`ပလာစစ် ` ဆိုသည့် စကားလုံးသည် ကျွန်မတို့နောက်ပြောင်ရာမှ ထွက်ပေါ်လာသည့် စကားပျက်ဝေါဟာရ ဖြစ်ပေသည်။ နော်ဝေးသို့ရောက်သည့် နိုင်ငံရပ်ခြား လူတော်တော်များများ နှင့် နိုင်ငံသား ကြီးများပါမကျန် အရွယ် ရောက်သူတိုင်း ရင်းနှီးသည့် `ပလာစစ်`ပင်ဖြစ်ပေသည်။ ဗိုလ်လိုတော့ ( practice ).. နော်ဝေးလိုက (praksis ) မြန်မာလို ပြန်လိုက်တော့ အော်တို ပလာစစ်ဖြစ်သွားသည့် မြန်မာ့ဟန် မြန်မာ့အသံ… ။ ဘာသာစကား အသုံး အနှုန်း ခေါ်ဝေါ်မှု ပြောင်မြောက်ချက်တွေလို့ဆိုရမလား….။
နော်ဝေးမှာ ကျွန်မတို့လို လာရောက် နေထိုင်သူတွေ အတွက် ပထမဦးဆုံးက ဘာသာ သင်တန်းကျောင်းပါ..။ ဘာသာသင်ယူနေတုန်းမှာ အဲဒီလူရဲ့ အရည်အသွေးတွေကိုကြည့်ပြီး လူတယောက်ကို လုပ်ငန်းခွင့်ထဲု ပို့လို့ရမရ ဆုံးဖြတ်ပါတယ်.။ ဆုံးဖြတ်သူတွေကတော့ ကျောင်းက ဘာသာပြ ဆရာများရယ်…မြို့နယ်က ပတ်သက် သက်ဆိုင်ရာ လူကြီးများပဲဖြစ်ပါတယ်..။ လိုရင်းကတော့ ဘာသာတခုကို လူတောထဲမှာ စတင်အသုံးချဖို့ကို သူ့ရဲ့လူမှုအဖွဲ့အစည်းထဲကို စတင်သွတ်သွင်းတဲ့ လက်တွေ့ဘဝတခု လို့ဆိုနိုင်ပါတယ်..။ အဓိပါယ်မူရင်းကတော့ ကျောင်းမှာနော်ဝေးနဲ့ ပတ်သက်တာတွေကို သိသင့်သလောက် စာ (သီအိုရီ) တွေနဲ့ပြောပြပြီးပြီ..။ ဒါကြောင့် ရှင်တို့တွေလုပ်ငန်းခွင်ကို ကြွနိုင်ပါပြီလို့ ဆိုရမှာပေါ့..။ လူအများစုလည်း ကြွချင်နေကြတာများပါတယ်..။ ဘာဖြစ် လို့လည်းဆိုတော့ အများစုက အသက်တွေကြီးနေတာရယ်… မဖြစ်မနေဘာသာခြားတခုကို စိတ်ဒုက္ခခံသင် နေရတာရယ်… ဆရာတွေရဲ့ အထင်သေးအမြင်သေး မျက်လုံးစကားတွေရယ်.. မသွားချင်ပဲ သွားရလေ့ရှိတဲ့ ကျောင်းရဲ့ အစီအစဉ်တွေရယ်ကြောင့် အမြန်ဆုံးနည်းနဲ့ ပန်းကန်လုံးစီးပြီးတော့ လုပ်ငန်းခွင်ကို ကြွချင်နေ ကြတယ်လို့ဆဝါးနိုင်ပါတယ်..။ အင်းသိတယ်မလား… ဒါပေမဲ့..ဆိုတဲ့သုံးလုံးတည်းသော စာလုံး ရဲ့တန်ခိုး …..လက်တွေ့တန်ခိုးကြီးမားပုံကတော့ ပြောစရာတွေနဲ့ပေါ့။ အများစုက အသက်ကြီးတာ များတာရယ်.. ဘာသာ စကားတခုကို နောက်ကြမှသင်ကြတာရယ်ကြောင့် စကားအရာမှာ အားနည်းကြပါတယ်..။ ဒါကြောင့် `ပလာစစ်` ဆိုတဲ့ လုပ်ငန်းခွင်တခုကို လွယ်လွယ်ရဖို့တော့ ဘယ်တော့မှမမျှော်လင့်ပါနှင့်..။ ဘာသာပြဆရာ သို့မဟုတ် မြို့နယ်က တာဝန်ရှိသူတွေကနေပြီးတော့ အလုပ်ရှင် သို့တည်းမဟုတ် လုပ်ငန်း တာဝန်ခံ စတဲ့ ပုဂ္ဂိုလ်ကြီးများကို တယ်လီဖုန်းနဲ့ဖြစ်စေ လူကိုယ်တိုင်ဖြစ်စေ ဆက်သွယ်ရပါတယ်..။ ပြီးရင်တော့ လူကိုယ်တိုင်သွားကာ အလုပ်ပေးမဲ့ပိုင်ရှင် ဒါမှမဟုတ် တာဝန်ခံနဲ့ စကားစမြည်ပြောကြည့်ရပါတယ်..။
တခုတော့ရှိပါတယ်..။ ဘာလဲဆိုတော့ တချို့အလုပ်ရှင်တွေက အလကားရတဲ့ခေါင်းမဲလေးကို သွားလေးပါ ကောင်းရဲ့လားလို့ သေချာကြည့်ကြပါတယ်..။ (အလကားလို့ပြောရတာက အလုပ်ရှင်ကလုပ်အား အလကားရပါတယ်.. အဲဒီကာလမှာ သူတို့ကငွေပေးစရာမလိုပါ..။) သူတို့ကြိုက်မှ ယူမယ်ပေါ့..။ ကိုယ့်မှာလည်း မျက်နှာလေးငယ်ငယ်နဲ့ ခေါ်တဲ့နောက်လိုက်သွားရပါတယ်..။ ခုနကပြောခဲ့သလို ကျောင်းတက်တော့လည်း မပျော်.. လုပ်ငန်းခွင်ဆိုတော့ နဲနဲတော်မလားလို့ တော့ မထင်လိုက်နဲ့ .. အဲဒီမှာရင်ဆိုင်ရတဲ့ ပလာစစ် အတွေ့ အကြုံကလည်း တချို့တွေဆိုရင် ပြောမဆုံးပေါင် ဖြစ်ကျန်ရစ်ခဲ့တာတွေအများကြီး..။ အဲဒီထဲမှာ ကျွန်မက ထိပ်ဆုံးကမဟုတ်တောင်… အလယ်လောက်နားရှိမယ်ထင်တာပဲ..။ မင်သမီးမဟုတ်တဲ့ မြင်းသမီးပေါ့..။ နော်ဝေး သားဆိုတာကလည်း ဘာသားနဲ့ ထုထားတာမို့လည်း လူတွေပဲမို့လား.. စိတ်ကောင်းရှိသူတွေရှိသလို … နိုင်ငံကြီး သားစိတ်ဓာတ် အင်မတန်ဆင်းရဲတဲ့ သူတွေလည်း ပေါမှပေါ..။ အဲလိုလူတွေကတော့ ခေါင်းမဲတွေဆိုရင် ဆုတ်တိ ဆုတ်ပြတ် မမြင်ဘူးမတွေ့ဘူးတဲ့ တောကြုံအုံကြားက အနုတ်စုတ်ဂုတ်စုတ် (ဒါတောင်ကိုယ့်ကိုကိုယ်သနားလို့ ဖော့ရေးထားတာ) တွေလို့ပဲသဘောထားကြတာပေါ့..။ သူတို့ဆီမှာ အလုပ်သွားဝင်တယ်ဆိုတာကလည်း ခုနက ပြောသလို သူတို့ဘက်ကတပြားမှ မပေးရပဲ အစိုးရစရိတ်ကလေးနဲ့ပါ..။ ဒါတောင်မှ သူတို့က အထက်စီးကနေ ပြောကြပါတယ်..။ ထားပါတော့.. လေ ပြောရင်မကုန်ဘူး..။ ဒီလိုသွားလုပ်ပြီဆိုတော့ နှစ်ဦးနှစ်ဘက် လတ်မှတ် တွေထိုးရတာပေါ့..။ အချိန်ဘယ်လောက်ကြာကြာလုပ်မယ်… တနေ့ကိုဘယ်နှစ်နာရီ… အစရှိတာလေးတွေပေါ့..။ ဒါပေမယ့်အသေး စိတ်ကတော့ သိပ်မပါတာများတယ်..။ ဥပမာအားဖြင့် အနားယူတာ ဘယ်လောက်ကြာ တာမျိုး.. ကိုယ့်ကို ဘယ်သူက အဲဒီလုပ်ငန်းသဘောကို သေသေချာချာ သင်ပေးမယ်ဆိုတာမျိုး တွေပေါ့..။ လုပ်ငန်းခွင်မှာကလည်း တာဝန်ခံတွေက လူအမျိုးမျိုး စိတ်အဖုံဖုံမလား..။ တချို့ကလည်း မပြောထားပေမဲ့ သင်ပေးပါတယ်.. ။ တချို့ ကြပြန်တော့လည်း ပစ်ထားတာရှိတက်တယ်..။ ကျွန်မကြားဖူးတဲ့ ပလာစစ် ပြဿနာ တွေကတော့ အများသားပါ..။ ကိုယ့်အကြောင်းလေးပဲ အတိုချုပ်ပြောပါတော့မယ်..။
ကျွန်မကို အဲဒီပလာစစ် ဆိုတာကို ပို့မယ်ဆိုတော့ ရှာလိုက်တာမရ..။ ကျွန်မစိတ်ဝင်စားတာကလည်း သူတို့ပြော တာတွေနဲ့ လွဲလွဲတွေဖြစ်နေတယ်..။ အရင်ကတည်းက ဘယ်သူဘာစိတ်ဝင်စားတယ်ဆိုတာကို ကြိုသိကြပေမဲ့ တကယ့်လုပ်ငန်းခွင်အတွက် ကြတော့ ရှာရတာခက်ပါတယ်..။ ကျွန်မဆိုရင် အခုလိုမျိုး ရေးတာဖတ်တာ ဝါသနာ ပါတယ်..။ နော်ဝေးမလာခင်ကလည်း အမျိုးသမီးနဲ့ပတ်သက်တာတွေကို စာအုပ်တွေ ဘာတွေ ရေးဘူးတယ်..(မကြုံကြုံအောင်ဖန်တီးပြီး ပြောတာမဟုတ်ဘူးနော်..)။ အစီရင်ခံစာတွေကို ကြီးကြီးကျယ်ကျယ် လူတွေသိအောင် တင်ပြဖူးတယ်..။ လွန်ခဲ့တဲ့ ( ၁၅) နှစ်လောက်ကဆိုရင် ဒီမိုကရက်တစ် မြန်မာအသံအတွက် အမျိုးသမီးရေး ဆိုင်ရာ ဆောင်းပါးတွေ တင်ပြဖူးတယ်..။ အစရှိတာမျိုးတွေပဲ ကျွန်မဘဝ အတွေ့အကြုံ ဆိုတော့ သူတို့ ပြောတဲ့ လူကြီးတွေကို စောင့်ရှောက်တာ.. ဈေးဆိုင်ရောင်းတာ… အဝတ်လျှော်တဲ့အလုပ်မျိုး .. တွေကတော့ဖြစ် ကျွန်မစိတ်ကူးတောင်မကူးဘူးပါဘူး..။ ပြောမယ်ဆို ဝါသနာလည်းမပါဘူး..။ မကူးဘူးဘူးဆိုလို့ အခုလည်း ကြီးကြီးကျယ်ကျယ်တွေ လုပ်နေတယ်မထင်ပါနှင့်.. သန့်ရှင်းရေး လုပ်သားကောင်းတဦး သာဖြစ်ပါတယ်.။ ပြောမှာ တွေလည်း ဟိုရောက်ဒီရောက်..။ ဒီလိုနဲ့ကျွန်မစိတ်ဝင်စားတဲ့ အမျိုးသမီးအဖွဲ့တခုမှာ ပလာစစ်ရနိုင်တယ်ဆိုတော့ ဝမ်းသာခဲ့ပါတယ်. ဒါပေမယ့် အင်မတန်ဝေးလှတဲ့အတွက် ကားလိုင်စင် ရှိမှ ရမယ်ဆိုတော့ လက်လွတ်ခဲ့ ရတယ်...။ ဒါနဲ့ ကုန်တိုက်တခုထဲမှာဖွင့်ထားတဲ့ ကော်ဖီ.. မုန့်မျိုးစုံရောင်းတဲ့ ဆိုင်ကလေးမှာ ပလာစစ် ရသွားခဲ့ပါတယ်..