ကိုယ်ယုံကြည်တာကို ကိုယ်လုပ်ရင်း အညာခံနေတာကို မသိတာလောက်ဆိုးဝါးတဲ့ လူဖြစ်ရူံးတာ ရှိပါ့မလားလို့ ခဏခဏ တွေးကြည့်မိတယ်… အညာခံရတာလည်း တဦးထဲ တယောက်တည်းဆို မပြောတော့ပါဘူး။ လူတွေသန်းနဲ့ချီပြီး ခံခဲ့ရတာဆိုတော့ တွေးလေဖြေလို့မရလေပဲ။ ငါညံ့လို့ ငါမသိလို့ပြောတာ ထင်သလောက်မလွယ်ပါဘူး.. ကျွန်မကတော့ ငါမသိခဲ့လို့ဆိုတာကို ကြုံတိုင်းမှာ ပြောနေတက်တယ်.. အဲ .. မထင်မှတ်ဘဲ ဆိုရှယ်လစ်အဖွားကြီးတယောက်နဲ့ တွေ့တော့မှ ငါမသိတာမဟုတ်ဘူး …လူတွေပြောတိုင်း လိုက်မလုပ်ကြတာဆိုပြီး စိတ်လျှော့လိုက်မိတယ်… ကြာခဲ့ပါပြီ….. ကျွန်မဖြစ်ချင်တာတွေ အားလုံးပေါင်းလိုက်တော့ အဖေ့စကားမှန်တော့ မှန်တယ် တဝက်ဘဲမှန်တယ်အဖေ…..။
၁။
` ဒီမိုကရေစီလိုချင်သူတွေ လတ်မှတ်ထိုးပါ` တဲ့.. စာလုံးတွေကိုကြည့်ပြီး ဖျားသွားတယ်.. အလုပ်ထဲမှာလည်း ဒီမိုကရေစီဆိုတာကြီးကို လိုချင်လွန်းလို့ အော်ခဲ့ကြတဲ့ ဝန်ထမ်းတွေက အများကြီးပဲ… ကျွန်မတယောက်တည်းမှ မဟုတ်တာ.. တယောက်နဲ့တယောက် ကျယ်ကျယ် မပြောရဲတော့ တီးတိုးတီးတိုးပြောကြ ဆိုကြပေါ့.. သူများက ကိုယ်ဖြစ်ချင်တာတွေကို လွတ်လွတ်လပ်လပ် ပြောကြပါလို့ လမ်းကြီးဖွင့်ပေးတာတောင်မှ မပြောရဲတဲ့ဘဝများ.. ပြောမပြောချင်… အကျင့်တွေက မပျောက်နိုင်တော့ တီးတိုးတီးတိုးပဲပြောရဲတော့တယ်။ ရင်အခုန်မရပ်.. ဘယ်လိုဖြစ်မှန်းကိုမသိ. လက်တွေခြေတွေတုန်နေတယ်။ မကျေမနပ်ဖြစ်နေတာတွေကို အော် ဆဲနေတုန်းကထက် ပိုတဲ့ ရင်ခုန်သံတော့ အမှန်ပဲ။ အမှန်ကိုလုပ်ဖို့ဆိုတာကလည်း အင်မတန်မှ ပင်ပန်းတဲ့အလုပ် ထင်သလောက်မလွယ်…လွယ်ရင်တောင်မှ လုပ်ရခက်တဲ့ကိစ္စပေါ့။ ကျွန်မအတွက်လည်း အခု အတော်လေးခက်နေပြီပေါ့.. ဒါပေမဲ့ပေါ့ … လူပီသတဲ့ ဝန်ထမ်းအားလုံးထဲမှာ ဆရာကြီး (၃) ယောက်နဲ့ သူနာပြုကျွန်မသာလျှင် ဒီမိုကရေစီ ကိုလိုချင်သူတွေ ဖြစ်ခဲ့ကြတယ်။ သူရဲကောင်းဝန်ထမ်းတွေလို့ ဆိုရမလားပဲ။ ဆရာဝန်ကြီး (၃) ယောက်လုံးက နိုင်ငံရေးသဘောတွေကို နောကြေသလို တသက်စားမကုန် နောင်ဘဝအထိဆက်နိုင်တဲ့ ပိုင်ဆိုင်မှုတွေနဲ့ .. ကျွန်မသာလျှင် အဖေတခု သမီးတခုဘဝနဲ့ ချို့တဲ့တဲ့ ဘဝကြီးကို ရင်ဆိုင်ဖို့ အားမာန်တွေ မွေးခဲ့ရတယ်.. ခင်တဲ့လုပ်ဖော်ကိုင်ဘက် တယောက်ကတော့ ` နင်ကသိပ်မိုက်တယ်.. စားစရာဖြစ်မရှိ.. မာန်ကလည်းတက်သေး.. အဲဒီ…….