Monday, March 22, 2010

ကိုက်ပြန်ရင်လည်း ခွေးလွန်ရာကျဦးမယ်

…..အောင်မာ…..လူကိုများခွေးတဲ့… အဲ….ဟုတ်ပေါင်. ခွေးကခွေးပေါ့။ သိပါတယ် ကိုယ်ကဒူးနေရာဒူး ပေါင်နေရာပေါင် နေတက်ပါတယ်။ သူတို့ပြောမှပဲခွေးအသိလည်း ချာချာလည်ပြီး ခွေးသိက္ခာပိုကျလာတယ်။ ကိုယ့်သဘာဝနဲ့ကိုယ်ဆိုတော့ ခွေးတွေအများကြီးကို ခွေးဖအေမရှိပဲ



တာဝန်ယူမွေးထားရတာကိုက သဘာဝလဲကျ သိက္ခာာလည်း မကျတဲ့ ခွေးပါတော် ( ၀ုတ်… ၀ုတ်) တော်ထည့်မှရမယ်ထင်တယ်။ ကျုပ်က ကံကောင်းပြီး အမဖြစ်နေလို့။

ဒီလို……ဟိုလမ်းထဲကကောင်…….(လူ)လေ။ ကျုပ်ကိုပြောလိုက်ပုံများကြည်ဦး။ ကလေကချေ ပေါက်လွှတ်ပဲ စားခွေးတဲ့။ ကလေးတွေ တပြုံကြီးနဲ့ မျက်စိနှောက်သလေး ဘာလေးနဲ့။ ရိုက်သတ်မယ်တကဲကဲနဲ့ ဖြတ်သွားတိုင်းကြိမ်းတာ … ကျုပ်ကလည်း ဒင်းဖြတ်သွားတိုင်းခွေးကြိမ်း ကြိမ်းတယ်။ နင့်ကိုတနေ့ ခွေးအကျင့်နဲ့ အပီကြံပြီး အသားတွေ.. အဆီတွေ အရိုးတွေ တစစီကိုက်ပစ်ဖို့ စောင့်နေတာ (ဟုတ်ဘူး။ ချောင်းနေတာ ခွေးအကျင့်နဲ့) ဒါအပြန်အလှန် တုံ့ပြန်သဘောပေါ့။ အင်္ဂလိပ်လိုပြောရရင် တော့ ( reprisal )ခေါ်မလားပဲ။ ခွေးစကားနဲ့ဆိုရင်တော့ ( ၀ုတ်ဝုတ် … )ပဲဖြစ်မယ်ထင်တယ်။

လာခဲ့စမ်း …လာပြန်ပြီ …ဒီနေ့လည်း အောင်မယ်သူက ဒီနေ့ပိုပြီး ရှိုးတွေထုတ်ထားတာကိုး။ အမယ်ဘေးက အပေါင်းအပါတွေကိုပါ လေလုံးထွားနေလိုက်သေး။ အပြောကတော့ ရွှေမန်းပဲ။ ကရင်သာ ဖြောင့်အောင်မကတက်တာ။ ကျုပ်ရှေ့ကအဖြတ် ပြောသွားတာကိုလည်း ကြည့်လေ။ ခွေးကျင့်ခွေးကြံတဲ့ ဟုတ်တယ်။ ဒီနေ့လမ်းထဲမှာ ရုတ်ရုတ်ရုတ်ရုတ်နဲ့ ဆိုတော့ ကျုပ်လည်း ကျုပ်သားသမီး(၇)ယောက်ကိုခေါ်ပြီး လမ်းထဲမှာ မနက်က မယောင်မလည်လျှောက်ကြည့်တာ ပြဿနာမှ ပြဿနာအကြီးကြီး ။ ဟိုလူရိုသေ ရှင်ရိုသေရတဲ့ ရထားခေါင်းပျက်ကြီးပေါ့။ လမ်းထပ် (၃)အိမ်ကျော်က ကိုရုပ်ဆိုးလား.. ကိုယုတ်(ခွေးက စာလုံးမှန်အောင် ပေါင်းတက်ဘူး .. ခွင့်လွှတ်ပါ) ဆိုလား အပျိုမလေးကို ကြံလိုတဲ့။ သူကြံတာကို အကြောင်းပြုပြီး ပြဿနာတက်တာ သွားကြည့်တဲ့လူတွေတော့ မပြောတက်ဘူး။ ကျုပ်တို့ သားအမိတွေတော့ အစာတွေဝသွားတယ်။ စပ်စုတက်တဲ့ လူတွေအကျင့်ကြောင့် ကျုပ်တို့လည်း စပ်စုရင်း ထမင်းဝသွားတယ်။ ၀သွားတယ်ဆိုလို့ အရင်တုန်းက မ၀လို့ ဒီလိုပြောတာနော်. အရှိကိုအရှိတိုင်း ၀န်ခံတာနော်. လူတွေလို ဟိုလိုလို ဒီလိုလို မပြောတက်ဘူး။ ခွေးကတည့်တည့်ပဲပြောတက်တယ်။ လူတွေက ပြဿနာဖြစ်တာကိုလာကြည့်ရင်း ဘာလုပ်မှန်း မသိကြဘူးနဲ့တူတယ်။ ပြဿနာ ဖြစ်တဲ့အိမ်နဲ့ မျက်နှာချင်းဆိုင်က ထမင်းကြော်ဆိုင်က အစားအသောက်တွေ ၀ယ်စားပြီး စွန့်တဲ့ အရိုးကျန်နဲ့ ပဲပြုတ်ထမင်းတွေကို စားလိုက်ရလို့ သားအမိတွေဗိုက်ပြည့်သွားတဲ့နေ့ပေါ့။ ခါတိုင်းဆို …ထမင်းက ..သိပ်ဝတာမဟုတ်တာမို့ ၀ကြောင်း…လူသိရှင်ကြားပြောရတာပါ။ ကိုယ့်ကိုမွေးထားတဲ့ တည်းခိုးခန်းပိုင်ရှင်ကလည်း ဧည့်သည်အကြွင်းအကျန်ဘဲကျွှေးတာ ဧည့်သည်မရှိရင် သိပ်မစားရလို့ မ၀ဘူးပြောခဲ့မိတာ မမှားဘူးလို့ ထင်ပါတယ်နော်။

ပြောမယ့်စကားတောင် ဟိုရောက်ဒီရောက် ….. အော်ဟိုလူပြောပါတယ် ကျုပ်ကိုနှိုင်းပြီးပြောသွားတာ မခံချင်တာဒီလိုပါ. ဟိုလူအကျင့်မကောင်းတာကို သူကပြောသွားလို့ပါ။ သူကရောဘာထူးလို့လဲ.. အပုပ်နံက တသင်းသင်းနဲ့များ.. အမယ်ဒီနေ့တော့ ဒီလူကိုကြည့်ရတာ မျက်နှာကသိပ်မကောင်းဘူး..ထီးဟန်နန်းဟန် ပြောရရင်တော့ မျက်နှာတော် မကြည်လင်ပါ့ ဆိုနိုင်မလားပဲ.. ခွေးစကားနဲ့ ပြောရရင်တော့ (၀ုတ် ၀ုတ်) တော့ မဖြစ်နိုင်တော့ဘူး။ ကျုပ်ခေါင်းရှုပ်လို့ ခွေးသဘာဝ အူချင်စိတ်ပေါက်သွားတယ်။ ဒါပေမယ့် မအူပါဘူး.. ညအကျင့်ကိုနေ့အကျင့်မလုပ်ချင်ဘူး…. အကျင့်ပျက်မှာ ကြောက်လို့ … ကလေးတွေကိုလည်း မအူမိစေဖို့ ပြောဆိုဆုံးမထားရတယ်… ဒီနေ့ထူးတာကတော့ တခုခုတော့ တခုခုပဲ။ ပိုထူးနေတယ်.. ကြည့်ပါအုံး.. အိမ်ရှေ့ကဖြတ်တာကောင်းကောင်း မဖြတ်ဘူး… ပြောပုံကိုကကြည့် ဟဲ့ခွေးသူခိုး ဘာကြည့်နေတာလဲ တဲ့။ သူခိုးကများခွေးကို ဟစ်နေရသေးတယ်လို့ ခံရပေါင်းလည်းများနေပြီ။ ကဲလာစမ်း ….သားတို့ …သမီးတို့ရေ ၀ိုင်းဆော်လိုက်ကြရအောင် … ဒီတခါတော့ သည်းခံနေလို့မဖြစ်တော့ဘူး။

အိမ်ရှင် (ကျုပ်သူဌေး) က ကျုပ်ကိုအဓိကထားပြီး…. ဆော်ပလော်တီးတယ်။ တော်သေးတယ် ကျုပ်ကလေးတွေကို မရိုက်လို့။ မာန်တော့မာန်တယ်.. နောက်ပါးစပ်ကလည်း ကရားရေသွန် တတွတ်တွတ် ပြောနေတယ်.. ငွေကုန်အောင်လုပ်တဲ့ခွေးတဲ့.ကျုပ်ကခွေးပေမယ့် တာဝန်သိတက်သလို မခံချင်စိတ်လည်းရှိလို့ ဟိုလူ့ကို ဒီလိုလုပ်လိုက်တာပါတော်… နို့မို့ဆိုခွေးဆိုပြီး အနိုင်ကျင့်ချင်တဲ့စိတ်နဲ့ လူအချင်းချင်းမပြောရဲပဲ ကျုပ်ပဲခေါင်းတိုက်ကြလွန်းလို့ပါ။ ကျုပ်လည်းဝမ်းနည်းစွာနဲ့ အိမ်ရှင်လူကြီးကို ကြည့်ပြီး အနံ့ခံလိုက်တာ…. သူလည်း ဟိုလူလို အနံ့လေးတသင်းသင်းနဲ့ပါလား. ဒါပေမဲ့သူကတော့ နည်းနည်းထူးတယ် … သိတယ်မဟုတ်လား ကျွဲမှာချိုလိမ် လူမှာနံပိန်တဲ့… ပိန်ပိန်ပါးပါးအိမ်ရှင်ကြီးကလည်း မလွယ်ကြောပါလား။

(၂၀၀၅) ဇန္ဒ၀ါရီလထုတ် ချိုးလင်းပြာတွင် ရေးပေးခဲ့သည်။


3 ဦး၏ဆွေးနွေးချက်:

kiki said...

လူလည်း လူုဖြစ်ရတဲ့ ဒုက္ခ နဲ့...
ခွေးလည်း ခွေးဖြစ်ရတဲ့ ဒုက္ခ ...
မလွယ်ပါလား နော် .... အာဝူးးးး

ခွေးနေရာ ဝင်ပြီးခံစားရေးထားပုံလေးကို ကြိုက်ပါ၏ ။

ခင်မင်လျှက်
ကိကီ

ကိုရင်နော်ခင်လေးငယ် said...

မဗေဒါ..
ဝမ်းသာအားရ ကြိုဆိုပါတယ်..
Ma Nge Naing ဘလော့မှာ တွေ့လို့ လိုက်လာတာပါ...။

ဒီတစ်ပုဒ်ဖတ်လိုက်ရတာနဲ့တင် နောက်ရေးမယ့် စာတွေအတွက် ကြိုပြီး စိတ်ဝင်စားနေမိပါတယ်။ အရေးအသား သိပ်ကောင်းတယ်။ မကြာမီ ပရိတ်သတ် အများကြီးနဲ့အတူ အောင်မြင်လာတော့မယ်ဆိုတာ သေချာပါတယ်..။

ကျနော်တို့ ဘလော့မှာ Link ချိတ်ပြီး ကြောငြာပေးပါရစေ။

စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာနှင့် ပျော်ရွှင်စွာ ဘလော့ဂင်းနိုင်ပါစေ..

ခင်မင်လေးစားချစ်ခြင်းအားဖြင့်
ကိုရင်နော်

နှင်းဟေမာ said...

အရေးအသားလေးအရမ်းကောင်းတယ် မဗေဒါ
အားတဲ့အချိန်ကျမှ အဟောင်းတွေ ပြန်လာရှာ ဖတ်ဦးမယ် ....

နှင်းဟေမာ