Monday, March 22, 2010

မွေးနေ့ပွဲဖိတ်မယ်ဆိုရင်

မွေးနေ့ပွဲဆိုတာ ကျွန်မဘ၀နဲ့ အဝေးကြီးမို့ ခေါင်းထဲအရေးတယူ စဉ်းစားခဲ့တာမျိုး မရှိပါဘူး။ မြန်မာပြည်မှာတုန်းကလည်း မွေးနေ့ပွဲဆိုတာ တခါမှမလုပ်ဖူး မသွားဖူးတာမို့ အလေ့အထ မရှိခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ ထိုင်းမှာနေတုန်းကလည်း ဘ၀တွေကဆင်းရဲကြတာမို့ ကလေးတွေမွေးနေ့မှာ စားစရာတခုခုကို အားလုံးလည်း ဝေစားစေခြင်တဲ့ သဘောရယ် အပျော်သဘောရယ်ပေါင်းပြီး လုပ်စားရင်း လူစုကြတာမျိုးထက် မပိုတဲ့ ဂုဏ်မဲ့သဘောပိုကဲခဲ့ပါတယ်။ လက်ဆောင်လည်း မလိုသလို



ကျွှေးသူရှိရင် သွားစားကြတာပါပဲ။ ရှိတဲ့ကလေးအကုန်လာ။ လူကြီးတွေလည်း မကျန်ပေါ့။ စားမယ်သောက်မယ်ပေါ့။ ပြီးရင်ပြောချင်တာတွေ ပြောကြပေါ့။ ပျော်စရာကောင်းတဲ့ အလေ့အထ ဖြစ်သွားတာမျိုးထက် မပိုတဲ့ မွေးနေ့ဆိုရင်မမှားဘူးပေါ့။

ပြောချင်တာကတော့ မွေးနေ့အကြောင်းမဟုတ်ပါဘူး။ အဲဒီမွေးနေ့ကို အကြောင်းပြုပြီးတော့ လူဖိတ်တဲ့ အကြောင်းပါ။ နော်ဝေးနိုင်ငံရောက်ပြီး (၄) နှစ်ကြာတဲ့အချိန်မှာ သားလေးက ( ၆)နှစ်ထဲဝင်သွားပါပြီ။ ပထမတန်းစတက်ပါတယ်။ သားရဲ့ ကျောင်းမှာ မိဘဆရာအစည်းအဝေး တက်ရပါတယ်။ အစည်းအဝေးမှာ အကြောင်းအရာတခု အဖြစ်နဲ့ ကလေးတွေ မွေးနေ့ဖိတ်ကြားတဲ့ကိစ္စအကြောင်း ဆွေးနွေးပွဲထဲပါလာပါတယ်။ ကလေးအကုန်လုံးကို မဖိတ်ဘူးဆိုရင် ဖိတ်စာကို ကလေးရဲ့ ကျောင်းလွယ်အိတ်ထဲ တိုက်ရိုက်ထည့်ဖို့နဲ့ ဖြစ်နိုင်ရင် ကလေးတွေကို အကုန်ဖိတ်ဖို့ ဆွေးနွေးဖြစ်ကြပါတယ်။ မိခင်တစ်ယောက်က ကလေးတွေကများတဲ့အကြောင်းပြောပါတယ်။ သူတာဝန်ယူ မထိန်းနိုင်ဘူးပေါ့။ အတန်းပိုင်ဆရာမကလည်း ခနဲ့တဲ့သဘောနဲ့ ` ငါတော့ မွေးနေ့မှာ ငါ့အိမ်ကိုကလေးတွေအကုန် ဖိတ်ထားတာမှားပြီ` လို့ဆိုပါတယ်။ အဲဒီထဲမှာ အမျိုးသမီးတယောက်က သူ့ကလေးက သူခင်တဲ့သူငယ်ချင်းက မဖိတ်လို့ အိပ့်ယာထဲမှာနေ့စဉ်ငိုတဲ့ အကြောင်းပြောတဲ့အခါ ကျမအပါအ၀င် မိခင်များမျက်ရည်ဝဲပါတယ်။ ကျမစိတ်ထဲ ဒေါသပိုကဲတဲ့ ခံစားမူမျိုးဖြစ်တာကြောင့် မေးခွန်းတခုမေးခဲ့ပါတယ်။ နင်တို့လူမျိုးတွေက မွေးနေ့မှာဘယ်သူ့ကို ဖိတ်မယ်ဆိုတာ ဘယ်လိုဆုံးဖြတ်သလဲဆိုတာပေါ့။( နည်းမယူသင့်တဲ့ မေးခွန်းအမှားပါ။) ပြန်ဖြေကြားတာနည်းပေမဲ့ တယောက်ကတော့ ကလေးဆုံးဖြတ်တာပါတဲ့။ အမှားတ၀က်အမှန်တ၀က်ပါ ။ ကလေးပဲ သူခင်တဲ့သူကို သူဖိတ်ချင်မှာပေါ့။ သူနဲ့အဆော့များတဲ့သူ သူ့အပေါ်ကောင်းတဲ့သူ အစရှိသဖြစ်ပေါ့။ မခင်သူကိုမဖိတ်တာပြ နာမဟုတ်ပေမဲ့ ကလေးဆိုတာက လူကြီးလောက် မတွေးတက်သေးပါဘူး။ တွေးတော့တွေးမယ် မပြည့်စုံဘူးပေါ့။ လူကြီးက အကောင်းအဆိုးလေးကို အချိန်ပေးပြီး နဲနဲပြောနိုင်ရင်တော့ ပိုမကောင်းပေဘူးလား။ ကလေးနားလည်အောင်ရော မိဘက တခုခုမရှင်းပြသင့်ဘူးလား။ ဒါဆိုရင် ကလေးမှာ အကူအညီတခုရတာမို့ စဉ်းစားချက်ကလည်း ပြောင်းသွားနိုင်ပါတယ်။ တခုရှိတာကတော့ မိဘကိုယ်တိုင်က ကလေးကိုနားလည်အောင် မရှင်းပြပဲ သူကိုယ်တိုင်က ရွေးဖိတ်စေချင်တယ်ဆိုရင်တော့လည်း အထက်ကပြောခဲ့သလိုပဲ မသွားရတဲ့ ကလေးမိဘတွေရော ကလေးတွေပါ ၀မ်းနည်းကြရမှာပါပဲ။

ကလေးဆိုတာက ထုံးစံအတိုင်း ပါးစပ်ကထွက်တာကို ပြောတဲ့အပြင် လူကြီးတွေ မဆင်မခြင် ပြောတက်တာတွေကိုလည်း နားလည်အတုခိုးတက်ပါသေးတယ်။ ဒါကြောင့်မွေးနေ့သွားခွင့် ရတဲ့ကလေးတယောက်က သွားခွင့်မရတဲ့ကလေးကို နင်ကတော့ လာလို့ မရဘူး။ နင်ကအကောင်သေးတော့ ငါတို့ ကစားသလိုမကစားနိုင် (တက်)ဘူး။ မလုပ်နိုင်ဘူး အစရှိသဖြင့်ပေါ့။ နင်ကဘာကြောင့် ညာကြောင့် လို့ မွေးနေ့ရှင်ကလေးက ပြောရင် မသွားရတဲ့ ကလေးက စိတ်မှာ ခံစားရပါတယ်။ သိမ်ငယ်စိတ်… အားငယ်စိတ်တွေ ဖြစ်လာစေပါတယ်။ ငါလုပ်နိုင်တယ်လို့ ယူဆထားတဲ့ အယူအဆတခုတောင် တဘက်အပြောကြောင့် စိတ်အပြောင်းအလဲ ဖြစ်သွားတက်ပါတယ်။ ကျွန်မသားဆိုရင် သူသွားခွင့်မရတဲ့ပွဲကို သွားခွင့်ရတဲ့ ကလေးက ဟိုဟိုဒီဒီပြောတော့ မျက်နှာငယ်သွားလိုက်တာ မိဘဆိုတဲ့ အတ္တစိတ်ကရှိနေတော့ စိတ်မကောင်းဖြစ်လို့ တော်တော်နဲ့ မဆုံးပါဘူး။ သားကိုလည်း နားလည်အောင် (သတိထားပြီး) စကားမမှားအောင် ရှင်းပြရပါတယ်။ ကလေးက ကြာတော့ မေ့သလိုဖြစ်သွားပေမဲ့ တကယ်တော့ မမေ့ပါဘူး။ အကြောင်းဆုံရင် ပြောနေတုန်းပါပဲ။ သူတို့ရဲ့ မျက်လုံးတွေက ခံစားချက်တွေကို ဖော်ပြနေတုန်းပါပဲ။ ဒါကတော့ မွေးနေ့ကို သွားခွင့်မရတဲ့ ကလေးတယောက်ရဲ့ ခံစားချက်ပါ။ အစွဲကြီးတဲ့ကလေးဆိုရင် လ….နှစ်နဲ့ချီပြီး ခံစားရတက်ပါတယ်။ ပြောလို့လဲမဆုံးပါဘူး။ စဉ်းစားသာကြည့်ပေတော့။