။ တကယ်တော့ အင်မတန်ကြီးကျယ်ခမ်းနားနေတဲ့ ကျွန်မအတွက် ကျောင်းပြီးကာနီးမှ ပလာစစ် ရသွားတာဖြစ်ပါတယ်..။ တပတ်ကို (၂) ရက်ပါပဲ..။ တနေ့ကို (၇)နာရီလောက် လုပ်ရတာဖြစ်ပါတယ်..။ (၂) ရက်ဆိုလည်း ဆိုသလောက်ပါ..။ မိုးလင်းတာနဲ့ စဝင်ရပါတယ်..။ အတိအကျ တော့မမှတ်မိပါ.. (၉) နာရီလောက် မှာပါ..။ နေ့လည် (၃) နာရီမှာပြီးတယ်..။ ဘာတွေလုပ်ရသလဲဆိုတော့.. ပန်းကန်တွေဆေးရတာပါ..။ ပေနေတာတွေကို သိမ်းဆည်းတာ ဒီလိုဆိုင်မျိုးမှာလုပ်ရလေ့ရှိတဲ့ အခြေခံအလုပ် တွေပါပဲ..။ ကျွန်မက အရင်ကကြားဖူးထားတဲ့ အကြောင်းလေးတွေရှိတော့ လတ်မှတ်တွေထိုးကြတုန်းက နာရီဝက် ကျွန်မကို စာလုံး အခေါ်အဝေါ်တွေ သင်ပေးဖို့ပါပါတယ်.. နောက်ပြီးအစားအစာတွေဘယ်လိုလုပ်သလဲ ဆိုတာတွေပါပါတယ်။ ဒါပေမယ့် .. တကယ်တမ်းကြတော့လည်း ဘယ်သူမှ မသင်ပေးပဲ .. နားချိန်မရပဲ အလုပ်တွေချည်းပဲ လုပ်နေရပါတယ်..။ ကျွန်မကလည်း မခေသူပဲ.. တရက် နှစ်ရက်ပဲ လုပ်ပေးတယ်.. ငါ့ကိုဘယ်သူမှ မသင်ပေးရင် ငါဘာသာလုပ်စရာ ရှိတာလုပ်မယ်ဆိုပြီး အချိန်တန်ရင် ကိုယ့်ဘာသာ ကိုယ်တနေရာမှာ သွားထိုင်ပြီး စာလုံးတွေဖတ်မှတ်နေလိုက်တယ်..။ ဆိုင်က တာဝန်ခံအမျိုးသမီးကလည်း ဘာမှမပြောဘူး..။ အဲဒီအချိန်မှာ ဆိုင်ကို ဆိုင်အဂါင်္ရပ်နဲ့ညီအောင် ပြင်ဆင်ပါလေရော။ ဆိုင်ပိုင်ရှင်မကြီးကိုယ်တိုင် ကိုယ်ကြပြင်ဆင်တာပါ.။ အဲဒီနေ့မှာတော့ ကျွန်မကိုသူကိုယ်တိုင် ချီစ်တွေ ချစ်ခိုင်းပါတယ်။ ကျွန်မကလည်း ခိုင်းတာအကုန်လုပ်ပါတယ်။ အလုပ်လုပ်ဖို့ပဲလာတာဆိုတော့ ခိုင်းတာမှန်သမျှကို လုပ်ပါတယ်..။ မငြိုမငြင်ကို လုပ်တာပါ။ ချစ်ရတာလည်း တော်တော်လေးပင်ပန်းလာတယ်.. ကျွန်မအနားယူရမဲ့ အချိန်လည်းရောက်ရော ကျွန်မနားလိုက်ပါတယ်..။ သူ့ကိုလည်းမပြောဘူး.. ပြီးတော့ ကိုယ့်ဘာသာကိုယ် သွားထိုင်ပြီး စာလုံးတွေကို သွားဖတ်မှတ်နေပါတယ်..။ ထိုင်ပြီးလို့ (၄) မိနစ်လောက်လည်း ကြာရောသူလိုက်လာပြီး ဘာလုပ်နေတာ လဲလို့မေးပါတယ်..။ ကျွန်မကစာလုံးတွေ မှတ်နေတယ်လို့ ပြန်ဖြေပါတယ်..