Thursday, March 24, 2011

နားလည်သင့်တယ်…



ဘလော့စရေးတော့ စာရေးချင်တာတခုပဲ သိခဲ့ပါတယ်..တခြားသော ကိစ္စများကိုလည်း ရိုးစင်းစွာပဲ စဉ်းစားပါတယ်..။ ဥပမာ… ဘလော့စာဖတ်တဲ့ သူငယ်ချင်းတယောက်ယောက်က `အဲသလို ဟိုလို` ဆိုသည့် အကြောင်းများကို ဆိုလာသောအခါ.. `ဟုတ်လား` ဆိုသည်လောက်နဲ့ပဲ အဆုံးသတ်ခဲ့တာ များပါတယ်.. စိတ်ဝင်တစား ဖြစ်သည့်အခြေအနေ တခါမှမရှိခဲ့ပါ.. ။ဒါပေမယ့်လည်း ကျွန်မ ဘလော့ ဖွင့် ဖြစ်ခဲ့သည့်အခါမှာတော့ တချို့အကြောင်းအရာများကို စိတ်ဝင်စားလာခဲ့ပါတယ်.. ။ပညာပေး ဆောင်းပါးတွေ..ဆွေးနွေးထားတဲ့ သီးသန့်အကြောင်းအရာ (ဥပမာ..ဘာသာရေး..) ဗဟုသုတတွေ.. သူငယ်ချင်း မငယ်နိုင်ရေးတဲ့ တောထဲက အမှတ်တယလို စာမျိုးတွေကို ဖတ်ခွင့်ရတဲ့ အခါ စာရေးတာ ဝါသနာပါတဲ့ ကျွန်မကို ရေးချင်စိတ်တွေ ပိုပေါက်စေပါတယ်..။ နောက်.. အမြင်တွေကိုလည်း ဖလှယ်ချင်စိတ်တွေ ဖြစ်မိပါတယ်..။

ဗဟုသုတစာတွေဖတ်ရတာတွေ ရှိသလို ပြဿနာများလည်း ရှိတက်တာကို တွေ့လာပါတယ်.. မဗေဒါ တိမ်းရှောင်သွားတာများပါတယ်..။ ဘယ်သူနဲ့မှ ပြဿနာဖြစ်ဖို့ အကြောင်းမရှိဘူးလို့ပဲ ခံယူထားပါတယ်.. ဒါကြောင့် လည်း စာရေးကတည်းက ကိုယ့်အတွက် ကျန်မဲ့ အကြောင်းအရာများကို ကိုယ်တိုင်လည်း ဖတ်သလို အသိသူငယ်ချင်းများကိုလည်း ပြောပြတက်ပါတယ်.. ဆိုလိုတာက ကိုယ်လည်း အကျိုးရှိ သူများလည်း အကျိုးရှိနိုင်မဲ့ အလုပ်များကို အသက်အရွယ်အရ စဉ်းစားပြီး လုပ်တာပါပဲ..။ ကျွန်မဟာ သာမာန် လူတယောက်ဖြစ်ပါတယ်.. ဒါပေမဲ့ နဲနဲလေး ထူးတာတွေရှိပါတယ်.. တော်လှန်ရေးဆိုတာမှာ နဲနဲပါဖူးတယ်..ရေကြည်အိုင်နဲ့ ရင်းနှီးဖူးတယ်.. အင်းစိန်ထောင်ကို မစိမ်းခဲ့ပါဘူး… အချုပ်ခန်းဆိုတာဟာလည်း အိမ်ဦးနဲ့ ကြမ်းပျင်လို မဟုတ်တောင် ၅ ခေါက်လောက်တော့ ရောက်ဖူးတယ်..။ ဒါကြောင့် စာတွေ ရေးတဲ့အခါမှာလည်း ကျွန်မရဲ့ ဘဝတစိတ်တပိုင်းက ခံစားချက်တွေ အမြင်တွေဟာ နိုင်ငံရေးနဲ့ အများကြီး ပါတ်သက်ပါတယ်.. ။

ကျွန်မမှာ ကြံဖန်မွေးယူရမဲ့ ရန်သူမရှိသလို လုပ်ကြံပြီးတိုင်းပြည်ချစ်စိတ်ကို ဖန်တီးမွေးယူဖို့တော့လည်း မလိုပါဘူး.. သို့သော်လည်း စစ်အစိုးရလုပ်ရပ်များကိုတော့လည်း မကြိုက်တာ အမှန်ဖြစ်ပါတယ်…။ သူတို့တွေ သိပ်မတရားတွေ လုပ်တဲ့အခါ.. (ဥပမာ..ငွေကြေးတွေ ကုန်ကျခံကာ… လက်နက်တွေ ဝယ်ယူနေတာမျိုး ..ဘုန်ကြီးတွေကို ရိုတ်သက် ဖမ်းဆီးတာမျိုးတွေ.. ပြည်သူပြည်သားတွေ ဆေးကုဖို့ ဆရာဝန် မရှိ ဆေးဝါးမရှိ ဖြစ်နေတာမျိုး… တိုင်းရင်းသားတွေ ကို ဒုက္ခပေးတာမျိုး အစရှိတာတွေ) ကိုတော့ လည်း ပုထုဇဉ် လူသားကျွန်မက ပြောကိုပြောချင်ပါတယ်..။ ဒီစာရေးရင်း နိုင်ငံရေးလုပ်ဖူးတဲ့ အန်တီကြီးပြောတာကို သတိယပါတယ်.. `သမီး အေးခိုင် အန်တီလေ လူတွေအများကြီးကို တရားပြ ကိုယ်တိုင်လည်းလုပ်..အားထုတ်တယ် သမီးရဲ့.. ဒါပေမဲ့ နိုင်ငံရေးလောဘကို သတ်လို့ကိုမရဖူး` လို့ တောထဲလာတုန်းက ပြောသွားတာကို အမှတ်ယပါတယ်..။ ကျွန်မမှာတော့ အန်တီကြီးလို ဘာသာရေးတွေ မလုပ်နိုင်တော့ ပိုပြီးတော့ လောဘတွေ များပါတယ်..အထူးသဖြင့် မြန်မာပြည်ထဲက သတင်းဆိုးတခုခုကို ကြားရတိုင်းဖြစ်တက်တဲ့ ခံစားရမှုက အင်မတန်ကြီးပါတယ်.. ဒါကြောင့် လောဘတွေများမိပါ တယ် ..များမိတဲ့အတွက် နိုင်ငံရေးနဲ့ ပတ်သက်တာတွေကို ရေးမိပါတယ်.. ဒါဟာ ကျွန်မအမြင်ကို ဖလှယ်တာ ပြောတာသာဖြစ်ပါတယ်… မှန်နိုင်တယ်..မှားတာတွေ ရှိနိုင်တယ်…။ ဒါပေမဲ့ တခုရှိတာကတော့ နေရင်းထိုင်ရင်း အကောင်းတွေလုပ်ပေးနေတဲ့ ကောင်းနေတဲ့ အစိုးရကို ရမယ်ရှာ..အပြစ်ရှာ စော်ကားနေတာတော့ မဟုတ်ဖူးလို့ အခုထိပဲယုံကြည်ပါတယ်.. ။

ကျွန်မနဲ့ သက်တူရွယ်တူ များဟာ မဆလရဲ့ စနစ်ကြီးအောက်မှာ ကြီးပျင်းလာရသလို..ကျွန်မတို့နဲ့ အသက်အားဖြင့် သိပ်မကွာတဲ့သူတွေဟာ စစ် စနစ်ဆိုး အောက်မှာ… လူဖြစ်… ပညာသင် ကြီးပျင်းလာကြပါတယ်…။ အဲဒီထဲမှာ လူငယ်တွေ..အချင်းချင်းကြားမှာရော… လူကြီးများနဲ့ပါ နိုင်ငံရေးအမြင်အရ သဘောထား မတူတာတွေ အများကြီးရှိပါတယ်.. တချို့က ..ဒီမိုသမားတွေလို့ ကျွန်မကို အမည်တပ်ပါတယ်..။ သူတို့ကို သူတို့တော့ ဘာအမည်မှ တပ်တာမျိုးတွေ မလုပ်ကြပါဘူး.. ကဲ ကျွန်မက ဒီမိုကရေစီလိုချင်တဲ့သူဆိုတာ ဟုတ်ပါပြီ.. ဒီမိုကရေစီ ဆိုတာ ဘာလဲ …ဘာဖြစ်လို့ လုပ်ချင်ကြတာလဲ.. စဉ်းစားရအောင်ပါ.. အရှည်ကြီး ဋီကာမဖွင့်ပဲ ပြောရရင် ဒီမိုကရေစီမှာ လူတွေ ကို အကြောက်တရားနဲ့ မအုပ်ချုပ်ဘူး…( ဆိုလိုတာက မိုးလင်းရင် ငါ နိုင်ငံရေးလုပ်လို့ ဘယ်သူလာဖမ်းမလဲဆိုပြီး တွေးကြောက်ဖို့ မလိုတဲ့ လူ့ဘောင်အဝန်းအဝိုင်းဖြစ်တယ်..) လွတ်လပ်တဲ့ အတွေးအခေါ်တွေ ဖလှယ်ခွင့် ရှိတယ်.. တင်ပြခွင့်ရှိတယ်..ဒါကြောင့်လိုချင်တယ်.. ..ဒီတော့ ကျွန်မတို့ကို ဒီမိုသမားတွေလို့ ခေါ်နေတဲ့ သူတွေရော ကိုယ်ပြောချင်တာတွေ.. ကို ဆွေးနွေးတင်ပြချင်တဲ့စိတ်တွေ မဖြစ်မိဘူးလား.. အေးအေးချမ်းချမ်း လုံလုံခြုံခြုံ မနေချင်ကြဘူးလား....။ ကျွန်မတို့ ဒီမိုလိုချင်သူတွေကို ဒီမိုကရေစီကို နားလည်မှုလွဲနေတဲ့ သူတွေက ဘာကြောင့် အပစ်တွေ ပြောနေရတာလည်း.. ဆဲရေးတိုင်းထွာနေရတာလည်း..။ အကြောင်းအရာအပေါ်မှာ အမြင်မတူလို့ ဆဲဆိုစရာ အကြောင်း မရှိဘူးလို့ မြင်ပါတယ်.. ကျွန်မတို့အားလုံးမှာ လေ့လာတက်တဲ့ ညဏ် အသိရှိတယ်.. အခြေအနေကို သိနိုင်တဲ့ သုံးသပ်နိုင်တဲ့ ပညာအသိ မဆင်းရဲကြဘူး.. အဲဒီအသိတရား ညဏ်ပညာအပေါ်အခြေခံပြီးတော့ ကိုယ့်တိုင်းပြည် ကောင်းကြောင်းကို ဘယ်လိုမျိုးဖြစ်ချင်တာ ဘာတွေက ဖြစ်သင့်တာ မဖြစ်သင့်ဘူး… ဖြစ်နေတာတွေက ဘာဆိုတာကို ဆွေးနွေးရမဲ့ စွမ်းရည်နဲ့ လက်တွေ့လုပ်ငန်းပဲ အရေးကြီးပါတယ်..။ ရန်ဖြစ်ဖို့ ညစ်ညမ်းစွာ ဆဲဆိုဖို့.. မပါပါဘူး… အဲလို အပြန်အလှန်ကောင်းမွန်စွာ ပြောဆို တက်တဲ့ စိတ်ထားတွေကို မွေးယူနိုင်အောင် အခုကတည်းက ကျွန်မတို့ ကျိုးစားရမှာပါ..။ ဆဲတာဟာ ဘာမှ မထူးဆန်းပါဘူး..ကျွန်မ လည်း သင်စရာမလိုပဲ မျိုးစုံဆဲတက်ပါတယ်.. အရွယ်ရောက်ကတည်း တခါမှ ဘယ်သူ့ကိုမှ… အခုချိန်ထိ မဆဲဖူးပါဘူး…( အလယ်တန်းတုန်းက တခါတော့ ဆဲဖူးတယ်.. မလိမ်မိုး မလိမ်မာအရွယ်မို့ဖြစ်မယ်..) ဆိုလိုတာက လူတိုင်းဟာသင်စရာ မလိုပဲ ဆဲတက်ပါတယ်..လုပ်သင့်လား မလုပ်သင့်လား ဆိုတာပဲ သိဖို့လိုပါတယ်..။ ဆဲလိုက်တော့ရော ဘယ်သူ အကျိုးရှိသွားမှာလဲ အဆဲခံရသူလား ကိုယ်လား.. ပြောချင်တဲ့အကြောင်းအရာကရော.. တိုးတက်ရာ တိုးတက်ကြောင်း ရှိသွားမှာလား ..ကောင်းသွားမှာတဲ့လား.. အစရှိသဖြင့်ပေါ့..။ ဒါကြောင့် ကျွန်မတို့ အကြောင်းအရာတခုကို ပြောကြ ဆွေးနွေးကြတဲ့အခါ ဆဲရေးတိုင်းထွာတာ မပါပဲ.. လှလှပပ ဆွေးနွေး တက်အောင် ..အကျိုးရှိရာ ရှိကြောင်း လုပ်ကြဖို့… အင်မတန်ကို လိုအပ်တယ်လို့ မြင်ပါတယ်..။

အမှန်ကတော့ လူတိုင်းဟာ …ကိုယ် နေရတဲ့ အခြေအနေတခုမှာ ကိုယ့်တာဝန်ကို ကိုယ်ကျေပွန်ဖို့နဲ့ ကိုယ့်လုပ်ရပ်တွေဟာ အကျိုးရှိမရှိ သုံးသပ်တက်ဖို့ လိုပါတယ်.. အခြေအနေ ပေးတုန်းမှာ အကျိုးရှိတာတွေ ကို မလုပ်ပဲ.. တပါးသူရဲ့ အတွင်းရေး.. တပါးသူအပေါ် ..သိက္ခာကျစေမဲ့..လုပ်ရပ်တွေ ကို မလုပ်ဖို့လိုပါတယ်..။ ကျွန်မတို့ဟာ တပြည်ထဲသားချင်းများပဲဖြစ်ပါတယ်.. အမျိုးဆွေများလည်း ဖြစ်နေနိုင်ပါတယ်.. အသိအကျွမ်းများလည်း ဖြစ်နေနိုင်ပါတယ်.. ဒီမိုကရေစီ ပဲပြောပြော လွတ်လပ်တရားမျှတ အေးချမ်းတဲ့ လူ့ဘောင်တခုကို တည်ဆောက်ချင်တဲ့ အခြေအနေတခုကို သွားတဲ့အခါမှာ အမြင်မတူတာတွေ အများကြီး အများကြီးရှိကြမှာပါ… ဒါဟာလည်း အင်မတန်မှ ကျယ်ပြန့်ပါတယ်.. နေ့စဉ် အတူနေထိုင်တဲ့ သူငယ်ချင်း..မိဘ.. သားသမီးများနဲ့တောင် အကြောင်းအရာ တခုအပေါ်မှာ အမြင်မတူလို့ စကားများကြသေးတာ အခုလို ကိစ္စမျိုးဟာ အင်မတန်မှ ရူပ်ထွေးနိုင်ပါတယ်..။ လူတယောက်ရေးသားတဲ့ အကြောင်းအရာအပေါ်မှာ … မမှန်ဘူးဆိုရင်လည်း .. ဘာမမှန်တာလည်း ဆိုတာကို ထောက်ပြပြီး ယဉ်ကျေးစွာ ဆွေးနွေးသင့်ပါတယ်…. ။


ဆိုလိုတာက ဒီမိုလိုချင်သူတွေလည်း လူမို့ အမှားရှိမယ်..ဒါပေမယ့် ဘာမှားလဲဆိုတာကို တဘက် နားလည်သွားအောင် ကျိုးကြောင်းဆွေးနွေးပြတာမျိုးပဲ ဖြစ်ရမယ်.. အကျိုးအကြောင်းမပါပဲ ထိုင်ဆဲနေတာမျိုး… ထဲထဲဝင်ဝင် အကြောင်း မသိပါပဲနဲ့ စွပ်စွဲနေတာမျိုး.. နဲနဲသိတာကို အများကြီး လုပ်ပြောနေတာမျိုးတွေ ဟာ ဖြစ်သင့်သလား ဆိုတာ သေချာလေး လေးလေးနက်နက် စဉ်းစားသင့်တယ်လို့ မြင်ပါတယ်.. ..။ တခုထပ်ပြောချင်တာကတော့ အမည်ရင်းမသုံးပဲ ဆွေးနွေးကြသူတွေကို မရိုင်းစိုင်းဖို့ ပြောချင်ပါတယ်..။ ကိုယ်ရဲ့ အမည်ရင်းတောင် မဖော်ရဲပဲ အမည်တုတပ်ပြီး ပြောနေရတာဘာကြောင့်လဲ.. ကိုယ်ထောက်ခံချင်တဲ့ နအဖစစ်တပ် ကို ထောက်ခံချင်တာတောင် . … အမည်ရင်းတပ်ပြီး မလုပ်ရဲကြတဲ့ သူတွေဟာ ဒီမိုကရေစီရဲ့ တန်ဖိုးကို နားလည်သင့်တယ်….။ အခုတော့ ကိုယ့်အမည်လေးတောင် မဖော်ရဲတဲ့ ဘဝနဲ့ လူတွေကို နှောင့်ယှက်စော်ကားနေကြတာဟာ အမှားကြီးမှားနေတဲ့ လုပ်ရပ်များလို့ မြင်ပါတယ်..။ ဒီမိုကရေစီဆိုတဲ့ လူ့ဘောင်ကြီးထဲမှာ အပြန်အလှန်ပြောကြဆွေးနွေးမယ် ကိုယ်ကြိုက်တဲ့ ပါတီလား..အဖွဲ့လား.. အစရှိတာတွေကို ကြိုက်ခြင်း (မကြိုက်ခြင်း) သည် ဘာကြောင့် ဆိုတာမျိုး လွတ်လွတ် လပ်လပ်နဲ့ ယဉ်ကျေးစွာပြောဆိုဆွေးနွေး ကြရင်ဖြင့် အသိညဏ်တွေ တောင်တိုးပွားလာပါလိမ့်မယ်..။ လူတ ယောက်ဖြစ်လာပြီး အဖေ နဲ့ အမေက ချစ်လို့ ပေးထာတဲ့ အမည်ရင်းတောင် မသုံးရဲတဲ့သူတွေက ဒီမိုကရေစီရဲ့ တန်ဖိုးကို မက်မောသင့်တယ် နားလည်သင့်တယ်.. အားကျသင့်တယ်.. ပျက်ရယ်မပြုသင့်ဘူး.. ။ ဒါကြောင့် ကိုယ်လိုချင်နေတာကို ဘာမှန်းမသိ စစ်အစိုးရပြောသမျှယုံပြီး ဒီမိုကရေစီရဲ့ အားသာချက်တွေကို ပျက်ရည်ပြု …ဖုံးကွယ်ပြီး ဒီမိုကရေစီ လိုချင်သူတွေကို စော်ကားတဲ့ စကားတွေနဲ့ တိုက်ခိုက်နေတာဟာ အင်မတန်မှ ရှက်ဖို့ ကောင်းတယ်လို့ ပြောရင်း ဒီမိုကရေစီ သမားတွေလို့ တချိန်လုံး အပြစ်မြင်နေသူတွေရော တကယ်ပဲ အဲဒီလူ့ဘောင်ကို မလိုချင်ဘူးလားလို့ မေးချင်ပါတယ်…။


မဗေဒါ
၂၃.၀၃.၂၀၁၁


6 ဦး၏ဆွေးနွေးချက်:

ရွှေရတုမှတ်တမ်း said...

ဝဲတွေပေါက်ကြ ထဲက link တွေဖြုတ်ပြီး မရောက်ဖြစ်တာ စိန်ဗေဒါရေ..
နေကောင်းလို့ ဝမ်းသာပါ့ဗျာ...

Myanmar Good Knowledg Co., Ltd said...

မဗေဒါရေ
လာဖတ်တယ်။
အမည်ရင်းနဲ့တော့ဟုတ်ဘူး။
း)
ခင်မင်လေးစားလျှက်

daw nwe said...

အရေးကြီးတဲ့အလုပ်တွေလုပ်နေရင်း (နင်သိပါတယ်နော်) ကမန်းကတမ်း တက် (စေ့စေ့စပ်စပ်လေး ) ဖတ်သွားပါသည်။ ပြောရရင်တော့ ဒီတပုဒ်ကို တော်တော် ဘ၀င်ခိုက်သွားပါတယ်။

ခနွဲ said...

မရောက်ဖြစ်တာ တော်တော်ကြာပါပေါ့။ လင့်က အခုမှ ပြန်တွေ့လို့။

Nge Naing said...

သူငယ်ချင်းရေ ပို့စ်တင်ခါစက တခေါက်ရောက်လာပြီးပြီ ဖတ်ပြီးဒီအတိုင်းပဲ ပြန်သွားတယ်။ မအားတာနဲ့ အခုမှပဲ မှတ်ချက်ပေးဖြစ်တယ်။ ဘလော့ဂ်မှာလည်း
C-Box ကို ဘုရားခုနှစ်ဆူနဲ့ ဘုရားဂုဏ်တော်တွေကြား ညှပ်ပြီးထားတာတောင် လာဆဲနေ ယုတ်ယုတ်ရိုင်းရိုင်း လာရေးနေတုန်းမို့ အမြဲဖျက်နေရတယ်။ ဆဲတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြီး ဆဲတဲ့ အထုံပါရမီပါလာသူကတော့ ဆဲနေမှာပဲ။ စရိုက်ကြမ်းတဲ့သူက ကြမ်းကို ကြမ်းပါတယ်။ ဒါပေမဲ့ ဒါတွေကို အရင်က မသိဘူး။ အမည်မသိ၊ အမည်အတုတွေနဲ့ လာရေးတယ်ဆိုရင်တောင် ကိုယ်ဘယ်သူဆိုတာ တခြားသူတွေ မသိပေမဲ့ ရေးသူကိုယ်တိုင် ကိုယ့်လိပ်ပြာကိုယ် မရှက်တာလည်း တကယ်ကို အံ့သြစရာ။ မြန်မာလူမျိုးတွေမှာ ဒီလောက်ယုတ်မာတဲ့သူ ဒီလောက်ရိုင်းတဲ့သူတွေ ရှိမှန်းဘလော့ဂ် လောကထဲ ရောက်မှ သိတာတော့ အမှန်ပဲ။

Anonymous said...

ကျနော်အကြံပြုချင်တာ ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ကွန်ယက်တွေဖွဲ့ပြီး စိတ်ထားသူတဲ့သူတွေ အချင်းချင်း ပူးပေါင်းလုပ်ကိုင်ဖို့ ဆုံးမထားတာ ရှိပါတယ်။ ကျနော့အမြင်ကတော့ အဲဒီ ကွန်ယက်စံနစ်ဟာ လက်တွေ့ကျပြီး ဖြစ်နိုင်ချေရှိတယ်လို့ ယူဆပါတယ်။ လူတွေက ဒီမိုကရေစီမရရင် ဒေါ်အောင်ဆန်းစုကြည်မှာ တာဝန်ရှိတယ်ဆိုပြီး ပြောနေကြတယ်။ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောရင်လဲ လက်ခုတ်တီးပြီး အားပေးကြပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် ခိုင်းတဲ့အတိုင်း လိုက်လုပ်တဲ့သူ မရှိဘူးဖြစ်နေတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အားအားယားယား ပါးစပ်က အမေလို့ ခေါ်နေတဲ့ ကောင်တွေလဲ လက်တွေ့ကျတော့ ဘာမှမလုပ်ကြဘူးဗျ။ တော်တော်ကို အသုံးမကျတဲ့ မြန်မာတွေပဲ။ ဒါ့ကြောင့် ကျနော့လိုပဲ အသုံးမကျတဲ့ လူငယ်တွေကို ဆုံးမသြ၀ါဒပေးစေချင်ပါတယ်။ (မြန်မာဆိုသည်မှာ ကချင်၊ ချင်း၊ ရခိုင်၊ ဗမာ ၊ ပအို့၊ ရှမ်း၊ ပလောင် ၊ ပဒေါင် ၊ ကရင် စသည့်တိုင်းရင်းသား အားလုံးကို ရည်ရွယ်ပါသည်)

ကျနော် မေတ္တာရပ်ခံချင်တာက လူငယ်တွေကို . . . ဘာတွေလုပ်ကြကွာ. . . ဘယ်လို လုပ်ကြကွာ. . . စသဖြင့် အကျိုးရှိတာတွေကိုပဲ ပြောဆို . . . . ဆုံးမပေးစေချင်ပါတယ်။ ပြည်ထောင်စု မြန်မာပြည်ကြီး သာယာပါစေ။