Tuesday, May 3, 2011

ကျွန်မ လေးစားရတဲ့ ဦးနုအတွက်တုံ့ပြန်ချက်



ကိုမန်းရေ.. ပို့စ် ကိုသေချာလေးဖတ်သွားတယ်..။ ကိုရော်နယ်ညိမ်း..တုန့်ပြန်ထားရေးထားတဲ့ ` ဦးနုအစိုးရ
ကိုနိုင်ငံတကာ က ထောက်ခံပြီး အသိအမှတ်ပြုခဲ့ကြရင်၊ အဲဒီမှာ ပွဲပြီးသွားပြီ...` ဆိုတာဟာ သုံးသပ်ချက် တခုသာဖြစ်ပါတယ်..။ ကိုလွဏ်းဆွေ မှန်းသလို ၁ နဲ့ ၁ ပေါင်း နှစ် (၂) ရတယ်လို့ သချာင်္လို အတိ အကျ ဟောကိန်းထုတ်မရခဲ့ဘူး ဆိုတာသိကြမှာပါ..။ အခုက အဲဒီအကြောင်းကို အခြေခံလို့ တုန့်ပြန်ထားတဲ့ အကြောင်းကို နဲနဲ ရေးချင်ပါတယ်.. အဓိကက ဦးနေဝင်းနဲ့ ဦးနုကို နှိုင်းယှဉ်ပြီး ပြောရာမှာ ဦးနုဟာ လုံးလုံးငပေါကြီးဖြစ်အောင် အနောက်အမြင်ဆိုတာထက် ကိုညိမ်း အမြင်နဲ့ ငပေါ လုပ်ချင်တာက ကဲသလားလို့ စဉ်းစားမိနေလို့..။ ရှင်းရှင်းပြောရရင်…ရေးထားတဲ့ လေသံကို မကြိုက်လို့..။

စာရေးဆရာ ဦးချစ်လှိုင် ပြောတာကတော့ သူ (ဦးနေဝင်း) သေခါနီး တရား ရသွားတယ်ဆို တာဟာ ... သူလုပ်ခဲ့တာတွေ မှားတယ်လို့ ဝန်ခံခြင်းလည်း တမျိုးပဲ..။ သူလုပ်ခဲ့သမျှတွေမှာ မတရားတာတွေ အများကြီး ဆိုတာ နိုင်ငံရေးလောကမှာ မထင်မရှား (ထင်ရှား ) ခဲ့တဲ့ သူတွေ သမိုင်းကို ပြောနေကြတာတွေ ရှိ ပါတယ်…။ ...အကြောင်းအရာ တခုကို သုံးသပ်ရာမှာ ကွဲပြားတာတွေ ရှိသလို တူညီတာတွေလည်း ရှိမှာပါ..။ မတူညီတဲ့ အမြင်တခုထဲမှာမှ သူ အာဏာရှင် ဖြစ်ခဲ့တဲ့အချိန်မှာ နိုင်ငံရေးဘဝတွေ အများကြီး အများကြီး သေဆုံးခဲ့ရတာ အမှန်ပါပဲ..။ အခုထိ အကျိုးဆက်များ ရှိဆဲ..။

ကိုညိမ်း သုံးသပ်ခဲ့သလို ဦးနေဝင်းဟာ အနောက်ကို စိတ်ကောက်နေတယ် ဖြစ်နိုင်ချေ ရှိမရှိ စဉ်းစားသင့်တယ်... ဦးနေဝင်းက ဘာကို စိတ်ကောက်ပြီး ဘာကို တင်းခံနေရတာလဲ...အမေရိကန်ကရော ဘာလို့ ချော့ရတာလည်း... ။ ကွန်မြူနစ်စနစ်ကို ကြောက်ခဲ့တဲ့ အမေရိကန် ဆရာကြီး ( ဆရာကြီးလို့ ပြောတာ အကြောင်းရှိတယ်..ယနေ့အထိ သူတို့ရဲ့ လုပ်ခဲ့တာတွေ လုပ်နေတာတွေ ကမ္ဘာကို ကိုင်လှုပ်ဆဲ.. မို့) များက အဲဒီ ဒုတိယကမ္ဘာစစ် နောက်ပိုင်းကတည်းက နှိမ်နှင်းရ… ထောက်ပံ့ရနဲ့ ကွန်မြူနစ်တွေကိုကြောက်လို့ ကုန်ပြောင်ခဲ့ရတဲ့ ဒေါ်လာတွေ မနည်းမနော..။ မဗေဒါတို့နေတဲ့ နော်ဝေးကိုတောင် မီလျှံနဲ့ ချီပေးခဲ့ရတာ..။ ဦးနေဝင်းအကြောင်း ဆက်ရရင် သူ အာဏာရှင် ( တိုင်းပြည်အတွက် သူရဲကောင်း ) ဟုတ်မဟုတ် ဆိုတာ ကျွန်မတို့ မြန်မာပြည်သားများက ပေးရမဲ့ အမှတ်များလို့ပဲ ယူဆတယ်... အနောက်က ထောက်ခံသည်ဖြစ်စေ မထောက်ခံသည်ဖြစ်စေပေါ့ .. ( ကွန်မြူနစ်ကို တိုက်တိုင်းလည်း အနောက်က ထောက်ခံခဲ့တာ ဟုတ်မဟုတ် သေချာလည်း မသိနိုင်ဘူး.. )။ သေချာတာ တခုကတော့ အနောက်ပဲဖြစ်ဖြစ် လူတယောက်ပဲဖြစ်ဖြစ် ကိုယ်ကျိုးအတွက် မရှိ (ပါ)ရင် ဘာကိုမှ လိုလိုလားလား မလုပ်ချင်ကြလို့ ကွန်မြူနစ် စနစ်ကြီး ... ကျဆုံးခဲ့ရတာ သက်သေရှိတယ်မလား..(ကွန်မြူနစ် စနစ်ရဲ့ အားနည်းချက်ကို တင်ပြခြင်းသာ)..။ ဆိုလိုချင်တာက.. လူတယောက်ခြင်းရဲ့ မတူညီမှု (လိုအင်) ကို မသိတဲ့ စနစ်ဖြစ်တာရယ် ကိုယ်ကျိုး (အတ္တ) ဆိုတဲ့ သက်ရှိများရဲ့ မတူတဲ့ လိုအင်များကို ထည့်တွက်တာ အားနည်းခဲ့တာရယ်လို့ပဲ နားလည်ပါတယ်..။ အနောက်က ဦးနေဝင်းကို အသိအမှတ်ပြုခဲ့တယ်..ချော့ခဲ့ရတယ် ဆိုရင်လည်း …. အာဏာရှင်ဟာ အာဏာရှင် ပဲ ဖြစ်တယ် ဆိုတာနဲ့ ဦးနေဝင်း ကို ချော့ခဲ့ရတာ ဆိုတာဟာလည်း သူတို့အကျိုးထက် ( အမေရိကန်သည် သူတို့အတွက် ကောင်းမွန်တဲ့ ဘဝများတည်ဆောက်ပေးမယ်လို့ ကတိကဝတ်ပြုတဲ့ အခြားသော ပြည်ချစ်သားကြီးထက် ) ဘာမှမပိုတဲ့ သာမာန်လူစိတ်များရှိနေခဲ့ တာ ယနေ့အထိပါပဲ… .။)


အခုဖြစ်နေတဲ့ အိုစမာ ကိစ္စလိုပဲ အမေရိကားကတမျိုး ... ပါကစ္စတန်က တမျိုးစီ စစ်ဆင်ရေး ပူးပေါင်းပါဝင်မှု ကိစ္စမှာ ဘက်တဖက်စီက ငြင်းခုံ ပြောနေကြပါလိမ့်မယ်... ကျွန်တော်တို့လို ကမ္ဘာ့သတင်းဌာနကြီးတွေကို အားကိုး နားထောင်ရတဲ့ သူတွေမှာလည်း နားလည်ရခက်ပါတယ်... မသိခဲ့တာတွေအများကြီး ရှိနိုင်ပါတယ်...( ထဲထဲဝင်ဝင် ကိစ္စများ.ကိုဆိုလိုခြင်း)..။ အဲလိုပဲ မြန်မာ့အရေးမှာလည်း ဦးနေဝင်းအစိုးရရဲ့ လူရာဝင်ခဲ့မှု..တရားမျှတမှုတွေ ... ဘယ်အတိုင်းအတာထိ ရှိခဲ့တယ်ဆိုတာ ကျွန်မတို့ သိသင့်တဲ့ အသေးစိတ်တွေ အများကြီး ရှိနေအုံးမှာပါ....။ တပြိုင်နက်တည်းမှာပဲ အာဏာ ရေရှည် မရ (ယူ)ခဲ့တဲ့ ဝန်ချုပ်ဟောင်း ဦးနု အကြောင်းကိုလည်း သိသင့်ပါတယ်..။

ဦးနုအကြောင်းကို ဦးတင်မောင်ဝင်း ရေးတာကို ရော ဒီငြိမ်းပါတီက ပြောတာကို နားထောင်ဖူးသလောက် သူ့မှာ တိုင်းပြည်အတွက် စေတနာ အများကြီးရှိတယ်... သူ့မှာ နုလုံးသားက ဦးနှောက်ထက်တောင်ပိုကြီးတယ်လို့ ဖတ်ဖူးပါတယ်...(ဒါကြောင့်ပဲ ၈၈ မှာခံစားချက်ကိုရှေ့တန်းတင်ပြီး သူမလုပ်ချင်တဲ့နိုင်ငံရေးလမ်းကို ပြန်လှမ်းခဲ့တာလို့ တွေးမိတာမျိုးတောင် ရှိဖူးပါတယ်..။) သူ့ရဲ့ အတွေးခေါ်များဟာ နိုင်ငံရေးမှာ အသုံးဝင်ချင်မှ ဝင်ပေမဲ့ သူကိုင်စွဲခဲ့တဲ့ ဗြဟ္မစိုတရားများဟာ အနောက်က ပြောနေတဲ့ လူ့အခွင့်အရေး ဆိုတာနဲ့ မကွာခဲ့ဘူးလို့ နားလည်ပါတယ်... ဒါကြောင့် တိုင်းပြည်ကို ချစ်ခဲ့ပေမဲ့ နိုင်ငံရေးနဲ့ ဘာသာရေး (ပြဒါးတလမ်း သံတလမ်း) ရောယှက်ပြီး လုပ်ချင်ခဲ့တဲ့ ဦးနုဟာ မအောင်မြင်ခဲ့ဖူးလို့ ပဲ နားလည်ထားပါတယ်..( ဥပမာ… ဆိုဗီယက် သွားတုန်းက မပြောသင့် မမေးသင့်မှန်း သိပေမဲ့ ဂျူးကိစ္စတွေအတွက် အစ္စရေးဝန်ချုပ်… ဘူလ်ဂယ်နင်ပြောတဲ့အတိုင်း နေရပ်ကို ပြန်စေဖို့ ပြောခဲ့တာမျိုး..။ မျက်နှာပျက်ရပါစေ…လူသားချင်း စာနာတက်တဲ့စိတ်ထား.. သူတော်ကောင်းတရား… ရှိခဲ့တာမျိုး..) ။ နောက်တခုက ၈၈ ကုန်ခါနီး ဖြစ်နေတဲ့ အခြေအနေမျိုးမှာ ဦးနုလို နူးညံ့ပျော့ပြောင်းတဲ့ ဘာသာရေး အတွေးအခေါ် ( ချက်ချင်းလက်ငင်းမှာ ( အကျိုးဆက်ကို မြင်ဖို့)အောင်မြင်ဖို့ရာ ခက်ခဲတဲ့ ကျင့်စဉ်..အတွေးအခေါ် များ) ဖုံးလွမ်းနေသူကို ရဲရဲတောက်နေတဲ့  ဘယ်လိုလူမျိုးကမှ ထောက်ခံချင်မှာ မဟုတ်ဘူး... ဒါ စဉ်းစားတက်သူတိုင်း သိတယ်လို့ ထင်ပါတယ်..။ ( အဲဒီအချိန်မှာ အခြေအနေတွေ အများကြီးပေါ် မူတည်ပြီး... ဒေါ်စုဟာ လူထုရှေ့ရောက်ခဲ့တာဖြစ်ပါတယ်..။ သူ့မှာမြန်မာပြည်နဲ့ ပတ်သက်တဲ့ အတွေ့အကြုံ ထဲထဲဝင်ဝင် လက်တွေ့မရှိခဲ့ဘူးဆိုတာ နိုင်ငံရေးလုပ်သူတိုင်း သိခဲ့တာမှန်ပေမဲ့ …ကိုယ်ကျိုးမဖက်တဲ့ တိုင်းပြည် ချစ်စိတ် ရှိခဲ့ (နေ) တယ်ဆိုတာ အားလုံးအသိ…။ … ဒါက ဒေါ်စုကို အတွေ့အကြုံမရှိဖူးဆိုတဲ့ အပြုသဘောနဲတဲ့သဘောထားအပေါ် ပြန်တုန့်ပြန်ခြင်း..။ )

နိုင်ငံရေး အခြေအနေတခုလုံးကို ခြုံငုံသုံးသပ်ရမှာ တူချင်မှ တူကြပေမဲ့... မြန်မာ့အရေးမှာတော့ ဦးနေဝင်း လုပ်ခဲ့သမျှထဲ ရူးအောင်ခံခဲ့ရသူတွေ.... အကျဉ်းတိုက်ထဲမှာ ဒုက္ခများစွာ ကြုံခဲ့ရပြီး ပျောက်သွားတာတွေ ... မထောက်ခံလို့ ရာထူးမတက်ပဲ...အလုပ် ပြုတ်သွားတာတွေ ... လူစုလူဝေးနဲ့ တိုင်းပြည်ပျောက်ခဲ့ရသူတွေ အများကြီး အများကြီးရဲ့ တရားခံဟာ အာဏာရှင် သူ့ကြောင့် မဟုတ်ရင် ဘယ်သူ့ကြောင့် ဖြစ်နိုင်ပါ့မလဲ ..။ မဗေဒါ ဒါကို ဘာကြောင့်ထပ်ပြောသလဲ ဆိုတော့ ကိုညိမ်းဆိုလိုချက်မှာ အနောက်က သူရဲ့ အကျိုးစီးပွားကလွဲရင် ဆိုတာထက် ဦးနေဝင်းက သိပ်သတ္တိရှိခဲ့ မှန်နေခဲ့ပြီး အနောက်ရဲ့ သဘောလုပ်နည်းလုပ်ဟန် တွေထက် ( ဦးနေဝင်းအပေါ် အသိအမှတ်ပြုမှုဟာ) အရေးကြီးတယ်..လို့ ခံစားရတာကြောင့် ရေးတာဖြစ်ပါတယ်…။

` ဦးနုက လူပေါ..` လို့ ပြောတဲ့ အနောက်နိုင်ငံများရဲ့ အမြင်အယူဆများဟာ ထုတ်ပြောခဲ့သည်ဖြစ်စေ ထုတ်ပြခဲ့သည်ဖြစ်စေ ကျွန်မတို့က အဲလို ယူဆလို့မရဘူး... ဦးနုကို လူပေါလို့ ပြောရင် ဦးနေဝင်းက ဘယ်လိုလူစားဖြစ်ခဲ့လဲ..။ ဦးနုကို လူထု ထောက်ခံခြင်းကသာ အရေးကြီးခဲ့တယ် ဆိုတာ မှန်တယ်.. နိုင်ငံခြားက ထောက်ခံလို့ အစိုး၇မှ မဖြစ်တာ... ဖြစ်ချင်ရင် ပြည်သူပြည်သားများက ထောက်ခံမှ ဆိုတာ လူတိုင်းသိပြီးသား..။ နိုင်ငံခြား အစိုးရများဆိုတာက ထုံးစံအတိုင်း ကိုယ့်အရေး ( ကိုယ့်အရေး…ဆိုတာ သူ့အတွက် တိုက်ရိုက်အကျိုးဖြစ်စေမဲ့ အရေးအရာများလည်း အပါအဝင်) လောက်ပဲ စိတ်ဝင်စားကြတာ.. ဒါတောင် ကိုယ့်အစိုးရ ဘာရေးထားမှန်းမသိပဲ အစိုးရကိုယ်စားလှယ် အစည်းအဝေး တက်နေသူတွေ… အစည်းအဝေးလုပ်နေချိန်..လှေကားထဲ ချစ်တင်းနှောနေတဲ့ ဇာတ်လမ်းတွေ… မရောက်ဖူးတဲ့နေရာမှာ လျောပင်ထွက်နေသူတွေ … ကိုယ့်အစိုးရကလွဲရင် ကျန်အစိုးရများနဲ့ စကားပြောရမှာ ကြောက်တဲ့ ကိုယ်စားလှယ်တွေအများကြီး ရှိတဲ့ ကမ္ဘာကြီးပေါ်မှာ သူများအစိုးရတွေ အသိမှတ်ပြုဖို့ဆိုတာ တခါတရံ စဉ်းစားစရာတွေ အများကြီး….။ ဒါကြောင့် လူအများစုက ဦးနုကို မထောက်ခံခဲ့တိုင်း အနောက်က လူပေါလို့မြင်တိုင်း ... ဦးနုဟာ လူပေါမဖြစ်ဘူးဆိုတာ နားထည်ထားသင့်တယ်..။ လူထုက မထောက်ခံလည်း မဲအတင်းအဓမ္မရယူ ခိုးယူထားလည်း အာဏာရသွားတဲ့ လက်ရှိ မြန်မာအစိုးရကိုသာ ဥပမာကြည့်...။ ဖြစ်နေတာပဲ.. အစိုးရ....။ အနောက်က ဂ၇ုမစိုက်တော့ရော ဘာဖြစ်လဲ... မြန်မာ အစိုးရ ဆိုတဲ့ နေရာတခု အနာအဆာတွေကြားက အသိအမှတ်ပြုထားရဆဲပဲ မလား…..။

၈၈ ကနေ အပြောင်းအလဲ မလုပ်နိုင်ခဲ့ဘူးဆိုတာ ...လူတိုင်း သိပြီးသား..။ ဖြစ်လား မဖြစ်လား...လုပ်နေသူတွေ ပိုသိကြမယ်ထင်ပါတယ်..။ အဲသလို ဖြစ်လာမယ်ဆိုတာ နိုင်ငံရေး စိတ်ဝင်စားတဲ့ နိုင်ငံရေးသမားကြီးတွေ ဟိုတုန်းကတည်းက တွက်ထားပြီးသား... ဒါကြောင့် အသက်အရွယ်ရောက်နေတဲ့ နိုင်ငံရေးသမားကြီးတွေ ကျွန်မတို့လို တောမခိုခဲ့ဘူး ... အားလည်း မပေးခဲ့ဘူး..။ သူတို့ သိတာတွေ မြင်တာတွေ အများကြီး ချပြခဲ့တယ်... ကိုယ်က လူငယ်မို့ ပြောတာတွေ မယုံခဲ့ဘူး...အာဏာရှင်ကို မုန်းတာပဲ သိခဲ့တယ်..။ ( ဒါက ဦးနုနဲ့ တောခိုသွားတဲ့ တခြားအခြေအနေများကို ထည့် သုံးသပ်ခဲ့တဲ့ အမြင်ပေါ် တုန့်ပြန်ခြင်း… ဆိုလိုတာက ဦးနေဝင်းလူလည် ဖြစ်သလို မြန်မာ့နိုင်ငံရေးသမားတွေ မညံ့ခဲ့ကြဘူး..။ )

ဆိုတော့… အနောက်လို့ ဆိုလိုက်ရင် အချို အချဉ် စပ် အခါး အရသာ အကုန်ရှိနေတယ်ဆိုတာ နိုင်ငံရေးစိတ်ဝင်စားသူတိုင်း သိထားပြီးသားလို့ မြင်ပါတယ်... ပြောချင်တာက အစိုးရကတမျိုး လူတယောက်ချင်းကတမျိုး အဖွဲ့အစည်း ( အစိုးရ နဲ့ အစိုးရ မဟုတ်တဲ့ အဖွဲ့) များရဲ့ စွမ်းပကားနဲ့ လုပ်တက်တဲ့ အကျင့်စရိုက်များကိုလည်း နားလည် သိထားကြမယ်လို့ မြင်ပါတယ်... ။ ( ဥပမာ အနေနဲ့ … ပါကစ္စတန်နဲ့ ၁၉၉၇ နောက်ပိုင်း စီးပွားရေးပျက်ကွက်နဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ အမေရိကန်ရဲ့ အင်ဒိုနီးရှားအပေါ်ထားခဲ့တဲ့ သဘောထား လုပ်ရပ်တွေ.. ဂါတာနာမို..နဲ့ အဘူဂါရိတ် လိုကိစ္စမျိုးတွေဟာ အမေရိကန်ကို အမှတ်တွေ လျှော့စေခဲ့တဲ့ လုပ်ရပ်တွေဆိုတာ မမေ့သင့်ဘူးလို့ ထင်မြင်မိပါတယ်..။… တဘက်မှာလည်း ဒေသတည်ငြိမ်ရေးအတွက်လို့ ကျွေးကြော်ရင်း အရှေ့အာရှ မှာ ၁၉၈၀ နဲ့ ၉၀ ကြား တည်ငြိမ်အောင်လုပ်ရင်း..နျူးကလီးယားတွေ မပျံ့ပွားဖို့ လုပ်ဆောင်ပေးခဲ့တဲ့သဘောထားတွေကလည်း ရှိခဲ့တာမို့… … သူတို့နဲ့ ပတ်သက်ရင် အမြဲတမ်း အကောင်းဆိုး ဒွန်တွဲနေတာကို အမှတ်ရဖို့ လိုမယ်လို့ထင်ပါတယ်..။ )

ရေးချင်တာတော့ အများကြီးပါ..နေသိပ်မကောင်းဘူး..ခေါင်းတွေလည်း သိပ်မကြည်ဘူး... တခုတော့ ပြောချင်တာက ... အနောက်ကိုလည်း အထင်တွေ ကျိုးကြောင်းမဲ့ မုန်းစရာ အထင်ကြီးစရာ မလိုသလို..အရှေ့သားတွေဟာ လည်း တွေးခေါ်မှုမှာ မညံ့ကြဘူး... ငပေါတွေ မဟုတ်ကြဘူး..ဆိုတာရယ်... ယနေ့ ဖြစ်နေတဲ့ ကမ္ဘာ့အခြေအနေကြီးမှာ အာဏာရှင်တွေကို ဘယ်တော့မှ အရူံးပေးလို့ မရဘူး ဆိုတာရယ်… ဦးနုလောက် တိုင်းပြည်အတွက် အချိန်မပေးဘူး… မလုပ်ဖူးသူတွေရဲ့ ဦးနုအပေါ်လှောင်ပြောင်ခြင်း သရော်ခြင်း… များ ရပ်တန့်စေချင်ကြောင်း ပြောရင်း နိဂုံးချုပ်ပါတယ်..။


( ဒီစာတွေကို ရေးဖို့လည်း တခါမှ မစဉ်းစားမိပါဘူး… ကိုမန်းရဲ့ ဘလော့ကို သွားရာကနေ ဦးနုအပေါ် သဘောထားဖတ်ရတာ အဆင်မပြေဖြစ်တာနဲ့ အမြင်ကိုရေးမိတာသာ ဖြစ်ပါတယ်..။ )

မဗေဒါ (၈၈)
၀၃.၀၅.၂၀၁၁

3 ဦး၏ဆွေးနွေးချက်:

မန်းကိုကို said...

မဗေဒါရေ ၊

ကျနော်တင်လိုက်တဲ့ပို့စ်ကြောင့် စိတ်ထဲထိခိုက်သွားမယ် ဆိုရင်တော့ စိတ်မကောင်းပါဘူး ။

ဦးရော်နီရေးတာရော ၊ မဗေဒါရေးတာပါ အတန်အသင့်ရှည်ပြီး အသေးစိတ် တစ်ချက်ချင်း ဆွေးနွေးဖို့ကျတော့ အင်မတန်ရှည်နိုင်တာမို့ လိုရင်းအချို့ကိုပဲ ပြောပြပါရစေ ။

ပထမဦးဆုံး ကျနော် ဦးရော်နီညိမ်းရဲ့စာကို ပို့စ်အဖြစ်တင်ရတဲ့ ရည်ရွယ်ချက်ကတော့ ကမ္ဘာ့အရေး ၊ မြန်မာ့အရေးကို ကိုယ့်ထက် ကျယ်ကျယ်ပြန့်ပြန့် သိထားပြီး အတွေ့အကြုံများသူတစ်ဦးရဲ့ ခြုံငုံသုံးသပ်ချက် တစ်ရပ်အနေနဲ့ သဘောကျမိလို့ပါ ။

ဒါကြောင့်လည်း “အချက်တွေ အားလုံးကို သဘောတူတယ်လို့ မဆိုလိုပါဘူး ။ သဘောတူတာ အတော်များတာနဲ့ ကျနော်မြင်ဖို့ မစွမ်းသာတဲ့ သမိုင်းနဲ့ယှဉ်တဲ့ အမြင်နဲ့သုံးသပ်ချက်တွေ အတော်အသင့် ပါနေလို့ပါ ။” ဆိုပြီး အဓိပ္ပါယ် အကျယ်ထပ်ဖွင့်လို့ရတဲ့ မှတ်ချက်မျိုးကို တမင်ပေးထားခဲ့တာပါ ။

တဆက်ထဲမှာလည်း Zin Than (ခေါ်) ကိုဇင် ဆိုသူရဲ့ “ဦးနုကို ဘယ်လိုပြောပြော လူထုက မထောက်ခံတာ မဟုတ်ဘူး လက်လှမ်းမမှီတာ” ဆိုပြီး ပြောထားတာကိုလည်း သဘောကျတယ်လို့ မှတ်ချက် ထပ်ပေးထားပါတယ် ။

အစပျိုးတာလည်း ရှည်သွားပြီ ။
ကျနော့်သဘောကတော့ ၊ အခု မြန်မာပြည်သားတွေထဲ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ သုံးသပ်ချက်တွေ ပေးကြရာမှာ အများအားဖြင့် အနီးကပ်အမြင်ကိုပဲ အာရုံစူးစိုက်နိုင်ကြတာ များတယ်လို့ ယူဆမိပါတယ် ။ ကုန်ကုန်ပြောရင် ကျနော်လည်း ပါတာပါပဲ ။

အဝေးကြည့်လို့ခေါ်ခေါ် ၊ ဘေးအမြင်လို့ပြောပြော ၊ ပညာရှင်ဆန်ဆန် သုံးသပ်ချက်လို့ အမွမ်းတင်တင် ၊ ကျယ်ပြန့်တဲ့ အနေအထားနဲ့ တဆင့်တက်ပြီး မြင်ဖို့ သုံးသပ်ဖို့ကျတော့ အလွန်ရှားနေတာ တွေ့ရပါတယ် ။ ဒါကြောင့် ဦးရော်နီညိမ်းအမြင်ဟာ ဒီအတန်းအစားထဲ အတန်အသင့် အံဝင်တယ်လို့ သဘောရမိလို့ တင်ခဲ့တာပါပါတယ် ။

သူ့သုံးသပ်ချက်တွေထဲမှာမှ ဦးနုဟာ အစိတ်အပိုင်းတစ်ခုပါ ။ ဆိုလိုတာက သူပုံဖေါ်ထားတဲ့ ပန်ချီကားထဲမှာ ဦးနုဟာ မရှိမဖြစ် အရေးကြီးပေမယ့် အခြားအစိတ်အပိုင်းတွေ အားလုံးထဲက တစ်ခုသာဖြစ်လို့ သူ့နဲ့ သဘောအပြည့်မတူပေမယ့် သဘောကျတယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ် ။ ဒါက အဝေးကြည့်ကိုး ။

အနီးကြည့်တဲ့အခါကျတော့် ၊ ဟုတ်ပါတယ် ၊ ပြဿနာ နည်းနည်းရှိလာပါတယ် ။ ပြောရင်တော့ ရှည်ပါလိမ့်မယ် ။ သေချာတာကတော့ ကျောင်းသားခေါင်းဆောင်ကနေ တက်လာခဲ့ပြီး အဆင့်ဆင့်နဲ့ နိုင်ငံ့ခေါင်းဆောင်နေရာအထိ ရောက်ခဲ့သူတစ်ယောက်ကို ညံ့တယ်လို့ပြောတာကို လက်မခံနိုင်တာ သဘာဝကျပါတယ် ။ “ငပေါ” ဆိုတာကတော့ စကားလုံးအရွေးများ မှားသွားသလား ၊ တမင်ကို ခပ်နာနာဖြစ်အောင် ရွေးပြောသလားတော့ ကာယကံရှင်ပဲ သိပါလိမ့်မယ် ။

တဖက်မှာက တစ်ခုခုလုပ်ရာမှာ အလုပ်ဖြစ်မဖြစ်ကို ရှေ့တန်းတင်ပြီး ဆုံးဖြတ်ရင်တော့ ၊ မေတ္တာစေတနာပြည့်တဲ့ ဦးနုအတွက် အမှတ်လျော့မှာကတော့ အသေအချာပါ ။

ဦးနေဝင်းနဲ့ ပတ်သက်လို့ကတော့ သူဟာ နိုင်ငံရေးသမားတွေကြားမှာ အတော်ဆုံးဆိုတာထက် အကွက်မြင်ပြီး သက်ရှိသက်မဲ့တွေကို အသုံးချတတ် ၊ အသုံးချနိုင်ခဲ့သူတစ်ယောက် ဖြစ်ပြီး စေတနာမမှန်ခဲ့တာကြောင့် ၊ ကံမကောင်း အကြောင်းမလှစွာ ဘဝမကူးခင် တန်ပြန်အကျိုး ခံစားသွားရသူ တစ်ဦးလို့သာ ယေဘုယျပြောလိုပါတယ် ။

အမေရိကန်နဲ့ အခြား အရေးပါအရာရောက်တဲ့ နိုင်ငံနဲ့ ပုဂ္ဂိုလ်တွေကိုတော့ မရှိမကောင်း ရှိမကောင်းလို့ပဲ အတိုဆုံး မှတ်ချက်ပေးလိုက်ချင်ပါတယ် ။

(ကျောင်းကိစ္စတွေနဲ့မို့ ထပ်တွေးမိတာရှိရင် ၊ အချိန်ရရင် လာထပ်ဆွေးနွေးပေးပါဦးမယ် ) ။

Anonymous said...

ကျနော် ဇော်မျိုးပါ။ ဒီမိုနဲ့ နအဖ အဖိုးကြီးတွေ ဘွဲ့တွေ ဘယ်လောက်ပဲ ရနေပါစေ . . . . တစ်ယောက်ကိုမှ အထင်ကြီးစိတ် မရှိဘူး။ သူတို့စာတွေကိုလဲ ဘယ်တုံးကမှ အလေးထားပြီး မဖတ်ပါဘူး။ အစ်မစာကိုတော့ အမြဲလာဖတ်ပါတယ်။ လာဖတ်တိုင်းလဲ အသေအခြာစဉ်းစားပြီးမှ ကော်မန့်ရေးပါတယ် (ကချင်ပါတီ၊ ရှမ်းပါတီ၊ ရခိုင်ပါတီ၊ မွန်ပါတီ၊ ကယားပါတီ၊ ကရင်ပါတီ၊ ချင်းပါတီတွေဖွဲ့ပြီး မိမိပြည်နယ်လေးနဲ့ လူမျိုးစုလေးအတွက်ပဲ လုပ်နေတဲ့ ငကျဉ်းတွေကိုတော့ စကားထဲမှာ ထည့်မပြောတော့ပါဘူး။ သူတို့ဟာ ဒီမိုနဲ့ နအဖလို တနိုင်ငံလုံး အရေးကို ဂရုစိုက်သူတွေ မဟုတ်တဲ့အတွက် . . . နိုင်ငံ့အရေး … တစ်နိုင်လုံးအရေး . .. ပြည်ထောင်စုတစ်ခုလုံးအရေး ဆွေးနွေးတဲ့ အချိန်မှာ စားရင်းမရှိပါဘူး)

အစ်မနဲ့ အမြင်မတူတာလေးတော့ ပြောချင်ပါတယ်။ ဘာဖြစ်လို့ ပြီးခဲ့တဲ့ ကိစ္စတွေကိုပဲ ပြန်ပြော နေကြတာလဲ? အစ်မပဲ စဉ်းစားကြည့်ပါ . . . မနေ့တနေ့ကဖြစ်ခဲ့တဲ့ 9/11ကို ဘယ်သူ့ လက်ချက်လဲဆိုတာ အားလုံးလက်ခံနိုင်တဲ့ အမှန်တရား မရှိသေးဘူး။ 9/11 လို ဗီဒီယိုမှတ်တမ်းမျိုးစုံရှိပြီး မနေ့တနေ့ကဖြစ်ခဲ့တဲ့ ကိစ္စတောင် ဘယ်သူလုပ်မှန်းမသိပဲနဲ့ ရှေးပဝေသဏီက ဘာဖြစ်လဲဆိုတာ သိအောင် ကြိုးစားနေတာ ရယ်စရာဖြစ်နေပါတယ်။ သမိုင်းဆိုတာ နိုင်တဲ့သူက ရေးတာဗျ။ လက်တွေ့ကျကျပဲပြောမယ် . . .ဦးနု လုပ်တာမှန်သည် မှားသည်ဖြစ်စေ။ ဦးနုဟာ လူတော်ပဲဖြစ်ဖြစ် လူညံ့ပဲဖြစ်ဖြစ် အရေးမကြီးတော့ပါဘူး။ သူလူကောင်းဖြစ်တာ သိရလဲ အသက်ပြန်သွင်းပြီး ခေါင်းဆောင်လုပ်ခိုင်းလို့ မရတော့ဘူး။ တကယ်လို့ သူ့လုပ်ရပ်တွေမှားတယ်ဆိုရင်လဲ သူ့ကို အိမ်အကျယ်ချုပ်ချထားလို့လဲ မရပါဘူးဗျာ။ ဘာမှ အကျိုးမရှိဘူးဗျ။ သူ့ရဲ့ကောင်းတဲ့လုပ်ရပ်.. ဆိုးတဲ့လုပ်ရပ်.. စတဲ့ ကိစ္စတွေပေါ်ကနေ သင်ခန်းစာယူချင်လို့ပါဆိုတဲ့ စကားလုံးလှလှလေးနဲ့ ဆင်ခြင်ပေးချင်ကြမှာပါ။ အမှန်ကို သိချင်လို့ ဆွေးနွေးကြတာမှ မဟုတ်တာ။ ကိုယ့်စိတ်ထဲထင်တာ တဖက်လူက လက်ခံအောင် ယဉ်ယဉ်ကျေးကျေးပြောပြီး ငြင်းခုံနေကြတာပါ။

မရေမရာတဲ့ သမိုင်းတွေပေါ်ကနေ အကျိုးမရှိတဲ့ အမှန်တရားရှာနေတာတွေကို ရပ်တန့်ပြီး အခုမြန်မာနိုင်ငံကြီးအတွက် ဘာဆက်လုပ်သင့်လဲဆိုတာ စဉ်းစား ပေးစေချင်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက်ပြီးတော့ ခေါင်းဆောင်အဖြစ် ထားသင့် မထားသင့်။ ကြံ့ဖွတ်ကို လက်မခံဘူးဆိုရင် ဘယ်လို ဆန့်ကျင်မလဲ။ ဒီမိုသမားအချင်းချင်း စည်းလုံးအောင် ဘယ်လိုလုပ်ကြမလဲ။ ပြည်ထောင်စုကြီး ခိုင်မြဲအောင် ဘာတွေ လုပ်ကြမလဲ စတဲ့ ကိစ္စတွေလို လတ်တလော အကြောင်းအရာတွေကို ဆွေးနွေးသင့်တယ် ထင်ပါတယ် (ဦးလွမ်းဆွေလိုပဲ အမြင်မတူတဲ့ ဒီမိုတွေက မိုက်မိုက်ရိုင်းရိုင် ဆဲတာတော့ ခံရမှာပေါ့နော်)

နောက်ပြီးတော့ ကရင်၊ ကချင်၊ ရှမ်း၊ ရခိုင်၊ မွန်၊ ကယား၊ ချင်းတွေ ဗမာကို လူမျိုးရေးမုန်းတီးနေကြတာကို တေ့တေ့ဆိုင်ဆိုင် ဆွေးနွေးစေချင်တယ်။ စစ်ဖြစ်တဲ့ဒေသမှာ မုဒိမ်းကျင့်၊ လူသတ်၊ ရွာမီးရှို့ လုပ်တာတွေ ရှိမှာပဲ။ ဒါက စစ်ဖြစ်တဲ့နေရာတိုင်းမှာ ဖြစ်တာ ထုံးစံပဲ။ ဒါဟာ စစ်ရဲ့ဆိုးကျိုးပဲဗျ။ စစ်ရဲ့ဆိုးကျိုးကို မလိုချင်ရင် စစ်မတိုက်နဲ့ ပြောပေးပါ။ ( စစ်တိုက်တယ်ဆိုတာ ဇတ်ပွဲကြည့်ရသလို ပျော်ပျော်ပါးပါး ဖြစ်မှာ မဟုတ်ဘူး . . .အဲလောက်တော့ နားလည်ထားသင့်တယ်) ရှေးတုံးက ဗမာဘုရင်တွေ သူတို့ကို ဘယ်လိုသတ်ခဲ့လဲဆိုတာ ပြန်ပြောပြီး ဒီနေ့ဗမာတွေကို မုန်းနေတဲ့ သမိုင်းငကြောင်ဖြစ်နေတဲ့ ရောဂါကိုလဲ . . . . ကုစားဖို့ပြောလိုက်ပါဦး။

Nge Naing said...

ဦးနုကို အနောက်တိုင်းသားတွေ ငပေါထင်မထင်တော့ မသိဘူး။ မီတဲ့သူတွေ ပြောပြလို့ ကြားဖူးတာတခုတော့ ရှိတယ်။ ဗြိတိသှ?လက်အောက်က လွတ်လပ်ရေးရခါစ နိုင်ငံတွေကို အမေရိကန်က ဖိတ်ပြီးတော့ နှီးနှောဖလှယ်ပွဲ ပုံစံလေးတခု လုပ်ပေးဖူးတယ်လို့ ပြောတယ်။ အဲဒီတုန်းက လွတ်လပ်ရေးရခါစ နိုင်ငံအသီးသီး သွားကြပြီး မြန်မာပြည်က ၀န်ကြီးချုပ်ဖြစ်သူ ဦးနုသွားတက်တယ်တဲ့။ အစည်းအဝေးတွေပြီးလို့ နိုင်ငံကိုမပြန်ခင် နိုင်ငံအသီးသီးက ခေါင်းဆောင်တွေက လွတ်လပ်ရေးရခါစဆိုတော့ တိုင်းပြည်ပြန်လည်ထူထောင်ဖို့ အမေရိကန်ဆီက ဘာလိုချင်တယ် ညာလိုချင်တယ်ဆိုပြီး အကူအညီ ၀ိုင်းတောင်းကြတဲ့အချိန်မှာ ဦးနုက ဘာအကူအညီမှ မတောင်းတဲ့အပြင် အဲဒီက လူမှုရေးလား ကျန်းမာရေးလားမသိဘူး အသင်းတခုမှာ တိုင်းပြည်ကို ကိုယ်စားပြုပြီး ပိုက်ဆံအနည်းငယ် လှူထားခဲ့တယ်လို့ ပြောတယ်။ အဲဒါကိုအကြောင်းပြုပြီး အဲဒီအချိန်က အမေရိကန် အဓိကသတင်းစာ ခေါင်းကြီးပိုင်းမှာ "ယူဖို့လာသူမဟုတ် ပေးဖို့လာသူဖြစ်တယ်" ဆိုတဲ့ ခေါင်းစဉ်နဲ့ တလေးတစား ဖေါ်ပြခဲ့တာကို မြန်မာပြည်က သတင်းစာမှာလည်း မြန်မာလိုနဲ့ ပြန်ဖေါ်ပြတယ်လို့ ပြောတယ်။ အဲဒီအချိန်ကစပြီး မြန်မာပြည်ကို ကမ္ဘာ့တခြားတိုင်းပြည်တွေက ခေါင်းဆောင်တွေက တော်တော်လေးစား အထင်ကြီးသွားတယ်လို့ ပြောကြတယ်။ သူများပြောပြလို့ ကြားဖူးတဲ့အကြောင်းအရာလေးပါ။ ဖတ်ဖူးတာ မဟုတ်ဘူး။