Monday, April 19, 2010

သဘောတရားတခုစိတ်တခု

စာရေးမယ်ဆိုပြီး ဘလော့က် စဖွင့်တုန်းက စိတ်ကူးကတမျိုး.. တကယ်လည်း ရေးဖြစ်ရော ရည်ရွယ်ချက် ပျောက်သလို ဖြစ်နေတယ်။ အမျိုးသမီးရေး အကြောင်းကတော့ အစဉ် ခေါင်းထဲမှာ ရှိသည်သာ..။ အမျိုးသမီး အခွင့်အရေး အကြောင်း.. တခုတ်တရ ရေးထားတာကို.. လူတွေ သိပ်အားပေးပုံ မရတာနဲ့.. ဘလော့ဂ် ဖတ်သူတွေဟာ အတော်လေး အမျိုးသမီး အခွင့်အရေး အကြောင်းတွေ သိထားကြပုံ ပေါ်တယ် ဆိုပြီးတော့ ရှိထားတဲ့ စာမူ ဟောင်းတွေကို ခဏထားပြီး ကိုယ်ရေးချင် တာတွေကိုပဲ ဆက်ရေး နေမိတော့တာပါပဲ..။.. ဒါလည်း တမျိုးကောင်းသည်သာ.. ကိုယ်လုပ်ချင်တာကို ကိုယ်လုပ်ခွင့် ရနေခြင်းပေါ့။.. ဒီလိုပါ အခုတလော အားလုံး အံ့သြကြရတဲ့ အကွဲအပြဲ အသေအကြေ ကိစ္စတွေ အကြောင်းပါ.. ရန်ကုန် ဗုံးကွဲတယ် ဆိုတော့ အားလုံးက ထိတ်ထိတ် လန့်လန့်နဲ့ပါ..။ ဥရောပ ရောက်နေတဲ့ ကျွန်မလည်းလန့်.. အမေရိကန် ရောက်နေတဲ့ အသိတွေလည်းလန့်.. အော်စီမှာ ရှိတဲ့ သူငယ်ချင်းတွေ ကလည်း.. ကောင်းရာ သုဂတိတွေ လားဖို့ ဘာညာ ဆုတောင်း နေကြလေရဲ့.. ကျွန်မ ကတော့ ဘာမှ ဆုမတောင်း ဖြစ်ဘူး.. ဒီမိုကရေစီ လိုချင်တာနဲ့ ဆိုင်မဆိုင် ဆိုတာကိုပဲ တွေးနေ မိတာပါပဲ..။

အမျိုးသမီး အခွင့်အရေးတွေ စပြီး ပြောကြတဲ့ အချိန်က ဆိုရင် ဖန်မီးနစ် တွေကို မြင်ရင် သရဲ သဘက် တွေ့သလို မနှစ်ခြိုက်တဲ့ ကိုယ်တော်များကို တွေ့ဖူးသလို.. အမျိုးသမီးရေး ဆိုပြီး အော်တဲ့ သူကလည်း.. ဘုန်းရှိခြင်းကို လက်ခံပြီး မိန်းမက ဘုန်းနိမ့်တယ် ဆိုတာ လက်ခံတာ.. အမျိုးသမီးများ အတွက်ကိုတာ စနစ်ကို ကျင့်သုံးရမယ်.. ပြောတာကို အကြောက်အကန် ငြင်းဆန်တာ.. စကားများတဲ့ မိန်းမကို ယောက်ျား လုပ်သူက ရိုက်တာကို မှန်တယ်လို့ အမျိုးသမီးရေး အခွင့်အရေး ယုံကြည်သူ ပြောတာမျိုး တွေ့ဖူးပါရဲ့..။ နောက် ဒီမိုကရေစီ လိုချင် တချို့လည်း အကြောင်းအရာ တခုပေါ်မှာ.. ငြင်းခုံတာတွေ သဘောခြင်း မတိုက်ဆိုင်တာတွေ သူတင် ငါတင်လည်း ပြောရော အမှတ် အတေးလေးတွေ ထားပြီး အပြန်အလှန် ပုဂ္ဂိုလ်ရေး တိုက်ခိုက်တာတွေ.. လူ့အခွင့်အရေးလို့ ပြောပြီး ယောင်္ကျား တယောက်က မိန်းမ စိတ် ပေါက်နေရင် ရူတ်ချတာ တွေလည်း အပုံသား ဆိုတော့… ကိစ္စ အတော်များများမှာ ချွင်းချက်တွေနဲ့ ပါလားလို့ ဆဝါးသွား မိပါတယ်..။

မိန်းမများကို မခွဲခြားနှင့်.. ငါတို့ လက်မခံ.. သို့သော် သူတို့တွင် ချွင်းချက် ကလေးတော့ ဖြစ်ရှိနေသည်ကို တွေ့ရသည့် အခါ ကျွန်မ မေးခွန်းများ အစဉ် ထုတ်နေတက်သည်။.. ကိုယ်လိုချင်တာ လေးတွေကိုပဲ ကွက်ပြီး ယုံကြည် လက်ခံ၍ ရမရ ဆိုသည်ကိုလည်း စဉ်းစားမိသည်..။ စာရေး နေသည် အထိ စဉ်းစားနေဆဲ ဖြစ်ပါသည်...။ အမှန်တွင်တော့ ဒီမိုကရေစီ.. လူ့အခွင့်အရေး ဆိုသည့် သဘောတရား အတွေးအခေါ် ကောင်းလေးများတွင် ဘာကိုမျှ ချွင်းချက် ထားမရ စကောင်းပါ..။
ဒီမိုကရေစီ သဘောတရား အရ ဆိုလျှင်. ရန်ကုန်.. မြစ်ကြီးနားတို့တွင် ဖြစ်ပျက်ခဲ့သော အခြေအနေများသည် မှားသည်။ ဘယ်သူ လုပ်လုပ် ရူတ်ချရမည်.. ဘာဖြစ်လို့လည်း ဆိုလျှင် ဖြေရှင်းနည်းက မှား၍ ဟူသည်ပေါ့..။
တခါ ပြန်စဉ်းစား မိသည်မှာ ဖြေရှင်းနည်း မှားရသည် ပြောရ အောင်လည်း ဘယ်သူကဘယ်သူ့ကိုလုပ် တာလည်း ဆိုတာလည်း စဉ်းစားစရာတခုပင်။ဒီလုပ်ရပ် တွေရဲ့နောက်ကွယ် ရူပ်ထွေးမှု အခြေအနေတွေ.. အရင်အရင့်က ဖော်မထုတ်သေးတဲ့ လက်ကျန် ကိစ္စတွေ အစရှိသဖြင့် နားလည် သလောက် စဉ်းစားနေမိသည်..။

တကယ်တမ်း ကျတော့လည်း ဒီလို ကိစ္စမျိုးဆိုတာ ရုပ်ရှင်ကား တွေထဲမှာ ဆိုရင် ခရိုင်း ဆင်းက ရောက်လာပြီး ဘာဘာ ညာညာ အစရှိတာတွေကို စစ်ဆေး ကျန်တဲ့ ကွင်းဆက်တွေကို စုံစမ်းပြီးနောက်မှ အဖြေပေး တွေမျိုးတွေ တွေ့ဖူးပါသည်....။ အခုတော့ ဖြင့်လည်း တချက်တည်းနဲ့ တန်းသိ သူတွေလည်း မနဲပါ..။ ပညာရှင်တောင် ဘာမှ ပြောစရာ မလိုတဲ့အထိ ဘယ်သူ့ လက်ချက်ဆိုတာ မှန်းနိုင်တဲ့ သဘော ဆိုတော့လည်း… ဘာဖြစ်လို့ ဒီလို ပြောကြသလဲ ဆိုတာကလည်း စဉ်းစားစရာပင်..။ ထို့ကြောင့် ဘယ်သူ လုပ်လုပ် ဦးနှောက်က သိသင့်သည် မှာကား ဘယ်သူက ဘယ်သူ့ကိုပဲ လုပ်လုပ် မကောင်းဘူးဟု ရှိချိမ့်မည်.။ ဘယ်သူတွေပဲ သေသေ သေသည်သာ ဖြစ်သည်မို့ ပြဿနာ၏ အတိမ်အနက်ကို တကယ် မငြိမ်းနိုင်သည့် ယင်းဖြေရှင်း နည်း များကို လက်မခံသင့် ဟုယူဆရမည် သာဖြစ် ပါသည်။ ကျွန်မ တို့သည် ပြဿနာ၏ အရင်းအမြစ်ကို သာရှာကြရှင်း ကြရမည် ဖြစ်ပါသည် ..။

အရင်းအမြစ်ကို မရှင်းပဲ ဘေးထွက် များကိုသာ ရှင်းနေပါက မလိုလားအပ်သည့် ကိစ္စများ အပြင် အေးချမ်းမှုများကိုပင် ထိခိုက် နိုင်ပေသည်။ ဥပမာ.. မဆိုင်သူများကို ဖမ်းတာမျိုးတွေ.. စွပ်စွဲတာ မျိုးတွေ ဖြစ်နိုင် ပါသေးသည်..။ သို့သော် လူဆိုသည်ကား ခက်သည်ပင်..။ ချွင်းချက်က လေးတော့ဖြင့် ထားချင်မိပါသည်..။ မှတ်မိ ပါသေးသည်..။ လွန်ခဲ့သည် (၁၀) နှစ်ကျော် လောက်က ဘန်ကောက် မြန်မာသံရုံးကို ကျောင်းသား တစု ဝင်စီးသည့် အချိန်က ဆိုလျှင် ကျွန်မသည် အင်မတန်မှ ပျော်ရွှင် နေခဲ့ပါသည်..။ ကျွန်မ ကိုယ်တိုင်က သံရုံးတခုကို အခုလို အုတ်အော် သောင်းနင်း ဖြစ်သည် အထိ လုပ်နိုင် သူများကို လေးစားကာ မသိစိတ်ကရော သိစိတ်ကပါ အားပေးနေပါသည်..။ ကျွန်မလို အားပေးသူများလည်း ဒုနဲ့ဒေး ရှိခဲ့ပါသည်.။

ယင်းအချိန် ကာလတွင် ကျွန်မသည် အေးချမ်း လုံခြုံသော အရပ်တွင် နေထိုင်ရသူ မဟုတ် ..။ ထို့အပြင် အေးချမ်း မှုဆိုသည် ကိုလည်း သိပ် မခံစားဖူး သည်ကြောင့် ဒီမိုကရေစီ လိုချင် သည်မှန်သော်လည်း ထိုကြမ်းတမ်းသော အပြုအမှုများကို အားပေးခဲ့မိပါသည်..။ သို့သော် ယနေ့ တွင်ကျွန်မသည် ထိုအပြုအမှု များကို လုံးလုံး လက်မခံ ဆိုသည်ကို တရားဝင် ပြောချင်နေမိသော်လည်း ကိုယ့်ကိုကိုယ် ဟုတ်ပါရဲ့လား ဟုဝေခွဲ မရ ဖြစ်နေမိပါသည်..။ ။အခု ကိစ္စကိုတော့ဖြင့် ဒီမိုကရေစီ လိုချင်တာနှင့် ဘယ်လို ပတ်သက် နေပါသနည်း ..နောက်ဒီမိုကရေစီလိုချင် သူများကရောဒီလိုလုပ်ရက်မည်လား ဆိုသည်ကိုလည်း မရေမရာ တွေးမိပါသည်..။.ကျွန်မလက်ရှိနေထိုင်ရာ အရပ်သည် အင်မတန်မှ အေးချမ်း လုံခြုံသော နေရာဖြစ်ပါသည်။ ….ကြမ်းတမ်းသော လုပ်ရပ်များ ကိုအားမပေးပါ..။ လုပ်ငန်းခွင်ထဲ ပြဿနာ တခုခုတက် လျှင်တောင် ဖြေရှင်းနည်းက နှူးညံ့ သိမ်မွေ့စွာ ဖြေရှင်း ကြသည်သာ..။

