Saturday, June 4, 2011

နော်ဝေး နိုင်ငံက မြန်မာရှင်ပြုအလှူပြပွဲ

ရှင်ပြုမင်္ဂလာတော် အခမ်းအနား လှည့်လာပုံ

မြန်မာလူမျိုးတွေလုပ်တဲ့ သင်္ကြန်ပွဲကို လာကြည့်တဲ့ နော်ဝေးတယောက်က သဘောကျပြီးတော့ ပွဲဌားသွား ပါတယ်..။ သင်္ကြန်ပွဲမှာ ပြသခဲ့တဲ့ ရှင်ပြုအလှူတော် နားသမင်္ဂလာပွဲကို သဘောတွေ့သွားခဲ့တာပါ။ ဒါနဲ့ပဲ နော်ဝေးနိုင်ငံ ဟားမားမြို့မှာ နိုင်ငံပေါင်း ၁၄ နိုင်ငံက ပါဝင်ပြီး ပြသကြတဲ့အထဲမှာ ပါဝင်ဖို့ဖြစ်လာပါတယ်..။ အရင်နှစ်တွေကတည်းကလည်း ဒီလိုပြသပွဲတွေကို ဟားမားမှာ လုပ်နေကြဖြစ်ပါတယ်..။ မြန်မာတွေကတော့ မပါဝင်ခဲ့ပါဘူး။ ဒီနှစ်မှပဲ သင်္ကြန်ပွဲကနေ အဆက်ရသွားကာ မြန်မာပြည်ယဉ်ကျေးမှုကို ပြဖို့ဖြစ်သွားတယ်လို့ ဆိုရမှာပါ..။ အဖွဲ့ကို ဝါသနာပါတဲ့ ကို (.. )က တာဝန်ယူပြီး ကျွန်မကတော့ မပါမနေရ ပါသွားခဲ့ပါသေးတယ်..။ အမှန်ကတော့ လူလိုလို့ခေါ်ရာကနေ လိုက်သွားပေးခြင်းပါ..တကယ်တော့လည်း အလုပ်..အိမ်..မိသားစုအပြင် ကိုယ်ဝါသနာပါတဲ့အခြားအလုပ် တွေရယ် ..တခြား လူမှုရေးကိစ္စများရယ်နဲ့ မသွားဖြစ်တော့ဘူးလို့ ရှိပြီးသားပါ။ ဒါပေမယ့်လည်း တဘက်က လိုတယ်လို့ပြောလာတော့ မငြင်းချင်တာရော.. ကိုယ်တိုင်လည်း မရောက်ဖူး တာရော.. အားနာတက်တာရော..ကိုယ့်နိုင်ငံအတွက် လုပ်နိုင်တာတခုခု သူများကို ပြောပြ သိစေချင်တဲ့စိတ်က ပြင်းထန် တာက ပိုသွားတာမို့ ဒီပွဲကို လိုက်သွားဖြစ်ပါတယ်..။ (လိုက်သွားရခြင်းအကြောင်း ရိုးသားစွာဝန်ခံခြင်းများ။)

အမှန်မှာက စိတ်မှန်းနဲ့ ဒီပွဲကို မှန်းကြည့်ပြီးသားပါ..။ ကျွန်မတို့ နော်ဝေး ရောက်ပြီး ၂ နှစ်လောက်မှာလည်း အခုနေထိုင်အခြေစိုက်တဲ့ မြို့လေးမှာ.. ဆရာမကနေတဆင့် မေးလာလို့ သင်္ကြန်အကကို ကပြဖူးပါတယ် …။ခြေမကျိုး လက်မကျိုး ခါးကျိုးစွာ တက်သလောက် ကပြခဲ့တာပါ..။ တခြား နိုင်ငံသားတွေလည်း လာရောက်ဖျော်ဖြေတာကြည့်ခဲ့ရပါတယ်။ ဆိုတော့ ဒီလိုပုံစံမျိုးနဲ့ ဆင်တူလို့ နားလည်ထားပါတယ်။ ထင်ထားတဲ့ အတိုင်းပဲ တူခဲ့ပါတယ်..။ ကွာတာတခုကတော့ ဟားမားမြို့လေးမှာက ပိုကြီးကျယ် ခန်းနားတယ်လို့ ဆိုရ ပါမယ်..။ ဟားမားမြို့လေးက အော်စလိုမြို့တော်ကနေ ၂ နာရီနည်းပါး မောင်းရပါတယ်..။ စီစဉ်ထားတဲ့ ကားကြီးထဲမှာ နော်ဝေးကလေးတွေ အိန္ဒိယက အမျိုးသမီးတဦးလိုက်ပါသွားကြပါတယ်..။ ကျွန်မတို့ကတော့ အများကြီး..တအုပ်ကြီးပေါ့။ ကားပေါ်မှာလည်း လူတွေက မောပန်းနေတာမို့ တိတ်တိတ်ဆိတ်ဆိတ် လိုက်ပါသွားကြပါတယ်။ ကားထွက်စမှာပဲ စကားစနဲနဲပါးပါးပြောပြီး အချိန်ကြာလာတော့ တိုးတိတ်သွားပါတယ်. မမောရှိမလား စနေမနက်အစောကြီးထလာ ကြရတာမလား..။ သောကြာနေ့ကြတော့လည်း အိမ်မှာနားနားနေနေ နေကြတာဆိုတော့ မနက်အခုလို အစောကြီးကတည်းက ထလာရတော့ ပင်ပန်းနေကြတာမဆန်းပါဘူး..။

ဟားမားမြို့က ရထားပြတိုက်ဝန်းကြီးထဲမှာ ပြပွဲကိုလုပ်ထားတာပါ..။ ပြီးတော့ တကယ်မောင်းလို့ရတဲ့ ရထားတွေလည်း ရှိတယ်..။ အဲဒီရထားတွေကိုလည်း ပွဲနေ့ ၂ ရက်စလုံးမှာ လူတွေကိုတင်မောင်းပေးနေတယ်..။ ကလေးတွေက စီးကြတယ်.. လူကြီးတွေကလည်း အကူလိုက်ပေးရင်း စီးပြီးအပျော်ရှာရတာပေါ့..။ ပြတိုက်ရှိတဲ့နေရာ ခြံအကျယ်ကြီးထဲမှာ နိုင်ငံစဉ်အလိုက် ထားပြီး စီစဉ်ထားတဲ့ပွဲပါ..။ ပွဲကို သေချာလည်း ကြိုတင်ပြင်ဆင်ထားပုံရပါတယ်..။ သက်ဆိုင်ရာ တိုင်းပြည်အမည်တွေကို သေချာချာပဲ ရောင်စုံလေးတွေချယ်သ ရေးထားပေးတယ်..။ ပြီးရင် နိုင်ငံအလိုက် ယာယီတဲတွေထိုးထားပေးတယ်..။ တောတန်းလေးထဲမှာ လှလှပပလေး ဖြစ်အောင် ပြင်ဆင်ထားတယ်လို့ ပြောရင်ရနိုင်ပါတယ်။ လှအောင် ဆင်ထားသလို ကလေးတွေရဲ့ ပန်းချီလက်ရာတွေကိုလည်း ပြသထားပါတယ်။ အဓိကတင်ပြမှုကတော့ သူငယ်ချင်းဖြစ်ခြင်း.. ငြိမ်းချမ်းရေး. .လွတ်လပ်မှုတွေကို ပုံလေးတွေ စာသားလေးတွေနဲ့ ဦးစားပေးပြသထားပါတယ်..။ အဲဒီအဓိပ္ပါယ်ရတဲ့ ပုံ တွေကို ဆွဲထားတာမျိုးလို့ ဆိုရမှာပေါ့..။