ဒီမိုကရေစီ ဆိုတာကြီး ရတော့ကော နင်ဘာတွေ ဖြစ်သွားမှာသတုန်း`…တဲ့ … တကယ်တော့ ထမင်းတနပ်ပဲ စားရစေ..အေးဆေးစွာ အေးအေးချမ်းချမ်းနေချင်သူ.. လူပီသတဲ့ လူတယောက်ဖြစ်ချင်ခဲ့တယ်ဆိုတာ သူမသိလို့ဖြစ်ပါလိမ့်မယ်။
၂။
ကျောင်းပျင်းတဲ့ကျွန်မအတွက် အရေးပါတဲ့ ဆယ်တန်းကိုမနည်းအောင်အောင် ကြိုးစားဖြေခဲ့ရတာပါ။ မိဘတွေကလည်း ထုံးစံအတိုင်း မိန်းကလေးဆိုတော့ ဆေးကုတာလေးပဲ လုပ်စားစေချင်တယ်.. ကျွန်မကတော့ ဝါသနာမပါလှဘူး.. စာမေးပွဲအောင်အောင်ဖြေမယ်.. မိဘနဲ့ဆက်နေမယ်။ မိဘခိုင်းတဲ့ အိမ်အလုပ်တွေ လုပ်မယ်.. ဝင်ငွေရတဲ့အလုပ်တော့ မလုပ်ချင်ခဲ့ဘူး။ ဒါပေမယ့် မိဘကလည်း မချမ်းသာ.. ကိုယ်ကလည်း ပညာမဆုံးသေးတော့ မလုပ်ချင်တဲ့အလုပ်ကို ဆယ်တန်းအောင်ပြီးတာနဲ့ စဝင်ရတော့တာပဲ။ မှတ်မိတာကတော့ (၁၉၇၀) ဝန်းကျင်လောက်က နပ်စ်လုပ်ချင်သူတွေမှ ဒုနဲ့ဒေး။ ရန်ကုန်မှာလည်း လျှောက်သူတွေ အများကြီး နယ်မှာလည်းအများကြီး.. လျှောက်တိုင်းလည်း ရတာမဟုတ်.. အကန့်အသတ်နဲ့ ခေါ်တာမလား.. ကိုယ်လည်း အသင်းဝင်လျှောက်တော့ ရသွားတယ်…ရမှာပေါ့… ကျွန်မကတန်းစီလိုက်ရင် မြန်မာ့ဆိုရှယ်လစ်ပါတီဝင် တနည်းအားဖြင့် မြန်မာပြည်ရဲ့….တခုတည်းသော နိုင်ငံရေးပါတီဝင်… နောက်အမည်တခုတပ်ချင်ရင် ကျွန်မအတွက်..သီးသန့်တပ်လို့ ရသေးတယ်။ တက်ကြွတဲ့ အဖွဲ့ဝင်လူငယ်.. ယုံယုံကြည်ကြည်ကို ရှိလို့ကို ပါတီဝင်ဖြစ်ခဲ့သူ…..သူများတွေလို မယုံမကြည်နဲ့ ဝင်ခဲ့တာမဟုတ်သလို ဘုမသိဘမသိဘဲ ဝင်ခဲ့တာလည်းမဟုတ်…..ကျွန်မတက်ရတဲ့ သဘောတရား သင်တန်းတွေကလည်း သိပ်ကောင်းတယ်။ ဆိုရှယ်လစ် စနစ်ကြီးသာလျှင် လူတွေအတွက် အကောင်းဆုံးဖြစ်အောင် လုပ်ပေးနိုင်မယ်ဆိုတဲ့ အတွေးတွေကို အမြဲချမှတ်ပေးခဲ့တယ် ဟုတ်လည်းဟုတ်တယ်။ စဉ်းစားကြည့် ပေါ့.. လူတယောက်က ဆင်းရဲနေရင် နောက်တယောက်က ကြည့်ပျော်ပါ့မလား။ လူတယောက်က မရှိရင် အခြားတယောက်က မျှဝေရတာက ကျွန်မတို့လူမျိုးတွေနဲ့လည်း ကိုက်ညီတဲ့အပြင် ကောင်းတဲ့အကျင့်ကောင်းလေးတွေမဟုတ်လား။ တန်းတူညီမျှမှုဆိုတာ ငါတို့လူမျိုးတွေနဲ့ အကိုက်ညီဆုံး စာသားလို့တောင် ပစ်ယုံခဲ့တာများ… ဒီတော့ ဘယ်လိုရူထောင့်က ကြည့်ကြည့်ဖြစ်နိုင်တယ် ဖြစ်ရမယ်လို့ ဆိုပြီး ပါတီဝင်ကြီးဖြစ်ခဲ့ရပါတယ်။ အကျိုးဆက်ကလေးကတော့ အခွင့်အရေးလေးတွေ တွဲပါလာတက်တာပေါ့…။
