Thursday, March 15, 2012

အပြောင်းအလဲ လေကြောင်းထဲဝယ်


အပြောင်းအလဲ လေတွေ တိုက်ခတ်လာတဲ့အခါမှာ တချို့က ရှောင်ရှားဖို့ ကြိုးစားကြတယ် တချို့ကတော့ လေဒဏ် ရေဒဏ်ကို ခံနိုင်မဲ့ အဆောက်အအုံ လေရဟတ် လိုဟာမျိုးကြီးတွေ ကို တည်ဆောက်ကြတယ်..။

ကျွန်မတို့ပြောနေကျ စကားလေးတခွန်းပါ.. အပြောင်းအလဲက သိပ်ကောင်းတယ်..ကြည်နှူးစရာ ဆိုတာပါ..။ ဒါဟာတကယ်တော့လည်း အမြဲတမ်း မမှန်ပြန်ပါဘူး။ တကယ်လို့သာ အပြောင်းအလဲက ကိုယ်ဖြစ်ချင်တာနဲ့ ဆန့်ကျင်နေတယ် ဆိုရင် ဘယ်ပျော်ရွှင်နိုင်ကြမလဲ။ မဖြစ်ချင်တဲ့ မမျှော်လင့်တဲ့ အပြောင်းအလဲ တခုခုများ ဘဝမှာ ဖြစ်ခဲ့တယ်ဆိုရင်တော့ မပျော်ရွှင်နိုင်ကြဘူး။ ကိုယ်မဖြစ်ချင်တဲ့ ကိုယ်မမျှော်လင့်တဲ့ အပြောင်းအလဲ တခုခု ဘဝမှာ ဖြစ်ခဲ့တယ်ဆိုရင်တော့ အပြောင်းအလဲဟာ ကိုယ့်ကို ပျော်ရွှင်မှုတွေ ဆိတ်သုန်းစေတာအမှန်ပါပဲ..။ ဘယ်လိုမျိုး လဲဆိုတာ ဥပမာလေးတွေ ကြည့်ရအောင်ပါ။

လုပ်ငန်းခွင်ထဲမှာ ခေါင်းဆောင်တယောက်ကနေ ``ငါတို့လုပ်ငန်းထဲ ပြန်လည် ပြုပြင်တာတွေ ကြီးမားတဲ့လုပ်ငန်းစဉ်အပြောင်း အလဲ တခုလုပ်မယ်ဟေ့``` လို့ ပြောလိုက်တဲ့အခါမှာ အလုပ်သမားတွေက ```` ပျော်လိုက်တာ`` လို့ ပြောတာ တခါမှ ကြားဖူးမှာ မဟုတ်ပါဘူး။

ဒါမှမဟုတ် ကိုယ့်အိမ်ထောင်ဖက်က ``ငါတို့အိမ်ထောင်ရေးမှာ အပြောင်းအလဲတွေ လုပ်ရအောင် ``လို့ ပြောတဲ့အခါမှာ ကျွန်မတို့ ဘယ်လိုမှ ပျော်နိုင်မှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီအပြောင်းအလဲက ကျွန်မတို့ကို ပျော်ရွှင်မှု ဆိတ်သုန်းစေလို့ပါပဲ။ ကိုယ့်ဆန္ဒနဲ့ မကိုက်ညီတဲ့အခါ ပြောင်းလဲမှုကို လက်ခံရဖို့ ဆိုတာ မလွယ်လှပါဘူး။

ကိုယ်မလိုချင်တဲ့အရာ ကိုယ်အဆင်သင့်မဖြစ်တဲ့အခါ ကိုယ်နားမလည်တဲ့ ကိစ္စတခုမှာ အပြောင်းအလဲဟာ ကိုယ့်ကို ပျော်ရွှင်မှု မပေးနိုင်တာ အမှန်ပါ။

အပြောင်းအလဲဆိုတာကလဲ ကမ္ဘာကြီးပေါ်မှာ တဖြေးဖြေးနဲ့ ပုံမှန်လို့တောင် ဆိုလို့ရနေပါပြီ။ လူ့အဖွဲ့အစည်းထဲမှာ… လုပ်ငန်းခွင်ထဲမှာ.. ကိုယ့် မိသားစုဘဝတွေထဲမှာ..ကြီးမားတဲ့ အပြောင်းအလဲများက တန်ဖိုးများစွာရှိစေတာတွေလည်း ရှိပါတယ်။ နေရာတိုင်းမှာ အပြောင်းအလဲဆိုတာ ခပ်စိတ်စိတ်မြန်မြန်လေး အရှိန်ပြင်းစွာ ဖြစ်လာသလို တချို့နေရာကျပြန်တော့လည်း မထင်မှတ်ပဲ ထင်တာထက် ခပ်စောစောလေး ဖြစ်ပေါ်လာပြန်ပါတယ်။ လူ့အဖွဲ့အစည်းကြီးနဲ့ ကမ္ဘာပေါ်မှာ ထွန်းကားလာတဲ့ တက္ကနော်လော်ဂျီကြောင့် ခပ်မြန်မြန်လေးပဲ အပြောင်းအလဲတွေ ဖြစ်ဖြစ်လာပါတယ်။

ဥပမာအားဖြင့် လုပ်ငန်းခွင်ထဲမှာ အပြောင်းအလဲ.. ပြန်လည်နေရာချထားမှု.. နဲ့ လုပ်သားပေါင်းများ ဟာ လျော့ချမှုကြောင့် အလုပ်ပြုတ်ကျရတာမျိုးတွေ ရှိပါတယ်။

အဲသလိုပဲ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝများမှာလည်း အပြောင်းအလဲတွေ ရှိနေပါတယ်။ လင်မယားတွေ ကွဲကြတာ.. ရောဂါဘယကြောင့် အပြောင်းအလဲတွေ နဲ့ ရင်ဆိုင်ရတာ.. ဆုံးရူံးမှု တွေ .. မထင်မှတ်တဲ့ မတော်တဆ ထိခိုက်ဆုံးရူံးမှု တွေ ကြုံနေရပါတယ်။ ဒါကြောင့် ဒီလို ကြုံတွေ့လာတဲ့အခါမှာ ဘယ်လိုမျိုး ရင်ဆိုင်ဖြေရှင်းမလဲ (နေနိုင်အောင် ကြိုးစားမလဲ) ဆိုတာရယ် ပေးလာတဲ့အခြေအနေမှာ ပျော်အောင် နေတက်ဖို့ လိုပါတယ်။ ကျွန်တော်တို့အနေနဲ့ အဲဒီအပြောင်းအလဲကို စိန်ခေါ်မှုတခုအနေနဲ့ ရင်ဆိုင်လက်ခံပြီး အဲဒီအပြောင်းအလဲ လုပ်ငန်းစဉ်ကို လက်ခံဖြေရှင်းတာမျိုး လုပ်ရမယ်ဆိုပြီး ရူမြင်နိုင်တဲ့ စွမ်းပကားမျိုး ရှိရင်တော့ပိုကောင်းပါလိမ့်မယ်။ ကိုယ့်ဘဝထဲမှာပဲဖြစ်ဖြစ် လုပ်ငန်းခွင်ထဲမှာပဲဖြစ်ဖြစ် အပြောင်းအလဲတွေကို လက်ခံလိုခြင်း . ရင်ဆိုင်ကျော်ဖြတ်ရဲ နိုင်ခြင်းဆိုတဲ့ အရည်အသွေးမျိုးတွေဟာ အရေးပါတယ် ဆိုတာကို ဘဝရဲ့ အပြောင်းအလဲ နမူနာတွေထဲမှာ ပြန်စဉ်းစားရင် တွေ့မြင်နိုင်မယ်လို့ ထင်မြင်ယူဆရင်း..။

ဘာသာပြန်ထားတာပါ.. နော်ဝေးစာရေးဆရာတယောက် ရေးထားတာပါ.. သူက ဘာသာရေးဆရာပါ..။ Per Anders Nordengen ဖြစ်ပြီး စာအုပ်အမည်က Når forandring ikke fryder လို့ ခေါ်ပါတယ်.. မူရင်းဖတ်ချင်ရင် ဖတ်လို့ရအောင်ပါ..။ တချို့ပျင်းမှာစိုးလို့ ချန်ထားတာလေးတွေလည်းရှိပါတယ်..။ စာမရေးဖြစ်တာကြာပေါ့...ဘလော့ကိုလည်း အစဉ်သတိယမိတယ်..အထူးသဖြင့် ယောင်းမက မမရေ စာလည်းမရေးဘူးတဲ့..တနေ့တနေ့ မအားရတာမို့ စာရေးခြင်းကို အဆက်အသွယ်ဖြတ်ထားသလို ဖြစ်နေပါတယ်..။ စိတ်ကူးနဲ့ရေးထာတွေတော့ အများကြီးပါ.. စာလာဖတ်သူများ အားလုံးကို လေးစားလျှက်... ။

မဗေဒါ (၈၈)

၁၅.၀၃.၂၀၁၂


ဆက်ဖတ်ကြည့်ပါဦးနော်....

Friday, March 2, 2012

အနိုင်မရနိုင်တဲ့ “ဂိမ်း”ကိုမကစားမိစေနဲ့

facebook စာမျက်နှာမှာ ကိုဇာဂနာ (ကတုံးကြီး) ဘာမှမသိပဲ ၀င်မပြောနဲ့ ဘာနဲ့ပြောလာတော့ ကျနော်လဲ သူဘာတွေများပြောလဲလို့ သွားကြည့်မိလိုက်တယ်။ ကြည့်လိုက်တော့ သူပြောတာ ဘာများမှားလဲပေါ့ ကျနော့်အမြင်တော့ အမှားမပါပါဘူး။ ဇာဂနာဆိုတာ အမှန်တွေကို မဆလ ခေတ်ထဲက ဝေဖန် ပြောဆိုခဲ့သူပါ။ မြောက်ပိုင်းကိစ္စလည်း သေသေချာချာ စဉ်းစားကြည့်မိ တော့ သူပြောတာ မမှားပါဘူး မှားနေတာက အခြေအနေနဲ့ စနစ်ကြီးပါဗျာ။

မြောက်ပိုင်းမှာ ဘာတွေဖြစ်ခဲ့ကြသလဲဆိုတာကို ကျနော်က စုံထောက်ကြီး ဦးစံရှားတို့ မင်းသိင်္ခ ရဲ့ ဇာတ်လိုက်ကျော် ဆားပုလင်းနှင်းမောင်တို့လို ကွင်းဆက်တွေ ချိတ်ဆက်ကြည့်လိုက်တော့ ခံခဲ့ရတဲ့သူတွေ အစွတ်စွဲခံရတဲ့သူတွေဟာ သူလျိုဟုတ်ခြင်း မဟုတ်ခြင်းထက် facebook စာမျက်နှာတွေမှာ ဖော်ပြနေသလို သူတို့ တွေပဲ သမိုင်းကိုအသတ်ခံလိုက်ရတာ မဟုတ်ဘူးဗျ။ သမိုင်းကို အသတ်ခံလိုက်ရတဲ့သူတွေထဲမှာ ခင်ဗျားတို့အော်ဆဲနေကြတဲ့ အောင်နိုင်တို့၊ သံချောင်းတို့ မျိုးဝင်တို့ လှဆောင်တို့လည်းပါတယ်လို့ ကျနော်ကတော့မြင်တယ်ဗျ။ သူတို့တွေ ဘယ်နေရာသွားသွား လူတောတိုးဘို့ခက်သွားကြပါပြီ။
ကဲဘာတွေဖြစ်ခဲ့သလဲ ABSDF မြောက်ပိုင်းရဲ့ သမိုင်းကြောင်းလေးကို နဲနဲကြည့်လိုက်ကြရ အောင်ဗျာ……..ခင်ဗျားတို့ သိထားတာက မြောက်ပိုင်းမှာABSDF ဆိုပြီး စဖွဲ့တယ်လို့ ထင်နေ ကြတာက မဟုတ်ဘူးဗျ။ ၁၉၈၈ ခု စက်တင်ဘာမှာ စစ်တပ်အာဏာသိမ်းတော့ နယ်မြေခံ ကျောင်းသားတွေက နီးစပ်ရာ KIA တပ် တွေဆီရောက်သွားကြတယ်။ ရောက်သွားတဲ့ ရည်ရွယ်ချက် တွေကလဲ တမြို့နဲ့တမြို့ မတိုင်ပင်ပဲ အတူတူဖြစ်နေကြတယ်ဗျ။ KIA တပ် တွေမှာ သေနတ်ပစ်တာခတ်တာ လက်နက် အဖြုတ်အတတ်သင်မယ် (Short Training ဆိုပါတော့ဗျာ) သင်ပြီးမှ သူမြို့ကိုယ့်မြို့ပြန်ပြီး လက်နက်နဲ့ ပြန်သိမ်းယူမယ်ပေါ့ဗျာ။ အဲဒီ အချိန်တုန်းက အဲလောက်ပဲစဉ်းစားခဲ့ကြတယ်ဗျ။ မြို့လူထုတွေကလည်း သပိတ်မှောက် ကျောင်းသားတွေကို အရမ်းကူညီထောက်ခံခဲ့တော့ ဒီလိုပဲစဉ်းစားတာပေါ့။ အဖွဲ့ဖွဲ့ပြီး တော် လှန်ရေးလုပ်မယ်တွေ ဘာတွေမစဉ်းစားခဲ့ပါဘူး။ ဒါနဲ့ KIA တပ်ရင်းအသီးသီး ကိုရောက်သွား ကြတာပေါ့။ မြစ်ကြီးနားနဲ့ မိုးကောင်း ကျောင်းသားတွေက KIA တပ်ရင်း(၁၁) ၊မိုးညှင်းကျောင်း သားတွေက တပ်ရင်း(၅)၊ ရွှေကူအဖွဲ့က ရင်း(၁၂) နောက်ဗန်းမော်အဖွဲ့က တပ်မဟာ(၃) လွယ်ဂျယ်ဗန်းမော်ဖက်ပေါ့။ ကချင်ပြည်နယ် မြို့နယ်အသီးသီးက တပ်ရင်း အသီးသီးကို လက်နက်တွေလာယူပြီး သူ့မြို့ကိုယ်မြို့ကို ပြန်သိမ်းယူမယ်ပေါ့ဗျာ။ KIA ဗဟိုကနေ ကျောင်း သားကိုယ်စားလှယ်တွေကို ဗဟိုကိုတက်လာဖို့ ဆင့်ခေါ်တယ် ဆွေးနွေးစရာရှိတယ်ပေါ့လေ။ ဒါကြောင့် မြစ်ကြီးနားက ကျော်ကျော်၊ မျိုးသွယ်နဲ့ ကချင်ကျောင်းသားတဦး (နာမည်တော့ မ မှတ်မိတော့ပါဘူး) မိုးကောင်းက နှစ်ဖွဲ့ဗျ ကိုလွမ်းမိုးခေါ်(ကိုမြင့်)ဦးဆောင်ခဲ့တာက မီမီခိုင်၊ ပျံလွှား ၊ဂျိုးဖြူ၊ဘိုစော တို့ကတဖွဲ့ နောက်တဖွဲ့က သန်းဇော်(မိုးကောင်း)၊ အောင်ကြီး၊ သန်းငွေ၊ မင်းဌေး တို့ ဖြစ်တယ်ဗျ။ ဒါက ရင်း(၁၁)က တက်ခဲ့တဲ့ကျောင်းသားကိုယ်စားလှယ်အဖွဲ့၊ နောက်မိုးညှင်း ကိုယ်စားလှယ်က သံချောင်းနဲ့ ထွန်းလွင်၊ ဗန်မော်က ဂမ်မလီနဲ့တန်ဂွန်းတို့ ဖြစ်တယ်ပြောတယ်ဗျ။ အောက်တိုဘာလမှာ တရုတ်နယ်စပ် လိုင်စင်ဗဟိုမှာ သွားဆွေးနွေးကြ တယ်ဆိုပဲ။ ဟိုရောက်တော့ စားစရာသောက်စရာတွေ အရက်၊ ဘီယာ ရေနွေးကြမ်းနဲ့ စား သောက် ဖွယ်ရာအစုံအလင် နဲ့ တည်ခင်းဧည့်ခံတယ်တဲ့။ ပြီးတော့ ကျောင်းသားကိုယ်စား လှယ်တွေကို ၀န်ဆောင်မှုပေးဖို့ ရဲမေတယောက်စီလည်း ပေးထားတယ်လို့လဲသိရတယ်။ အိပ်တဲ့ အိပ်ယာတွေ ခေါက်သိမ်းတာတို့ ထမင်းစားရင် ထမင်းလိုက် ထည့်တာတို့ပေါ့ ကျောင်း သားကိုယ်စားလှယ်တို့ တော်တော်ကိုကောင်းစားခဲ့ကြတယ်တဲ့။ KIAလူကြီးတွေနဲ့ ကျောင်း သား ကိုယ်စားလှယ်တွေ အစည်းဝေးစကြတာတော့ KIOဖက်က စတင်ဆွေးနွေး တော့ တော်လှန်ရေးလုပ်တာ ဒီတိုင်းလုပ်လို့မရဘူး အဖွဲ့ဖွဲ့ပါလို့ ပြောတယ်တဲ့ ။ တောင်းပိုင်း ဒေသတွေမှာလည်း ကျောင်းသားတွေ သောင်းနဲ့ချီရောက်နေကြပြီး ဒီဖက်မှာလည်း ထောင် နဲ့ချီရောက်လာနိုင်တယ် ဒါပေမဲ့ ကချင်ဒေသမှာ ကျောင်းသား တဖွဲ့ထဲပဲ ရှိ လို့ရမယ် (၂)ဖွဲ့ (၃)ဖွဲ့ဖြစ်လာရင် မောင်းထုတ်မယ်လို့ဗိုလ်ချုပ် ဇော်မိုင်က ပြောခဲ့ဘူးတယ် လို့ကြားဘူးတာပဲ။ မိုးညှင်းတို့ မိုးကောင်းတို့ ဆိုတာ (ရှမ်းနီ)တွေပဲ သူလည်းရှမ်းနီသွေးစပ်တယ်လို့လဲ ပြောဘူး တယ်တဲ့ မိုးညှင်းမှာရှမ်းနဲ့ကချင်လူမျိုးရေး အထိကရုံးတွေလဲ ပြောခဲ့တယ် လို့သိရပါတယ်။ ပါဂျောင်ဒေသ လိုင်စင်မှာပဲ သူတို့နဲ့နီးတဲ့ နေရာမှာထားမယ် လက်နက်နဲ့ ရိက္ခာတွေကို ကေ အိုင်အိုက ထောက်ပံ့သွားမယ်လို့သိရပါတယ်။ စစ်သင်တန်းကို လိုင်စင်စခန်း မှာပဲယူဖို့ဆုံး ဖြတ်ကြပြီး “ကျောင်းသားတော်လှန်လှုပ်ရှားမှုအဖွဲ့”(ကတလဖ)ကို အောက် တိုဘာလကုန်ပိုင်းမှာ ဖွဲ့စည်းခဲ့ကြတယ်တဲ့ဗျ။ တောင်ပိုင်းအေဘီဗဟိုထက် (၅)ရက်စော တယ်လို့သိရတယ် ။ စစ်သင်တန်းယူစဉ်ကာလမှာတော့ (ကတလဖ)ရဲ့ယာယီ ကော်မတီ(၅) ဦးမှတာဝန် ယူတယ်ဆိုပဲ။ အဲဒီ(၅)ဦးကတော့ ကျော်ကျော်၊သံချောင်း၊ဘိုစော၊ဂျိုဖြူ၊ ဂမ်မလီ တို့ပေါ့။ ဂမ်မလီဆိုတဲ့ အထက ကျောင်းသားကို သူတို့လူကိုယ့်ဖက်သား အဖြစ်ထဲ့ထားတာ ပေါ့။ သူတို့ငါးယောက်က အပါတ်စဉ်(၁) သင်တန်းယူနေစဉ်ကာလမှာ ကျောင်းသားထုနဲ့ KIA ကြားမှာဆက်ညှိနှိုင်းပေးတဲ့ အဖွဲ့ပေါ့။ တပ်ရင်းသီးသီးက ကျောင်းသားတွေ လိုင်စင် ဗဟိုမှာ စစ်သင်တန်းယူဖို့ စုစည်းကြတယ်။ ပျံလွှားနဲ့ထွန်းလွင်က မိုးညှင်းဖက်ကိုပြန်ဆင်းသွားတယ်။ သန်းဇော်နဲ့မင်းဌေးက မိုးကောင်းဖက်နဲ့ မျိုးသွယ်က မြစ်ကြီးနာဖက် ပြန်ဆင်းဖို့တာဝန် ယူကြ ပါတယ်။ နောက်တော့ အုပ်စုလိုက်၊ အဖွဲ့လိုက် ကျောင်းသား (၁၅၀)ခန့်ရောက်လာတယ်။ တချို့ကျောင်းသားတွေကိုလည်း ကွန်မန်ဒို လိုလို၊ ကချင်ကျောင်းသားလိုလိုနဲ့ ခွဲထုတ် ခေါ်ယူသွားတယ်ဗျ။ ကျောင်းသားတွေရဲ့ နေရာကို သင်္ချိုင်းကုန်းနဲ့လူသတ်ကုန်း နေရာမှာ နေရာချပေးပါတယ်။ သရဲခြောက်တာတို့ သရဲပူးတာတို့ စုံလို့ပါပဲဗျာ။ သင်တန်းကွင်း ဖောက် ရတာ တဲဆောက်ရနဲ့ပြဿနာကတော့မျိုးစုံပါပဲ။ နောက်ရောက်လာတဲ့သူတွေ နေဖို့တဲက မလုံလောက်တော့ အရေးပေါ်တဲထိုးရတယ် မိုးရွာထဲမှာညတွင်းချင်း အမိုးတွေတက် မိုးလို့ ဆိုပြီး အရက်မူးနေတဲ့ KIA အရာရှိ တယောက်နဲ့သူ့တပည့်သုံးယောက် ရောက်လာပြီး သေနတ်နဲ့ ချိန်တယ်ဗျ “မင်းတို့မြို့ထဲမှာပဲဆန္ဒပြလို့ရမယ်ဒီမှာမရဘူး” ဆိုပြီးလည်း ခြိမ်းခြောက်ခံခဲ့၇တယ်။ ကျောင်းသားတွေကတော့ အံကိုကြိတ်ပြီး ဒေါသတွေ မြိုသိပ်ခဲ့ရတာ ပေါ့ဗျာ။ စစ်သင်တန်းက တော်တော်နဲ့မပေးဘူး အလုပ်ပဲခိုင်းနေတော့ ကျောင်းသားတွေကြား မကျေမနပ်နဲ့ပေါ့ဗျာ “လွတ်လပ်မှုအတွက် သုံးပေပါတ်လည်အခန်းကျဉ်းလေးထဲမှာ ကင်းမီး ကောက်ထောင်ရ ထောင်ရ” ဆိုသူနဲ့ “ကျောင်းသားကွ ခေါင်းပေါ်မှာ ဘယ်သူ့မှ ထားချင်တာ မဟုတ်ဘူး ဆံပင်တောင်မွေးကတည်းပါလာလို့” ဆိုပြီး ပြောတဲ့သူကပြောပေါ့ မကျေနပ်ချက် တွေ တယောက်တပေါက် ပြောကြတာပေါ့။ တရက်မှာ အလုပ်လုပ်ဖို့ မောင်ကျောင်းတွေကို ခေါ်သွားပါတယ်။ ဘိန်းခင်းစိုက်ဖို့တဲ့ ကျောင်းသားတွေက မလုပ်နိုင်ဘူးလို့ငြင်းကြပါတယ်။ ကျောင်းသားဆိုတာ ပြည်သူလူထု လွတ်မြောက်ဖို့အတွက် တော်လှန်ရေးလုပ်ဖို့လာတာ ဘိန်း စိုက်ဖို့ မဟုတ်ဘူးဆိုပြီး ပြဿနာ ဖြစ်ကြတယ်ပေါ့ဗျာ။ ဒါဆို မင်းတို့ စိုးမြတ်သူဇာပန်းခူးရမယ် လို့ ပြောတယ်။ စိုးမြတ်သူဇာပန်းခူး ဆိုတာကို ကချင်ဒေသမှာ သင်တန်း တက်ခဲ့ဘူးသူတွေ တိုင်း သိကြလိမ့်မယ်။ ခြေတဖက်မြှောက်၊ ခေါင်းကိုမော့၊ နေကိုကြည့်ပြီး၁၅ မိနစ် ပန်းခူးတဲ့ပုံ လုပ်ခိုင်းတာပါ ဒဏ်ပေးတာပေါ့ဗျာ။ ဒါကြောင့် ယာယီကော်မတီ(၅)ယောက်က ဗိုလ်ချုပ်ဇော် မိုင်ကို သွားပြေပြ တော့ “မင်းတို့စိတ်ဓါတ်တွေကို စမ်းကြည့်တာပါ” တကယ်မလုပ်ခိုင်းပါဘူး လို့ ပြောတယ်တဲ့ဗျ။ အဲဒီကာလတုန်းက ပါဂျောင်ဒေသမှာ တောင်တွေက တောင်ကတုံးတွေပါ တောင်တွေအားလုံးကလည်း ဘိန်းခင်းတွေပါပဲ၊ တရားဝင်ကိုခွင့်ပြုထားတာဗျ။ နောက်ပိုင်း ကျောင်းသားနဲ့ ပြဿနာတက်ပြီးမှ ဘိန်းခင်တွေပျောက်သွားပါတယ်။ သင်တန်းကာလမှာ ပါးရိုက်ခံရတာတို့ တုတ်နဲ့ရိုက်တာတို့တော့ ရိုးသွားပြီ လိုင်စင်မှာ သင်တန်းတက်တဲ့သူ အား လုံးသိပါတယ်။ ဂျပန်စစ်သင်တန်းလို့ပဲ သေနတ် နဲ့ချိန်ပြီးလည်းရိုက်တယ်။ KIA သင်တန်း က ဥပမာပေးတာရှိတယ် ၀ါးတရုံကောင်းဖို့ ၀ါးတလုံး နှစ်လုံးတော့ခုတ်ပြီးတော့မှ ၀ါးရုံကောင်း တယ်တဲ့။ သင်တန်းတက်နေတဲ့သူတွေကို စံပြသတ်ပြမယ်ဆိုတဲ့ သဘောပေါ့ဗျာ။ သင်တန်းကာလမှာ အသက်ကိုဖက်နဲ့ထုပ်ထားရတယ်ဆိုတာ ဒါမျိုးထင်ပါရဲ့။ သင်တန်းဆင်းမှ အသက်ကို၀၀ ရှူရဲကြပါတယ်။ ဒါတောင် သင်တန်းဆင်ပွဲမှာ ကျောင်းသားတွေကို နောက် မ ရိုက်ရမှာစိုးလို့ဆိုပြီး သင်တန်းကာလက အညှိးနဲ့ သတိဆွဲခိုင်းပြီး ဒူးပျံတွေ လက်သီးတွေကျွေး လို့ မြင့်ဌေးဆိုတဲ့တယောက် သွားကျွတ်သွားပါတယ်။ သင်တန်းပြီးတော့ ဗဟိုမှာလဲ ABSDF အဖြစ်ဖွဲ့လိုက်တော့ ကချင်ဖက်က ကျောင်းသားတွေကလည်း ABSDF ဗဟိုရဲ့ ဦးဆောင် မှုအောက်မှာ ABSDF (ကချင်) ကို စတင်ဖွဲ့စည်းခဲ့ကြတယ်။ ကိုယ့်ကျောင်းသား ကော်မတီကို ကိုယ့်ဟာကိုယ် ရွေးရမယ်ဆိုတော့ သူ့မြို့နယ် ကိုယ့်မြို့ နယ် ရွေးချယ်ကြတယ်ပေါ့။ ဖွဲ့စည်းပုံတော့ ဘယ်သူချပေးလဲမသိ အဲဒီတုန်းက ကော်မတီ ဖြစ်ခဲ့ကြ တဲ့သူတွေတော့ သိ ကြမှာပါ။ ရွေးချယ်တင်မြှောက်မှုနဲ့ ကိုယ်ပိုင်နံပါတ်တွေကိုတော့ KIO က ကမကထ ပြုလုပ်ပေး ခဲ့ပါတယ်။ ဖွဲ့စည်းပုံက ထိပ်ဆုံးမှာ ဗဟိုဦးစီး (၃)ယောက် သူ့အောက်မှာ ဗဟိုကော်မတီ(၇) ယောက် အဲဒါပြီးရင် ခရိုင်ကော်တီ(၅)ယောက် အဲဒီတုန်းက ခရိုင်က (၅)ခရိုင် မြစ်ကြီးနား၊ မိုး ကောင်း၊ မိုးညှင်း၊ ဗန်မော်၊ ရွှေကူခရိုင်တို့ ဖြစ်ပါတယ်။ ကျောင်းသားကော်မတီ တာဝန်ယူသူ တွေရဲ့ Bio တယောက်ချင်းစီရဲ့ အချက်အလက်တွေကို ကေအိုင်အိုထောက်လှမ်ရေးက လိုက် ပြီးသားပါ။ သံချောင်းဟာ စစ်ဗိုလ်ဖြစ်ချင်သူ (ဗိုလ်ရူး) တယောက်ဆိုတာကအစ ဆယ်တန်း အောင်တဲ့အခါ DSA ကို မန္တလေးဖြေတာမရလို့ ရန်ကုန်ကနေ နောက်တခါသွား ဖြေဘူးတာက အစ၊ မျိုးဝင်းဆိုတာ ထောက်လှမ်းရေးနဲ့ပါတ်သက်ရင် သံသယကြီးသူ နမ္မားနမ့်စလော်ရွာက ကေအိုင်အေကို ဆပ်ကြေးမပေးပဲအမြဲခံတိုက် နေတဲ့ရွာက ကချင်ကိုမုန်းတီးသူ ဆိုတာလဲ သိ တယ်။ ဒါပေမဲ့ ကျောင်းသားတွေကို ကိုင်တွယ်တာ သိပ်သိမ်မွေ့တယ် ကျောင်းသား မြောက် ပိုင်း ကော်မတီကို ကေအိုင်အိုက လိုသလိုပုံသွင်းပြီး မြှောက်စားထားတယ်လို့ ပြောလို့ရပါ တယ်။ အဲဒီတော့ တာဝန်ယူသူတွေကလည်း ခေါင်းဆောင်တွေဆိုပြီး မြှောက်ကားဖြစ်တော့ တာပေါ့ အောက်ခြေရဲဘော် တချို့နဲ့လည်း သိပ်အဆင်မပြေဖြစ်လာပါတယ်။ ဒါပေမဲ့အောက် ခြေက ကိုယ်တင်ထားတဲ့လူကြီးဆိုတော့ ဘာမှစောဒက မတက်ခဲ့ကြဘူး န၀တ ကိုတိုက်ရရင် ကျေနပ်နေကြသူတွေပါဗျာ။ နောက်ပိုင်း မြို့ပေါ်နိုင်ငံရေးမှာ အဖမ်းအဆီးတွေများလာတော့ တောထဲကို ကျောင်းသားတွေ တဖွဲဖွဲရောက်လာပါတယ်။ စစ်ကိုင်းတိုင်းနဲ့ ရန်ကုန်မန္တလေး ဖက်တွေက ရောက်လာတာများပါတယ်။ ကျောင်းသားဆိုတာကလဲ ရောက်တာနဲ့ခေါင်း ဆောင်လုပ်မဲ့သူတွေဆိုတော့ ခေါင်းဆောင်မှုတွေကို တောင်းဆိုလာကြတယ်ပေါ့ဗျာ။ ဒါကြောင့် ကေအိုင်အိုပါတီမှာတာဝန် ယူတဲ့ ဗိုလ်မှူးလမိုင်ဘောက်က “မင်းတို့ကျောင်းသား တွေ (၁၀)ယောက်လာရင် တယောက်က ကျောင်းသားခေါင်းဆောင်၊ နောက်(၅) ယောက် လာရင်လဲ တယောက်က ကျောင်းသားခေါင်းဆောင်၊ နောက်(၃)ယောက် လာလဲ တယောက် ကကျောင်းသား တယောက်ထဲပဲလာလဲ ကျောင်းသားခေါင်းဆောင် ဒီလောက် ခေါင်းဆောင် များတာ တော်လှန်ရေး ဘယ်လို့လုပ်ကြမလဲ” လို့ပြောဘူးတယ်ဆိုပဲ။ ကချင်ပြည်နယ်မှာ ကျောင်းသားတော်လှန်ရေး တဖွဲ့ပဲရှိရမယ်ဆိုပေမဲ့ ခေါင်းဆောင်မှုကို တောင်းဆိုမှုတွေများလာ တော့ စစ်ကိုင်းတိုင်း အဖွဲ့တဖွဲ့ကို နိုင်ငံရေးအရ ဖွဲ့ပေးလိုက်ရပါတယ်။ ဒါပေမဲ့ အဲဒီအဖွဲ့က စစ် ကိုင်းတိုင်းကိုသွားဖို့ပဲ ကချင်ဒေသမှာ ရပ်တည်ဖို့မဟုတ်ဘူး။ နောက်ပိုင်း ရန်ကုန်နဲ့ မန္တလေး ဖက်က ကျောင်းသားတွေစုပြုံ ရောက်လာကြတယ်။ တောင်းဆိုမှု တွေနဲ့အတူ နိုင်ငံရေးအရ မြောက်ပိုင်းဗဟိုအဖြစ် တိုးချဲ့ ဖွဲ့စည်းဖို့ တောင်းဆိုလာပြန်ပါတယ်။ အဲဒီအချိန်မှာ ကေအိုအေ တပ်မဟာ(၄)က ဦးမထုနော်“ ဟာ လက်နက်နဲ့ငြိမ်းချမ်းရေး လဲလှယ်လိုက်ကြပြီး အဲဒီဒေသမှာ ရှိနေတဲ့ ABSDF (၄၀၁)တပ်ရင်း ရှမ်းမြောက် ကော်မတီလူတချို့ပါ ဦးမထုနော်နဲ့ လိုက်ပါသွားရ တဲ့အချိန်ပေါ့။ ဒါကြောင့် ပါဂျောင်ဒေသကို အေဘီရဲဘော်ရဲမေတချို့ကို လွှဲပေးခဲ့ရတယ်။ အဲဒီ အချိန်ကာလမှာ မြို့ပေါ်နိုင်ငံရေးနယ်ပယ်မှာလဲ အာဏာသိမ်း စစ်အုပ်စုက ကျောင်းသားလှုပ် ရှားမှုတွေဖြစ်တဲ့ ကျောင်းသားမြေအောက် လှုပ်ရှားမှုနဲ့ ကျောင်းသား ပါတီတွေကို မတရားအ သင်းအဖြစ်ကြေငြာပြီး လိုက်လံရှင်းလင်းနေတဲ့အချိန် ဖြစ်နေပါတယ်။ ဒါကြောင့် မြို့ပေါ်နိုင်ငံ ရေး လှုပ်ရှားနေတဲ့ ကျောင်းသားတွေ လွတ်မြောက်နယ်မြေတွေကို တဖွဲဖွဲရောက်လာကြ ပါ တယ်။ တဖက်မှာ တိုင်းရင်းသာတွေကို လက်နက်နဲ့ ငြိမ်းချမ်းရေး လဲလှယ်ဖို့ဆိုတဲ့ အသံတွေ ကလဲ သဲ့သဲ့ထွက်လာတဲ့ အချိန်ပါ။ နောက်ပိုင်းမှ ပြန်ကြားရတာက ၁၉၉၀ မှာထဲက KIO နဲ့ န၀တ တိုးတိုးတိတ်တိတ် စတွေ့နေကြပြီသိရတယ်။ မြို့ပေါ်နိုင်ငံရေးနဲ့ တိုင်းရင်းသား အဖွဲ့ တွေကို ကိုင်တွယ်နေတာက ဗိုလ်ချုပ်ခင်ညွန့်ဦးဆောင်တဲ့ ထောက်လှမ်းရေးအဖွဲ့ပါ။ အဲဒီလို န၀တနဲ့ ကမ်းလှမ်းချက်ယူနေတဲ့ ကေအိုင်အိုက သူ့ဒေသနယ်မြေထဲမှာ နိုင်ငံရေးအရ အား ကောင်းတဲ့ ကျောင်းသားအဖွဲ့ရှိနေတာကို လိုလားပါ့မလား ခင်ဗျာတို့စဉ်းစား ကြည့်ပါ။ ဒါပေမဲ့တားမရပါဘူး တောင်းဆိုမှုတွေများလာတော့ အေဘီမြောက်ပိုင်းကို တိုးချဲ့ရပြီပေါ့။ တိုးချဲ့သာဖွဲ့လိုက်တယ် ကျေကျေလည်လည်တော့ရှိခဲ့ပုံမပေါ်ပါဘူး။ အစောပိုင်းထဲက ကျောင်း သားထဲမှာ သံသယရှိသူတွေကို ကေအိုင်အို ထောက်လှမ်းရေးနဲ့ ကျောင်းသား ပူးတွဲ စစ်ဆေး မှုတွေ လုပ်လေ့ရှိခဲ့ပါတယ်။ နောက်ပိုင်း ပြဿနာကြီးလာတော့ ဖမ်းဆီးမှုတွေ သတ်ဖြတ်မှု တွေကို ဘာဖြစ်လို့မတားတာလဲ။ သူတို့တားရင်ရပါတယ် ဘာဖြစ်လို့လဲဆိုတော့ “အေဘီ မြောက်ပိုင်းဆိုတာ KIO မှအပ ဘယ်အဖွဲ့စည်းကမှ ထောက်ပံ့ထားခြင်းမရှိပါဘူး။ မတားတဲ့ အပြင်သူတို့ကိုယ်တိုင် စစ်ဆေးမှုတွေဝင်လုပ်ပါသေး တယ်”။ မျိုးဝင်းရဲ့ ကျောင်းသားတွေထဲကို ထောက်လှမ်းရေးတွေ ၀င်လာနိုင်တယ်ဆိုတဲ့ သံသယကို အဆင်းမှာ ဘီးတတ်ပေးလိုက်တာ ထင်ရှားပါတယ်။

ရှေ့ပိုင်းမှာပြောခဲ့သလိုပဲ ကေအိုင်အိုနဲ့ စတွေ့ခဲ့ကတည်းက ရှမ်းနီနဲ့ကချင် ကိစ္စကို ပြောလာ တယ်။ ကချင်ပြည်နယ်မှာ ရှမ်းနဲ့ကချင် လူမျိုးရေးအထိကရုဏ်းက ဟိုတုန်းကတည်းက ဖြစ်ခဲ့ ဘူးတဲ့ သမိုင်းကရှိတော့ မျိုးဝင်း၊ သံချောင်းတို့လို ရှမ်းတွေကို ကချင်အမျိုးသားရေး အစွန်း ရောက် ခေါင်းဆောင်တချို့က သိပ်ကြည်ဖြူမှာတော့ မဟုတ်ပါဘူး။ ဒါကြောင့် ရာနဲချီတဲ့သူ တွေကို ဖမ်းတာတွေ သတ်ဖြတ်တာတွေကို မသိမသာလွှတ်ထားလိုက်တာဟာ အဲဒီကိစ္စမှာ တာဝန်ရှိသူများအဖြစ် ထိုးကျွေးလိုက်ပြီး ကချင်ပြည်နယ်မှာရှိနေတဲ့ ကျောင်းသား တော်လှန် ရေးကို ကောက်စားလိုက်တာပါပဲ။ အတွေ့အကြုံအရ နုနယ်သေးတဲ့ကျောင်းသားတွေဟာ သူ များကြိုးဆွဲရာကခဲ့ကြရတယ်။ နောက်ပိုင်း လူနဲနဲပဲကျန်တော့တဲ့ ကျောင်းသားတပ်မတော် မြောက်ပိုင်းကို ဖိအားပေးပြီး နအဖနဲ့တွေ့ခိုင်းခဲ့ပါသေးတယ်။ မရတဲ့အဆုံး မင်းတို့ ကချင်ပြည် နယ်မှာတော့ တော်လှန်ရေးလုပ်လို့မရဘူး လုပ်ချင်ရင် စစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်မှာ သွားလုပ် လို့ ကလေးရန်တွေ့သလို ပြောလာပါတယ်။ ဒါဆိုရင်တော့ရှင်းပါတယ် ဘုရားပြီးတော့ ငြမ်းဆို တာ မလိုတော့ဘူးလေ သံချောင်းတို့ဦးဆောင်တဲ့အဖွဲ့လည်း နောက်ဆုံးတော့ ကချင်ဒေသက မောင်းထုတ်ခံခဲ့ရတာပါပဲ။ ကျောင်းသားတပ်မတော် ကချင်ဒေသမှာ မရှိရေးအတွက် ကချင် အမျိုးသားရေးအစွန်းရောက်သူတွေနဲ့ နအဖတို့က နိုင်ငံရေး ကလားဖန်ထိုးခဲ့တာပါပဲ။ ဘယ်သူတွေ ဘာတွေလုပ်ခဲ့ကြသလဲ၊ အဲဒီတုန်းက တာဝန်ယူခဲ့တဲ့ ကချင်တိုင်းရင်းသား ခေါင်း ဆောင်တွေ အသိဆုံးပါ။ နယ်မြေဒေသနဲ့ နိုင်ငံရေး အခင်းအကျင်း၊ ခေတ်စနစ် အခြေအနေ အောက်မှာ ကျောင်းသားအချင်းချင်း ပြန်သတ်ကြတဲ့ “ဂိမ်း” တခုကို ဖန်တီးချင်းခံခဲ့ရတာပါ။ ကစားကွင်းထဲ ရောက်သွားကြတဲ့ သူတွေဟာ အဲဒီဂိမ်းကို ဖန်တီးထား တဲ့သူတွေကို မမြင် တော့ပဲ ကစားပွဲမှာအနိုင်ရဖို့အတွက်ပဲ ကြိုးစားတတ်ကြပါတယ်။ မြောက်ပိုင်းမှာ ဖြစ်ခဲ့ကြတဲ့ ကိစ္စအတွက် ပြုသူတွေနဲ့ ခံခဲ့ရသူတွေဟာ “အနိုင်မရနိုင်တဲ့ဂိမ်း” တခုအတွက် အနိုင်ရဘို့ က စားကွင်းထဲ ကစားခဲ့ကြတဲ့သူတွေပါ။ တကယ်ရှာရမှာက အဲဒီစနစ်ကို ဖန်တီးခဲ့သူတွေက ဘယ်သူတွေလဲ သူတို့တွေရဲ့ နိုင်ငံရေးက စားကွက်ထဲမှာ ကျောင်းသားတွေရဲ့ အသက်၊ သွေး ချွေးတွေပေးပြီး ကစားခံခဲ့ရတယ်။ အားလုံးကို ခြုံကြည့်လိုက်တော့ အောင်နိုင်တို့ သံချောင်းတို့ လဲ သမိုင်းသေ ထွန်းအောင်ကျော်တို့လဲ အသက်သေ အားလုံးအရှုံးတွေကြီးပါပဲ။ ဒီအဖြစ်အ ပျက်တွေဟာ ကျောင်းသားသမိုင်းနဲ့ လက်နက်ကိုင်တော်လှန်ရေး အတွက်တော့ ခါးသည်းတဲ့ အတွေ့အကြုံ သင်ခန်းစာတခုပါပဲ။



အခုလဲ ၈၈ မျိုးဆက်တွေကြားစိတ်ဝမ်းကွဲအောင် ဂိမ်းတခုဖန်းတီးနေပြီလား သတိထားကြပါ။

၈၈ မျိုးဆက်ဆိုရင် လက်နက်ကိုင်ထားတဲ့သူပဲဖြစ်ဖြစ်၊ မြေအောက်လုပ်ရှားမှုပဲဖြစ်ဖြစ်၊ ပါတီ ပဲဖြစ်ဖြစ်၊ ဘုန်းကြီးပဲဖြစ်ဖြစ် သူတို့ဖြိုမှာပဲ သူတို့အာဏာကို ထိပါးအောင်လုပ်နိုင်တဲ့ သူတွေက ၈၈ မျိုးဆက်တွေပဲ။ ဒါကြောင့်၈၈ မျိုးဆက်တွေ သွေးစည်းကြပါ၊ ကျောချင်းကပ်ကြပါ။

(မှတ်ချက်။ ။ ကျောချင်းကပ်ထားရန်အတွက်သာ မျက်နှာချင်းမဆိုင်မိစေနဲ့ စကားများ၊ ရန် ဖြစ်ကြမှာစိုးလို့ )



အညတရရဲဘော်

ဆက်ဖတ်ကြည့်ပါဦးနော်....

Friday, November 18, 2011


လူမှုရေးအားကောင်းတဲ့အရည်အချင်း ဆိုတာ..

စာရေးချင်နေတဲ့စိတ်တွေ များနေတယ်။ ရေးချင်တာတွေလည်း အများကြီးပါပဲ။ တကယ်လည်း မရေးဖြစ်ပါဘူး။ အကြိုက်ဖြစ်တာလေးတခု ခေါင်းထဲမှာ ပေါ်နေတာကို ပြောချင်ပါတယ်။ လူမှုရေးအားကောင်းခြင်း လို့ ဆိုရမဲ့ ခေါင်းစဉ်လေးပါ။

မောင် နီ က လူမှုရေးအားကောင်းတယ် ။ မဖြူက လူမှုရေး အားကောင်းတယ် ဆိုပြီး ကြားရလေ့ရှိပါတယ်။ ဒီလိုကြားလိုက်တာနဲ့ မသိစိတ်မှာ လက်ခံလိုက်မိတာက အဲလိုအသိအမှတ်ပြုခံရသူဟာ လူမှုရေးဘက်မှာ အပြုသဘောဆောင်တဲ့သူလို့ အလိုလို နားလည်လိုက်ပါတယ်။ သူ့မှာ ဘယ်သူမှ မခိုင်းပါပဲ အလိုလို ကူညီချင်တဲ့ စိတ်ဓါတ် ပါနေတယ်လို့ တပြိုင်တည်း နားလည်ပါတယ်။ ဘာသာရပ်စကားနဲ့ ပြောမယ်ဆိုရင် လူမှုဝန်ထမ်းစိတ်ဓါတ် လို့ ဆိုရပါမယ်။ လူမှုရေး အားကောင်းတယ် ဆိုတဲ့လူကတော့ သူ့ရဲ့ ပင်ကိုယ်စိတ်ကနေကိုယ် လိုလိုလားလား နဲ့ အရူံးအမြတ် အမည်နာမ ဂုဏ် တွေ မလိုပဲ လိုချင်ကိုင်ချင်စိတ် ပင်ကိုယ်ရေခံမြေခံ အားကောင်းတဲ့ စိတ်ဓါတ် ရှိနေတာလေးတွေပါ။ တကယ့်ကို မွန်မြတ်လှတဲ့ စိတ်ထားပါ။ လူတိုင်းမှာ ရှိဖို့လွယ်ပါတယ်။ ဘယ်လို ကိစ္စလေးတွေလည်း ဆိုရင် ရပ်ရေးရွာရေးထဲ မခိုင်းရပါပဲ သွားရောက်ကူညီတာမျိုး. တစုံတယောက်က လမ်းမသိပဲဖြစ်နေရင် ပြောပြချင်တာမျိုး သူများခံစားချက်ကို နားထောင်ရင်း အားပေးကူညီတာမျိုးတွေပါ..။ ကျွန်မဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံအရတော့ မြန်မာလူမျိုးစု အများစုကတော့ ဒီလိုစိတ်တွေ သိပ်အားသန်ကြပါတယ်။ ကူညီချင်တဲ့ စိတ်အားတွေ အများကြီးရှိတယ်။ ခေတ်တိုင်းမှာ ရှိနေတယ်. ချစ်စရာလည်း ကောင်းတယ်။ ဒီအချက်ကိုတော့ …လူမှုအားကောင်းတဲ့ အပြုအမူ… လို့ခေါ်ပါတယ်။ နံပါတ် (၁) အရေးပါတဲ့ အချက်ပေါ့။ ဒါပေမယ့် လူမှုရေး အားကောင်းတဲ့လူဆိုတာ ဒီအချက်ကလေးတခု တည်းပဲလို့ ထင်မှတ်နေတဲ့ ကျွန်မအတွက် နောက်ထပ်အချက်တွေ ကျန်နေသေးတယ် ဆိုတာ ကို ကိုယ့်ကိုယ်ကိုယ် သတိပေးရင်း ကျန်တဲ့အချက်တွေကိုပါ မျှဝေချင်တာပါ။ ကျန်တဲ့အချက်များကတော့



၂ ...။ နားလည်ခံစားပေးတက်ခြင်း

နားလည်ခံစားပေးတက်ဖို့ဆိုတာ တချို့ကိစ္စတွေမှာ လွယ်ပါတယ်။ ဥပမာအားဖြင့် .. မလှ အဖေ ဆုံးသွားတယ် မောင်နီ မြွေကိုက်ခံရတယ်ဆိုပါစို့ သနားမယ် .. နိုင်သလောက် ဝိုင်းလုပ်ပေးကြပါလိမ့်မယ်။ ဒါပေမယ့် နေရာတိုင်းမှာ ခံစားပေးတက်ဖို့ဆိုတာခက်တယ်။ တခါတလေ ကိုယ်လက်မခံချင်တာမျိုး တွေ့ကြုံရတဲ့အခါမှာပေါ့။ ဒီကနေ့ခေတ်ကြီးမှာ အပြောင်းအလဲတွေ သိပ်များပါတယ်။ မမြင်ချင်တာတွေ မကြားချင်တာတွေ အများကြီး နေ့စဉ် ကြုံနေရတက်ပါတယ်။ ဥပမာအားဖြင့် ကိုယ်နဲ့ ခင်မင် ရင်းနှီးတဲ့ သူတယောက် ယောက်ရဲ့ သားသမီး. အိမ်မှာအနေနည်းတယ်..မိဘစကားနားမထောင်ဘူး လို့ ကြားမိထားတယ် ဆိုပါစို့.. ဒီကလေးကို ဘယ်လို ကိုယ်က တုန့်ပြန်မလဲ ..ဘယ်လို နားလည်ပေးမလဲ သိပ်အရေးကြီးပါတယ်။ ကိုယ့်ဘက်ကကြည့်ရင် သိပ်လွယ်ပါတယ်။ အများပြောသလိုပဲ ဆိုးတဲ့ကလေးတယောက်လို့ သတ်မှတ်ခေါ်လိုက်ရုံ့ပါပဲ ဒီ့ထက်မပိုပါဘူး။ ဒါဆိုရင် လူမှုရေး အားနည်းသွားတယ်လို့ယူဆရပါတယ်။ အကယ်၍ ကိုယ်ကသာ လူမှုရေးအားကောင်းတဲ့ လူတယောက်ဖြစ်ခဲ့မယ်ဆိုရင် ဒီလိုမတွေးပါဘူး။ ကလေးဘာခံစားနေရလဲ .. သူ့နေရာကသာဆိုရင် ဆိုပြီး ဝင်ခံစားတက်ပေးရမှာဖြစ်ပါတယ်။ လွယ်လွယ်နဲ့ ကောက်ချက်မချသလို အပြစ်တင်လည်း မစောပါဘူး။ မြန်မာလို လှအောင်ပြောရင် ကိုယ်ချင်စာတရား ထားတက်မှု ပါပဲ။ ကိုယ်ချင်စားတရား ထားတယ်ဆိုတာ နိမ့်သူ မြင့်သူ ချစ်သူ တွေ အတွက် ပဲ မဟုတ်ပဲ ..ဘယ်သူ့အပေါ်မှာပဲဖြစ်ဖြစ် နားလည်စာနာတက်တဲ့ စိတ်ကလေး အခြားဘက်ကနေ ဝင်ခံစားပေးတက်တာမျိုးကို ခေါ်မလားပဲ။ ကလေး နဲ့ သူ့မိဘများကို အသုံးမကျဘူးလို့ အပြစ်တင်နေမဲ့အစား ကလေးဘက် မိဘဘက်ကနေ ဝင်ခံစားပေးတာမျိုးကြတော့ခက်ပါလိမ့်မယ်။ လုပ်ဖို့လွယ်သလားမေးရင် မလွယ်ဘူး။ ခက်တယ်။ ကျိုးစားပြီးလုပ်ရင် အခြားဘက်တခုကို အကောင်းမြင်ပေးတက်တာလေးတွေ ဖြစ်လာတက်တယ်။ ဒီစိတ်အားကောင်းအောင် လေ့ကျင့်ပေးရင် ရမယ်ထင်ပါတယ်။ ကျောင်းဖွင့်ပွဲတုန်းက ပီအိတ်ခ်ျဒီ ကျောင်းသားတယောက်ပြောတာကို သတိယပါတယ်။ သိပ်ကောင်းတဲ့ ဥပမာလေးပါ။ သူပြောတာက နော်ဝေးမှာ လူအများကြီး အသတ်ခံလိုက်ရတာကို သနားနေတာထက် ကျန်နေသူတွေ တယောက်အပေါ် တယောက် ဘယ်လိုနားလည်စာနာ ထောက်ထားမလဲ ဖေးမကြမလဲ ဆိုတာ ပိုအရေးကြီးပါတယ်တဲ့ ။ဘက်နှစ်ဘက်က ကြည့်ပေးတက်အောင် ကျိုးစားခြင်းလို့ နားလည်ပါတယ်။ ပြောရင်လွယ်တယ် လိုက်လုပ်ရတာခက်လှပါတယ်။ ဒါကြောင့် တချို့က ပြောပါတယ်။ သေမှ မလွမ်းနဲ့တဲ့။

၃..။ ကိုယ့်ကိုယ်ကိုယ် ထိမ်းချုပ်တက်တာ

လူတချို့မှာ ကိုယ့်အတွက် ကိုယ့်အတွက် လို့ပဲ တွေးနေသလို တကယ်လည်း ကိုယ့်အတွက်ပဲဆိုကာ နင်ပဲငဆ လုပ်တာမျိုးတွေ ရှိတက်ပါတယ်။ တကယ်တော့ ကိုယ့်လိုအင်ကို ထိမ်းချုပ်ရတာ ခက်ပါတယ်။ ဥပမာ စကားအရမ်းပြောချင်တဲ့သူဟာ သူများအလှည့်ကို စောင့်ဖို့ထက် ကိုယ်ပြောချင်တာကိုပဲ မနားတမ်း ပြောတက်သလို သူများဘာပြောသလဲဆိုတာလည်း နားထောင်ဖို့ အားနည်းတက်ပါတယ်။ ကိုယ့်အတွက်ပဲလို့ စဉ်းစားတက်သူတွေဟာ သူများအတွက်ဆိုတာကို စဉ်းစားတာ သိပ်အားနည်းတယ်။ ဥပမာအားဖြင့် လိုင်းကားစီးတယ်ဆိုပါစို့။ အလယ်ကောင်မှာ နေရာရှိပါရလျှက်နဲ့ နောက်လူအတွက် မစဉ်းစားပဲ ရွေ့ပေးရမှာဝန်လေးနေတက်တယ်။ ကားသမားပြောလည်း ခပ်တည်တည်ပဲ မရွေ့ဘူး (နော်ဝေးမှာတော့ ကားသမားလည်း အော်ပြောတယ်. ကားရထားမောင်းတဲ့ လူလည်း လော်ကြီးနဲ့အော်လည်း မရွေ့တဲ့သူတွေ ရှိတယ်) ။ ပေကပ်ကပ်နဲ့ ဆက်နေတုန်းပဲ ။နောက်လူတွေလည်း ငါ့လိုပဲ နေရာတခုရောက်ဖို့ ဒီကား..ရထား စီးမှဖြစ်မယ်ဆိုတဲ့ အသိတရားလေးတခု အားနည်းနေတက်ပါတယ်။ ငါ့အတွက် င့ါအတွက် ဆိုတာတွေ ပိုအားကောင်းနေတက်တဲ့ သူတွေပေါ့။ ကိုယ်ကိုယ်ကိုယ် ထိမ်းချုပ်ဖို့ ခက်နေတဲ့ အတ္တက လွမ်းမိုးခံနေရတာများတယ်။ ဒါဟာလည်း လူမှုရေးအားနည်းတဲ့ အချက်တခုပါပဲ။

၎..။ ကိုယ်ပြော (လို) ချင်တာကို ပြောဆိုတက်မှု

ကိုယ်လုပ်ချင်တာလေးကိုလည်း ဦးဆောင်ဦးရွက်ပြုကာ လုပ်တက်ကိုင်တက်တာလေးပေါ့။ ဥပမာအားဖြင့် အဖွဲ့လေးတခု (လူမှုရေး)လုပ်ငန်း မှာ ဖြည့်ဆည်းပေးချင်တဲ့ စိတ်ရှိတယ်ဆိုပါစို့။ ဒါကို အကျိုးအမြတ်မတွက်ပဲ လိုလိုချင်ချင်လေး ဦးဆောင်ဦးရွက်ပြုတာမျိုးပါ။ ကိုယ်ပြောချင်တာကို ရဲရဲဝံ့ဝံ့ တင်ပြပြောဆိုတာမျိုးပေါ့။ မရရင် ရအောင် ပြောတက်ဆိုတက်တာမျိုးပါ။ ဒါပေမယ့်လည်း ကိုယ်ပြောဆိုတာကတော့ အပြုသဘော တော့ ဖြစ်ရပါလိမ့်မယ်။ ဥပမာအားဖြင့်… ကိုယ့်က အဖွဲ့ထဲမှာ ကိုယ့်စကားကို နားထောင်တဲ့သူ မရှိဖြစ်နေတယ်ဆိုပါစို့။ ကိုယ့်အသံကို သူတို့ကို သိစေချင်ရင်.. ကျွန်မပြောတာကို နားထောင်စေချင်တယ်.. ကျွန်မခံစားရတာ လိုအပ်နေတာ စသဖြင့် ဘာကြောင့်လုပ်ချင်တယ်.. ဖြစ်သင့်တာက ဘာကြောင့်.. လုပ်ဖြစ်ရင် ဘယ်လိုအကျိုးများမယ် စတာမျိုးတွေပါ။ ကိုယ်ကိုယ်ကိုယ်တိုင်က အပြုသဘောဆောင် ဦးဆောင်တာမျိုးဖြစ်တဲ့အပြင် သူများတွေ ပါချင်လာအောင်လည်း ခေါ်ဆောင်နိုင်တဲ့ စွမ်းရည်စွမ်းပကားပါ။

၅..။ အရယ်အမော နဲ့ သူများဆိုလိုတာကို သိတက်ခြင်း

လူအုပ်စုနဲ့ ဆုံကြတဲ့အခါမျိုးမှာပဲဖြစ်ဖြစ် မိသားစုထဲမှာပဲဖြစ်ဖြစ်.. တခြားတဦးက ဆိုလိုတာကို နားလည်ပြီး အရယ်အမောနဲ့ တုန့်ပြန်တက်တာမျိုးကလေး ဒီလူမှုရေး အားကောင်းတဲ့ အချက်တခုဖြစ်မလားပါပဲ..။


ကျွန်မသိသလောက်တော့ ဒီလောက်ပါပဲ..လူမှုရေးအားကောင်းတယ်ဆိုတာ တိကျတဲ့ အဖြေလို့မရှိပေမဲ့ ဒီလိုအချက်လေးတွေကတော့ ပါဝင်နေတယ်လို့ မှတ်သားရပါတယ်။ ဒါဆိုရင် လူမှုရေးအသိစိတ်ဓါတ် အားကောင်းတဲ့အရည်အချင်း ပြည့်ဝသူတယောက် ဖြစ်လာနိုင်ပါတယ်။ ဒီစိတ်ဓါတ်က လေ့ကျင့်ယူရင် ရနိုင်သလို ရှိပြီးသားစိတ်ထားကောင်းကိုလည်း ပံ့ပိုးပေးလိုက်ရင် ကောင်းတဲ့စိတ်ထားလေးတွေ ဖြစ်လာပါလိမ့်မယ်။ ဒီသဘောမှာတော့ အရူံးအနိုင် မရှိသလို အပေးအယူသဘောလည်း မရှိဘူးလို့မြင်ပါတယ်။ သူ့ဘာသာ အလိုအလျှောက်ဖြစ်လာလေးတွေပါပဲ။ ချစ်စရာကောင်းသလို အများအတွက် ကိုယ့်အတွက် ကြည်နူးစရာ ချစ်စရာကောင်းတဲ့ စရိုက်ကောင်းတခုဖြစ်တယ်လို့ ခံယူရင်း။


ဘာမှမရေးသော်လည်း ဘလော့ကို လာနေသူများရှိနေပါတယ်။ အားနာပါတယ်။ တကယ်လည်း မအားပဲဖြစ်နေပါတယ်။ ဒီနေ့တော့ အချိန်နဲနဲ ချမ်းသာတာနဲ့ ထမင်းမစားပဲ (ခေါက်ဆွဲပဲစားကာ )စာထိုင်ရေးမိပါတယ်။ အချိန်ယူကာ လာကြသူများ အားလုံးကို ကျေးဇူးတင်ပါတယ်..။

စာလာဖတ်သူများကို လေးစားစွာဖြင့်

မဗေဒါ

( ၁၈.၁၁.၂၀၁၁)


ဆက်ဖတ်ကြည့်ပါဦးနော်....

Monday, October 3, 2011

အပြောင်းအလဲအတွက် ဘတ်ဂျက်လိုသလို..

လာဘ် (အပေးအယူ) လုပ်တာကို ထိမ်းသိမ်းမယ် ဟန့်တားမယ်ဆိုတာ သိပ်ကောင်းတဲ့ ရည်ရွယ်ချက်ပါ..။ ဒါပေမယ့်လည်း အဲဒီအခြေအနေကို တကယ်ရောက်အောင် လုပ်နိုင်အောင် ဖြစ်နိုင်တဲ့ အနေအထားတွေ အများကြီး အများကြီးလိုတယ်လို့မြင်ပါတယ်..။ ကဲ မြန်မာပြည်က လဝကဝန်ကြီး ( ) က လာဘ်ပေးလာဘ်ယူ ကိစ္စတွေကို တိုင်နိုင်တောနိုင်တယ် လို့ပြောလာတော့ တကယ်ဖြစ်ပါ့မလားဆိုတာက စဉ်းစားစရာကြီးပါ..။ အများစုက မဖြစ်နိုင်ဘူး မဖြစ်နိုင်သေးဘူး လို့ပဲ ဆိုကြမှာပါ..။ ဘာဖြစ်လို့လည်းဆိုတော့ လက်တွေ့အခြေအနေတွေကြောင့်လို့ ရိုးရိုးပဲ ဖြေရမယ်ထင်ပါတယ် ။ ဥပမာ တခု ကြည့်ရအောင်ပါ.. ကိုယ်မွေးတဲ့ ကလေးအတွက် အချင်းမြုပ်ဖို့ ငွေပေးရမှာ.. အနှီးဝတ်လျှော်ဖို့ ဆေးရုံဝန်ထမ်းကို ငွေပေးရမယ် ဆိုပါစို့..။ ဘယ်လိုပေးမှာလဲ.. အဲဒီအတွက် အစိုးရက ဆေးရုံဘတ်ချက် ထဲမှာ သုံးမှ မသုံးထားတာ .. ဒီတော့ ဆေးရုံတက်တဲ့ မိခင်တယောက်ဟာ ငွေမရှိရင် ဘယ်လိုပေးမှာလဲ.. ဒီလိုပေးဆောင်ဖို့ မိသားစုမှာ အပိုဝင်ငွေ ရှိမှရမယ်.. အပိုဝင်ငွေက ဘယ်က ရမှာလဲ.. အလုပ်မရှိရင် ဘယ်လိုလုပ်ကြမလဲ.. အလုပ်ရှိတဲ့ သာမာန်ဝန်ထမ်းဆိုရင်လဲ အပိုငွေကို ဘယ်လိုပေးဆောင်ရမှာလဲ… နောက်တခြား ဖြစ်နေကြ ငွေပေးနေရတဲ့ နေရာလေးတွေ.. ဥပမာအားဖြင့်.. ကိုယ့်မွေးရပ်မြေမှာ ကိုယ့်မှတ်ပုံတင်ရဖို့ ခက်နေတာ.. မီးရဖို့ လိုတာထက်ပိုပေးနေရတာ..ခရီးသွားဖို့ကို ကျသင့်ငွေထက် ပိုပေးရတဲ့ လမ်းစရိတ်ခ စတာတွေကို နေရာတိုင်းမှာ နေရာတိုင်းမှာ ကြားနေရမှာပါ..။ ဒီလိုအဖြစ်တွေက အခုမှ ဖြစ်လာတာ ဖြစ်နေတာ မဟုတ်ပါဘူး.. ကျွန်မမှတ်မိသလောက်တော့ အဖေတို့ အမေတို့ ခေတ်ကတည်းကပါ.။ ဆိုတော့ အဲဒီအပြုအမှုတွေက ခေတ်စားလာတာ..နှစ်ပေါင်းများစွာ ဖြစ်တည်လာတာပါ..။ ဒါကြီး ဘာလို့ဖြစ်သလဲဆိုတော့ အားလုံးအသိ.. ဒါပေမယ့်လည်း ဘာလည်းဆိုတာ ပိုသိဖို့ ကျွန်မ နဲနဲရေးကြည့်ချင်တယ်..။

၁.. အစိုးရက ဘတ်ဂျက်ကို အဓိကနေရာတွေဖြစ်တဲ့ ကျန်းမာရေး.. ပညာရေး အစရှိတာတွေမှာ ၁၀ ရာခိုင်နှုန်းအောက်ပဲ သုံးတယ်..။

၂.. ကျွန်မတို့ ပြည်သားများ အားလုံးနည်းပါး အပေးအယူလုပ်မှ ဖြစ်မယ်.. ဆိုလိုတာက လိုရာခရီးပေါက်ဖို့ကို ငွေနဲဖြေရှင်းမှရမယ်ဆိုတဲ့ အသိ အလိုလိုဝင်နေကြတယ်။ ငွေပေးလိုက်ရင် အပိုစကားပြောစရာမလိုတော့ဘူး.. လို့ အလိုလို ယူဆပြီးစိတ်က ကိန်းအောင်းနေပြီးသား..။ အာဏာပိုင် (ရပ်ကွက်မှူးမှသည် ဟိုးအပေါ်က လူကြီး) တွေနဲ့ ပတ်သက်မယ်ဆိုရင် ငွေ သည်သာ အဓိကဆိုတဲ့ စိတ်..။

၃.. တိုင်တောရင်လည်း ဘာမှမထူးဘူး..ဆိုတာလည်း အတွေ့အကြုံရ သိထားနားလည်ထားကြတယ်။ (အပေါ်က အရာရှိများလည်း ဒီ့ထက်မက အများကြီး အများကြီးယူထားပြီးသား..လို့ ဘဝပေးအသိအရ ခေါင်းထဲမှာ အလိုလိုသိပြီးသား)

၎.. တာဝန်ထမ်းဆောင်နေတဲ့ ( ဝန်ထမ်းများ) မှာလည်း အစိုးရက ဌာနဆိုင်ရာအတွက်လိုအပ်တဲ့ ငွေ (လစာအပါအဝင်) တင်းပြည့်ကျပ်ပြည့် မသုံးထားတဲ့အတွက် ဥပမာအားဖြင့် ဆရာဝန်.. ဆရာမ တယောက်ကလည်း လူနာထံ… တပည့်ထံ… ငွေတောင်းဖို့ ဝန်မလေးဖြစ်နေကြတယ်..။ မလုပ်ချင်လည်း လုပ်ရလိမ့်မယ် လုပ်ချင်တဲ့သူဆိုတော့လည်း ပိုလုပ်ဖြစ်ဖို့ တွန်းအားပေးတယ်..။

၅…အုပ်ချုပ်ရေးယန္တရားကြီးဟာ ယူနီဖောင်းဝတ် စစ်တပ်ဖြစ်နေသေးတယ်..( ကာကွယ်ရေးကိစ္စပဲ စိတ်ဝင် စားတယ်… နောက် စစ်သားလည်းလူမို့ ငွေရဖို့ ကို အခြားလူများလို အာသီသရှိကြပါတယ်..။ တချို့နေရာ တွေမှာ အာဏာပြ လက်နက်ပြကာပင် အနိုင်ကျင့်နေသေးတာလည်း ကြားနေရတုန်းပင်.. )

တကယ်တော့ တခုလုံးပြောင်းလဲဖို့မှာ တယောက် ချင်းလည်း တာဝန်ရှိတယ်ရှိသလို အကျင့်ဆိုး တွေပျောက်ဖို့ကတော့ အစိုးရက ငွေအရင်းအနှီးတွေ အများကြီး ပံ့ပိုးပေးမှရမယ်လို့ထင်ပါတယ်… ။
အပေါ်က အချက်များက လာဘ်ပေးလာဘ်ယူရဲ့ အခြေခံဖြစ်လာရတဲ့ ဖြစ်အောင် ပေးနေတဲ့ အခြေအနေတွေပါ..။ အဆင့် အကုန်လုံးဟာ ပြောင်းလဲဖို့ ခက်နေပါသေးတယ်။ ပြောနေကြ စကားလုံးက တော့ အပြောင်းအလဲ တခုကို အစိုးရက ဦးစီးပြီး ထောင့်စုံအောင် သေချာလုပ်နိုင်မှရမယ်ထင်ပါတယ်..။ ဒါလည်း အချိန်တွေ အများကြီး ယူရမယ်လို့ထင်ပါတယ်..။ တကယ်လုပ်မယ်ဆိုရင်တော့ လွယ်မယ်ထင်ရပေမဲ့ အသားကျနေတဲ့ အပြုအမှုတွေကို ချက်ချင်းပြောင်းဖို့ဆိုတာ လူတွေမှာ ခက်နေတက်ပါတယ်..။ ဒါပေမယ့်လည်း လုပ်ချင်တဲ့ဆန္ဒရယ် အခြေအနေတရပ် (အစိုးရ)က ဖန်တီးပေးမယ်ဆိုရင်တော့ လုံးလုံး မပြောင်းလဲလာနိုင်တာတောင် လျှော့လာနိုင်ပါတယ်။ ကြုံဖူးတဲ့ ဆွစ်ဇာလန်က အသိတယောက်ရဲ့ အဖြစ်အပျက်ကို ပြောပြချင်ပါတယ်..။ အသိက လွန်ခဲ့တဲ့ အနှစ် ၂၅ ကျော်လောက်က တည်းက ဆွစ်ဇာလန်မှာ ရောက်ရှိနေထိုင်နေတာပါ..။ ဆွစ်အစိုးရရဲ့ ဥပဒေမှာ အိမ်နီးချင်း နိုင်ငံဖြစ်တဲ့ ပြင်သစ်မှာ အစားအသောက်ဝယ်ရမဲ့ အလေးချိန်သတ်မှတ်ပေးထားတာ ရှိပါတယ်..။ အဲဒါထက်ပိုဝယ်လို့မရပါဘူး..။ ပိုဝယ်ရင် အခွန်ပေးရမှာပါ..။ အသိက ခိုးကြောင်ခိုးဝှက်နဲ့ နည်းလမ်းရှာကာ အခွန်လွတ်အောင် လုပ်ခဲ့ဖူးပါတယ်.. ဒါပေမယ့်လည်း ၁၀ နှစ်လောက်မှာ သူ အဲလိုမလုပ်တော့ပါဘူး.. ဘာဖြစ်လို့လည်းဆိုတော့ သူ့မှာ လုံလောက်တဲ့ ငွေရှိနေတာရယ်.. သူ့ကိုယ်သူ မလုံတဲ့ ရှက်စိတ်( အကြောက်တရား) ရယ်.. ကျန်သူတွေက ဒီလိုမပြုမူတဲ့အတွက် နမူနာ ယူတက်လာတာရယ် ကြောင့် မြန်မာပြည်က ပါလာတဲ့ အကျင့်ဆိုးကို ဆွစ်ဇာလန်ရောက်ပြီး ၁၀ နှစ်လောက်အကြာမှာ ဖျောက်နိုင်ခဲ့ပါတယ်တဲ့..။ ( အတုယူစရာပါ)

အပေးအယူ ကိစ္စက တကယ်တော့ ကျွန်မတို့လို နိုင်ငံတခုထဲမှာလား ဆိုတော့လည်း မဟုတ်ပါဘူး.. ဒီမိုကရေစီရဲ့ ပြယုဒ် လို့ပြောလို့ရတဲ့ အိမ်နီးချင်းမှာ တလောက (အင်နာ ဟဇာရီ ) တကိုယ်ရေ ဆန္ဒ ပြခဲ့တာ ပဲကြည့်..။ ဒီမိုကရေစီကို သွားမယ်ဆိုတဲ့ မြန်မာ နိုင်ငံမှာ အများကြီး ကျိုးစားပြောင်းလဲ ရအုံးမယ်ထင်ပါတယ်..။ ဥပမာအားဖြင့် …