ကလေးတွေလက်ရာကို ကြည့်ရူနိုင်သလို နိုင်ငံအလိုက်မှာတော့ လူကြီး ကလေးတွေအတွက် ရောနှောပြသတာမျိုးတွေ များပါတယ်..။ မြန်မာနိုင်ငံဆိုရင် ရှင်ပြုနားသလုပ်တဲ့အခါ လှည့်လည်ပုံကို တင်ပြတဲ့ အနေနဲ့.. စင်ပေါ်မှာ ကပြဖျော်ဖြေပါတယ်..။ နောက်ပုဂံအက..သင်္ကြန်ရောသမွေ အကတွေကို ဖျော်ဖြေပါတယ်။ လူတွေကလည်း စားတဲ့သူကစား ကြည့်တဲ့သူကကြည့်ပေါ့။ မြန်မာပြည်က အရင်တုန်းက ဖျော်ဖြေတဲ့ ထဲမပါ ဘူးတော့ နဲနဲတော့အထူးအဆန်းဖြစ်သလိုဖြစ်တယ်ထင်ပါတယ်။ နောက် နော်ဝေးအများစုက တခြားလူမျိုး တွေကို ပွဲတွေမှာ ဝတ်စားဆင်ယင်တာမျိုးတွေကို ယဉ်ပါးနေပုံပေါ်ပါတယ်။ မြန်မာကြတော့ နဲနဲရှားပါးပစ္စည်း ဖြစ်နေတုန်းပါ..။ ဒါကြောင့် ကြည့်ကြည့်ပြီး ``လှတယ် ``လို့ ပြောကြပါတယ်..။ ကိုယ်ကလည်း ကျေးဇူးတင်ပါတယ်လို့ ပြန်ပြောရပါတယ်..။ လှတယ်လို့ ပြောလို့ ``ကျေးဇူး``ဆိုတဲ့ စကားက တကယ်တော့ မရင်းနှီးသေးတဲ့စကားပါ..။ ဒီတော့အလေ့အကျင့်ရအောင် ဒီပွဲမှာ တော်တော်ပြောခဲ့ရပါတယ်။ ရာသီဥတုက နဲနဲအေးတယ်.. ၅ နဲ့ ၁၀ စင်တီဂရိတ်လောက်ကြားပဲ ရှိတယ်.. လေကလည်း အရမ်းတိုက်တော့ လူတွေက အရမ်းချမ်းကြတာပေါ့.နောက် တောတန်းအနောက်ဘက်မှာ လည်း ရေပြင်ကတိုက်ခတ်လာတဲ့ လေနုကြမ်းက ပိုအေးစေတာမို့.. အတော်တော့အခက်တွေ့ပါတယ်..။ ကိုယ်ဝတ်ထားတာတွေကို အဓိက ပြချင်တာဆိုတော့ ဒီအတိုင်း အအေးခံပြီး ဝတ်ပြရတာ အတော်လေးကြီးမားတဲ့ ဒုက္ခများပါ..။ ဒါပေမယ့်လည်း တက်နိုင်ပါဘူး..အအေးခံပြီး ပြရတာပေါ့..ဒီကြားထဲ ````လှတယ်`` လို့ ပြောသွားရင် ပိုပြချင်စိတ်တွေ ပေါက်တာမို့.. ပိုအအေးခံဖြစ်တော့တာပါပဲ..။ တော်သေးတယ် မဖျားမနာကြတာကံကောင်းတယ်လို့ ဆိုရပါမယ်။ မောင်ရင်လောင်း လှည့်တော့လည်း ပထမရက်မှာက သီချင်းမပါပဲလှည့်ရတော့ အဆင်မပြေဘူး။ ဖီလင်မလာဘူးပေါ့..။ဘာကြီးမှန်းမသိဖြစ်နေတယ်။ နောက်ရက်ကျတော့ စီဒီက အလုပ်ဖြစ်သွားတယ်။ ဒါပေမယ့်လည်း မောင်ရင်လောင်း ပျောက်နေပြီး လှည့်ပြရတော့တယ်။ နားမလည်မသိတဲ့ လူဖြူတွေကို မောင်ရင်လောင်းမပါပဲ မျက်လှည့်ပြခဲ့ရတယ်လို့ ဆိုရပါမယ်။

