Friday, April 2, 2010

ဘုရားပေးတဲ့ ဗီဇာလား ကုလားပေးတဲ့ဗီဇာလား

ကျွန်မတို့ မိသားစု မနှစ်နွေရာသီ ( ဂျွန်လ ) တွင် ဗုဒ္ဓပွင့်တော်မူခဲ့ရာ အိန္ဒိယနိုင်ငံသို့ သွားချင်ခဲ့ပါသည် ။ ထုံးစံအတိုင်း သွားမည်ဆိုတော့ ပြည်ဝင်ခွင့် ကိစ္စဆောင်ရွက်ရတော့သည်။ သို့သော် ကျွန်မက လူတက်ကြီးလုပ်ကာ ပြည်ဝင်ခွင့်ကို နောက်မှလုပ်ကာ လေယာဉ်လတ်မှတ်ကို ဈေးတော်သည့်အတွက် ဦးစွာဝယ်လိုက်ပါတော့သည်။ ကုန်ကျငွေကား ( ၂၆၀၀၀) ဂရိုနာဖြစ်ပါသည်။ မိသားစု (၄) ယောက်စာပေါ့။ ပြောမည်ဆိုလျှင် ငွေရှိ၍ သွားသည့်ခရီးစဉ်မဟုတ်ပဲ သွားချင် (သင့်) သည့် နေရာဖြစ်သည်ကတကြောင်း .. လင်ရောမယားပါ အင်မတန် လိုလိုလားလား မက်ခဲ့ကြသည့် အိမ်မက်ဖြစ်သည့်အတွက် ရှိသမျှဘဏ်ထဲကငွေများကို မျက်စိစုံမှိတ်ကာ ဝယ်ပစ်လိုက်သည့် လတ်မှတ်များဖြစ်ပါသည်။




လတ်မှတ်ဝယ်ပြီးသည့်အခါတွင် ပြည်ဝင်ခွင့်ကို လုပ်ရပေတော့သည်.. ထိုအလုပ်ကား မြို့တော် အော်စလိုသို့တက်ကာ အိန္ဒိယသံရုံးသို့ သွားရပေတော့သည်.. ကျွန်မလတ်မှတ်ဝယ်သည်မှာ စနေဖြစ်ပြီး တနင်္လာရုံးဖွင့်ရက် ရောက်သည်နှင့် သံရုံးသို့ သွားခဲ့တော့သည်။ သံရုံး ဘယ်အချိန်ဖွင့်၍ ဘယ်အချိန်ပိတ်သည်ကို အင်တာနက်တွင် မကြည့်ဘဲ နေ့လည် (၁၁) နာရီလောက်တွင် အိမ်မှထွက်ခွာခဲ့ပါသည်။ သံရုံးကိုရောက်သည့်အခါတွင် (၁၂) နာရီနည်းပါးထိုးပေတော့မည်။ (၁၀) မိနစ်နည်းပါးသာလိုတော့သည်။ ဖြစ်ချင်တော့ သံရုံးဝန်ထမ်း (၂) ယောက် ဆေးလိပ်သောက်နေကြသည်ကို တွေ့လိုက်ရသည်။ သို့သော်ကျွန်မစိတ်တွင် ဝန်ထမ်းဟုမထင်ဘဲ အခြားလာလျှောက်သူများ ဟုသာထင်မှတ်ခဲ့ပါသည်။ သူတို့နှစ်ယောက်စလုံးက ကျွန်မ သံရုံးထဲဝင်မည်ကို သိသည့်အခါ ဘာလာလုပ်တာလဲဟု မေးပါသည်။ ကျွန်မကလည်း ပြည်ဝင်ခွင့်လာလျှောက်သည်ကို ပြောပါသည်။ သူတို့က ဘာစာအုပ်လဲဟုမေးပါသည်။ သူတို့က အင်္ဂလိပ်ဘာသာဖြင့်မေးခြင်းဖြစ်ပါသည်။ ကျွန်မက အင်္ဂလိပ်လိုပြန်ပြောသော်လည်း ကျွန်မရုပ်သည် ထိုင်း.. ဖိလစ်ပီး.. အင်ဒိုနီးရှား ရုပ်မျိုးနှင့် ဆင်သည်ဟု သူတို့ယူဆနိုင်ပေသည်။ ကျွန်မဝတ်ထားသည်မှာ မြန်မာထမိန်. မြန်မာဖိနပ် .. ခေတ်ပေါ်အကျီ နှင့်ဖြစ်သော်ကြောင့် အင်မတန်မှ မှန်းရခက်သော ဝတ်စုံဖြစ်နေလေသောကြောင့် သူတို့ကလည်း စပ်စုချင်ပုံပေါ်၍ မေးခြင်းဖြစ်သလို ဆရာလုပ်ချင်၍လည်း ဖြစ်နိုင်သည်ဆိုသည်မှာ နောက်ပိုင်းမှ စဉ်းစားမိသော ကိစ္စဖြစ်ပါသည်။

ကျွန်မကိုသံရုံးထဲ ဝင်ခွင့်မပေးချင်သလို ပိတ်တော့မည်ဆိုသည်ကို ပြောလျှင်ကိစ္စမရှိသော်လည်း ဤစာအုပ် ( ခရီးသွားလတ်မှတ် အစိမ်းရောင်စာအုပ်) သည် ပြည်ဝင်ခွင့် မရနိုင်ဟု ပြောကြပါသည်။ ကျွန်မအတော်လေး စိတ်ချင်ပေါက်သွားသလို ရင်ထဲတွင်လည်း အင်မတန်စို့တက်သွားပါသည်။ တကယ်ဆိုရင်တော့ ဒုက္ခဟု တွေးရင်း စိုးရိပ်စိတ်များဖြင့် အထဲသို့ဝင်သွားပါသည်။ အထဲရောက်သည့်အခါမှာတော့ လူ (၃) ဦးလောက်သာရှိပြီး နှစ်ယောက်က မတ်တပ်ရပ်စောင့်နေပြီး တယောက်ကတော့ ကုလားကြီးတဦးနှင့် အခြေအတင် တခုခုဖြစ်နေပုံရပါသည်။ ကျွန်မက ဝင်သွားခြင်းပင် ရပ်စပ်ရှင်းသို့သွားကာ ကောင်တာထိုင်နေသူ နော်ဝေးချာတိတ်တယောက်ကို ဗီဇာလာလျှောက်ခြင်းကို ပြောသည်တွင် စာအုပ်ကို လျှောက်လှန်ကာ သူမသိဘူးဟုပြောပါသည်။ ခဏစောင့်ပါ ဟုပြောလာပါသည်။ စိတ်ထဲတွင်တော့ ဘာဖြစ်လို့ဟိုလှန်ဒီလှန်လုပ် ပြီးကာမှ ငါ့ကို စောင့်ခိုင်းရပါသနည်း.. မရဘူးရသည်ဆိုသည်မှာ တယောက်ယောက်က ဆုံးဖြတ်တာလားဟု စဉ်းစားနေမိပါသည်။ သိပ်မကြာခင်မှာပင် ခုနက အခြေအတင်စကားများနေသူ ကုလားကြီးအပေါ်ထပ်က ပြန်ဆင်းလာသည်ကို တွေ့လိုက်ရပြီး ပျာယာခတ်နေသည်ကိုလည်း သတိပြုမိပါသည်။ နော်ဝေးချာတိတ်ကလေးက ထိုလူကို ကျွန်မစာအုပ်ကိုပြလိုက်သော် ကုလားကြီးက ကြည့်ပင်မကြည့်ပဲ ဒီစာအုပ်မရဟု တချက်လွတ်အမိန့် ထုတ်ကာ စာအုပ်ကို ပစ်ချလိုက်ပါတော့သည်။ ကျွန်မသည် ဒေါသချောင်းချောင်းထကာ ခြေလှမ်းကြဲကြဲဖြင့် သူ့နားကိုကပ်ကာ ဘာလို့မရပါသလဲ ဟု ခပ်မာမာအသံဖြင့် မေးပါသည်။ ကုလားကြီးကလည်း တက်ထောင်မောင်းနင်း ပုံစံဖြင့် မရဘူးဟုသာ ထပ်ခါထပ်ခါ ပြောသည်ဖြစ်သည့်အတွက် ကျွန်မဒေါသတွေ ထွက်ပြီးရင်းထွက်မိပါသည်။ ဒါဆိုရင်ဘာဖြစ်လို့ မရဘူးဆိုတာကို နင်ရှင်းပြရမဲ့ တာဝန် ရှိတယ်လို့ ကျွန်မကလည်း ပြန်ပြောပါသည်။ အဆုံးမှာတော့ သူက နင်အင်တာနက်မှာ ရှာဖတ်တဲ့။ ကျွန်မနဲ့သူသည် စကားကောင်းကောင်း ပြောနေခြင်းမဟုတ်ပဲ ရန်ဖြစ်နေခြင်း ဖြစ်သည့်အတွက် ကျန်ဝန်ထမ်းများနှင့် ဗီဇာ လာလျှောက်သူတို့က ကြည့်နေကြပါသည်။ ကုလားကလည်းမခေသူပါ.. သူ့မှာလုပ်ပိုင်ခွင့်တစုံတရာ ရှိသည့်အတွက် ကျွန်မကို လက်အောက်ခြေသား ပုံစံမျိုးဆက်ဆံနေခြင်းဖြစ်သည်။ ကျွန်မလို မိန်းမတယောက် နောက်.. အာရှသားတယောက်က ကတ်ကတ်လန် ရန်တွေ့နေသည်ကို အတော်လေး မြင်ပြင်းကတ်နေပုံလည်း ရပေသည်။ မရှာဘူးနင်ပြောရမဲ့တာဝန်ရှိတယ် ဟုကျွန်မကပြောသောအခါတွင် သူကလည်း အထက်စီးဖြင့် မရဘူးဟုသာ တွင်တွင်ပြောနေပါသည်။ ဒီလိုသံရုံးဝန်ထမ်းမျိုး တခါမှ မတွေ့ဘူးသည့်အတွက်တကြောင်း ကျွန်မပိုက်ဆံ ရှိစုမဲ့စု ဆုံးရူံးတော့မည့်အရေးတွေးကာ လက်ညိုးထိုးကာပင် ရန်တွေ့မိနေပါတော့သည်။ အတောမသတ်သည့် အတ္တများ ပြောမပြောချင်။ သံရုံးလည်း ပိတ်တော့မည်ဆိုတော့ ကျွန်မစိတ်မချမ်းသာခြင်း များစွာဖြင့် ပြန်ထွက်လာခဲ့ပါသည်။

အိမ်ကိုတန်းမပြန်ပဲ ရဲ ( ခရီးသွားလတ်မှတ် ထုတ်ပေး ဖြေရှင်းပေးသည့်) ဌာနကို တန်းထွက်လာခဲ့ပါသည်။ ရဲဌာနသို့ရောက်သည့်အခါတွင် ရုံးဆင်းချိန်နီးနေပြီ ဖြစ်ပေသည်။ ရဲကြီးကို ဖြစ်ပုံကို တင်ပြပါသည်။ ငါ့စာအုပ်က ဘာကြောင့်သွားခွင့် မရပါသလည်း ဟုမေးပါသည်။ ငါသိသလောက်ဒီစာအုပ်က မြန်မာပြည်ကလွဲရင် တခြားကိုသွားရသည် မဟုတ်လားဟု ကိုယ့်အတွက်စိတ်သက်သာရာကို ထောက်ခံသည့် မေးခွန်းကိုသာ မေးမိနေပါသည်။ သူကလည်း ဟုတ်ကြောင်းပြောပါသည်။ ထောက်ခံချက်ရသည့်အတွက် တမျိုးတော့ပျော်သလိုပင်.. သူလည်း ဒီစာအုပ်ဖြစ် ခရီးသွားမရဆိုသည်ကို တခါမှမကြားဘူးကြောင်း ပြောပါသည်။ သို့သော် အဆုံးတွင်တော့ အဖြေမရပဲ စိတ်မချမ်းမြှေ့ချင်း များစွာဖြစ် အိမ်သို့ပြန်လာခဲ့ပါသည်။ ဘတ်စ် ကားပေါ်တွင် ခေါင်းပင်မမူးအားပဲ ရင်ထဲတွင်စို့ကာ ခေါင်းနှောက်ကာ ပြန်လာခဲ့ပါသည်။ အိမ်ရောက်သော်လည်း ကိစ္စကမပြီး ….ကျွန်မငွေများမဆုံးဖို့ က အဓိကဖြစ်သွားခဲ့ပါသည်။ ဘုရားဖူးဘို့ ကိစ္စက ဒုတိယဖြစ်သွားခဲ့သည်မှာ အမှန်ပင်။ ငါ့ပိုက်ဆံတွေ ဆုံးပြီးပေါ့။ ငါ့မှာရှိတာမဟုတ်… အပူစိတ်တွေဖိစီးကာ လေယာဉ်လတ်မှတ်ဝယ်ထားသည့် လေယာဉ်လိုင်းကို ဖုန်းဆက်ပါသည်။ သူတို့ကလည်း ကိုယ်တိုက်ရိုက်ဝယ်ထားသည့် နေရာကိုဆက်သွယ်ရန်သာပြောပါသည်။ သူတို့ထံတွင် မဝယ်ထားသည့်အတွက် အဲလိုညွန်းရခြင်းဖြစ်သည်ကို ရှင်းပြပါသည်။ ကျွန်မသည် ဝယ်ထားသည့်နေရာကို ဆက်သွယ်လိုက်ပါသည်။ သူတို့ကလည်း ဘယ်လိုအာမခံမျိုးဝယ်ထားသလဲ.. ဘာကြောင့်သံရုံးက မပေးတာလဲ စသည်ဖြင့် မေးပါတော့သည်။ ဖြစ်စဉ်ကိုလည်း ကျွန်မကရှင်းပြပါသည်။ အဖြေကား သူတို့ထံသို့ ဝယ်ထားသည့်လတ်မှတ် အသေးစိတ်ပေးရန် နှင့် ပြန်ရနိုင်သည့်ငွေမှာ (၂၀) ရာခိုင်နှုန်းလောက်သာ ရှိသည်ဟုပြောသည့်အတွက် စိတ်မချမ်းသာစရာဖြစ်ရပါတော့သည်။ လူလည်း ၁၀ နှစ်စာလောက် အိုစာသွားခဲ့ရပေသည်။

ကျွန်မသည် ဘာလုပ်ရမှန်းမသိ ရောက်ရပ်ခပ် နေခဲ့ပါသည်။ အဓိကကတော့ မသွားရပါကလည်း ငွေပြန်ရရင် ပြီးရော ဟုသာ တွေးမိပါသည်။ ငွေ ငွေ … အချိန်တိုင်းငွေသာ စိုးမိုးနေခဲ့သည့် အချိန်တခု ဖြစ်ခဲ့သည်ဟု ဝန်ခံရမည်သာဖြစ်ပေသည်။ ဤအချိန်အတောအတွင်းမှာပင် နော်ဝေးနိုင်ငံသို့ သီတဂူဆရာတော် ကြွလာခဲ့ပါသည်။ ဆရာတော် တရားမဟောမီတွင် နေရာတခုတွင် ဆွမ်းစာကြွလာရာ ကျွန်မလည်း သွားရောက်ဖူးမျှော်ဆွမ်းကပ်ခဲ့ပါသည်။ ထိုနေရာတွင် နော်ဝေးမှာရှိနေသည့် ဘုန်းကြီးတပါးကို မိမိပြဿနာကိုပြောပြမိပါသည်။ ဘုန်းကြီးကကျွန်မပြဿနာကို သိသွားပါသည်။ ကျွန်မသည် လတ်မှတ်ဝယ်ထားပြီးနေသည့်အတွက် ဘာလုပ်ရမှန်းမသိ ဖြစ်နေခဲ့ပါတော့သည်။ ထိုအချိန်နှင့် မရှေးမနှောင်းတွင် နော်ဝေးသို့ မုစိုးရိမ်ဆရာတော် ထပ်ကြွလာခဲ့ပြန်ပါသည်။ ကျွန်မတို့မိသားစု တရားနာရန် ထပ်သွားခဲ့ပါသည်။ ထိုတရားပွဲတွင် နော်ဝေးမှဘုန်းကြီးကို ထပ်မံဆုံပြန်ရာ ဘုန်းဘုန်းက ဦးဝင်းဖေဆိုသူသည် ဤခရီးသွားလတ်မှတ် ဖြင့်ပင် အိန္ဒိယနိုင်ငံသို့ သွားခဲ့ပြီဟု ပြောသည့်အခါ အလင်းရောင်လေး နဲနဲရှိလာပြန်ခဲ့ပေသည်။ ယောက်ျားက တရားပွဲမှ ပြန်လာသည့်အခါတွင် ဦးဝင်းဖေဆိုသူကို ဆက်သွယ်ခဲ့ပါသည်။

ကျွန်မကလည်း တဘက်တွင် ငွေများကို ဘယ်လိုမျိုးပြန် ရနိုင်အောင်လုပ်ရမည်ကို စဉ်းစားနေခဲ့ပါသည်။ စားလည်းသည်စိတ် အိပ်လည်းသည်စိတ်ဖြင့် နော်ဝေးငွေ နှစ်သောင်းကျော်ကို စဉ်းစားတိုင်း နှမြောကာ ဝမ်းနည်းနေတော့သည်။ ဒီကြားထဲ ကျွန်မက ယောက်ျားကို မြန်မာငွေနဲ့ဆိုရင် သိန်း(၅၀) လောက်ရှိမယ်နော်ဟု ပြောမိပါသည်။ ယောက်ျားက ငွေများဆုံးမည် ဖြစ်သောကြောင့် စိတ်မချမ်းသာဖြစ်နေသည့် ကျွန်မကို ရောဂါတိုးအောင် မြန်မာငွေနဲ့ ဘာလို့လျှောက်တွက်နေရပါသလဲဟု ပြောကာ ဘာမှမဖြစ်နဲ့ဟုသာ အားပေးပါသည်။

နောက်တခုကတော့ အိန္ဒိယနိုင်ငံမှအသိများကို အခြေအနေလှမ်းမေးခဲ့ပါသည်။ သူတို့ကလည်း ဒီလိုခရီးသွားလတ်မှတ် အစိမ်းရောင်စာအုပ်က မူအရကို ဗီဇာမပေးဆိုသည်ကို အထောက်အထားများဖြင့် ပြောလာသောကြောင့် ဘုရားဖူးခရီးစဉ်သည် အလိုလိုကို ပျက်သွားပြီဟု ဆိုကာ အင်မတန်စိတ်မချမ်းသာဖြစ်နေခဲ့ပါသည်။ ငွေပြန်ရရေးကျိုးပမ်းသည့်အနေဖြင့် အိန္ဒိယနိုင်ငံသား အသိတယောက်ကို မေးပါသေးသည်။ ငါ့ငွေတွေ ဘဏ်ထဲမှာ ရှိနေသေးတယ်။ အေးဂျင့်က ဘဏ်ထဲမှငွေ မဖြတ်သေးကြောင်းနှင့် …. သံရုံးနဲ့ပြဿနာတက်သည့်အကြောင်း.. သူလည်းအိန္ဒယနိုင်ငံသားဖြစ်သည့်အတွက် အဆက်အသွယ်တခုခုဖြင့် ကူညီရနိုင်မည်လား စသည်တို့ကို အကြံတောင်းမိပါသည်။ သူကငွေများမထွက်သေးရင် ငွေများထုတ်ထားတာမျိုး ဒါမှမဟုတ်ပါကလည်း ယောက်ျားဘဏ်ထဲမှ ကျွန်မဘဏ်ထဲသို့ လွဲနိုင်ကြောင်း ပြောပါသည်။ ကျွန်မကယောက်ျားကိုငွေများလွဲရန် ပြောပါသည်။ သူကသဘောမတူသော်လည်း ကျွန်မနားပူနားဆာလုပ်သော်ကြောင့် နောက်ဆုံးလွဲပေးလိုက်ပါသည်။ ငွေများမရှိတော့သော်လည်း အေးဂျင့်မှငွေများကို နေရာအသီးသီးမှ ထုတ်ယူလိုက်ပါတော့သည်။ ထို့အတွက် ငွေများကို ပြန်ထည့်ရပြန်ပါတော့သည်။ ဒုက္ခများတခုပြီးတခုဝင်လာပုံက ထို့သို့တည်း။

ထိုအချိန်တွင် ဦးဝင်းဖေနှင့်ယောက်ျား အဆက်အသွယ်ရကာ အိန္ဒိယသံရုံးသို့ သူလိုက်ပါပေးမည်ဟု ဆိုလာပါသည်။ သို့သော် ကျွန်မလိုက်၍မရပါ။ လိုက်ပါက အပြင်မှာနေခဲ့ဖို့နှင့် ဘယ်သူနှင့်မှစကားမပြောရန် မျက်နှာမပြရန်ဆိုသည့် သဘောတူမူတခု ရထားခဲ့ကြပါသည်။ သူလိုက်ပါပေးမည်ဆိုသည့်အတွက် အလွန်ဝမ်းသာကြပါသည်။ ဤနေရာတွင် ဦးဝင်းဖေဘယ်လို လူမျိုးဖြစ်သည်ကို အနည်းငယ်ပြောလိုပါသည်။
သူသည် အလုပ်ပေါင်းစုံကို လုပ်ဖူးသူဖြစ်သလို အသက်အရွယ်မှာ (၅၀) ကျော်နည်းပါးဖြစ်ပြီး အင်္ဂလိပ်လိုလည်း ကောင်းကောင်းပြောနိုင်သူဖြစ်ပေသည်။ ရုပ်ရည်အားဖြင့်လည်း ခန့်ထည်သူဖြစ်ပေသည်။ လူပေါင်းဆန့်သူတဦးဖြစ်ရကား အတည်နှင့်ပြောလျှင်လည်း ပြောနိုင်သလို ရယ်စရာဟာသ ပြောမည်ဆိုလျှင်လည်း အဆင်ပြေသူဖြစ်ပါသည်။ အောက်ကြို့ပြောရမည် ဆိုလျှင်လည်း သူလုပ်ပေးနိုင်ပေသည်။ သူက ကျွန်မတို့ကိုကူမည် ဆိုသည့်အတွက် ယောက်ျားက အလုပ်မှခွင့်ယူကာ သံရုံးသို့ နောက်ရက်တွင်ထွက်ခဲ့ကြပါသည်။ ဟိုရောက်သော် ကျွန်မနှင့်ကလေး (၂) ယောက်က အပြင်မှာနေခဲ့ပြီး သူနှင့်ယောက်ျားက သံရုံးထဲသို့ ဝင်သွားခဲ့ပါသည်။ အပြင်မှာနေခဲ့သည့် ကျွန်မတို့မှာကား တကယ့်ဒုက္ခသည်ဘဝ တဖန်ပြန်ရောက်သကဲ့သို့ လမ်းဘေးတွင် ထိုင်စောင့်နေခဲ့ကြရပါသည်။ နာရီဝက်လောက်ကြာသော် အပြင်ကနေ ဖုန်းခေါ်ကာ အကျိုးကြောင်းမေးပါသည်။ သူတို့ကို ဘာမှမပြောပဲ ဒီအတိုင်းစောင့်ခိုင်းထားသည်ဟု ယောက်ျားကပြောပါသည်။ သို့သော်အချိန်ကား သံရုံးပိတ်ကာနည်းချေပြီ။ ကျွန်မ အလွန်အမင်း စိတ်ပူနေပေသည်။ ဦးဝင်းဖေသည် ကျွန်မရန်ဖြစ်ခဲ့သည် ကုလားကြီးအား အချိန်စောင့်ကာ စကားပြောပါသည်။ ထိုကုလားကြီးသည် သံမှူးကိုသတင်းအစုံပေးနိုင်သည့် အင်မတန်သြဇာ ကြီးမာသည်ပုဂိုလ်ကြီးဖြစ်ပေသည်။ သူကဦးဝင်းဖေကို မမှတ်မိသောကြောင့် သူကပင် ကုလားကြီးကို စတင်မိတ်ဆက်ကာ သူလုပ်ပေး၍ အိန္ဒိယနိုင်ငံသို့ သူသွားခဲ့ရကြောင်းနှင့် အခုလည်း အကူအညီလို၍ရောက်လာကြောင်း အင်မတန်ယဉ်ကျေး သိမ်မွေ့စွာပြောပါသည်။ ပြီးလျှင်လည်း ဆလမ်တွေ တချိန်လုံး လုပ်နေပုံကား မြန်မာပြည်တွင် ကုလားများ မြန်မာများကို ဆလမ်လုပ်နေသည့် ပုံစံအတိုင်းရှိသည်ဟု ယောက်ျားက ပြောပြပါသည်။ ကုလားကြီးသည် ဦးဝင်းဖေကို အင်မတန်စိတ်တိုကာ ခင်ဗျားရတိုင်း သူတို့ (ယောက်ျားကိုလက်ညိုးထိုးကာ) ရမယ်ထင်နေသလား.. သူတို့ရရမယ်ဆိုပြီး တောင်းဆိုနေတာလား ဟု ပြောပါသည်။ ဦးဝင်းဖေက မဟုတ်ကြောင်းနှင့် သူတို့သည် အင်္ဂလိပ်လိုလည်း မတက် .. ခရီးလည်းမသွားဖူး.. ဘာကိုဘာမှနားမလည်သည့်အပြင် .. အိန္ဒိယနိုင်ငံသည် အင်မတန်မှ ထူးဆန်းသည့်အရာများ.. ယဉ်းကျေးမူများထွန်းကားသည့် အရပ်ဖြစ်သည့်အတွက် သွားချင်နေကြကြောင်းနှင့် ကလေး နှစ်ယောက်စလုံးမှာလည်း သွားချင်လွန်း၍ တငိုငိုတရယ်ရယ်ဖြစ်နေသည်ကို ပုံကြီးချဲ့ပြောပြပါသည်။ ပြောတိုင်းလည်း ခြေထောက်ရှိခိုးတော့မည့်အတိုင်း ပြောသလို ဆလမ်ကိုလည်း မရပ်မနားလုပ်သည့်အတွက် ဗျူရေကရေစီကုလားကြီး မနေတက်မထိုင်တက် ဖြစ်နေသည်ကိုလည်း ယောက်ျားက ရှင်းပြပါသည်။ လူအားလုံးရှင်းလောက်သည့်အချိန်တွင် ကုလားကြီက လျှောက်လွာတင် သွားဟုဆိုကာ သူတို့နှစ်ယောက် ကိုပြောပါသည်။ ဖြစ်ပုံကား ဦးဝင်းဖေ စိတ်တိုစရာပင်.. အပူတွေနှင့်ကျွန်မတို့ မိသားစုသည် အားလုံးပြင်ဆင်သွားသော်လည်း ငွေမထုတ်သွားခြင်းပင်ဖြစ်ပေသည်။ ငွေကလည်း အလွန်ဆုံးအိတ်ထဲရှိမှ သုံးလေးရာသာဖြစ်ပေသည်။ လိုသည်ကား ထောင်ကျော်.. ဦးဝင်းဖေ အင်မတန်စိတ်တိုပေတော့သည်။ သို့သော် သို့သော်… ဘုရားမကယ်အားသေး.. ဦးဝင်းဖေကယ်ပေတော့သည်။ သူ့တွင် ငွေ ထောင်ကျော်ရှိနေခြင်းပင်ဖြစ်သည်။ (သူသည်လည်းငွေကို တခါမှ အိတ်ထဲရာကျော်ထက်မပို.. အခုမှ သူ့သမီးလေးမွေးနေ့အတွက် သုံးရာမှပိုနေသည့်ငွေကို ယူလာခြင်းဖြစ်ပေသည်။)…. ငွေ အဆင်ပြေသွားတော့သည်။ ထုံးစံအတိုင်း ဟိုမေးဒီဖြည့် လုပ်သော် ယောက်ျားကို ဦးဝင်းဖေက နင့်ဘာသာဖြေတော့ဟုဆိုကာ လွတ်ပေးလိုက်တော့သည်။ ယောက်ျားကလည်း ပွဲဦးထွက်တင်ပင် နင်တို့် ဟိုမှာဘယ်လောက်ကြာကြာနေမှာလည်း မေးသည်ကို (၄) နှစ်ဟုဖြေလိုက်ပေသည်။ ဟိုကလည်း မျက်လုံးပြူးသွားပေသည်။ ပြန်ပြင်ပြောသော်လည်း ဦးဝင်းဖေမှာ မကျေမနပ်ဖြစ်ရကား တော်တော်ကောင်းတဲ့ သောက်တလွဲ..အင်္ဂလိပ်စာဟု ပြောမဆုံးဖြစ်နေပြန်တော့သည်။ အဆုံးသတ်သော် ထိုနေ့တွင် တင်စရာရှိသည်များကို တင်ကာပြန်လာခဲ့ပေသည်။ ပြောရအုံးမည် သူတို့အထဲတွင် အကြိတ်အနယ် ဖြစ်နေသည့်အချိန်တွင် ကျွန်မသည် အပြင်တွင် သံရုံးမှဝန်ထမ်းတဦးနှင့် စကားတွေပြောကာ မိတ်ဆွေဖွဲ့နေပါသည်။ ဒါကိုလည်း ဦးဝင်းဖေတွေ့သွား၍ မကျေနပ်ကာ ကျွန်မကိုဆူပြန်သည်။ နင်စကားတွေ ဘာမှ ရှည်မနေနဲ့ ငါ့မှာအောက်ကျစရာ ဘာမှမရှိတော့ဟုဆိုပြန်ပါသည်။

ဤအချိန်တွင် ခရီးစဉ်အတွက် (၅) ရက်သာလိုပေတော့သည်။ ဗီဇာက ရမရမသေချာ ဗီဇာကြေးက ပေးခဲ့ရပြန်သေးသည်။ ဗီဇာဖောင်တွင်လည်း ဗီဇာကြေးက ဗီဇာမရလျှင်လည်း ပြန်မရဟု ပြောထားပေသည်။ သူတို့ ပြန်ချိန်းသည့်ရက်မှာ မဖြစ်နိုင်သည့်ရက်ဖြစ်သည့်အတွက် သွားရမည်မှာ စနေနေ့ဖြစ်သော်ကြောင့် သောကြာပေးပါရန် ပြောသော်ကြောင့် အဆင်ပြေကာ သောကြာကိုစောင့်ရပါတော့သည်။ သောကြာမရောက်ခင်တွင် ယောက်ျားနှင့် ဦးဝင်းဖေတခေါက် မျက်နှာသွားပြပြီး ရမရစုံးစမ်းရပါသေးသည်။ သူတို့က သောကြာနေ့လာပါဟု ပြောလွတ်လိုက်ပေသည်။ စောင့်နေစဉ်တွင်လည်း ယောက်ျားကိုကျွန်မက စိတ်ပူကြောင်းသာပြောနေ၍ သူကမပူရန်.. ဗီဇာကြေးယူလိုက်သည် ဆိုကတည်းက ရနိုင်သည်ဖြစ်ကြောင်းနှင့် ဦးဝင်းဖေ၏ ပြောထားချက်သည်လည်း အင်မတန်ကောင်းသည့်အတွက် ရနိုင်ကြောင်းအားပေးပါသည်။ လိုရမယ်ရ အကြံအဖန်တခုလည်း လုပ်မိပါသေးသည်။ ကျွန်မတို့ဝယ်ထားသည့် အာမခံတွင် ကျန်းမာရေးတခုခုဖြစ်ခဲ့လျှင် ပြန်ရမည့်ပိုက်ဆံပါသည့်အတွက် ဆရာဝန်ထံသို့ အကြံအဖန်လုပ်ရန်လည်း ကျွန်မရောက်သွားခဲ့ပါသေးသည်။ ရပ်စပ်ရှင်ထိုင်သည့် နပ်စ်မက ဘာဖြစ်လဲဟုမေးသည်တွင် ဗိုက်နာသည်ဟု ပြောသောကြောင့် သူကအရေးမကြီးကြောင်းနှင့် အရမ်းဖြစ်လာပါက အရေးပေါ်သို့ သွားနိုင်ကြောင်းဖြစ်သာ ပြောလွတ်လိုက်သည်ကိုလည်း စိတ်ထဲတွင် ငါအသုံးမကျရကောင်းလားဆိုကာ ကိုယ့်ကိုယ်ကို အပြစ်တင်မိပါသေးသည်။

သို့ဖြင့် သောကြာသို့ရောက်ခဲ့ပေတော့သည်။ ဗီဇာ သွားယူရမည့် အချိန်မှာ ညနေ (၄) နာရီမှာ (၅) နာရီကြားဖြစ်ပေသည်။ ကျွန်မတို့လင်မယားနှစ်ယောက် ရင်တထိတ်ထိတ်ဖြင့် သံရုံးသို့ စောစီးစွာရောက်လာခဲ့ပေသည်။ ထုံးစံအတိုင်း ကျွန်မက အပြင်မှာစောင့် ယောက်ျားကအထဲဝင်သွားပါသည်။ ပြေစာစာရွက်ကလေးကိုကိုင်ကာ သွားစောင့်နေပါသည်။ လာစောင့်သူများမှာလည်း (၁၅) ဦးခန့်ရှိနေပါသည်။ အချိန်ကလည်း အင်မတန်တိုပါသည်။ ဗီဇာပေးမည်ဆိုလျှင်လည်း တယောက်ချင်းခေါ်ကာ ပေးလိုက်ရုံသာရှိပေတော့မည်။ လာသူကပြေစာပေး ဟိုက တုံးထုထားသည့် ပတ်စထုတ်ပေးရုံဟုသာ နားလည်ပါသည်။ သို့သော် အိန္ဒိယသားများကား ထူးဆန်းလေစွ။ မပေးပါ.. လွယ်လွယ်မပေးပါ.. တယောက်ချင်းကို အကြာကြီးပြောနေဆိုနေ …..အပေါ်ထပ်တက်လိုက်အောက်ဆင်းလိုက် နှင့် ဘာလုပ်မှန်းမသိဖြစ်နေပေတော့သည်။ (ယောက်ျားပြောသည်မှာ သူတို့အပေါ်ဆင်းအောက်တက် လုပ်နေသော်လည်း စာအုပ်များမှာ အောက်မှာအကုန်လုံး အဆင့်သင့်ထုပြီးသားဟု မှန်းဆရကြောင်းနှင့် ယူပေးရုံသာဖြစ်သော်လည်း အဲလိုမဟုတ်ပါပဲ အပေါ်တက်အောက်ဆင်း လုပ်ပြနေခြင်းသည် လာရှောက်သူအားလုံးရင်ကို စိတ်ပူစေသော် အခြေအနေဖြစ်နေပေသည်။) လာလျှောက်သူများမှာလည်း ကုလားကြီးပဲမဟုတ် အဖြူများလည်းပါပေသည်။ သူတို့လုပ်ပြနေပုံကား ငါတို့နိုင်ငံကို သွားချင်တိုင်း သွားမရ ဟုဆိုကာ အာဏာပါဝါပြနေပုံပင်ဖြစ်ပေသည်။ ဥပဒေဘောင်အတွင်းကနေ လုပ်စရာရှိသည်များကို လုပ်နေခြင်းမဟုတ်ပေ။ အာဏာရှင်တပိုင်းဖြစ်နေသည့် ထိုကုလားကြီးကို ကျွန်မအလွန်မြင်ပြင်းကတ်သည်မှာ အမှန်ပင်။ သို့သော် ကျွန်မသည် မျက်နှာကို ပြုံးချိုချိုထားကာ သံရုံးထဲသို့ဝင်လာခဲ့ပြန်ပါသည်။ ဗီဇာမရမှာကို စိတ်အလွန်ပူနေသည့်အပြင် ယောက်ျားကိုလည်းကူညီစရာရှိလျှင် ကူညီနိုင်အောင်ဖြစ်ပေသည်။ ဒီတခါတွင် ကျွန်မက ဝတ်စားနေကျ သာမာန်ပုံစံကိုသာ ဝတ်သွားပါသည်။ မြန်မာထမိန်နှင့် မဟုတ်တော့ပေ။ စိတ်တထင့်ထင့်နှင့် သံရုံးထဲတွင် ယောက်ျားနားထိုင်ကာ စောင့်နေမိပါသည်။ လူ(၃) ဦးလောက်သာကျန်တော့သည်။ ထိုကုလားကြီးဆင်းလာပြန်ပေသည်။ အရှေ့တွင် ရပ်နေသည့်ကုလားကို နင်နားမလည်ဘူးလား ဘာညာဆိုကာ သူ့သားသမီးသဖွယ် ဆူပူနေသည်ကို ကြည့်ကာကျွန်မအလွန် ရယ်ချင်နေမိပါသည်။ နောက်တယောက်ကား အဖြူမတယောက်ဖြစ်ပါသည်။ သူလည်း ဘာပြဿနာတက်သည်မသိ စောင့်နေရတုန်း.. အချိန်ကား ပိတ်မည့်အချိန်ထက် လွန်နေပြီဖြစ်ပါသည်။ (၁) နာရီကျော်လောက် လွန်နေပြီဖြစ်ပါသည်။ ကျွန်မမပူမရှိနိုင်တော့ အချိန်လည်း မရှိတော့သလို ဝန်ထမ်း အာဖရိကန်အမျိုးသမီးက ယောက်ျားကို စောင့်နေဦးဟုဆိုကာ အပေါ်တက်အောက်ဆင်း လုပ်နေသည်ကိုလည်း မြင်နေရသောကြောင့် ဖြစ်ပါသည်။ အဆုံးတွင် ကျွန်မတို့အလှည့် ရောက်လာကာ ယောက်ျားထံမှ ပြေစာစာရွက်ကို ဆွဲစောင့်၍ ယူလိုက်ပြီး နင်ကဘာလာလုပ်တာလဲ ပြည်ဝင်ခွင့်ဆိုတာ အနည်းဆုံး ဆယ်ရက် စောင့်ရတယ်ဆိုတာ နားမလည်လားဟု ဆိုကာ ဆူပူပါတော့သည်။ မျက်နှာကို ငယ်ပြရတော့သည်.. မဟုတ်ပါ ဘာညာဆိုကာ မသိကြောင်း မတက်ကြောင်းကို အောက်ကျခံပြရတော့သည်။ တခါထပ်စောင့်ခိုင်းပြန်သည်။ ယောက်ျားက ကျွန်မကို မှတ်မိကာ ပြဿနာတက်မှာစိုး၍ အပြင်မှာသွားနေခိုင်းပြန်ပါသည်။ တခေါက်ပြန်ထွက်လာခဲ့ပါသည်။ (၁၅)မိနစ်ခန့်နည်းပါးအကြာတွင်တော့ ထိုကုလားကြီးသည် ယောက်ျားကို နောက်တခါဒီလို လာမချိုးနှင့် အခုတခါတော့ ရှိပစေဆိုကာ ခလေးတယောက်ကို ဆူဆဲကြိမ်းမောင်း ပြောဆိုသကဲ့သို့ စာအုပ်များကိုပစ်ချကာ ထုတ်ပေးလိုက်ပေတော့သည်။ စိတ်ထဲတွင် ဗီဇာပေးလိုက်သည်ဟု တန်းသိနေပေတော့သည်။ ယောက်ျားမှာကား ဆူပဲဆူဆူ ပြောချင်တာသာပြောပစေ ရခဲ့ပြီဆိုကာ ဝမ်းသာစွာထွက်လာပေတော့သည်။ စာအုပ်များကို ဖွင့်ကြည့်လိုက်သောအခါ လှပသော အိန္ဒိယနိုင်ငံ ပြည်ဝင်ခွင့်လေး ကျွန်မတို့စာအုပ်ထဲတွင် ထုရိုက်ပြီးဖြစ်နေပေသည်။ ပေးလိုက်ပြန်တော့လည်း အလွဲလွဲပင် သားစာအုပ်မှာအဖေ အဖေမှာသားဖြစ်နေပေတော့သည်။ သို့သော် ကျွန်မတို့ကား အလွန်အမင်းပျော်ရွင်စွာ ကျွန်မတို့အတွက်ကူခဲ့သူ ဦးဝင်းဖေနှင့် အခြားဝိုင်းစိတ်ပူပေးသူ မိတ်ဆွေဆရာများကို တခုတ်တရလှမ်းကာ အဆင်ပြေကြောင်း ဖုန်းဆက်အကြောင်းကြားရပေတော့သည်။ ငွေကြောင့်အရူးမီးဝိုင်းဖြစ်ခဲ့ရသည် ကျွန်မသည်လည်း စိတ်ချမ်းသာ ရသွားပေတော့သည်။ ဤကားကျွန်မတို့၏ အိန္ဒိနိုင်ငံသို့သွားရန်အတွက် အိန္ဒိယမရောက်ခင်ကတည်းက ကြုံဆုံရသည့် အမှန်တကယ် Incredible India ဗီဇာရရေး အတွေ့အကြုံများပင်ဖြစ်ပေတော့သည်။


9 ဦး၏ဆွေးနွေးချက်:

naungthu said...

ကျွန်တော် စင်ကာပူသွားတုန်းကလည်း အစ်မလို တသီကြီး ဒုတ်ခတွေရောက်ဖူးပါတယ်...ကျွန်တော့်တုန်းကလိုပဲ အများကြီးရင်မောသွားတယ် အစ်မရေးတာဖတ်ပြီး

Thet Oo said...

မလွယ်ပါလား။

Nge Naing said...

မဗေဒါရေ ကျွန်မလည်း အိန္ဒိယဗီဇာ လျှောက်တုန်းက ဘန်ကောက်က အန္ဒိယသံရုံးမှာ ကြုံဖူးပါတယ်။ ဗီဇာ သွားလျှောက်ထားတာ မပေးဘူးဆိုပြီး အကြောင်းကြားလာလို့ မပေးရင်လည်း မသွားတော့ဘူး ငါ့စာအုပ်ငါ့ကို ပြန်ပေးဆိုပြီး စာအုပ် ပြန်သွားတောင်းတော့ အရာရှိမလာသေးဘူးဆိုလို့ စောင့်ပြီး ညနေ ၆ နာရီ ရုံးပိတ်ခါနီးမှ ပြန်ရတယ်။ ကျွန်မလည်း တနေကုန် ရန်ဖြစ်ပြီး ခဏခဏ ပြန်တောင်းနေတယ်။ နင်တို့အရာရှိက ဘယ်တော့လာမလဲ သူနဲ့ ငါမတွေ့ချင်ဘူး ငါ့စာအုပ် ငါပြန်လာယူတာ အခုပြန်ပေးဆိုပြီး တနေကုန် သွားတောင်းနေလို့ နောက်ပိုင်း ကောင်တာဝမှာ ကျွန်မကို တွေ့ရင်တောင် သူတို့ လှည့်မကြည့်တော့ဘူး။ နောက်ဆုံးတော့ ကျွန်မလည်း အပြင်က ဆိုဖာမှာ စိတ်ပျက်လက်ပျက်နဲ့ ထိုင်ပြီး ငိုက်နေတဲ့အချိန် ရုံးပိတ်ခါနီးပြီ အဲဒီအချိန်မှ ရော့ နင့်စာအုပ်ဆိုပြီး ၀န်ထမ်းတယောက်လာပေးလို့ ငါ့စာအုပ် ငါပြန်လာယူတာတောင် တနေကုန် စောင့်ရတယ်နော့် ဗီဇာများရဖို့ဆို ဘယ်လောက်စောင့်ရမလဲမသိဘူးလို့ ခနဲ့ပြီး ပြောလိုက်သေးတယ်။ စာအုပ်ကို ပြန်လှန်ကြီးတော့ အစိမ်းရောင်လေးနဲ့ အန္ဒိယ ဗီဇာလေး နှိပ်ထားတာကို မမျှော်လင့်ဘဲ တွေ့လိုက်တယ်။ ဒီအတိုင်းဆို ဒီလူမျိုးတွေဟာ တခုခုပေးဖို့ကို စိတ်ဆင်းရဲအောင် လုပ်ပြီးမှ ပေးလိုတဲ့ စိတ်ရောဂါတခုခု ရနေမလားမသိဘူးနော့်။

Anonymous said...

u need to send letter to indian Embassdar about this.

T T Sweet said...

အဲသလောက်တောင် ခက်သလား။ ပြောမယုံကြုံဘူးမှသိ ဆိုသလိုတောင်ဖြစ်နေပြီ။ နိုင်ငံခြားသားလာလည်မှာကို wormly welcome မလုပ်ချင်ဘူးဆိုတဲ့ သဘောပေါ့။ ဒါမျိုးတွေ တကမ္ဘာလုံးက လူတွေများများ သိအောင် ဖွင့်ဟသင့်တယ်။
ရေးထားတာလေး ဖတ်လို့ကောင်းပါတယ်။ ကိုယ်တောင်ဖြစ်နေသည့်အလား သဲထိပ်ရင်ဖိုပါပဲ။

Shinlay said...

ရင်မောစွာနဲ့ ဖတ်သွားပါတယ်။ တော်ပါသေးရဲ့ ။
ရသွားလို့ ။

Steve Evergreen said...

ဟုတ်တယ် ကြားဘူးတယ် Travel Document တွေနဲ့ဆို ခရီးသွားရတာ ခက်သတဲ့။ USA က ခရီးသွားလက်မှတ်နဲ့ အသိတယောက်လဲ Singapore visa တောင်မရလို့ Thailand မှာပဲ သူ့မိဘတွေနဲ့ တွေ့ရတယ် ကြားဘူးတယ်။

AMK said...

ဖတ်ရတာစိတ်မောလိုက်တာ အမရေ နောက်ဆုံးရသွားလို့ တော်သေးတယ်

JulyDream said...

မြန်မာပြည်ကနေ ကုလားပြည် ဝင်တဲ့ဗီဇာကမှ လွယ်နေသလားပဲနော်။ ၂၀၀၃ ခုနှစ်တုန်းက ကုလားပြည်ကို ၃ လ လောက် သွားခဲ့ဖူးတယ်။ =)