Friday, April 30, 2010

ဒေါင်းနင်းလမ်း (၁၀) ကို သော့ကိုင်မဲ့သူ ဘယ်သူလဲ

အင်္ဂလန်ဇာတ်ပွဲ ကိုက်သည့်အတွက် မိုးစင်စင်လင်းမှ နိုးလာသည့် ကျွန်မ နဲနဲလေးတော့ တွေးမိတာလေးတွေ ပြောချင်ပါသေးသည်..။ ဇာတ်ပွဲမှာ ပါဝင်သူတွေကတော့ လက်ရှိအုပ်ချုပ်နေတဲ့ လေဘာက ဝန်ကြီးချုပ် ဂေါ်နယ်ဘရောင်း.. လစ်ဘရယ် ဒီမိုက နစ်ဂလစ်.. ကွန်ဆာဗေးတစ်က မောင်ဒေးဗစ်တို့ဖြစ်ပါတယ်..။ သူတို့တွေ ဘာပြောမယ်ဆိုတာ ကြည့်ချင်လွန်းလို့ သားသားကို အဖော်အဖြစ် ခဏပဲ အိပ်ရာထဲမှာ နေပေးပြီး တီဗီရှေ့ အမြန်ရောက်ခဲ့ပေါ့.. ။

ကျင်းပပေးတာက ဘီဘီစီကပါ.. ပထမဦးဆုံးးတော့ သုံးပါတီက ဝန်ချုပ်ဖြစ်မဲ့သူ သုံးယောက်က သူတို့ဘာတွေ တိုင်းပြည်ကို လုပ်ပေးမယ်ဆိုတာကို အရင်မိတ်ဆက်ရပါတယ်..။ နိုင်ငံရေးသမား ဆိုတော့လည်း ထုံးစံအတိုင်း သူတို့ပါတီသာ အာဏာရရင် ဘာလုပ်ပေးမယ် ညာလုပ်ပေးမယ် ပြောရတာပေါ့နော်..။ လက်တွေ့ ဖြစ်လာတာတွေကို ဖြေရှင်းရင်း ပြည်သူ့မျက်နှာ ကိုလွဲသလို ဖြစ်သွားတာတွေလည်း ရှိတက်တယ်မလား..။ ဘရောင်းကတော့ သူအခုလုပ်မဲ့ (ဒီဘတ်)မတိုင်မီ အဘွားကြီးတယောက်ကို နောက်ကွယ်မှာ အတင်းဆိုမိတာကို လူသိရှင်ကြား ဖြစ်ခဲ့တာကို အရှက်ပြေ ဥပမာပေးရင်း သူ့ကိုယ်သူ မိတ်ဆက်လိုက်ပါတယ်..။ အဓိက ပြောကြ တာကတော့ တိုင်းပြည်ကို စီးပွားရေးရူထောင့်ကနေ ကြည့်ပြီး ဘယ်လိုမျိုး သူ့တို့ပါတီတွေသာ အာဏာရရင် ကောင်းအောင်လုပ်ကြမလဲပေါ့.. သူတို့တွေအားလုံး ပါတီရဲ့ မူ.. တွေကို ယုံယုံကြည်ကြည် စွဲကိုင်ပြီး ပါတီတခုကို တခုကနေ ခပ်သာသာလေးနှက်ပြီး ပြောကြတာ သိပ်ကြည့်ကောင်းပါတယ်..။ ကျွန်မသိသလောက်တော့ ဘရောင်းက သီအိုရီကို လက်တွေ့အခြေအနေနဲ့ လက်ရှိတာဝန်ယူနေရတဲ့ ခေါင်းဆောင်တယောက်ရဲ့ အတွေ့အကြုံ နှိုင်းပြီးပြောတာ.. ကွန်ဆာဗေးတစ်ကတော့ ငွေတွေကို ထပ်ပုံပြီး ပံ့ပိုးရင်း တိုင်းပြည်ကို ထောက်ပံ့ပေးတာမျိုး.. အစိုးရစရိတ်တွေ လျှော့တာမျိုး.. လစ်ဘရယ်ကလည်း ဝင်ငွေ ၁၀၀၀၀ အောက်ဆို အခွန်တွေကို မပေးရေး.. တိုင်းပြည်ကို ဝင်ရောက်လာတဲ့ အပြင်လူကိစ္စတွေကို အကောင်းဆုံး ဖြေရှင်းဖို့ စဉ်းစားရမှာ စတဲ့ အဆိုတွေ တင်ကြပါတယ်..။ ဘိတ်ဆုံးမှာ အပိတ်နဲ့ တိုင်းပြည်ကို ဘာလုပ်ပေးမယ်ဆိုတာတွေကို ပြောတော့ မိတ်ဆက်သလိုပဲ သူတို့ဘာလုပ်ပေးမယ်ဆိုတာ ပြောကြပါတယ်..။ ကျွန်မ အကြိုက်ဆုံးကတော့ လစ်ဘရယ်က ကိုနစ်ဂလစ် ပါပဲ.. သူ့ပါတီကို မဲပေးလို့ တိုက်ရိုက် မပြောပေမဲ့လည်း လူတွေရဲ့ စဉ်းစားချက် (မဲ)တွေက တိုင်းပြည်အတွက် အရေးပါကြောင်းနဲ့ အစိုးရဆိုတာလည်း အာဏာရပြီးရင် ဒီပုတ်ထဲက ဒီပဲတွေလိုမျိုး ဖြစ်သွားတက်တာကို ပြောရင်း သူ့ပါတီက အကောင်းဆုံး လူထုအတွက် လုပ်ပေးမယ်ပြောရင်း နိဂုံးချုပ်သွားပါတယ်..။ သူ့ကိုအကြိုက်ဆုံးပါပဲ.. သူ စကားပြောရင် မေးခွန်းမေးတဲ့သူတွေ ရဲ့ အမည်ကို ပြန် ထည့်ပြီး အလေးထား တာကိုပြတာ.. လိုအပ်တဲ့ လက်ဟန်ခြေဟန်တွေ သုံးသွားတာ.. တိုင်းပြည်အတွက် စကားဆိုရာမှာ တခြား ၂ ယောက်ထက် အပြုသဘောဆောင် တဲ့ဘက်ကို ပိုဦးတည်ပြီး ပါတီကြီး နှစ်ခုအုပ်ချုပ်တာ ကြာခဲ့ပြီမို့ သူ့ပါတီကို မဲပေးဖို့ တိုက်တိုက်တွန်းတွန်းလေး ပြောခဲ့တာကို ပိုကြိုက်သွားပါတယ်..။ အသစ်တွေလိုချင်နေတဲ့ မဗေဒါပေါ့.။ (ထင်တာပြောတာပါ.. နားလည်သူတွေ ပြန်ပြင်ပေးပါရန်..) ကဲ ..ဒေါင်းနင်းလမ်း (၁၀) ကို သော့ ကိုင်မဲ့သူ ကို စောင့်ရင်း မြန်မာပြည်မှာလည်း ရန်ကုန်ကို မြို့တော်ပြန်ဖြစ်စေမဲ့ သမ္မတ ဒါမှမဟုတ်လည်း ဝန်ချုပ် ကို တိုင်းပြည် အပြင်ကနေ စောင့်ကြတာပေါ့ ရှင်..။


(မနေ့ကတင်ဖို့ကို ဒေါ်လာစားကိုရေးမိလို့ စာတွေအပြန်အလှန် ရေးနေတာနဲ့မတင်ဖြစ်သွားတာပါ..။)
မဗေဒါ
၃၀.၀၄.၂၀၁၀

8 ဦး၏ဆွေးနွေးချက်:

SHWE ZIN U said...

မဗေဒါလိုဘဲ အားလုံး အားလုံး ဘဲ အသစ် အသစ် တွေဖြစ်စေချင်ပါသည်

Kyaw Htun said...

မဗေဒါ ရေ
မြန်မာပြည်မှာ တချိန် ဒီမိုကရေစီ အစစ်အမှန် ထွန်းကားကောင်း ထွန်းကား လာနိုင်ပါတယ်။ ဒါပေမယ့် ရန်ကုန်ကတော့ မြို့တော် ပြန်မဖြစ်နိုင်တော့ ပါဘူး။ ဒီမိုကရေစီ နည်းကျ တက်လာတဲ့ သမ္မတ(သို့) ဝန်ကြီးချုပ် တစ်ယောက်ဟာ အာဏာရှင် အစိုးရ တစ်ရပ်လို သူ့သဘော အတိုင်းမြို့တော်ကို ရွေ့ချင်တဲ့ နေရာ ပြန်ရွေ့လို့ မရပါဘူး။ ရှေးရိုးစွဲ ဆန်တဲ့ သမ္မတ (သို့) ဝန်ကြီးချုပ် က ဦးဆောင်ပြီး မြို့တော်ပြန်ရွှေ့ပြောင်းရေး အတွက် လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ဖို့ ကြိုးစားရင်လည်း မျိုးဆက်တွေ ပြောင်းလာတာနဲ့ အမျှ တိုးတက်တဲ့ အမြင်ရှိတဲ့ လူငယ်တွေ၊ ပညာတတ်တွေ များလာတဲ့ လွှတ်တော်မှာ ဒီကိစ္စဟာ အနိုင်ရစရာ မရှိပါဘူး။
မြို့တော် ဘာကြောင့်ရွှေ့ပြောင်း ရသလဲ ဆိုတဲ့ အကြောင်းကို သေချာ ထပ်ပြီး လေ့လာစေချင်တယ်။ (ပုဂ္ဂလ ခံစားချက်တွေ၊ ဘုရင်ရူး ရူး နေလို့ ပြောင်းတာ ဖြစ်မှာပေါ့ ဆိုတဲ့ စွဲထင်ချက်တွေ ဖယ်ပြီးတော့ လေ့လာပါ)။ မရှင်းလင်း သေးရင် တခြားနိုင်ငံတွေ ရဲ့ အကြောင်းကို ထပ်လေ့လာပါ။ ဥပမာ ဘရာဇီးနိုင်မှာ ရိုင်ယိုဒီဂျင်နရို နဲ့ ဆယ်ဗါဒို တို့လို့ မြို့တော်ကြီးတွေ ရှိနေရဲ့သားနဲ့ ဘာကြောင့် ၁၉၆၀ မှာ ဘရာဇီးလီးယား မြို့တော်သစ်ကို တည်ပြီး ကုန်းတွင်းကို ရွှေ့ပြောင်းခဲ့ပါသလဲ။ သြစတေးလျ နိုင်ငံမှာ ဆစ်ဒနီနဲ့ မဲလ်ဘုန်းလို မြို့ကြီးတွေ ရှိလျက်နဲ့ ဘာကြောင့် ကင်ဘာရာ မြို့တော်သစ်ကို ၁၉၀၈ မှာ ကုန်းတွင်းမှာ တည်ခဲ့ပါသလဲ။ မလေးရှားမှာ ဘာကြောင့် ပူထရာဂျရာ အုပ်ချုပ်ရေး မြို့တော်သစ်ကို တည်ခဲ့ပါသလဲ၊ မြို့တော် ဆိုတာ စီးပွားရေး အချက်အချာ မြို့ကြီး ဖြစ်ဖို့ (မဖြစ်မနေ) လိုအပ်ပါသလား၊ ပင်လယ် ဆိပ်ကမ်း ဖြစ်ဖို့လိုအပ်ပါသလား (၁၈ ရာစုနဲ့ ၁၉ ရာစု တုန်းကတော့ ဒါဟာ လိုအပ်တဲ့ အချက်တစ်ခုပါ)။ ယနေ့ တောင်ကိုရီးယားနိုင်ငံမှာတောင် ဆိုးလ်မြို့တော်ကြီး ရှိလျက်နဲ့ အုပ်ချုပ်ရေး မြို့တော်သစ် တည်ထောင်ဖို့ ပါလီမန်မှာ အသည်းအသန် မဲခွဲဆွေးနွေး နေရစဲ ဆိုတာ သိပါသလား။ ဒါတွေ အားလုံးကို ကိုယ့်နိုင်ငံရဲ့ ပထဝီနိုင်ငံရေး အချက်အလက်၊ မဟာဗျူဟာ အရေးပါမှု အနေအထား၊ ကမ္ဘာ့အခင်းအကျင်း တွေနဲ့ နှိုင်းယှဉ်ပြီး ထပ်လေ့လာဖို့ အကြံပြု လိုပါတယ်။ (မျိုးဆက်တွေ ပြောင်းလဲ လာတာနဲ့ အမျှ ဒီလို တွေးခေါ်တတ်တဲ့ နိုင်ငံရေး သမား မျိုးဆက်သစ်တွေ များလာမယ်လို့ ယုံကြည်ပါတယ်)။

Kyaw Htun said...

ဟုတ်ကဲ့ ရန်ကုန် အကြောင်းကို ဆက်ပြောရရင်တော့ ...
ရန်ကုန်ဟာ ယနေ့မှာ လစ်လျှူရှုထားခံရတဲ့ အနေအထားမှာ ရှိနေတယ် ဆိုတာ လက်ခံပါတယ်၊ ဒါဟာ အုပ်ချုပ်ရေးယန္တယား အပြောင်းအလဲမှာ ဒီပြဿနာ ဟာ ပြေလည်သွားနိုင်ပါတယ်။ ဒါပေမယ့် မြို့တော် မဖြစ်တော့ခြင်းဟာ ရေရှည်မှာ ရန်ကုန်မြို့ကြီး အတွက် ပိုကောင်းပါတယ်။ ရန်ကုန်အတွက် ဝန်ထုပ်ဝန်ပိုးတွေ အများကြီး လျှော့သွားစေတယ်၊ ပိုပြီး ပြီပြင်တဲ့ စီးပွားရေး မြို့တော်ကြီး တစ်ရပ်အဖြစ် ပေါ်ထွက်လာပါလိမ့်မယ်။ ရန်ကုန်ရဲ့ တိုးတက်မှုဟာ ရန်ကုန်ရဲ့ ဒေသဆိုင်ရာ အာဏာပိုင်များရဲ့ အရည်အချင်း ပေါ်မှာပဲ မူတည်ပါလိမ့်မယ်။ ရန်ကုန်မြို့ရဲ့ လုပ်သားအင်အား၊ ရှိပြီးသား အခြေခံ အဆောက်အဦ၊ လက်ရှိ လူသားအရင်းအမြစ်၊ အခြေခံဥပဒေသစ်မှာ ပြဌာန်းထားတဲ့ တိုင်းဒေသကြီး(သို့)ပြည်နယ် ဥပဒေပြုစာရင်း အရ တိုင်းဒေသကြီး အစိုးရရဲ့ အသုံးပြု စီမံခန့်ခွဲနိုင်မှု အာဏာ၊ စတာတွေကို ဓမ္မဓိဌာန် ကျကျ သုံးသပ်ပါ။ ရန်ကုန်တိုင်း ဒေသကြီး အစိုးရသာ အရည်အချင်း ရှိမယ် ဆိုရင် ရန်ကုန်ဟာ တခြားဒေသ တွေက မနာလို စရာ ကောင်းလောက်အောင် တရှိန်ထိုး တိုးတက်လာလိမ့်မယ် ဆိုတာ သံသယ ဖြစ်စရာ မရှိဘူး။ မြို့တော် တစ်ခု မဟုတ်တော့ တဲ့ အတွက် ရန်ကုန်ရဲ့ စီးပွားရေး ဖွံဖြိုးမှုကို ပိုပြီး လွတ်လွတ်လပ်လပ် မောင်းနှင်နိုင် ပါလိမ့်မယ်။ ရန်ကုန်ဟာ ဧရိယာအသေးငယ်ဆုံး တိုင်း ဖြစ်တယ်၊ သဘာဝ အရင်းအမြစ် မရှိသလောက် နည်းတဲ့ ဒေသ ဖြစ်တယ်၊ သို့သော် ဒေသအာဏာပိုင်များရဲ့ အရည်အချင်း ပေါ်မူတည်ပြီး နိုင်ငံရဲ့ GDP ကို အများဆုံး ရာခိုင်နှုန်းနဲ့ ပံပိုးပေးနိုင်တဲ့ တိုင်း ဖြစ်လာပါလိမ့်မယ်။ (ဒါဟာ လက်ရှိ အစိုးရကို ချစ်ခြင်း၊ မုန်းခြင်း ကင်းတဲ့ ပညာရှင်တွေရဲ့ လက်တွေ့ကျကျ သုံးသပ်ထားမှုပါ)။

Kyaw Htun said...

ကိုယ်မကြိုက်တဲ့ အစိုးရတစ်ရပ်က တည်ခဲ့တဲ့ မြို့တော်ကို ကိုယ့်လက်ထက်မှာ ကိုယ့်စိတ်ကြိုက် ပြန်ရွှေ့ပစ်တာ ရှေးခေတ်က ပဒေသရာဇ် အတွေးအခေါ် လောက်ပဲ ရှိပါတယ်။ (လက်ရှိ မြန်မာ့ ဒီမိုကရေစီရေးမှာ ခေါင်းဆောင်နေတဲ့ ခေါင်းဆောင် အများစုဟာ ဒီလို မမိုက်မဲဘူးလို့တော့ ယုံကြည်ပါတယ်၊ သို့သော် ရှေးရိုးစွဲဆန်တဲ့ အစွန်းရောက်တွေလည်း ရှိနေပါတယ်)။
ဥပမာ- ဒီမိုကရေစီ အရေး လှုပ်ရှားနေသူ တချို့ဟာ နိုင်ငံတော် အလံကို မဆလ ခေတ်က အတည်ပြုခဲ့တဲ့ အလံမို့လို့ ဆိုပြီး အသိအမှတ် မပြုဘဲ လွတ်လပ်ရေး ရစဉ်က အလံဟောင်းကို အသုံးပြုတာ တွေ့ရတယ်။
ဒါဟာ ဘယ်သူလုပ်ခဲ့လို့၊ ဘယ်ဝါ လုပ်ခဲ့လို့ ဆိုတဲ့ အစွဲတရားနဲ့ပဲ ဆုံးဖြတ်တာ ဖြစ်ပြီး ၊ အလံရဲ့ အဓိပ္ပါယ်နဲ့ အနှစ်သာရကို ထည့်သွင်း မစဉ်းစားတာပါပဲ။ လက်တွေ့ ကျကျ စဉ်းစားရင် ဒီအလံဟာ မြန်မာ့နိုင်ငံရေး သမိုင်းစဉ်မှာ ဘယ်လိုပဲ ဖြစ်ခဲ့ဖြစ်ခဲ့ လက်ရှိ ကုလသမဂ္ဂနဲ့ ကမ္ဘာ့နိုင်ငံ အားလုံးက လက်ခံထားတဲ့ ကိုယ့်နိုင်ငံရဲ့ အထိမ်းအမှတ်ဖြစ်တယ်။ နောက်တချက်က အဓိပ္ပါယ်နဲ့ အနှစ်သာရကို စဉ်းစားရင် လွတ်လပ်ရေး အမြန်ယူဖို့ ရေးစွဲခဲ့ရတဲ့ ဖွဲ့စည်းပုံမှာ အားနည်းချက်တွေ ရှိတယ်လို့ ဒီနေ့ အားလုံး လက်ခံထားကြပါတယ်၊ အဓိက ကတော့ ပြည်နယ် ၅ ခုပဲ ပါဝင်ခဲ့တဲ့ အတွက် အလံမှာ ပြည်နယ် ၅ ခုကိုပဲ ကိုယ်စားပြုထားပါတယ်၊ ဒီမပြည့်စုံတဲ့ အလံကို ဆက်လက် ကိုင်စွဲနေတာဟာ ယနေ့ပြည်နယ် ရရှိထားတဲ့ တိုင်းရင်းသားတွေကို စော်ကားရာ ရောက်တယ် ဆိုတာလည်း သူတို့တွေ မတွေးဘူး။

ဒါပေမယ့် သမိုင်းဟာ ရပ်တန့် မနေပါဘူး၊ ဆက်လက်စီးဆင်း နေမှာပါ တိုးတက် ပြောင်းလဲလာတာနဲ့ အမျှ ဒီလို အစွန်းရောက် အတွေးအခေါ်တွေ လျှော့နည်း လာပါလိမ့်မယ်။ ကိုယ့်ရဲ့ ဆန္ဒထုတ်ဖေါ်ချင်လို့ လမ်းပေါ် တက် ဆန္ဒပြတဲ့ အခါ မှာတောင် ကိုယ့်နိုင်ငံရဲ့ အမျိုးသားရေးအထိမ်းအမှတ် ဖြစ်တဲ့ နိုင်ငံတော်အလံကို ထောင်ပြီး စည်းကမ်း ရှိရှိ ဆန္ဒပြတတ်ကြတဲ့ နေ့တွေရောက်လာမှာပါ။

ရန်ကုန်ဟာ မြို့တော် ပြန်မဖြစ်သင့်တော့ဘူးလို့ ကျွန်တော့် အမြင်ကို ဆွေးနွေးခဲ့တယ်။ တုံပြန်ဆွေးနွေးချင်ရင်လည်း ကြိုဆိုပါတယ်

ဒီမိုဝေယံ said...

မြို့တော်ဖြစ်သင့် မဖြစ်သင့်ဆိုတာ ဘယ်ဟာကို ရည်ရွယ်ပြောဆိုတာလည်းမသိပါ... ရန်ကုန်အကြောင်း မဆွေးနွေးခင် ကိုယ့်တိုင်းပြည်ရဲ့ အခြေအနေနဲ့ ဓနအရင်းအမြစ်တွေကို ကြည့်ပါ။ တိုင်းပြည်မှာ အခြေခံအဆောက်အဦး တွေ ပြည့်စုံမပြည့်စုံ.. မြို့တော်လို့သတ်မှတ်ထားတဲ့ ရန်ကုန်မှာ အခြေခံအဆောက်အဦးတွေ ဖြစ်တဲ့ ရေ၊မီး၊လမ်းပန်းဆက်သွယ်ရေးတွေ ပြည့်စုံပါရဲ့လား ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေ မှာမြို့တွေ ရွေ့တာ မဆန်းပေမယ့် မြန်မာပြည်လို ဆင်းရဲတဲ့ နိုင်ငံမှာ တိုင်းပြည်ဘဏ္ဍာငွေတွေကို ဖြုန်းတီးရာရောက်ပါတယ်။ ဘာကြောင့်ပြောင်းရွေ့ရတယ်ဆိုတာ ပြည်သူလူထုကို ချပြပါလား။ သုံးစွဲခဲ့တဲ့ ငွေကြေးပမာဏကော ပြည်သူတွေ သိခွင့်ရှိပါလား.. ဒီငွေတွေဟာ ပြည်သူတွေ ပိုင်တဲ့ ပြည်သူ့ဘဏ္ဍာငွေတွေပါ.. ရည်ရွယ်ချက်ဦးတည်ချက် ကောင်းမကောင်း ကာယကံရှင်တွေ အသိဆုံးပါ။ ပြည်သူ့ဆန္ဒပါမပါ.. ဖြုန်းတာလား သုံးတာလားဆိုတာ အားလုံးသိပြီးဖြစ်ပါတယ်...

Anonymous said...

ကောင်းတဲ့ အမြင်နဲ့ကြည့်ရင် ကောင်းတာပေါ့ကွာ .. မကောင်းတဲ့အမြင်နဲ့ကြည့်ရင် မကောင်းဘူးပေါ့ကွာ...
နွားကို ပလာတာကျွေးသလိုပဲ ရှင်းပြနေလည်း အပိုပဲ..လက်ညောင်းတယ်။အမြင်ကျဉ်းကျဉ်းလေးနဲ့လိုချင်တာ ဇွတ်ပြောနေလို့ကတော့ လိပ်ခေါင်းပဲ ထွက်သွားလိမ့်မယ်။ သဘောပေါက်အောင် လေ့လာပါ။ သုံးသပ်ပါ။ စစ်ရေးအမြင်၊ နိုင်ငံရေးအမြင်၊စီးပွားရေးအမြင်တွေကို နားလည်အောင်အရင်လုပ်ပါ။ နိုင်ငံရေးအမြင်တစ်ခုထဲနဲ့ လူတွင်ကျယ်မလုပ်နဲ့ ။ ဘာလုပ်လုပ် မကောင်းဘူး ဆိုတဲ့ အမြင်နဲ့ `ဘူး´တစ်လုံးဆောင် အရေးပုံအောင်မယ်ထင်နေတဲ့ အရိုးစွဲနေတဲ့အယူဝါဒတွေ ရှိနေသရွေ့ ငါတို့နိုင်ငံလည်း နိုင်ငံရေးအရှုပ်တော်ပုံကြားမှာ နံလံထူနိုင်မှာမဟုတ်ဘူး ။ပြည်သူ ပြည်သူနဲ့ ထည့်မပြောပါနဲ့ဗျာ။ မိတ်ဆွေတို့က ကိုယ့်နိုင်ငံကိုမချစ်ဘဲ ရေကြည်ရာ မြက်နုရာ ထွက်သွားပြီးမှ တို့နိုင်ငံတို့ချစ်တယ် တိုးတက်ဖွံ့ဖြိုးစေချင်တယ် ပြောနေလည်း အပိုပဲ။ ဘလော့ဂ်ပေါ်မှာ မကျေနပ်တာတွေ လိုက် ပြီး ရင်ဖွင့်နေတာ နိုင်ငံကိုအလုပ်အကျွေးပြုရာမရောက်ဘူး ။ လက်တွေ့ကျကျ ပေးဆပ်နိုင်ရတယ်။ (သယံဇာတပေါကြွယ်ဝပြီး စစ်နည်းဗျူဟာအရ အရမ်းကို အရေးကြီးအသုံးဝင်တဲ့ ကျွန်တော်တို့နိုင်ငံဟာ အန္တရာယ်ဆိုတာ လက်တစ်ကမ်းမှာပါ။ အင်အားကြီးနိုင်ငံတိုင်းက မျက်စောင်းထိုး သွားရေကျနေတဲ့ နိုင်ငံဆိုတာ မမေ့ပါနဲ့။ ဒီနေရာမှ မိတ်ဆွေက နိုင်ငံ့အကြီးအကဲတစ်ယောက်ဆိုရင် ဘာလုပ်မလဲ။ ဒီမေးခွန်းကို ဥပမာထားပြီး ပထမဆုံးအရင် ဘက်မလိုက် အစွန်းမရောက်တဲ့ ဆင်ခြင်ဥာဏ်နဲ့ စဉ်းစားကြည့်ပါ။ ဘာအဖြေတွေထွက်လာသလဲဆိုတာ စာရွက်နဲ့ချရေးကြည့်ပါ။(သတိထားပါ..တစ်ချိန်က ကိုလိုနီစနစ်နဲ့ နိုင်ငံတွေကို နယ်ချဲ့အုပ်ချုပ်ခဲ့တဲ့ ဗြိတိသျှ ဟာ ဘယ်လောက်ထိ ကြိုတွေးပြီး စီစဉ်ခဲ့သလဲဆိုရင် အခြေအနေ မဟန်လို့ လွတ်လပ်ရေးပေးခဲ့ရသည့်တိုင် အဲဒီနိုင်ငံတွေမှာ နိုင်ငံရေး အရှုပ်တော်ပုံတွေ သွေးခွဲမှုတွေကို ထားခဲ့တတ်ကြပါတယ်။ ထိုသို့ပြုလုပ်ခဲ့ခြင်းသည် လွတ်လပ်ရေး ရသည့်တိုင် နိုင်ငံအတွင်းမှာ အရှုပ်တော်ပုံတွေ အရေးတော်ပုံတွေ ဖြစ်ကာ ဖွံ့ဖြိုးတိုးတက်မှုတွေကို နှောင့်နှေးကြန့်ကြာစေချင်လို့ပဲ ဖြစ်တယ်။ စကားပုံနဲ့နှိုင်းရင်တော့ ကိုယ်မွေးတဲ့မျောက် ကိုယ့်ကို ပြန် မခြောက် နိုင်အောင် လုပ်ခဲ့ခြင်းပါပဲ။ သူတို့ထားခဲ့တဲ့ အရှုပ်တွေ အဖွဲ့အစည်းတွေ ပါတီတွေ ကို သူတို့ ဒီနေ့အထိ ၀တ်ကျေတန်းကျေ ထောက်ပံ့ ပေးနေတုန်းပါပဲ။ ကူညီနေတုန်းပါပဲ။ ကိုယ့်အပေါ်ကောင်းနေတော့ ကောင်းတယ်လို့ မြင်တတ်ကြတာ လူ့သဘာဝပဲလေ။ ဒါပေမယ့် ပေးဆပ်ပြီး ကောင်းနေတာတွေက တစ်ချိန်မှာ လိုချင်တပ်မက်မှုအတွက် အရင်းအနှီးလုပ်ထားတာမျိုး ဟုတ်မဟုတ်ဆိုတာ ဘယ်သူမှ အတိအကျ အဖြေမထုတ်နိုင်ပါဘူး ။ ဘယ်နိုင်ငံကမှ သူတို့အတွက် အကျိုးမရှိဘဲနဲ့တော့ အချိန်ကုန်ခံ ငွေကုန်ခံ ပြီး အလကား အားအားယားယား ထောက်ပံ့နေမှာမဟုတ်ဘူး။ )

Kyaw Htun said...

ကိုဒီမိုဝေယံ
ရန်ကုန်မှာ ရေ၊မီး၊ လမ်းပန်း ဆက်သွယ်ရေး အခြေအနေတွေ မပြည်စုံဘူး ဆိုတာ လက်ခံပါတယ်၊ ဒါ သိသာတဲ့ အချက်ပဲ။
ဒါပေမယ့် ရန်ကုန်ကို အဆင့်မြင့်မြို့တော် တစ်ရပ်အဖြစ် မြှင့်တင် တည်ဆောက်မယ် ဆိုရင် မြို့တော်အသစ် တစ်ခု တည်တာထက် ပိုကုန်ကျ နိုင်တယ် ဆိုတဲ့ နိုင်ငံခြားသား ပညာရှင် တစ်ယောက်ရဲ့ သုံးသပ်ချက်ကို ဖတ်ဘူးပါသလား။ သိချင်တယ် ဆိုရင်တော့ ကျွန်တော် ပြန်ရှာပေးပါ့မယ်။

(ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေ မှာမြို့တွေ ရွေ့တာ မဆန်းပေမယ့် မြန်မာပြည်လို ဆင်းရဲတဲ့ နိုင်ငံမှာ တိုင်းပြည်ဘဏ္ဍာငွေတွေကို ဖြုန်းတီးရာရောက်ပါတယ်။)
ဟုတ်ကဲ့ ဆင်းရဲတဲ့ နိုင်ငံတစ်ခု အတွက် မြို့တော် ရွှေ့တာ ခက်ခဲတာ မှန်ပေမယ့် တိုင်းပြည်ဘဏ္ဍာငွေကို ဖြုန်းရာ ရောက်သလား၊ မရောက်သလား ဆိုတာကတော့ အခြေအနေတွေ အများကြီးနဲ့ ယှဉ်ထိုး စဉ်းစားရပါတယ်။ ဒီနေရာမှာလည်း အမြင်အမျိုးမျိုး ရှိနိုင်ပါတယ်။ ဖြုန်းတီးမှုပဲလို့ ယူဆလို့ ရတဲ့အပိုင်း ရှိသလို၊ လိုအပ်လို့ တိုင်းပြည်ဆင်းရဲ သော်လည်း အခက်အခဲကြားက လုပ်တယ်လို့ ယူဆနိုင်စရာတွေလည်း အများကြီးပါ။ ဒီပို့စ်မှာ ကျွန်တော် ဆွေးနွေးခဲ့တာက နေပြည်တော်ကို မြို့တော် အဖြစ်ရွှေ့ပစ်တာ လက်ရှိ ကိုယ့်နိုင်ငံ အခြေအနေနဲ့ သင့်တော်၊ မတော် မဟုတ်ဘဲ ရန်ကုန်ကို မြို့တော် အဖြစ်ပြန်ရွှေ့ စေချင်တဲ့ သဘောမျိုး မဗေဒါက ရေးလို့ ဒီကိစ္စကိုတော့ အမြင်မတူကြောင်း ဆွေးနွေးခဲ့ပါတယ်၊ ကိုဒီမို ရော ဘယ်လို သဘောရပါသလဲ။
မြို့တော်ရွှေ့တဲ့ အပေါ် လက်ရှိကိုယ့်နိုင်ငံ အနေအထားမှာ ဖြုန်းရာ ရောက်သလား၊ မရောက်သလား ဆိုတာ ကျွန်တော်လည်း confuse ဖြစ်နေတုန်းပဲ။ ဒါကြောင့် ဒီကိစ္စကိုတော့ မပြောလိုပါဘူး။ ကျွန်တော့်ရဲ့ ပုဂ္ဂလအမြင်ကိုပဲ ပြောရရင် လူမရှိတဲ့ လမ်းမကြီးတွေပေါ်မှာ မီးကို ထိန်ထိန်ညီးအောင် ထွန်းထားတာဟာ ဖြုန်းတီးမှုပဲ ဖြစ်ပါတယ်၊ သို့သော် နောင်တစ်ချိန် ဒီမိုကရေစီအစီုးရ တစ်ရပ် ရွှေ့ဖို့ အင်မတန် ခက်ခဲမယ့် ကိစ္စတစ်ခုကို လက်ရှိအစိုးရက လုပ်ပေးသွားတယ်လို့ ယူဆတဲ့အခါ ကျေးဇူးတင်ပါတယ်။ ဟုတ်ကဲ့ .. ဘာဖြစ်လို့လဲ ဆိုတော့ အခုကျွန်တော်တို့ နိုင်ငံမှာ ကြုံတွေ့နေတဲ့ ပြည်ပ ခြိမ်းခြောက်မှုတွေဟာ လက်ရှိအစိုးရဟာ စစ်အစိုးရမို့လို့သာ ရှိနေတာ မဟုတ်ဘူး၊ ကျွန်တော်တို့ နိုင်ငံရဲ့ ပထဝီနိုင်ငံရေးအရ စစ်မှန်တဲ့ ဒီမိုကရေစီ အစိုးရ တစ်ရပ်အုပ်စိုးနေလျှင်လည်းပဲ အသွင်အမျိုးမျိုးနဲ့ ပြည်ပခြိမ်းခြောက်မှုတွေဟာ ရှိနေမှာပဲ။ ဒါဟာ ဒေသတွင်း အင်အားကြီးလာတဲ့ အိန္ဒိယ၊ တရုတ်နဲ့ ကမ္ဘာ့အင်အားကြီး အမေရိကန်တို့ရဲ့ မဟာဗျူဟာ အကျိုးစီးပွား ထိပ်တိုက်တွေ့မှုတွေ ကြောင့်ပါ။ ကျွန်တော်တို့တတွေ့ ခိုင်မာတဲ့ အာဆီယံအသိုက်အဝန်း တစ်ခု အမြန်မထူထောင်နိုင်မချင်း ဒီအင်အား ချိန်ခွင်လျှာကို မထိန်းညှိနိုင်ဘူး၊ ဒါပေမယ့် မြန်မာအပါအဝင် အာဆီယံနိုင်ငံ တော်တော်များများမှာ သူ့နိုင်ငံရေး ပြဿနာနဲ့သူ လုံးလည်လိုက် နေရရှာတယ်။ (ပထဝီနိုင်ငံရေး အရ အရေးမပါတဲ့ နိုင်ငံများမှာတော့ လူမျိုးတုန်း သတ်ဖြတ်မှုတွေ မှာတောင် ကမ္ဘာ့အသိုင်းအဝိုင်းက (အထူးသဖြင့် အမေရိကန်) ဒီလောက် စိတ်မဝင်စားတာ သတိပြုမိပါလိမ့်မယ်၊ ဥပမာ - ရဝမ်ဒါ၊ ဘူရွန်ဒီ)

Kyaw Htun said...

(ဘာကြောင့်ပြောင်းရွေ့ရတယ်ဆိုတာ ပြည်သူလူထုကို ချပြပါလား။ သုံးစွဲခဲ့တဲ့ ငွေကြေးပမာဏကော ပြည်သူတွေ သိခွင့်ရှိပါလား.. ဒီငွေတွေဟာ ပြည်သူတွေ ပိုင်တဲ့ ပြည်သူ့ဘဏ္ဍာငွေတွေပါ.. ရည်ရွယ်ချက်ဦးတည်ချက် ကောင်းမကောင်း ကာယကံရှင်တွေ အသိဆုံးပါ။ ပြည်သူ့ဆန္ဒပါမပါ.. ဖြုန်းတာလား သုံးတာလားဆိုတာ အားလုံးသိပြီးဖြစ်ပါတယ်... )
ဟုတ်ကဲ့ ပြည်သူကို ဘာလို့ချမပြ သလဲဆိုတာကတော့ ဒီအစိုးရရဲ့ အားနည်းချက်ပါ၊ သူတို့က ပြည်သူကို ဂရုမစိုက်ဘဲ လုပ်ချင်ရာ လုပ်လေ့ရှိတယ်။ သုံးစွဲတဲ့ ငွေကြေးပမာဏလည်း ပြည်သူတွေ သိခွင့်ရှိသင့်ပါတယ်၊ ဒါပေမယ့် ပြည်သူကို ဂရုတစိုက်နဲ့ ဘာမှ ရှင်းလင်း ပြောဆိုခြင်းမျိုး သူတို့ ဘယ်တုန်းကမှ မလုပ်ခဲ့ဘူး ဆိုတာပဲ ထပ်ပြောလိုပါတယ်။
ရည်ရွယ်ချက် ဦးတည်ချက် ကောင်းမကောင်း ကာယကံရှင်တွေ အသိဆုံး နေမှာပါ ဆိုတာကတော့ ဘာကို ဆိုလိုတာလဲ ပြည်သူတွေ သိတယ်လို့ ဆိုလိုတာလား၊ ဒါဆို၇င်တော့ ကျွန်တော် လက်မခံဘူး၊ ပြည်သူတွေ အများစုက ဘာမှ မသိဘူး၊ သိအောင်လည်း ပညာမပေးကြဘူး၊ ရှင်းလင်းတင်ပြတာမျိုး မလုပ်ဘူး၊ ပြည်သူတွေ သိတာဟာ မြို့တော်သစ် ရွှေ့ပြောင်းရတဲ့ အတွက်ဖြစ်ပေါ်လာတဲ့ သူတို့ရဲ့ အခက်အခဲ သာလျှင်ဖြစ်တယ်၊ ဦးတည်ချက် ရည်ရွယ်ချက် ဘာမှ မသိပါ။ ဒါမှ မဟုတ် ကိုဒီမို ပြောတဲ့ ကာယကံရှင် ဆိုတာ ဗိုလ်ချုပ်ကြီးတွေကို ပြောတာလား၊ ဒါဆိုရင်တော့ သူတို့က သူတို့လုပ်တာ အမှန်လို့ပဲ ယုံကြည်ပါလိမ့်မယ်။ ဒါဟာ လက်တစ်ခုတည်းကိုပဲ ရပ်နေတဲ့ နေရာ မတူလို့ လက်ဖဝါး၊ လက်ခုံ စသဖြင့် မြင်ပုံမတူတဲ့ ရပ်တည်မှု ပြဿနာသာ ဖြစ်တယ်၊ ကိုဒီမို့ အမြင်နဲ့ သူတို့အမြင် ဆန့်ကျင်ပါလိမ့်မယ်။
နောက်ဆုံး အနေနဲ့ ပြည်သူဆန္ဒပါ မပါ ဆိုတာကတော့ ရှင်းပါတယ်၊ မပါပါဘူး၊ ဟုတ်ကဲ့ သူတို့က ပြည်သူကိုလည်း နားလည်အောင် ရှင်းလင်းမှုတွေ မလုပ်ခဲ့ဘူး (ကိုယ့်ပြည်သူကို ဂရုမှမစိုက်ဘဲ)၊ ငါလုပ်ချင်တာ လုပ်လို့ရတယ် လို့ပဲတွက်ပါတယ် (လက်နက်ရှိတာကိုး)။ ဒါပေမယ့် နောက်ဒီမိုကရေစီအစိုးရ တစ်ရပ်က လိုအပ်ချက်အရ မြို့တော် ရွှေ့ပြောင်းတော့မယ် ဆိုရင်ရော ပြည်သူ့ဆန္ဒ ပါမယ်လို့ ထင်ပါသလား၊ (မပါနိုင်ပါဘူး...၊ဟုတ်ကဲ့ .. ပြည်သူတွေ သိတာ သူတို့ အခက်အခဲသာလျှင် ဖြစ်ပါတယ်)။ ဒါဟာ နိုင်ငံရေး အသိအတော်လေး မြင့်မားတယ်လို့ ဆိုနိုင်တဲ့ ဒီမိုကရေစီ အမြစ်တွယ်ပြီး နိုင်ငံတွေမှာလည်း ကြုံတွေ့နေရတဲ့ ပြဿနာပါ၊ အစိုးရတစ်ရပ်ဟာ နိုင်ငံအတွက် ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဖို့ အကျိုးရှိမယ့် အခွန်ဥပဒေကို ပြင်ဆင်ချင်တယ်၊ ဒါပေမယ့် ပြည်သူ့ဆန္ဒနဲ့ ထိပ်တိုက်တိုးတဲ့ အတွက် မလုပ်ရဲဘူး၊ သူတို့ ပြည်သူက နားလည်အောင် ချပြတယ်၊ ဒါပေမယ့် အတိုက်အခံ ပါတီက ဒီအပေါ်မှာ နိုင်ငံရေး တိုက်ကွက်ဖေါ်လာတယ်၊ နောက်တခါ သူတို့သက်တမ်းအတွက် ပြန်အရွေးခံရေး အာမခံချက် မရှိသလောက် ဖြစ်လာတဲ့ အခါ နောက်ဆုံးမှာ ဒီအစီအစဉ်ကို အစိုးရက နောက်ဆုတ်သွားတယ်၊ ဥပမာ - မက္ကဆီကို)

ဆိုတော့ဗျာ .. ပြဿနာတွေက ကျယ်ကျယ်ပြန့်ပြန့် လေ့လာကြည့်ရင်တော့ များများမြင်ရတယ်၊ တဖက်တည်း ကြည့်တာကတော့ ဖြေရှင်းနည်း မဟုတ်ဘူး၊ ကျွန်တော်တို့ နိုင်ငံမှာ လက်ရှိ နိုင်ငံကို ဦးဆောင်နေသူတွေဟာ တဘက်တည်း ကြည့်တတ်ကြတယ်၊ ဒါပေမယ့် တဘက်မှာ မတူညီတဲ့ အမြင်တွေကို လေးစားပါတယ် ဆိုတဲ့ ဒီမိုကရေစီ အရေးအတွက် လှုပ်ရှားနေသူတွေ ကလည်း ကျယ်ကျယ်ပြန့်ပြန့် မမြင်တတ်တာ ဝမ်းနည်းစရာပဲ။ ကျွန်တော်တို့ နိုင်ငံ အတွက် အားလုံးစည်းလုံးသင့်တဲ့ အချိန်ရောက်ပါပြီ၊ သူများနိုင်ငံတွေ တရှိန်ထိုး တိုးတက်ဖို့ အားယူနေတဲ့ အချိန်မှာ ကိုယ်တွေက ဆက်ပြီး ရန်ဖြစ်နေကြဦးမှာလား။

လေးစားစွာဖြင့်