။ ဆိုင်ရှင်မကြီးကလူတော်.. စိတ်မဆိုး ဟန်ကြိုးစားပြရှာတယ်.. ကျွန်မက လည်း မျက်လုံးမှာစာရှာဖတ်သူဆိုတော့ သိတယ်။ လေသံက ပေါ်နေတယ် မျက်လုံးကပြနေတယ်။ သူက သူ့ကိုပြောပြီးမှ အလုပ်ရပ်ဖို့ ဘာညာ ပြောတော့တယ်။ ကျွန်မကလည်း ပြောလိုက်တယ်.. မကျေနပ်ရင် မြို့နယ်ရုံးကိုပြောလို့။ သူဘာတွေသွားပြောလည်းမသိဘူး..။ (၅) မိနစ်လောက် နေတော့ ဟိုကကျွန်မကို ဖုန်းဆက်ပါတယ်။ အဆင်ပြေလားတဲ့ ကျွန်မကမပြေကြောင်း မနားရတဲ့အပြင် ဘာပညာမှမရကြောင်း ပြောလိုက်ပါတယ်။ ဟုတ်ပါတယ်.. ပန်းကန်ဆေးတာလောက် ကြမ်းတိုက်တာလောက် ခုံသုတ်တာလောက်ကတော့ အိမ်မှာလေ့ကျင့်လည်း ရတာပဲဟာ။ ပြောလိုက်တော့ ဟိုဘက်ကလည်း ကျွန်မကို ဖြေသိမ့်ပါတယ်။ ဇယားထဲက အတိုင်းပဲ လုပ်ဖို့ပြောပါတယ်။ ကိစ္စလည်းပြီးရော ကျွန်မလုပ်စရာရှိတာကို ရယ် မပြီးသေးတာတွေ ဆက်လုပ်နေတာပေါ့။ အဲဒီမှာ ဆိုင်ရှင်အမျိုးသမီး ကျွန်မကိုစကားမရှိ စကားရှာ လာမေးတယ်။ ဘာပညာတွေတက်သလဲတဲ့..(မြို့နယ်ကဘာပြောလိုက်သလဲမသိဘူး..)။ ကျွန်မလည်း မြင်ပြင်းကတ်တာနဲ့ သပ်သပ်မဲ့ကို ကြွားပြောလိုက်တယ်။ လူ့အခွင့်အရေးလို့.. ဆွီဇာလန်မှာသင်ခဲ့တာလို့ပြောလိုက်တယ်.. အမှန်မှာက သင်ဖူးတာကနှစ်ရက်နဲ့တပိုင်း.. ပဲ။ အဲဒါကိုပုံကြီးချဲ့ပြီး ခေါင်းမဲကို သိပ်အထင်မသေးအောင် လုပ်ပြောလိုက်မိတယ် (ရန်ကုန်သားပေမဲ့ ကြွားခဲပါတယ်..).။ သူလည်းနဲနဲဖြုံသွားတယ်။ အားပါး အခွင့်အရေး ပုဂ္ဂိုလ်ကြီးကိုမှ ငါတွယ်မိပါလားလို့ ထင်မယ်ထင်တယ် (ကိုယ်ထင်တာပြောတာပါ )။ မျက်နှာလည်းပျက်.. ။ စကားလည်းသိပ်ဆက်မပြောချင်တော့ဘူးထင်တယ်။ ခဏလည်းကြာရော လစ်သွားပါလေရော. ကျွန်မပြန်တော့ လည်း သူနုတ်မဆက်တော့ဘူး.. ကျွန်မလည်းအဲဒီနေ့က ခေါင်းမော့လို့ပြန်ခဲ့တယ်.။ အဲလို ခေါင်းဖြူကို ခပ်ကြွားကြွား အနိုင်ယူခဲ့တဲ့ကျွန်မ ပလာစစ် မှာ စိတ်ဒုက္ခပေါင်း များစွာကို ရင်မှာပိုက်ပြီး ကိုယ့်အတွက် သူများအတွက် စိတ်တွေအကြိမ်ပေါင်းများစွာ တိုခဲ့ဖူးပါကြောင်း. ဘလော့ဂါမိတ်ဆွေများကို အသိပေးရင်း ….။

5 ဦး၏ဆွေးနွေးချက်:
အစ်မရေ … အလုပ်ဟူသမျှ ဂုဏ်ရှိစွ ပါ။ အောင်မြင်တိုးတက်ပါစေ။
အမရေ..
