Monday, March 22, 2010

ဘ၀ထဲမရောက်တဲ့ နော်ဝေးစကား

…..ဘာသာစကားတခုကို သေချာကောင်းမွန်စွာ တက်မြောက်အောင် နားလည်ဖို့ဆိုသည်မှာ အနဲဆုံး (၅) နှစ်ကြာသည်ဟု မှတ်သားဖူးပါသည်။ ဒါကလည်း ချဉ်ရဲပြေ လုပ်တာမျိုးမဟုတ်ပဲ သေသေချာချာ စည်းစနစ် ကျကျ မှတ်သားလေ့လာချင်တဲ့ စိတ်မျိုးရှိပါမှ တက်မြောက်မှာ ဖြစ်ပါတယ်။ နို့မိုဆိုရင်ဖြင့် ဘ၀ထဲကို စာတွေ စကားတွေ မရောက်လာနိုင်ပါ။
….မြန်မာအများစုသည် ကလေးဘ၀ကတည်းက မိခင်စာများအပြင် အင်္ဂလိပ်စာတမျိုးပါ တွဲပြီးသင်ကြား လေ့လာခဲ့ရခြင်းကြောင့် အင်္ဂလိပ်စာသည် မိမိတို့နှင့်မစိမ်းပဲ ရှိနေပါသည်။



ဆိုနိုင်သည် ဖတ်နိုင်ကြသည်ပေါ့။ အပျံစားတော်ချင်မှ တော်မည် ဖြစ်သော်လည်း တော်ရုံတန်ရုံဆိုလျှင်ဖြင့် အတန်းကျောင်း နေဖူးသူတိုင်း တက်ကြသည်ဟု မှန်းဆမိပါသည်။ သို့သော်ယင်းစကားသည် ကျမတို့ နေ့စဉ်သုံး မဖြစ်သောကြောင့် သေချာစွာတက်မြောက်လိုပါက အထူးသင်ကြားခြင်းဖြစ်သာ ပြောနိုင်ဆိုနိုင်ကြပါသည်။ အခြားသော ဘာသာစကားများလည်း ထိုနည်းတူစွာပင် ရှိချေသည်။ ကျမရောက်ရှိနေထိုင် အခြေချနေသော နော်ဝေးနိုင်ငံသည် အင်္ဂလိပ်အက္ခရာများဖြင့် အသုံးပြုသော စာပေတမျိုးဖြစ်ပါသည်။ သို့သော်သူ့ဘာသာတွင် (၃)လုံးးပိုပါသည်။ Æ (အာ ), Ø (အယ် ) , Å ( အို) ဟူ ဖြစ်ပါသည်။ အင်္ဂလိပ်နှင့်ဆင်တူသော်လည်း အသံထွက်များ မတူသော်စာလုံးများရှိပါသည်။ မခက်ပေဘူးလား။ တလုံးတည်းဆိုပါက မခက်သော်လည်း အလုံးများစွာ အသံထွက်မတူသည့်အခါ ရပ်ခြားမှ ဘာသာခြားများ အင်မတန်မှ ပင်ပန်းစွာ အသံများကို လေ့လာသင်ယူရပါသည်။ မြန်မာသံများတွင် အသံစုံနည်းပါးရှိသည်ဟု ထင်ပါသည်။ ထွက်လို့မရနိုင်သည့် အသံဟူ ၍ မရှိသလောက်ဖြစ်ပါသည်။

