Friday, July 2, 2010

affirmative action အကြောင်း နှင့် ကျွန်မတို့လုပ်ရမဲ့ အလုပ်များ


အရင်ကတော့ အမျိုးသမီးရေးကိစ္စက နဲနဲလျော့ ရေးမယ်လို့ စဉ်းစားထားတယ်..။ အခုကျတော့လည်း အရင်ရေးထားတာတွေ ပြန်တွေ့တာနဲ့ ပြန်ရေးချင်စိတ် ပေါက်လာပြန်ပါတယ်..။ အမြင်မတူတာတွေလည်း နားထောင် သိရတာပေါ့..။

တိုင်းပြည်တပြည်ဆိုတာကလည်း လိုအပ်ချက်တွေ ပြောမယ်ဆိုရင် မပြီးတက်ဘူးပေါ့..။ တိုင်းပြည် လိုအပ်တာ တွေကို မဖြည့်တဲ့အခါ တကယ်နစ်နာသူတွေကတော့ ပြည်သူပြည်သားများပါပဲ..။ အဓိက နစ်နာသူတွေကတော့ လူဦးရေအားဖြင့် တစ်ဝက်ကျော်ဖြစ်တဲ့ အမျိုးသမီး..ကလေးတွေ ဖြစ်တယ်လို့ စစ်တမ်းတွေကလည်း ဆိုပါတယ်..။ တိုင်းပြည်တပြည်မှာ ပစ္စည်းဥစ္စာ ဆင်းရဲတာထက် အသိ အတွေးအခေါ်တွေ မဆင်းရဲဖို့လိုပါတယ်..။ အခုပြောချင်တာက အမျိုးသမီးရေးတွေကို ဆောင်ရွက်တဲ့အခါ သိသင့်တာနဲ့ လုပ်ပုံများကို နဲနဲဆွေးနွေးချင်တာ ဖြစ်ပါတယ်..။ အမျိုးသမီးတွေ တွေ့ကြုံခံစားနေရတာတွေကို လူတိုင်းက ထုတ်ဖော် ပြောလာပြီး လိုချင်တာတွေကို တောင်းတက်ဖို့လိုသလို ဒီတောင်းဆိုမှုတွေကိုလည်း နားထောင်မဲ့သူတွေက အမျိုးသားဖြစ်နေခြင်းထက် အမျိုးသမီးခေါင်းဆောင်တွေ ဖြစ်မယ်ဆိုရင်တော့ ပိုသင့်တော်သလို အလုပ်လည်း ဖြစ်မယ်လို့ မှန်းဆရပါတယ်..။(နားထောင်မဲ့ အမျိုးသမီးဆိုတာက.. အမျိုးသမီးတွေ ခံစားရတဲ့ ဒုက္ခဆိုတာ ဘာမှန်းမသိပဲ စိတ်ကြိုက်တင်မြှောက်ထားတဲ့ ဘုမသိ ဘလည်း မသိတဲ့ မိုးကျရွေကိုယ် ရွေမင်းသမီး.. ရွေမယားလိုမျိုး ကျောက်ရုပ်တွေကို မဆိုလိုပါဘူး..။ )


တကယ်ကိုယ်စားပြုမဲ့သူက အမျိုးသမီးတွေမှ ဘာကြောင့် သင့်တော်သလည်းဆိုတော့ သူတို့ရဲ့ဖြတ်ကျော် ရင်ဆိုင် ခဲ့ရတဲ့ အတွေ့အကြုံတွေကို သူတို့ထက် ဘယ်သူကမှ ပိုပြီး ပြောနိုင်မှာမဟုတ်သလို သူတို့လိုလည်း ဘယ်သူကမှ ခံစားပေးနိုင်မှာ မဟုတ်လို့ပဲဖြစ်ပါတယ်..။ ဒါကြောင့် ဒီသဘောတရား အယူအဆပါတဲ့ ဥပဒေသဘောအရ အစိုးရတွေ လုပ်ရမယ့် ( အစိုးရဖြစ်ချင်သူတွေ နားလည်ရမယ့်) ကိစ္စကို နဲနဲ ဆွေးနွေးချင်တာပါ..။

အမျိုးသမီးများဟာ ပင်ကိုအားဖြင့်ကို လိင်အားဖြင့် အားနည်းသူတွေ ဖြစ်တယ်..။ အမျိုးသမီးတွေ ဟာ မွေးလာကတည်းကပဲ မင်္ဂလာမရှိ.. အဖျက်အမှောင့်သဘော မကောင်းဆိုးဝါးလို့ ယူဆသူတွေ ဒီနေ့ခေတ်ကြီးထဲမှာ ယူဆနေသူတွေ ဒုနဲ့ဒေး..။ ဒါကြောင့်ပဲ အမျိုးသမီးတွေ လူ့အသိုင်းအဝန်းထဲမှာ ယုံယုံကြည်ကြည်နဲ့ ပါဝင်ပတ်သက်ဖို့ရာ သူတို့ကိုယ်တိုင် မယုံကြည်ကြသလို ယောက်ျားများကလည်း မယုံကြည်ကြဘူး..။ ဒါကြောင့် ကိုယ်စားပြု ရွေးချယ်ရေးတွေမှာ အမျိုးသမီးထက် အမျိုးသားများကိုပဲ ရွေးချယ်ကျတာဟာ ဟိုးအနောက်ကနေ အရှေ့ အထိ အစဉ်အလာဖြစ်နေပါသေးတယ်..။ ဒီတော့ အမျိုးသမီးကိုယ်စားလှယ် .. ခေါင်းဆောင်ရယ်လို့ သိပ်ပြီးတော့ မတွေ့ရတက်ပါဘူး..။ သူတို့က သူတို့ရဲ့ မိသားစုအတွက် တစုံတရာအထိ အရေးပါပေမယ့်လို့ လူ့အဖွဲ့အစည်းတခုလုံး အတွက်တော့ အရေးမပါကြပြန်ပါဘူး..။ အခြား လိင်တခုက လုပ်ပိုင်ခွင့်ရှိနေချိန်မှာ မွေးတဲ့နေရာမတူလို့ အသားအရောင် တွေမတူလို့ မိန်းမဖြစ်နေလို့ စတာတွေကို အကြောင်းပြုပြီး ခွဲခြားထားတာတွေဟာ တရားပါရဲ့လားလို့ တွေးမိပါတယ်..။

မတရားတာတွေကို သိခဲ့ကြတယ်.. မြင်ခဲ့ကြတယ် ဒါပေမယ့်လည်း ဒါကို ဘယ်လိုလုပ်ရမယ်ဆိုတာကို စဉ်းစားတဲ့အခါမှာ တိုင်းပြည်ရဲ့ အခရာကျတဲ့ ဥပဒေနဲ့ပဲ ပြန်လည်ထိမ်းချုပ် ခိုင်းရမယ်ဆိုတဲ့ စဉ်းစားချက်တွေ ရှိခဲ့ပြန်ပါတယ်..။ ဒါကြောင့်ဒီနေရာမှာ အားလုံးနဲ့ အကျုံးဝင်တဲ့ နောက် နိုင်ငံအတော်များများမှာ မွေးစားပြီး အကောင်အထည် ဖော်လုပ်ကိုင်နေရတဲ့ ယာယီ အထူးအရေးယူဆောင်ရွက်ချက် ( affirmative action ) အကြောင်းကို ပြောပြချင်ပါတယ်..။ ဒီလုပ်ငန်းများဟာ တကယ့်ကို အမျိုးသမီးတွေအတွက် သိပ်အရေး ပါတယ်ဆိုတာကို အမျိုးသမီးတွေကိုယ်တိုင်က နားလည်လက်ခံဖို့လိုသလို လူ့အသိုင်းအဝန်း ထဲမှာလည်း ဒီကိစ္စကိုလက်ခံပြီး ဆောင်ရွက်လိုချင်စိတ် ရှိဖို့လိုပါတယ်..။

