Wednesday, April 28, 2010

မနီကလေး ဘယ်ကလာ

သူငယ်ချင်း ဘလော့ဂါ မငယ်နိုင် က သူရဲ့ ကဗျာနဲ့ ပတ်သက်တဲ့ ဖီလင်လေးကို ပြောတော့ ကိုယ်ကလည်း ကိုယ့်အကြောင်းလေး ကြွားချင်လာပါ့..။ မဖတ်ချင်လည်း သည်းခံဖတ်ပေါ့နော်..။ ဒီပို့စ်လေးက မငယ်အတွက် သီးသန့် ရေးပေးတာ.. ဝိုင်းဖတ်ပေးလည်း စိတ်မဆိုးပါ..။ အရည်အချင်းလေးတွေကို သိသွားတာပေါ့..။ မငယ်နိုင်က သူ့ဘလော့မှာ မဆူးပွင့် ရဲ့ (ဘောင်မပါတဲ့ မျက်မှန်တလက် ) လေးကို တင်ထားတာပါ..။ သိပ်မိ သိပ်ထိတဲ့ ကဗျာလေးပေါ့..။ (၉၀) ကာလများဆီက တော်လှန်ရေးသမားမှန်ရင် ဟဒယကို ဒက်ထိ လာကလိ လာညိစေတဲ့ ကဗျာလေး ဖြစ်ခဲ့တယ်ဆိုရင် မမှားဘူးပေါ့.။ ဒါပေမဲ့ အဲဒီဖတ်တဲ့ထဲမှာ ကျွန်မသူငယ်ချင်း မငယ်နိုင် မပါခဲ့ဘူး ဆိုပေမဲ့ အခုသူ သိပ်သဘောကျနေ..ဆိုပဲ..။ အသက်က စကားပြောတာ ဖြစ်မယ်ထင်ပါ့..။

တကယ်တော့ ကဗျာသည် စာအများကြီး အတွေးအများကြီးကို အနှစ်ချုပ် ကိုယ်စားပြုထားတာလား ဒါမှ မဟုတ်လည်း စာစုလေးတွေကို တင်စားမှုတွေနဲ့ ရသတခု မြောက်အောင် ဖော်ဆောင် ထားတယ် ဆိုရမလားပဲ..။ စာရေးသူက တွေးမိ တာတွေက ခပ်ရိုးရိုးကလေး ပြန်ရေးတာ ရှိသလို သူ့ဘာသာ အတွေး နယ်ချဲ့ ထားတာ ကိုလည်း စာလုံးလှလှလေးတွေနဲ့ ပြန်လည် ဖော်ပြတက်တာမို့ တခါတရံတော့ ကဗျာသည် ကျွန်မ အတွက်တော့ အင်မတန်မှ စဉ်းစားရ ကျပ်လှပါသည်..။ အမှန်တိုင်း ဝန်ခံလျှင်တော့ ကျွန်မ တုံးတယ်ပေါ့..။ ဒါကြောင့် သူငယ်ချင်းက သူကဗျာ သိပ်ဖတ်လေ့ မရှိဘူးဆိုတော့ ကိုယ်လည်း အတူတူပါပဲ ဆိုတာကို ပြောချင်လို့ ဒီပို့စ်ရေးတာပါ..။ အမှန်ကတော့ တခါတရံမှာ ကိုယ်ခံစားရတာလေးတွေကို စာလေး လေးငါးကြောင်း နဲ့ ဖွဲ့နွဲ့လိုက်ပြီး ရိုးရှင်းစွာ ပြောတာမျိုးဆိုရင်တော့လည်း သိပ်ကြိုက်.. သိပ်မိုက်ပေါ့..လို့ဆိုပြီး ပီတိတွေ ဖြစ်တက်ပါတယ်။ ဒါမှမဟုတ် လေး ငါး ပိုဒ်ခွဲပြီး စာလုံးတွေကို သိပ်ဖွတ်ပြီး မရေးဘူးဆိုလည်း နားလည် သေးသည်သာ..။ အဲလိုမှ မဟုတ်ပဲ စာရေးသူက တမျှော်တခေါ်တွေးပြီး သူ့ဘာသာသူ နားလည် နိုင်တာမျိုးတွေကို များများသီဖွဲ့တယ်ဆိုရင်ဖြင့် ကျွန်မ မဗေဒါ အင်မတန်မှ စိတ်တိုပါသည်..။ ကိုယ်ညံ့တာကို ဝန်မခံချင်ဘူးဆိုလည်း မမှားဘူးပေါ့..။ အောက်မှာကြည့် သူငယ်ချင်း မငယ်နိုင်..။ ကိုယ် ကဗျာသုံးပုဒ် ပေးမယ်..၊ ဘယ်ဟာကို ပိုခံစားနားလည်သလဲ ဒါမှမဟုတ် ဘယ်ဟာက စာဖတ်သူအတွက် ဦးနှောက်စားပြီး နားမလည်စေသလဲ.. ။ ဘလော့ထဲက ယူပြီး ဥပမာမပေးရဲလို့ မြန်မာပြည်ထဲက ဘလော့မရေးသူတွေရဲ့ ခေတ်ပေါ် ကဗျာလေး (၂) ပုဒ်နဲ့ ရှေးရှေးက တပုဒ်ကို ဖတ်ကြည့်မယ် သူငယ်ချင်း..။

၁..` ပလေတိုက
အချစ်နဲ့ ထိတွေ့လိုက်တာနဲ့..
လူတိုင်း ကဗျာဆရာဖြစ်သတဲ့..။

ဖြစ်ပလေ့စေ
ကဗျာဆရာဖြစ်တာ
ဟစ်တလာ ဖြစ်တာမှ မဟုတ်တာ ` ( ကျောင်းကုန်းဧည့်မှူး.. ၏ အမာရွတ်နဲ့လူ)

၂…` ရဲရဲနီတဲ့ စောင်းကြိုးမျှင်တွေ
တဆက်ဆက် တုန်ခါလို့..
လေနီကြမ်းတွေ လွင်ပြင်ကို တိုက်ဖို့ကြိုးစား
ကျွမ်းထိုး မှောက်ခုံ ဖြစ်သွားတာကို စောင့်ကြည့်ရင်း
မင်းပျိုးတဲ့ ပန်းများ ပွင့်ပါစေ..။

အဆီအနှစ် တချို့ကို စားသုံးမိတဲ့ ငါဟာ
ဒုက္ခတွေ ငုံထားမိတဲ့
ကမာကောင် တစ်ကောင် မဖြစ်ပါရစေနဲ့..
ဝင်ရိုးစွန်းက ရေခဲတောင်တွေ ပြိုကျတာ
ဘာကြောင့်လဲသိလား..

ဒိုင်နိုဆောတွေ မျိုးတုံးတာ
ဆေးမတွေ့ရှိသေးတာ
နောက် အင်္ဂါဂြိုဟ်ပေါ်က မျက်နှာတွေ
ဟော… တောက်
ဒီ ဆေးပုလင်းတွေ ယူလာကြပြန်ပြီ………..။ ( ခရမ်းပြာ (မြိတ်) ရဲ့ `အနှစ် `)

၃..`မြတ်နိုးယယု.. လှစေမှုဖြင့်
သူ့ပါးနှစ်သွယ်. နှင်းဆီချယ်၏..
ရွှင်ကြည်ပြုံးလျက်..
ခုံးမျက်တောင်ကွေး.. ဆေးမင်ရေး၏..။

ရွှင်ကြည်နူးလျက်
နဖူးဆံစ.. ဆီမွေးသ၏..။
နှုတ်ခမ်းနီတျာ.. စုံနှစ်လွှာလျှင်
ကေသာနက်မှောင်..
သက်ချောပြောင်ကို
ထုံးယောင်ပြုကာ.. ဆံမြိတ်ဖွ၏..
သည်ကေသာဝယ်
မာလာပန်းမျိုး.. မွှေးမျိုးပုံ၏..။
ဤသို့လိမ်းသ ခြယ်ပြီးမှလျှင်
လှ လှစေချင်.. စိက်ကူးယဉ်လျက်
လည်တွင်ပုလဲ တကုံးထဲကို
ဆင်ဆဲခဏ ရွှင်ကြည်မြသည်
လုံမ ဓမ္မတာပါတကား..။

သည်အခိုက်ဝယ် စိတ်.. မှတ်ရူ
ရုပ်အစုအား ဖြစ်မှုပျက်ရာ
နာမ်ခန္ဓာဟု လေ့လာပွားများ
ဤတရားဖြင့် စိတ်အားနှစ်လို
အမယ်အိုမူ လည်ကိုနှိမ့်ချ
ချွတ်ပြီးမှလျှင် တရာ့ရှစ်လုံး
ပုတီးကုံးဖြင့် မဆုံးစိပ်ခြင်း
သူ့ရင်တွင်း..
ဖြေယင်း ပီတိဖြာသည်တကား..။ (စာဆိုနုယဉ် ၏ `ပုတီးနှစ်သွယ်`)

မဗေဒါအတွက်တော့ အပေါ်ဆုံးကဗျာလေးကို အကြိုက်ဆုံး အလွယ်ဆုံး (ဒါတောင်မှ ဟစ်တလာက အာဏာရှင်ကြီး ဆိုတာကို သေချာမသိရင် အဲလိုနားလည်ဖို့ ခက်မယ်ထင်ပါ့....) ။ တခါတလေ ကဗျာတွေဖတ်ပြီး စိတ်တိုတာ နားမလည်တာကို ပြောဖြစ် အငြင်းထူခဲ့တာတွေ ရှိပါတယ်..။ ကျွန်မရဲ့ လက်သုံးစကားက `လူကို ဖတ်စေချင်တယ် လူကို နားလည်စေချင်ရင် လူလိုရေး` ဟု အဆိုတင်သွင်းသည်..။ အဲဒီအခါမှာ ကျွန်မတို့ရဲ့ စာရေးဆရာမကြီး မလေးလုံ( မဆူးပွင့်) က ကဗျာသမားပီပီ ပြောတာကတော့ ``နင်တို့က မနီကလေး ဘယ်ကလာ`` အဆင့်မှာပဲ ရှိတယ်ဆိုပဲ..။ အဲလို ချီးမွမ်းထောပနာသီံလေးတွေ ပေးခံရတာတွေကို ရင်ဖွင့်ရင်း ကဗျာသီးသန့်ရေးတဲ့ ဘလော့ဂါမိတ်ဆွေ များကို တောင်းဆိုချင်တာကတော့ လူပြိန်းနားလည်အောင် လည်း တခါတရံ ရေးပေးရင် မဗေဒါလည်း အဆင်ပြေတယ်လို့.. ကြောက်ကြောက်..နဲ့..အသိပေးရင်း.. (နားမှဖြစ်တော့မယ် နို့မိုဆိုရင် ဟင်းလည်းမချက်ဖြစ်တော့ဘူးထင်တယ်.။ )………။

မဗေဒါ
၂၈.၀၄.၂၀၁၀

(တချို့စကားလုံးတွေ ရိုက်မရ.. ရှာမရ၍ တောင်းပန်ပါဒယ်...။)

4 ဦး၏ဆွေးနွေးချက်:

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ..

ကဗျာသုံးပုဒ်စလုံး ဘာအတွေးနဲ့ ရေးထားတယ်ဆိုတာ နားမလည်ကြောင်း ၀န်ခံပါ၏

ကိုမျိုးကလေး ဘယ်ကလာ ဆိုရင်.. အညာက လာပါတယ် ခင်ဗျား...

ကဗျာနဲ့ ပတ်သက်ရင် ခံစားတတ်တာ အားနည်းလွန်းတယ်။

ခင်မင်စွာဖြင့်
ကိုမျိုး (အညာမြေ)

Nge Naing said...

သူငယ်ချင်းရေ ကိုယ့်အတွက် တကူးတက ပို့စ်တင်ပေးလို့ ကျေးဇူးတော့ တင်ပါတယ်။ ဒါပေမဲ့ ကဗျာသမား စာသမားမဟုတ်ဘူးဆိုမှ ကဗျာတွေကို ဘယ်လိုလုပ်ပြီး Analysis လုပ်လို့တတ်မလဲ။ ကျောင်းကပေးတဲ့ သင်္ချာ Project တခု (သို့) ဓါတ်ခွဲခန်းမှာ Experiment လုပ်ပြီး ထွက်လာတဲ့ သိပ္ပံဆိုင်ရာ အဖြေတခုကို ကမ္ဘာကြီးမှာ ဖြစ်နေတဲ့ Real life application နဲ့ ဆက်စပ်ပြီး Facts တွေကို ကောင်းကောင်း Analysis လုပ်လို့တတ်ပေမဲ့ အနုစာပေဆိုရင် ကဗျာမပြောနဲ့ စကားပြေကိုတောင် ဖတ်ပြီး Analysis ပြန်လုပ်လို့ မတတ်ဘူး သူငယ်ချင်း။ ဒါပေမဲ့ အခုနောက်ပိုင်း ဘလော့ဂ်တွေမှာ ကဗျာတွေကို ဖတ်ဖြစ်လာတယ် ဘာလို့လဲဆိုတော့ သူငယ်ချင်းပြောသလိုပဲ လိုရင်းတိုရှင်းနဲ့ ထိထိမိမိ ခံစားမှု (သို့) အခြေအနေတွေကို အချုပ်လုပ်ပြီး ဒဲ့ဒိုးရေးထားတဲ့ ကဗျာတွေကို ဖတ်ရတာ အချိန်လည်း သက်သာတာနဲ့ သဘောကျတတ်လာတယ်။

ဒီကဗျာ သုံးပုဒ်မှာ သူငယ်ချင်းပြောသလိုပဲ အပေါ်ဆုံးတပုဒ်ကို နားလည်လို့ရတယ်။ နံပါတ်သုံးတပုဒ်လည်း ဘယ်လောက်ပဲ အလှပြင်လာခဲ့ပေမဲ့ နောက်ဆုံးမှာ တရားသဘောလေးနဲ့ အဆုံးသတ်ထားတာကို နားလည်လို့ရတယ်။ နံပါတ် ၂ က ကဗျာလိုမျိုးကိုတော့ ဘယ်တော့မှ နားမလည်ဘူး။ ဒါမျိုးကို ကိုငြိမ်းဝေနဲ့ ကိုဆောင်းယွန်းလတို့ နှစ်ယောက် စပ်တတ်ပါတယ်။ ဘာကို ခံစားလို့ ခံစားရမှန်းမသိနဲ့ ဖတ်ပြီး ဘာမှလည်း မှတ်ချက်ပေးလို့ မတတ်ဘူး။ ဘလော့ဂ်မှာ တင်ထားတဲ့ မဆူးပွင့်ရဲ့ စစ်သားတွေကို ပြောထားတဲ့ ကဗျာကတော့ ကိုယ့်ကိုယ်စား သူကပြောပေးထားလား ထင်ရလောက်အောင် ခံစားလို့ရပါတယ်။

မြန်မာပြည်မှာ မပြီးပြတ်ခဲ့တဲ့ အထက်တန်းပညာရေးကို ဒီမှာ ပြန်တက်တော့လည်း သင်္ချနဲ့ သိပ္ပံဘာသာတွေကိုပဲ ပြန်ယူနေရာကနေ သိပ္ပံခန်းက တချို့ အတန်းဖေါ်တွေက Literature Subject ကိုလည်း ယူထားတာ တွေ့လို့ ကိုယ်လည်း ၀တ္ထုတိုလေး ရသဆောင်းပါးလေး ရေးတတ်အောင် ယူကြည့်မယ်ဆိုပြီး Enrolled လုပ်လိုက်တယ်။ ပြီးတော့ ပထမဦးဆုံး Class မှာ ကဗျာနဲ့ ပတ်သက်ပြီး ရှိတ်စပီးယားအကြောင်းတွေချည်း ပြောနေလို့ ဘာမှ နားမလည်တာနဲ့ အတန်းကိုတောင် ပြီးအောင် မတက်တော့ဘဲ ထွက်လာလိုက်တယ်။ နောက်ဘယ်တော့မှ မသွားဖြစ်တော့ဘူး။ သူငယ်ချင်းရေ - ဒီလောက်ဆိုရင်တော့ မေဗဒါတယောက် ကိုယ့်သူငယ်ချင်းရဲ့ စာပေအနုပညာ ပါရမီ အရည်အချင်းကို သဘောပေါက်ပြီထင်တယ်။

မဗေဒါ said...

မဂံလာပါမောင်မျိုး

အရေးအခင်းတုန်းက ၄ တန်းကျောင်းသားလေးဆိုတော့ မောင်ငယ်ပေါ့.. ဟဲ..။ အမကြီး ပြောမယ်ကွဲ့နားထောင်ပါ..။

သေချာတွေးတော့ တို့တွေက မျိုးတူတွေပဲ..။ ဒါပေမဲ့ အားမနည်းအောင် ကျိုးစားပါ.. သူငယ်ချင်း မငယ်နိုင်လည်း အခုခံစားတက်နေပြီ..။

ခင်တဲ့
ဗေဒါ

Anonymous said...

ခွေးရူးလိုပဲ တွေ့ရာ ပတ်ကိုက်နေတာ ခွေး မ