Saturday, July 9, 2011


အာမတ်ဟာ ထောင် ၁၀ နှစ်ချခံခဲ့ရတယ်။ ဦးလေးဖြစ်သူ အကာလည်း အကာကွယ်ပေးဖို့ကြိုးစားပေမဲ့ အချည်းနှီးဖြစ်ခဲ့သလို ဦးလေးလည်း ခိုမေနီရဲ့ အစောင့်တပ်သားတွေရဲ့ ကန်ကြောက် နှိပ်စက်ခြင်းကိုပဲ ခံခဲ့ရတယ်။ နေရာတိုင်းနေရာတိုင်းမှာ အစ္စလာမ် ယဉ်ကျေးမှုနဲ့ မကိုက်ညီတဲ့သူတွေကို အမြဲတမ်း အရေးယူ အပြစ်ပေးတာတွေ ဒါမှမဟုတ် ဖယ်ထုတ်ပစ်တာတွေ လုပ်လာတယ်။ ကိုယ်တိုင်မလုပ်တောင်မှ အမျိုးအဆွေထဲက တယောက်ယောက်က အစ္စလာမ်ကို အမည်ပျက်အောင်လုပ်ရင် မျက်နှာငယ်ရတဲ့ အခြေအနေထိ ဖြစ်လာတော့တယ်။ အာမတ်ရယ် အပြစ်ရှိတဲ့ အာမတ်ကို အကာအကွယ်ပေးတဲ့ ဖခင်ရယ်ကြောင့် အကာ သမီး ၂ယောက် ကျောင်းဆက်တက်ခွင့် ပိတ်ပင်ခံရတယ်။ ခိုမေနီ လက်ထက်မှာတော့ အစ္စလာမ် လူငယ်တွေ လူကြီးတွေ ဟာ ဘဝတွေ ထပ်ပျက်ကြရပြန်တယ်။ အကာဟာ သမီးနှစ်ယောက် တီရန်ကို သွားပြီး ဘဝသစ်ရှာဖို့ ပထမပိုင်းမှာ သဘောမတူပေမဲ့ ဇနီးသည်ရဲ့ အကြံညဏ်ကြော်င့် အဆုံးမှာ သွားခွင့်ပေးလိုက်ရတယ်။ သားဖြစ်သူလည်း ကျောင်းသွားတက်တာ ပြန်မလာပဲရှိနေတယ်။

နိုစရက် ဟာ ပြင်သစ်ပြည်ကြီးနဲ့ အလုပ်ရှိခဲ့သူ။ အီရန်နိုင်ငံထဲ အရာရာဟာပြောင်းလဲခဲ့ပြီ။ နိုစရက်လည်း သူ့ကင်မရာနဲ့ အရင်လိုပဲ အလုပ်ရူပ်နေတယ်တယ်။ သူက ဘယ်သူ့ကိုမှ ထောက်ခံတာ မဟုတ်ဘူး။ လုပ်စရာရှိတာကိုလုပ်နေခဲ့တာပါပဲ။ တခါတလေ သူ့တူဖြစ်တဲ့ ရှဘာကို ဆက်သွယ်တယ်။ လှုပ်ရှားမှုက ရလာတဲ့ ဓါတ်ပုံတွေကိုထုတ်လုပ်ခဲ့တယ်။ နိုစရက်လည်း အိမ်နဲ့ အဆက်အသွယ် မရှိခဲ့ဘူး။ ဇီးနတ် ( အာမတ်) အမေလည်း အိမ်သားတွေနဲ့ အဆက်အသွယ်မရှိဘူး။ အိမ်နဲ့ အဝင်အထွက်နည်းလာတယ်။ နောက်သူ့သား ``အာမတ်`` ကို သူလျှိုလို့ စွပ်စွဲတော့လည်း ဝင်မစွက်ဖက်သလို ဒီလို အစ္စလာမ်ကို ဖျက်လိုဖျက်ဆီး လုပ်သူတွေကို အပစ်ပေးရမယ်လို့ ယုံကြည်ခဲ့တယ်။ ဒါကြောင့် ခိုမေနီတို့ရဲ့ အားကိုးခြင်းကို ခံခဲ့ရတယ်။ ဒါမှ ``စံပြ အစ္စလာမ်အမေ`` လို့ သတ်မှတ်ပေးခြင်း ခံရတယ်။ တကယ့်အစ္စလာမ် အမျိုးသမီးတယောက်လို နေထိုင်လာသလို အစ္စလာမ်အမျိုးသမီးတွေကို အစ္စလာမ်နဲ့ တကယ်တူအောင်လုပ်ဖို့ တာဝန်ပေးခြင်းခံရတော့တယ်။ မူဆန် မျက်မမြင်တဲ့ လူလည်း ခရီးတွေ ပိုထွက်လာတယ်။ ရှဘာလည်း ကျောင်းတွေ ပိတ်ခဲ့ပေမဲ့ အိမ်ပြန်မလာဘူး။ ဒါပေမဲ့ အကာရဲ့သား ( ရဝါ့) နဲ့တော့ သူတို့၂ ယောက်ကြား အဆက်သွယ်ရှိကြတယ်။ ရှဘာက လက်ဝဲသမားတွေနဲ့ နဲနဲ ပိုနီးစပ်တယ်လို့ပြောရမယ်။ တရက်တော့ ရဝါ့ဒ်က ရှဘာကို …