(affirmative action ) ဆောင်ရွက်ချက် ဖြစ်ပေါ်လာပုံ အစကကတော့ အမေရိကန်ပါပဲ..။ အမေရိကန်မှာက လူပေါင်းစုံ အခြေလာချခဲ့တာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော်ကတည်းကပဲ..။ နိုင်ငံပေါင်းစုံကလာကြတယ်.. အာရှတိုက်ဘက်က .. မြောက်အမေရိကတိုက် .. ဥရောပ က အစပေါ့..။ နော်ဝေးကဆိုလည်း တိုင်းပြည်ရဲ့ သုံးပုံ တပုံနည်းပါးလောက်ကို သွားခဲ့ကြတာ..။ အမေရိကရောက်တော့ မျိုးမတူသူတွေကြား ခွဲခြားဖိနှိပ်မှုတွေက ပြင်းထန်တာပါပဲ..။ အဲဒီဖိနှိပ်ခံရမှုမှာလည်း အမျိုးသမီးတွေလည်း ခံစားခဲ့ကြရတာပေါ့ (အခုထိပဲ) အာဖရိက ဆိုရင် အမဲတွေက ကျွန်အဖြစ် ဝယ်ယူထားရာကနေ ရောက်ရှိလာခဲ့ကြတာ အားလုံးအသိ..။ ဒီလိုပဲ ကျန်သူတွေကလည်း အောက်ခြေ လုပ်ငန်းတွေမှာ လုပ်ကိုင်ဖို့ စွန့်စားရောက်ရှိလာခဲ့ကြတယ်ဆိုတော့ အခွင့်အရေး ကိစ္စတွေက ယခင် ရှိပြီးသားလူတွေနဲ့ ဘယ်လိုမှ တူနိုင်မှာ မဟုတ်ပါဘူး..။ အထူးသဖြင့်တော့ အမျိုးသမီးတွေပေါ့..။ အမျိုးသမီးတွေဆိုရင်လည်း ဆရာဝန်လို အလုပ်မပြောနဲ့ အဖျော်ယမကာဆိုင်..နဲ့ အခြား အောက်ခြေ လုပ်ငန်းများမှာတောင် လုပ်ကိုင်ခွင့် မရခဲ့ကြပြန်ပါဘူး..။ မလုပ်ရဘူးဆိုတာ လူတွေက ပါးစပ်နဲ့ပြောတာ မဟုတ်ပဲ ဥပဒေ အရကို မလုပ်ရလို့ ပြဌာန်းထားတာ ဖြစ်ခဲ့ပါတယ်..။ ဒါကြောင့် ဒီတရားဝင်ဖြစ်နေတဲ့ ပိတ်ပင် တားဆီးမှုတွေ ကို ရင်ဆိုင်ဖို့ စဉ်းစားခဲ့ကြပါတယ်..။

(၁၉၆၁) မှာ အမေရိကန် သမတ ဂျွန်အက်ဖ်ကနေဒီ လက်ထက်မှာ နှစ်ရှည်လများက ဖြစ်နေခဲ့တဲ့ အစောက ဖိနှိပ်ခွဲခြားမှုတွေကို ပြေလည်ဖို့ ဥပဒေနဲ့ အတည်ပြု ပြဌာန်းတဲ့ အချိန်မှာ (affirmative action) ကို စတင်သုံးစွဲခဲ့တာ ဖြစ်ပါတယ်..။ ဒီလိုပြဌာန်းမှုကတော့ ပြဌာန်းမှုအဆင့်လောက် ( သီအိုရီ) သဘော အဆင့်လို့ ပြောရင်ရနိုင်ပါတယ်..။ ဒီပြဌာန်းမှုရဲ့ နောက်ဆက်တွဲ အနေနဲ့ကတော့ ပြည်သူပြည်သား အခွင့်အရေးတွေကို သွားအထောက်အကူ ပြုတယ်လို့ ဆိုရပါမယ်..။ ( ၁၉၆၅) ရောက်တဲ့အခါမှာ သမတ ( Lyndon B.Johnson) ကနေပြီး ပါးစပ်ပြော မဟုတ်ပဲနဲ့ ငါပြောငါလုပ် လက်တွေ့ဖြစ်ရအောင် ထပ်ပြီးမူသစ်ကို ထပ်လောင်းပြဌာန်းပါတယ်..။

