Tuesday, May 11, 2010

စကားပြောသော ဓာတ်ပုံများ (၁)

ပုံလေးကတော့ ရှေ့တန်းသွားမဲ့ ရဲဘော်တွေကို ရဲရဲတောက် ဟောပြော နေတဲ့ ရဲဘော် အေးအေးခိုင် မဟုတ်ပါဘူး.. ဟဲ.. ဟဲ.. အဲလောက်လည်း သတ္တိ အရည်အချင်း မရှိပါဘူး..။

ကျွန်မ (မိန်းမ)တို့ လူရယ်လို့ ဖြစ်လာကတည်းက အဖော်အဖြစ် မျိုးမတူ ( ယောက်ျား) လူသား များဖြစ်တဲ့ ကျားကျား သေးသေး ငယ်ငယ် လတ်လတ် ( အဲတုန်းက သူတို့တွေက အလတ်စားတွေပဲ ရှိသေးတယ်..။) များကို အနိုင်ယူဖို့ အားမွေးပြီး ကြောက်ဒူး တုန်စွာနဲ့ ယောက်ျားနဲ့ မိန်းမ အခွင့်အရေးအကြောင်း အကြီးအကျယ် လေပေးနေပုံပါ.. ခပ်ငယ်ငယ် မလိမ်မိုး မလိမ်မာ အရွယ်တုန်း ကပေါ့ (အမှန်တွေ သိသွား လောက်ရောပေါ့…) ။

ပြောတာကိုလည်း ဘယ်သူကမှ စိတ်ဝင်တစား နားမထောင်အားပါဘူး.. ဘာဖြစ်လို့လည်း ဆိုသော် ကျွန်မတို့ ပြောတာထက် ပိုကောင်းတဲ့ တိုက်ပွဲတွေ စကားရယ်လုပွဲ အနောက်ဘက်မှာ ပြိုင်နေကြလို့ပါပဲ.. အဲလောက်ထိ အင်မတန် ကောင်းခဲ့တဲ့ ပြိုင်ပွဲပေါ့..။

ဘာပြောပြော ကျွန်မတို့ မိန်းမဘက်က အချက်အလက်အားဖြင့် သော်လည်းကောင်း.. ဟန်ရေပန်ရေ အမူအယာ အားဖြင့်သော် လည်းကောင်း .. သာလွန်သည့် အတွက်.. နိုင်တယ်လို့ ကြီးကြပ် ပေးခဲ့ကြတဲ့ ဒေါတ်တာမြင့်ချို.. မသက်သက်လွင်နဲ့ ကိုကျော်ကျော် (မြောက်ပိုင်း) တို့က အဆုံးအဖြတ်များကို ပေးခဲ့ပါတယ်..။ အားလုံးကို သတိရလှပါတယ်.. အထူးသဖြင့်တော့ ကွယ်လွန်သွားပြီဖြစ်တဲ့ အမကြီး တယောက်လို ချစ်ခဲ့ ခင်ခဲ့ အားကိုး လေးစားခဲ့ရတဲ့ မသက် ကို ဒီလိုပုံတွေ ထုတ်ကြည့်တိုင်း ဝမ်းနည်းနေရဆဲပါ.. (တရားနဲတဲ့ သဘောပေါ့..)

အမှတ်တရပါ.. တော်လှန် သူတွေရော မတော်လှန် သူတွေရော ခံစားနိုင်ကြပါစေလို့..

မဗေဒါ
၁၁.၀၅.၂၀၁၀

4 ဦး၏ဆွေးနွေးချက်:

Zay Tar Yar said...

ဘာရေးရေးဟာသညာဏ်ကွန့်မြူးရကား (ရွှေဥဒေါင်း)
စတိုင် ဘာရေးရေးရွှင်ပြသောသူ့ဟန်ကြောင့်(ဇော်ဂျီ)
စတိုင် ဆွေးမြေ့ဘွယ်ရာကိုပင် ဟာသညာဏ်နှော၍
တင်ပြတတ်သော သူသည် (မောင်ထင်)စတိုင် အရွှမ်း
ဖောက်ခါ ရေးသားတတ်တဲ့သူလက်ရာဟာ (သုခ)စတိုင်
လွမ်းဇာတ်ကို ဟာသနှောပါလို့ ပြောတတ်တယ်သူ့စ
ကားရယ်က (သခင်ကိုယ်တော်မှိုင်း)စတိုင် မဗေဒါကြီး
ကရီရတယ်ဗျ ဟားဟား ဇေတာရာ၏စတိုင် ထို့သို့စတိုင်
မျိုးဖြင့် လာရောက်အားပေးသွားပါကြောင်း...........။

Nge Naing said...

