……. အများအကျိုးအတွက် တခုခုလုပ်ပေးချင်တယ်… လုပ်ပေးမယ်ဆိုပြီး တော်လှန်ရေးထဲ ပါဝင်ပါတ်သက်ခဲ့ (နေ)သူတိုင်းမှာ အင်မတန်မှလှပတဲ့ စိတ်ထားတွေရှိပါတယ်။ ဒီစာကိုရေးမယ်လို့ စိတ်ကူးခဲ့တာ နော်ဝေးရောက်ပြီး ( ၁)နှစ် လောက်ကတည်းက ဖြစ်ပါတယ်။
အကြောင်းရင်းက ဒီလိုပါ။ နော်ဝေးစာကို ပြည်ပက နိုင်ငံသားတိုင်း ( ဆွီဒင် … ဒိန်းမတ်) ကလွဲလို့ လူတိုင်းမဖြစ်မနေသင်ယူရပါတယ်။ ဘာသာစကားကျောင်းပေါ့။ အဲဒီမှာ ထုံးစံအတိုင်း လူပေါင်းစုံ နိုင်ငံပေါင်းစုံက လာကြပါတယ်။ ကျွန်မတို့ အာရှ (နီပေါ )က ကောင်မလေးတယောက်နဲ့ အတော်ခင်ခဲ့ကြပါတယ်။ အခုထိလည်း ခင်ဆဲပါ။ သူက အတန်းကျောင်း (၃) နှစ်လောက်ပဲ နေဘူးပေမဲ့ အင်္ဂလိပ်စကားတော့ ပြောတက်ပါတယ်။ သူဆိုလိုချင်တာကို သေသေချာချာ မဟုတ်ပေမဲ့ ဘာသာနှစ်မျိုးရယ် လက်ဟန်ခြေဟန်နဲ့ ပေါင်းပြောတက်တာကြောင့် သူ့ကိုအင်မတန်ခင်သလို သူကလည်း ကျွန်မကိုအခုထိခင်ဆဲပါ။
…..ထုံးစံအတိုင်း ကျွန်မတို့ မိန်းကလေးတွေ ကိုယ်လုပ်ဖြစ်တာတွေ မိသားစုအကြောင်းတွေ အကြောင်းစုံပေါင်းစုံ ပြောဖြစ်တော့ ငွေရေးကြေးရေး ကိစ္စပါလာပါတယ်။ နိုင်ငံရေးနဲ့ ပတ်သက်နေပြီး ခိုလှုံနေသူတိုင်းကို အစိုးရစရိတ် ထောက်ပံ့ပေးပါတယ်။ အဲလိုလူတွေကို အစိုးရက ပင်စင်စားတယောက်ရတဲ့ လခနဲ့ ကိုက်ညှိပြီး ထောက်ပံ့ပေးထားတာမို့ ထမင်းတော့ဝအောင်စားဖို့ အဆင်ပြေကြပါတယ်။ အခုရလာတဲ့ ငွေကြေးတွေဟာ မိဘအပါအ၀င် ပတ်သက်ရာတွေကိုပါပေးနိုင်အောင် ချိုးခြံချွှေတာ စားသောက်နေထိုင် နိုင်ကြာတာမို့ အတိုင်းအတာ တခုထိတော့ အဆင်ပြေကြတယ်လို့ ဆိုနိုင်ပါတယ်။ မပိုဆိုရင်တောင် ထိုင်းငွေ (၇၀၀၀)ထောင် လောက်လတိုင်းပိုနိုင်ပါတယ်။ သူငယ်ချင်းနီပေါမကို ကျွန်မရဲ့သူငယ်ချင်းဆီကို နော်ဝေးငွေ ( … ) လောက်ပို့လိုက်ကြောင်း ပြောပြမိပါတယ်။ သူမျက်လုံးပြူးသွားသလို ကျွန်မကိုလည်း မယုံနိုင်အောင်ဖြစ်နေပါတယ်။ နင်ဘာလို့ပေးတာလဲ။ အမျိုးတွေလားဆိုပြီးမေးပါတယ်။ ကျွန်မက မဟုတ်ကြောင်း ငါတို့တွေလည်း ဆင်းဆင်းရဲရဲ နေဖူးလို့ သူငယ်ချင်းတွေကို စားဖို့နဲ့သုံးချင်ရာလေးတွေ သုံးနိုင်အောင် ထောက်ပံ့တဲ့သဘောဆိုပြီး ပြန်ရှင်းပြပါတယ်။ နားထောင်နေတဲ့ တရုတ်မကလည်း မဖြစ်နိုင်တာကို ပြောတာ ကြွားတာဆိုပြီး ဗြောင်ပဲပြောပါတယ်။ နီပေါမလေးကတော့ တခွန်းတည်းသောစကားကို ဆိုရှာပါတယ်။ နင်ဖြစ်ချင်တာကိုပြောနေတာ ဒါမှမဟုတ် အိမ်မက်မက်နေတာပဲ ဖြစ်ရမယ်လို့ ခပ်တည်တည်ပဲပြောပါတယ်။ (နီပေါမလေးသည် ကျောင်းခန်းထဲတွင်ဆရာကို ဖြစ်စေ အတန်းဖော်များကိုဖြစ်စေ အင်မတန်မှ တိုက်ရိုက်တဲ့တိုး ပြောတက်သူဖြစ်ပါသည်၊) ကျမလည်း ဘာမှဆက်မပြောချင်တော့တာကြောင့် ငြိမ်နေလိုက်ပါတယ်။ အကုန်လုံးက မယုံ ဖြစ်နေတဲ့အကြောင်းအရာကို ဆက်ပြောနေရင်လည်း အချိန်ကုန် စိတ်အနှောင့်အယှက် ဖြစ်ရမှာမို့ စကားမဆက်ခြင်းလည်း ဖြစ်ပါတယ်။ သူတို့တွေ ကျွန်မကို အရှေ့မှာရော ကွယ်ရာမှာပါ ရယ်စရာဆိုကြပါတယ်။
…..ခက်တော့ခက်သားပါ။ အစမှာ ပြောခဲ့သလိုပဲ တော်လှန်ရေး( ပြည်တွင်းပြည်ပ) ထဲမှာ ထဲထဲဝင်ဝင် ယုံကြည်စွာ ပါဝင်ခဲ့သူတိုင်းဟာ ငွေဆိုတာကို လိုအပ်တာထက် မဖက်တွယ်တက်ကြတာ များပါတယ်။ ရှိမယ်ဆိုရင်ဖြင့် ပေးလိုက်ကြတာပါပဲ။ လုပ်ဖော်ကိုင်ဖက် ရဲဖော်ရဲဘက်ဆိုတဲ့ အသိတရား အမြဲစွဲနေခဲ့ကြတယ်လို့ ပြောနိုင်သလို မြန်မာဆိုတဲ့ ပင်ရင်းစိတ်အခြေခံကိုယ်တိုင်ကလည်း ဗီဇကောင်းတွေ ပါခဲ့ကြတယ် လို့ဆိုရင် မမှားနိုင်ဘူးလို့ ဆ၀ါးမိပါတယ်။ အကုန်လုံးလို့ ရာခိုင်နှုန်းပြည့် မပြောနိုင်ပေမဲ့ (၉၀) % လောက်ကတော့ ပေးကမ်းရက်ရောကြတာ တကယ့်ကို ချစ်စရာကောင်းတဲ့ စိတ်ဓာတ်တွေလို့ ပြောချင်ပါတယ်။
