Friday, November 18, 2011


လူမှုရေးအားကောင်းတဲ့အရည်အချင်း ဆိုတာ..

စာရေးချင်နေတဲ့စိတ်တွေ များနေတယ်။ ရေးချင်တာတွေလည်း အများကြီးပါပဲ။ တကယ်လည်း မရေးဖြစ်ပါဘူး။ အကြိုက်ဖြစ်တာလေးတခု ခေါင်းထဲမှာ ပေါ်နေတာကို ပြောချင်ပါတယ်။ လူမှုရေးအားကောင်းခြင်း လို့ ဆိုရမဲ့ ခေါင်းစဉ်လေးပါ။

မောင် နီ က လူမှုရေးအားကောင်းတယ် ။ မဖြူက လူမှုရေး အားကောင်းတယ် ဆိုပြီး ကြားရလေ့ရှိပါတယ်။ ဒီလိုကြားလိုက်တာနဲ့ မသိစိတ်မှာ လက်ခံလိုက်မိတာက အဲလိုအသိအမှတ်ပြုခံရသူဟာ လူမှုရေးဘက်မှာ အပြုသဘောဆောင်တဲ့သူလို့ အလိုလို နားလည်လိုက်ပါတယ်။ သူ့မှာ ဘယ်သူမှ မခိုင်းပါပဲ အလိုလို ကူညီချင်တဲ့ စိတ်ဓါတ် ပါနေတယ်လို့ တပြိုင်တည်း နားလည်ပါတယ်။ ဘာသာရပ်စကားနဲ့ ပြောမယ်ဆိုရင် လူမှုဝန်ထမ်းစိတ်ဓါတ် လို့ ဆိုရပါမယ်။ လူမှုရေး အားကောင်းတယ် ဆိုတဲ့လူကတော့ သူ့ရဲ့ ပင်ကိုယ်စိတ်ကနေကိုယ် လိုလိုလားလား နဲ့ အရူံးအမြတ် အမည်နာမ ဂုဏ် တွေ မလိုပဲ လိုချင်ကိုင်ချင်စိတ် ပင်ကိုယ်ရေခံမြေခံ အားကောင်းတဲ့ စိတ်ဓါတ် ရှိနေတာလေးတွေပါ။ တကယ့်ကို မွန်မြတ်လှတဲ့ စိတ်ထားပါ။ လူတိုင်းမှာ ရှိဖို့လွယ်ပါတယ်။ ဘယ်လို ကိစ္စလေးတွေလည်း ဆိုရင် ရပ်ရေးရွာရေးထဲ မခိုင်းရပါပဲ သွားရောက်ကူညီတာမျိုး. တစုံတယောက်က လမ်းမသိပဲဖြစ်နေရင် ပြောပြချင်တာမျိုး သူများခံစားချက်ကို နားထောင်ရင်း အားပေးကူညီတာမျိုးတွေပါ..။ ကျွန်မဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံအရတော့ မြန်မာလူမျိုးစု အများစုကတော့ ဒီလိုစိတ်တွေ သိပ်အားသန်ကြပါတယ်။ ကူညီချင်တဲ့ စိတ်အားတွေ အများကြီးရှိတယ်။ ခေတ်တိုင်းမှာ ရှိနေတယ်. ချစ်စရာလည်း ကောင်းတယ်။ ဒီအချက်ကိုတော့ …လူမှုအားကောင်းတဲ့ အပြုအမူ… လို့ခေါ်ပါတယ်။ နံပါတ် (၁) အရေးပါတဲ့ အချက်ပေါ့။ ဒါပေမယ့် လူမှုရေး အားကောင်းတဲ့လူဆိုတာ ဒီအချက်ကလေးတခု တည်းပဲလို့ ထင်မှတ်နေတဲ့ ကျွန်မအတွက် နောက်ထပ်အချက်တွေ ကျန်နေသေးတယ် ဆိုတာ ကို ကိုယ့်ကိုယ်ကိုယ် သတိပေးရင်း ကျန်တဲ့အချက်တွေကိုပါ မျှဝေချင်တာပါ။ ကျန်တဲ့အချက်များကတော့