မြန်မာနိုင်ငံက ရှင်လောင်းပြုပုံကို ပြသသလို အစားအသောက်အနေနဲ့ လ္ဘက် ..နဲ့ သူနဲ့တွဲစားတဲ့ ပုဇွန်ခြောက်..ပဲကြော်.. ပြီးတော့ ကြံသကာ..ပဲကြီးလှော်တို့ကို နမူနာကြွေးပါတယ်..။ လူတွေကလည်း အထူးအဆန်း မြည်းစမ်းကျပါတယ်..လူကြီးတွေကတော့ လ္ဘက်ကို ပိုမြည်းကြပါတယ်။ ကလေးတွေကတော့ ကြံသကာပေါ့..။ ကြံသကာကိုလည်း အံကိုက်အောင် ကိုယ့်ဘာသာ ဘာသာပြန်လိုက်ပါတယ်။ `` မြန်မာချောကလက်`` လို့ပေါ့။ လာကြည့်တဲ့ ဧည့်သည်တွေတော့ မသိဘူး ။ ကိုယ့်ဘာသာ ပြန်ပြန်မြည်းတာနဲ့တင် အတော်လေး လ္ဘက်အသားတွေကုန်သွားပါတယ်။ အစားအသောက် ယူလာပေးတဲ့ လူတွေကိုလည်း ကျေးဇူးတင်ရပါသေးတယ်။ လ္ဘက်ကတော့ လူကြီးတွေ အတော်လေး သဘောကျတယ်လို့ ဆိုရပါမယ်။

ပွဲထဲမှာ ဈေးတန်းကတော့ မပါမပြီးပေါ့..ရောင်းတဲ့နိုင်ငံတွေက ထိုင်း. မက္ကဆီကို. နော်ဝေး. ဗီယက်နာမ်. ဆိုမားလီးယား.. ဂွာတာမာလာ အစားအစာတွေ လို့မှတ်မိပါတယ်။ ထိုင်းကတော့ ပိုမှတ်မိတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ အငြင်းပွားရလို့။ အရိုးစွဲတာတော့ မဟုတ်ဘူး..ထိုင်းတွေက စဉ်းစားတာ ဝေးသလိုပဲ.. ဒါမှမဟုတ်လည်း မြန်မာ ဆိုတာသိလို့ ပဲ ကျွန်မတို့အပေါ် ခါးခါးသီးသီးဖြစ်သလားလဲ မဆိုနိုင်ဘူး။ ဒီလိုပါ..။ ပွဲစီစဉ်သူတွေက အစားအသောက် အနေထိုင်ကို တာဝန်ယူပါတယ်။ ဒီတော့ စားဖို့အတွက် နေ့လည်စာကို ကူပွန်ကတ်လေးတွေ ထုတ်ပေးပါတယ်။ ကတ်ကလေးတွေအပေါ်မှာ ထိုင်း ဗီယက်နာမ် စသဖြင့် ရေးထိုးထားပါတယ်..။ ဒီတော့ ဆိုင်ရောင်းနေသူကို ကတ်ကလေးပြပြီးကြိုက်ရာ စားယုံလို့ပဲ နားလည်ထား ပါတယ်..။ ဈေးသည်တွေကိုမေးတော့ ဒါမျိုး လာစားလို့မရဘူးလို့ပဲ ထပ်ခါထပ်ခါ ပြောနေတော တော်တော် အခက်တွေ့ပါတယ်။ ