Thursday, May 27, 2010

ထိုအရာများကား… မိသားစု အလုပ်ဟု ခေါ်တွင်ပေသည်

ကျန်ခဲ့တဲ့ အပတ် သောကြာ.. စနေ နှစ်ရက်စလုံးမှာ မြန်မာပြည်သား ချစ် ..အသိများ ( အသိလို့ ပြောမှ အကုန်လုံးနည်းပါးက မဗေဒါ ထက် အသက်တွေ ကြီးတာများတယ်.. နောက်တမျိုးခေါ်လည်း ရနိုင်သေးတယ် သူငယ်ချင်းအသိများ)..။ သူတို့နဲ့ စကားတွေပြော.. ငြင်းခုံ.. နားထောင် ( သီချင်းပါဆို) လိုက်ရလို့လားမသိ မြန်မာပြည်ထဲ ခဏပြန်လိုက် ရသလို စိတ်ထဲ ကျေနပ်သွားခဲ့တယ်.. စကားနဲတဲ့ ယောက်ျားကလည်း ` ဒီတပတ်က ကြာသလိုပဲ` တဲ့ ..။ ဟုတ်ပါတယ် ပထမ ပို့စ်မှာ ရေးခဲ့သလို မဗေဒါတို့ စိတ်အဟာရ တွေ လိုနေတာဆိုတော့ အခုလိုမျိုး ဆုံလိုက်ရရင်ဖြင့် အင်မတန်မှ ကြည်နူး ကျေနပ် သွားရတာပါပဲ..။


အခုရေးမှာက အဲလို ဆုံကြတဲ့ ပွဲတိုင်းနည်းပါးမှာ မဗေဒါ ကို အနိုင်ယူပြောတဲ့သူ.. ( သူ့စကားနဲ့ ပြောရရင်တော့ ချစ်လို့ စတာပါ ပေါ့).. နောက်.. သပ်သပ်မဲ့ကို မဟုတ်တာကို အဟုတ်လုပ်ပြီး ပြောတဲ့သူတွေ ရှိပါတယ်..။ စတာလည်းဟုတ် ကြပ်တာလည်းဟုတ်… အတို့အထောင်ဆိုလည်းဟုတ်..။ ချစ်လို့စတာလို့ သူတို့ကတော့ ဆိုပါတယ်.. ဟုတ်ပါတယ်.. မဗေဒါကလည်း ဟိုတုန်းက မဗေဒါ မဟုတ်ပါဘူး.. ဦးနှောက်တွေဖွံဖြိုးခဲ့ပြီမို့ သူတို့ကိုလည်း အနိုင်မယူချင်သလို စွာလည်း မစွာတော့ပါဘူး ( ဒါတောင် ကျွန်မကို စွာတယ်လို့ ကောင်းချီးပေး သူတွေ များသား)..။

ကျွန်မနဲ့ဆုံတော့ သူတို့ပြောမြဲ စကားတွေကတော့ မိန်းမအခွင့်အရေး ကိစ္စပေါ့..။ ပြောတဲ့သူတယောက်ဆိုလည်း ကြည့်ဦး လူ့အခွင့်အရေး ဘာညာနဲ့ ကျောင်းပြီးသူ..။ `… နင် စဉ်းစားကြည့်စမ်း .. ငါ အိမ်မှာ နေ့တိုင်း အိမ်အလုပ်တွေ ဝိုင်းလုပ်ရတယ်` .. ကျွန်မကို အော်ကြီးဟစ်ကျယ် ပြောတာ..ပါ.. ရိုးရိုးပြောနေခြင်းမဟုတ်.. ။ လေသံကလည်း ယူကြုံးမရဖြစ်ဟန်ပေါ့..။ ပြောချင်တာက ``နင်တို့မိန်းမအခွင့်အရေး ဆိုတာ ငါတို့ကျားကျား တွေ မိန်းမ အလုပ်တွေ ဝိုင်းလုပ်ဖို့ များ ဆိုသလားပေါ့..``။ ကျွန်မကလည်း အနိုင်မယူချင်ပေမဲ့ ပြောမှ ဖြစ်တာကြောင့် ပြောခဲ့ပါသေးတယ်..။

မပြောခင် အရင် မေးတာပေါ့ မဗေဒါပဲ..။ ဒါဆိုရင် ကို (… ) ရဲ့ မိန်းမက ဘာလုပ်နေလဲ.. ထိုင်နေလား.. အလှပဲပြင်နေလား.. ဖုန်းတလုံးနဲ့ ကမ္ဘာပတ် ပြောနေလား.. အင်တာနက်မှာ ချက်တင် တက်ပြီး အရည်မရ တွေ လုပ်နေလား.. စတဲ့ လား ပေါင်းများစွာ မေးပလိုက်တယ်..။ `ဟေ့အေး.. သူ အလုပ် သွားနေလို့`တဲ့..။ ဖြစ်ရမယ် .. ဖြစ်အောင်ကို သွတ်သွင်းထားတဲ့ အမှားအယွင်း အယူအဆတွေ..။ လူတော်တော်များများမှာက စွဲနေတဲ့ တွယ်ကပ်နေတဲ့ အသိတရား အဆွေးအမြေ့ အပုပ် အပွတွေ..နဲ့ ထုသားပေသား ကျနေကြတာမလား..။

အမျိုးသားတယောက် အိမ်အလုပ် လုပ်ရပြီဆို ဘေးက ဝိုင်းတွယ်ချင်တဲ့သူနဲ့.. လုပ်တဲ့သူက ဘာမှ မဖြစ်သော်လည်း ဘေးက ကြည့်ရတာ အဆင်မပြေသူနဲ့.. တလောကလုံးကို ဗြောင်းဆန်နေတာပဲ.. ကျွန်တော်ချစ်ခဲ့တာ.. ဟုတ်သေးပါဘူး.. ဒါက သမီးတို့အရွယ်တွေ ကြိုက် (ကျွန်မ မကြိုက်) တဲ့ စိုင်းစိုင်း သီချင်း.. ဟဲ.. ပြောချင်တာများပြီး.. လောသွားတာ..။ အဟမ်း.. အဟမ်း ..ဆိုတော့ .. အားလုံးသိတဲ့ ရှေးခေတ်က အမျိုးသမီးများ ချက်ရ ပြုတ်ရတာတွေ.. ငရုတ်သီး ညက်အောင်ထောင်း( သနားစရာ လူသတ္တဝါမများ) အကြောင်းပေါ့..။ ဒီဘက်ကျတော့ အဲလို မဟုတ်တော့တာ အားလုံးအသိပဲ..။ အားလုံး လုပ်စရာရှိတာ လုပ်ပဲ.. မခွဲနဲ့..။ ဒါပဲ..။ ခွဲချင်လည်းခွဲ တက်နိုင်ဘူး.. ဒါပဲ..။

ပြောချင်တာက မိန်းမအလုပ် .. ကျားအလုပ် မခွဲနဲ့..။ ကလေးငိုနေရင် ကောက်ထိန်းလိုက် ..ချော့လိုက်.. မချော့တက်ဘူး.. မလုပ်နဲ့.. မွေးကတည်းက ဘယ်သူမှ ကလေးထိန်း ပညာကပ်ပါမလာဘူး.. ရအောင်ထိန်း.. အငိုတိတ်အောင် ချော့လိုက်.. ဒါပဲ..။ ပန်းကန်လား မဆေးတက်ဘူး မလုပ်နဲ့.. စားတက်ရင် ဆေးတက်ရမယ်.. ဒါပဲ..။ အဲလိုပဲ.. မီးပူထိုးတာလား အဝတ်လျှော်တာလား.. လုပ်လိုက်ပါ.. ငေးမနေနဲ့ ..တွေးမနေနဲ့.. ဝတ်တက်ရင် လျှော်တက်ရမယ်.. အဲဒါ မိန်းမအလုပ် မဟုတ်ရေးချာ မဟုတ်ဆိုတာ ရင်ထဲသိ ဦးနှောက်သိ .. ပြီးရင် လက်တွေခြေတွေ ကလည်း အလိုက်သိဖို့ လိုတယ် .. .။ ဒါပဲ..။

ပျင်းမှာစိုးလို့ လျှာမရှည်တော့ပါ..။ နိဂုံးချုပ်ရရင်တော့ ယနေ့ခေတ်တွင် မိန်းမ အလုပ် ယောက်ျား အလုပ် သီးသန့် ရှိမနေသင့် တော့ပါ ....။ နောက် ထို အလုပ်များကိုလည်း အားလုံးသိအောင် ပြောပြချင်ပါသေးသည်.. .. ထိုအရာများကား… မိသားစု အလုပ်ဟု ခေါ်တွင်ပေသည်..။ ဒါပဲ..။ နဲနဲစိတ်တိုနေသည်.. ဒါပဲ..။

မဗေဒါ
၂၇.၀၅.၂၀၁၀

11 ဦး၏ဆွေးနွေးချက်:

Nge Naing said...

ကမ္ဘာပေါ်မှာ ယောက်ျားတွေ လုပ်နေတဲ့ အလုပ်မှန်သမျှကို မိန်းမတွေ လုပ်လို့ မရတဲ့ အလုပ်ဆိုတာ မရှိပေမဲ့ မိန်းမတွေလုပ်တဲ့ ကိုးလလွယ် ဆယ်လဖွားတဲ့ အလုပ်ကတော့ ယောက်ျားတွေမှာ သဘာအားဖြင့် ဘယ်လိုမှ လုပ်နိုင်စွမ်း မရှိပါဘူး။ (ပိုက်ဆံတွေ အများကြီး အကုန်ခံပြီး ခွဲစိတ်ကာ သားအိမ်တွေ သွင်းပေးရင်တော့ ရတယ်လို့ ဟိုတလောက ဖတ်လိုက်ရတယ်)။ ဒါကြောင့် ကိုးလလွယ် ဆယ်လဖွားတဲ့ အလုပ်ကလွဲရင် ကျန်တာ မိန်းမအလုပ် ယောက်ျားအလုပ် မရှိပါဘူး။ ဘယ်သူမဆို အကုန်လုပ်လို့ရပါတယ် သူငယ်ချင်း။

မနုငယ် said...

ရှေးရှေးခေတ်က ..အမျိုးသမီးများက
အလုပ်မှ မရှိတာကိုး(အပြင်ထွက်စရာမလို)
အိမ်အလုပ်သည်သာသူတို့ဘဝဆိုတော့
လင်ကိုဘုရားးတွေဖြစ်ကုန်တာထင်ပ။
အခုခေတ်တော့အမျိုးသမီးတွေမှာ ဝင်ငွေရှာရတာမော
လို့။မိသားစုအလုပ်တွေလဲတယောက်တလက်ဖြစ်ကုန်ပေါ့။

Junction Point said...

အမ ရေ.
အမ ပြောသလိုပေါ့လေ. မိသားစုအလုပ်တွေကအခုဘက်ခေတ်မှာပိုမြင်ရသလိုပဲ.
ကျမတို့အိမ်မှာဆို..ကျမရယ်ဖေဖေရယ်က တူတူချက်ကြတယ်။မေမေက ကျန်တာလုပ်တယ်။မေမေကရုံးအစောကြီးသွားရလို့ မေမေတာဝန်ကိုဖေဖေကယူပေးတယ်။အဲ့လိုလေးပေါ့
မနုငယ်

SHWE ZIN U said...

မဗေဒါ ရေ

မှန်လိုက်တာ အဲဒါ မိသားစု အလုပ်ပါ

ဒါပေမဲ့ တချို့ ယောက်ကျား တွေကတော့ ဒါတွေလုပ် ရတာကို ရှက်သလို ကြောက်သလို နဲ့

ခက်ပဗျာ

ဒါကြောင့်လည်း ရွှေစင်ဦး လေး ချက်တတ် ပြုတ်တတ် တဲ့ ယောက်ကျား လျှော်တတ် ဖွတ်တတ်တဲ့ ယောက်ကျား လေး တယောက် လောက်များ ရရင် အိမ်က ချစ်ချစ်ကြီး နဲ့ အလိုက်ပေး လဲရ ကောင်းမလားလို့ သတင်းကြားရင် ပြောပါနော်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

Unknown said...

မိသားစုအလုပ်ဆိုတဲ့ ခေါင်းစဉ်ကိုသဘောကျပါတယ်။ ဒီခေတ်ကြီးမှာအလုပ်တွေကို ယောင်္ကျားမိန်းမ မခွဲပဲ အားလုံးတန်းတူလုပ်သင့်တယ်လို့ထင်ပါတယ်ရှင့်။ တခုသတိထားမိတာက အနောက်တိုင်းက ယောင်္ကျားတွေထက်စာရင် Asian တွေမှာပိုပြီး အိမ်မှုကိစ္စတွေဟာ မိန်းမနဲ့ဆိုင်တယ်ဆိုတဲ့ အတွေးများသလိုပဲ၊ နောက်တစ်ခုကဲ နိုင်ငံခြားရောက်နေပေမယ့် ဗမာပြည်ကအတိုင်းပဲ အိမ်အလုပ်က ငါတို့နဲ့မဆိုင်လို့ သတ်မှတ်တဲ့ ယောင်္ကျားတွေလဲ တွေ့ဖူးပါတယ်။ ကိုယ်ချင်းမစာတတ်တဲ့သူတွေလို့ ထင်မိပါတယ်ရှင့်။ ကျွန်မတို့အိမ်မှာတော့ ကလေး၊လူကြီး၊ ယောင်္ကျား၊မိန်းမမခွဲပဲ ကလေးလဲ ကလေးအလျောက် နိုင်သလောက် တန်းတူပဲလုပ်ကြဖို့ သတ်မှတ်ထားပါတယ်၊

နောက်ပြီး နိုင်ငံခြားရောက်နေတဲ့ ဗမာကလေးတွေအကြောင်းလဲ ဆွေးနွေးချင်ပါတယ်ရှင့်။ ကလေးတွေက ဗမာအကျင့်ကနည်းနည်း၊ အနောက်တိုင်းအကျင့်ကနည်းနည်း သူတို့အတွက်ကောင်းတာလေးကိုပဲ ယူထားတာ တွေ့ရပါတယ်။ (ကလေးတိုင်းမဟုတ်ပါ၊ တချို့တွေပါ) ဥပမာ အနောက်တိုင်းက ကိုယ့်တာဝန်ကိုယ်ယူ။ အိမ်မှာဆိုလဲ ကိုယ့်အလုပ်ကိုယ်လုပ်၊ နည်းနည်းအရွယ်ရောက်ရင် ကိုယ့်ပိုက်ဆံကိုယ်ရှာပြီးသုံး အဲလိုအကျင့် တွေမယူပဲ မကောင်းတဲ့ ငယ်ငယ်ရွယ်ရွယ် ရည်းစားထား။ သူငယ်ချင်းတွေနဲ့ခရီးသွား၊ အတူတူနေကြ။ အိမ်ပေါ်ကို ကောင်မလေးခေါ်လာဆိုတဲ့ အကျင့်တွေကိုယူတယ်၊ ပြီးတော့ ဗမာပြည်ကလိုပဲ အိမ်မှာ အမေချက်ကျွေးတာစား၊ ကိုယ့်အလုပ်တွေကို အမေကလုပ်ပေး အဖေအမေဆီက ပိုက်ဆံတောင်းဆိုတဲ့ အကျင့်တွေကိုပဲယူပြီး culture(၂)ခုကို mix လုပ်ပစ်လိုက်ကြတာတွေ့ရပါတယ်။