၂ ...။ နားလည်ခံစားပေးတက်ခြင်း

နားလည်ခံစားပေးတက်ဖို့ဆိုတာ တချို့ကိစ္စတွေမှာ လွယ်ပါတယ်။ ဥပမာအားဖြင့် .. မလှ အဖေ ဆုံးသွားတယ် မောင်နီ မြွေကိုက်ခံရတယ်ဆိုပါစို့ သနားမယ် .. နိုင်သလောက် ဝိုင်းလုပ်ပေးကြပါလိမ့်မယ်။ ဒါပေမယ့် နေရာတိုင်းမှာ ခံစားပေးတက်ဖို့ဆိုတာခက်တယ်။ တခါတလေ ကိုယ်လက်မခံချင်တာမျိုး တွေ့ကြုံရတဲ့အခါမှာပေါ့။ ဒီကနေ့ခေတ်ကြီးမှာ အပြောင်းအလဲတွေ သိပ်များပါတယ်။ မမြင်ချင်တာတွေ မကြားချင်တာတွေ အများကြီး နေ့စဉ် ကြုံနေရတက်ပါတယ်။ ဥပမာအားဖြင့် ကိုယ်နဲ့ ခင်မင် ရင်းနှီးတဲ့ သူတယောက် ယောက်ရဲ့ သားသမီး. အိမ်မှာအနေနည်းတယ်..မိဘစကားနားမထောင်ဘူး လို့ ကြားမိထားတယ် ဆိုပါစို့.. ဒီကလေးကို ဘယ်လို ကိုယ်က တုန့်ပြန်မလဲ ..ဘယ်လို နားလည်ပေးမလဲ သိပ်အရေးကြီးပါတယ်။ ကိုယ့်ဘက်ကကြည့်ရင် သိပ်လွယ်ပါတယ်။ အများပြောသလိုပဲ ဆိုးတဲ့ကလေးတယောက်လို့ သတ်မှတ်ခေါ်လိုက်ရုံ့ပါပဲ ဒီ့ထက်မပိုပါဘူး။ ဒါဆိုရင် လူမှုရေး အားနည်းသွားတယ်လို့ယူဆရပါတယ်။ အကယ်၍ ကိုယ်ကသာ လူမှုရေးအားကောင်းတဲ့ လူတယောက်ဖြစ်ခဲ့မယ်ဆိုရင် ဒီလိုမတွေးပါဘူး။ ကလေးဘာခံစားနေရလဲ .. သူ့နေရာကသာဆိုရင် ဆိုပြီး ဝင်ခံစားတက်ပေးရမှာဖြစ်ပါတယ်။ လွယ်လွယ်နဲ့ ကောက်ချက်မချသလို အပြစ်တင်လည်း မစောပါဘူး။ မြန်မာလို လှအောင်ပြောရင် ကိုယ်ချင်စာတရား ထားတက်မှု ပါပဲ။ ကိုယ်ချင်စားတရား ထားတယ်ဆိုတာ နိမ့်သူ မြင့်သူ ချစ်သူ တွေ အတွက် ပဲ မဟုတ်ပဲ ..ဘယ်သူ့အပေါ်မှာပဲဖြစ်ဖြစ် နားလည်စာနာတက်တဲ့ စိတ်ကလေး အခြားဘက်ကနေ ဝင်ခံစားပေးတက်တာမျိုးကို ခေါ်မလားပဲ။ ကလေး နဲ့ သူ့မိဘများကို အသုံးမကျဘူးလို့ အပြစ်တင်နေမဲ့အစား ကလေးဘက် မိဘဘက်ကနေ ဝင်ခံစားပေးတာမျိုးကြတော့ခက်ပါလိမ့်မယ်။ လုပ်ဖို့လွယ်သလားမေးရင် မလွယ်ဘူး။ ခက်တယ်။ ကျိုးစားပြီးလုပ်ရင် အခြားဘက်တခုကို အကောင်းမြင်ပေးတက်တာလေးတွေ ဖြစ်လာတက်တယ်။ ဒီစိတ်အားကောင်းအောင် လေ့ကျင့်ပေးရင် ရမယ်ထင်ပါတယ်။ ကျောင်းဖွင့်ပွဲတုန်းက ပီအိတ်ခ်ျဒီ ကျောင်းသားတယောက်ပြောတာကို သတိယပါတယ်။ သိပ်ကောင်းတဲ့ ဥပမာလေးပါ။ သူပြောတာက နော်ဝေးမှာ လူအများကြီး အသတ်ခံလိုက်ရတာကို သနားနေတာထက် ကျန်နေသူတွေ တယောက်အပေါ် တယောက် ဘယ်လိုနားလည်စာနာ ထောက်ထားမလဲ ဖေးမကြမလဲ ဆိုတာ ပိုအရေးကြီးပါတယ်တဲ့ ။ဘက်နှစ်ဘက်က ကြည့်ပေးတက်အောင် ကျိုးစားခြင်းလို့ နားလည်ပါတယ်။ ပြောရင်လွယ်တယ် လိုက်လုပ်ရတာခက်လှပါတယ်။ ဒါကြောင့် တချို့က ပြောပါတယ်။ သေမှ မလွမ်းနဲ့တဲ့။

၃..။ ကိုယ့်ကိုယ်ကိုယ် ထိမ်းချုပ်တက်တာ

လူတချို့မှာ ကိုယ့်အတွက် ကိုယ့်အတွက် လို့ပဲ တွေးနေသလို တကယ်လည်း ကိုယ့်အတွက်ပဲဆိုကာ နင်ပဲငဆ လုပ်တာမျိုးတွေ ရှိတက်ပါတယ်။ တကယ်တော့ ကိုယ့်လိုအင်ကို ထိမ်းချုပ်ရတာ ခက်ပါတယ်။ ဥပမာ စကားအရမ်းပြောချင်တဲ့သူဟာ သူများအလှည့်ကို စောင့်ဖို့ထက် ကိုယ်ပြောချင်တာကိုပဲ မနားတမ်း ပြောတက်သလို သူများဘာပြောသလဲဆိုတာလည်း နားထောင်ဖို့ အားနည်းတက်ပါတယ်။ ကိုယ့်အတွက်ပဲလို့ စဉ်းစားတက်သူတွေဟာ သူများအတွက်ဆိုတာကို စဉ်းစားတာ သိပ်အားနည်းတယ်။ ဥပမာအားဖြင့် လိုင်းကားစီးတယ်ဆိုပါစို့။ အလယ်ကောင်မှာ နေရာရှိပါရလျှက်နဲ့ နောက်လူအတွက် မစဉ်းစားပဲ ရွေ့ပေးရမှာဝန်လေးနေတက်တယ်။ ကားသမားပြောလည်း ခပ်တည်တည်ပဲ မရွေ့ဘူး (နော်ဝေးမှာတော့ ကားသမားလည်း အော်ပြောတယ်. ကားရထားမောင်းတဲ့ လူလည်း လော်ကြီးနဲ့အော်လည်း မရွေ့တဲ့သူတွေ ရှိတယ်) ။ ပေကပ်ကပ်နဲ့ ဆက်နေတုန်းပဲ ။နောက်လူတွေလည်း ငါ့လိုပဲ နေရာတခုရောက်ဖို့ ဒီကား..ရထား စီးမှဖြစ်မယ်ဆိုတဲ့ အသိတရားလေးတခု အားနည်းနေတက်ပါတယ်။ ငါ့အတွက် င့ါအတွက် ဆိုတာတွေ ပိုအားကောင်းနေတက်တဲ့ သူတွေပေါ့။ ကိုယ်ကိုယ်ကိုယ် ထိမ်းချုပ်ဖို့ ခက်နေတဲ့ အတ္တက လွမ်းမိုးခံနေရတာများတယ်။ ဒါဟာလည်း လူမှုရေးအားနည်းတဲ့ အချက်တခုပါပဲ။

၎..။ ကိုယ်ပြော (လို) ချင်တာကို ပြောဆိုတက်မှု

ကိုယ်လုပ်ချင်တာလေးကိုလည်း ဦးဆောင်ဦးရွက်ပြုကာ လုပ်တက်ကိုင်တက်တာလေးပေါ့။ ဥပမာအားဖြင့် အဖွဲ့လေးတခု (လူမှုရေး)လုပ်ငန်း မှာ ဖြည့်ဆည်းပေးချင်တဲ့ စိတ်ရှိတယ်ဆိုပါစို့။ ဒါကို အကျိုးအမြတ်မတွက်ပဲ လိုလိုချင်ချင်လေး ဦးဆောင်ဦးရွက်ပြုတာမျိုးပါ။ ကိုယ်ပြောချင်တာကို ရဲရဲဝံ့ဝံ့ တင်ပြပြောဆိုတာမျိုးပေါ့။ မရရင် ရအောင် ပြောတက်ဆိုတက်တာမျိုးပါ။ ဒါပေမယ့်လည်း ကိုယ်ပြောဆိုတာကတော့ အပြုသဘော တော့ ဖြစ်ရပါလိမ့်မယ်။ ဥပမာအားဖြင့်… ကိုယ့်က အဖွဲ့ထဲမှာ ကိုယ့်စကားကို နားထောင်တဲ့သူ မရှိဖြစ်နေတယ်ဆိုပါစို့။ ကိုယ့်အသံကို သူတို့ကို သိစေချင်ရင်.. ကျွန်မပြောတာကို နားထောင်စေချင်တယ်.. ကျွန်မခံစားရတာ လိုအပ်နေတာ စသဖြင့် ဘာကြောင့်လုပ်ချင်တယ်.. ဖြစ်သင့်တာက ဘာကြောင့်.. လုပ်ဖြစ်ရင် ဘယ်လိုအကျိုးများမယ် စတာမျိုးတွေပါ။ ကိုယ်ကိုယ်ကိုယ်တိုင်က အပြုသဘောဆောင် ဦးဆောင်တာမျိုးဖြစ်တဲ့အပြင် သူများတွေ ပါချင်လာအောင်လည်း ခေါ်ဆောင်နိုင်တဲ့ စွမ်းရည်စွမ်းပကားပါ။

၅..။ အရယ်အမော နဲ့ သူများဆိုလိုတာကို သိတက်ခြင်း

လူအုပ်စုနဲ့ ဆုံကြတဲ့အခါမျိုးမှာပဲဖြစ်ဖြစ် မိသားစုထဲမှာပဲဖြစ်ဖြစ်.. တခြားတဦးက ဆိုလိုတာကို နားလည်ပြီး အရယ်အမောနဲ့ တုန့်ပြန်တက်တာမျိုးကလေး ဒီလူမှုရေး အားကောင်းတဲ့ အချက်တခုဖြစ်မလားပါပဲ..။


ကျွန်မသိသလောက်တော့ ဒီလောက်ပါပဲ..လူမှုရေးအားကောင်းတယ်ဆိုတာ တိကျတဲ့ အဖြေလို့မရှိပေမဲ့ ဒီလိုအချက်လေးတွေကတော့ ပါဝင်နေတယ်လို့ မှတ်သားရပါတယ်။ ဒါဆိုရင် လူမှုရေးအသိစိတ်ဓါတ် အားကောင်းတဲ့အရည်အချင်း ပြည့်ဝသူတယောက် ဖြစ်လာနိုင်ပါတယ်။ ဒီစိတ်ဓါတ်က လေ့ကျင့်ယူရင် ရနိုင်သလို ရှိပြီးသားစိတ်ထားကောင်းကိုလည်း ပံ့ပိုးပေးလိုက်ရင် ကောင်းတဲ့စိတ်ထားလေးတွေ ဖြစ်လာပါလိမ့်မယ်။ ဒီသဘောမှာတော့ အရူံးအနိုင် မရှိသလို အပေးအယူသဘောလည်း မရှိဘူးလို့မြင်ပါတယ်။ သူ့ဘာသာ အလိုအလျှောက်ဖြစ်လာလေးတွေပါပဲ။ ချစ်စရာကောင်းသလို အများအတွက် ကိုယ့်အတွက် ကြည်နူးစရာ ချစ်စရာကောင်းတဲ့ စရိုက်ကောင်းတခုဖြစ်တယ်လို့ ခံယူရင်း။


ဘာမှမရေးသော်လည်း ဘလော့ကို လာနေသူများရှိနေပါတယ်။ အားနာပါတယ်။ တကယ်လည်း မအားပဲဖြစ်နေပါတယ်။ ဒီနေ့တော့ အချိန်နဲနဲ ချမ်းသာတာနဲ့ ထမင်းမစားပဲ (ခေါက်ဆွဲပဲစားကာ )စာထိုင်ရေးမိပါတယ်။ အချိန်ယူကာ လာကြသူများ အားလုံးကို ကျေးဇူးတင်ပါတယ်..။

စာလာဖတ်သူများကို လေးစားစွာဖြင့်

မဗေဒါ

( ၁၈.၁၁.၂၀၁၁)


0 ဦး၏ဆွေးနွေးချက်: