Wednesday, May 12, 2010

` စာဖတ်ခြင်း` ကို ဖန်တီးပေးနိုင်မှ …



``ကျွန်မလည်း တခါတရံမှာ သရုပ်ဆောင်တွေ ပြောတာကိုကြည့်ပြီး အားမလို အားမရဖြစ်ဘူးတယ်..။ ..သူတို့နဲ့ အင်တာဗျူး ထားတာတွေကိုဖတ်တာ..ရံဖန်ရံခါ စတိတ်ပေါ်မှာ ပြောနေကြတာကိုကြည့်တာနဲ့ စာမဖတ်ဘူး ဆိုတာ သိပ်သိ သာတယ်..။..စာမဖတ်တော့ ဗဟုသုတဆင်းရဲတဲ့သူတွေကတော့ နယ်ပယ်တိုင်းမှာရှိတာပါပဲ..။ အနုပညာလောက မှာမှ မဟုတ်ပါဘူး..။ ဒါကြောင့် တခါတရံမှာတွေ့ရတက်တဲ့ သူတောင်းစားတွေကို သူတောင်း စားရယ်ဆိုပြီး အထင်မသေးလေနဲ့။ သူစာဖတ်တော့ ဘွဲ့ရတယောက်မသိတဲ့ မြန်မာပြည်အကြောင်းကို သူ ကောင်းကောင်း သိနေတက်တယ်..။``

အဲဒါ ဘလော့က်ရေးတဲ့ (မ) တူးတူးသာကို ပေးခဲ့တဲ့ ကျွန်မ ရဲ့ ကွန်မန့်ပါ..။ တိုတိုပဲ ပြောမှာပါ.. သိပ်ရှည်ရင် ပျင်းမှာစိုးလို့..။ စာဖတ်ခြင်းဟာ လူကို အကျိုးမယုတ်စေဘူးဆိုတာပါပဲ..။ ယူတက်ဖို့ပဲ အရေးကြီးသလို စာသမားဖြစ်ပြီး လက်တွေ့မပါတဲ့ သူလည်း ဖြစ်လို့ မရပြန်ပါဘူး..။ ပြောချင်တာကတော့ စာဖတ်ဖို့ကို ဦးစားပေး ပြောချင်တာပါ..။

စာဖတ်တဲ့အခါ ဘာစာတွေကိုဖတ်မှာလဲ ဘာကိုယူမှာလဲဆိုတာနဲ့ စာဖတ်ခြင်းဟာ ကျွန်မတို့အတွက် အားဆေးတွေ အဖြစ်ပံ့ပိုး စေတယ် ဆိုတာပါ..။ စာမဖတ်ရင် လူ့စိတ်အဟာရတွေ ဆင်းရဲတယ်.. အရာရာကို ချင့်ချိန်နိုင်မှု အားနည်းတယ်.. သူများကိုယ့်ကိုပြောရင် ယုံလွယ်တယ် ( ကျွန်မကတော့ ဖတ်သလောက် လူတွေအပေါ်မှာ နုလုံးသားနဲ့ ဆုံးဖြတ်ပြီး အယုံလွယ်နေသေးတဲ့ လူဖြစ်နေဆဲ ..).. ဘာမဆို ဦးနှောက်က အသိပေးခေါင်းလောင်း မြည်တီးမှု နည်းတာကြောင့် .. အကြောင်းအရာ တခုကို သိသင့်တာလောက် မသိတဲ့အတွက် သူများဘာပြော ပြော တကယ်ကို လူထူ.. လူအ ဖြစ်နေစေတာမို့ စိတ်ရဲ့ အားတွေကို အင်မတန်မှ ချိနဲ့စေပါတယ်.. (အထူးသဖြင့်.. ရာထူးအာဏာ ပိုင်စိုး ထားလို့ ပြောခွင့်ရနေသူ တွေက လှည့်ဖျားတဲ့ အခါမျိုး… ပေါ့..)။ ဒါကြောင့် စာများများ ဖတ်ရင် တော်ရုံတန်ရုံကိစ္စဆို ကိုယ့်ကို လှည့်ဖျားလို့ မရတော့ဘူးလို့ ဆိုချင်ပါတယ်..။ တကယ်တော့.. ``ပညာရဲရင့် ပွဲလယ်တင့်`` ဆိုတာ ဒါကို ပြောတာ ဖြစ်မယ်.. အတန်းပညာ မတက်တခေါက် တက်တခေါက်နဲ့ သရဖူဆောင်းထားတဲ့ မည်ကာမတ္တ ပညာသင်ကြားရေး ကို ပြောတာ မဟုတ်ဘူးလို့ ထင်မိပါတယ်..။

အမှန်မှာက အစောက ပြောသလိုပဲ စာမဖတ် တဲ့သူများဟာ နယ်ပယ်တိုင်းမှာ ရှိနေတာပါ..။ အနုပညာ အသိုင်းအဝန်းထဲက (ရုပ်ရှင်သရုပ်ဆောင်) တွေမှ မဟုတ်ဘူး ဆိုတာပါ.. နိုင်ငံရေးလောကမှာလည်း ရှိတာပဲ..။ ဒါကြောင့် ကိုယ်က စာဖတ်လို့ သူများကို ပစ်ပစ်ခါခါ တော့ မဖတ်ဘူးရယ်လို့တော့ ဖြစ် အပစ်မတင်သင့်သလို စာမဖတ်သူတွေကိုလည်း ဖတ်လာအောင် လှုံ့ဆော်တာလေးတွေက ရှိနေရင် အင်မတန် ကောင်းမယ် လို့ ဆဝါးမိပါတယ်.. ( ဥပမာ.. စာကြည့်တိုက်တွေ.. စာအုပ်ဈေးပေါပေါ ဝယ်လို့ရအောင်.. စာဖတ်အသင်း.. စာရေး ဆရာတွေနဲ့ တွေ့ဆုံမေးမြန်းခန်းတွေ ..ဆွေးနွေးပွဲ… စာဖတ်အုပ်စု ဖွဲ့တဲ့ အခွင့်အရေး စတာတွေ ) မျိုးက နေရာတိုင်းမှာ လိုအပ်တာပါပဲ..။ ဒါမှ နဲနဲ သိထားတာတွေကို ပိုဖတ်ချင်လာမယ်..ပိုသိချင်လာမယ်.. ပိုပါဝင် ပတ်သက်ချင်လာမဲ့ စိတ်တွေကို လှုံ့ဆော်ပေးရာ ရောက်မှာပါ ။

ပြောရမယ်ဆိုရင် ကျွန်မ မြန်မာပြည်က ဝယ်ဖတ်တဲ့ စာအုပ်တွေဟာ အင်မတန်မှ ဈေးပေါပါတယ် ( ဥရောပ ငွေနဲ့ တွက်လို့ မဟုတ်ပါဘူး..) တကယ်ကိုပေါတာပါ..။ ဆရာ ကျော်ဝင်း စာအုပ်တအုပ်ဟာ သိပ်မထူတဲ့ စာမျက်နှာ (၁၄၀) လောက် ဆိုရင်.. မြန်မာငွေ (၁၅၀၀) လောက်ပဲ ရှိပါတယ်.. အင်မတန်မှ သက်သာတာပါ..။ ဒါပေမယ့် စာအုပ်တွေဟာ သိပ်ထွက်တာ မတွေ့ရပါဘူး .. ပထမအကြိမ် (၁၀၀၀) နဲ့ နောက် အကြိမ် ထုတ်ဝေမှုက အတော်လေး ကွာပါတယ်..။ တခါတလေ အုပ်ရေ (၅၀၀) ဆိုတာ ရှိလိုက်သေး..။ အဲဒီ စာအုပ်လည်ပတ်မှုဟာ သောင်းဂဏန်း ကျော်အဆင့်လောက်ပဲ ရှိနိုင်မယ် ထင်ပါတယ်..။ ဘာပဲပြောပြော လူပေါင်း သန်း (၅၀) ကျော်မှာ စာဖတ်တဲ့ ဦးရေ သိပ်နဲလွန်း နေတယ်လို့ ယူဆရပါတယ်… ။


ပြောချင်တာကတော့ စာဖတ်တာဟာ ကောင်းပါသည်..။ မဖတ် သူတွေကို ဖတ်လာအောင် ဖတ်နိုင်တဲ့ အနေအထား အခြေအနေတွေ ဖြစ်အောင် မြန်မာ့အသိုင်းအဝန်းထဲမှာ လုပ်ပေးနိုင်တဲ့ မိကောင်းဖကောင်း စီမံသူတွေ ရှိရင်တော့ ပိုကောင်းတာပေါ့ဟု ဆိုရင်း ….။

(စကားချပ် .. စာနဲ့ အကြောင်းအမျိုးမျိုးကြောင့် ဝေးရတဲ့ သူတွေအတွက် မှတ်စု ရေးခြင်းမျှသာ..။ )


မဗေဒါ
၁၂. ၀၅.၂၀၁၀

3 ဦး၏ဆွေးနွေးချက်:

နှင်းမိုး said...

မှတ်သိမှတ်ရာ ၊ ထိုထိုစာကို ၊မြဲစွာမပြတ်၊ အိမ်တွင်ဖက်၊
ဖက်ပြန်သော်ကား၊ဖက်ပါများက ၊မိုက်မဲတတ်စွာ ၊သာမ
ယားပင် ၊မလိမ္မာလည်း ၊စာပေစကား ၊ နေ့တိုင်းကြားက၊
ထူးခြားလိမ္မာ ၊ရှိသည့်တာရှင့် ။ ရှင်မဟာရဌသာရဆုံးမတာ
လေ ဒါကြောင့်ဇေတို့ကဖေဖေ့ကိုစာမဖက်ခိုင်းတာ ကိုယ်
မိုက်တာသိသွားမှာဆိုးလို့...........။

ကိုလူထွေး said...

စာအုပ်စောင်ရေကတော့ အခွန်လျှော့ဆောင်ရအောင် လျှော့ရေးပုံရပါတယ်...

ဟိုးအရင်က တန်ဖိုး ၁၅၀ လို့ စာအုပ်မှာရိုက်ပြီး ရောင်းဈေးက ပုံမှန် ၅၀၀ လောက်ရှိတာလည်း ဒီသဘောမျိုးပဲ...

ဒါက စကားချပ်...

ဆိုလိုရင်းကို ပြောရရင်တော့ ကျောင်းမှာကတည်းက စာကို ဖတ်တတ်အောင် မသင်ဘဲ စာမေးပွဲအတွက် အလွတ်ကျက်တတ်အောင် သင်ပေးတာကိုက အဓိက တရားခံ ဖြစ်နေတာလေ...

းဝ)

Angel Shaper said...

စာကတော့ဖတ်တယ်..
ဖတ်ပြီးတော့ မေ့မေ့သွားတတ်တာက ခက်တယ် :)