ကျွန်မ နော်ဝေး ဘာသာစကားအထောက်အကူပြု သင်ခန်းစာတွေ ရချင်ပါတယ်၊၊ ဘယ်လိုရရှိနိုင်ပါမလဲ၊၊ အမရဲ့ စာတွေက အချိန်ပိုလွန်းတဲ့ ကျွန်မအတွက် သင်ယူချင်စိတ်တွေကို ဖြစ်ထွန်းစေတဲ့အတွက် ကျေးဇူးတင်မိပါတယ်၊၊ ကျွန်မရဲ့ email address က fammfd@gmail.com ဖြစ်ပါတယ်၊၊
နေရာတိုင်းမှာ သူ့အခက်အခဲနဲ့ သူပေါ့နော်မမ... ဘ၀ကို မျှော်လင့်ချက်တွေနဲ့ လျှောက်လှမ်း နေသူတိုင်း အတွက်တော့ အလုပ်ဟူသမျှ ဂုဏ်ရှိစွ ဆိုတဲ့ စကားလေးအတိုင်းပေါ့ မမရယ်..။
ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ
ကျွန်တော်ကတော့ အစ်မ ပြောတဲ့ ပလာစစ်ကို အိန္ဓိယ ကုလားတစ်ယောက်ဖွင့်ထားတဲ့ အင်တာနက်ဆိုင်မှာ ဆင်းတယ်ပြောပြီး သူ့ကို သွားညှိထားလိုက်တာ ၃ လ အိမ်မှာ နေခွင့်ရသွားတယ်......ကိုယ်က စကားတတ်ချင်ပါတယ်ဆိုပြီး သူတို့လူမျိုး အလုပ်တွေ ဘာလုပ်ရလုပ်ရ လုပ်မယ်ဆိုတာတောင် ခန့်မှ မခန့်တာ....သွားလုပ်ရင်လည်း အစ်မပြောသလို ကြမ်းတိုက် ပန်းကန်ဆေးပဲ လေ့ကျင့်ရမှာ.....အဖြူတွေကို အဲလိုဆော်ပေးမှ ...အားပေးတယ်
အမရေ.....ဘာမှအားမငယ်ပါနဲ့။ လက်ချောင်းလေးတွေတောင် အတို၊အရှည် မညီသေးတာ။ ကောင်းတဲ့လူရော၊မကောင်းတဲ့လူပါ အစုံတွေ့ရမှာပေါ့နော်။ ကျွန်တော့်ရဲ့သင်္ကြန်ပိုစ့်ဓါတ်ပုံထဲမှာပါတဲ့ အဖြူက နော်ဝေးပြည်သားပါ။ မြန်မာအမျိုးသမီးနဲ့ အိမ်ထောင်ကျ နေတာ (၁၀)ကျော်သွားပါပြီ။ အရမ်းသဘောကောင်းကြပါတယ်။ သူတို့တစ်မိသားစုလုံး Norway citizen တွေပါ။
Post a Comment