Friday, May 21, 2010

ရင်နဲ့ရေး၍ ရင်ဖြင့် ဖတ်စေချင်သည်..

လေးစားရပါသော ဆရာကြီး ရှင့်..

အပူမီးတွေ အများကြီးကို ဖတ်ရတဲ့အခါမှာ ဒီစာတိုလေးတော့ ရေးချင်စိတ်ပေါက်ပါတယ်..။ ရေးချင်တာက အကြောင်း (၂) ခုပါ..။ နံပါတ် တစ် တချက်အနေနဲ့ ဆရာရဲ့ အားမာန် သတ္တိ ( စိတ်နှလုံး.. ခန္ဓာကိုယ်) နဲ့ အရင်းတည်တာ မှတ်တမ်းတင်ချင်တာရယ် .. နောက်တချက်ကတော့ ဒီလို စာမျိုးတွေ မြန်မာ့သမိုင်း မှာ နောင် မတွေ့ရပါစေနဲ့ ဆိုတဲ့ အတွေးလေးနဲ့ ရေးချင်တာပါ..။ အခုရေးနေရင်းနဲ့ပဲ (၁၄၄) ယောက်မြောက် (ကိုကျော်စိုး) သေဆုံးသွားကြောင်း ဘီဘီစီက လွင့်သွားတယ်..။ ရေးနေရင်း စိတ်အတော် ညစ်သွားတယ်..။ ဒါပေမဲ့ ဆရာတောင် ဦးသော်ကအတွက် အမျှဝေနိုင်ခဲ့သေးတာ မဗေဒါလည်း အားမွေးပြီး ရေးပါ့မယ်..။

ဆရာရေးတဲ့ စာအုပ်ကို ကြော်ငြာ တွေ့နေတာ ကြာပါပြီ.. မတ်လထဲက ထင်ပါတယ်..။ နောက် အင်တာနက်မှာလည်း ဖတ်ချင်ရင် ဖတ်ခွင့် ရှိပါသေးတယ်..။ ဒါပေမဲ့ အဲလောက်များတဲ့ စာတွေကို အင်တာနက်ပေါ်မှာ မဖတ်ချင်တာရယ်.. စာအုပ်ကို သတိယတိုင်း ပြန်ကြည့်ချင်တာရယ်.. အေးအေးလူလူ ဖတ်ချင်တာရယ် .. စာအုပ်ကို မက်မောတာရယ်ကြောင့် ကျန်ခဲ့တဲ့ တန်ခူးလပြည့်မှာ တခုတ်တရ ဝယ်ဖြစ်ခဲ့ပါတယ်..။ ချက်ချင်းဖတ်ဖို့ မဖြစ်ခဲ့ပါဘူး.. ဆရာ။ အားယူရပါတယ်.. စိတ်ထဲမှာ အနိဌာရုံတွေ ဆိုတာ သိထားတယ်.. ကြေကွဲစရာတွေ လာမယ်ဆိုတာ သိထားတာကြောင့် အားယူနေတုန်း သားလေးဖျားနေတာနဲ့ အနားရပြီး ဖတ်တော့မယ်ဟဲ့ဆိုပြီး ဖတ်ဖြစ်ခဲ့ပါတယ်..။ ကြေကွဲစရာတွေထဲက အမှတ်ရတာတွေ နဲ့ ဆရာ့သတ္တိတွေကို ဘလော့လေးမှာ တင်ချင်ပါတယ်..။.. အင်မတန် မာလှတဲ့ ဆရာ့ အရေးအသားများကြောင့် အမှန်တရားချစ်စိတ်တွေ ကျွန်မ၏ ခန္ဓာကိုယ်အနံ့ ရောက်ရှိလိမ့်မည် ဟု မထင်ခဲ့မိပါ..ဆရာ.. ဖတ်ပြီးမှ အတော်လေး မှားသွားမှန်း နောင်တရမိပါတယ် ..။

၁..။ ဆရာအင်မတန် သတ္တိရှိသူဖြစ်ကြောင်း ဆရာ့ခန္ဓာကိုယ်ပေါ်မှာ မရှိတော့တဲ့ သွားတွေ.. မွေးရာပါပစ္စည်း..။ ကျခဲ့ပြီး ကုခွင့် အတော်ကြာမှ ရခဲ့တဲ့ အူကျရောဂါ..။ သွားဖုံးနဲ့ ခွေးအန်ဖတ်တွေကို နှစ်ပေါင်း ၂၀ နည်းပါး ပွတ်ချေခဲ့တာကို ဖတ်ရတဲ့အခါ .. (စာ..၂၇..၄၂)

၂..။ အတုအယောင် လွတ်လပ်မှုတွေ ဖြူခါပြခါ ကျသွားခဲ့တဲ့ လူ့ဂုဏ်သိက္ခာတွေအကြောင်း .. အယုတ္တ အနတ္တ အပြုအမူတွေ.. ။ အရိုင်းဘုံ .. အမုန်းသံသရာ လည်နေတဲ့ လူ့သံသရာဘုံ အာဃတ ဘုံကို ဖွင့်ဆိုထားတာကို သိရတဲ့အခါ..။ ( စာ.. ၂၇)

၃..။ အလုပ်ဆို ` နိုး` ဘုတ်ဆို ` နိုး` ဆိုပြီး ခြောက်..မြှေက်.. ချော့ တိုင်း မကြောက်ပဲ.. ထောက်လှမ်းရေးတွေ လှည့်တာကို ခေါင်းမလည်ဖို့ သတိပေးတာကို ဖတ်ရတဲ့အခါ..။ (စာ..၅၉ )

၎..။ တရုတ်ကလေး တယောက်ရဲ့ ` ဟား` တိုက်ပွဲကို အတုယူဖို့ အာဏာရှင်တွေ ကို ဟားတိုက်ပွဲ နဲ့ အနိုင်ယူ တဲ့နည်းတနည်း အဖြစ် သိခွင့်ရတဲ့အခါ .. ( စာ.. ၆၈)

၅…။ `များ `ပါလို့ ထောင် နိုင်ငံရေး အခြေအနေ အကြပ်အတည်းတွေကြား တခြားနိုင်ငံရေး သမားများနဲ့ အဆင်ပြေအောင် ပေါင်းကူးနည်း အသစ် ကို ရှာဖွေခဲ့တာကို သိရတဲ့အခါ..။ ( စာ.. ၇၅)

၆..။ ကျွတ်ကျွတ်အိတ် . ပလပ်စတစ်အိတ်တွေကို စက္ကူ အရွယ်ဖြတ် ( ပေါင်ပေါ်တင်.. ရေးပြီး စာတွေကို ဖြန့်နိုင်အောင် နိုင်ငံရေးသမားတွေနဲ့ ပေါင်းကူးလုပ်ခဲ့တာကို သိရတဲ့အခါ..။ ( စာ ၇၈)

၇..။ နိုင်ငံရေးသမားတွေရဲ့ စိတ်ဓာတ်တွေကို ရိုက်ချိုး နှိပ်စက်နည်း တွေ ထဲကမှ ဒေါတ်တာ တင်မျိုးဝင်း ကို ကိုယ်လုံးတီးနဲ့ တိုက်တကာရှေ့လှည့်ခိုင်းပြီး `ကျွန်တော်တင်မျိုးဝင်း `ပါလို့ အော်ခိုင်းတာ.. ဦးသိန်းဟန် (ရှေ့နေ) က လက်လိမ်ချိုးတာကို ဖတ်ရသိရတဲ့အခါ.. ။ (စာ ၈၁)

၈..။ အမ်စတာဒမ်အထိ အစိုးရက ကိုယ်စားလှယ်လွတ်ပြီး သတင်းထုတ်တာတွေ ကိုရပ်ခိုင်း.. အဲဒီကတည်းက သတင်းစာ သတ္တိတွေ.. မာန်တွေ…ထောင်ထဲထိ ပါလာတာကို သိရတဲ့အခါ..။ (စာ..၈၄)

၉..။ နှစ်ပေါင်း (၁၀၀) ကျော်မှာ (၁၉၉၄ ) ပထမဆုံး အကြိမ် ကျွဲကြီး.. နဲ့ နောက်လူတယောက် .. ပြီးတော့ ကိုမြင့်အောင် ဟီးရိုးလုပ် ထောင်ကို ကျော်ထွက်ခဲ့ပုံတွေကို သိရတဲ့အခါ.. ။ (စာ .၉၄)

၁၀..။ ငါရဲ့ စိတ်တွေ လွတ်လွတ်လပ်လပ် လွင့်ပျံ့လှုပ်ရှား နေနိုင်သလို ခန္ဓာကိုယ် ကြီးရဲ့ အစိတ်အပိုင်းလေး တခု လွတ်လပ်စေချင်လို့ ဆိုတဲ့ ဆရာကြီး ရွေဥဒေါင်း ထောင်ကျစဉ်က သုံးခဲ့တဲ့ ခြေလက် ကလေးတွေကို လွတ်လပ်ရေး ပေးပုံလေးကို သိရတဲ့အခါ..။ (စာ.. ၁၃၂)

၁၁..။ ထောင်ဝင်စာ သွားတွေ့တဲ့အခါ အင်မတန်မှ အရှာထူတဲ့ စစ်ဆေးရေးသမားတွေကို လုံချည်ချွတ်ပြီး ` ကိုင်း.. ရှာကွာ.. ဖျစ်ကွာ.. ညှစ်ကွာ` ဆိုပြီး ကိုယ်တုံးလုံးချွတ်ပြီး ရွတ်ပြခဲ့တဲ့ ဦး ( တင်ထွဋ္ဋ် ) ရဲ့ အကြောင်းကို သိရတဲ့အခါ .. ( စာ.. ၁၄၃)

၁၂..။ အသေမစိတ်အောင် လုပ်ဖို့ ညွန်ကြားဟန် အမိန့်လို လုပ်ထားတဲ့ ဗိုလ်မှူးကြီး အုန်းဟန်ရဲ့ ညွန်ချက်ကို ပြန်ပြောနေတဲ့ တစ်ပွင့်ထောင်မှူးကြီး မိုးဟိန်းတို့ရဲ့ စိတ်ဓာတ်ကို သိခွင့်ရခဲ့တဲ့အခါ (စာ.. ၁၄၇)

၁၃..။ ဒေါ်စု ခိုင်းသမျှ လုပ်တာမဟုတ် .. နောက်လိုက်ပီပီ.. နောက်လိုက်လိုပဲ လုပ်တယ်.. ဆရာ့ကိုယ် ဆရာ ပွဲမထုတ်.. ဝင် ဆန့်အောင် မလုပ်ပဲ.. ဓာတ်ပုံတောင် အတူတွဲ မရိုက်ဖူးခဲ့တဲ့ ဆရာ့ စိတ်ဓာတ်ကို သိရတဲ့အခါ (စာ.. ၂၂၅)

၁၄..။ နိုင်ငံရေး အကျဉ်းသားရဲ့ ဇနီး.. သားသမီးတွေဟာ … နိုင်ငံရေး သယံဇာတရင်း မြစ်တွေမျှသာ မဟုတ်.. သူတို့ ဟာ နိုင်ငံရေး တိုက်ပွဲဝင် သူရဲကောင်း တွေဖြစ်တယ်လို့ ဂုဏ်ပြုစကား ဖတ်ရတဲ့အခါ။ (စာ..၂၄၃)

၁၅..။ လူတွေကို ထမင်း ဝအောင်မကျွေးပဲ .. ထောင် ဝန်ထမ်း သားမယား တွေ ရဲ့..ဝက်စာကို …. ပေးခဲ့တာတွေအတွက် တိုက်ပွဲဝင်ခဲ့တာကို သိခွင့်ရတဲ့အခါ ။ ( စာ..၂၆၀)


၁၆..။ ခွေးနာလို နေရတဲ့ နိုင်ငံရေးအကျဉ်းသား ဘဝတွေထက် ပိုဆိုးတဲ့ သာမာန်အကျဉ်းကျ သူတွေအတွက် ပင်ညဲရိုး လာတုန်းက ခေါင်းပုံဖြတ်ခံရတာတွေ.. အနိုင်ကျင့်ခံရတာ.. ပစ်ပယ်ခံထားရတာတွေ အတွက် တင်ပြ တောင်းဆိုခဲ့တာကို သိခွင့် ရတဲ့အခါ ( စာ..၂၇၂)

၁၈..။ ဦးနေဝင်းရဲ့ မြေး ကိုအေးနေဝင်း.. က.. ကိုမင်းကိုနိုင် အန်တီစုတို့ကို လွတ်စေချင်တယ်.. ပါတီနိုင်ငံရေးထက် တိုင်းပြည်ကို ကောင်းစေချင်တာ.. တိုင်းပြည်တိုးတက်စေချင်တာ ပါဆိုတဲ့ စေတနာတွေကို ဖတ်ရတဲ့အခါ (စာ… ၂၈၉)

၁၉..။ စစ်အာရှင် ယန္တယားကြီး မကြာမီ မီးစာကုန်တော့မှာမို့ အရေးတော်ပုံကြီးကို ဆက်လက်ဆင်နွဲ မယ်လို့ ယုံကြည် ခိုင်မြဲနေတာကို သိခွင့်ရတဲ့အခါ … ( စာ.. ၃၀၀)

၂၀..။ နောက်ဆုံး ဆရာ ထောင်ဝတ်စုံ သင်္ကေတ နဲ့ ထောင်ပြင်ကို ထွက်ခဲ့တာဟာ အားလုံးသော ပြည်သူတွေ ထောင်ကျနေတယ်ဆိုတာကိုယ်စားပြုသွားတဲ့ .. ဆရာ့အသံကို အင်တာဗျုးမှာ ကြားခဲ့ရတဲ့အခါ .. ဆရာကို ရင်ထဲကနေ စကားတွေ အများကြီး ပြောနေမိတယ်.. ဆရာ..။ အသက် (၈၀) မှာ ကြုံခဲ့ရတာတွေကတော့ ကမ္ဘာမြေလောကကြီးထက်တောင် ပိုကျယ်ဝန်းနက်ရှိုင်း နေမလားပဲလို့ ရေးရင်း .. တွေးရင်း.. ကျွန်မတို့ လွတ်လပ်ရေးအတွက် ကျိုးစားရပါဦးမည်လို့ ဆိုချင်ပါတယ်..။

ကျွန်မစာရေးရင်း တွေးနေမိတယ်ဆရာ.. အသက် (၈၀) ကျော်လာပြီဆိုတော့ ဆရာ့မှာ အရင်လို အားမာန်တွေနဲ့ ဒင်းတို့ကို ရင်ဆိုင်နိုင်ပါ့ဦးမလားလို့ပါ..။ ဒါပေမဲ့ ဆရာ့မှာ သိပ်ကောင်းတဲ့ သတ္တိတွေက မွေးရာပါ ဖြစ်မယ်ဆိုတာနဲ့ တရားမျှတမှု မရှိတဲ့ တိုက်ပွဲမှာ အဖိနှိပ်ခံတွေဘက်ကနေ ဆရာဟာ အသက်ရှင်နေသ၍ စစ်အာဏာရှင်တွေ သက်ဆိုးရှည်သရွေ့ ရပ်တည်ပေးနေမယ်ဆိုတာ ကတော့ အသေအချာဆိုတာကို ယုံကြည်နေမိတယ်...။ ..ဆရာ ဖြစ်စေချင်တာတွေ တနေ့ ဖြစ်ရမှာပါလို့ စိတ်ထဲမှာ ကြုံးဝါးနေတယ် ဆရာ..။


( ကျွန်မတို့ အားလုံး ဖိနှိပ်မှု.. မတရားမှု တွေအတွက် ရတဲ့နေရာကနေ နိုင်တာ တခုခု လုပ်ကြရမည် ဟု ယူဆရင်း.. )

မဗေဒါ (၈၈)
၂၁.၀၅.၂၀၁၀

8 ဦး၏ဆွေးနွေးချက်:

Nge Naing said...

ထောင်အတွေ့အကြုံတွေကို ဖတ်ရ၊ နားထောင်ရတာ ခံနိုင်ရည်မရှိ၊ ခံပြင်းလွန်းတော့ စိတ်ထားမတတ်ရင် အကုသိုလ် များလွန်းလို့ တော်တော်နဲ့ မဖတ်ဖြစ်ဘူး။ အခုလည်း သူငယ်ချင်း Summary လုပ်ပြီး ပြောထားတာတောင် ဒီလောက် အခြေအနေဆိုးရင် ကိုယ်တိုင်ဖတ်ဖို့ ဆိုရင်တော့ ဒီအတိုင်း ချက်ချင်း သွားဖတ်လို့တော့ ဖြစ်မှာမဟုတ်ဘူး။ ဒီလို စက်ဆုတ်ဖွယ်တွေကို ခံနိုင်ရည် ရှိတဲ့နှလုံးသားကို ကြိုပြင်ထားပြီးမှပဲ ဖြစ်မယ်။

မတရားမှုဆိုတာ နောက်ဆုံး ကျဆုံးရမှာပါ။

မောင်ပါလ said...

ရင်နဲ့လာဖတ်သွားပါတယ်။ e-book အနေနဲ့လည်းဖတ်ပြီးပါပြီ။ အားမရလို့ စာအုပ်မရမကလိုက်ရှာပြီး စာအုပ်နဲ့ဖတ်ပြီးပါပြီ။ ဖတ်လေ စိတ်နာလေ ပါပဲဗျာ။

Zay Tar Yar said...

အီးဘွတ်တော့ဖက်ဘူးသပေါ့မမရယ် ဘဘဦးဝင်းတင်
စာအုပ်တင်ဘယ်ကပါလိမ့်မလဲ ဆရာဗန်းမော်တင်အောင်
ဆရာကြီလူထုဦးလှ နောက်တယောက်ရှိသေးတယ် ရေ
ကြည်အိုင်မှတ်တမ်းတို့ ဆိုတာတွေလဲဖက်သပေါ့ မမရေ
ထောင်တဲ့ဗျ ထောင် ထောင် ထောင် ဆိုတာ အိုအေစစ်
မဟုတ်ပေဘူးမို့လား ၊ တရံတခါမတော့ စာအုပ်နောက်
လိုက်မသွားဘဲ စာကိုသာ ဖက်ဘို့ကောင်းသပေါ့ မမရယ်
စာပေကိုစာပေလို့သားမြင်လိုက်ပါ စိတ်အမွန်းကြပ်မခံပါ
နဲ့ အချိန်ကစကားပြောသွားပါလိမ့်မယ်ခင်များ ဇေတာ
ရာပါ..........။

Unknown said...

အမရေ..
ဘလော့ဂ်ပြောင်းလိုက်တာ ချက်ချင်းမသိတာကြောင့် နောက်ကျသွားတယ်၊၊ မငယ်နိုင် ဘလော့ဂ် ကနေ ရှာတွေ့ ပြီး ပြန်ရောက်လာပါတယ်၊၊ စာတွေ အများကြီးလာဖတ် သွားပါတယ်၊၊ အမ သားလေး အမြန်နေကောင်းပါစေလို့ ၊၊

Under Water World said...

Summary တွေကိုဖတ်ရတာနဲ့တင် အပြည့်အစုံကို ဖတ်ဖို့အားမရှိတော့ဘူး ။ ဖတ်ပြီးရင် ရင်ထဲမှာ တစစ် စစ်နဲ့ခံစားရဦးမယ် ။ သိစိတ်က ပြန်ချင်ပေမဲ့ မသိစိတ် ကတော့ သူတို့တွေကြောင့် မပြန်ချင်ဘူး ။ ဒီလိုနဲ့ လူငယ်ပညာတတ်ပေါင်းများစွာ ထောင်ထဲမှာ ၊ အခြားနိုင်ငံတွေအသီးသီးမှာ .........

Thet Oo said...

ထောင်က ထွက်လာပြီးတော့ `ကျနော် နိုင်ငံရေးကို ဆက်လုပ်မယ်။ ထမင်းကို တနပ်ပဲစားရလည်း ဖြစ်တယ်` ဆိုတဲ့ အင်တာဗျူးကို ကြားရတဲ့အခါ... ဆရာဦးဝင်းတင်ကို လေးစားမိပါတယ်ဗျာ။

mabaydar88 said...

ဟုတ်ပါတယ်ရှင်.. ဆရာကြီးရဲ့ ပေးဆပ်မှုတွေ က အဖိုး မဖြတ်နိုင်သလို တွေးလိုက်တိုင်း ကြက်သီ်းတွေ တဖွားဖွား ထလာတက်တယ်.. နဂိုက ငါ အေးဆေးနေကြည့်မယ်.. နိုင်ငံရေး ကိစ္စလေး နဲနဲ မေ့ထားရင်ကောင်းမယ်လို့ စဉ်းစားလိုက်တိုင်း ဆရာကြီးရဲ့ စိတ်တွေကိုမြင်ရတဲ့အခါ.. ကြားရတဲ့အခါ ငါတို့ တခုခုမလုပ်ရင် တန်ဖိုးမဲ့သလို ခံစားရမိတယ်.. ဒါကြောင့် ကျွန်မတို့ အားလုံး တိုင်းပြည်အတွက် တခုခုတော့ နိုင်သလောက် လုပ်နေမှ ရမယ်လို့ ခံယူမိတယ်..။

ဆရာ့လို လူတွေအတွက် ကျွန်မတို့ အစဉ်ဂုဏ်ယူတက်အောင်
နောင်လူသားတွေ သိအောင် အသိပေးရမယ်.. ။ ဒီလို နစ်နာခံတဲ့သူတွေ ရှိမှ ကျွန်မတို့တွေ လိုချင်တဲ့ ပန်းတိုင်ကို ရောက်အောင် သွားနိုင်မယ်ထင်ပါတယ်..။


မဗေဒါ (၈၈)

ပေါ့ဆိမ့် said...

အမရေ ...
ရင်နဲ့ရေး၍ ရင်ဖြင့် ဖတ်စေချင်သည်.. လေးကို ဖတ်ခဲ့ပါတယ်။ စာအုပ်မဖတ်ဘူးသေးတော့ အမ ထုတ်ထားတဲ့ အချက်ကလေးတွေပဲ လောလောဆယ် ဖတ်သွားပါတယ်...
ပေါ့ဆိမ့် ( ဆင်တဲကဖေး )