၃။
`ဟဲ့ ဗိုလ်ချုပ် … တို့က ချမ်းသာလိုက်တာ လွန်ရော.. ပိုက်ဆံတွေလည်း ဘယ်လိုရှိလဲမသိဘူး…. နော်။
` ငါလည်း ဘယ်လိုသိမလဲဟ` ဆို၏။ အမြဲတမ်း စပ်စပ်စုစု သိတက်လေ့ရှိတဲ့ အရာရှိအသိုင်းအဝန်းနဲ့ နီးစပ် သူက သူမသိချင်တော့လည်း မသိတော့ပြန်ပါဘူး။ ဖြစ်တော့ဖြစ်နိုင်တယ်.. ကျွန်မတို့ အစည်းအဝေးတွေ ဘာတွေရှိရင် အရင်ကဆို ခပ်စွာစွာနဲ့ ပြောလေ့ရှိသူ မိခင်ခင်တယောက် အခုတော့ ရေငုံနုတ်ပိတ်ခဲ့တာ သတိထားခဲ့မိတယ်။ အစည်းဝေးမစခင်တော့ အားလုံးက ထမင်းစားခန်းထဲ တယောက် တမျိုးပြောသား။ တကယ်
လည်းအစည်းအဝေးလုပ်ရော လက်ညှိးထောင်တာရယ် ..ခေါင်းညိတ်တာရယ်.. စိတ်ရူပ်တာရယ်နဲ့ပဲ မအီမလည်ဖြစ်ကျန်ခဲ့ကြတဲ့ အဖြစ်တွေကများသား… ကြာလာတော့ လူသဘော့လူ့စိတ်ပဲ.. မခံချင်စိတ်တွေ ကအုံကြွလာပြန်ရော…ဖြစ်ပေါ်လာတဲ့…..စိတ်ကို မိုက်ရူးရဲဆန်ဆန် ဖွင့်အံပြောဖို့ ကြပြန်တော့လည်း တကယ်တမ်းတော့ခက်ပြန်ရော… ဒါပေမယ့် ကျွန်မအထက်က ဆရာဝန်ကြီးကတော့ တိုင်းအရာရှိတွေ လုပ်ပုံကိုင်ပုံ တွေ.. မြို့နယ်သမဝါယမ (သားဝမယားဝ) ကိစ္စတွေက စလို့ မကျေနပ်တာတွေကို ဆဲဆိုနေတက်တာ… ဆိုပြီးဆဲပြီးတိုင်းလည်း…ဆဲရတဲ့အကြောင်းရင်းလေးကို ထမင်းဝိုင်းမှာ စာသင်သလို ဇာတ်စုံခင်တော့ အကြောင်းစုံသိရတော့တာပဲ။ ဟို ပတ္တမြားကြီးကရတဲ့ ပိုက်ဆံတွေကို ဗိုလ်ချုပ်တွေ ဆိုရှယ်လစ် သဘောတရားအတိုင်း ခွဲဝေယူတာတွေ… နိုင်ငံရေးစကားပြောတဲ့သူတွေကို အပြစ်လုပ် ဥပဒေမဲ့ ထောင်ချတာမျိုးတွေ.. အကြောင်းစုံပေါင်းစုံပါပဲ.. ပြောပြတက်တယ်….. အဲဒီထက်ဆိုးတာတခုကတော့ ကျွန်မတို့ရှိစုမဲ့စု ရှာထားတဲ့ငွေတွေကို အခုတမျိုး တော်ကြာတမျိုး သိမ်းဆည်းတာတွေ ပြောင်းတာတွေ လုပ်ကြပြန်ရော…. ရှိသမျှဒေါသတွေ ပေါက်ကွဲတော့တာပဲ။ ပုန်ကန်မယ် ထကြွမယ် နဲ့ ဖြစ်ကြပြန်ရော…. တကယ်တော့လည်း မလုပ်ရဲပြန်ဘူး… တကယ်သတ္တိရှိတဲ့ ကျောင်းသားတွေလည်း ပေါ်လာရော ကျွန်မတို့ဝန်ထမ်းတွေ ဘယ်ပြောကောင်းမလဲ အခွင့်အရေးတွေ လိုက်တောင်းကြပြန်ရော…..။