`` ခိုမေနီက ပဲရစ်မှာနေတုန်းက ပေးခဲ့တဲ့ကတိရှိခဲ့တယ်နော်။ မတူတဲ့သူတွေအပေါ် သည်းခံရမယ်လို့ ။ အခုသူလည်း အာဏာရလာရော အဲဒီကတိကို သူချိုးဖောက်နေပြီဟ။ အခုတော့ လက်ဝဲယိမ်းတဲ့သူတွေကို သူ မလိုချင်တော့ဘူး. ဒါကြောင့် ငါတို့လည်း တိုးတိုးတိတ်တိတ်နဲ့ မြေအောက်ပြန်ရောက်ရတာပေါ့။ ငါတို့ ခိုမေနီကို မယုံဘူး````

နိုစရက်က ခိုမေနီနားမှာ နေခွင့်ရှိတယ်။ သူလည်းပဲ နှုတ်ခမ်းမွေးရှည်နဲ့ ဖြစ်လာပြီ။ သူက အကြံထုတ်တယ်။ ခိုမေနီကို တိုင်းပြည်ထဲမှာ ဘာတွေဖြစ်နေတယ်။ ဘာမှမတိုးတက်ဘဲ လူတွေ ဟာ ခေတ်တုံးကြီးထဲမှာ ပဲ နေနေရတယ်..မီးမရှိ လမ်းမကောင်း..ရေဒီယိုလေးမှ မပိုင်ဆိုင်နိုင် ဆိုတာကို တဘက်လှည့်နဲ့ ရုပ်ရှင်တခုကို နမူနာပြတယ်။ သူ့မှာ တိုင်းပြည်ကို ပြင်ဆင်စေချင်တဲ့ စေတနာ အရိုးခံရှိတယ်။ သူပြတဲ့ ရုပ်ရှင်က ```` နွား`` လို့ခေါ်တယ်။ ခိုမေနီကြည့်တယ်။ အဲဒီမှာ သူ့မိဘတွေ သူ့လယ်သမားလုပ်ဖော်ကိုင်ဖက်တွေကို အမှတ်ရသွားဖို့ပဲ။ ရုပ်ရှင်ကြည့်ပြီးတော့ ခိုမေနီ အာဏာနဲ့ အစ္စလာမ်ဘာသာဝင်တွေ ဒီရုပ်ရှင်ကြည့်ခွင့်ရသွားတယ်။ အကာ မိသားစုလည်း အပါအဝင်ပေါ့။ သူတို့လည်း မတူကွဲပြားတဲ့ အရပ်အသီးသီးကနေ ကြည့်ရူခံစားကြတယ်။ အကာက ကာကာသားလေး ( လီဇတ် )နဲ့ အတူကြည့်ခဲ့တယ်။ ရုပ်ရှင်အဓိကပြောချင်တာက တိုင်းပြည်ဟာ ဘာမှမပြောင်းလဲသေးဘူးဆိုတာပဲ။

`` သင်ဟာ ကွန်မြူနစ်ရဲ့ တကယ့်အမာခံပဲ..။ နင့်အမှုတွဲဟာ ငါ့လက်မောင်းစာလောက်ထူနေတယ်.. ဟယ်လီကော်ပတာကို ပစ်ထားတဲ့ ကျည်ဆံ ၃ ခုပျောက်ဆုံးနေတာကိုလဲတွေ့ရတယ်.. ပြောရရင် မင်းအပြစ်ဟာ သိပ်ကြီးတယ်. သေဒဏ်ပဲ.. ဘာပြောစရာရှိသေးလဲ``

``ညာနေတာတွေပဲ။ ငါပြောချင်တာကတော့ ဒီတရားစီရင်မှုဟာ မမျှတဘူးဆိုတာပဲ..။ ခင်ဗျားလုပ်နေတာတွေဟာ တရားမဝင်ဘူး။ ကျုပ်မှာ ရှေ့နေနဲ့ ကာကွယ်ခွင့်ရှိရမယ်.. ``

`` ငါပြောတာနားထောင် ``မင်းဟာ သူများတွေထက် အပြစ်ပိုများတယ်.. များလှတဲ့ မင်းရဲ့ အပြစ်တွေကိုလည်း တထပ်ကြီးဖတ်ပြီးပြီ``

`` ကျုပ် ဟယ်လီကော်ပတာကိုလည်း သေနတ်နဲ့ မပစ်ဘူး သေနတ်လည်းမရှိဘူး``

``ငါမင်းကို နောက်ဆုံးမေးမယ်.. ငါက အပြစ်လုပ်တယ်ဆိုရင် ညီအစ်ကိုရင်းလဲ မထားဘူး.. ကဲ ဖြေပါ… မင်းက အစ္စလာမ်ကို ယုံကြည်သလား.. ကွန်မြူနစ်လား.. ``

```` ကျုပ်မဖြေဘူး. ခင်ဗျားမှာမေးဖို့အခွင့်အာဏာမရှိဘူး.. ဒါ့အပြင် ဒါဟာ တရားစီရင်ခန်းမလည်းမဟုတ်လို့ပဲ````

```ဒုတိယမေးခွန်းက… မင်းကို အပစ်ကနေလျှော့ပေါ့ပေးမယ်ဆိုရင် တခြားအကျဉ်းသားတွေနဲ့အတူ တနေ့ကို ဘုရား (၇ ) ကြိမ်ရှိခိုးမလား``

``ဘုရားရှိခိုးတာဟာ တကိုယ်ရေ ကိစ္စမို့.. မဖြေနိုင်ဘူး``

`` နံပါတ် ၃ မေးခွန်း.. မင်း ဒီစာရွက်မှာ မင်းလုပ်ခဲ့တာတွေဟာ မှားတယ်ဆိုတာကို လတ်မှတ်ထိုးဖို့ပဲ..``

တကယ်တော့ ကာကာက အခွင့်အရေးနဲနဲပေးဖို့ စဉ်းစားနေတာ။ ဒါပေမယ့်လည်း အခုအခြေအနေက ပြဿနာရှိတယ်။ ဂျဝါ့ဒ် မပူးပေါင်းရင်တော့မလွယ်ဘူး..

`` ခင်ဗျားဟာ အပြစ်မဲ့တဲ့ လူပေါင်းများစွာကို သတ်ခဲ့တယ်။ ကိုရန်ရှေ့မှာ ခင်ဗျားဟာ လူသတ်မှုဆိုတဲ့ ရာဇဝတ်မှုကို ကျူးလွန်ခဲ့တယ်`` ဂျဝ့ါဒ် ပြောတဲ့စကားတွေ မဆုံးဘူး… ``သေဒဏ်`` ဆိုတဲ့ ကာကာရဲ့ အပြစ်ပေးသံ ထွက်ပေါ်လာတော့တယ်။

ရဝါ့ဒ်ကခြိမ်းခြောက်ရုံသက်သက်ပဲ ထင်ခဲ့တာ.. အခုတော့ တကယ်ပဲ ရဝါ့ဒ် မြေပေါ်မှာ ငြိမ်သက်သွားခဲ့ပြီ။ သားဖြစ်သူအဖမ်း ခံရပြီဆိုကတည်းက အသိတွေကနေတဆင့် အပြစ်မပေးဖို့ လိုက်စုံးစမ်းခဲ့ပေမဲ့ အခုတော့ နောက်ကျသွား ခဲ့သလို အသတ်ပါခံခဲ့ရပြီ။ ဒီသတင်းကို သိသွားတော့ အမေရောအဖေပါ အရူးမီးဝိုင်းဖြစ်ရတာပေါ့။ ဒါကြောင့် အလောင်း ကိုမြေချဖို့ လူတကာဆီမှာ လျှောက်အကူအညီ တောင်းရပြန်တယ်။ အကူအညီတွေ ရသလောက်လိုက်တောင်း တာ ဘယ်မှာမှ မရဘူး။ အလောင်းကြီးကို တူဖြစ်သူ ရှဘာနဲ့ ကားတစီးပေါ်တင်ပြီး သူ့သားလေး ကို မြေမြုပ်ဖို့တရွာဝင်တရွာထွက် သွားခဲ့ရတယ်။ ဒီကြားထဲ ရာသီဥတုကအေး ကားကလည်း စုတ်နေတော့ ပိုဆိုးတာပေါ့။ အဓိကကတော့ သူ့သားလေးကို တိရစ္ဆာန်လို ပစ်မထားရက်ပဲ မြေမြှပ်ဖို့ လူတကာဆီ လျှောက်အကူအညီတောင်းနေတာ။ တကယ်တမ်းမြေမြှပ်ဖို့ကလည်း အရမ်းခက်လှတယ်။ ဒီလိုခိုမေနီ တို့ရဲ့ အပြစ်ပေးသတ်ခံရတဲ့ သူတယောက်ကို ဘယ်သူကမှ လက်မခံရဲသလို ရွံလည်းရွံ့ရှာကြတဲ့အထိပဲ။ အရင်က လေးစားခဲ့တဲ့ အမျိုးတွေလည်း လက်မခံဘူး။ မောင်းထုတ်ကြတယ်။ အဆုံးတော့ လူတယောက်အနောက်ကနေ လိုက်လာပြီး သူမြှပ်ပေးမယ်လို့ ကတိပေးခဲ့ပြီး နံနက်မိုးသောက်မှာ အလောင်းကို ပေးခဲ့တယ်။ လက်ခံခဲ့သူကလည်း သိပ်သတ္တိရှိလို့သာ လက်ခံခဲ့တာ။