ဘယ်တုန်းက ဘယ်မှာ ဘာအကြောင်း ပြောပြီး ဘယ်လိုဖြစ်လို့ အမျိုးသမီးတွေ အနိုင်ရခဲ့တယ်ဆိုတဲ့ အချက်အလက်နည်းနည်း ပါဖို့လိုတယ်လေ။ ဒီအတိုင်းဖတ်တော့ မသိတဲ့သူ ဘယ်သူက ဖတ်လို့ နားလည်နိုင်မလဲ။ မဗေဒါ ပြောထားတာ မပြည့်စုံတာတွေကို ကျွန်မ ဖြည့်စွက်ပေးလိုက်မယ်။

၁၉၉၄ နိုင်ဝင်ဘာမှာ ကျင်းပတဲ့ ABSDF ငါးနှစ်မြှောက် အခမ်းအနား စကားရည်လုပွဲဖြစ်တယ်။ အဲဒီတုန်းက အကဲဖြတ်အဖွဲ့မှာ အမျိုးသမီးနှစ်ယောက် အမျိုးသားနှစ်ယောက် ပါပါတယ်။ အမျိုးသမီးထဲက မဆူးပွင့်လည်း ပါတယ် အသက်တယောက်တည်း မဟုတ်ဘူး။ အမျိုးသားထဲက ဆရာချိုနဲ့ ကိုကျော်ကျော် ဆိုတာ ဇဝေဇ၀ါ ဖြစ်နေပါတယ်။ ကျွန်မက ဆရာချိုနဲ့ ဦးလွင်လို့ ထင်နေတယ်။ ထားလိုက်တော့ ဘယ်သူပဲဖြစ်ဖြစ်။ မိန်းကလေး သုံးယောက် ယောက်ျားလေး သုံးယောက် "အနာဂတ် မြန်မာနိုင်ငံကို အမျိုးသမီး ဦးဆောင်သင့်လား အမျိုးသား ဦးဆောင်သင့်သလား" ဆိုတဲ့ ခေါင်းစဉ်အပေါ် စကားရည်လု ပြောသွားကြတာ မိန်းကလေးတွေဘက်က အနိုင်ရသွားပါတယ်။ ဒါပေမဲ့ ကျွန်မက အဲဒီတုန်းက ပရိတ်သတ် တယောက်အနေနဲ့ ပြောရရင် မဗေဒါပြောသလို မိန်းကလေးတွေက အချက်အလက်နဲ့ ဟန်ပန်အမူအယာမှာ သာလို့ နိုင်သွားတာ မဟုတ်လောက်ဘူး။ အချက်အလက်မှာ အတူတူလောက်ရှိပါတယ်။ ဟန်ပန်မှာ ယောက်ျားလေးတွေ လုံးဝသာတယ်။

အနာဂတ်မြန်မာနိုင်ငံကို အမျိုးသားတွေ ဘာကြောင့် ဦးဆောင်သင့်တယ်ဆိုတာ ပြောသွားသူ အမျိုးသားတွေ ဖြစ်ကြတဲ့ တပ်ရင် ၂၁၆ က ကိုလွင်စိုး၊ ၂၀၅ က ကိုဇော်မင်းသူ နဲ့ ကိုစောလူတို့ ပြောသွားတာ နိုင်ငံရေး စစ်ရေးလက်ရှိအနေအထားတွေကို ကိုးကားပြီး ပြောသွားတာ သိပ်ကောင်းပါတယ်။ ဟန်ပန်အမူအရာလည်း သုံးယောက်စလုံးက မင်းသားတွေလိုပဲ တကယ်ကို ဈာန်ဝင်ပြီး ဟာသတွေနဲ့ ရောပြောသွားတာ ပရိတ်သတ် သိပ်ကြိုက်တယ်။ ဒါပေမဲ့ သူတို့ ရှုံးသွားတာက ဟာသတွေမှာ မဆိုင်တာတွေ သိပ်ပြောလို့ ဖြစ်နိုင်တယ်။ အနာဂတ် မြန်မာနိုင်ငံကို အမျိုးသား ဦးဆောင်ဖို့ အခန်းကဏ္ဍထက် ဘုရားဟောကျမ်းမဟုတ်တဲ့ ကျမ်းဂန်တွေထဲက မိန်းမဆိုတာ ဘယ်လောက် ယုတ်ညံ့ကြောင်းတွေက ပိုများနေပါတယ်။ ကျန်တာ အကုန်ကောင်းပေမဲ့ ဘာမှ မဆိုင်တာတွေနဲ့ အချိန် တောတော်များများကို ပေးကုန်တဲ့အတွက်သာ ရှုံးသွားတာဖြစ်နိုင်တယ်။