တကယ်တော့ သွားခွင့်ရခြင်းနဲ့ မရခြင်းက ဘာကွာသလည်းဆိုရင် ကွာပါတယ်။ (ဖိတ်သော်လည်းမသွားနိုင်လို့ မသွားချင်လို့ ဆိုတာကြတော့ တမျိုးပါ။ ကိုယ့်ဆုံးဖြတ်ချက်ဖြစ်တာမို့ ပြဿနာမရှိနိုင်ပါဘူး။ မဖိတ်ခံရတဲ့အတွက် ခံစားရတဲ့ ခွဲခြားမှု. အားငယ်မှု. သိမ်ငယ်မှု တွေနဲ့ကွာခြားနိုင်ပါတယ်။ ) ခွဲခြားဆက်ဆံတယ်လို့ ယူဆခံရတဲ့ ကလေးတယောက်ဟာ အနာဆူုးလေးတွေ မသိမသာထည့်ပေးသလို ဖြစ်နေတက်ပါတယ်။ တဘက်မှာ အရေးမကြီးဘူး… အဲလောက်မခံစားရဘူး…. သူ့ပွဲမို့ သူဖိတ်ချင်တဲ့သူ သူဖိတ်တာ ရှိပေစေ့လို့ တွေးပေမဲ့ တကယ်တော့ တဖက်ကလေးက အလွန်မှပဲ ကြေကွဲဝမ်းနည်းရပါတယ်။ တတန်းထဲသားချင်းအတူတူ ငါဘာဖြစ်နေလို့လည်းဆိုတဲ့ အတွေးတွေက သူတို့စိတ်ကို အစဉ်မေးနေသလို ဖြစ်စေပါတယ်။

နောက်တခုကတော့ ယောက်ျားးလေးဖြစ်စေ မိန်းကလေဖြစ်စေ မျိုးတူကိုဖိတ်ပြီး မျိုးကွဲကို မဖတ်တဲ့ကိစ္စပါ။ အဲဒါလည်း ကျမလုံးဝမကြိုက်တဲ့အပြင် ရှူတ်ချတဲ့ကိစ္စလည်း ဖြစ်ပါတယ်။ ကျောင်းခန်းထဲ ယောက်ျားး မိန်းမ နှစ်မျိုးရှိနေတာမို့ မိန်းမပဲသီးသန့် ယောက်ျားးပဲသီးသန့် ဖိတ်တာဟာလည်း တော်တော်လေး လွဲနေတယ်လို့ ဆ၀ါးမိပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အတန်းထဲမှာ အားလုံးအတူတူဆော့ကြ စာသင်ကြားကြရနဲ့ ဘယ်သူမှ ယောက်ျားသက်သက် မိန်းမသက်သက်ရယ်လို့ သီးသန့်ဆော့ကြတာမျိုး မရှိပါဘူး။ အားလုံးဟာ သူငယ်ချင်းတွေမို့ ပွဲတခုခုလုပ်ရင်လည်း သူငယ်ချင်းတွေ အားလုံးပါနိုင်ရင်တော့ အကောင်းဆုံးပေါ့။ ဒီမှာစောဒကတက်နိုင်တာကတော့ ငွေမတက်နိုင်လို့ မကြည့်နိုင်လို့ အစရှိသဖြင့်ပေါ့။ ဒါကလည်း သေချာပြန်စဉ်းစားကြည့်တော့လည်း သိပ်မသေချာတဲ့ အကြောင်းပြချက်ပါ။ မွေးနေ့လုပ်ကြပြီ ဆိုကတည်းက ငွေကတော့ အနည်းနဲ့အများကုန်ပါတယ်။ နဲနဲပဲတက်နိုင်ရင်လည်း တက်နိုင်သလောက်ကလေးကိုပဲ အကုန်လုံးအတွက် စဉ်းစားပြီးလုပ်ရင် ပိုမကောင်းပေဘူးလားပေါ့။ အားလုံးလည်းပျော်စေသလို စိတ်လည်းအနှောင့်အယှက် ဖြစ်စရာအကြောင်းလည်းမရှိတော့ဘူး မဟုတ်ပါလား။

တကယ်တော့ မွေးနေ့ဆိုတာ နှစ်တနှစ်ထဲက တရက်ထဲ ကျင်းပကြတဲ့ ရက်ကလေးတခုထဲက နာရီပိုင်းအချိန်လေးမျှသာ ဖြစ်ပါတယ်။ ကလေးတွေ ပျော်ရွင်ဖို့ လုပ်တဲ့ပွဲမှာ သူတို့လေးတွေအတွက် စိတ်မကောင်းစရာတွေ မပြီးနိုင်ဖြစ်ရတယ်ဆိုရင်ဖြင့် တကယ်တမ်းတာဝန်ရှိကြတာကတော့ အသိညဏ်ပိုရှိပြီး ဆင်ခြင်တက်တဲ့ လူကြီးတွေသာဖြစ်ပါတယ်။ ဒါကြောင့်မွေးနေ့ပွဲ လုပ်ကြမယ်ဆိုရင်ဖြင့် ကလေးတွေ အားလုံးအတွက် စဉ်းစားပေးနိုင်မယ်ဆိုရင် ပိုကောင်းတယ်လို့ ဆ၀ါးမိပါကြောင်း။


0 ဦး၏ဆွေးနွေးချက်: