မြန်မာပြည်က သူငယ်ချင်းနဲ့ ဂျီတော့ပေါ်မှာ စကားပြောကြတော့ .. ပြန်ကာနီးမှာသူက `.. နောက်နေ့တွေဆို ရေတွေ လောင်းကြတော့မယ် `လို့ နုတ်ဆက်စကားလေးရိုက်လိုက်တော့ ကျွန်မရင်ထဲမှာ . စို့တက်သွားတယ်.. ရေတွေလောင်းကြတော့မှာတဲ့လား ။ ငိုချင်ပေမဲ့ ဘယ်တော့မှငိုလို့မရခဲ့ပါ။ မျက်ရည်ဝဲတက်လာတာကို မျိုသိပ့်ရင်း ရင်ခေါင်းဆီက အောင့်တက်လာစမြဲ..။ မျက်လုံးတွေက စပ်သွားတက်စမြဲ..။
နိုင်ငံရပ်ခြားမှာ နေခဲ့ရတာ နှစ်ပေါင်း ( ၂၀) နည်းပါး ..။ သင်္ကြန်ဆိုတဲ့ အရသာကို ဘယ်တော့မှ ပြည့်ဝစွာ မခံစားရတာကို တွေးမိတိုင်း အလွမ်းစိတ်နဲ့ ..စိတ်တွေအိုသွားတက်တယ်.. ။ မြန်မာပြည်နဲ့ပတ်သက်တာ တခုခုကိုပြောလိုက်တိုင်း ဖြစ်နေကျခံစားမှု… မြန်မာပြည်မပြန်ရသေးသ၍ ခံစားရတော့မဲ့ ရင်ဘတ်ထဲက အနာအပိုင်းအစလေးတွေပဲဖြစ်မယ်ထင်တယ် ..။
နော်ဝေးမှာ သင်္ကြန်ကို စောစီးစွာလုပ်တော့ အိမ်ကသမီးကလည်း ကမယ်ခုန်မယ်ပေါ့။ အိမ်နီးချင်းဆွီဒင်ကလာတဲ့ ရွယ်တူကလေးတွေနဲ့ သီချင်းတွေတိုက်ကြပေါ့။ သူတို့ကိုကြည့်ပြီး မြန်မာပြည်မှာသာဆို သိပ်ကောင်းမှာလို့ စဉ်းစားနေမိတယ်။ သူတို့လေးတွေကလည်း တကယ်တော့ သင်္ကြန်ဆိုတာကို မြန်မာပြည်မှာ တကယ်မနွှဲဘူးတဲ့ ၁၈.. ၁၉ အရွယ်တွေသာဖြစ်ပါတယ်။ ပြောမယ်ဆိုရင် နယ်စပ်ဒေသတွေမှာ နေထိုင်ကြီးပြင်းလာခဲ့သူတွေပါ။ တကယ်တော့ သင်္ကြန်ဆိုတာ မြန်မာပြည်ကလွှဲရင် ဘယ်အရပ်ကမှ ကျွန်မကို ရင်မခုန်စေပါဘူး။ ရင်ခုန်စေအောင်လည်း မပြုစားနိုင်ပါဘူး..။ အခုနေထိုင်နေတဲ့ မြောက်ဝန်ရိုးစွန်းဆိုတော့ ဘယ်လို ခံစားရမလဲဆိုတာ စဉ်းစားသာကြည့်ပေတော့။ ရာသီဥတုကလည်း သင်္ကြန်လရောက်ရင် ဆောင်းအကုန် နွေအကူး….။ အပြင်မှာအမှောင်မပျယ်ဘဲ.. အလင်းဓာတ်ဆိုတာ ဆိုရုံလေးပဲရှိတဲ့ နေရာတခုပါ ။ အေးနေတုန်းပဲဆိုတော့ အနွေးထည်ကြီးတွေ တကားကား ဝတ်နေရတုန်း။ အောက်မှာကြည့်ပြန်တော့လည်း ဖိနပ်ရှည်တကားကားနဲ့ ကားကား ကားကား သွားနေရတုန်းပဲ..။ နောက်သင်္ကြန်ပွဲ လုပ်ရတဲ့နေရာကိုလည်း ကြည့်ဦး..။ ခမ်းမကြီးထဲမှာ လုပ်ရတာ ဆိုတော့ ဘယ်လိုမျိုးများ အင်မတန်မှ လှပ အဓိပါယ်ရှိလှတဲ့ သင်္ကြန်ရဲ့ ပူတဲ့အရသာတွေ… ရေပက်တာတွေ… မုန့်ပေါင်းစုံစားရတာတွေ… ကိုယ်သဘောကျသူကို ရေပက်ချင်လို့ အိပ်မပျော် စားမရဖြစ်ရတာတွေ… ဇော်ဝမ်း သီချင်းတွေကို လမ်းထဲမှာ နားထဲစွဲကျန်အောင် ဆက်တိုက်ကြားရတာတွေ… ကိုယ့်ရည်စားကို မလောင်းနဲ့ ပြောနေတဲ့ကြားက လောင်းလို့ စိတ်တိုရတာတွေ… အိုးမဲသုတ်ဖို့စောင့်နေတဲ့ အိမ်နီးချင်းတွေကို စိတ်တိုရတာတွေ …. ရေလောင်းမှာကြောက်လို့ ဟိုပုန်းဒီပုန်းနဲ့ အိမ်သာထဲ နာရီနဲ့ချီ ထိုင်နေခဲ့ရတာတွေ ….. ပိုက်ဆံတွေစုပြီးတော့ သူငယ်ချင်းတွေ ကားတွေဌား.. မျက်စိနောက်စရာ ပေါက်ကရတွေအကုန်လုပ်….တာ တွေ … လူငယ်တွေရည်းစားရှာတွေ့သွားတဲ့ ရင်ခုန်စရာတွေ… သင်္ကြန်မိုးလို ရုပ်ရှင်ကားကို လူထူထူကြားမှာ တိုးဝှေ့ကြညြ့်ပီး ကြေကွဲရတဲ့ ခံစားမှုမျိုးတွေ စတဲ့ ရသပေါင်းများစွာကို မြန်မာပြည်ကလွှဲရင် ဘယ်လိုသော အရပ်မှာမှ ရှာမရဆိုတာ အသေအချာပါ ။ နောက်အထူးခြားဆုံးကတော့ ပိတောက်တွေပေါ့။ သင်္ကြန်ဆိုတာကိုကြားရင် ပိတောက်ဆိုတာကလည်း အစဉ်တွဲပါတက်သေးတယ် မဟုတ်လား..။ နောက်ဒီပိတောက်ပန်းကိုပဲ အကြောင်းပြုပြီး ကိုယ်သဘော ကျသူကောင်လေးကို မရရအောင်ခူးခိုင်းတာမျိုး… ဒါမှမဟုတ်လည်း ကောင်လေးက ခူးပေးလာတာမျိုးတွေ ကလည်း သင်္ကြန်မှာဖြစ်နေကျ ဇာတ်လမ်းလေးတွေပဲမလား..။ ဘာပြောပြော မြန်မာပြည်က နွေပူပူ နေ့ခင်းမှာ ဖုန်းထောင်းထောင်း ထနေတဲ့နေရာမှာ ရေတွေနဲ့တအားပက် တအားလောင်းတာကိုပဲ အားရတယ်.. လွမ်းတယ်။ ဒါမှလည်း သင်္ကြန်မည်တယ်ထင်တာပဲလေ..။
အမိမြန်မာပြည်ကို ပြန်ခွင့်ရှိသူတွေ… အတွက်တော့ သင်္ကြန်ပျော်ပါးဖို့ ပြန်ချင်စိတ်ရှိရင်ပြန်နိုင်ကြပါတယ်။ တနှစ်တခါလောက် မပြန်နိုင်တာတောင်မှ နှစ်နှစ် တခါလောက် ပြန်ရင်ရနိုင်ကြတယ်မလား။ သူတို့အတွက် မပြန်ချင်လို့သာ ရှိရမယ်.. သင်္ကြန်ဆိုတာကို အရသာရှိရှိလေး အချိန်မရွေး ပျော်ခွင့်ရှိကြမယ် ထင်တာပဲ ။ ဒါပေမဲ့ ..ကျွန်မလို ပြန်မရသူတွေအတွက်တော့ သင်္ကြန်ဆိုတာကို ထပ်တူမဟုတ်တောင် မလျှော့တဲ့စိတ်တွေနဲ့ တိုးတိုးတိတ်တိတ် လွမ်းနေကြမယ်ထင်တာပါပဲ။
