Tuesday, August 10, 2010

နော်ဝေးအကြောင်း တခုတ်တရဖတ်ကြစို့.. ( ၅ )


(၂၀၀၈) နွေရာသီမှာလည်း မေလလောက်မှာ နေပူပြီးတော့ နွေရာသီလည်းတကယ်ရောက်ရော နေကမပူတော့ပါဘူး၊ ဖြစ်တာကတော့ တနိုင်ငံတည်းမဟုတ်ပါဘူး၊ ဥရောပအပါအဝင် တကမ္ဘာလုံးမှာဖြစ်တာပါ၊ ကြီးလိုက်တဲ့မိုးက မစဲတော့ပါဘူး၊ စိတ်ညစ်လောက်အောင်ကို လမ်းတွေပေါ်ညစ်ပတ်ပေရေ နေတော့တာပါပဲ၊ နွေရာသီရောက်မှ ကဲမယ်ဟဲ့လို့ တွေးထားတဲ့သူတွေအတွက်တော့ မောရတာပေါ့၊- ( ၂ဝဝ၉) ခု နှစ်မှာလည်း နွေရာသီက နွေမဖြစ်တာကြောင့် နော်ဝေးနိုင်ငံသားတွေ စိတ်တိုကြရပါတယ်၊ မိုးရွာတာကပိုများတယ်၊ နေကမပူသလောက်ပါပဲ၊ နေမပူတော့ နေဆာမလုံရတော့သလို နွေရာသီဆိုင်ရာ ပျော်မဲ့အပျော်တွေလည်း ကြက်ပျောက်ငှက်ပျောက် ပျောက်ဆုံးကုန်ကြရတော့တာပါပဲ။ ( ဒီနှစ် ၂၀၁၀ လည်း ထိုနည်းလည်းကောင်းပါပဲ..။)
နေပူတာထက် မိုး ပိုများတယ် ဆိုနိုင်မယ်ထင်ပါတယ်..။

ပုံမှန်ဆိုရင် နော်ဝေးရဲ့ နွေရာသီက ဇွန်လကနေ သြဂုတ်လအထိလောက်ပါ၊၊ ဒါပေမဲ့ ကမ္ဘာပေါ်ကြီး အပြောင်းအလဲ မှာ အပြန်အလှန် အားလုံး ဆက်စပ်မှုတွေက ရှိနေတက်တာမို့ ရာသီ အဝင်စော အထွက်စောတာမျိုးတွေရှိတက်ပါတယ်၊၊ နော်ဝေးနိုင်ငံသားတွေကတော့ ဒီရာသီမှာ ကျောင်းတွေလည်း ပိတ်ပြီမို့ မိဘတွေကလည်း ခွင့်ရပြီမို့ ခရီးထွက်ကြတာမျိုးတွေ ရှိပါတယ်၊၊ နွေရာသီဆိုရင် တိုင်းပြည်ထဲမှာ လူနဲသွားတယ်လို့ ပြောလို့ရပါတယ်၊၊ (အပြင်ကလူတွေလည်း လာလည်တယ်..မြို့ပေါ်ပိုင်းလောက်ပဲ..။) တိုင်းပြည်ထဲ လူမနဲရင်တောင် ကိုယ်နေတဲ့ နေရာလေးမှာ လူနဲသွားပါတယ်..။ ကုန်တိုက် ဆိုတာကလည်း ချောက်ကပ်နေတော့တာပဲ..။ ဒါကြောင့် ပစ္စည်းတွေ ဈေးလျှော့ပြီး လူခေါ်တယ်လို့ ထင်တာပါပဲ..။ နွေရာသီဆိုရင် အဆိုပွဲတွေလည်း ကျင်းပပေးတာမျိုးတွေ ရှိတယ်..။ အပြင်ဘက်မှာပေါ့..။


တကယ်တော့ နွေရာသီက နေပူရှိန်ကိုမျှော်ရင်း နေပူဆာ လုံချင်သူတွေ များသလို ခရီးထွက်ဖို့ အားယူသူတွေလည်း အများကြီးပါ..။ လူအတော်များများက ခရီးထွက်ပါတယ်..။ ဘယ်မှ မသွားရင်တောင် သူတို့နိုင်ငံထဲက မရောက်သေးတဲ့ နေရာတွေ.. ဒါမှမဟုတ်.. အိမ်နီးချင်း နိုင်ငံမှာရှိတဲ့ ကလေး ကစားစရာ နေရာမျိုးတွေကို သွားပို့သူတွေလည်း ရှိတက်ပါတယ်..။ ဥရောပတခွင်.. အာရှ အစရှိတဲ့ဘက်တွေကို သွားကြတာများပါတယ်..။ တချို့ငွေရှိသူတွေကလည်း စပိန်.. လို နိုင်ငံမျိုးမှာ အိမ်လေးတွေ ဝယ်ထားတက်တော့ အဲဒီဘက်ကို ခြေဆန့်ကြတာမျိုးလည်း ရှိပြန်ပါတယ်..။ တချို့ကြပြန်တော့လည်း အိမ်လုံးကားတွေနဲ့ အိမ်နီးချင်းနိုင်ငံကနေ တဆင့်.. ဥရောပထဲ လည်ကြပတ်ကြတာပါပဲ..။ အဲလို လည်ပတ်သူတွေ အများစုက ကိုယ်ပိုင် လုံးချင်းကားမရှိရင်.. ဂျာမဏီမှာ ဈေးသက်သာလို့ သွားဌားကြတာမျိုးတွေလည်း ရှိပါတယ်..။

မိသားစု ရှိတဲ့သူတွေက အများအားဖြင့် ကလေးတွေအတွက် ထည့်စဉ်းစားပြီး လျောက်လည်ပတ် ပေးကြတဲ့သဘောပေါ့.. တချို့တွေဆို ကလေးတွေ သွားချင်တဲ့နေရာကို ဦးစားပေး သွားပို့ကြတာမျိုး တွေလည်းရှိတယ်..။ တနှစ်နဲ့တနှစ် မတူဘူးပေါ့..။ ကလေးရော လူကြီးပါ ပျော်ကြရတာမျိုးပါ.. ဗဟုသုတ တွေလည်း ရကြတာပေါ့..။ ဒါပေမယ့် ကလေး တယောက်တည်း သမားဆိုရင်တော့လည်း ကလေးထိန်းရင်း ပိုပင်ပန်းရ တာမျိုးတွေ ဖြစ်တက်တယ်လို့ ဖတ်မှတ်သားရပါတယ်.. ဖြစ်နိုင်ပါတယ်.. ကလေးက အဖော်မရှိတော့ မိဘကပဲ ကူဆော့ ဂရုစိုက်ထိမ်းပေးရာကနေ ခွင့်အနားယူတာက သားသမီးကို ပိုထိန်းရသလိုဖြစ်နေမှာပဲ လို့ ယူဆရတာပါပဲ..။ ( မဗေဒါတို့ ဆိုလည်း အားလပ်ရက်ရှည်မပြောနဲ့.. စနေ တနင်္ဂနွေ တောင် သားကိုထိမ်းရတာက ပိုများပါတယ်..)

မိသားစု မရှိတဲ့ တချို့လူလွတ်တွေလည်း အလုပ်ကို ဖိလုပ်ကြတယ်..။ လူငယ်တွေက အလုပ်ကို အတော်လေး မက်လာတာမျိုးတွေရှိတယ်..။ ပြောချင်တာက ငွေ ကို ငယ်တုန်းမှာ ပိုရှာသလို ဖြစ်နေတယ်..။ ကျောင်းကိုလည်း တက္ကသိုလ် ထိ သွားဖို့က သိပ်မစဉ်းစားကြဘူး..။ တချို့ကြပြန်တော့လည်း ငွေကို လိုသလောက်ပဲရှာကြတယ်..။ ကျောင်းပညာ ဆက်သင်ကြတယ်..။ တချို့ လူငယ် လူကြီးတွေလည်း နွေရာသီကနေ တဆင့် အလုပ်ရရင်း ကျောင်းဆက်မတက်ပဲ အလုပ်လေးဆက်လုပ်တာမျိုးတွေလည်းရှိတယ်..။ ကျွန်မတို့လို နိုင်ငံခြားသား များလဲ နွေရာသီမှာ အလုပ်သစ်ရှာလို့ ရရင် အလုပ်ထဲ ဝင်ကြရတာပါပဲ.. ။ အဲ အလုပ်ရသွားလို့ ( အမြဲတမ်း) အလုပ်သမား ဖြစ်သွားရင်လည်း လူတိုင်းဟာ ( ၅) ပတ် အားလပ် ရက်ရှည် ယူကိုယူရပါတယ်..။ ဥပမာ ဇွန်.. ဂျူလိုင် လမျိုးတွေက အလုပ်သစ်ရှာတဲ့လ လို့ ပြောရင်ရနိုင်သလို အလုပ်ကနေ ခွင့်ရတဲ့ လတွေ (နားရက် ) လို့ ဆိုနိုင်ပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ ခွင့်သွားမဲ့နေရာမှာ လူသစ်အစားထိုးတဲ့ သဘောပေါ့..။ ဟိုက လူဟောင်း ပြန်လာတော့ လူသစ်က ထွက်ပေးပြန်ပေါ့..။ ဒါမှမဟုတ်လို့ အလုပ်ရှင်က လူလိုနေတယ် ကိုယ့်ကိုလည်း သဘောကျတယ်ဆိုရင် ရက်တိုင်းမဟုတ်တောင် တပါတ်ကို ၂ ရက်လောက် စလုပ်ရတာမျိုးလည်း ရှိပါတယ်.. ။

( အမြဲတမ်းအလုပ်သမား )မဖြစ်သေးရင်လည်း ဖြစ်အောင် အရင်ကြိုးစားလုပ်ကြရတာပါပဲ..။ ဒါပေမယ့်လည်း အဲလိုမဟုတ်လို့ ခွင့်ယူချင်ရင် ယူလို့ ရတာပါပဲ..။ အဲဒီအတွက် ကိုယ့်ဘာသာ ရပ်တည် ရမှာပါ။ ဒီမှာက ရပ်တည်ဖို့ ခက်တော့ ခွင့်ရက်ရှည်ကို ပုံမှန်အလုပ် မရှိသေးရင် ခွင့်မယူရဲကြပါဘူး.. တလ တလ ပေးဖို့စောင့်နေတဲ့ ဘေ တွေက မနည်းမနဲပဲ..။ အဲ နှစ်သက်ရှည် အလုပ်သမား များကြတော့လည်း ဒီလ က အလုပ်မလုပ်ပဲနဲ့ ငွေတွေ အေးအေးဆေးဆေး ဝင်လာသလို အခွန်ငွေတွေလည်း ပြန်ဝင်လာတက်ပါတယ်..။ ဥပမာ.. ကိုယ့်လိုပဲ အောက်ခြေ အလုပ်လုပ်တယ်.. ဒါပေမယ့် အလုပ်သက်က ၁၅ နှစ်ဆိုရင် သူ့လစာက ကိုယ့် ထက် အများကြီး ပိုနေတာကို ပြောတာပါ..။ ဒါကြောင့် အလုပ်ချင်းတူပေမယ့် လုပ်သက်ကြောင့် ငွေ အများကြီးရှိတာမို့ သူဌေးတယောက်လို သုံးနိုင်စွဲနိုင်ပါတယ်..။ ကျွန်မတို့လို အခုမှရောက်ပြီး အလုပ်သက်တမ်း နုသူတွေကတော့ ဆင်းရဲသား အောက်ဆုံးလွာပါပဲ..။ ဒီမှာ အဲလို လူတန်းစားရယ် သိပ်မရှိဘူးလို့ စာအုပ်ထဲမှာ သင်ဖူးတယ်.. လူတွေ ပြောတာကြားဖူးတယ်.. တကယ်တော့ လူတန်းစား ဆိုတာ မရှိဘူးလို့ ဘယ်လောက် ပြောပြော တကယ်က မသိမသာတော့ ရှိတယ်..။ ဥပမာ.. ကျောင်းဆရာ သားသမီး အဝတ်အစားနဲ့ ကျွေးနိုင်တဲ့ အခြေအနေက ကျောင်း အကူ တယောက်ရဲ့ ပုံစံ ကွာကိုကွာပါတယ်..။ ဘယ်လိုယှဉ်ယှဉ် ကွာကို ကွာပါတယ်.. ဒီကြားထဲ ကိုယ်က ရတာက အောက်ခြေ လခ.. ငွေတွေစု.. အစားအသောက်ကို လည်း ခြွေတာ.. အဝတ်အစားလည်း ဖြစ်သလို ဝတ်ဆိုရင်တော့ လူဆင် (ပုံ) က သိပ်ကို ကွာသွားပါပြီ.. ဒါကြောင့် ကျွန်မတို့ ဒီမှာရတဲ့ လခ ဟာ မြန်မာပြည်က အောက်ထစ်စား အလုပ်သမား လခ လိုပါပဲ..။ ကွက်တိပဲ.. ..။


ကျွန်မဆိုရင် အဝတ်အစား .. ကိစ္စမျိုးကို သိပ်ခေါင်းထဲ ထည့်စဉ်းစားတာ မဟုတ်ဘူး.. ကိုယ်အဆင်ပြေရင်ပြီးရော ဆိုပြီး ထသွားတက်တာမျိုး..။ တကယ်တမ်း ယှဉ်သွားရင် အများစုက သားနားနေတော့ ကိုယ်က ဆင်းရဲသလိုမျိုး မပြောင်မရောင် ဖြစ်နေတက်တယ်..။ ဒါကြောင့် ကျောင်းတက်တုန်းက အင်မတန်မှ သတိနဲ့ အကောင်းဆုံးမဟုတ်တောင် အဆင်ပြေအောင် သင့်တင့်အောင် ဝတ်စားရပါတယ်..။ လူမျိုးဂုဏ် ရှိသလို ကိုယ့်ဂုဏ်လည်း ရှိတယ်လို့ နောက်ပိုင်းမှာ တွေးမိတာလည်းပါပါတယ်..။ အဝတ်အစားက အရေးကြီးလားလို့မေးရင် ကျွန်မအတွက် အရေးမကြီးပေမယ့် လူ့သဘောအရ လိုက်လုပ်ရတာမျိုးလို့ ဆိုလိုတာပါ..။ ကိုယ်က ဒီလိုနေတက်လို့ ရိုးရိုးသားသား ဈေးဝယ်ရင် နွမ်းနေတဲ့ အဆင်အယင်ကြောင့် မရှိခိုးနိုး ဖြစ်တက်တာလည်း ပါပါတယ်..။ ဘာဖြစ်လို့ အဲလိုပြောလည်း ဆိုတော့ ကျွန်မယောက်ျားက ကောင်းကောင်းဝတ်တယ်.. သားကိုလည်း ဆောင်းတွင်း ပစ္စည်းဆို ကောင်းတာတွေ အနည်းဆုံး (၈၀၀) တန် ဖိနိပ်မျိုးကို ဝယ်ပေးပါတယ်.. ကျန်းမာရေးအတွက် စဉ်းစားပြီး ဝယ်တာပါ.. ငွေရှိလို့မဟုတ်ပါဘူး.. ၂၀၀ တန်လောက် ဝယ်ပြီး ကလေး ခြေထောက်အေးလို့ ပြန်ကုရင် ပိုကုန် ပိုစိတ်ညစ်ရမှာစိုးလို့ပါ.. ဒီတော့ အဲလိုဈေးကြီးတဲ့ ဆိုင်မျိုးကိုဝင်ရင် ရောင်းတဲ့ ပညာသား မနှံ့တဲ့သူက ကိုယ့်ပုံကို ကြည့်ပြီး ဆုံးဖြတ်တက်တာမို့ ပါ.. ။ တခါက အဖြစ်အပျက်လေးတခု ပြောပြချင်တယ်.. ယောက်ျား ဆေးရုံပေါ် ခွဲစိတ်ခံထားတုန်း သွားကြည့်ပြီး အပြန်မှာပါ.. ဆေးရုံထဲမှာ လက်ထိုး သိုးမွေးတွေ ရောင်းနေတယ်.. ကျွန်မက စိတ်ဝင်စားလို့ ကြည့်တယ်.. အပျံစား မိန်းမ တယောက်လည်း ကြည့်နေတယ်.. ရောင်းသူနဲ့လည်း စကားပြောနေတယ်..။ ကျွန်မကြည့်တော့ ရောင်းသူက မသိချင်ယောင် ဆောင်နေတယ်..။ ဟိုမိန်းမကြီးက အကြာကြီး မေးမြန်းပြီးတော့ ငါ သိပ်သုံးဖြစ်မှာ မဟုတ်ဘူး.. ဆိုပြီး ဘာမှ မဝယ်သွားပါဘူး.. ရောင်းသူ ကျွန်မဘက်လှည့်လာတော့ ကျွန်မလည်း တကယ်လိုနေတာရယ် စိတ်ထဲ မကောင်းတာရယ်ပေါင်းပြီး ခြေအိတ် ၆၀၀ ကျော်ဖိုး ဝယ်ခဲ့တယ်..။ ရောင်းသူ ကျွန်မကို ကျေးဇူးတင်ကြောင်း အခါခါပြောတာ မျက်နှာကြီး ဝင်းသွားတာ ကျွန်မမေ့မရဘူး..။ ဒီလို အကြောင်းပေါင်းစုံကြောင့် လူမှာ အဝတ်ဆိုတဲ့ စကားများ ထားခဲ့ရော့သလားဆိုပြီး ညဏ်အမျှော်ကြီးတဲ့ စာဆိုရှင်များကို တမ်းတ ကျေးဇူးတင် ရပါသေးတယ်..။


အလုပ်ကိစ္စကို ပြန်ဆက်ရရင် ..အကယ်၍ ကိုယ်က ပုံမှန် အလုပ်မရှိပဲ ခွင့်ယူလို့ မလောက်ဌရင် အစိုးရမှာ ငွေသွားတောင်း သွားလျှောက်လို့တော့ မရဘူး..။ အစိုးရ ထောက်ပံ့ထားတဲ့ စာသင်နေချိန်မျိုး ဆိုရင်တော့ ခွင့် ၂ ပါတ်လောက် ရတက်တယ်.. ဒါတောင် အစိုးရ အလုပ်သမားများဖြစ်တဲ့ ကျောင်းဆရာများရဲ့ အားလပ်ခွင့် ရက်ရှည် ယူလို့ပါ..။ တချို့နေရာတွေမှာ မပိတ်ပဲ အလုပ်ခိုင်းတာမျိုးတွေ ရှိတက်ပါတယ်.. ဆိုလိုတာက အလုပ်လုပ်မှ ထမင်းစားရတယ်ပေါ့..။ ဘယ်ဟာမှ အလကားဆိုတာ မရှိဘူး..။ ထမင်း ကျွေးထားရင် ကျွေးတာနဲ့ တန်အောင် တခုခုတော့ လုပ်နေရတာ ဓမ္မတာပဲ..။ ကျောင်းတက်တုန်းကတော့ ကိုယ်တွေလည်း အနားရတာပဲ.. ဘယ်မှာမှ သွားအလုပ် မလုပ်ခဲ့ရဘူး..။ ကိုယ့်ဘာသာ လုပ်ချင်ရင်တော့ အပိုဝင်ငွေ ရတာပေါ့.. ဒါပေမယ့် အလုပ်ရဖို့က ခက်တယ်.. ဒီက ဘာသာစကားက သင်ယူနေချိန်ဆိုတော့ ဘာသာစကားအသိက ဆင်းရဲတယ်လေ..။ အင်္ဂလိပ် လိုဆိုတာကလည်း သုံးပေမဲ့ တကယ်တန်း ယှဉ်လာရင် သူ့ဘာသာကိုပဲ သုံးကြတာဆိုတော့ နော်ဝေးစကားသည်သာ ဒီနိုင်ငံမှာ အရေးပါတယ်လို့ ဆိုရင် မှန်မယ်ထင်တာပါပဲ..။

နွေရာသီအကြောင်း ပြောမယ်ဆိုရင် ဒီလိုလမျိုးကတော့ ငွေထောသလောက် ရှေ့လ သြဂတ် လလောက်ကျရင် ဘာမှမကျန်တော့ပဲ.. ခရက်ဒစ် ကဒ်ထဲကနေ ချေးဌားရတာမျိုးလည်း ရှိပါတယ်..။ ဒါကြောင့် ပစ္စည်းတွေလည်း အင်မတန်ဈေးလျော့ပါတယ်..။ ဝယ်သူတော့ နည်းသွားတာပေါ့.. ဝါးတီးက အဓိက ဖြစ်သွားပြီလေ..။ အခုလည်း မဗေဒါ ဆင်းရဲနေတယ်.. ဒါပေမယ့် .. မပူပါနဲ့.. အကျွေး အော်ကြီး ဟစ်ကျယ် လာတောင်းမဲ့သူ မရှိဘူး.. ကိုယ်ယူထားတဲ့ ငွေတွေကို ဘဏ်ထဲကနေ ပါးပါးလှီးမဲ့သူတွေ ကွန်ပြူတာရှေ့ ထိုင်စောင့်နေပြီးသား..။

အချိန်ယူပြီး စာလာဖတ်တဲ့ သူငယ်ချင်း မိတ်ဆွေ ..များ …အားလုံးကို ကျေးဇူးတင်ပါတယ်..။

မဗေဒါ
၁၀.၀၈.၂၀၁၀

6 ဦး၏ဆွေးနွေးချက်:

Unknown said...

အမရယ်.. ဘာပြောရမလဲတောင် မသိတော့ပါဘူး
အနဲဆုံးတော့ အဲဒီ့မှာက ဆင်းရဲရင်တောင် ပြောင်ပြောင် အဆင့်မှီမှီ ဆင်းရဲတယ်ပေါ့အမရယ်၊ မြန်မာပြည်မှာက ဆင်းရဲရင် တကယ် စုတ်စုတ်ပြတ်ပြတ် ဆင်းရဲတာ ဆိုတော့... ( တိုးညှင်း သောအသံဖြင့် ) အမစာဖတ်ပြီး စိတ်မကောင်းပါဘူး၊၊ နောက်တော့ တဖြေးဖြေး အဆင်ပြေသွားမှာပါ အမရယ်၊၊ အမတို့ အစစ အမြန်ဆုံး အဆင်ပြေပါစေ၊ ကျမ်းမာ၊ ချမ်းသာပါစေလို့ ဆုတောင်းလိုက်ပါတယ် နော်၊၊

မေတ်တာဖြင့်

SHWE ZIN U said...

မဗေဒါ ရေ

နော်ဝေး အကြောင်းတွေ သိရတဲ့ အတွက် ကျေးဇူးပါ အမ လည်း မြန်မာပြည် စတိုးဆိုင် မှာ အင်ကျီ ဝယ်ဘို့ ဈေးမေးတော့ အဲဒါ..... နော် ဆိုလို့ ဒေါသဖြစ်ပြီး ပြန်ခဲ့ပါတယ် ၀ယ်ပြီး သူတို့ရှေ့လွှတ်ပြစ် မလို့ တော်ကြာ သူတို့ က အားရဝမ်းသာ ကောက်ယူ သွားမှာစိုးလို့ မဝယ်ဖြစ်တော့ပါ..

မဗေဒါ မြန်မြန်အဆင်ပြေပြီး သူဌေးမကြီးလို့ သုံးနိုင်ပါစေ လို့ ဆုတောင်းတယ်နော်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

mabaydar88 said...

ညီမ (fammfd )ရေ..

ဟုတ်ပါတယ်ညီမရေ..ဆင်းရဲပေမယ့်လည်း ပြောင်အောင်ဝတ်ရင် ဒီမှာက ပြောင်ပါသေးတယ်..။ ဟဲ.. ။

မရွေစင်.. (ဆုတောင်းတိုင်းသာ ပြည့်စေချင်ပါသည်.. ကိုယ်မလုပ်ချင်သော.. လုပ်ငန်းများကို ထမင်းဝရေး ရည်ရွယ်ကာ.. (အသံ မကောင်းလို့ ဆက်မဆိုချင်တော့ဘူး..။ )

ကျေးဇူးပါ လာဖတ်တာ..။

ဗေဗေ

Myanmar Good Knowledg Co., Ltd said...

မဗေဒါရေ

အပြည့်အ၀ ခံစားလို့ရတယ်။

ကျောင်းတက်တုန်းက “ရန်ကုန်ကို ဆင်းရဲတဲ့ရွာလေးတစ်ရွာက ပညာလာရှာတဲ့ သူလို”ပဲလို့ တွေးမိတယ်။
အခုမိသားစုနဲ့ အလုပ်လုပ်နေရတော့ “ မြန်မာပြည်မှာ နိုင်ငံခြားသား တရုပ်၊ကုလားလူမျိုးတွေ ချွေချွေတာတာ ကြိုးကြိုးစားစား ရုန်းကန်စားသောက်ကြတာ”ကို ပြန်မြင်ယောင်မိတယ်။
ဘ၀။

chokya said...

အစ်မ ဗေဗေရေ.... :) အနော် နော်ဝေးကို လည်လည်လာသွားတယ်ခင်ည :)

ခင်တဲ့(ချိုကျ)

ပေါ့ဆိမ့် said...

ကျွန်တော်သယ်ရင်း ပြောပြတာလေး တွေလည်း ကြားဖူးတယ်. အမဆီကလည်း ဖတ်ဖတ်နေရတော့ ပို မြင်လာတယ်။
အင်း.. .