Saturday, June 26, 2010

ဆွီဒင်နိုင်ငံ ( Hallsberg) မြို့က ကိုလိုနီ အကြောင်း

ဆွီဒင်နိုင်ငံ ( Hallsberg) မြို့လေးမှာ သူငယ်ချင်းတွေနဲ့ ပွားလိုက် စားလိုက် ချက်လိုက်ပြုတ်လိုက်နဲ့ ရှိနေပါတယ်..။သူတို့နဲ့ကတော့ နှစ်ပေါင်း ၁၅ နှစ်လောက် အတူတကွ လုပ်ကိုင်ခဲ့ဖူးတော့ အကြောင်းသိတွေပေါ့..။ သူတို့နဲ့ အတူ နေရင်း စိုက်ခင်း လေးကို စိတ်ဝင်စားတယ်..။ ဒီမှာ စိုက်ခင်းလေးတွေ စိုက်ပျိုးကြတယ်..။ မြန်မာပြည်သားတွေကတော့ ကရင်.. ဗမာ..မွတ်စလင် များပါ..။

ကိုယ်ပိုင်စိုက်ခင်းလေးတွေ ကိုယ်စီစိုက်ကြတယ်..။ အဓိက စိုက်တာကတော့ ကန်စွန်းရွက်.. ပူစီနံ..နံနံပင်..ပဲထောင့်ရှည်သီး မုန်ညှင်း.. အာလူး.. ခရမ်း.. ရွေဖရုံ..ဘူးသီး.. ကိုက်လံ၊ နော်ဝေး ချဉ်ပေါင် အစ ရှိသဖြင့်ပေါ့..။ ဒီမှာက ဝယ်စားရတော့ နဲနဲ ဈေးကြီးတယ်မလား..။ စိုက်စားတော့ အချိန်တော့ကုန်တယ်.. ဒါပေမယ့် လတ်ဆက်တယ်.. သက်သာတယ်....။ နောက်အရေးကြီးဆုံး အချက်ကတော့ စိုက်ခင်းကိုကြည့်ပြီး ပီတီဖြစ်ရတယ်..။ ကိုယ်စိုက်ထားတာလေးတွေ တက်လာတော့ ဝမ်းသာတယ်.. ကြည်နုးတယ်.. အချိန်ကုန်မှန်းမသိ ကုန်သွားတာပေါ့..။

ရုပ်ပုံပေါ် ကလစ်နှိပ်၍ အကြီးကြည့်နိုင်ပါသည်။

လူတိုင်းတော့လည်း စိုက်ပျိုးတာမဟုတ်ပါဘူး.. တချို့တွေစိုက်စားကြတာပေါ့..။ ထွက်လာတဲ့ အပင်လေးတွေကို ရင်းနှီးတဲ့သူကို ဝေပေးတာ.. ဒါမှမဟုတ်.. ထိုင်းဈေးကားမှာ လျှော့ဈေးနဲ့ ပြန်ရောင်းတာ.. ဒါမှမဟုတ်လည်း မြေဇာအဖြစ် ပြန်ထားတာတွေ လုပ်ကြတယ်..။ အများစုကတော့ စားဖို့စိုက်ကြတာပါ.. ဒါပေမယ့်လည်း ပိုလျှံလာရင်တော့ ခုနပြောသလို လုပ်ကြတာပေါ့..။

အဲလိုစိုက်ခင်းအတွက် တနှစ်ကို (၃၀၀)လောက် ပေးဌားကြရတယ်..။ ရေဖိုးသဘော ပေးဆောင်ရတာပါ..။ စိုက်ခင်းကို ဝင်လိုက်ရင် သူရဲ့ အဖွဲ့လိုဟာမျိုး အမည်လေးရေးထားတဲ့ ဆိုင်းဘုတ်ကို တွေ့နိုင်တယ်.. ဆွီဒင် အလံလေးနဲ့ပေါ့..။ အဲဒီမှာ ကိုယ့်စိုက်ခင်းနဲ့ကိုယ်.. ကြိုက်ရာ စိုက်ကြတာပေါ့..။ ပလတ်စတစ် အထူသားနဲ့ လုပ်ထားတဲ့ စိုက်ခင်းရုံလေးတွေလည်း အားလုံးနည်းပါး ထားကြတယ်..။ အဲဒီထဲမှာ ကန်စွန်းရွက်.. ရွေဖရုံကို ပိုစိုက်ထားတာ တွေ့ပါတယ်..။ အဲဒီရုံလေးထဲမှာ စိုက်ခင်းအတွက် နဲနဲအရေးကြီးတာလေးတွေဖြစ်တဲ့ အိုးခွက်ပန်းကန်.. မျိုးစေ့..စတာတွေ ထားသိုလေ့ ရှိပါတယ်..။ မျိုးစေ့ အများစုကတော့ ထိုင်းနိုင်ငံကနေ မှာဝယ်ပါတယ်..။ အလုပ်သွားကျောင်းသွားနဲ့ ဆိုတော့ ညနေခင်း ၆ နာရီလောက်မှ သွားလုပ်ကြတာများတယ်..။ ပြီးရင် စကားတွေ ရောက်တက်ရာရာ အလုပ်လုပ်ရင်း ပြောကြတာပေါ့..။ ကလေး လူကြီး အကုန်လုံး စိုက်ခင်းထဲသွား.. တခါတလေလည်း အဲဒီထဲမှာ အကြော်အလှော်တွေ လုပ်စားကြပေါ့..။ စိုက်ခင်းနဲ့ မလှမ်းမကမ်းမှာ အမိုက်ပုံအကြီးကြီး တခုရှိတယ်.. ကုတင်.. ထိုင်ခုံ.. စားပွဲခုံ အစရှိတာတွေ လာပြစ်ကြတယ်..။ ခြံစိုက်တဲ့လူတွေက ကောက်ပြီးတော့ အသုံးပြုကြတယ်..။

စိုက်တာကတော့ မေ လကုန်လောက်စစိုက်ကြတယ်.. အောက်တိုဘာလပိုင်းလောက်ဆိုရင် ရာသီဥတုအခြေအနေပေါ် မူတည်ပြီး ပျိုးလို့ရတာရှိသလို ရပ်လိုက်တာလည်း ရှိပါတယ်..။ ဆိုတော့ စုစုပေါင်း (၄..၅) လလောက် စိုက်စားလို့ရတာပေါ့..။ ဒီမှာက နော်ဝေးလောက် သိပ်ဈေးမကြီးဘူး.. အစစအရာရာ နည်းပါးသက်သာတယ်..။ နော်ဝေးမှာ ကန်စွန်းရွက် တကီလိုကို ၈၀ ခရိုနာ ဆိုရင် ဒီမှာ (၆၀) လောက် ပဲကျတယ်.. ဒါလည်း နေရာပေါ်တော့ မူတည်တာပေါ့..။ ဒါပေမဲ့ တခြားထွက်ကုန်ဖြစ်တဲ့ အိမ်သုံးစားစရာ ကော်ဖီ.. အသားတုံး အစရှိတာတွေ ကြပြန်တော့လည်း သက်သာပါတယ်..။ ဈေးနှုန်းက အမြဲတမ်း ၁၀.. ၂၀ ခရိုနာလောက်ကွာတယ်..။ ဒီမှာ နော်ဝေးကနေ လာရင် ငွေအသုံးခံတယ်လို့ ပြောရင်ရနိုင်တာပေါ့..။ ဒါကြောင့် နော်ဝေးကလူတွေ ဒီမှာ ဈေးဝယ်ကြတယ်..။ မဗေဒါတို့ကတော့ သိပ်မဝယ်ဖြစ်ဘူး..။ နော်ဝေးက သူထိန်းမကြီးဆိုတော့..။

အခုရောက်နေတဲ့မြို့လေးမှာ မြန်မာပြည်သား မိသားစု စုစုပေါင်း (၁၃ )စု လောက်ရှိတယ်..။ နောက် မြန်မာပြည်သားတွေ ပါလီမာန်ထဲမှာ သွားပြောဖို့ကို အကူအညီ ပေးနေတဲ့ မိသားစုရှိတယ်..။ အဆက်အသွယ်ကောင်းတယ်..။ မြန်မာပြည်သားတွေ အပေါ်စာနာတယ်.. နားလည်တယ်ဆိုတဲ့ ဝန်းကျင် တခုရှိတယ်..။ ဒါက ဒီမြို့ရဲ့ အားသာချက်ပေါ့..။

ဓါတ်ပုံတွေ အမှတ်တရ တင်ပေးထားပါတယ်.. ကြည့်စေသတည်းပါ..။ အင်မတန်လှတဲ့ ပန်းဗေဒါပုံလေးလည်း ပါအောင်ရိုက်ထားပါသေးတယ်..။

(အပင်ဖားဖားနဲ့က ဆွီဒင်ချဉ်ပေါင်.. စိုက်ခင်းကို ကိုလိုနီ ..koloni လို့ခေါ်ပါတယ်..။)

ရွင်လန်းချမ်းမြှေ့ကြပါစေ..။

မဗေဒါ

8 ဦး၏ဆွေးနွေးချက်:

SHWE ZIN U said...

မဗေဒါ ရေ အခုမှ ဘဲဖတ်ရတော့တယ်
ပျော်စရာ စိုက်ခင်းလေးပါ
ရွှေစင်ဦးကတော့ ဗူးသီး သီးမှ အရီးဗေဒါ တော်တော့မယ်နော်

ကိုကိုးအိမ်(မန္တလေး) said...

ဆရာမရွှေစင်ဦးရေ ဆ၇ာမက အရီးဗေဒါဆို သားကလည်း ဘွားဘွားဗေဒါပါနော် နော့ဘွားဘွား
အဟဲ ဟင်းတစ်ခွက်စာခူးသွားပြီနော် ချက်ပြီးမှ အမြည်းပေးမယ်.. တာ့တာ


ကိုကိုးအိမ်

little brook said...

အမ ပုံတွေပဲတင်ပြီး လူလည်ကျထားတာပဲ
စာလည်းမပါဘူး .. စာရေးဦးဗျ

Nge Naing said...

ဟုတ်တယ် ဓါတ်ပုံတွေ အောက်မှာ စာတန်းထိုးထားသင့်တယ်။

Myanmar Good Knowledg Co., Ltd said...

မဗေဒါရေ
ကျန်းမာရေးကောင်းမယ့် ခရီးစဉ်ပဲနော်။
ဟင်းသီးဟင်းရွက်တွေ အရွယ်နဲ့ အရသာကော မြန်မာပြည်လိုပဲလား၊
ဒီမှာစိုက်တဲ့ ချဉ်ပေါင်ကို နှစ်တိုင်းပေါ်ရင်ဝယ်စားတယ်။ မြန်မာပြည်မှာလိုသိပ်မချဉ်ဘူး။
နံနံပင်ဆိုလည်း အဲလိုပဲ အနံ့ကော အရသာကော နည်းနည်းပေါ့သလိုပဲ။
ခင်မင်လျှက်။

Zay Tar Yar said...

ထင်သာဘဲဘောပင်ကောက်ရယုံတင်မဟုတ်ဘူး ငေးရင်း
နဲ့ ကင်မရာပါစိုက်ခင်းထဲပြုတ်ကျသွားသေးသကိုး ပျော်စရာကောင်းလိုက်ပုံများ သွားတတ်ပါ့ နောက်တခါ ခေါ်နော် လိုက်မယ်......

ဒီမို said...

သြော် ... အဒေါ်ကြီး ဗေဒါတို့ သိပ်ပျော်နေကျတယ်ပေါ့လေ ကောင်းပါတယ် မုဒိတာလေး ပွားပေးရတာပေါ့...

ဇွန်မ said...

အမဗေဒါရဲ့ စိုက်ခင်းလေးကို အလည်လာသွားတယ်း) ပျော်ရွှင်ပါစေနော်။