၎။
အဲ ယုံကြည်တာတွေကို ရိုက်ဖျက်ခဲ့တာလူတွေပဲ ဆိုရမလား… အဖြစ်တွေကလည်း မရိုးနိုင်အောင်ကို ကြားနေမြင်နေရတာ.. ကျွန်မက ဆက်သွယ်ရေးရုံးနဲ့ တပ်နဲ့ မျက်နှာချင်းဆိုင်မှာ ရှိတဲ့ နား.. နှာခေါင်းဆေးရုံမှာ အလုပ်လုပ်တာ.. ပထမတော့ အလုပ်ကထွက်ဖို့လည်း အစီအစဉ်မရှိတော့ သေတပန်သက်တဆုံး ဒီအလုပ်နဲ့ပဲ နပန်းသွားရမဲ့အဖြစ်ပေါ့။ သိတဲ့အတိုင်း ကိုယ်ကတနေရာမှာ စွဲနေပြီဆိုရင် ပြန်ပြောင်းဖို့ခက်သလို ကိုယ်ကိုယ်တိုင်လည်း မပြောင်းလိုဘူးပေါ့။ ပိုက်ဆံတွေလည်း အပြောင်းအလဲလည်းဖြစ်ရော ငွေဆုံးရူံးလို့ စိတ်နာကောင်းဆဲ ကျောင်းသားကလေးတွေကို သေနတ်နဲ့ ပစ်တယ်လည်း ကြားရော စိတ်ထဲမှာ တခုခုတော့မှားနေပြီဆိုတာ နားလည်လိုက်တယ်။ အရာရှိကလည်း အော်ဆဲ.. ကျွန်မကလည်း သူလုပ်တဲ့အတိုင်း အကုန်လိုက်လုပ်.. ဝန်ထမ်းအားလုံးလည်း စိတ်ညစ်ကြ… စိတ်ပျက်ကြပေါ့.. အင်း ဘယ်သူမှတော့ ကျွန်မတို့လုပ်သလို လိုက်မလုပ်ရဲကြဘူး။ ကျောင်းသားတွေ ဒီမိုကရေစီ တောင်းကြတယ်… နားတော့သိပ်မလည်ဘူး.. ကောင်းမယ်လို့တော့ ထင်မိတယ်.. နားထောင်လို့လည်း ကောင်းတယ်မလား.. ဘာပြောကောင်းမလည်း ဝင်တွယ်.. ဝင်နွှဲတော့တာပဲ။ အဲဒီတုန်းက ကျွန်မတို့ဆေးရုံရှေ့မှာပဲ ဗိုလ်ကြီးက သူ့သားကို ပစ်တာ… လားလား လား….အမေက အရူးတပိုင်းပဲ။.. ကျွန်မတို့ဆိုတာ ဘယ်လိုနေရမလဲ မပြောတက်တော့ဘူး… နေ့ ငို ညငိုပဲ.. အဲဒီလွန်ဆွဲပွဲတွေလည်း ကျွန်မရင်ကိုဖိစီးတယ်။ အံ့လည်း အံ့သြတယ်။ အပျိုရွယ်ဝင်စတုန်းက ကြားဖူးတဲ့ ကမ္ဘေားဒီယားက ခေါင်းဆောင်တွေ သူ့လူမျိုးတွေကို သတ်ပစ်တာမျိုးဖြစ်တော့မယ် ထင်ခဲ့တာ… ကျွန်မမှာ ဘုရားတွေရှိခိုးရ ဆုတောင်းရ… ဘုရားတောင် ဘာသာစုံလိုက်သွားပြီး ရှိခိုးဆုတောင်းခဲ့တာလား…. ဘုရားရှိခိုးပြီးလည်း အေးချမ်းသွားတယ်မထင်လေနဲ့.. အပူက မငြိမ်းဘူး… မျက်ရည်တွေပဲ ထွက်ထွက်ကျလာတယ်… ဒီအကြောင်းကို ဆရာဝန်ကြီးကသိတော့ အားပေးရှာတယ်… `ဒီထက်ယူကြုံးမရ ဖြစ်စရာတွေ ကြုံရဦးမယ်.. မျက်ရည်တွေပြင်ထားဦး ` .. ဆရာဝန်ကြီးပြောတာ ကျွန်မတွက်နေကျ လမ်းဘေးဗေဒင်ထက် ပိုမှန်ခဲ့တယ်။ ညတိုင်းလည်း သေနတ်သံတွေ နားထဲမှာ မစဲခဲ့ဘူး… တရွီရွီနဲ့ ပစ်ခတ်နေတာတွေ ကို နိုက်ဂျူတီကျရင် ကြားနေတာကြောင့် အိပ့်မရတော့ ထကြည့် ထမိတော့ ဆဲမိနဲ့.. ရင်ထဲဗလောင်ဆူခဲ့တာတွေ ပေါ့..။
၅။
ကျွန်မအလုပ်ကထွက်ပြီး နိုင်ငံခြားမှာ အလုပ်သွားလုပ်တယ်. အံမယ် စင်ကာပူကြတော့ တမျိုးပေါ့.. ကျွန်မယုံကြည်တဲ့ ဆိုရှယ်လစ်စနစ်နဲ့ ကွာပြန်ရော .. ကိုယ်လုပ်သလောက် အကျိုးခံစားခွင့်ရှိတဲ့နေရာလေးပဲ… ကျွန်မလည်းရသလောက် လုပ် တခါတလေ မအိပ်မနေလုပ် ငွေစုတာပေါ့။ ငါ့တိုင်းပြည်ပြန်မယ်… အရင်းအနှီးလေးရရော ရွေမိတို့အိမ်ပြန်ခဲ့ပေါ့။ အောင်မလေး တက်တက်စင်အောင် လွှဲပေါ့။ မှော်ဘီဘက်မှာ စစ်တန်းလျှားနဲ့ နဲနဲနီးတဲ့ ရပ်ကွက်ထဲကျွန်မကနေတာ… အရပ်ကတို့ ရေ လူတွေ ဆင်းရဲလိုက်ကြတာ မြန်မာပြည်မှာ ငါနေခဲ့ဖူးတာ ဟုတ်ရဲ့လားလို့ ကိုယ့်ကိုယ်ကို မေးယူရတယ်.. အံ့သြလိုက်တဲ့ဖြစ်ခြင်းပေါ့…. လူတွေဆင်းရဲပုံများ ဘယ်လိုပြောရမလဲမသိဘူး.. အဖေတို့ပြောဖူးတဲ့ ဆီကိုရွှဲအောင်စားတာတို့ ..ရေချိုငါးပိစားတာတို့ဆိုတာ ပုံပြင်လားလို့မေးယူရမယ်ထင်တာပဲ။ ဆီမပြောနဲ့ ဆားကုန်ရင် တောင်မဝယ်နိုင်တဲ့သူတွေ အများကြီး….. နဂိုကရှက်တက်တဲ့ မာနရှိတဲ့မိသားစုတွေတောင် အကန့်အသတ်နဲ့ ဖိတ်တဲ့အလှူကို ကလေးတွေအတင်းလွတ် .. ဗိုက်ဝရေးသည် အဓိကထားတော့တာ ကျွန်မအမြင်…. ဆူလည်းမရ မောင်းလဲမရ ဗိုက်ဝရေးသာ အဓိကထား စားနေကြတာကို ကြည့်ပြီး ရင်ထဲဆို့မိတယ်။။ ကျွန်မကလည်း နဂိုကတည်းက ဆိုရှယ်လစ်နဲ့ နှစ်ပါးသွားခဲ့သူဆိုတော့ ပြဿနာက စတော့တာပဲ.. ရှိတဲ့ဟာတွေ ဝေရင်းမျှရင်း ကိုယ်လည်း အလုပ်အကိုင်မရှိတော့ သုံးရင်းစွဲရင်း ကုန်သွားပြန်ရော… ဝေရင်းမျှရင်း နေ့တိုင်းအော်ဆဲတယ်… ဆဲတာရိုးရိုးဆဲတာမဟုတ်ဘူး.. စစ်တန်းလျှားဘက်ကို ကြည့်ပြီး အော်ဆဲတာ… ဗိုလ်နံမည်တွေတပ်ပြီး ကောင်းကောင်းကို တွယ်တာပါ.. ဘယ်သူကမှလည်း မတားဘူး… ဘယ်သူမှလည်း လာမဖမ်းဘူး.. ကျွန်မကို အရူးအပေါလို့ထင်နေကြတာလည်း ဖြစ်မှာပေါ့။ ကျွန်မအော်ဆဲရင် စစ်သားတွေက