…. ဒီနေရာတွင်ပြောစရာတခုရှိသည်မှာ မြန်မာများ၏ အသံထွက်ဖြစ်ပါသည်။ ကျမကြုံဆုံနေရသည့် မြန်မာအများစု (ကျွန်မအပါအ၀င်) အသံထွက် အင်မတန်မှညံခြင်းဖြစ်ပါသည်။ (မြန်မာပြည်သားလူကြီးများကို ဆိုလိုပါသည်။ ကလေးများကလည်း မိဘများကိုအားပေးပါသည်။ နော်ဝေးဘာသာဖြင့် တယောက်ယောက်နှင့် စကားပြောနေပါက ဘာတွေပြောနေတာလဲဟု ကောင်းချီးပေးကာ မိဘများအစား ရှက်တက်သူများဖြစ်ပါသည်။) ဘာသာစကား ဆရာများပြောသည်မှာ သင်ရခက်သည့်ထဲတွင် မြန်မာလူမျိုးပါသည်ဟု ပြောဖူးပါသည်။ သင်ကြားရန်ခက်သည့် လူမျိုးများမှာ (ဗီယက်နာမ်. ထိုင်း. တရုတ်) တို့ဖြစ်ပါသည်။ အမှန်တွင် မဟုတ်ပါ။ ကျွန်မတို့တွေ သေချာစွာ သင်ကြားလိုစိတ်မရှိပဲ ဘာသာစကားအပေါ် အထင်သေးသော စိတ်များကြောင့်သာ မတက်မြောက်ခြင်း ဖြစ်သည်ဟု ဆ၀ါးမိပါသည်။ ကျွန်မသည် ဘာသာစကားစသင်သည့်အချိန်မှစ၍ တက္ကသိုလ် ကျောင်းကိုတက်ခဲ့သည့်အချိန်ထိ လိုသည့်အချိန်တွင်သာ စာများကိုပြူးပြဲရှာဖွေခြင်းဖြင့် လိုသည့်အချက်အလက် များကို ရှာဖွေခဲ့ပါသည်။ အကြောင်းရင်း (၂)ခုရှိပါသည်။ ဘာသာစကားစတင်သည့်အချိန်တွင် သင်ကြားလိုစိတ်လုံးဝမရှိခဲ့ခြင်း.. လွယ်သည်ဟု အထင်ရောက်ခြင်းနှင့် ကျောင်းတက်သည့်အချိန်တွင်လည်း ပျော်ပိုက်မှုမရှိခြင်း တို့ကြောင့်ဖြစ်ပါသည် ။ ထိုစာမတက်လျှင်လည်း ပြဿနာမရှိ။ ကမ္ဘာကိုဆက်သွယ်လျှင် အင်္ဂလိုတက်လျှင် အဆင်ပြေသည်ဟု လက်ခံယူဆထားသောကြောင့် ကောင်းစွာမသင်ပဲ ချဉ်ရဲပြေ (တော်အိလျောအိ) လုပ်နေခြင်းကြောင့်သာ မတိုးတက်ပဲရှိနေသည်ဟု ပြောလျှင်ရနိုင်ပေသည်။ မတိုးတက်ဘဲ ရှိမည်ဆိုလည်း ရှိလောက်ပေသည်။ အင်မတန်လွယ်သည့် အသံထွက်ကိုပင် ဖြစ်ကတက်ဆန်း ထွက်နေသူများ အများကြီးရှိပေသည်။ ကျွန်မအသိတယောက်ဆိုလျှင် လွယ်သည့်အသံထွက်ကိုပင် မှားအောင်ထွက်နေသည့် အတွက် မနေနိုင်လွန်းသောကြောင့် ပြင်ပေးမိပါသည်။ သို့သော်ထိုသူသည် နောင်တွင်လည်း ထိုအသံထွက် အမှားကို ပဲထွက်နေပါသေးသည်။

….ဘာကြောင့်ထိုသို့ ဖြစ်နေပါသလဲ။ ကျမတို့သည် ဘာသာစကားတခုကို အဖြစ်သဘော အလွယ်တကူသင်ယူရန် အခွင့်အရေးရှိနေခြင်း….အထင်သေးအမြင်သေး ရှိနေခြင်း … အသက်အရွယ် ကြီးရင့်နေကြခြင်း…. နောင်မသင်လည်း ဖြစ်သွားမည်ဟု ယူဆနေကြခြင်း… ဒီလောက်နှင့် အလုပ်ဖြစ်နေပြီဟု ယူဆနေကြခြင်း စသော အကြောင်းပေါင်းများစွာကြောင့် မတက်မြောက်ခြင်းဖြစ်ပါသည်။ ခပ်ရိုင်းရိုင်းပြောမည်ဆိုပါက အလုပ်ဖြစ်ယုံမျှသာ လုပ်နေခြင်းကြောင့်ဖြစ်ပါသည်။ ပြောမည်ဆိုလျှင် ကျွန်မတို့ဘ၀ထဲတွင် နော်ဝေးဘာသာစကား လုံးဝရှိမနေသောကြောင့် ဖြစ်ပါသည်။ ထိုကြောင့် ကျွန်မတို့တွေ ( ဗာဟတ်တာဒူ hva heter du .. နာမည်ဘယ်လိုခေါ်ပါသလဲ ) အဆင့်နဲ့ နှစ်ပါးသွားနေရခြင်း ဖြစ်သည်ဟု ယူဆပါသည်။ ဘ၀ထဲတွင် စာလုံးများရှိမနေသောကြောင့် အရေးအကြောင်းဆိုလျှင် ဘာသာပြန်တွေ ခေါ်ရ အင်္ဂလိပ်လိုထည့်ပြောကြ မိမိကိုယ်မိမိ အားမရဖြစ်ကြနှင့် စိတ်ကျရောဂါတောင်ဖြစ်လာနိုင်သည်ဟု ယူဆမိပါသည်။ ထို့အပြင် တီဗီ.. ကွန်ပြူတာ… ရေဒီယို နှင့် အခြားသော ဗဟုသုတ ရစရာများ လေ့လာသောအခါတွင်လည်း မြန်မာစာ သို့တည်းမဟုတ် အင်္ဂလိပ်လိုဖြင့်သာ ဖတ်ချင်ကြသည်က များပေသည်၊ ဘ၀၏ တကယ့်လိုအပ်ချက်ကို မလုပ်ဘဲ ကိုယ်လုပ်ချင်သည်များကိုသာ လုပ်နေကြသောကြောင့်လည်း ဖြစ်ပါသည်။

မြန်မာမဟုတ်သော အခြားနိုင်ငံ ဥပမာ တူကီ .. ပါကစ္စတန်များကို ကြည့်မည်ဆိုလျှင် အတက်မြန်သလို အလုပ်ထဲတွင်လည်း ပြောလိုသည့် အကြောင်းအရာကို ပိုင်ပိုင်နိုင်နိုင် ပြောနိုင်သူများ ဖြစ်ပါသည်။ ( စကားချပ်… သမီး၏ အတန်းဖော် သူငယ်ချင်းသည် တနှစ်စာထိုင်းငွေ သုံးသိန်းပေး၍ လာရောက်စာသင်ကြားနေပါသည်။ သူသည် ရောက်ပြီး လပိုင်းအတွင်းတွင် ပြောချင်သည့် အကြောင်းအရာကို နော်ဝေးဘာသာဖြင့် ပြောနိုင်နေပြီဖြစ်ပေသည်။) ဒီနေရာတွင် နော်ဝေးနိုင်ငံသို့ ရောက်ရှိလာသော လူ နှစ် မျိုးနှစ်စားအကြောင်း အကြမ်းဖျင်း တင်ပြချင်ပါသည်။ နံပါတ်တစ် တမျိုးသည် ကျွန်မတို့လို မလာချင်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ခိုလှူံလာသူများ ဖြစ်ပါသည်။ နံပါတ်နှစ် တမျိုးသည် နော်ဝေးနိုင်ငံသည် အလုပ်လုပ်စရာ နေရာများစွာရှိသည် ငွေအရများသည် အစရှိသည့် အခွင့်ရေးကိစ္စများကို သေချာသတင်းစုဆောင်းပြီး လိုလိုလားလား ရောက်ရှိနေထိုင် အလုပ်လုပ်ကိုင် သူများဖြစ်ပါသည်။ ၀မ်းစာအတွက် ရေကြည်ရာသို့ လာရောက်အလုပ်လုပ်ကိုင်သူများ ဖြစ်သည်ဟု ခေါ်ဆိုနိုင်ပါသည်။ ဒုတိယအမျိုးအစားသည် နော်ဝေးဘာသာစကားသည် ဆက်သွယ်ရေး တနည်းအားဖြင့် အလုပ်ရရေးအတွက် အင်မတန် အရေးပါသည် ဟု စွဲမြဲစွာခံယူလျှက် တက်ကြွစွာ လေ့လာလိုက်စား သူများဖြစ်ပါသည်။ ထိုလူများသည် ခိုလှုံခွင့်ဖြင့် နေထိုင်သူများကဲ့သို့ မဟုတ်ပဲ လာစဉ်ကတည်းက ရည်မှန်းချက် အပြည့်ဖြစ် ရောက်ရှိလာသူများဖြစ်ပေသည်။ ကျွန်မတို့ လူမျိုးများနှင့် အလွန်ကွာခြားသည့် အချက်ဖြစ်ပေသည်။ မြန်မာပြည်သား အများစုမှာကား ထိုသို့မဟုတ် အထက်ကပြောသလို ရည်မှန်းချက်ပျောက်ကာ ငါ့လှေငါထိုး အခြေအနေဖြစ်ရောက်ရှိလာပြီး ဘာသာစကားအား အမှန်တကယ်တက်မြောက်အောင် သင်ကြားလိုစိတ် ကင်းမဲ့ နေကြသူများမှာ အများစုဖြစ်ပေသည်။ ထို့ကြောင့် အကြောင်းအားလုံး ပေါင်းစုံလိုက်သော အခါတွင် ကျွန်မတို့ မြန်မာလူမျိုးများ၏ နေ့စဉ်ဘ၀ထဲတွင် နော်ဝေးဘာသာစကား ရှိမနေသေးပါကြောင်း တင်ပြအပ်ပါသည်။

(မှတ်ချက်.. နော်ဝေးနိုင်ငံရောက် မြန်မာအများစုသည် ဒုက္ခသည်အဖြစ် ရောက်ရှိနေထိုင်သူများမှာ လူများစုဖြစ်ပေသည်။)
၂၂. ၀၃.၂၀၁၀



5 ဦး၏ဆွေးနွေးချက်:

မြစ်ကျိုးအင်း said...

ကျနော့်ညီမလေးတစ်ယောက်လည်း နော်ဝေမှာပဲ
သူကကျောင်းတက်တော့ နော်ဝေစကားကို ပြောတတ်နေပြီ။
တစ်ချို့ဘာသာ စကားတွေက သင်လွယ်ပေမယ့် ခက်တဲ့အထဲမှာ နော်ဝေ လည်းပါတယ်တဲ့လေ။ ရောက်တဲ့နေရာမှာ အဆင်ပြေ အောင်တော့ သင်ယူရတာပဲ မဟုတ်လား။

အမရေ မငယ်နိင် ဘလော့ကနေ တဆင့်ရောက်လာတာပါ။
စာတွေလည်း ဖတ်သွားပါတယ်။ အားပေး ကြိုဆိုပါတယ်။

ဇွန်မ said...

အမငယ်ဘလော့ဂ်ကနေ တဆင့်ရောက်လာပြီး ဗဟုသုတလေးတွေ ဖတ် မှတ်သွားပါတယ်။ တန်ဘိုးရှိတဲ့ ဘလော့ဂ်လေးမို့ အားပေးပါတယ်။

PhyoPhyo said...

ဦးမင်းဒင်ဘလောဂ့်ကနေ မဗေဒါ ဆိုတဲ့နာမည်လေးတွေတော့ စိတ်ဝင်စားပြီးလာဖတ်တာပါ၊ ဟုတ်တယ် ဘာသာစကားက သင်ယူချင်တဲ့စိတ်ရှိမှ၊ ခုလဲ ဘာသာစကားအသစ်ကို သင်နေရတယ်၊ တတ်မှဖြစ်မယ်ဆိုတဲံစိတ်ကြီးက၀င်နေပြန်တော့ တခါတခါသင်ကိုမသင်ချင်တော့ဘူး၊ ၈၈ အကြောင်းဝတ္ထုတိုလေးလဲ ရေးထားပုံကြိုက်တယ်၊ မဗေဒါ အမေက စိတ်ပူမှာပေါ့ .. လေးစားလျှက်

Anonymous said...

အနှစ်အစိတ်နေတာတောင်မှ နှုတ်ဆက်စကားကလွဲလို့မပြောတတ်တဲ့သူတွေ အများကြီးတွေ့ဖူးတယ်...အိမ်ထဲမှာပဲနေတဲ့ အမျိုးသမီးအများစုပေါ့...

လာလည်သွားတာလည်း ကျေးဇူးတင်ပါတယ်နော်

စူးနွယ်လေး

sosegado said...

ဘာသာစကား နှင့် ပတ်သက်၍ မဗေဒါ ပြောသလို သင်ယူလိုသောစိတ် နဲ့လည်းဆိုင်သလို လူလူချင်းနဲ့လည်းဆိုင်သည်၊ သင်ခဲ့ဘူးတဲ့ ဘီဟေးဗိယား ဘာသာရပ်ထဲမှာ၊ လူတစ်ချို့သည် ဦးနှောက်ထဲရှိ အခန်းငယ်များနည်းပါးသဖြင့် အရွယ်ကြီးလာ၍ ဘာသာစကားတစ်ခုကို ထပ်သင်ယူသော လိုသလောက်ခရီးမရောက်၊ ၂မျိုးထက်ကျွမ်းကျင်စွာ မပြောတတ်နိုင်ပေ၊ အခန်းငယ်များပေါများသူကား အသက်ကြီးမှ သင်ပါစေ ၆ မျိုး ရ မျိုးလောက်တတ်လွယ်၏ဟုဆိုသည်၊ သိတာဆွေးနွေးတာပါ၊ ပို့စ်လေးအတွက်ကျေးဇူး၊