ကြမ်းတမ်းခြင်း ဆိုသည်မှာ စကားလုံးနှင့် ပင်မ ဆိုကြသည်ကို သတိထား မိပါသည် ..။ ဘာလေးပြောပြော အကောင်းဘက် ကနေအ ပြုသဘော ဆောင် ပြောကြသည်သာ.. စကားလုံး လှလှများဖြင့် တန်ဆာဆင် ကြသည်သာ ..။ ဒီမိုကရေစီ သဘောထားက ဤမျှ သိမ်မွေ့ ပါသည်..။ ဆက်ပါဦးမည်.. ဒီမိုကရေစီ သဘောတရားတွင် ကြမ်းတမ်းမှုကို လုံးဝ လုံးဝ အားမပေးပါ ..။ ကျွန်မတို့ ဖြစ်ချင်သည့် အယူအဆများ ကိုပြောကြဆွေး နွေးငြင်းခုံကြနှင့် လှပသောလူ့ဘောင်တရပ်ကို တည် ဆောက်ရမည် ဟုနားလည်ပါသည်..။ ဒီမိုကရေစီ သဘောတရားမှာက မတူတာတွေကို တူအောင် မညိုသလို မတူသူတွေကိုလည်း အတင်းအဓမ္မ ဖမ်းဆီးတာတွေ မပါဟု နားလည် ပါသည်..။.. (ဒါတောင်မှ ဒီမိုကရေစီ ထွန်းကားတဲ့ အမေရိကားမှာ ၉/၁၁ ဖြစ်ချိန်က မဆိုင်တဲ့ မွတ်စလင်တွေ ဖမ်းခံရတာ အများကြီး.. အမျိုးသမီးရေး အကြီး အကျယ်ပြောဆို ဆွေးနွေး နေသော်လည်း စီးဒေါ စာချုပ် ကိုအမေရိကန် လတ်မှတ်ထိုးဖို့ မပြောနဲ့ အတည်ပြုဖို့ကို မနည်း ကြိုးစား နေရဆဲ.. .) ..

ဆိုတော့ စဉ်းစားမိသည်မှာ ကျွန်မသည် ကြမ်းတမ်းမှုတွေကို မလိုချင်ဘူး မကြိုက်ဘူးဆိုလျှင် တောင်မှ အာဏာရှင် လက်အောက်မှာ အညွန့် တုံးခဲ့သူတွေ .. မကြိုက်သူတွေ အစအစ ရှိတဲ့ သူများဟာ ယခု ကိစ္စတွင် ဘယ်လိုများ နားလည်ခံစား သလဲလို့ တွေးမိပါတယ်.. နောက်ကျွန်မ ကိုယ်တိုင် ကရော ဒီမိုကရေစီ ဆိုတာကို ပြည့်ပြည့်ဝဝ ယုံကြည်ထားသော်လည်း အခုလို ကိစ္စမျိုးသည် ဒီမိုကရေစီ လိုချင်တာနှင့် သက်ဆိုင် ပါသလား..။ ဟုတ်ခဲ့သည် ဆိုပါလျှင်လည်း ကျွန်မသည် ဘာကြောင့်များ ချွင်းချက် ထားချင် နေရတာလဲ.. ဘယ်အတွက်ကြောင့် စိတ်ကို မပြတ်မသားတွေ ဖြစ်စေနေ ရတာ ပါသလဲ....။ အခုလို ကြမ်းတမ်း တဲ့လုပ်ရပ်မျိုးကို အားပေချင် နေတာလား ဒါမှမဟုတ် သူတို့ဇာတ် သူတို့ ရှင်းတာ ကောင်းတယ် ဆိုပြီး ကျေနပ် နေတာလား ဆိုတာကို အခုထိ မကွဲပြား သေးဆိုတာကို တင်ပြရင်း....နိဂုံးချုပ် ပါသည်။

4 ဦး၏ဆွေးနွေးချက်:

Nge Naing said...

(((((((မငယ်ရေ.. မဗေဒါဖတ်သွားပါတယ်..။ စဉ်းစားနေတာကတော့ အခုဖြစ်ရပ်တွေက ဒီမိုကရေစီနဲ့ဆိုင်မဆိုင်ဆိုတာပါပဲ..အင်းသတိရတယ်.. အန်ဂျီအိုလုပ်မဲ့သူနဲ့အစိုးရလုပ်မဲ့သူ..မှတ်မိသေးလားမငယ်..အဟမ်း အဟမ်း
ကျွန်တော်ရေးထားတာလည်း..မငယ်လာဖတ်ပါအုံး..ပြီးရင် ဝေဖန်ပါအုံး.. ]ရေစက်ဆိုတာဒါပဲနေမယ်..အင်းအောင်မြင်နေတဲ့ဘ :cool: လော့ဂါမငယ်ကိုတော့ မနောက်တော့ပါဘူး.. ဟူး))))))

ကိုယ့်သူငယ်ချင်းကလည်းနော့် ဟိုတုန်းက ငြင်းရခုန်ရတာတွေကို ဘလော့ဂ်မှာ လာဆွပေးပြန်ပြီ။ ဘလော့ဂ်မှာ မိတ်ဆက်ပေးတုန်းက မဗေဒါဆိုတာ သူငယ်ချင်းအဖြစ်ပဲ မိတ်ဆက်ထားပေးတယ် အဲလို ငြင်းဖေါ်ငြင်းဘက်အဖြစ် မိတ်မဆက်ထားဘူး။

ဟိုတုန်းက စိတ်ကူးယဉ်ခဲ့တဲ့အတိုင်း ဒီမိုကရေစီရပြီး တိုင်းပြည်ပြန်ရောက်လို့ မဗေဒါက နိုင်ငံရေးပါတီတွေမှာ ၀င်လုပ်ပြီး အာဏာရသွားလို့ အစိုးရဖြစ်သွားတယ်ဆိုရင် ကျွန်မက Human Rights Watch, Burma လို လူ့အခွင့်အရေး လုပ်တဲ့ NGO တခုခုဖွဲ့ပြီး လုပ်နေခဲ့မယ်ဆိုရင် ဆိုတဲ့ ဟိုတုန်းက စိတ်ကူးယဉ်တဲ့အတိုင်း တနေ့ တကယ်ဖြစ်လာခဲ့လို့ မဗေဒါတို့ ပါတီက အာဏာရကာ အောက်ခြေလွှတ်ပြီး လူ့အခွင့်အရေး ထချိုးဖေါက်ရင်တော့ ကိုယ့်သူငယ်ချင်း ပါတီမို့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို မရှုပ်ချ၊ Report မတင်ဘဲ ထိန်ချန်ထားလိမ့်မယ်လို့တော့ လုံးဝမထင်နဲ့နော့်။ လူ့အခွင့်အရေး ချိုးဖေါက်ပြီး သူငယ်ချင်းရေ ဒါလေးတော့ Report မတင်ပါနဲ့လို့ လာဘ်ပေးလာဘ်ယူလည်း လုပ်လို့ရမယ်မထင်နဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်လာရင် ဘာမျက်နှာမှ ထောက်မှာ မဟုတ်ဘူး။ ဟိ ဟိ ... လွန်ခဲ့တဲ့ ၁၂ နှစ် ဒီလိုအချိန်က Geneva မှာ စိတ်ကူးယဉ်ခဲ့တာ အခုထိလည်း မဖြစ်သေးဘူး၊ နောက်လည်း ဘယ်တော့မှ ဖြစ်ဖို့မရှိတော့ဘူးထင်တယ်။