တော်လှန်ရေးကြီးလည်း တဖြေးဖြေးပြီးဆုံးခဲ့ပြီ။ ဒါပေမယ့်လည်း တိုင်းပြည်ထဲမှာ ရူပ်ထွေးနေဆဲ။ ခိုမေနီတို့ကို လက်စားချေမဲ့ (မူဂျာဟီဒင် ) တွေ ရှိလာတယ်။ အရင်ကကွန်မြူနစ်တွေကလည်း လက်စားချေဖို့ ချောင်းနေတယ်။ အားလုံးလည်း မောပန်းခြေခုံလက်ပန်းတော့ကျနေပြီ။ ဒါပေမယ့် မပြီးဆုံးသေးတဲ့ နိုင်ငံရေး ရူပ်ထွေးမှုတွေကတော့ ရှိနေဆဲ။ အဆုံးမှာတော့ အကာလည်း တရားသဘောနားလည် ခဲ့တယ်။ အရူးမ ( ကွီ) ပြောသလိုပဲ သူတယောက်တည်းပဲ ကျန်ခဲ့မယ်ဆိုတဲ့စကားမှန်ခဲ့တယ်။ ညီဖြစ်သူ (နိုစရက် ) လည်း ခိုမေနီနားမှာ ကမ္ဘာကို ခိုမေနီတနေ့တာ ဘာလုပ်တယ်ဆိုတာ ပြောပြခဲ့သလို သူ့မယားအလှကို ကမ္ဘာသိအောင် ပြချင်ခဲ့တာကြောင့် အဆုံးမှာ သတ်ခံခဲ့ရတယ်။ အကာတို့ဇနီးမောင်းနှံ ခရီးထွက်ခဲ့တယ်။ နေရာဟောင်းရွာလေးဆီကို။ အဲဒီကနေ ကာကာတယောက်တည်း တောင်ပေါ်ဘက်ကို ခရီးထွက်ခဲ့တော့ သူငယ်ချင်း (ခမ် ) နဲ့ဆုံတယ်။ သူငယ်ချင်း ခေါ်ပြလို့ သိခွင့်ရတာက သူ့တူလေး (အာမတ်) ထောင်ကထွက်လာပြီး သူငယ်ချင်းရဲ့ စောင့်ရှောက်မှုအောက်မှာ ရှိနေခဲ့တာ သိခွင့် ရခဲ့တယ်။ သူ့သားလေးကို မြှပ်နှံပေးသူဟာ ခမ် ပါပဲ။ ခမ် က သူ့မြေပေါ်မှာ ကာကာ့သားအလောင်းကို မြှပ်နှံပေးခဲ့တယ်။ တကယ်တော့ ခမ်ဟာ ဘယ်လိုနိုင်ငံရေးထဲမှာမှ မပါဝင်ပဲ အခုလိုတောရွာလေးမှာ သူ့ဘာသာရှိနေခဲ့ပေမဲ့ ခင်မင်ရင်းနှီးတဲ့သူငယ်ချင်းတွေကို အချိန်မရွေးလက်ခံပြီး တွေ့ဆုံလေရဲ့..။သူကရှေးရိုးစွဲ အစ္စလာမ်မဟုတ်ဘူး။ အဲဒီမှာ သူငယ်ချင်း ၂ ယောက် အစ္စလာမ်ကို ဘယ်လိုလိုက်နာကြသလဲဆိုတာ အပြန်အလှန်ဆွေးနွေးကြလေရဲ့။ အကာကတော့ သူ့ဘာသာရေးယုံကြည်မှုကြောင့် မိန်းမလှလှလေးတွေ ခူးပြီး ထုတ်လုပ်ထားတဲ့ ဝိုင်ကို အမြည်းတောင် မသောက်ခဲ့ဘူး။ ခမ်ကတော့ မိန်းမတွေ အများကြီး ကလေးတွေ ဘယ်နှစ်ယောက်မှန်းမသိတဲ့ အရည်အတွက်နဲ့ တောရွာလေးမှာ နံရံကြီးကာရံကာ အရိုးထုတ်နေလေရဲ့။ ဇီးနတ်လည်း အစ္စလာမ်အမျိုးသမီးငယ်တယောက်ကို အပြစ်ပေးခဲ့သလိုမျိုး ပြန်လက်စားချေ အသတ်ခံခဲ့ရတယ်။ ရှဘာကတော့ ထွက်ပြေးသွားတဲ့ ကာကာ ကို သတ်ဖို့ လိုက်ချောင်းတယ်။ အစ္စလာမ် အယူဝါဒကြီးပြီး အစ္စလာမ်နိုင်ငံထူထောင်ချင်တဲ့ တာလီဘန်တွေ အားကောင်းလာတဲ့ အာဖဂန်နစ္စတန်ထဲကို ကာကာ ပြေးဝင်ခိုလှုံတယ်။ ဒါကိုသိတဲ့ ရှဘာက သူ့နောက်ခြေရာခံလိုက်ပြီး သေနတ်နဲ့ ပစ်သတ်ခဲ့တယ်။ ဒီနောက်တော့ နိုင်ငံခြားမှာ ခိုလှုံခွင့်တောင်းခဲ့လေရဲ့။


… ( Kader Abdolah )ပါ။ သူနေထိုင်အခြေချရာ နယ်သာလန် မှာ ( The House of the Mosque) ၀တ္တု လေးကိုရေးခဲ့ပါတယ်။ အမြည်းကြည့်ပြီး ကြိုက်တာနဲ့ ဝယ်ခဲ့တယ်။ ဒီလောက်ကောင်းမယ်လို့ မထင်ခဲ့ဘူး။ ပြန်ရေးရတာတော့ တော်တော်ခက်တယ်။ စာမျက်နှာပေါင်း လေးရာ ကျော်ကို လေးငါးမျက်နှာနဲ့ အကျဉ်းချုပ်ရေးရတာခက်ပါတယ်။ တကယ့်ကို သမိုင်းနဲ့ပေါင်းရေးထားတဲ့ ရသကောင်းစာအုပ်လေးပါ။ ငယ်ငယ်ကတည်းက ရင်းနှီးခဲ့တဲ့ အီရန်နဲ့အီရတ် သမိုင်း ..အမေရိကန်ရဲ့ပါဝင်မှု.. ခိုမေနီဆိုတာလည်း ရက်စက်တဲ့ အစိုးရပါလားဆိုကာ ပိုရင်းနှီးခဲ့ရတယ်။ နိုင်ငံရေး အာဏာလုပွဲတွေအကြား ပြည်သူတွေ ဒုက္ခရောက်တာ.. အာဏာရလာတဲ့လူတွေရဲ့ အစွန်းရောက် အတွေးအခေါ်တွေကြောင့် အတိုက်အခံတွေ အသတ်ခံရတာ.. လူ့ဘဝတွေ သေကြေပျက်စီးရတာတွေကို စကားလုံးတွေနဲ့ ဖော်ပြမှုဟာ ကျွန်မရဲ့ရင်ကို လောင်မြိုက်စေပါတယ်။ စာပြန်ရေးဖို့ အားအင်ကုန်ခမ်းသွားတဲ့အထိ ရင်ထဲမှာစိတ်ထိခိုက်ပါတယ်။ ကျွန်မစိတ်ထဲ စာရေးဆရာဟာ တကယ်ပဲ ရှဘာလားလို့တောင်ထင်ခဲ့တယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူ့စာအုပ်အဆုံးမှာ သူ့အမည်လေးနဲ့ ဦးလေးဖြစ်သူ အကာ ကို နှုတ်ဆက်စကားရေးထားလို့ပဲ။ ဘာပဲပြောပြော အရေးအသား ညက်ညောလှသလို လူတိုင်းနားလည်အောင်ရေးထားတဲ့ ပေါ့ပေါ့ပါးပါး ရသ ကောင်းစာအုပ်မို့ အတော်ကြိုက်ပါတယ်။ စာအုပ်ထဲမှာ အစ္စလာမ်ဘာသာဝင်တွေရဲ့ မတူညီတဲ့ အယူအဆတွေအပြင် သူတို့ရဲ့ ယဉ်ကျေးမှုတွေကိုပါ တီးခေါက်ခွင့်ရခဲ့လို့လည်း အကြိုက်တွေ့ပါတယ်။ ကျွန်မအရွယ်ရောက်လာတဲ့နောက်ပိုင်း စိတ်ဝင်စားစရာကောင်းတဲ့ နိုင်ငံတွေထဲမှာ အီရန်လည်း အပါအဝင်ပါ။ အခုထိလည်း အီရန်ဟာ မတည်ငြိမ်သလို မျက်ဝါးထင်ထင်အတိုက်အခံတွေအပေါ် ဖမ်းဆဲ ချုပ်နှောင်ဆဲဖြစ်သလို အနောက်ကို စိန်ခေါ်ဆဲနိုင်ငံမို့ စိတ်ဝင်စားစရာတွေ ကောင်းပါတယ်။ ဘာပဲပြောပြော အခွင့်ရရင် အချိန်ရရင် ဝယ်ဖတ်ကြည့်သင့်တဲ့ စာအုပ်ကောင်းလေးပါလို့ ဝေမျှပါတယ်။

စာလာဖတ်သူများအားလုံး ပျော်ရွှင်နိုင်ကြပါစေလို့..

မဗေဒါ (၈၈)
၀၈.၀၇.၂၀၁၁

0 ဦး၏ဆွေးနွေးချက်: