Thursday, October 14, 2010

ချစ်တတ်ကြပါစေ



မြန်မာတွေ တကယ်ပဲ သဘောထား သေးသိမ်သလား…။ မြန်မာအချင်းချင်းကြား စိတ်ပျက်လောက်အောင်ကို အပေါင်းအသင်း လုပ်ဖို့ ဝန်လေးနေကြသလား..။ မြန်မာလူမျိုး တယောက်က အခြား မြန်မာလူမျိုးတယောက်ကို စိတ်ပျက်တယ်.. စိတ်ကုန်တယ်..အပေါင်းအသင်း မလုပ်ချင်ဘူး လို့ ကြားရတဲ့အခါ `` အော် ယဉ်ကျေးမှုတွေ မတူကြလို့`` ဆိုတဲ့စိတ်နဲ့ နားထောင်ရတာ မစိုးလှပေမဲ့.. ကိုယ့်လူမျိုးတခုလုံးကို ချီပြီး စိတ်ပျက်တယ်လို့ ပြောတာကို ကြားရရင်ဖြင့် ပြောသူကို မေးချင်တာကတော့ ကိုယ်ကရော ဘယ်လို သဘောထား ရှိသူလဲဆိုတာ မိမိကိုယ်မိမိ မညာတမ်းဝေဖန်ဖို့ လိုမယ်လို့ ထင်မိပါတယ် ..။

အပေါ်ကပြောတဲ့ စကားမျိုးက မြန်မာ အသိုင်းအဝန်းထဲမှာ နေတော့နေတယ်…ဒါပေမယ့် ဝန်းကျင်တခုလုံးက မြန်မာအသိုင်းအဝန်း မဟုတ်ဘူး.. ဆိုလိုတာက နိုင်ငံရပ်ခြားမှာ နေကြတာများတာ..။ အဲဒီမှာ အလိုမကျတာ စိတ်နဲ့မတွေ့တဲ့ အထာမကျမူတွေ အစရှိတာကို အစပြုလို့ … မြန်မာတွေ ဟာ သိပ် စိတ်ပျက်ဖို့ ကောင်းတယ်ဆိုတဲ့ စကားမျိုး ထွက်လာတာလို့ ထင်တာပါပဲ.. ဆိုတော့ အစောက စကားကိုပြန်ကောက်ရင် ကိုယ်ကရော ဘယ်လောက်ထိ တပါးသူအပေါ် နားလည်နိုင်သလဲ.. ကိုယ်ရဲ့ စဉ်းစားချက်ကရော ဘက် (၂) ခုကို စဉ်းစားပေးတာလား..
..

ပြဿနာ တခုကို ကိုယ့်ဘက်ကချည်းပဲ ချဉ်းကပ်နေတာလား ဆိုတာ ပြန်ကြည့်ရမယ်.. ခက်တော့ခက်သားလား.. လူတယောက်နဲ့ တယောက် အဆင်ပြေ နားလည်နိုင်ဖို့ ဆိုတာ.. တော်ရုံလွယ်တဲ့ ကိစ္စတော့ မဟုတ်ဘူး ထင်ပါတယ် .. ကိုယ်ချစ်လို့ အကြောင်းပါထားကြတဲ့ လင်ယောက်ျား .. ဇနီးတောင် နားလည်အောင် မြင်အောင် မပြောနိုင်လို့ တအိမ်တည်းနေပြီး လစ်လျှူရူထားရတာတွေ… နားလည်အောင် အချိန်ယူ ကျိုးစားကြရတာတွေ အများကြီးပါ..။ သူများ ဆိုတာ တစိမ်းလူတယောက်ပဲ.. ကိုယ်နဲ့ တမိုးအောက်တည်း နေတာမဟုတ်ဘူး..။ ကိုယ်နဲ့ အချိန်ပြည့် ထိတွေ့နေရတာ မဟုတ်ဘူး… ။ သူ ခံစားနေရတာတွေ.. သူ နားလည်ထားတာ သိထားတာတွေ.. သူဖြစ်ချင်တာတွေ.. သူရဲ့ အယူအဆ အစရှိတာတွေကို ကိုယ်က ဘယ်လိုမှ မသိနိုင်ဘူး..။ ဒါကြောင့် နားလည်မှုဆိုတာ အကြောင်းကြောင်းကြောင့် လွဲနိုင်တာမလား..။ အဲဒီတော့ ကိုယ်နဲ့ အယူအဆ.. တခုခု… မတူတာနဲ့ မြန်မာတွေ က ဒီလိုပါလို့ ကောက်ချက်ချတာ လူညံ့တွေအလုပ် လို့ ဆိုရမလားပဲ..။

ကျွန်မအမြင်အရတော့ လူတယောက်ရဲ့ ကောင်းကွက်ကို ရှာတက်ပြောတက်ရသလို.. အားနည်းချက်ကိုလည်း နားလည်ပေးတက်ရင် ကိုယ့်အတွက် နဲနဲတော့ နေလို့ထိုင်လို့ ကောင်းမယ်ထင်တာပဲ..။ နောက်တခုက သူများမှာချည်းပဲ အားနည်းချက် ရှိတာမဟုတ်ပဲ ကိုယ့်ဆီမှာလည်း အားနည်းချက်… ရှိတက်တာကို သတိပြုမိတယ်… ဆိုရင်ဖြင့် အပြစ်ဆိုတာ တခြားသူအတွက် နဲနဲတော့ ပြောဖို့ ခက်မယ်ထင်တာပဲ..။

ဥပမာ ၂ ခုပေးချင်တယ်.. တခုက လက်တွေ့နဲ့ နီးစပ်တာ.. မဗေဒါ တို့က တော်လှန်ရေးဆိုတာနဲ့ပဲ နှစ်ပေါင်းများစွာ နှစ်ပါးသွားခဲ့ကြတာ.. ငွေ ရေးကြေးရေးမှသည် အခြားသော ကိစ္စများထိ ဘာမှ စကားတွေ ရှည်ရှည်ဝေးဝေး ပြောနေစရာမလိုဘူး.. လိုအပ်လား.. … ခရီးတခုတည်း အတူသွားကြတာ.. အတွေးအခေါ် တခုအောက်မှာ ရှိခဲ့ဖူးကြတာ. .ဆိုလိုတာက … ဘာမှ သိပ်မစဉ်းစားနဲ့.. အရာရာသည် ကိုယ့်ကိစ္စလို့ မှတ်ယူတာမို့ ငွေ တပဲရှိရင် တပဲသည် အားလုံးအတွက် မျှဝေချင်စိတ်ဖြစ်ခဲ့ဖူးတာ မဆန်း…။ ဒါပေမယ့် နိုင်ငံရပ်ခြားမှာ နေကြတော့ တော်လှန်ရေးသမား ဘဝနဲ့ တခြားစီဖြစ်တဲ့ ပုံစံ ( ပုံမှန်ဘဝ) များနဲ့ နေကြရပြီ.. ဆိုလိုတာက ငွေရတဲ့ အလုပ် လုပ်ရမယ်.. ဒါမှမဟုတ် ကျောင်းတက်မယ်.. အစ ရှိတာတွေနဲ့ အလုပ်များမယ်.. … ကိုယ့်ဘဝ လိုအပ်ချက် ကြောင့်ပဲ ဖြည့်စွက်ရမှာတွေ များလာတယ်… ။ တဘက်မှာလည်း ကိုယ့်လို မဖြတ်သန်းဖူးတဲ့ ဇနီးသည် ဒါမှမဟုတ် လင်ယောက်ျား ရှိမယ်ဆိုရင်ဖြင့် စကားတွေ အများကြီး နားလည်အောင် ပြောရ ဆွေးနွေးရမယ်.. ဆိုတော့.. ငွေ ပဲဖြစ်ဖြစ်.. နိုင်ငံရေး ကိစ္စ တခုခုမှာ ပါဝင်ပတ်သက်ဖို့ ဆိုတာ နဲနဲတော့ ခက်ခဲသွားမှာပါပဲ..။ အဲလို အခြေအနေမှာ ကိုယ်က တော်လှန်ရေးအတွက် ၅၀၀၀ ပေးနိုင်လို့ မောင်ဖြူ မောင်မဲက တပြားမှ မပေးနိုင်တာဟာ အပြစ်လို့ ယူဆရင်… အဲဒါ ကိုယ့်ကိစ္စပဲ ဖြစ်မယ် ထင်တာပါပဲ.. ။ သူ မပေးနိုင်တာဟာ သူ့ကိစ္စ ဖြစ်ပေမဲ့ ဒီအပေါ်မှာက ကိုယ်က လိုက်ခံစားပြီး .. သူများမပေးခြင်းအပေါ် အပြစ်လို့ ယူဆကာ အပြစ်ပြောနေမယ်ဆိုရင်ဖြင့် အဲဒီလူနဲ့ ဘယ်လိုမှ ဆက်အပ် တော့မှာ မဟုတ်တာ သေချာသွားပါပြီ..။ အဲဒီမှာမှ အဲဒီ အပြစ်ဆိုတဲ့ အခြေခံ စိတ်ကလေးနဲ့ စကားပြောကြမယ်.. ဆိုရင်ဖြင့် ဘယ်အရာကမှ နီးစပ်တဲ့ အခြေအနေကောင်းတခုဆီကို ရောက်လာမှာ မဟုတ်ပါဘူး..။ ဘာဖြစ်လို့လည်း ဆိုတော့ ကိုယ်ရဲ့ စိတ်မှာကိုယ်က ကိုယ်ပေးထားတဲ့ အမှတ်နဲ့ တန်တဲ့ အယုအဆကိုပဲ အဲဒီလူကို ပေးထားပြီးသားမို့ .. လူနှစ်ဦး ဆက်ဆံရေးကြားမှာ ကောင်းမွန်တဲ့ အနေအထားဆီရောက်ဖို့ ဆိုတာ ခက်သွားတယ်လို့ ပြောရမယ် ထင်တာပါပဲ.. ။

နောက်ဥပမာ တခု .. ဆိုပါစို့.. ကိုယ်က လူတယောက်ကို အကျိုးမျှော်ပြီး .. ကူညီမိတယ်စိုပါစို့.. ။ ကူညီကတည်းက စိတ်ထား…မသန့်တဲ့အတွက်… ကူညီပေးခံရသူဆီက မသိမသာ ပြန်လိုချင်နေတဲ့စိတ် … အလိုလို ကိန်းအောင်းပြီးသား ..။ ပြန်မရတဲ့ အကူအညီ အတွက် ငါ့တုန်းက ဒီလို သူ့ကျတော့ ဒီလို ဆိုတာမျိုးတွေ ပြောရပြီ ဆိုကတည်းက ဘယ်လိုမှ ကောင်းမွန်တဲ့ ဆက်ဆံရေးကို မဖြစ်ထွန်းစေပါဘူး.. ။

မိမိကိုယ်တိုင်က စိတ်ထား မရှင်းမလင်း ဖြစ်တာရယ်… စိတ်ထားမသန့်တာရယ်ကြောင့် သူများကို အပြစ်တင်ချင်ဇောနဲ့ မြန်မာလူမျိုးတွေ က အဲလိုချည်းးပဲ လို့ ပြောမယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ်ပဲ အရင် ရဲရဲတင်းတင်း မေးကြည့်ရမယ် ထင်တာပါပဲ..။ ကိုယ်ကရော ဘာလို့ ဒီလိုမြင်တာလည်း.. ငါကရော.. ဘာလို့ ဒီလိုမျှော်လင့် နေရတာလည်း ဆိုတဲ့ အသိတရားလေး ထည့်ပေးရင် အပစ်တင်တာနဲနဲတော့ လျော့သွားမယ် ထင် ပါတယ်..။ မဗေဒါ အမြင်ကတော့ လူမျိုးကိစ္စ မဟုတ်ပါဘူး.. ကိုယ့်ဘာသာ မရှင်းလင်းပဲ.. ဖြစ်နေရတဲ့ အတ္တစိတ်ကြောင့်သာ ဖြစ်မယ်လို့ ထင်ပါတယ်..။ အဲဒီစိတ်အခံနဲ့ လူမျိုးကို ဝါးလုံးသိမ်းရမ်းပြီး စော်ကားတာဟာ အင်မတန်မှ ညံ့လွန်းရာ ရောက်ပါတယ်.. ကိုယ့်လူမျိုးရဲ့ ချစ်စရာ စရိုက်တွေကို မေ့လျှော့ စော်ကားသလို ကိုယ့်စရိုက်ကိုလည်း လှစ်ဟရာ ရောက်ပါတယ်..။ အဆိုးဆုံးကတော့ မိမိကိုယ် မိမိ သုံးသပ်တက်တဲ့ စိတ်ခွန်အား မကျမ်းမာဖြစ်နေတာဆိုရင် ပိုမှန်မယ်ထင်တာပဲ..။

အဲလိုမဟုတ်ပဲ.. မြန်မာလူမျိုးတွေ..နဲ့ အပေါင်းအသင်း လုပ်ရတာ စိတ်ပျက်တယ်… စိတ်ကုန်တယ်… မြန်မာ တွေ … စိတ်ထားမကောင်းဖူး… အတ္တသိပ်ကြီးတယ်. ပြောမယ်ဆိုရင်ဖြင့် ကိုယ်ကိုယ်တိုင်ရော ဘယ်လို လူမျိုးလည်း ဆိုတာနဲ့.. တခြား တခြားသော ကမ္ဘာပေါ်က လူတွေ လည်း လူမို့လို့ အဲသလို ဆင်တူယိုးမှား ပြဿနာတွေ ရှိနေမယ်ဆိုတာ မျက်စိဖွင့်ကြည့်စေချင်တယ်ဆိုတာ ပြောရင်း.. မြန်မာတွေနဲ့ မပေါင်းချင်ဘူး.. စိတ်ကုန်တယ်.. လို့ ဆိုနေသူများ… ကိုယ်ကိုယ်တိုင် ပျော်ရွင်စွာ.. နေထိုင်တတ်သူများအဖြစ် … တဘက်သားကို အပြုသဘော.. နားလည်တက်သူများအဖြစ်… လူ့လောကကြီးထဲ ရပ်တည်နေနိုင် ပါစေလို့.. အားပေးရင်း.. နားပါဦးမည်..။

(မြန်မာလူမျိုးတွေရဲ့ ချစ်စရာစရိုက်များကို မြင်တက်ပါစေ.. အားနည်းချက်များကိုလည်း အပြုသဘောဖြင့် ဖြေရှင်း ပူးပေါင်းတက်ပါစေ … တပြည်တည်းသား အချင်းချင်း ချစ်တတ်သူများအဖြစ်… နေထိုင်နိုင်ကြပါစေလို့ .. ဆန္ဒပြုရင်း ။ )

စာလာဖတ်သူများ အားလုံးကို ခင်မင်စွာဖြင့် …

စာလာဖတ်သူများအားလုံးကို ကျေးဇူးတင်ပါတယ်..။

မဗေဒါ
၁၄.၁၀.၂၀၁၀

4 ဦး၏ဆွေးနွေးချက်:

Myanmar Good Knowledg Co., Ltd said...

မဗေဒါရေ
မင်္ဂလာပါ။
မဖတ်ရတာကြာပြီနော်။
အာပေးတယ်ဗျို့။
ခင်မင်စွာဖြင့်

★သခင်မျိုးဟေ့ဒို့မြန်မာ★ said...

အစ်မ ဗေဒါကို နှိပ်ကွပ်ဖို့ ချောင်းနေတာဗျ။ ကုလားမကိစ္စမှာ ဘာကော်မန့်မှ မတင်ပေးပဲ အားလုံးကို ဆင်ဆာဖြတ်လိုက်တဲ့ ကိစ္စမှာ ဒေါသထွက်နေတာ။ မငယ်နိုင်လိုပဲ လူကြီးမပီသတော့ဘူးလို့ ထင်မှတ်ပြီး ပြဿနာရှာဖို့ စီမံထားတာ။ ဟဲဟဲ။ စိတ်လျှော့လိုက်ပြီ။ အခုလို အမျိုးသားရေး ဆောင်းပါကို ရေးတော့ ကျေးဇူးတင်မိပါတယ်။ မြန်မာအချင်းချင်း အတင်းအဖျင်းတွေပဲပြောသံတွေ.. အပြစ်တင်သံတွေပဲ ဆူညံနေတဲ့ နိုင်ငံရေး ဘလော့တွေမှာ အခုလိုမျိုး အမျိုးသားရေး ဆုံးမစကားလေးပြောတော့ တမျိုး ကြည်နူးမိတယ်။ အစ်မတစ်ယောက်ကို လူချင်းတွေ့ရင် မုန့်လက်ဆောင်လုပ်ပြီး အ၀ကျွေးမယ်။ ကြိုက်လား?

လေးစားလျက်
ဇော်မျိုး

p.s. အထက်က ကြက်တူရွေး ကောင်းမွန်ဝင်း နှင့် မငယ်နိုင်ကိုတော့ ဘာမှ မကျွေးပါ

စန္ဒကူး said...

ဘယ်သူကောင်းကောင်းမကောင်းကောင်း.. ကိုယ်နဲ့တိုက်ရိုက်ထိတွေ့ပတ်သတ်လာရင် ကိုယ့်ဘက် က စိတ်ထားသန့်သန့်နဲ့ ကူညီပေးဖို့ဘဲအရေးကြီးတယ်လို့ ခံယူပါတယ်။၊ ပြန်ရ ဖို့မမျှော်ပေမယ့် ကိုယ်ကူညီခဲ့သားနဲ့ ကိုယ့်အကြောင်း သူများကို အတင်းလိုက်ပြောမှာကိုတော့ ကြောက်တယ်။
မြန်မာတွေချင်းချင်းတွေ့ရင်တော့ပျော်မိတာဘဲ၊ ၀မ်းသာလွန်းလို့ ကူညီလုပ်ပေးခဲ့တာဘဲ။ ဖြစ်စေချင်တဲ့ဆန္ဒနဲ့ တွန်းအားပေးခဲ့တာဘဲ။
အကောင်းမပြောခံရတော့လဲ တစ်ယောက်တည်းကြိတ်ခံစားပေါ့။ ဘယ်တတ်နိုင်မလဲလေ..ကိုယ်က သွားသွားတိုးတာကိုး။
မီးပူတော့ခံရအုံးမှာဘဲ.. ကိုယ်ကိုယ်တိုင်က ပူမနေဖို့တော့ အရေးကြီးတာပေါ့လေ။

Anonymous said...
This comment has been removed by the author.