….တကယ်တော့ ကျွန်မဟာ နီပေါမလေး ပြောသလို ဖြစ်ချင်တာကို ပြောတာမဟုတ်ဘူးဆိုတာ သူသိချင်မှ သိပါလိမ့်မယ်။ ရင်းနှီးသူတယောက်ယောက်က ငါတော့ဟိုမှာငွေလိုလို့ အခက်ခဲရှိပေမဲ့ ပို့ပေးလိုက်တယ်လို့ ကြားရတိုင်း ဘာသာကျောင်းက ရင်းနှီးခဲ့သူတိုင်းကို တခုတ်တရ ရှိလှပါတယ်။ တကယ်တော့ ကျမဟာ ပေးကမ်းသူတွေထဲမှာ အင်မတန်မှနဲတဲ့လူတစ်ယောက်ဖြစ်တယ်ဆိုတာ သူတို့သိချင်မှ သိမှာပါ။ ဒီထက့်မက ပေးကမ်းနေသူတွေ အများကြီး ရှိတယ်ဆိုတာကို သူမသိသလို တခြားသော အရပ်က လာကြတဲ့သူတွေလည်း မသိပါဘူး။ ပေးကမ်းမှုကိုလည်း နားမလည်ကြပါဘူး။ နားမလည်ဘူးဆိုလည်း မလည်ချင်စရာပါ။ ကျွန်မကြုံဆုံရတဲ့ လူအများစုဟာ ငွေရှာဖို့ လာခဲ့ကြသလို ငွေဆိုတာကသာ သူတို့အတွက် အရေးပါတယ်လို့ ယူဆထားသူတွေများပါတယ်။ တပြားရတပြားစုတဲ့ သူတွေလည်း ဖြစ်ကြပါတယ်။ ထိုလူများအတွက် အရာရာသည် ငွေလို့တောင် ပြောရင်ရနိုင်ပါတယ်။ ဒါကြောင့် သွေးမတော်သားမစပ်သူတွေကို ပေးတယ်လို့ ကြားရတဲ့အခါမှာ မယုံတာ လှောင်ပြောင်တာ ဖြစ်မယ်လို့ ဆ၀ါးမိပါတယ်။
….ကျွန်မသိသလောက် ကျွန်မနဲ့အင်မတန် ရင်းနှီးသူရော မရင်းနှီးသူ တော်လှန်ရေးသမားတိုင်းနည်းပါးဟာ လုပ်ဖော်ကိုင်ဘက်တွေအတွက် ဘယ်လိုအကျိုးမျိုးကိုမှ မမျှော်ကိုးပဲ ပေးကမ်းထောက်ပံ့ ခဲ့ (နေ)ကြတာဟာ ကျွန်မတို့ လူမျိုးများအတွက် အင်မတန်ဂုဏ်ယူစရာဆိုတာကို တင်ပြချင်ပါတယ်။ (ဒါန) ဆိုတဲ့ ဗုဒတရား တော်နဲ့လည်း ညီညွှတ်တာကြောင့် စေတနာ တရားအပြည့်နဲ့ မိမိထက်နှိမ့်ပါးသူများကို အစဉ်ပေးကမ်း ထောက်ပံသူတွေ ဖြစ်နိုင်ပါစေလို့ ဆုတောင်းရင်း အဆုံးသတ်ပါတယ်။
(မှတ်ချက်.. ကျွန်မတို့မိသားစု ထိုင်းသို့အလယ်ပြန်သည့်အချိန်တွင် နီပေါမလေးသည် အမျိုးမျိုးတားနေသည့် ကြားကပင် မြန်မာကလေးများအား လှူရန်အတွက် နော်ဝေးငွေ (၅၀၀) ပေးခဲ့ပါသည်။ )

1 ဦး၏ဆွေးနွေးချက်:
ဒါပေါ့ မမရယ်..... ကိုယ့်ရဲ့စိတ်ထားနဲ့ ကိုယ်ပေးကမ်းတာပဲ ဘယ်သူ ယုံယုံ မယုံယုံပေါ့။ ရဲဘော်ရဲဘက်စိတ်နဲ့ ကူညီတတ်တဲ့ မမကို လေးစားမိပါတယ်။
ခင်မင်လေးစားလျှက်
Post a Comment