ဥပဒေဆိုတာကလည်း သိတဲ့အတိုင်း စာရွက်ထဲပဲ ရှိနေရင် အလုပ်ဖြစ်တာ မဟုတ်ဘူး.. လိုက်လုပ်တဲ့ အကောင်အထည်ဖော်သူ ရှိမှ အသက်ဝင်တာမလား..။ အမေရိကန် သမတ အဆင့်ဆင့်လက်ထက်မှာ ဒီ (affirmative action) ကို တိကျတဲ့ ရည်မှန်းချက်တွေ ချိန်ကိုက်လုပ်ဆောင်မှုတွေ အသေးစိတ် အလုပ်ကလေးတွေကို လုပ်ဆောင်ဖို့ တိုက်တွန်းခဲ့ပြန်ပါတယ်..။ ခြုံပြောရရင်တော့ နိုင်ငံရေးသမားတွေကနေ ဦးဆောင်ဦးရွက်ပြုလို့ ဒီသမိုင်းကြောင်း ရှိခဲ့တာဖြစ်ပါတယ်..။

ဒီ (affirmative action)ဟာက ပြောမယ်ဆိုရင် လူ့အဖွဲ့အစည်းထဲမှာ အကြောင်းကြောင်းကြောင့် ဖိနှိပ်ခွဲခြားခံနေရသူတွေကို ကိုယ်စားပြုမဲ့သူတွေ ရှိလာအောင် လုပ်ဆောင်ပေးတဲ့ သဘောတရား တခုပါပဲ..။ ဒါကိုလုပ်ဆောင် လိုက်တာဟာလည်း မတူတဲ့လူတွေကြားမှာ ဖြစ်ပေါ်နေတဲ့ ကိစ္စတွေကို အထောက်အကူ ပေးတာဖြစ်တယ်လို့ ခံယူနားလည် တက်ဖို့လိုပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ လူတွေလာခဲ့ကြတဲ့ အခြေအနေတွေ တစုနဲ့တစု တယောက်နဲ့တယောက် တူညီမှု မရှိကြလို့ပါပဲ..။ တကယ်တော့လည်း လူတွေဟာ တယောက်နဲ့ တယောက် ဘယ်လိုမှ တူညီတဲ့ အခြေအနေတွေကနေ လာခဲ့ကြတာ မဟုတ်ဘူးဆိုတော့ အခုလို လုပ်ဆောင်ချက်က အင်မတန် အရေးပါတယ်လို့ ယူဆရပါတယ်..။ နောက်ခံသမိုင်း.. အရည်အချင်း.. အတွေးအခေါ်တွေ ကွာနေတက်ပါတယ်..။ ဒါကို အသိအမှတ်ပြုရမယ်ဆိုတဲ့ သဘောတရားတွေက (affirmative action ) မှာ ပါဝင် နေပါတယ်..။ မတူတာတွေကို အကြောင်းပြပြီးတော့ ခွဲခြား.. ဖိနှိပ်တာတွေ ရှိမနေသင့်ဘူးဆိုတဲ့ သဘောပါ..။



ဒါကြောင့် ဒီပြဌာန်းမှုက အမျိုးသမီးတွေဟာ တူညီတဲ့ အရည်အချင်းတွေ ရှိနေပါလျှက်နဲ့ လူ့အသိုင်းအဝန်းထဲမှာ ပါဝင်ပတ်သက်နေခွင့် မရတာကို ကျော်နိုင်အောင်ဆောင်ရွက်ဖို့ အမိန့်ပေးထားသလို အမျိုးသမီးတွေကို ဆွဲခေါ်ဖို့ကိုလည်း အားပေးပါတယ်..။ ( ဆွဲခေါ်ရမယ်ဆိုတာကတော့ အကြောင်း ကြောင်းကြောင့် နှစ်ပေါင်းများစွာ ပါဝင်ခွင့်မရတာတွေအတွက် အစားထိုးဆောင်ရွက်မှု သဘောလည်း ဆောင်ပါတယ်..။ ) ဒီလို လူတယောက်ကို အသိအမှတ်ပြုမှုဟာ အခြားလူတယောက်ကို အသိမှတ်ပြုမှု လျှော့သွားတာမဟုတ်သလို ဘေးဖက်ခံလိုက်ရတာလည်း မဟုတ်ပါဘူး..။

တူညီတဲ့အရည်အချင်း ရှိနေသူတယောက်အပေါ် ဖိနှိပ်မှုတွေကြောင့် လမ်းမရှိတော့ဘူးဆိုတဲ့ သဘောသက် ရောက်မယ် ထင်ပါတယ်..။ ဒါကြောင့် အမျိုးသမီးတွေ ကိစ္စမှာလည်း သူတို့ ကိုယ်စားပြုရမယ့် သဘော ပါဝင်ရမယ့် ရာခိုင်နှုန်း (ကိုတာ) ပုံစံမျိုးတွေကို ရည်ရွယ် ညွန်းတာလည်း ဖြစ်ပါတယ်..။ ပြဌာန်းရုံသက်သက်လည်း မဟုတ်ပြန်ဘူး.. သေချာတဲ့ ဆောင်ရွက်မှုတွေကို အထောက်အပံ့တွေကို လိုလိုလားလားနဲ့ လုပ်ပေးရမှာ ဖြစ်ပါတယ်..။ ဟန်ပြ လုပ်ပေးတာမျိုး မဖြစ်စေရဘူးပေါ့..။ ဆိုလိုတာက အမျိုးသမီးတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကိုယ်ရော စိတ်ပါ နားလည်တက်သိစွာ လုပ်ပေးမဲ့သူတွေ ဖြစ်ဖို့ လိုပါတယ်..။

မြန်မာပြည်မှာလည်း အမျိုးသမီးတွေအကြောင်းကို တကယ်တက်သိ နားလည်ပြီး လုပ်ဆောင်ပေးမဲ့သူတွေ တကယ်လိုနေပါတယ်..။ အစိုးရကိုယ်စားပြု အမြင်ကောင်းအောင် အစည်းအဝေးတွေ သွားတက်တာလောက်နဲ့ အမျိုးသမီးတွေဘဝကို ကိုယ်စားမပြုနိုင်ဘူးလို့ ထင်ပါတယ်..။ အဲဒီမှာမှ ကိုတာစနစ်နဲ့ သွားဆက်စပ်ပြီး အပြန်အလှန်ဆက်စပ် အထောက်အကူ ပြု လုပ်ဆောင်နိုင်မယ်လို့ တွေးမိပါတယ်..။

နောက် (affirmative action ) နဲ့ ကိုတာ (quota ) လုပ်တဲ့အခါမှာလည်း တလွဲဖြစ်နေတာလေးတွေကို နဲနဲ သတိထားရပါလိမ့်မယ်..။ ဒါကတော့ ပြဌာန်းထားတာနဲ့ ဖြစ်ပေါ်လာတဲ့ အကျိုးရလာဒ် အခြေအနေတွေ လွဲနေတာမျိုးပါ..။ ဥပမာအားဖြင့် အမျိုးသမီးရေး တိုးတက်အောင် ဆိုပြီး တွေ့တဲ့ မိန်းမ ( ဗိုလ်မှူးကတော်.. ဗိုလ်ချုပ်ကတော်.. နာမည်ကျော်စီးပွားရေးသမား စတာမျိုး) တွေကို ထည့်လာပြီး အမျိုးသမီးတွေ အတွက် လုပ်နေတာပဲလို့ အသံကောင်းဟစ်လို့မရပါဘူး..။ လုပ်ဆောင်ရမဲ့ နည်းနာ.. သဘောတရား.. နောက် တကယ့်စေတနာ ပဲဖြစ်ပါတယ်..။ ဒါမှလည်း တကယ့်ကို အမျိုးသမီးတွေ ဘာလိုတယ် ဘာခံစားနေရတယ်.. ဆိုတာမျိုးကို သေချာနားလည် သဘောပေါက် ကူညီနိုင်မှာဖြစ်ပါတယ်..။

နိဂုံးချုပ်ပြောရရင်တော့ မြန်မာပြည်ဟာ စီးဒေါ (CEDAW) ကို လတ်မှတ်ထိုးခဲ့ပါတယ်..။ ကျွန်မတက်ရောက်ခဲ့တဲ့ နယူးယောက်က စီးဒေါ ကော်မတီ ရှေ့မှောက်မှာ မြန်မာစစ်အစိုးရ ကိုယ်စားလှယ်များက အကောင်အထည်ဖော်ဆောင်ပါ့မယ်လို့ ပေးခဲ့တဲ့ ကတိကဝတ်တွေကို ကြားနားဖူးပါတယ်..။ လုပ်နေတာတွေကလည်း အခုထိတော့ အားရစရာ မရှိသလောက်ပါပဲ..။ ဆိုလိုတာက ဟိုး အသေးစိတ် ကျောင်းသုံးပြဌာန်း စာအုပ်ထဲက ခွဲခြားမှုကနေ လူကုန်ကူးခံရတာမျိုး နောက် ရွေးကောက်ပွဲမှာ ပါဝင်ရမဲ့ ကိစ္စလိုမျိုးထိ အားလုံးအရေးတကြီး ပါဝင်ပတ်သက်ပါတယ်..။ ဒါကြောင့် တကယ်လုပ်မဲ့သူများ အမှန်အကန် ကိုယ်စားပြုမဲ့သူတွေ အများကြီးလိုတယ်လို့ ပြောရင်း နားပါဦးမည်..။

(ဒီနေ့က မြန်မာအမျိုးသမီးများနေ့အဖြစ် မြန်မာပြည်ထဲမှာ စစ်အစိုးရက ကျင်းပပေးတယ်လို့ဆိုထားတာကြောင့် အခုတင်ပြထားတဲ့ အကြောင်းအရာတွေနဲ့ မြန်မာအမျိုးသမီး ( အသိုင်းအဝန်း) တို့ ကြား အပေါ်မှာ တင်ပြထားတာတွေ ဘယ်လောက်ထိ သိနေပါပြီလဲ.. အစိုးရက ဘာတွေများ ဆက်စပ်နေမိပါပြီလဲဆိုတာကို မေးချင်တာနဲ့ အရင်ရေးထားတာကို ပြန်လည်ရေးသား ထားတာဖြစ်ပါတယ်.. ဒီအကြောင်းအရာက လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ပြည်ပမှာ အမျိုးသမီးရေး အကြောင်းအရာတခုအဖြစ် ဆွေးနွေးခဲ့သလို ယူအန် ရဲ့ စာတွေထဲ မဖြစ်မနေ တွေ့ရတက်တဲ့ အရေးပါတဲ့ စာလုံးတလုံးအဖြစ်လည်း ရှိနေသေးတယ်လို့ ယူဆရပါသေးတယ်..။ )

မဗေဒါ (၈၈)
၀၃.၀၇.၂၀၁၀


9 ဦး၏ဆွေးနွေးချက်:

SHWE ZIN U said...

သြ ညီမ ဒီနေ့က မြန်မာအမျိုးသမီးများနေ့လား သိတောင်မသိဘူး

အမထင်တာကတော့ အမတို့ နိုင်ငံမှာ အမျိုးသမီး ဆိုပြီး တအားခွဲခြားဆက်ဆံတာမျိုး မရှိဘူးထင်ပါတယ်

နောက်ပြီး ကိုတာ စံနစ် ထက် တကယ်တော်တဲ့ သူတွေ ကိုဘဲ ရှေ့မှာနေစေချင်ပါတယ်

ယောက်ကျားတွေဘဲ တော်ရင် သူတို့ နေကြပေါ့ မိန်းမ တွေဘဲတော်ရင်လည်း မိန်းမတွေ နေကြပေါ့ တကယ် မတော်တဲ့ သူတွေကိုတော့ နေရာမပေးချင်ဘူး ဒါက အမသဘောထားနော် ညီမ ဆွေးနွေးဆိုလို့ ဆွေးနွေးပေးတာပါ

ဒါပေမဲ့ မြန်မာပြည် ဆေးကျောင်းဝင်ခွင့် မှာတော့ ယောက်ကျား မိန်းမ အမှတ်တွေ တော်တော် ကွာတယ်

အမသိတဲ့ မိန်းခလေးတယောက် ဟာ သူသာ ယောက်ကျားလေး ဖြစ်မယ်ဆိုရင် သူတက်ချင်တဲ့ ဆေးအမှတ်မှီတဲ့ အပြင် ပိုတောင်နေသေးတယ်

အဲဒီလောက် ဘာလို့ကွာနေသလည်း မသိဘူး မိန်းမ တွေ က ပိုတော်နေလို့ ဆရာဝန်မ တွေများနေမှာ ဆိုးလို့ထင်ပါရဲ့

ကဲ ညီမရေ တော်ပြီနော်

ခင်မင်စွာဖြင့်

Zay Tar Yar said...

မိန်းခလေးအကြောင်းတွေကြီးမေ၇းနဲ့ လေ ယောကျာင်္းလေး တွေအကြောင်းလေးလဲရေးမှပေါ့ အတောင်၂၀၀တ်မင်းယောကျာင်္း ဘာညာနဲ့ရေးပေးပါအုံး
နေကောင်းတယ်နော် ဗေဗေ။။

သူကြီးမင်း (တုံးဖလား) said...

လုပ်နိုင်တဲ့သူကို နေရာပေးတာ အဖြစ်သင့်ဆုံးပါ။
ကျားကျား မမပေါ့။

Myanmar Good Knowledg Co., Ltd said...

မြန်မာပြည်အပြင်က အကြောင်းကိုရော၊ မြန်မြာ့ပည်အတွင်းက အကြောင်းကိုပါ၊
ဒီပို့စ်နဲ့ ပို့စ်ရဲ့ ကော်မန့်တွေကနေ ဖတ်ခွင့်ရတာ ကို ကျေးဇူးတင်တယ်လို့ပဲ ပြောပါရစေ။

ခင်မင်လျှက်

ကိုကိုးအိမ်(မန္တလေး) said...

ဟုတ်တယ်နော် မြန်မာနိုင်ငံမှာ အမျိုးသမီးတွေကိုအရမ်းခွဲခြားတာမျိုး သိပ်မတွေ့ရပါဘူ။
ကိုကိုးတို့ဆိုလည်း မိန်းကလေးတွေဆို ဟေ့ကောင်ဘာညာဆိုပြီး တန်းတူဆက်ဆံတာပါပဲ။ ယောကျားမှရယ် မိန်းမမှရယ်မဟုတ်ပါဘူး။ ဒါပေမယ့် တက္ကသိုလ်တက်ဖို့ဆို ဘယ်မှာပဲနေနေ မိန်းကလေးက အမှတ်ပိုများပါတယ်။ ဘယ်လောက်ပဲများများ ဆရာဝန်မတွေလည်း အများကြီးထွက်တာပါပဲ.။ အဲဒါကို တာ့ မိန်းကလေးတွေကို ချီးကျူးပါတယ်။

ကိုကိုးအိမ်

မောင်သီဟ said...

အစ်မရေ ဖတ်မှတ်သွားတယ်ဗျာ့
တားက သိပ်မပြောတော့ဖူးနော်
ဗန္ဓုလသွေးနှစ်ပုလင်းပါလို့လေး)
မိန်းကလေးတွေကို ခွဲခြားဆက်ဆံလိုစိတ်မရှိပါဖူး
တန်းတူပဲ ဆက်ဆံပါတယ်ဗျား)ကားတိုးစီးတိုင်း အားနာပြီး နောက်ဆုံးမှာချောင်ကပ်နေတာချည်းပဲ ထိုင်ခုံလည်းတခါမှမရ ဦးစားပေးတာကိုပြောတာပါး)

Unknown said...

မြန်မာပြည်မှာအမျိုးသမီးတွေကိုအမတစ်ဘက်စောင်းနင်း
ပြောသလိုမခွဲခြားပါဘူး။ကြည့်ရတာအမကမြန်မာပြည်နဲ့တော်တော်လေးကင်းကွာနေပုံပဲ။စကားပုံတစ်ခုတော့ရှိတယ်
ကြက်မတွန်လို့မိုးမလင်းပါဘူး။ဒါလေးတော့မှတ်ထားစေချင်တယ်။မြန်မာပြည်ကမိန်းမတွေကတော်ပါတယ်။မခွဲခြားပါဘူး။အမျိုးသမီးတွေဟာပင်ကိုယ်အားဖြင့်စိတ်ထားနုညံ့ကြပါတယ်။စိတ်ထားဘယ်လောက်မာပါတယ်ပြောတဲ့အမျိုးသမီးဖြစ်ဖြစ်..သူတို့မှာနုညံ့တဲ့စိတ်ထားရှိနေတာကိုက
ခေါင်းဆောင်လုပ်လို့မရတဲ့အချက်ပါ။ခေါင်းဆောင်တစ်ယောက်ဖြစ်ဖို့စိတ်ဓါတ်မာမှရမယ်။မိန်းမဟာမိန်းမပါပဲ။
မြန်မာပြည်မှာတော့ယောကျားဟာအိမ်ဦးနတ်ဆိုပေမယ့်မိန်းမတွေကိုချယ်လှယ်ခွင့်ပြုထားပါတယ်။ဒါအချစ်ပါ၊ယောကျားတွေရဲ့အချစ်ပါ။ဟဲဟဲ၊မြန်မာပြည်ကအမျိုးသမီးအခွင့်အရေးကမဗေဒါပြောသလောက်မဆိုးဝါးသေးပါဘူး၊မြန်မာပြည်မှာလာနေကြည့်ပါအုံး၊အဝေးကနေသူများပြောတာတွေကိုနားထောင်ပြီး။ဇွပ်အတင်းမရေးပါနဲ့အုံး။
ခြင်္သေ့

Unknown said...

သို့ ဘလော့ပိုင်ရှင်မဗေဒါ၊ဘလော့ရေးသားကိုရပ်ဆိုင်း
လိုက်ပါရန်ပြန်တိုက်တွန်းပါသည်။သင်သည်ဘလော့
ရေးသားခြင်း၊စာပေရေးသားခြင်းနှင့်မကိုက်ညီပါ။
ဒီမိုကရေစီလှုပ်ရှားသူအမည်ခံပြီး၊စစ်အစိုးရသဏ္ဏာန်
ဖော်ဆောင်နေတာဘာလဲ၊သင့်၏စီဘောက်မှာဒီမိုကရေ
မှန်ကန်ပါကလွပ်လပ်တာပြောဆိုခွင့်ရှိသည်။တစ်ခြား
တစ်ခြားသောနိုင်ငံရေးဆိုဒ်များတွင်လွပ်လပ်စွာပြောဆို
ခွင့်၇ှိတယ်၊ ၀ မရှိပဲ ၀ိ မလုပ်ပါနှင့်၊သင့်မှာပြန်လည်
ဖြေရှင်းနိုင်သောသတ္တိမရှိ၊ထို့ကြောင့် ဘလော့စာပေ
ရေးသားခြင်းမှရပ်ဆိုင်းပစ်ပါ၊သင်ရေသားသောစာပေ
များသည်လည်း တစ်ဖက်စွန်းရောက်ရှိလွန်းသည်။
အတက်ကျူးအရူးဖြစ်နေပြီ၊
ခြင်္သေ့

Unknown said...

ပြန်လည်ဆွေးနွေးပါ မဗေဒါ၊
မဗေဒါကတစ်ယောက်ထဲ ဘဲအုပ်ကတစ်ရာနှစ်ရာဖြစ်နေ
ပြီနော်...သတိပေးတာပါ..ဟဲဟဲ