Wednesday, October 20, 2010

ဘုရားဖူးသွားခြင်းရယ်.. သံဝေဂတရားနည်းနည်းရယ်


ခင်မင်တဲ့ သူငယ်ချင်းများက မဗေဒါ တို့ အိန္ဒိယကို ဘုရာဖူး သွားခဲ့တာ သိတော့ အားကျ ကျတယ်.. နီးစပ်တဲ့ သူများကို ``မဟုတ်သေးဘူး`` လို့ အစချီကာ အထင် အမြင်လေးတွေ ပြောဖြစ်ခဲ့ပါတယ်..။ ဟုတ်ပါတယ်.. မဗေဒါတို့ ရဲ့ ဆန္ဒကတော့ ပြည့်စုံခဲ့ပါတယ်.. ဒါတောင် စိတ်ဝင်စားစရာ အင်မတန်ကောင်းတဲ့ အိန္ဒိယကို နေရာနဲနဲလေးပဲ ရောက်ခဲ့တာပါ…။ ကဲ.. မြတ်စွာဘုရား ပွင့်တော် မူခဲ့တဲ့ နေရာကို ရောက်ခဲ့တဲ့ ဘာတွေ ထူးသွားလဲ.. ခံစားရတာတွေက အမျိုးမျိုးပါ..။

ပထမကတော့ ငါရောက်ပြီဆိုတဲ့ စိတ်နဲ ကျေနပ်တဲ့ အဆင့်လောက်ပါပဲ.. ဒီထက် မပိုဘူး.. ကိုယ့်အပူနဲ့ကိုယ် မို့..။ ဘုရားမြေ ကို ခြေမချခင်.. မဗေဒါတို့ မိသားစု ရထားဂိတ်မှာ ကြုံရတာက အင်မတန်ကို စိတ်အနှောင့်အယှက် ဖြစ်ရသလို မလုံမခြုံ ခံစားခဲ့ရတာမို့ ရထားပေါ်မှာလည်း မလုံမခြုံစိတ်နဲ့ ဘရားပွင့်ခဲ့ရာ ( ဗုဒ္ဓဂယာ .. ) ကို ရောက်ခဲ့ကြတာပါ.. ဟိုရောက်တော့ မြန်မာဘုန်းကြီးက စောင့်ကြိုနေလို့ ကျွန်မတို့ အားတက်ခဲ့ရပါတယ်.. တည်းခိုမဲ့ ဘုန်းကြီးကျောင်းလည်းရောက်ရော.. ခြင်ထောင်နဲ့ အိပ်ရာမယ်ဆိုတော့ .. ခြင်တွေ တဝီဝီ ဖြစ်နေတာ ယင်ကောင်တွေ ရှိတာကို ကြည့်ရင်း ငါ့ကလေးတွေတော့ ဒုက္ခဆိုတဲ့ စိတ်က ကြီးစိုးနေခဲ့တော့ ဘုရားပွင့်တဲ့ နေရာကို ဆိုက်ရောက်ပေမဲ့ စိတ်က ရောက်ပြီ ဆိုတာထက် မပိုတာ အမှန်ဝန်ခံခြင်းပါ.. ။

ရောက်ပြီး ဘုရားပွင့်ရာ နေရာများကို လိုက်ဖူးတော့ .. အံသြခြင်း.. စိတ်မကောင်းခြင်း… ကြည်နူးခြင်း လို့ ဆိုရမလားပဲ..။ ဘုရား မဖြစ်မီ ဇာတ်လမ်းတွေကို ဘုန်းကြီးငယ်က ပြန်ပြောပြ…တော့ လိုက်မှတ်သား မေးချင်တာလေးတွေ မေးရင်း အော် ငါတို့ ငယ်ငယ်က စာအုပ်တွေထဲမှာ.. မိဘ ဆရာသမား လူကြီး သူမတွေ ပြောတာ..လမ်းထဲ ဓါတ်စက်ကြီးတွေမှာ အော်ပြီး ဘုရားဖြစ်စဉ် ပြောတာတွေထဲ ..ဝေသာလီ.. ဗာရာဏသီ.. ကပီလဝတ်…မိဂဒါဝုန်တော.. ဇေတဝန်ကျောင်း ဆိုတာတွေ စိတ်ကူးနဲ့ ကြည့်မှန်းခဲ့ရတာပါလား ..။ အော် အခုတော့ ဒီမြေမှာ တို့တွေ ခြေချခွင့်ရပြီဆိုကာ ပီတီ စိတ်.. အံ့သြစိတ်တွေ ခံစားရပါတယ်.. တခါ ဘုရားဖြစ်ဖို့ ကြိုးပမ်းအားထုတ်ခဲ့တဲ့ နေရာတွေကို လျှောက်ကြည့်ရင်း အမှတ်အသား နေရာတွေမှာ ဘာသာခြားတချို့ရဲ့ ကြမ်းတမ်းတဲ့ လုပ်ရပ်ကြောင့် ပျက်ဆီးရတာ… တခါ ဘာသာခြားတွေကပဲ အစောင့်တွေ ထားပြီး စောင့်ရှောက်ပေးခဲ့ (နေ)တာ. အစရှိတာတွေကို သိရပြန်တော့ ဟယ် ဒီမိုကရေစီ ထွန်းကားတဲ့ နိုင်ငံဖြစ်ပြီး ဒီလိုလား ဆိုကာ ယူကြုံးမရ ဖြစ်ရတဲ့ စိတ်မကောင်းခြင်း ဝင်ပူးကပ်ပါတယ်..။ တခါ တလေတော့လည်း စီးဆင်းနေတဲ့ ( ယမုံနာ ) မြစ်ကြီး ကို မနက်စောစော.. တောတမ်းလေးတွေ ကြားထဲ ကားလေးဖြတ်မောင်းတဲ့ လေနုအေးကို ရူရိုက်ရတော့လည်း ကြည်းနူးခြင်း တမျိုးကို ခံစားရတယ်.. စိတ်ထဲမှာတောင် နောက်ထပ် ဘုရားပွင့်ရင် လူအဖြစ် များ ဒီနေရာမှာ ရောက်မလား မသိဘူးလို့ ထင်မှတ်လိုက်သေးတယ်..(နိဗ္ဗာန်ဆိုတာ ဘဝနဲ့ ဆယ်သက်မက အဝေးကြီးဆိုတာကို ပြသတဲ့စိတ်ပါ.. ) ။





ဒါပေမဲ့ လူတွေ အများကြီး ရှိတဲ့အရပ်မို့.. အဖြစ်ထူးဆန်းတွေလည်း အများကြီး ရှိနေတား အားလုံးသိကြမှာပါ..။ ကျွန်မတို့ လျှောက်လည်မဲ့အရပ်တွေ အတွက် လိုက်ပါ ကူညီလမ်းပြပေးတဲ့ ဘုန်းဘုန်းက ပြောထားပါတယ်.. လူတွေက နဲနဲကြမ်းတယ်.. ငွေ လှူရင် သတိထား..လို့ ပြောထားလို့ မပေး ဖြစ်အောင်နေတယ်..။ ဒါပေမယ့် သနားတက်တဲ့ သမီးက နေရာတခုလည်း ရောက်ရော.. အမေ.. ၅ ယောက်ပဲ လို့ ဆိုတာနဲ့ အေး ဒါဆိုလည်း ပေးလိုက်ပေါ့ဟယ်လို့ ပြောလိုက်တော့ ငွေ လည်း ပေးလိုက်ရော အလျှိုလျှိုပေါ်လာကြတာ… လုကြရင်း အသက် ၅ နှစ်လောက် မြေးအရွယ်လောက်ကို ၇၀ လောက် အဘွားကြီးကို အတင်းလု ( ကုတ်စွဲ.. ရိုက်) ကလေးကိုချီထားတဲ့ ကလေးလေးကက ငွေမရလို့ ငိုတာ မြင်တော့ အရမ်းတုန်လှုပ်သွားတယ်.. အင်မတန် စိတ် မကောင်းဖြစ်ရတယ်.. ။ အဲလိုပဲ ဘုရားအနီးဝန်းကျင်မှာ စုတ်ပြတ်စွာ.. ခန္ဓာကိုယ် တပိုင်းနဲ့ တောင်းရမ်းနေတာ.. နူနေတော ..ဖိနပ်မပါပဲ နေပူထဲ တောင်ရမ်းနေတာ တွေကို မြင်ရတော့ အင်မတန်မှ စိတ်ထဲမှာ မသက်မသာ ဖြစ်ရပါတယ်.. ကြုံတုန်းပြောရအုံးမယ်.. မဗေဒါ ဘဝတလျှောက်လည်း အဲဒီလို စုတ်ပြတ်နုံချာနေတာမျိုး ကို တကယ်ပဲ မတွေ့ဖူးခဲ့တာကြောင့်လည်း အခုလို မြင်တွေ့ရတာ အင်မတန်ကို စိတ်မချမ်းမြေ့ဖြစ်တယ်လို မှတ်ယူပါတယ်.. စာထဲမှာ ဖတ်ရတာက ပုံစံ တမျိုး ခံစားရသလို အပြင်မှာ မျက်မြင်ဆိုတော့ ပိုခံစားရတယ် ထင်တာပါပဲ..။ ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ ဝဋ္ဋ်ဒုက္ခများပါလဲ..။ ( သိတဲ့အတိုင်းပဲ `ဝဋ္ဋ်မှာအမြဲ ငရဲမှအပ` လို့ ဆိုကြတယ်မလား.. မဗေဒါ ရက်စက်ကြမ်းကြုတ်တာတွေကို မပြုရဲသလိုအင်မတန်လည်း ကြောက်စရာကောင်းတယ်လို့ မှတ်ယူ ပါတယ်..။)

စိတ်ထဲမှာ ဘုရားပွင့်တော်မူခဲ့ရာ ကြွမြန်းခဲ့ရာ ခရီးစဉ်တလျှောက် ဖြစ်နေတဲ့ စိတ်တွေက အတော်လေး ဆန်းကျယ်တယ်လို့ ဆိုရမယ်.. ။ နေရာတခုမှာ တည်းခိုတော့ ကျောင်းထိုင်ဘုန်းဘုန်းကို စကားနဲနဲ ပြောဖြစ်တော့ `အရှင်ဘုရား… ဘုရားဟာ အင်မတန်မှ ညဏ်ပညာ ကြီးကျယ်တဲ့ လူ အဖြစ်ကနေ ဘုရား ဖြစ်ခဲ့တဲ့သူအလျှောက် အခုလိုမျိုး ဒီနေရာတွေမှာ ဒီလိုမျိုး လူ့ဘဝရဲ့ ဒုက္ခဘုံကြီးကို မြင်အောင် သိအောင်… များ လူတွေကို နမိတ်ပေးခဲ့တာလား မသိ..`လို့ မေးမိပါတယ်.. ဘုန်းဘုန်းကလည်း ဖြစ်ချင်ဖြစ်မယ်လို့ အေးဆေးစွာ ဆိုပါတယ်..။ ဟုတ်ပါတယ်.. ဘယ်နေရာ နေနေ ဘုရားဟော အရ ဆိုရင် လူ့ဘဝဟာ ဒုက္ခတွေနဲ့ချည်း ပြည့်နှက်နေတယ်လို့ နားလည်ပါသော်လည်း.. အခုလို မရှိခြင်းကြောင့် ဖြစ်နေရတာတွေ.. ရှိအောင် ကြိုးစားအားထုတ်ရင်း ကြမ်းတမ်းခက်ထန်မူတွေ… ရှေးဘဝက အကျိုးပေးကြောင့် ပဲ ဆိုမလား… ခန္ဓာကိုယ် မပြည့်စုံပဲ တင်ပါး တရွတ်တိုက်စွဲ တောင်းရမ်း စားသောက် နေတာတွေ.. ဟာ ဆရာကြီး ဦးဝင်းတင်ပြောတဲ့ လူ့ငရဲတမျိုးပါလားလို့ ဆိုပြီး အသိတရား ရဖို့ လာနှိုးဆွပေးနေတဲ့ ခေါင်းလောင်း မြည်သံလေးလို သံဝေဂ ဆီကို ဦးတည်နေတဲ့ စိတ်အဖြစ် ထင်မှတ် ခံစားရပါတယ်..။

မဂဓ တိုင်းမှာ ယောက်ျားလည်း ဘုန်းကြီးဝတ်ပါတယ်.. သားလေးလည်း နာရီပိုင်း ကိုရင်စည်းပေါ့..။ ခရီးစဉ်တလျှောက်လည်း တည်းခိုတဲ့နေရာရောက်ရင် မသိတာမေးလိုက် ကိုယ့်အတွေ့အကြုံပြောလိုက်နဲ့… ပြန်ခါနီးလည်း ရောက်ရော… စိတ်ထဲမှာ မရှင်းတာတွေ မသိတာတွေ ဘုန်းကြီးတွေကို မေးရပြန်ပါတယ်..။ အဓိကကတော့ ကိုယ်မသိတဲ့ ဘုရားဟောတွေနဲ့ ပတ်သက်တာတွေပေါ့.. ဟိုမှာကလည်း ဘုန်းကြီးက အဆင့်အမျိုးမျိုး ရှိပါတယ်.. ဘွဲ့လွန် တက်မဲ့သူ.. ရိုးရိုး ဘွဲ့ယူမဲ့သူ ..ဒေါတ်တာ ဘွဲ့ယူမဲ့သူ ဆိုပြီး အစုံပေါ့.. အဲဒီထဲမှာ အမေးမြန်းထူတဲ့ ကျွန်မကို ဘုန်းကြီးငယ် တပါးက ဒကာမကြီး အများကြီး မမေးနဲ့တဲ့.. အဓိကကတော့ မဂ္ဂင် (၈) ပါးကို နားလည်အောင်လုပ် .. အဲဒါဟာ အကောင်းဆုံး ..ကျန်တာတွေ အများကြီး မစဉ်းစားနဲ့တဲ့…။ ဘာဖြစ်လို့လည်း ဆိုတော့ အငြင်းပွားစရာတွေ အများကြီးဖြစ်လာမယ်..လို့ ဆိုပါတယ်.. ( ဖြစ်မယ်ထင်ပါတယ်.. ဒါကြောင့်ပဲ ဗုဒ္ဓဘာသာမှာ အမည်ကွဲ အဖွဲ့ကွဲတွေ ရှိလာတာဖြစ်မယ်.. ) ။ နောက် ဘုန်းကြီးဆိုတာကလည်း အစစအရာရာ ရာခိုင်နှုန်းပြည့် ဘယ်လိုမျိုး သိနိုင်ပ့ါမလဲ… တပါးနဲ့ တပါး သိတာတွေ.. လက်ခံထားတာတွေ.. တူချင်မှ တူနိုင်အုံးမှကိုး..။ ပြီးတော့ ဘုရားဟောခဲ့တဲ့ လျှို့ဝှက်နက်ရိုင်းတာ ခက်ခဲသိမ်မွေ့တာတွေကို မဗေဒါလို သာမန်လူချက်ချင်း သိနိုင်ဖို့ ပါရမီအခံက လိုသေးတယ်လို့လည်း လုံးဝ ဥဿုံမှတ်ယူပါတယ်..။ တခြား ဦးဇင်း တပါးကလည်း မိန့်ဆိုပါတယ်.. … တချို့က ဒီကို လာကြတယ်.. ဘယ်နှခေါက်ရောက်ဖူးပြီး… ဘယ် တော့ ထပ်သွားမယ် အစရှိသဖြင့် ကြွားဝါသလို ပြောကြတယ်တဲ့.. ငါဘယ်လိုမျိုး သံဝေဂ တွေ မိမိရင်ထဲ သယ်ဆောင် သွားတယ်လို့ ဆိုသူရှားတယ်လို့ ဆိုပါတယ်…( တချို့ဆိုလည်း ဘုရားဘူးလာရင်း ဟဲ့ ငါတို့က အိမ်မှာဆိုဒီလို .. ဟိုလို… ဒါ ငါ့နေရာ ဆိုကာ ရန်ထောင်တာမျိုးလည်း ဘုရားဘူးသူများကြား ဖြစ်တက်တာကို ဆိုပါတယ်.. မဗေဒါတို့ ကြတော့ ရန်မဖြစ်ရဘူး.. ဘာဖြစ်လို့လည်း ဆိုတော့ နေရာလုစရာမလိုပဲ ကိုယ့်ကားနဲ့ကိုယ်.. အခန်းတွေလည်း အလွတ်ကြီးပဲမို့… ဆိုလိုချင်တာက မဗေဒါတို့ သွားတဲ့အချိန်က ဘုရာဖူး ရာသီမဟုတ်လို့.. )။ ဆိုတော့ ပညာမစုံခဲ့ဘူးပေါ့..။