အဲဒါကြောင့် အိမ်မှာတော့ ကျွန်မတို့တွေကို (၂)လမ်းရွေးခိုင်းထားပါတယ်။ ဗမာလိုနေချင်လဲ ပီပီပြင်ပြင်နေ၊ ဒီကလူတွေလိုနေချင်ရင်လဲ အသက်(၁၈)နှစ်ပြည့်တာနဲ့ ကိုယ့်ဘာကိုယ်အိမ်ခွဲနေဖို့ပါ၊

Zay Tar Yar said...

ကဲစိတ်တိုမနေနဲ့ ဗေဗေမှန်တယ် စိတ်တွေလွတ်ဆိုးနေလို့
နဂိုကမလှရတဲ့အထဲ ပိုပြီးချောသွားအုံးမယ်...

YE MIN TUN said...

အင်း ဒီဘလောက်ကိုအားပေးရတာ ကြာရင် ကိုယ်ကျိုးတွေနည်းတော့မယ် ထင်ပါတယ်....

ကိုခိုင် said...

“စကားနဲတဲ့ယောင်္ကျားကလည်း ...”
တေတေကနိတ်လေးနားထောင်နေရတယ်ပေါ့လေ
အောာာာာာာာာာာာာာ.....
အပေါ်မှာတော့မစွါတော့ပါဘူးတဲ့ .....
အောက်ကစာပိုဒ်တွေလဲရောက်ရော .....
လန့် ... လန့်သွားတာပဲ
O.M.G
B-လိုလဲ ...
ဟို .....
စကားနည်းတဲ့ဦးလေးကြီးတော့တနားပါတယ်။

ကိုခိုင်

သူကြီးမင်း (တုံးဖလား) said...

ခြေရာမချန်ထားခဲ့ပေမဲ့ နေ့တိုင်းနီးပါး လာရောက်ဖတ်ဖြစ်ပါတယ်။ ရေးဟန်လေးတွေက ဂျစ်ကပ်ကပ်စတိုင်လ်ပေမဲ့ ဖတ်ရတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။

Myanmar Good Knowledg Co., Ltd said...

မဗေဒါရှင့်
ကျွန်မအမြဲအားပေးနေပါတယ်။
ကော်မန့်ရေးတာကတော့ ဒါပထမဦးဆုံးပါ။

ဒီပို့စ်နဲ့ ပါတ်သက်ပြီး ပြန်ဝေမျှချင်တာကတော့၊ လက်ရှိ ဂျပန်ဝန်ကြီးချုပ် ဟာ သူ့ဇနီးသည်ကို နေ့တိုင်းကူလုပ်ပါတယ်။ တစ်တိုင်းပြည်လုံးလည်း သိပါတယ်။
သူကူလုပ်တဲ့ အလုပ်တွေထဲက တစ်ခုကတော့ ထမင်းစားပြီးရင် ပန်းကန်ခွက်ယောက်အားလုံးကို ဆေးကြောတဲ့ အလုပ်နဲ့ အမှိုက်သွန်တဲ့အလုပ်ပါ။
ဂျပန်နိုင်ငံမှာ အိမ်အကူ နဲ့ ကလေးထိန်း အလုပ်စံနစ်မရှိပါဘူး။
ခင်မင်စွာဖြင့်

chokya said...

အဲ....ဒီစာကိုသူမြင်သွားလို့မဖြစ်ဘူး :) တော်နေကြာ အင်း မဖြစ်သေးပါဘူး ဟီးဟီး နောက်တာနော် အစ်မရေ....ခင်မင်စွာဖြင့်(ချိုကျ)