လုံလောက်တဲ့ ဘတ်စ်ကားအရေအတွက်
လုံလောက်တဲ့ ဆေးဝန်ထမ်း
လုံလောက်တဲ့ ပညာရေးဝန်ထမ်း
လုံလောက်တဲ့ ပံ့ပိုးမှုတွေကို အစိုးရ အဆောက်အအုံတွေနဲ့ အခြားနေရာ (ဥပမာ လယ်ယာစိုက်ပျိုးရေး) မှာ ဖြည့်ဆည်းပေးမယ်။ တိုင်းပြည်ငွေတွေကို သူ့နေရာနဲ့သူ ခွဲဝေသုံးစွဲဖို့ အစိုးရက အရင် လုပ်ရပါလိမ့်မယ်..။ ဒီလိုမလုပ်ပဲနဲ့တော့ ဝန်ထမ်းတွေ ချစားတာ ကို အပြစ်ယူလည်း ယူတာပဲဖြစ်နေအုံးမှာပါပဲ ..အပြောင်း အလဲဖြစ်လာဖို့ခက်မယ်.. အပြောင်းအလဲ လိုချင်ရင် အပြောင်းအလဲ ကို လုပ်နိုင်တဲ့ လုပ်ရဲတဲ့ သတ္တိ ခွန်အား တွေနဲ့ နိုင်ငံအတွက် ရင်းနှီးမြှပ်နှံ တည်ဆောက်မှရမယ်ထင်ပါတယ်..။ (ညူးကလီးယား အဆောက် အအုံ ..စစ်တပ်အသုံးစရိတ်.. မလိုအပ်တဲ့ အခြားအသုံးစရိတ်တွေ ကို အကုန်လုံး ဖြတ်တောက်မှ ရမယ်ထင်ပါတယ်..။)

ဒါဆိုရင်တော့ ဘွဲ့ရတယောက် မဟုတ်သူဟာ ဘွဲ့ရလတ်မှတ် ကိုင်ဆောင်ဖို့ အခြေအနေ နည်းသွားမယ်..
ဆရာဝန်တယောက်ဟာ ဆယ်တန်းမအောင်ပါဘူးဆိုတဲ့ လတ်မှတ်တုနဲ့ ပြည်ပထွက်ခွာရမဲ့ အခြေအနေတွေ ဖြစ်မလာတော့ဘူး.. ကိုယ့်နိုင်ငံထဲ အလုပ်လုပ်ချင်တဲ့ အတန်းပညာတက် သူတွေ များလာမယ်။အပေး အယူလုပ်ပြီး ရှာစားနေရတဲ့ စိုးရိမ်မှု တွေ လျှော့ပါးသွားမယ်.. လို့ဆိုချင်ပါတယ်။ ကဲ တိုင်းပြည်ကို အရပ်သားပညာရှင်တွေ အုပ်ချုပ်မလား… စစ်တပ်က အရာရှိတွေပဲ အုပ်ချုပ်မလား.. ဒါမှမဟုတ် လောလော ဆယ်အခြေအနေအရ နှစ်ဦးပေါင်း အုပ်ချုပ်ပြီး တဖြေးဖြေးနဲ့ တိုင်းပြည်ကို အကောင်းဆုံး (ချစား ) မူတွေ လျှော့ နည်းသွားအောင် တည်ဆောက်ကြမလား..။ (မေးလို့ပဲတက်တယ် အဖြေမရှိဘူး.. အားလုံးက လုပ်ချင်တဲ့ ဆန္ဒ ရှိမှ ရမယ်လို့ ယုံကြည်ရင်း)။


စာလာဖတ်သူများကို လေးစားစွာဖြင့် ..။

မဗေဒါ (၈၈)
၀၁.၁၀.၂၀၁၁

ဆက်ဖတ်ကြည့်ပါဦးနော်....

Friday, September 30, 2011

အသံထွက် တွေ အသံထွက်တွေ



မဗေဒါ ပြောနေကျ စကားလေးပါ.. နော်ဝေးစကားက ဘဝထဲမရောက်တဲ့ စကားဖြစ်တယ်ဆိုတာပါ.. တချို့စကားလုံးတွေက တခြားသောလူမျိုးများထက် အသံထွက် အင်မတန် ခက်ခဲတဲ့ ရွေမြန်မာကျွန်မတို့ အကြောင်းများရယ်ပါ..။ ရုရှနိုင်ငံထဲက စစ်ဖြစ်နေလို့ ဒီနိုင်ငံကို ရောက်နေတဲ့ မွတ်စလင် ဘာသာဝင်များဖြစ်တဲ့ ချက်ခြေနီယာ…နောက်.. ပိုလန်.. ဂျာမဏီ… ပါကစ္စတန်.. တူကီ.. ဘရာဇီး.. နယ်သာလန် ..ဒိန်းမတ်….ဖင်လန်…တွေမှာကျတော့ နော်ဝေး အသံထွက်တွေက တော်တော်အားကောင်း တယ်လို့ ဆိုရင်ရမယ်..မဗေဒါတို့ အာရှထဲကမှ မြန်မာ..တရုတ်… ထိုင်း…တွေက အသံထွက်ဆင်းရဲတယ် တခြားသူများ ပိုနားလည်ရ ခက်မယ်ထင်တယ်…ချွင်းချက်တော့နဲနဲရှိသေးတယ်.. ဖိလစ်ပီးကတော့ သိပ်မဆိုးဘူး… အနီးစပ်ဆုံးထွက်နိုင်တယ်လို့ ဆိုရမယ်ထင်ပါတယ်..။ မြန်မာထဲတောင် ဗမာတွေထက် အခြားတိုင်းရင်းသားများက အသံထွက်က ပိုပီသတယ်လို့ နားလည်ပါတယ်..။ ကဲ ဆွေမျိုး များရဲ့ ဘာသာစကားတွေ အဘယ်ကြောင့် ပိုတူအောင် ထွက်နိုင်ကြတာလည်း… သူတို့ရဲ့ မူရင်း စကားလုံးကို ဘယ်လို ရေးသလဲ ဆိုတာကို ကျွန်မ နဲနဲ ကြည့်ရအောင်ပါ..။ ကျွန်မတို့ တွေ့နေကြ စာလုံးတလုံး ကို လေ့လာကြည့်စို့ပါ…။ ရဲ ….. ။ ရဲသားကြီး များဆိုတာကို သတင်းတွေမှာ အကြောင်းမျိုးမျိုးနဲ့ တွေ့ရတက်တော့… ဒီစကားလုံးကို ရုပ်သံ မှာလာနေရင် တခြားဘာသာစကားတခု လုံးလုံး မတက်ရင်တောင် ရွီးတုတ် ရမ်းတုတ် လို့ရနိုင်တယ်..။ သူ့ရဲ့ဝတ်စုံရယ်.. ကားကြီးရယ်… လုပ်နေတဲ့ အပြုအမှုများကြောင့် ရဲသားကြီးများကို လူတွေ သိနေကြတယ် ဆိုရမှာပေါ့..။ ဒီ ရဲ ဆိုတဲ့ စာလုံးကို ဘာသာတွေမှာ ရေးတာက ဒီလိုပါတဲ့ရှင်...။


ထိုင်း ……….. ตำรวจ

တရုတ် ………….警察

ပိုလန် …………… policji

ဖင်လန် ………. Poliisi

ဂျာမဏီ ………… Polizei

နော်ဝေး…….. politiet

ပေါ်တူကီ … polícia

အာရာဘစ် ………شرطة


ပြင်သစ်…… de police

ချက်… policie

နယ်သာလန်..ဒတ်ချ……… politie

အီတလီ …. polizia

ဆွီဒင် …. polis

ရုရှ…. Полиции

ကျွန်မကို ထိုင်းနဲ့ စာတွေတူလားလို့ မေးတက်တဲ့ နိုင်ငံခြားသားများ မြန်မာစာနဲ့ ထိုင်း ..ထိုင်းနဲ့မြန်မာ.. လုံးလုံးမတူတာ တရုတ်များများ နဲ့ နဲနဲမှ မဆင်ဘူးဆိုတာသာ သိရင် နော်ဝေးစာသင်ရတဲ့ ကျွန်မတို့လို အာရှသားများကို နားလည်စာနာကောင်းမယ်ထင်ပါရဲ့ (အပျော့ဆုံးလေသံဖြင့် ဆွဲဆွဲငင်ငင် ဖတ်ပါရန်) …………..။

ဟိုးတုန်းကတဲက ရေးထားတာလေးပါ..မအားလပ်ပါသောကြောင့် ..ရှိတာလေးကို တင်ပါသည်..။

စာလာဖတ်သူများကို အထူးကျေးဇူးတင်ပါသည်..

မဗေဒါ (၈၈)
၃၀.၀၉.၂၀၁၁


အောက်ပိုဒ်

ဆက်ဖတ်ကြည့်ပါဦးနော်....

Friday, September 23, 2011

ဧရာဝတီကိုချစ်ကြမည် love Irrawaddy

ဧရာဝတီကို ဘယ်လိုကယ်တင်မလဲ.. ကယ်တင်နည်းတွေက မျိုးစုံပဲ ဖြစ်မယ်ထင်ပါရဲ့..။ အဓိကကတော့ တာဝန်ရှိသူတွေက ရပ်သင့်တယ်လို့ ယုံကြည်ဖို့ လို..တယ်.. မရပ်ရင်... ဧရာဝတီကို အဓိက မှီခိုနေသူတွေ ရဲ့ ပါဝင်ပတ်သက်မှုက အရေးကြီးမယ်ထင်ပါရဲ့... ပြီးတော့ ဧရာဝတီကို ချစ်သူတွေအားလုံး နိုင်တဲ့ဘက်ကနေ ဝိုင်းကြရမယ်ထင်ပါရဲ့... ကဲ.. စကားမပြောပေမဲ့ လူများစွာရဲ့ ဘဝပေါင်းများစွာအတွက် အဓိပါယ်များစွာရှိလှတဲ့ ဧရာဝတီအတွက် ကျွန်မတို့ ဘာလုပ်ကြမလဲ.... တာဝန်ရှိသူတွေနဲ့ ဘယ်သူစကားပြောမလဲ.. ပြောဖို့ နောက်ကျနေပြီလား... ဒီမိုကရေစီကို သွားမယ်ဆိုရင်တော့ သူ့သဘောထားတွေကို တဖြေးဖြေး လေ့ကျင့်ကြရတော့မယ်ထင်ပါရဲ့.. ကဲ အစိုးရ ဘာတွေလုပ်မလဲ... ဧရာဝတီကိုချစ်တဲ့သူတွေကရော ဘာတွေလုပ်မလဲ.. ဘာပဲပြောပြော ဧရာဝတီကို ကယ်တင်ဖို့ ကျွန်မတို့မှာ အားအင်တွေရှိနေအုံးမယ်ထင်ပါရဲ့...။

မဗေဒါ (၈၈)

၂၃.၀၉.၂၀၁၁

နေ့လည်က ရေးထားတဲ့ စာမူကို မိုက်ကရိုဆော့မှာ ပြန်ယူလို့မရတော့တာမို့ ၂၄ ရက်နေ့အဝင်မှာ ရသလောက်ပြန်ရေးပါတယ်..။ မရွှေစင်ရေ.. နောက်အချိန်ယူကာ စာရေးပါအုံးမယ်..။
အောက်ပိုဒ်

ဆက်ဖတ်ကြည့်ပါဦးနော်....