မဗေဒါ ဘုရားဖူးခဲ့ရတဲ့ အခြေအနေအရဆိုရင် စိတ်ထဲမှာ အမျိုးမျိုး အထွေထွေ ခံစားရတာတွေ ရှိပါတယ်..။ အဲဒီ စိတ်တွေထဲမှာ သံဝေဂ တရားလည်း နဲနဲလေးပါလိမ့်မယ်လို့ ထင်ပါတယ်..။ တကယ်တော့ ဘုရားပွင့်ခဲ့ရာ နေရာဒေသကို ရောက်တာဟာ အဆန်းတကျယ် ကိစ္စတော့ မဟုတ်ပါဘူး..။ ဘုရားဆိုတာ ရှိခဲ့တယ်.. ဒီနေရာတွေမှာ ဒီလိုမျိုးတွေ ဟောခဲ့တယ်.. ဘုရားရှင် ကြုံတွေ့ခဲ့ရတာတွေ အများကြီး ရှိခဲ့တယ်..။ တရားပေးခဲ့တယ်.. ဒါမျိုးတွေ ဖြစ်ခဲ့တယ်.. အစရှိသဖြင့် ကျန်ခဲ့တဲ့ လက်ရာတွေကို တွေ့ရလို့ စိတ်ဝင်စားပြီး ပီတီဖြစ်ရတာက တပိုင်း အစောက ဒုက္ခများကို တွေ့ကြုံ ရတော့ အော် ဒို့ လူ့ဘဝဆိုတာ တကယ်တော့ ဒုက္ခဘုံကြီး ပဲ.. ဒါကို ဘုရားက ဒို့လူသားတွေကို သိစေချင် မြင်စေချင်တဲ့ ဆန္ဒရှိခဲ့တာပါလား.. ဒါကြောင့် ဘုရားက မိဘစကားကို ပစ်ပယ်ကာ အေးချမ်းတဲ့ နိဗ္ဗာန် ကို လူတွေအတွက် ဖော်ထုတ် ပေးခဲ့ပြီး အလုံးစုံကို သိမြင်တဲ့ လူသား ဘုရားအဖြစ် ရောက်ခဲ့ တာလား လို့ ကောက်ယူမိပါတယ်..။ တကယ်တော့ ဘုရားသွားမဘူး ရလည်း စိတ်ကို လေ့ကျင့်ပြုစုပျိုးထောင်နိုင်ရင် တကယ့် နိဗ္ဗာန် (နိ.. မရှိခြင်း.. ဝါန.. စွဲလမ်းတပ်မက်မှု) အစစ် ဆိုတာကို ကြိုးပမ်းအားထုတ်ရင် ရောက်နိုင်မယ်လို့ ယုံကြည်ပါတယ်… ..။

ဘုရားပွင့်ခဲ့တဲ့ နေရာ မဇ္စျိမတိုင်းထဲက ( Bihar) ဟာ အိန္ဒိယမှာ အဆင်းရဲဆုံး ပြည်နယ်တခုထဲ ပါဝင်ပါတယ်.. ကျောင်းအလကား.. ရထားလည်း အလကား စီးခွင့်ပေးထားတယ်လို့ မှတ်သားခဲ့ရပါတယ်..။ ပြောမယ်ဆိုရင် အထူးအခွင့်ရေးတွေ အဲဒီ ပြည်နယ်သားတွေမှာ ရှိပါတယ်..။ ဘုရားဖြစ်စဉ်တွေနဲ့ ပတ်သတ်ပြီး ဗုဒ္ဓဂယာအကြောင်း တီဗီတွေမှာ ကြည့်ဖူးကြမှာပါ..မဗေဒါက ဘုရားဖြစ်ဖို့ရာ တရားသုံးခဲ့တဲ့.. ဗောဓိပင်အကြောင်း လေးကို ပြန်လည်ကူးယူ ဖော်ပြပေးပါတယ်.. စိတ်ဝင်စားကြမယ်လို့ ယူဆပါတယ်..။

ညောင်ပင်အောက်ထိုင်၍ အလုံးစုံသောသိမြင်သော ( သဗ္ဗညုတ ) ညဏ်တော်ကို ရတော်မူသဖြင့် ` ဗောဓိ` ဟု ခေါ်တွင်ပါသည်… ဗောဓိ အမည်ရသော သိဒ္ဓတ္တ (သို့ )အလုံးစုံကို သိသူ ( ဗုဒ္ဓ ) အမှီပြုခဲ့သော ညောင်ပင်ကို `ဗောဓိညောင်ပင်`ဟု ခေါ်ဆိုခြင်းဖြစ်ပါတယ်..။ လူတို့တွင် ဘုရားဖြစ်သူသည် အမြတ်ဆုံးပုဂ္ဂိုလ် ဖြစ်၍ ဗုဒ္ဓဟု ခေါ်ဆိုသလို ဘုရားပွင့်ရာမြေသည် အမြတ်ဆုံးဖြစ်၍ ``ဗုဒ္ဓ `` ဟု ခေါ်ဆိုပါသည်… ဗုဒ္ဓ ပွင့်ရာ မြေသည် ဂယာ မြို့နှင့် နီးကပ်လျက် တည်ရှိခြင်းကြောင့် ထိုနေရာနှစ်ခုကို ပေါင်း၍ `ဗုဒ္ဓ ဂယာ ` ဟုခေါ်တွင်ပါသည်..။

(၁) ပဌမအကြိမ် ခုတ်ဖြတ်ခံရခြင်း..။ အသောကမင်း၏ မိဖုရားငယ် တိသာရက္ခာ ( Tissarakkha) သည် ဘုရင်၏ မကြာခဏ သွားရောက်ပူဇော်ခြင်းကို အလိုမရှိသဖြင့် ဗောဓိပင်ကို ခုတ်ဖြတ်ခိုင်းလိုက်၏။ အသောကမင်းသည် ပူဇော်အံ့ဟု သွားရောက်သောအခါ ခုတ်ဖြတ်ခံထားရသော ဗောဓိပင်ကို မြင်သော် နွားနို့ရည်ဖြင့် သွန်းလောင်းကာ ပူဇော်ပြီး အဓိဌာန်ပြုလေသည်..။ ထိုအခါ မူလအတိုင်း ပြန်ပေါက်လာသည်ကို မြင်ရသဖြင့် မင်းကြီးသည် သဒ္ဒါတရား ပိုထက်သန်ကာ အရပ်လေးမျက်နှာကို အုတ်တံတိုင်းကာရံပြီး စောင့်ရှောက်ထားလေသည်..။

(၂) ဒုတိယအကြိမ် ခုတ်ဖြတ်ခံရခြင်း..။ ဘင်္ဂလားပြည်နယ်.. အလယ်ပိုင်း မူရှီဒါဗာဒ်မြို့အနီး ကန္ဒသုဝဏ္က မြို့ ရှီဝ ဘုရင် ဆာဆင်္ကာ သည် ဗောဓိပင်ကို ခုတ်ဖြတ်၍ အမြစ်ပါဘူးပြီး မီးရို့လေသည်..။ ထိုအကြောင်းကိုသိသော မဂဓ ဘုရင် ပူရဏမာရ်မန် သည် အသောကမင်းစသော ဘိုးဘေး အစဉ်အဆက် မြတ်နိုးပူဇော်သကဲ့သို့ ထပ်မံစိုက်ပျိုးခဲ့သည်..။ ဘုရင် ဆာဆင်္ကာသည် နောက်ထပ်တကြိမ် ဗောဓိပင်ကို ဖျက်ဆီးပြန်၏။ ပူရာဏဗာရ်မန်သည်လည်း နောက်ထပ် ပြန်လည် စိုက်ပျိုးပြီးနောက် ဗောဓိပင်ကို ရန်သူတို့ မဖျက်ဆီးနီုင်ရန် ကျောက်လက်ရန်းကြီးဖြင့် ကာရံထားလိုက်သည်..။

(၃) တတိယအကြိမ် ခုတ်ဖြတ်ခံရခြင်း..။ ခရစ်နှစ် (၁၁၉၃) ခု မတ်လ၌ မဂိုလ်မင်း၏ စစ်ဗိုလ်ချုပ်ကြီး မိုကာမက်ဂိုရီ ၏ စစ်ဗိုလ် စစ်သား (၂၀၀၀) တို့သည် ဗုဒ္ဓဂယာ သို့ လာရောက်ကာ ဗောဓိပင်နှင့် စေတီတော် ဘုန်းကြီးကျောင်းများကို မီးရို့ဖျက်ဆီးခဲ့ကြသည်..။
အေဒီ (၁၂) ရာစု အကုန်တွင် အိန္ဒိယပြည်ကြီးသည် မူဆလင် တို့လက်အောက် ကျရောက်ပြီးနောက် မဂိုလ် မင်းတို့သည် မင်းဆက် (၁၃) ဆက်တိုင်အောင် ဒေလီမြို့၌ နန်းစိုက်ကာ အုပ်ချုပ်သွားခဲ့သည်..။ ခရစ်နှစ် (၁၇၂၇) ခုနှစ်တွင် ဟိန္ဒူဘုန်းကြီး မဟန့်ဂိရိ၏ အဘိုးများသည် မဟာဗောဓိပရဝုဏ်နှင့် ဂယာမြို့ဟောင်းနေရာ တာရာဒီးဟ်ရွာကို ဒေလီဘုရင် မိုဟာမက်ရှားထံမှ အပိုင်စား ရရှိသွားလေသည်..။

(၄) စတုတ္တအကြိမ် လဲကျခြင်းနှင့် ငါးကြိမ်မြောက် စိုက်ပျိုးခြင်း…။ ခရစ်နှစ် (၁၈၇၆) တွင် ဗောဓိ ပင်သည် လေမုန်တိုင်းတိုက်ခိုက်ခြင်းကြောင့် လဲကျသွားခဲ့၏..။ ဟိန္ဒူဘုန်းကြီး မဟန့်ဂိရိသည် လေမုန်းတိုင်းဒဏ်ကြောင့် လဲကျသွားသည့် ဗောဓိပင်ကြီးနေရာ၌ ( ဗုဒ္ဓ ဘာသာဝင်များ ဖူးမျှော်ရန်အတွက် ) ဗောဓိပင်ပျို တစ်ပင်( ယ္ခုလက်ရှိပင်) ကို စိုက်ပျိုးခဲ့သည်.. တချို့ကလည်း အလက်ဇန္ဒား ကာနင်ဂန် စိုက် သည်ဟု ဆို၏..။


ပြောမယ်ဆိုရင် မှတ်သားစရာတွေ အများကြီးပါ.။ မဗေဒါလည်း မမှတ်မိတာတွေ အများကြီးပါ..။ ဒီ ဗောဓိညောင်ပင်ကတော့ ကြားဖူးနားဝ ရင်းနှီး ရှိကြတာမို့ ပြန်လည်ဖော်ပြခြင်းပါ..။.. မဗေဒါ အဲဒီဗောဓိပင်က အရွက်များကို ကောက်ယူလာပြီး ရင်းနှီးတဲ့ သူများကိုလည်း ဝေပေးခဲ့ပါတယ်..နောက် လှူခဲ့တာတွေလည်း ရှိတာမို့ ကိုယ့်ဘာသာ သာဓုခေါ်ပါတယ်လို့ ပြောရင်း .. ကြည်းနူးပီတီ ပွားနိုင်ကြပါစေလို့ ..။

သက္ကရာဇ် တွက်ချက်ပုံလေးပါ မသိသေးသူများ.. ဖတ်သားမှတ်သားဖူးသော်လည်း မေ့နေသူများအတွက် ဖော်ပြပေးလိုက်ပါတယ်..။

မဟာသက္ကရာဇ် ဆိုသည်မှာ ဘုရားမပွင့်မီက ဘိုးတော် အဉ္စနမင်းတည်ထားသော သက္ကရာဇ် ကိုခေါ်ပါသည်..။

သာသနာသက္ကရာဇ် ဆိုသည်မှာ ဘုရားပရိနိဗ္ဗာာန် ပြုပြီး၍ ပထမသံဂါယနာ တင်သည့်နှစ်မှစ၍ တွက်သောနှစ်ကို ခေါ်ပါသည်..။

မြန်မာသက္ကရာဇ် ဆိုသည်မှာ ပုပ္ပားစောရဟန်းမင်းလက်ထက် တည်ထားသော သက္ကရာဇ် ဖြစ်သည်..။

ခရစ်နှစ် (ဘီ.. စီ) ခရစ်မပေါ်မီ
ခရစ်နှစ် ( အေ..စီ) ခရစ်တော်ပေါ်ပြီး

သာသာနာ သက္ကရာဇ် သည် မြန်မာသက္ကရာဇ်ထက် ၁၁၈၂ နှစ် ကြီးသည်..။ ခရစ်သက္ကရာဇ်ထက် ၅၄၄ နှစ်ကြီးသည်.. ခရစ်သက္ကရာဇ် ( အေ.. ဒီ) သည် မြန်မာ သက္ကရာဇ် ထက် ၆၃၈ နှစ်ကြီးသည်..။ ထိုကြောင့် ဘုရားရှင် ပရိနိဗာန်ပြုသောနှစ်ကို ခရစ်မပေါ်မီ ၅၄၄ ဟု သာသနာ့သမိုင်းက အတည်ပြုထားသည်..။


ရည်ညွန်းကိုးကားချက်..။ ဆရာတော် ဦးသြဘာသ ( မဇ္ဈိမဒေသ မြို့ရွာများမှ သမိုင်းရုပ်ကြွင်း ပုံရိပ်လွှာများ) .. စာ.. ၁၂၄..။ ထေရဝါဒ ဗုဒ္ဓဘာသာ ( ရေစကြို အရှင်ဧသိက) စာ.. ၁၇


စာလာဖတ်သူများ အားလုံးကို ကျေးဇူးတင်ပါတယ်…။ စိတ်ချမ်းမြေ့ကြပါစေ..။

မဗေဒါ
၁၈.၁၀.၂၀၁၀

6 ဦး၏ဆွေးနွေးချက်:

Unknown said...

ဗေဗေ စာတွေဖတ်သွားတယ်နော် နာလန္ဒာအကြောင်းတော့မပါဘူးနော်ရေးတာ နာလန္ဒာလိုပြောလိုက်ရင် သောစေယျံဆိုတာဘယ်သူလဲသိလောက်ပါတယ် မှတ်မိမယ်ဆိုရင် ထမင်းတောင်ချက်ကြွေးလိုက်သေးတယ်လေ

mabaydar88 said...

ဘုန်းဘုန်းရှင်..

တပည့်တော်ကို ခွင့်လွတ်ပါ.. မဗေဒါက တယောက်.. ဘုန်းကြီးများက အများမို့ မမှတ်မိတာမို့ပါဘုရား.. ချက်ကျွေးခဲ့တာကိုလည်း ကျေးဇူးပါ.. ဘုန်းဘုန်းများ ချက်ကျွေးတာကို စားခဲ့ရတာလည်း အင်မတန်မှ စိတ်မသက်သာလှ ရှိပါတယ်ဘုရား..။

တပည့်တော် ရောက်ခဲ့တဲ့နေရာတွေလည်း အပူရှိန်ရယ်ကြောင့်ရော.. အသက်ကြီးတာရောကြောင့် မမှတ်မိတာတွေ များပါတယ်.. ခွင့်လွတ်ပါ..။

ဘုန်းဘုန်းများ အဆင်ပြေကြပါစေလို့ ..။

မဗေဒါ

ရွှေရတုမှတ်တမ်း said...

ကုလားမင်းသမီးလို ကပြတဲ့အခန်းထည့်ရေးပါဗျို့

ငွေလမင်း said...

ဗုဒ္ဓဂါယာ ကို မရောက်ဖူးပါဘူး
တချိန်တော့ သွားကြည့်ချင်ပါတယ်
အခုလို စိတ်ရှည်ရှည် ပြောပြသွားတာ မှတ်သားစ၇ာများကိုလည်းမှတ်သွားပါတယ်

Myanmar Good Knowledg Co., Ltd said...

သွားချင်လိုက်တာ မဗေဒါရယ်။
စိတ်ဝင်စားတယ်။
ဘုန်းကြီးကျောင်းမှာ ထမင်းစားရတာတို့ အလှူမှာထမင်းစားရတာတို့ ကို သိပ်သတိရတယ်။
ခင်မင်စွာဖြင့်

နွေဆူးလင်္ကာ said...

ရွာလို့သာ တင်စားလိုက်တာပါ မြို့တစ်မြို့ပါပဲ ..