Thursday, March 25, 2010

( ၈၈) စိတ်ဓာတ်ကိုသယ်ပိုးရင်း ……

………… ငယ်ငယ်ကလေးကတည်းက ကြားဖူးတယ်… သင်လည်းသင်ဖူးတယ်.. ခိုးလုပ်တဲ့အလုပ်က ဘာမှ မကောင်းဘူးဆိုပဲ။ ဟုတ်တယ် .. ခိုးလုပ်တာ မကောင်းဘူးဆိုတာ ကျွန်မလည်း ကောင်းကောင်း သိနေပြီ။ ဒါပေမယ့်လည်း တခါတလေ ခိုးလုပ်ရတဲ့ ကိစ္စတွေက မိသားစုထဲမှာရှိနေတက်သလို တိုင်းပြည်ထဲမှာလည်း ရှိနေတက်တယ်ဆိုတာ ကျွန်မငယ်စဉ်က သတိမထားမိခဲ့တဲ့ကိစ္စပေါ့၊

(၁)

………..အဲဒီတုန်းက ကျွန်မအသက် (၁၉) လောက်ရှိနေပြီ။ မှတ်မှတ်ရရ (၁၉၈၈)ခုနှစ် တနည်းအားဖြင့်လည်း (၁၃၅၀)ပြည့် အရေးတော်ပုံကြီးပေါ့။ ကျွန်မတို့ကျောင်းသားတွေစတဲ့ မြန်မာ့သမိုင်းထဲက သမိုင်းအဖြစ်အရေးခံ သင့်တဲ့နှစ်တနှစ် ဖြစ်မလားပဲ၊ ကျွန်မ အဲတုန်းကဆယ်တန်းကျောင်းသူ.. စာမေးပွဲ ခဏခဏကျလို့ (၁၉) နှစ်အထိ ဆယ်တန်းတက်နေရတုန်း။ သူငယ်ချင်းတွေကလည်းပေါ.. တက္ကသိုလ်ရောက်နေတဲ့သူတွေရှိသလို ကျွန်မလိုဘ၀တူတွေလည်းရှိတယ်။ ကိုးတန်းမှာလည်း သူငယ်ချင်းတွေရှိရဲ့၊ သူငယ်ချင်းတွေ ထဲမှာ အမြဲ ထူးခြား နေတယ်လို့ အပြောခံရတက်တယ်၊ အသံလေ.. ကျွန်မက ကချင်အစစ်.. အဖေက ကချင် အမေကချင် .. ဒါကြောင့် စကားပြောရင် အသံဝဲတယ်လို့ ပြောကြတာပဲ။ ကိုယ့်ကိုယ်ကိုတော့ ဘယ်သိပါ့မလဲ.. ဒါကြောင့် ဗမာများတဲ့ အသိုင်းအ၀ိုင်းထဲမှာ သူငယ်ချင်းတွေက ချစ်စနိုးနဲ့ မချင်လို့ ခေါ်ကြတယ်။ အမည်ရင်းကတော့ စန္ဒာဝင်း.. နာမည်ကတော့ ဗမာ အမည်ပဲရှိတယ်.. ဒါလည်း ထူးခြားမှု တမျိုးပေါ့။ အဲဒီ ကျောင်းသား လှုပ်ရှားမှုတုန်းကဆိုရင် ကျွန်မခေါင်းနေ့တိုင်း ခေါင်းကျိန်းခဲ့ရဖူးတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ချီတက်တိုင်းမှာ ကျွန်မတို့ ကျောင်းသားတွေက ဗိုလ်ချုပ်နေ၀င်း အစိုးရကို ပြုတ်ကျဖို့ အော်ရသလို သူ့သမီး စန္ဒာဝင်းကိုလည်း စိန်ခေါ်ကြရတာ အမောမို့၊ စန္ဒာဝင်းကို တခါအော်ပြီး ကြိမ်းမောင်းတိုင်း ခေါင်းကျိန်းခဲ့ရတဲ့ ခံစားမှု အခု အချိန်ထိ ပြန်တွေးတိုင်း ရင်ခုန်ရတုန်းပေါ့၊

(၂)

…………နိုင်ငံရေး ဆိုတာက သိတဲ့အတိုင်း ရှုပ်ထွေးတဲ့ ကိစ္စတွေ.. ကျမက ဆယ်တန်းတောင် အသုံးမကျလို့ မအောင်သေးတာ.. နိုင်ငံရေးဆိုတာ ကျွန်မအလုပ်လို့လည်း အစကတည်းက ခံယူမထားပါဘူး.. လုပ်တက်သူတွေ နားလည်သူတွေလုပ်ကြစေသတည်းပေါ့၊ အင်း …တခုတော့ရှိတာပေါ့။ ကိုယ့်ရှေ့မှာ မတရားတာတွေလုပ်နေတာဆိုရင် နည်းနည်းမှမခံချင်ဘူး။ ခေါင်းငုံ့ခံသင့်တယ်လို့လည်း မထင်ပါဘူး။ ဒါကြောင့် ကိုဖုန်းမော်ပစ်သတ်ခံရတာလည်း ကြားရော ဒို့အရေးထလုပ်တော့တာပဲ၊ ဒို့အရေးလုပ်တယ် ဆိုတာလွယ်တာမဟုတ်ဘူး။ သိပ်ခက်တယ်။ အမေက သဘောမတူဘူး။ ညဆိုမအိပ်ပဲ စောင့်ကိုကြည့်တာ။ ကျွန်မကလည်း မိန်းကလေးဆိုပေမဲ့ အများသတ်မှတ်ထားတဲ့ မိန်းမမျိုးတော့မဟုတ်ဘူး။ ဆန်း၏ပေါ့၊ သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင်မယ်.. နိုင်ငံတကာ ကိစ္စတွေ.. ရုပ်ရှင်နဲ့တေးကိစ္စတွေလည်း စိတ်ဝင်တစား ဆွေးနွေးဖြစ်ကြတာပါပဲ၊ နောက်သူများ မပြောရဲတာမျိုးတွေလည်း ကြိတ်ကြိတ် ကြိတ်ကြိတ် ပြောရတာ သိပ်ပျော်တယ်။ ကြီးကြီးကျယ်ကျယ် ပြောတာတော့ မဟုတ်ပါဘူး။ အဲလိုမှလည်း နေသာထိုင်သာ ရှိသလိုပဲကိုး။ အမေကလည်း ကျွန်မတို့ ဘာသာစကားနဲ့ပြောရရင် (ကောင်းချီး) ခဏခဏပေးရှာတယ်။ ဆယ်တန်းကိုတောင် အောင်အောင် မဖြေနိုင်တာများ နိုင်ငံရေးလုပ်ချင်သေးတယ်တဲ့။ ကျွန်မကလည်း မခေပါနော်။
` အမေကသာဆယ်တန်းမအောင်တာပြောနေ နိုင်ငံရေးလုပ်ချင်တဲ့ ကောင်းတဲ့မွန်မြတ်တဲ့စိတ်ထား ကိုတော့ ထည့်မပြောဘူး။ ကောင်းတဲ့စိတ်ထားကိုတော့ နဲနဲမှမချီးကျူးဘူး.. နိုင်ငံရေးဆိုတာ လူတိုင်းလုပ်နိုင်တာ မဟုတ်ဘူးအမေရဲ့`…. အဲလိုပြန်ပြောလိုက်ကာမှ ကျွန်မကလည်းထမင်းစားဝင်သူ။ အမေကတော့ ပြန်ခံပြောတာမကြိုက်တော့ ထုံးစံအတိုင်းဆူဆဲမြဲ.. ကျွန်မကလည်း စိတ်မဆိုးပါဘူး။ လုပ်ချင်တာသာ လုပ်ခွင့်ပေးထား တဟဲဟဲနဲ့ပဲ။ ဒါပေမယ့် ပစ်တယ်ခတ်တယ်လည်းကြားရော အမေက ဘယ်မှ ပေးမထွက်တော့ဘူး။ ဘယ်ရမလဲ မိစန္ဒာပဲဟာ ရှိသမျှအပေါက်တွေကို အမျိုးမျိုးထွက်လို့ရအောင် ဖန်တီး ယူရတာပေါ့၊ အဲဒီကတည်းက ခိုးလုပ်တာစခဲ့တာ။ ကိုယ်လုပ်ချင်တာကို လုပ်ရမှ ကျေနပ်မယ်ဆိုတာ ကိုယ်ပဲသိတယ်။ အမေကအစ်မကို တခါတလေ ကင်းစောင့်ခိုင်းတယ်။ အစ်မကလည်း သတ္တိခဲ။ အားနေ `နင်က မိန်းကလေး.. ယောက်ျားလေးလုပ်တာတွေ လိုက်မလုပ်နဲ့။ ဒုက္ခဖြစ်ရင် နင်ပဲခံရမယ်.. နောက်မတော်တရော်တွေ ဖြစ်ရင်လည်း နင်ပဲခံရမှာနော်။ ကိုယ့်မှာအဖေလည်းရှိတော့တာ မဟုတ်ဘူး။ မိန်းကလေးအလုပ် မိန်းကလေးလုပ်` ။ အင်း သူ့အတွေးအခေါ်နဲ့သာဆိုရင် ကမ္ဘာကြီးပေါ် မိန်းမ၀န်ကြီး …သမတတို့ ပေါ်ပါ့မလားဘဲ၊ အဲလိုအတွေးအခေါ်ပြောင်မြောက်တဲ့ အမေနဲ့ အမကြားမှာ ကြီးလာပြီး အမှန်တရားအတွက် အလုပ်လုပ်ချင်ခဲ့သူပါ။

(၃)

….. ရပ်ကွက်ထဲမှာလည်း (၈၈) ဖြစ်တုန်းကဆို အများစုက ဒို့အရေးကို ထောက်ခံကြတယ်. ၀ိုင်းအော်ခဲ့ကြတာ မှတ်မိတယ်… မအော်တဲ့သူဆိုလို့ လမ်းထိပ်က ပေါင်ပြတ်ဦးတင်မောင် (တပ်ကြပ်ဘ၀နဲ့စစ်တပ်ကနေ အနားယူထားရသူ) နဲ့ အန်တီမေ၇ီမြင့် (မိန်းမတွေကြီးပဲရှိ၍ နိုင်ငံရေးလုပ်ရန်ကြောက်သည်ထင်သည်) တို့ မိသားစုပဲရှိပါတယ်။ ကျန်တာတွေကတော့ အကုန်လုံးချီုတက်တဲ့ထဲမှာ ပါခဲ့ အော်ခဲ့ကြတာပဲ. လမ်းထဲကမွတ်စလင် မိသားစုလည်း ပါဝင်ခဲ့ကြတာပဲ။ သူတို့ကလည်း `အတူတူပဲ` ဆိုပြီး လိုက်အော်ခဲ့ကြတာပါပဲ၊ ချစ်စရာမိသားစုများပါပေ။ သတ်တဲ့ဖြတ်တဲ့အထဲလည်း တယောက်မှမပါဝင်ခဲ့ကြဘူး၊ မတရားခိုးဝှက်ထားတာတွေ လာရောင်းလည်း တယောက်မှမ၀ယ်ကြဘူး။ ဂိုဒေါင်ဖောက်သူတွေကို မပြစ်မတင်သလို ဖောက်တဲ့ထဲမပါခဲ့ကြဘူး။ အပြစ်မတင်တဲ့အပြင် လမ်းထဲကဘာသာရေး အသင်းခေါင်းဆောင်ကဆို `လူဆိုတာငတ်လာတော့ စိတ်ဆိုးပြီး ပေါက်ကရ အကုန်လုပ်တက်ကြတယ်။ ခွင့်လွတ်ကြကွဲ့.. ဆိုတော့ အားလုံးကလည်း သဘောတူတဲ့ အရိပ်အရောင် တွေပြခဲ့ကြတာ မှတ်မိတယ်။ ညနေဘက်ဆို ဘီဘီစီ ဗီအိုအေတို့ကို ဒေါ်လှမြင့်တို့အိမ်က အကျယ်ကြီးဖွင့်ထားတယ်။ ဒါကိုပဲ လမ်းထဲကလူတွေ အကုန်စုပြီး ၀ိုင်းနာထောင်းရင်း သိသလောက် မှတ်သလောက်နဲ့ ပြည်သူတွေရဲ့ ရှေ့ရေးကို ဆွေးနွေးခဲ့ကြတာ အမှတ်ရတယ်။ အဲအချိန်တုန်းက လူတွေက အင်မတန်မှ ချစ်စရာကောင်းတယ်. မရှိတဲ့အချိန်တွေမှာ တလမ်းလုံးစည်းစည်း လုံးလုံးနဲ့ ဝေမျှခဲ့ကြတာ တွေလည်း အဖိုးမဖြတ်နိုင်တဲ့ သင်္ကေတများဖြစ်ခဲ့ပါတယ်။

(၄)

…….ပြဿနာရဲ့အစက ဆယ်အိမ်မှူးတွေ စခန့်အပ်တဲ့အချိန်ကပေါ့။ ဘယ်သူမှမလုပ်ချင်ဘူး။ သေနတ်နဲ့ပြဿနာရှာတဲ့ သူတွေကို ဘယ်သူကမှ ထောက်ခံလိုပုံမပေါ်ခဲ့ပါဘူး။ အဲဒီအချိန်မှာပဲ လမ်းထဲက ခပ်ဆိုးဆိုး အရက် သမားတယောက် ဆယ်အိမ်ခေါင်းဖြစ်လာတယ်။ အဲဒီကတည်းက အမှုးသမားက မှုးရင်မှုးသလို ပြဿနာရှာတော့တာ။ ကျွန်မဆိုရင် အကြိမ်ကြိမ်ခေါ်စစ်ခံရတဲ့အထိ ပြဿနာရှာခံရဖူးတယ်..အဆိုးဆုံးကတော့ လမ်းထဲက ကိုစစ်နိုင်ကို စစ်တပ်က ရက်ရက်စက်စက် ပစ်သတ်အောင် လမ်းပြပေးခဲ့တာ အဲဒီငမှုးမို့ပဲပေါ့။ အဲဒီကတည်းက တလမ်းလုံးရော နီးစပ်ရာလမ်းထဲက လူတွေ အကုန်ကြောက်ငြိမ်သွားတာ ဒီနေ့ထိလို့ဆိုရမလားပဲ။ စစ်တပ်က အမေနဲ့ အစ်မကိုလည်း ဆီးစေ့ပေါ်မှာ ဒူးထောက်နေခိုင်းထားပြီး ကျွန်မကိုမေးတယ်။ ကျွန်မက အဲဒီအချိန်ထဲမှာ မြို့ထဲမှာ ပုန်းနေရတဲ့အချိန်ပေါ့။ အမေနဲ့ အစ်မတို့လည်း အဲဒီကတည်းက အကြောက်ကြီး ကြောက်ခဲ့တယ်။ အဲ.. ပိုးလည်းမငြိမ် ကြောက်စိတ်လည်းမရှိပဲ ကျန်နေတာက ကျွန်မတယောက်ပဲပေါ့။ မကြောက်ပါဘူး။ ကျွန်မလုပ်စရာရှိတာ ဆက်လုပ်မှာပဲ။ ကျန်တဲ့သူတွေလည်း လုပ်စရာရှိတာတော့ လုပ်နေကြတာပဲ။ ကျွန်မလိုမျိုး နိုင်ငံရေးတော့ မဟုတ်ဘူး။ ထမင်းစားဖို့ လုပ်နေကြရင်း (၈၈) ကို မေ့သွားတယ်ထင်တာပဲ။ (မေ့ချင်မှလည်း မေ့မှာပါ. ကြောက်အောင်လုပ်ထားတဲ့အတွက် ကြောက်နေတာလည်း ပါမှာပေါ့။ အထင်ကိုပြောတာပါ) လမ်းထဲက ကျွန်မလို လူနှစ်ယောက် … တနည်းအားဖြင့် ( နိုင်ငံကို သူများတွေထက် ပိုချစ်သူများ) ကတော့ ပါတီတခုထဲမှာ ၀င်လုပ်နေတာတွေ့တယ်။ လမ်းထဲကလူတွေကတော့ ကျွန်မကိုတွေ့လို့ရှိရင် စကားတောင် ဟက်ဟက်ပက်ပက် မပြောရဲ နှုတ်မဆက်ရဲတော့ဘူး။ အမေကလည်းကျွန်မနိုင်ငံရေးလုပ်တာကို မကြိုက်ဘူး.. အမျိုးမျိုး ပြဿနာရှာတယ်.. ကျွန်မကလည်း နိုင်ငံရေးလုပ်မှ တန်ဖိုးရှိတယ်လို့ ထင်ပြီး ယုံယုံကြည်ကြည်ကို လိုက်လုပ်နေတာဆိုတော့ ဘာနဲ့မှ လဲလို့မရသလို ကြောက်အောင်လည်း ဘယ်လိုအရာကမှ မတားနိုင်ဘူး။ ကျွန်မကနည်းနည်းမှ လျှော့မရဖြစ်နေတော့ ခက်နေတော့တာပဲ။ အမေက မကြည်ဘူး.. အသက်ကလည်း ကြီးလာပြီ.. အလုပ်ကလည်း မရှိ ဆယ်တန်းကလည်း အစိုးရကပေးမဖြေပဲ ထားလိုက်တော့ အတန်းပညာတက်ဖို့က မရှိတော့ဘူး။ လူတောမတိုးတဲ့သမီးဆိုပြီး မျက်နှာသာ တချက်မှပေးဘူး.. ဒီကြားထဲ ပြောလိုက်သေးတးယ်။ အိမ်အတွက်တောင် ဘာတပြားမှ မရှာပေးနိုင်တဲ့သူက တိုင်းပြည်အတွက် လုပ်နေတယ်ဆိုပဲ။ ( အစ်မနဲ့ယှဉ်ပြီး ပြောတာဖြစ်မယ်. အစ်မက ဘွဲ့ရတာက ရှေ့နေဘာသာ လုပ်နေတာက ကုန်ရောင်းကုန်ဝယ်.. ဒါကို အမေက လူရာဝင်တယ်လို့ ထင်နေဟန်လည်းတူတယ်..) အဲလို ကောင်းချီးတွေ ပေးတာကိုခံယူရင်း ၈၈ ရဲ့စိတ်ဓာတ်တွေ ဆယ်သယ်ခဲ့ရတဲ့ကျွန်မပါ။