အမိမြန်ပြည် ပြန်မရတဲ့ ခင်တဲ့သူငယ်ချင်းမိတ်ဆွေတွေ အားလုံးအတွက် …။
မဗေဒါ

9 ဦး၏ဆွေးနွေးချက်:
တော်သေးတာပေါ့ မဗေဒါမှာ လွမ်းဖို့အချိန်လေးရသေးလို့ ကျွန်မထက် အများကြီး သာတယ်လို့ သဘောထားလိုက်ပါ။ ဒီမှာ တနင်္လာနေ့ Submit လုပ်ရမယ့် Assignment တွေနဲ့ ခေါင်းမီးတောက်နေလို့ သင်္ကြန်ကိုလွမ်းဖို့တောင်မအား ဖြစ်နေတယ်။ ဒီပတ် စနေနေ့ Hall တခုမှာ မြန်မာသင်္ကြန်ရှိတယ်။ Hall ထဲမှာဆိုတော့ မဗေဒါတို့ဆီမှာ လုပ်တဲ့ သင်္ကြန်နဲ့ ဘာမှ မကွာပါဘူး။ တင်္ဂနွေနေ့ ထိုင်းဘုန်းကြီးကျောင်းမှာ ထိုင်းသင်္ကြန်ရှိတယ်။ ထိုင်းသင်္ကြန်မှာက ရေလည်းဆော့တယ်ဆိုတော့ သားသားက မြန်မာသင်္ကြန် ပို့မအားရင်နေပါစေ ထိုင်းသင်္ကြန်တော့ ဖြစ်အောင်ပို့ပေးပါမေမေလို့ ပြောနေလို့ Assignment စနေနေ့မှာ ပြီးအောင်ဆုတောင်းပေးပါလို့ ပြီးရင် ပို့ပေးမယ်လို့ ပြောထားရတယ်။
မဗေဒါရေ
စာလေးကိုဖတ်ပြီးတော့ ကိုယ်ချင်းစာစိတ်နဲ့ မျက်ရည်ဝဲမိပါတယ်။ တကယ်တော့ဘယ်နေရာရာမှာပဲနေနေ ကိုယ့်တိုင်းပြည်ကို ချစ်တဲ့စိတ်ကတော့ ဘယ်တော့မှ ပျောက်ပျက်သွားမှာ မဟုတ်ပါဘူး။ အစ်မ ပျော်ရွှင်ချင်တဲ့ မြန်မာ့သင်္ကြန်ပွဲတော်ကို အမြန်ဆုံးသွားရောက်ပျော်ရွှင်နိုင် ပါစေလို့ ဆုတောင်းပေးပါတယ် အစ်မရေ။
မငယ်ရေ
အိမ်ပြန်လာမဲ့ သားသမီး ယောက်ျားအတွက် ချတ်ပြုတ်ရင်း ခံစားရတာလေးကို
ရေးလိုက်တာပါ..။ ကျွန်တော်ကတော့ မြန်မာပြည်နဲ့ ပတ်သက်လာသမျှကို
အသက်ကြီးလာလေ ပိုလွမ်းလေပဲ..။ ငါ့အလွမ်းတွေ မျိုမသိပ့်နိုင် .....။
အင်းဗျာ... သင်္ကြန်ရောက်တိုင်း သင်္ကြန်ပိုး ထတတ်တဲ့ ကျွန်တော်က အစ်မပြောသလို ဘယ်နား သွားနေရမှန်း မသိဘူး.. သင်္ကြန်မိုး သီချင်းတွေ ကြားတိုင်း သင်္ကြန်ကို လွမ်းမိသလို သင်္ကြန်သီချင်းတွေ ကြားတိုင်း က' ချင် ခုန်ချင်မိတယ် ... သင်္ကြန်ရောက်တိုင်း စိတ်ထဲ ရင်ထဲ တစ်ခုခု ဖြစ်ကျန်နေရတယ်.. အဝေးမြေ ရောက်နေပေမဲ့ အမိမြန်မာပြည်မှာ ကျင်းပတဲ့ သင်္ကြန် ရဲ့ အရသာကတော့ ကွာပါတယ်... ခံစားမိပါတယ်...