သူငယ်ချင်း ရေးထားတာ ကောင်းပါတယ်။ စစ်အုပ်စု ပြုတ်ကျဖို့အတွက်သက်သက်ဆိုတဲ့ သူ့အယူအဆနဲ့ လူ့အခွင့်အရေးဆိုတာ မပေါ်ပေါက်ခင် ဒုတိယ ကမ္ဘာစစ် ကာလကလို ရန်သူ့ ဒေါင့်တိုင်ဖြိုဖို့ ဆိုပြီး အရပ်သားကို သေကြေပျက်စီးအောင် ဓါးစာခံသွားလုပ်ရင် ဒီလုပ်ရပ်နဲ့ ပတ်သက်ပြီး အမှန်အမှားဆိုတာ တိတိကျကျ ပြောလို့မရဘူး ခံယူသူနဲ့ပဲ ဆိုင်ပါတယ်။ ဒါပေမဲ့ အခု အဲဒီကာလ မဟုတ်တော့ဘူး။ ဒုတိယကမ္ဘာစစ်အပြီး ကမ္ဘာကုလသမဂ္ဂနဲ့ Universal Declaration of Human Rights (UDHR) ဆိုတာ ပေါ်လာပြီးနောက်ပိုငး လုပ်ချင်ရာ လုပ်လို့မရတော့ဘူး။ ဘာပဲလုပ်လုပ် လူ့အခွင့်အရေးကို ထည့်တွက်ရပါတယ်။ လူ့အခွင့်အရေးနဲ့ ဆိုင်မဆိုင်ဆိုတာ ပြောစရာတောင် မလိုပါဘူး။ အခုခေတ်မှာ မြန်မာပြည်ကို ဒီမိုကရေစီ လူ့အခွင့်အရေး ထွန်းကားတဲ့ နိုင်ငံဖြစ်အောင် ထူထောင်မယ်လို့ အကုန်လုံးက ပြောနေကြတာ မဆိုင်လို့ ဘယ်ဖြစ်မလဲ။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို စံအဖြစ်ထားရင် အဲဒီစံအတိုင်းပဲ ဖြစ်ရမှာပေါ့။ ဒုတိယကမ္ဘာစစ် မတိုင်ခင်ခေတ် မဟုတ်တော့ဘူးလေ။ အဲဒါကြောင့် အခုကိစ္စမှာ သေသွားတဲ့သူတွေအထဲမှာ အစိုးရအသိုင်းအ၀ိုင်းပါသွားလို့ ၀မ်းသာပြီး ကောင်းရာသုဂတိ လားပါစေလို့ မဆုတောင်းလည်း ဘာမှမဖြစ်ဘူး၊ ဒီလိုလုပ်တဲ့လုပ်ရပ်ကို ၀မ်းသာလည်း ဘာမှမဖြစ်ဘူး ခံစားမှုဆိုတာ တားဆီး ပိတ်ပင်လို့ ရတဲ့အမျိုး မဟုတ်ဘူးဆိုတော့။ ဒါပေမဲ့ ဒီလိုလုပ်ရပ်ဟာ လူ့အခွင့်အရေးနဲ့ မကိုက်ညီဘူး၊ လုပ်တဲ့သူတွေဟာ အမှန်တရားကို လက်ကိုင်မထားဘူး ဆိုတာကိုတော့ ဆင်ခြင်တုံတရားနဲ့ သိဖို့လိုပါတယ်။ ဒီလိုလုပ်တာ တရားတယ်ဆိုရင် နအဖက ပြည်သူတွေကို ဒုက္ခပေးနေတာ အားလုံးလည်း တရားရာရောက်သွားလိမ့်မယ်။ ဒီလိုလုပ်ရပ်မျိုးကို ဘယ်သူပဲလုပ်လုပ် မတရားဘူးဆိုတာကိုတော့ ဘုရားဟောတဲ့ ဓမ္မအရရော လူ့အခွင့်အရေးအရရော လက်ခံရမှာဖြစ်တယ်။ အဲဒီမတရားတာကိုမှ ပျော်တာကတော့ ကိုယ့်ကုသိုလ်နဲ့ကိုယ်ပဲလို့ သတ်မှတ်ရမှာပေါ့။ ဘုရားဟောထားတဲ့ ပုထုဇဉ်ဆိုတာ မကောင်းမှုမှာ မွေ့လျော်တယ် ဆိုတဲ့အတိုင်း မှားတာကို ကြိုက်တဲ့သူလည်း အများကြီး ရှိပါတယ်။ ကိုယ်ကြိုက်လို့ ကိုယ်မှန်တယ်ပြောလို့မရဘူး။

မဗေဒါ said...

ဘာပဲရေးရေး မဗေဒါက လက်ခံသည်သာ..။

အားလုံးကိုကြိုဆိုသည်သာ..။ အထူးသဖြင့်ဒီမိုကရေစီသဘောတို့

ရှင်တော်ဘုရားရဲ့တရားတို့ကိုကိုးကားပြောတော့ပိုတောင်ကြိုက်သည်..။ မငယ်ရေ .. ကိုယ့်ကိုလာဆဲတာတောင်မဖျက်တာ အခုလိုတန်ဖိုးရှိတာကိုဖျက်ရင် ..
မဗေဒါလောက်မိုက်တွင်းနက်တဲ့သူဘယ်မရှိတော့ပြီကွယ်..။
ဘလော့မှာပြောချင်တာတွေ ပြောခွင့်ရတာ ပျော်စရာကြီး..။

မဗေဒါ

ဇော်သိင်္ခ said...

မဗေဒါရေ.. ကျွန်တော်တော့ ဒီမိုကရေစီဆိုတာ ကိုသေချာကြီး နားမလည်ပေမယ့် .. အခု ရန်ကုန်မှာဗုံးခွဲ သွားတဲ့ လုပ်ရပ်ကိုတော့ အရမ်း ရွံရှာမုန်းတီးမိပါတယ်.. အခုလိုလုပ်တဲ့သူတွေဟာ.. သူတို့ လုပ်ရပ်နဲ့ သူတို့ ပြန်အကျိုးပြု ပြီးပြန်ခံ ရမယ်လို့ ပဲ ယုံကြည်ထားပါတယ်...

ခင်မင်စွာဖြင့်
ဇော်သိင်္ခ

SHWE ZIN U said...

အင်း ဘယ်သူ့ အခွင့်အရေး မှ ဒီမှာ လာမပြောနဲ့ မောသွားမယ်