ပြုံးစိစိနဲ့… ပြုံးတုံ့ပြုံးလုပ်ကြလေရဲ့…. တခုတော့ရှိတယ်.. သူတို့ကျွန်မကိုဖမ်းရင် အကျိုးလည်းယုတ်နိုင်လို့လည်း ဖြစ်မယ်ထင်တာပဲ….. ကျွန်မမှာရှိတဲ့ အတက်ပညာ.. ဆေးဝါးတွေနဲ့ သူတို့လိုရင် ဖြည့်ပေးနေလို့လည်း မဖမ်းတာလည်း ဖြစ်မှာပေါ့။ အဖေကတော့ စကားတခွန်းကိုပြောတယ်။ `နင့်ကိုတနေ့လာဖမ်းလိမ့်မယ် `တဲ့။ ဖမ်းပစေဖမ်းလည်း မသေမချင်း ဆဲနေဦးမယ်. ဘယ်နှယ့် သူများတိုင်းပြည်တွေ ကိုယ့်လောက်မချမ်းသာပါပဲ လူတန်းစေ့နေနိုင်တယ်။ ငါတို့မှာတော့ ဆင်းရဲတွင်းကကို မထွက်နိုင်ဖြစ်နေတယ်. အခုတော့ တိရစ္ဆာန်တွေလို ရုန်းကန်လည်း မပြောင်ရောင်တော့ လူ့ဘဝတွေ …. အတန်းပညာတက် သူငယ်ချင်းကတော့ စကားကြီးတခွန်းကို မိန့်ဆိုရှာတယ်…. `မြန်မာပြည်မှာ ထမင်းငတ်တာ ငပျင်းတွေမို့ပေါ့` တဲ့။။ ပျင်းမပျင်းတော့ ကျွန်မမသိပါ… မှော်ဘီရပ်ကွက် (…. ) ကလူတွေ မိုးလင်းမိုးချုပ် ရုန်းကန်လိုက်တာ မျက်မြင်.. ကလေးတွေလည်း ကျောင်းမတက်နိုင်.. မိဘတွေလည်း ထမင်းမဝနိုင် ဖြစ်နေတာတော့ အမှန်ပဲ။
၆။
အခုတော့မျက်စိအောက် ဘာမှမမြင်ရတော့ဘူး… ဆိုရှယ်လစ် အလုပ်မဖြစ်လို့ ဒီမိုကရေစီ ပြောင်းပေးဖို့ ဆိုလို့ စောင့်ခဲ့အချိန်လည်း မနည်းတော့ဘူး။ လမ်းဘေးဆိုင်းဘုတ်ပေါ်က ဒီမိုကရေစီ နိုင်ငံကြီးကို သွားမယ်ဆိုတာလည်း ဟုတ်နိုးနိုးနဲ့ စောင့်ခဲ့ရင်း ….. အရပ်ထဲမှာ စာမတက်တဲ့ကလေးတွေ ပိုများလာတာ ထမင်းစားဖို့ ပိုခက်လာတာ….အိမ်တအိမ်မှာ လူတွေ ပိုများလာတာ .. လိမ်တာညာတာတွေနဲ့ ပိုရင်းနှီးလာတာတွေပဲ များလာတယ်… ချမ်းသာတဲ့လူတွေကတော့ ပိုချမ်းသာလာတယ်ထင်တာပဲ.. အဲဒီထဲမှာမှ
(… ) တို့က ပိုချမ်းသာမယ်ထင်တယ်…. သူ့သမီးရင်.. ခေါင်းက စိန်တွေကိုကြည့်ပြီး ကျွန်မတယောက် အရင်လို အော်မဆဲနိုင်ပဲ ဒီ့ထက်အစွမ်းထက်တဲ့ မေတ္တာပို့တာကို သိသွားကြတယ်ထင်တယ်… ကျွန်မကို လုံခြုံတဲ့နေရာတခုဖြစ်တဲ့ ( …..) ကို ပို့လိုက်ကြပြီ။
( နိုင်ငံရေးယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ အမျိုးသမီးများအတွက် ဂုဏ်ပြုဝတ္ထု)
၂၀၀၆ ခုတွင် ချိုးလင်းပြာအတွက် ရေးခဲ့သည်။

0 ဦး၏ဆွေးနွေးချက်:
Post a Comment