Wednesday, April 28, 2010

သင်္ချိုင်းကုန်းက မြန်မာဘုန်းကြီးလူထွက်

အရင်တုန်းက ပလာစစ် အကြောင်းကို ရေးသား ခဲ့ပါတယ်..။ ဖတ်ပြီးသူများက ပလာစစ် ဆိုတာကို သိပြီးသား ဖြစ်မှာပါ..။ ဘာလဲပေါ့ ပလာစစ်..။ တကယ်တော့ ပလာစစ်က နှစ်မျိုး ရှိပါတယ်..။ စကားပြော သင်ယူ တဲ့ ပလာစစ်နေရာရယ် (språk praksis) အလုပ်သင်ယူတဲ့နေရာရယ် ( jobb praksis)ပေါ့..။ အစောက ပြောခဲ့သလိုပဲ ပလာစစ်တွေမှာ ပြဿနာတွေ အနည်း နဲ့အများ ဆိုသလိုရှိတက်ပါတယ်..။ ကျွန်မကတော့ စကားပြောပလာစစ်ကို ကြုံဖူးပါတယ်..။ အခုပြောမှာလေးက သင်္ချိုင်းကုန်းမှာ ပလာစစ် လုပ်ရတဲ့ မြန်မာပြည်သား အကြောင်းပါ..။

အမှန်ကတော့ လုပ်ငန်းခွင်ပေါင်းစုံမှာ ပလာစစ် လုပ်ကြတယ်ဆိုတာ ကြားဖူးပါတယ်..။ အရင်ကသိထား ခဲ့တာကလည်း အခုပြောမယ့် ဘုန်းကြီးလူထွက် အကြောင်းကိုလည်း အလုပ်ရလို့ သွားလုပ် နေတယ် လို့ပဲ နားလည် ထားခဲ့တာပါ..။ မနေ့ကမှ သူက မဟုတ်ဘူးဆိုတာကို ပြောမှ တကယ့် အဖြစ်အပျက်ကို သိခဲ့ရတာပါ..။ ဒီလို.. ဒီလို.. ဒုက္ခသည် မြန်မာ တို့ရဲ့ ဘဝများပေါ့..။ အခုပြောမဲ့ သသားချော အကြောင်းကို အရင် မိတ်ဆက်ပြီးမှ သူဘာလို့ ပလာစစ်ကို သင်္ချိုင်းကုန်းမှာ ရသွားတယ် ဆိုတာရယ် ဘာတွေ လုပ်ခဲ့ရတယ်ဆိုတာကို ပြောပြချင်ပါတယ်..။ သူက မြန်မာပြည်မှာ ဘုန်းကြီး ဝတ်ခဲ့သူပါ..။ ဘုန်းကြီး ဝတ်ရင်းနဲ့ တော်လှန်ရေး သမားများကို ကူညီမိပါတယ်..။ လူပေါင်းမှားတယ်လို့တော့ ပြောနိုင်ဘူးထင်ပါ့။ ကူညီမိတော့ ထုံးစံ အတိုင်း ရေရှည် လုံခြုံရေးက စိတ်မချရတာမို့ ထိုင်းဘက် ရောက်လာခဲ့ပါတယ်..။ ထိုင်းနိုင်ငံ ဆိုတာကလည်း ကျွန်မတို့လို မြန်မာပြည်သား နိုင်ငံရေးသမားတွေ အတွက် ရေရှည်မှာ နေလို့ မကောင်းတဲ့ အရပ်ဆိုတော့ အားလုံးအသိဖြစ်မှာပါ..။ ဒါကြောင့် ဘုန်းဘုန်းလဲ နိုင်ငံရေးဒုက္ခသည် ဖြစ်ခဲ့ပါတယ်..။ ကုသသမဂမှာ လျှောက်လို့ အောင်ပြီးတော့ နော်ဝေးကနေ အင်တာဗျူး လာခေါ်တယ်..။ (တိုင်းပြည်များက သူကြိုက်တဲ့ သူကို ဘိုင်အိုကြည့်ပြီး လာဗျူးတာပါ..။)

သူက ဘုန်းကြီးဝတ်နဲ့ ဆိုတော့ သူဖြစ်ချင်တာတွေကို မေးတဲ့အခါမှာ သူကလည်း ဖြစ်ချင်တာတွေ လိုချင်တာတွေကို ပြောပြပါတယ်..။ အဓိက ကတော့ ဘုန်းကြီးရယ်လို့ ရပ်တည်မယ် ဆိုရင် ဘုန်းကြီးကျောင်းရှိဖို့.. သိမ်.. နောက် တခြားလိုအပ်တာတွေကို တင်ပြခဲ့ပါတယ်..။ လာခေါ်တဲ့ နော်ဝေးသားကြီးများကလည်း ဟုတ်ပါပြီ ဘုန်းကြီးလိုချင်တဲ့ အချက်တွေ ဖြည့်ဆည်းပေးနိုင်မှ လာခေါ်မယ် ဆိုပြီး ကတိကဝတ် ပေးခဲ့ပါတယ်..။ ပြောချင်တာ ကတော့ သူက ဘုန်းကြီးဘဝရဲ့လိုအပ်ချက်တွေကို ပြောခဲ့ပါတယ်..။ နောက်ကျ တော့လည်း စောင့်နေရင်းနဲ့ပဲ သူလူဝတ်လဲခဲ့ပြီး နော်ဝေးနိုင်ငံကို ရောက်ခဲ့ပါတယ်..။ ဒါက သူရဲ့ နောက်ကြောင်း..။ သူနေ ထိုင်တဲ့ မြို့နယ်က အော်စလိုနဲ့ မိနစ် လေးဆယ်ခန့်လောက် ရထားစီးရင် ရောက်တဲ့နေရာမှာပါ ..။မြို့တွေမှာ ကလည်း တကျောင်း တဂါတာ ဆိုသလိုပါ..။ သူတို့ မြို့နယ်က ဘာသာစကား သင်လို့ တစ်လ ကျော်ကျော်လောက်မှာပဲ အဲဒီ ပလာစစ်ကို ပို့ပါတယ်..။ တာဝန်ရှိ သူများကလည်း ပလာစစ် အလုပ်ပို့မယ်ဆိုတော့ ထုံးစံအတိုင်း နောက်ကြောင်းမေးမြန်းပါတယ်..။ သူကလည်း ဘုန်းကြီး ဖြစ်ခဲ့ဘူးကြောင်းကို ပြောပြပါတယ်..။ အဲဒီမှာ တိုင်ပင်ဖြစ်တာကတော့ ဘာသာရေးနဲ့ဆက်စပ်တာမို့ သူ့ကို ခရစ်ယာန်ကျောင်းကို ပို့ပေးမယ်ပေါ့..။ ဘာသာရေးကိစ္စဆိုတော့လည်း သူကလည်းဖြစ်တယ်ပေါ့..။ ထင်တာက ဘာသာရေးဆိုင်ရာ စကားစမြည်တွေ အပြန်အလှန် ဖလှယ်ရမယ်ပေါ့..။ ပို့လိုက်ပါတော့တယ်..။ သိတဲ့အတိုင်းပဲ ခရစ်ယာန်ကျောင်းဆိုတာက ဒီမှာ သင်္ချိုင်းနဲ့တွဲနေတာက များပါတယ်..။ စကားပြော ပလာစစ်ဆိုတော့ အဲဒီမှာ စကားပြောလေ့ကျင့်ရေးကွင်း အဖြစ် သဘောထားရတော့မှာပါ..။ အဲဒီမှာက (၁၇) နှစ်အရွယ်လောက် ခရစ်ယာန်ကျောင်းရဲ့ လူကြီးသမီးလေး နော်ဝေးဂျင် အလုပ်လုပ်နေပါတယ်..။ ကောင်မလေးကလည်း သူ့စိတ်ဝင်စားမှုနဲ့ အဲဒီမှာ အလုပ်လုပ်နေတာပါ..။ ကုသိုလ်လည်းယူ ပညာလည်း ယူတယ်ထင်ပါတယ်..။ ဘုန်းကြီးလူထွက်ကလည်း ကောင်မလေးကို အဖော်လုပ်ပြီး စကားပြောရင်း ငါတော့ နော်ဝေးစကားတွေ တက်ရတော့မှာပဲလို့ တွေးရင်း အဆင်ပြေမယ်ပဲ ထင်နေခဲ့ပါတယ်..။

ဟိုလည်းရောက်ရော သူကလည်း ဘာမှ မတက်သေးတော့ ဘာပြောရမှန်း မသိပါဘူး..။ ဘယ်သိမလဲ သူက တလကျော် လောက်ပဲ သာသာ သင်တန်းကို တက်ရ သေးတာကိုး..။ ဟိုလည်းရောက်ရော အင်္ဂလိပ်လိုလည်းပြော နော်ဝေး လိုလည်းတုတ်.. သိသလောက် ပြောပေါ့..။..ပြောဆို ပေမယ့်လည်း တစ်လုံး နှစ်လုံးသာ ပြောခွင့် ရတာ ဖြစ်ပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ စကားပြောချိန် မရှိလို့ပါ..။ သူက သင်္ချိုင်းကုန်းလည်း ရောက်ရော သူလုပ်ရမဲ့တာဝန်က သင်္ချိုင်းကုန်းက ရှိပြီးသား အုတ်ဂူတွေမှာ ရှိနေတဲ့ ပန်းပင်တွေ မညှိုးနွမ်းရေး အတွက် ရေလောင်း ရပါတယ်..။ ရေလောင်း ရတာကလည်း အုတ်ဂူတိုင်းတော့ မဟုတ်ပြန်ပါဘူး..။ မြန်မာပြည်မှာ အီးပီစီကို ငွေပေးထားမှ မီးလာသလိုပဲ.. ငွေပေးထားတဲ့ အုတ်ဂူပိုင်ရှင် နိုင်ငံတော်အစိုးရကို ငွေပေးထားမှ ရေကလည်း လာပါတယ်..။ နို့မို ဆိုရင်တော့ နိုး ဝါတာပါပဲ..။ အုတ်ဂူကလည်း နှစ်မျိုးနှစ်စားရှိပါတယ်..။ တမျိုးက အစိုးရပိုင် နောက်တခု ကတော့ ပုဂလိကပိုင်ပေါ့..။ ဒုတိယတမျိုးကတော့ သူ့တို့ဘာသာ တာဝန်ယူပြင်ဆင် သန့်ရှင်းပါတယ်..။ ပထမအမျိုးအစား နိုင်ငံတော်ပိုင်ကို ဘုန်းကြီးလူထွက်က တာဝန်ယူရပါတယ်..။ ရေလောင်း တယ်ဆိုတာကလည်း ပိုက်ကလေးနဲ့မဟုတ်ပါဘူး.. ရေပုံး ကို ဟိုဘက်ဒီဘက် ဆွဲပြီးတော့ အားရပါးရ သယ်ပိုးပြီးတော့ အုတ်ဂူပေါင်း ၂၅၀ ရာကျော်လောက်ကို လောင်းရပါတယ်..။ စဉ်းစားသာကြည့်ပေတော့ စာဖတ်ပရိသတ်တို့..။ တနေ့ကို နော်ဝေးစကားလုံး ၃ လုံးပြည့်အောင် မပြောရတဲ့အပြင် ရေပါမနားမနေ လည့်လောင်း နေရပါတော့တယ်..။ သူလည်းအတော်လေး စိတ်ပျက်နေပါတော့တယ်..။ ဒါပေမဲ့လည်း တာဝန်ရှိသူကို ဘာမှမပြောပြဖြစ်ဘူး..။