မိန်းကလေး သုံးယောက်ဖြစ်တဲ့ မအေးအေးခိုင် (တပ်ရင်း ၂၁၆) မသန်းထွေးကြူ (တပ်ရင်း ၂၀၁) မမြင့်မြင့် (တပ်ရင်း ၂၀၉) ကပြောသွားတာ မိခင်အုပ်ထိန်းတဲ့ ခေတ်ကနေ အခုခေတ်ထိ အမျိုးသမီးတွေ လူ့အဖွဲ့အစည်းမှာ၊ မိသားစုအတွင်းမှာ အရေးပါပုံ၊ ဘုရားအလောင်းတော်လက်ထက်က ပါရမီဖြည့်ဖက်အဖြစ် ဖြစ်ခဲ့သူတွေအကြောင်းတွေ၊ ကမ္ဘာရော မြန်မာမှာပါ နိုင်ငံရေးမှာ ထင်ပေါ်ကျော်ကြားတဲ့ အမျိုးသားတွေကို သူတို့ရဲ့ ဇနီးမယားတွေက ဘယ်လိုပံ့ပိုးခဲ့ပုံတွေ၊ မြန်မာနိုင်ငံမှာလည်း မိရိုးဖလာအရ အမျိုးသမီးတွေကို ယုတ်ညံ့သူတွေ ဘုန်းကံနှိမ့်သူတွေလို့ သတ်မှတ်ခံနေရတဲ့ ကြားက နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး နယ်ပယ်အသီးသီးမှာ ခေတ်အဆက်ဆက်ကနေ အခုခေတ်အထိ အမျိုးသမီးတွေ ဘယ်လိုပါဝင်နေတာတွေ။ လက်ရှိ မဟာဖိုဝါဒ အမျိုးသားကြီးစိုးတဲ့ မြန်မာနိုင်ငံကြီးမှာ စစ်ပွဲတွေဖြစ်ပြီး အချင်းချင်း သတ်ဖြတ်နေကြလို့ အဆင်းရဲဆုံးနိုင်ငံ ဘ၀ကို ရောက်နေပုံတွေ စတာတွေကို အကိုးအကားပြပြီး မြန်မာပြည်မှာ အမျိုးသမီး ဦးဆောင်မှသာ ဒီအနိဌာရုံတွေကို ဖယ်ရှားပြီး ငြိမ်းချမ်းသာယာ ၀ဖြိုးတဲ့ နိုင်ငံတခုဖြစ်လာမယ်လို့ ပြောသွားတာ အချက်အလက်ကောင်းပါတယ်။ ဒါပေမဲ့ မိန်းကလေးတွေ လက်ဟန်ခြေဟန် သိပ်မရှိကြဘူး၊ ဟာသလည်း မပါဘူး၊ မိမိပြောချင်တာကိုပဲ ပြောသွားပြီး ပရိတ်သတ်ကို သိပ်မကြည့်ကြဘူး။ မိန်ကလေးတွေက မဆိုင်တာကို မပြောပေမဲ့ ဆိုင်တာကို ပြောရာမှာ တယောက်နဲ့ တယောက်အကြောင်းအရာ ထပ်နေတာတွေရှိတယ်။ ယေက်ျားလေး သုံးယေက်ထက် ညံတဲ့ အားနည်းချက်တွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ အားလုံးက အမျိုးသမီး ဦးဆောင်မှသာ မြန်မာနိုင်ငံ တိုးတက်မယ်ဆိုတာကိုပဲ အကိုးအကားတွေနဲ့ ပြောသွားပြီး ယောက်ျားမကောင်းကြောင်း အတင်းအဖြင်း တခွန်းမှမပါဘူး။ အဲဒီလို မဆိုင်တာ မပြောဘဲ ဆိုင်တာကိုပဲ ပြောကြလို့ မိန်းကလေးတွေ နိုင်သွားတယ်လို့ ကျွန်မထင်တယ်။

ပို့စ်ထက် မှတ်ချက်က ပိုရှည်သွားတာ ဆောရီးပဲ။

little brook said...

အားပါးပါး အားကျတယ်း)

mabaydar said...

မဗေဒါ ကို အားကျလို့ အတုခိုးထားတယ် ဟိဟိ