ဘာလုပ်ရင်ကောင်းမလဲဟု စဉ်းစာနေရင်း သတင်းချာနယ်ကို ဖွင့်လိုက်ရာ Kyrgyzstan တွင် ဆန္ဒပြနေသည်ကို တင်ပြနေရာ ရုတ်တရပ် ဘယ်မှာလည်းဟု မသိဖြစ်နေပါသည်..၊ နောက်တော့မှ စတန်တွေပါနေတော့ ဖြစ်နိုင်သည်မှာ ဒီလိုနိုင်ငံမျိုးဆိုရင် ရုရှခွဲထွက်တာမျိုး ဒါမှမဟုတ်လည်း ကုလားပြည်မျိုးလား အစရှိသဖြင့် ဖြစ်နိုင်ခြေတွေကို စဉ်းစဉ်းစားစားတွေးရင်း ဂူဂလယ်တွင်တက်ရှာမိပါသည်..၊ ငါသိပ်မညံ့သေးပါလားဟု ကိုယ့်ကိုကိုယ် အားမငယ်အောင် အားပေးမိပါသည်..၊ အဲလိုသတင်းကြည့်မိသည်တွင် ကျွန်မ၏ခံစားချက်တခုပြောဖို့ရန် အကြောင်းဖန်လာပေသည်..။ ခံစားချက်အများကြီးထဲက တခုပေါ့..။ ဆရာကြီးရွှေဥဒေါင်းစကားနဲ့ဆိုရင်တော့ ဆူးတချောင်းဖြစ်မယ်ထင်တယ်..။
အတန်းပညာသင်ဖူးသူတို့ ထံမှ မြန်မာနိုင်ငံကို မသိဘူး မကြားဘူးဟု ဆိုလျှင် ကျွန်မအတော်လေးစိတ်ဆိုးမိသည်။ မကြားဘူး.. မသိဘူးဆိုသည်ကို စဉ်းစဉ်းစားစားမဖြေပဲ.. မသိဘူး ဟု မစဉ်းမစား ဒုန်းစိုင်းဖြေလိုက်ပါက ပို၍ပင် ဒေါမနသထွက်မဆုံးတော့ပေ…။ တိုင်းပြည်ချစ်စိတ်ဆိုတာ ဒါပဲလားဟူ၍လည်း မကြာခဏတွေးမိပေသည်။ ကျွန်မမှတ်မိသလောက် ကျွန်းနိုင်ငံသေးသေးမွားမွားလေးများမှ အပ အခြားသော နိုင်ငံများသည် ကျွန်မတို့ ငယ်စဉ်တောင်ကြေး ကလေးဘဝကတည်းက ရင်းနှီးခဲ့ကြသည်သာများပေသည်။ လူတယောက်ယောက်နှင့်ဆုံ၍ (……) ကပါဟု မိတ်ဆက်ပြောလိုက်သောကြောင့် မသိဆိုသည်မှာ ဖြစ်တောင့်ဖြစ်ခဲသာ ဖြစ်ပေသည်။ အတန်းကျောင်း နေဖူးသူအများစုနှင့် ဗဟုသုတရှာဖွေသူတို့သည် နိုင်ငံအတော်များများကို ကြားဖူးနားဝ ရှိသည်ဟု ကျွန်မမှန်းဆပါသည်။ အာရှထဲမှမဟုတ် ဟိုးဝေးလွန်းသော အာဖရိကတိုက်က နိုင်ငံငယ်လေးများသည်ပင် ကြားဖူးကြပေသည်။ (ကြွားလိုက်ပါအုံးမည် …ကျွန်မသား ရ နှစ် ၄ လသားသည် နိုင်ငံပေါင်း ၇၀ လောက်ကို ကောင်းကောင်းသိသူဖြစ်ပါသည်…) ။ ကျွန်မပြောချင်သည်မှာ နိုင်ငံတကာသို့ပင် ရောက်ရှိနေကာမှ အခြားနိုင်ငံတခုပြောလိုက်၍ မသိဘူးဟုပြောသည်မှာ ညံ့ခြင်းမဟုတ် ဖျင်းခြင်းသာလျှင်ဖြစ်မည် သို့မဟုတ်ပါကလည်း အဲဒီနိုင်ငံကို သိသည်ကိုပြောရမည်ကို မပြောချင်၍လော …အထင်သေးအမြင်သေး ရှိ ၍လားဆိုသည်မှာ ကာယကံရှင် ပင်သိမည် ဖြစ်ပါသည်..။
မြန်မာနိုင်ငံကို လူမသိခြင်းသည် စိတ်တိုစရာများလား.. လူအတော်များများ ရင်းနှီးသည့် ကစားနည်းတခုဖြစ်သည့် ထိုင်ခုံကို လုခြင်းဖြင့် ကစားသူအမည်နှင့်နိုင်ငံကို တွဲပြောကာ မသိသူ မေ့နေသူက အရူံးပေးသည့် ကစားနည်းတခု ရှိပေသည်။ ယင်းကစားနည်းကို ဆရာအိမ်သို့ သွားလည်ရာတွင် ကစားကြရာ နောက်ဆုံးနှစ်နိုင်ငံ ကျန်နေသည့် အထဲတွင် ပါကစ္စတန်နှင့် မြန်မာသာကျန်ပေတော့သည်။ ပါကစ္စတန်နိုင်ငံသားက ကျွန်မအားမည်သည့်နိုင်ငံက လာသည်ဆိုသည်ကို မှန်းဆရန်သာကျန်ပေတော့သည်။ ဆရာများနှင့် သူငယ်ချင်းများက ပါကစ္စတန် သားကို (ကျန်နေသည့် နိုင်ငံသည်အိမ်နီးချင်းဖြစ်၍ သိပ်မဝေးဆိုသည်ကို) စကားလမ်းကြောင်း ပေးနေသလို အရှေ့အနောက်ပင် ပြောနေသော်လည်း ထိုသူသည် မသိဟုဆိုကာ နဲနဲမှပင် မစဉ်းစားပဲ အရူံးပေးလိုက်ပေတော့သည်။ ( အမှန်မှာက ကျွန်မရုပ်ကိုမှန်းပြီး နဲနဲစဉ်းစားသင့်ပေသည်… ။ ကိုယ့်ရုပ်ကလည်းကိုးရီးယားနဲ့လောက်တော့မတူပေါင်.. ) ကျွန်မဒေါသ ထောင်းထောင်းထကာ ထိုလူမျက်နှာကို ပိတ်ရိုက်ချင်စိတ်များ တဖွဖွ ပေါ်ခဲ့ဖူးပေသည် (တကယ်တော့ မလုပ်ရဲပါ..)။ ကစားနည်းအရဆိုရင် ကျွန်မနိုင်သွားပေသည်..။ အမှန်တွင်ကား ကျွန်မနိုင်သွားခြင်းမဟုတ်.. တကယ်တော့ ရူံးသွားခြင်းသာဖြစ်ပေသည်။ အာရှနိုင်ငံမှ အိမ်နီးချင်းနိုင်ငံသားသည် ငါ့နိုင်ငံကို မသိခြင်းဆိုသည် မှာ အတော်လေး မြင်ပြင်းကတ်စရာကောင်းသလို ထ၍သာ ထုထောင်းချင်စိတ်များ တွေးမိတိုင်းပေါ်မိသည်။ ထိုပါကစ္စတန်သားသည် ဘွဲ့ရပညာတက်တဦးဖြစ်ပေသည်။ သူသည် အပျော်ဆော့ကြသည့်အတွက် ရူံးသွားသော်လည်း အေးအေးဆေးဆေးပင်။ ကျွန်မသာလျှင် စိတ်ဆိုးမဆုံး နိုင်တော့ပေ။ အခုထိလည်း တွေးမိပါက စိတ်ဆိုးတုန်းပင်..။
မြန်မာနိုင်ငံကို မသိခြင်းသည် တကယ်များလား.. ထိုလိုလူများကို စာဖတ်သူများသည် ပြည်ပတွင် နေထိုင်ပါက အများကြီးကြုံဖူးနိုင်သည်။ ဗမာပြည်ပြောလည်းမသိ. မြန်မာပြည်ပြောလည်းမသိ.. ဒေါ်အောင်ဆန်းစုကြည် ပြောမှသိသူတွေရှိ၍သာ တော်ပေတော့သည်။ (ဒေါ်စုကယ်၍)ပေါ့၊ ဒေါ်အောင်ဆန်းစုကြည်သာ မပေါ်ခဲ့ပါလျှင် အဘယ်သို့ ရှိချေမည်မသိတော့ပေ။ ဦးသန့်ဆိုလျှင်လည်း သိကြမည်မဟုတ်.. အကြောင်းကား နှစ်အတော်ကြာခဲ့ပြီ ဖြစ်သောကြောင့် ဖြစ်ပေသည်။ နောက်ကယ်တင်ရှင် နိုင်ငံနှစ်ခုလည်း ရှိသေးသည်… အိန္ဒိယနှင့်တရုတ်တို့ဖြစ်ပေသည်။ သည်နိုင်ငံနှစ်ခုနှင့် ကိုးကားရှင်းပြလိုက်ပါမှ အင်းဆိုကာ အေးလိုက်ကြတော့သည်။ အေးလိုက်၍ ကျွန်မကကျေနပ်သည် မထင်ပါနှင့်..၊ လူမျက်နှာကို သေချာအကဲခတ်ကာ လုံးတုတ်သည်ဆိုပါက သမိုင်းနှင့်ချီ၍ ပြောပြရှင်းပြတက်ပါသည်၊ လူ (၁) သန်းလောက်ရှိ၍ သေးသောနိုင်ငံဆိုလျှင် ထားပါတော့.. သန်းပေါင်းများစွာ မှီတင်းနေသည့်နိုင်ငံတခုကို မသိဆိုသည်မှာ အင်မတန်မှ ညံ့လွန်းဖျင်းလွန်းသည်ဟု သာ ယူဆပါတော့သည်။ ဒီလို အမှုမဲ့အမှတ်မဲ့ ရှိသူများကိုလည်း မမောနိုင်ရှင်းပြတက်သည်မှာ ကျွန်မ၏အကျင့်ကောင်းတခုပဲ ခေါ်ရမလား..။
နောက်တယောက်တွေ့ဖူးသေးသည်..။ ကျွန်မဟိုတယ်တခုတွင် အလုပ်ဝင်လုပ်သောအခါတွင် မြန်မာပြည်ကို မသိသည့် ဘွဲ့ရပညာတက် (နော်ဝေးသူ) တယောက်ကို တွေ့ဖူးပေသည်။ ပြောမယုံ ကြုံဖူးမှသိ ဆိုသလိုပင်..။ ဒါနဲ့ကျွန်မကလည်း မလျှော့သောဇွဲကလေးဖြင့် ငြိမ်းချမ်းရေး ဆုရသွားတယ် …. ဒီမိုကရေစီ ခေါင်းဆောင်..ဒေါ်အောင်ဆန်းစုကြည်ဆိုတာ ဘာညာပေါ့.. ဒါလည်းမသိ.. တော်တော်လေးကို မြင်ပြင်းကတ်ဖို့ကောင်းသည်မှာ စဉ်းစားသာကြည့်ပေတော့..။ အော်ဟယ်…..သူများမသိတာ အဲလောက်ကလေးများ သည်းခံဆိုလည်း ကျွန်မသည်းမခံနိုင်ပါ။ ကျွန်မတို့နိုင်ငံသည် သံယံဇတများ ချမ်းသာခဲ့ဖူးသည်… (အခုလည်း သိပ်မကုန်သေးဘူးထင်တာပဲ..) သဘာဝအလှတွေ များစွာရှိသည်..(ရှိနေဆဲ) ဗုဒ္ဓဘာသာဝင်များအတွက် ကြည်ညိုစရာ လက်ညိုးထိုးမလွဲသည့် ဘုရားစေတီပုထိုးများစွာရှိသည် (ပြန်ပြင်ထားတဲ့ လက်ရာသစ်တွေတောင်ရှိပသေး) … နိုင်ငံ ခေါင်းဆောင်ဆိုရင် သူများနိုင်ငံနဲ့မတူ စစ်ဝတ်စစ်စားတွေနဲ့ တတုံတုံ တလူလူတွေ့နေရတုန်း..(ဘယ်တော့အထိ သက်ဆိုးရှည်မလဲဆိုတာလည်း စိတ်ဝင်စားရင် မှန်းကြည်လို့ရတဲ့အခြေအနေ) အစရှိသဖြစ်ပေါ့။ နိုင်ငံရေးစိတ်ဝင်စားသူဆိုရင်လည်း မြန်မာနဲ့ ဒေါ်စုဆိုတာကို မှန်းလို့ရနေသည့်အတွက် မြန်မာပြည်ကိုမသိပါဟု ဆိုလာလျှင် ဒေါသဖြစ်မိသည့် ကျွန်မအတ္တများကို လှစ်ဟရင်း..။

6 ဦး၏ဆွေးနွေးချက်:
ဟုတ်တယ်......ဟုတ်တယ်..
သမီးလည်းအဲလိုပဲ မြန်မာနိုင်ငံကို မသိဘူးပြောလာရင်
ကျောင်းမတက်ဘူးလား ဘာလား ညာလားတောင်ပြောပြီး
တော်တော်ဒေါသထွက်ခဲ့ရပါတယ်။ :)
ဂျာမန်ဘာသာသာစကားသင် Goethe မှာ နိုင်ငံသားတွေ အလိုက် ထမိတ်ဆက်တော့ ဘယ်နိုင်ငံက ဆိုတာပါတယ်။ အဲဒီမှာ သင်တန်းသားတွေရဲ့  နိုင်ငံအကုန်လုံးကို ဂျာမန်ကပြည်သူတွေဘယ်လိုခေါ်တယ်ဆိုတာ ဆရာမက ပြန်အဖြေပေးရတယ်။ ကျွန်တော့်အလှည့်မှာ Myanmar ဆိုလည်းမသိ Burma ဆိုလည်း ဆရာမက မသိပါဘူး။ နောက်ဆုံး ကျောင်းရောက်ရောက်ချင်း ကျောင်းက ထုတ်ပေးထားတဲ့ စာရွက်ဖိုင်ကြီးပေါ်မှာ Good morning တို့ ဂျာမန်လို Guten tag တို့နဲ့ တွဲထားတဲ့ နေရာမှာ မင်္ဂလာပါ ဆိုတဲ့ စာတန်းကြီးကို လက်ညှိုးထိုးပြီး ဒါကြီးက ဒီနေရာမှာ ရှိနေရဲ့ သားနဲ့ ဘာလို့မသိတာလဲလို့ ပြောလိုက်မိပါတယ်။ နောက်စာသင်ခန်းထဲက မြေပုံကို သွားထောက်လိုက်တော့မှ Birma ဆိုတာ ဂျာမန်တွေ မြန်မာကို အစဉ်အဆက် ခေါ်တာဖြစ်နေပါတော့တယ်။ အဲဒီတုန်းက ရွှေဝါရောင် အရေးအခင်းမဖြစ်သေးသလို၊ နာဂစ်လည်း မဖြစ်သေးပါဘူး။ ဒီနောက်ပိုင်း ထူးခြားတဲ့ ဖြစ်ရပ်တွေနဲ့ မြန်မာကို ကမ္ဘာကသိလာပြီလို့ ထင်ပါကြောင်း.......။
ွှBurma ဆိုလဲမသိ Myanmar ကိုလဲ မသိပြောတဲ့သူတွေက အတော်ဖျင်းလို့ ဖြစ်မှာပါ
ကျမ တော့ စိတ်မဆိုးပါဘူး အဲသလိုပြောတဲ့သူတွေ ကို အထင်သေးသေး နဲ့ပဲ ကြည့်မိပြီး သေချာရှင်းပြဖြစ်ပါတယ်
သူတို့ဘယ်လောက်ပဲ မသိပြောအုံး
မြန်မာပြည်ကို တနှစ်ပြီး တနှစ် ၀င်လာနေတဲ့ နိုင်ငံခြားသား ဧည့်သည်တွေနဲ့ နိုင်ငံတကာ အဖွဲ့ အစည်းတွေကို ကြည့်ရင် အားလုံး စိတ်ညစ်စရာ မလိုတော့ပါဘူး
i have an experince like u.last a few months one indian guy asked me which nationality. then i answered him from myanmar.he told me "i don't know,i never hear this country" then i tried again from burma. he doesn't know as well. so incridible.he is indian u know? i got angry and asked him 'u studied very long time for what'.he might surprised my anger face.ha ha.
အဲဒါပြောတာပေါ့.. ကျွန်မကို ဒေါသအပြင်းစားတွေ ဖြစ်စေတာတွေပဲ..။
ဒီလောက်တောင်တုံးလွန်းတော့လည်း ... အင်း ...မပြောချင်တော့ပါဘူး..။
တော်သေးတယ်...သူမိခင်နိုင်ငံတော့သူသိသေးတယ်ထင်ပါ့..။
နိုင်ငံတကာက ကျောင်းသားတွေနဲ့ ကျောင်း ၃ လ တက်ဖူးတယ်။ အာရှနဲ့ အာဖရိက လူတွေ အများဆုံးပေါ့။
ကျွန်တော်က ဘယ်နိုင်ငံက လာသလဲ ဆိုတာ ရှင်းပြတော့ အများစုက မသိဘူး။ ထိုင်းနိုင်ငံနားက ဆိုတော့မှ သိသွားကြတယ်။
မြန်မာပြည်က ဓါတ်ပုံလှလှ ပို့စ်စကဒ်တွေကို သူငယ်ချင်းက Scan ဖတ်ပေးထားတဲ့ ပုံတွေ ရှိတော့ Country Presentation လုပ်တဲ့အခါ PowerPoint ထဲမှာ အဲဒီပုံတွေ ထည့်ပြလိုက်တော့မှ ဟာ ခနဲ ဟင် ခနဲ အတော်လှတယ် ဆိုပဲ။
Post a Comment