးဇူးပါ
ရွှေစင်ဦး

Zay Tar Yar said...

ကွာလိုက်တာ ဇေတို့တိုင်းပြည်က စာသင်ကျောင်းက
ဆရာမဆိုတာ ဒီလို ကွမ်းစားတယ် မျက်မှန်ထူထူနဲ့
ပါးစပ်ထဲမှာ လဲ သွားကြားထိုးတံတချောင်းထည့်ထား
သေးတယ် နောက်ပြီလက်က တုတ်ကြီးကြီးတချောင်း
နဲ့ ဟဲဟဲ ဆရာမိဘပူးပေါင်း တပည့်ပညာကောင်းဆို
ပြီး ဆိုင်းဘုတ်ကြီးတော့ရှိသပေါ့ ဒီဆိုင်းဘုတ်ကပညာ
ကောင်းလားမကောင်းလားတော့မသိဘူး ကျောင်းမှာ တခု
ခုလုပ်ရင်တော့ အိမ်ကမိဘတွေရိုက်ခိုင်းတော့တာဘဲ
ဟဲဟဲ ကွာသပေါ့ ကွာသပေါ့

ပေါ့ဆိမ့် said...

ကလေးတွေအတွက် ကြား၇တာ ကောင်းလိုက်တာ အမရေ...
ကလေးတွေ အတွက် လူမှုပတ်ဝန်းကျင် ကလည်း အရေးင်္ကြီးတာကိုး။ ဒီလိုကလေးတွေ ဆက်သွားမယ်ဆိုရင် နောင် ရေရှည်မှာ အရှည်ချင်းရှိတဲ့ လူတော်တွေ ဖြစ်လာမှာ မလွဲဘူးဗျ...

Under Water World said...

အမရေ

ကျနော်နေတဲ့နိုင်ငံမှာလည်းဒီတိုင်းဘဲ ။ ကျနော် အရှေ့တောင်အာရှနိုင်ငံတော်တော်များများ မြန်မာနိုင်ငံ အပါအ၀င် နေခဲ့ဖူးတယ် ။ ဒီနိုင်ငံက ကလေးတွေက ပိုပြီး ယဉ်ကျေး အချင်းချင်းလေးစားမှု ရှယ်ယာလုပ်ပြီး သုံးစွဲတတ်တဲ့အကျင့် ရှိကြတယ်။ တစ်ဦးကလိုချင်နေရင် တစ်ဦးကအလွယ်တကူ အလျှော့ပေးတတ်ကြတယ်။တစ်ဦးနဲ့တစ်ဦး ရန်ဖြစ်တာ ၊ ဆဲတာ တွေ တစ်ခါဖူးမှ မကြားဖူးသေးဘူး။ ကျနော်အံ့သြတယ် ။ သူတို့တွေ ခရစ်ယာန်ဖြစ်နေတာ တစ်ခုဘဲ ။ ကျန်တာတွေက ဗုဒ္ဓ အဆုံးအမနဲ့တစ်ထပ်တည်း နေထိုင်ကြတယ်။
တစ်ဦးနဲ့တစ်ဦး မနာလိုတာ ၊ ကြားထဲကနေ ရန်တိုက်ပေးတာ အဲဒါမျိုးတွေလည်းမတွေ့ဖူးဘူး။


အမ ဗေဒါ (သို့) အမ ဗေဒါ (၈၈) စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ ။

Nge Naing said...

သူငယ်ချင်း ရေးထားတာတွေက UN က ချမှတ်ထားတဲ့ Child Protection Rights ကို လက်မှတ်ထိုးထားတဲ့ နိုင်ငံတိုင်း လိုက်နာဆောင်ရွက်တဲ့ အချက်တွေပါပဲ။ နော်ဝေမှမဟုတ်ဘူး ကလေးအခွင့်အရေးကို လက်မှတ်ထိုးထားတဲ့ နိုင်ငံတိုင်း ဒီလိုလုပ်ပေးပါတယ်။ မြန်မာနိုင်ငံလည်း ဘာမှသာ မလုပ်ပေးတဲ့အပြင် ကလေးစစ်သားတွေ၊ ကလေးအလုပ်သမားတွေ မကြာခဏ ကြားသိနေရပေမဲ့ ကလေးအခွင့်အရေးကို လက်ခံထားတဲ့ နိုင်ငံတခု ဖြစ်တယ်။

mabaydar88 said...

မငယ်..

အင်း ...တိုင်းပြည်တွေ က ကြေငြာစာတမ်းတွေ.. အခွင့်အရေးစာချုပ်တွေသာ လိုက်နာရင် အားလုံးငြိမ်းချမ်းနေမှာပဲလို့ တွေးမိတယ်..။

အခု ကျွန်တော်ရေးထားတာက အဲလို ကြီးကျယ်တာတွေ ကို မပြောပါဘူး.. အဲဒီရဲ့ အခြေခံအချက်တွေကို တိုင်းပြည်ကနေ ဘယ်လိုစီမံတာ.. လည်းဆိုတာလေးကို ကလေးတွေအတွက် ငယ်စဉ်ကတည်းက သိအောင် လုပ်ပေးထားတာကို ရေးထားတာပါ..။

နောက်တခုက တကယ် လက်တွေ့မှာ ဘယ်လောက်ထိ တိုင်းပြည် အစိုးရ များကို လုပ် နိုင်ပေးချင်စိတ်ရှိလဲ ဆိုတာနဲ့ဆိုင်ပါတယ်..။ တိုင်းပြည် အရင်းအနှီး ပေါ့..။

မြန်မာပြည်အတွက်ကတော့ ပြောမနေနဲ့တော့..။

မဗေဒါ (၈၈)