(၅)

……. ကျွန်မပြောပြီးပြီရော .. သူငယ်ချင်းတွေက ပေါတယ်လို့။ ကျောင်းသားလှုပ်ရျားမှုကြီးလည်း ပြီးရော သူငယ်ချင်းတချို့ တောခိုသွားတယ်။ တချို့ထောင်ကျသွားတယ်.. တချို့ကတော့ ကျောင်းတော်ရိပ်အောက် ပြန်လည် ခိုဝင်ကြတယ်. အမျိုးစုံပေါ့။ ကျွန်မလို ကျောင်းမတက်ရသူတွေ ကတော့ ဒုံရင်းနဲ့ပဲ ရှိနေပြီး ပန်းရံလုပ်တဲ့သူနဲ့.. ဈေးရောင်းတဲ့သူနဲ့. ဆိုက်ကားနင်းသူ . ဆိုင်ဖွင့်တဲ့သူလည်းရှိတယ်။ ပွဲစားလုပ်တဲ့သူလည်းပါသေး။ မိန်းမသူငယ်ချင်းထဲမှာ ရုပ်ရည်ခပ်လှလှနဲ့ လှလှသန်းဆိုရင် ဗိုလ်လောင်းနဲ့ ရလို့ ဂုဏ်ယူမဆုံးတပြုံးပြုံး။ တပြုံးပြုံးလုပ်တာ စစ်သားနဲ့ယူတာကို ကျွန်မက အပြစ်မပြောပါဘူး။ လူပဲဟာ ကြိုက်တဲ့သူနဲ့ယူ ဖူးစာပါသူနဲ့ညားကြတာပဲဟာ ယူပစေပေါ့၊ အခုတော့ သူက စစ်သားနဲ့လည်း ယူပြီးရော မတရားပစ်သတ်ခံရလို့ သေသွားတဲ့သူတွေကပဲ မှားခဲ့သလိုမျိုး စစ်သားယူထားသူပီပီ သတ္တိတွေပြ အထက်စီးကနေ ပြောနေတာကိုတော့ဖြင့် လုံးဝကိုမကြိုက်တာပဲ။ ပြန်ငြင်းရင်လည်း ငါ့စကားနွားရ ပြောတက်တဲ့ သူ့အကျင့်ကြောင့် စကားကိုမပြောချင်တော့တာ။ ကျွန်မကတော့ သူ့ကိုကြည့်မရတာ စိတ်ပျက်လွန်းလို့ မေးထူးခေါ်ပြောပဲလုပ်ရင်း ၈၈ မှာ မတရားလုပ်ခဲ့သူတွေ ကိုသတ်ခဲ့တာ စစ်တပ်ဆိုတာ လူသိအောင် ပြောပြချင်ခဲ့သူတယောက်ပေါ့၊

(၆)

……. ခိုးလုပ်ရတဲ့အလုပ်က အဲဒီအာဏာသိမ်းပြီး နောက်ပိုင်းကတည်းက ပိုများလာတာ.. တောခိုသွားတဲ့ သူငယ်ချင်းက အဝေးကနေ တော်လှန်ရေးသီချင်းတွေ ပို့ပေးတယ်။ တခါတလ ဓာတ်ပုံပို့ပေးတယ်။ သီချင်းတွေဆို ခိုးပြီးနားထောင်တာပဲ။ အဆိုတော်မွန်းအောင်ဆိုတာ ကျွန်မသိပ်ကြိုက်တာ။ သူလည်းတောခိုသွားတဲ့ထဲ ပါသွားတယ်ကြားတယ်။ သူရဲ့တော်လှန်ရေးသီချင်းတွေ နားထောင်ရတာ ကြက်သီးတွေ တဖျဉ်းဖျဉ်းထမိတယ်။ သီချင်းတွေက ခိုးနားထောင်ရတာ သိပ်အရသာရှိတာပဲ.. ။ အမေနဲ့အစ်မ မသိအောင် ခိုးပြီးလုပ်ရတော့ အမြဲကျီးလန့်စာ စားနေသလိုဖြစ်နေတယ်. အိမ်မှာလည်း ကြောက်ရ.. အတို့အထောင် လုပ်တဲ့သူတွေသိသွားမှာလည်း ကြောက်ရ ဆိုတော့ ပိုပြီခိုးကြောင်ခိုးဝှက် လုပ်လာရတော့ လူက အမြဲတမ်း လိုလို မလုံမခြုံ ဖြစ်နေတော့တာပဲ။ အဲ ….. မလုံခြုံဘူးဖြစ်နေပါတယ်ဆိုမှ သူငယ်ချင်းနဲ့ ပတ်သက်တဲ့ မျက်နှာစိမ်းတွေ အိမ်ကိုမကြာခဏ ခေါ်လာတက်တဲ့ ကျွန်မကို အမေက လုံးဝမကြိုက်တဲ့အပြင် `နင့်ကို ငါရှင်းရှင်းပဲပြောထားမယ်နော်.. ညလုံးဝအိမ်မှာပေးမအိပ့်စေနဲ့` တဲ့။ ဧည့်သည်တွေရှေ့မှာ ပေါ်ပေါ်တင်တင်ကိုပြောတာပါ။ လေသံကြီးပဲ မာတာမဟုတ်ဘူး။ မျက်နှာထားကလည်း နေပြတက်တဲ့ အမေပေါ့၊


(၇)
..ကျွန်မနဲ့ပတ်သက်လာရင် အမြဲပဲ ခါးခါးသီးသီးနဲ့ အကြောက်တွေ တပုံတပင်ကြီး ကိန်းအောင်းနေတဲ့ အမေနဲ့ အမတို့ကို နေ့စဉ်ကျွန်မရင်ဆိုင်နေရသူပါ။ အိပ့်ယာခေါင်းရင်းမှာ ကပ်ထားတဲ့ (အမေလုံးဝမကြိုက်ဘဲ အခါပေါင်းများစွာ ဖြုတ်ခိုင်းပစ်ခိုင်းထား) တဲ့ကြားကနေ ကဗျာတပုဒ်ကို နေ့စဉ်ဖတ်ရင်း ယုံကြည့်ချက်တခုအတွက် အသက်ရှင်နေသူပါ။

ဒီကဗျာလေးဟာ အာဏာသိမ်းပြီး နှစ်ရက်အကြာ စက်တင်ဘာ ၂၀ ရက်မှာ ပစ်သတ်ခံရလို့ သေသွားတဲ့ ကျွန်မသူငယ်ချင်း (အေးအေးမြင့်) စပ်သီထားတဲ့ ကဗျာလေးတပုဒ်ပေါ့။

ငါအထင်ကြီးခဲ့တဲ့
မဆလတွေ
ကျောင်းသားတွေကိုသတ်တာ
တရားသလား။
ကျောင်းသားတဲ့ . ခွပ်ဒေါင်းတဲ့..
မတ်လကမှ
ငါရင်းနှီးဖူးတဲ့ စကားလုံးနှစ်လုံး
ငါ့ဘ၀ထဲ
အသစ်အဖြစ်ဝင်ရောက်လာတော့
ခွပ်ဒေါင်းစိတ်ကို ငါသိသွားတယ်၊
ခွပ်ဒေါင်းကသိပ်လှတယ်။
နောက်ပြီး သတ္တိတွေအပြည့်နဲ့
ငါလည်းခွပ်ဒေါင်းလို
စိတ်မျိုးရှိချင်တယ်။
ငါ့လက်ဖျားတွေနဲ့
သေနတ်ကိုင်အေးစက်စက်လက်တွေ
၈ ရက်နေ့ ထိတွေ့တုန်းက
အမည်မသိတဲ့ ဝေဒနာတခု
ငါ့ရင်ထဲ မွေးဖွားခဲ့တယ်။
သူတို့ကိုလည်း
ခွပ်ဒေါင်းစိတ်မျိုး ရှိစေချင်တာ
ချင်းတပ်ချင်းတပ်နဲ့
ငါ့ရင်ထဲ အော့နှလုံးနာမိတယ်။
ငါတို့လူမျိုးဟာ
နာခံတက်တယ်.. ရိုးသားတယ်
သတ္တိရှိကြတယ်။
သူတို့ကိုလည်း
ခွပ်ဒေါင်းအကြောင်း
..
ခွပ်ဒေါင်းဆိုတာ မဟုတ်ရင် မခံဖူး။
ရဲရဲတောက်နီတယ် သတ္တိရှိတယ်
နောက်သူက
အမှန်တရားကို မြတ်နိုးတယ်လို့
ငါယူဆတာကို ပြောပြချင်တယ်။
ဒါကြောင့် သူငယ်ချင်း…ငါတို့စိတ်မှာ
ယိမ်းယိုင်မှုတွေဖြစ်လာရင်
ခွပ်ဒေါင်းစိတ်ဓာတ်ကို
မမေ့သင့်သလို
မစွန့်လွတ်သင့်ဘူးလို့
ငါယုံကြည်နေချင်တယ်၊

တောထဲရောက်နေတဲ့ ကျောင်းသားအဖွဲ့က စစ်ချီပုံတွေ.. တခြားပုံတွေကိုကြည့်ရင်း ခွပ်ဒေါင်းအလံစွဲမြဲစွာဆုပ်ကိုင်ထားတဲ့ တော်လှန်ရေးကျောင်းသားတွေကို ကျွန်မအားကျနေမိတယ်၊
အမေမကြည်ဖြူတဲ့ ကြားထဲကပဲ ယုံကြည်ချက်တွေ တပွေ့တပိုက်နဲ့ ကိုယ်ယုံကြည်ရာကို လှော်ရင်းခတ်ရင်း ကျေနပ်နေသူ.. ကျွန်မအသက်ရှင်နေတဲ့ နေ့စဉ်ဘ၀တွေအတွက် တန်ဖိုးရှိတာတွေကို လုပ်ရင်း ခိုးလုပ်တဲ့ အလုပ်တွေနဲ့ အတော်လေးရင်းနှီးနေသူ တယောက်ဖြစ်လာနေပြီ။

( ၈၈ တွင် အသက်ပေးသွားခဲ့ကြသော ကျောင်းသားပြည်သူများနှင့် တိုက်ပွဲဝင်ဆဲ တော်လှန်သူများအား ဤ၀တ္ထုတိုဖြင့် အလေးအနက် ဦးညွတ်ဂုဏ်ပြုအပ်ပါသည်၊)

၅.၈.၂၀၀၆

6 ဦး၏ဆွေးနွေးချက်:

မော်ကွန်းသစ် said...

တော်တော် အားစိုက်လိုက်ရသဗျ။ မျက်မှန် ပါဝါတက်ပါတယ်ဆိုမှ။ ရေးဟန်လေးတွေ သဘောကျမိပ။ ကျေးဇူးကား အသင်္ချေပေါ့ ကျန်းမာပါစေ။

သကျသွေးကို said...

ဂုဏ်ပြုပါသည်.

rose of sharon said...

သတ္တိကိုအားကျမိပါတယ်...

Anonymous said...

You go girl!

Anonymous said...

really appreciate ur contribution from 88..till to-date..Cheers!!!!!!

mabaydar88 said...

ဟိုင်း......

ဇတ်ကောင်က ကျွန်မ မဟုတ်ဘူးလေ.... ကျွန်မက ရေးသားသူပါ.. ဘာပဲပြောပြော ဒီလို မိန်းကလေး တွေ အများကြီးမို့... ဂုဏ်ပြုကြတာပေါ့..။

မဗေဒါ (၈၈)