ဒီရေ
အမဗေဒါရေ..ဘ၀တူတွေမို့လို့ထပ်တူခံစားရပါတယ်။ မြန်မာသင်္ကြန်ကို
အမြန်ဆုံးပြန်လည်ဆင်နွှဲနိုင်ပါစေလို့ဆုတောင်းရင်းပေါ့နော်..။
တနေ့တော့အမိမြန်မာပြည်မှာအတူတူဆင်နွှဲရမှာပါ..။
ခင်တဲ့
သဒ္ဓါ
မဗေဒါရေ.. မဗေဒါနှင့်တကွ မဗေဒါတို့ မိသားစုလေး မြန်မာပြည်ရဲ့ သင်္ကြန်ပွဲတော်ကို အမြန်ဆုံး ပြန်လည် ဆင်နွှဲ နိုင်ခွင့် ရပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ...
ပျော်ရွှင်ချမ်းမြေ့ပါစေ...
တကယ်တော့ မြန်မာ့သင်္ကြန်လည်း သင်္ကြန်နဲ့ တူတာ နည်းနည်း နည်းလာပါပြီ။ တစ်ခါတစ်ခေါက်တော့ ကျွန်တော် ကိုယ်တိုင် ရွေးကောက်ပွဲ ၀င်ဖြစ်ခဲ့ရင် ကျွန်တော် မြန်မာသင်္ကြန်ကို မြန်မာသင်္ကြန်နဲ့ တူအောင် ပြန်လည် စွမ်းဆောင်သွားမယ်လို့ စိတ်ကူးတယ်။ ကျွန်တော် ရွေးကောက်ပွဲ ၀င်ဖြစ်ရင်ပေါ့။
ကျော်ထင်
နော်ဝေသင်္ကြန်နဲ့ မြန်မာသင်္ကြန်ကို နှိုင်းယှဉ်ပြီးရေးထားတာလေး သဘောကျမိပါတယ် ခံစားချက်ကတူနေတော့ ကျနော့်ထက်စာပိုရေးတတ်တဲ့ မဗေဒါကို မချီးကျူးဘဲမနေနိုင်ပါဘူးဗျာ ဒါပေမဲ့ နော်ဝေမှာက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးရှိတယ်လေ။ဒါပေမဲ့ မြန်မာပြည်မှာက-------- သိတဲ့အတိုင်းဘဲမဟုတ်လား။ ကျနော်က အခုကာလမှာမြန်မာပြည်ကို ပြန်ဖို့လည်းစိတ်မကူးဘူး။ သင်္ကြန်ကိုတော့လွမ်းပါတယ်။ ဒီမိုကရေစီရောင်နီသန်းတဲ့တနေ့ဆိုရင်တော့ စလုံးရေးစတည်ဆောက်ရပါစေဗျာ မြန်မာပြည်ပြန်မယ်။
ချီးကျူးတာကို ကျေးဇူးတင်ပါတယ် ကိုကျော်ထင်..
လွမ်းတာကလွမ်းတာပါ.. ပြန်လို့မရတာကလည်းတပိုင်းပါ..။
မြန်မာပြည်သားမှန်သမျှ လုံခြုံတဲ့ လူ့အဖွဲ့အစည်းတခုမှာ အေးချမ်းစွာ နေစေချင်တဲ့သူတယောက်သာဖြစ်ပါတယ်..။
Post a Comment