(၁) လမကြာပါဘူး.. သူ့ဆရာမ (ဘာသာသင် ဆရာတွေက ဘာတွေလုပ်နေလည်း ဆိုတာကို လိုက်ပြီး စစ်ဆေးရပါတယ်....) ရောက်လာ ပြီးတော့ သူ့ကို ဘာတွေလုပ်ရသလည်းဆိုတော့ သူက လုပ်ရတာ တွေကို ပြောပြတော့ ဟိုက စိတ်ကောင်းရှိသူဆိုတော့ ဒေါမနောသ ထွက်ကာ ဘုန်းကြီးလူထွက်ကို ဘာမှမပြောပဲ ပြန်ခေါ်သွားပါတော့တယ်..။ (စိတ်ကောင်း ရှိသူလို့ပြောတာ အကြောင်း ရှိပါတယ်.. အချို့က ဒါလည်း အလုပ်ပဲ.. ဒီလိုပဲ သင်ယူ ရတာဆိုပြီး အခု ခံစိတ်ကလေးနဲ့ နိုင်ငံကြီးသား စိတ်ကိုပြတက်တာမို့ပါ..။) သူလည်း ဒုန်းကနဲ ကျွတ်လွတ် သွားပါတော့တယ်..။

(စကားချပ် .. ဒါပေမယ့်လည်း အဲဒီမြို့ကပဲ မြန်မာ ဘုန်းကြီးတွေကို မတန်မရာတွေ ခိုင်းဖို့ ဖြစ်ခဲ့တာတွေ ကိုလည်း နောင်.. နော်ဝေး အကြောင်း ရေးရင်း ထည့်ရေး ပါဦးမယ်..။ ယခု အခါတွင် ဘုန်းကြီး လူထွက်သည် ယင်းမြို့တွင် ဆက်လက် နေထိုင် နေသလို.. ယင်းမြို့မှ မြန်မာများသည် လပိုင်း အတွင်းတွင်ပင် လုပ်ငန်းခွင်များကို အပို့ခံခဲ့ရပါသည်..။ ကျွန်မတို့ မြို့က မြန်မာတွေ ကံကောင်း ခဲ့သည်ဟု ဆိုနိုင်ပါသည်.. ၁ နှစ်ခွဲ နည်းပါး ဘာသာ စကားသင်ယူပြီးမှ ပလာစစ် သွားရပါသည်။)

အားပေးကြပါဦး..။

မဗေဒါ
၂၇.၀၄.၂၀၁၀

6 ဦး၏ဆွေးနွေးချက်:

littlebrook said...

ဟင် အဲ့လိုမျိုးလည်းရှိတာ ခုဖတ်ရမှ သိရတော့တယ် အမရေ
ရေလောင်းခိုင်းတာထက် ညသာစောင့်အိပ်ခိုင်းရင် အမငီး ..

မဗေဒါ said...

အေး ပြောမှပဲ ဟုတ်ပါ့လို့တွေးမိတယ်..။

အမအမျိုးသား လေ့ကျင့်ခန်းလုပ် လမ်းလျောက်တာ ကိုယ်ထင်ပြတဲ့ နာနာဘဝကို သင်္ချိုင်းကုန်းမှာ တွေ့တယ်တဲ့..။ အမကတော့ တခါမှ မတွေ့ဘူးပေမဲ့ သူပြောပြတာ နားထောင်ပြီး အူထဲမှာ လိမ့်လိမ့်တက်လာပါ့..။ သတ္တိ တွေပေါ့..။

မဗေဒါ

Unknown said...

အမရေ...နေ့ တိုင်းလာဖတ်တယ်နော်၊၊ အမြဲအားပေးနေတယ်၊၊ ဆက်ရေးပါအုံးနော်၊၊ အမရေးတာ ဖတ်ရတာ ရုပ်ရှင်ကြည့်ရသလိုပါဘဲ၊၊

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ..

ဝေမျှပေးတာ ဖတ်ရ..သိရလို့ ကျေးဇူးပါကွယ်။

ခင်မင်စွာဖြင့်
ကိုမျိုး (အညာမြေ)

Thet Oo said...

အတွေ့အကြုံလေးများ ရေးပြလို့ သိရပါသည်။ အားပေးလျှက်ပါ။

မောင်သီဟ said...

ဘုန်းကြီးလူထွက်ဆိုလို့ ကျွန်တော်လည်းထွက်တော့မှား)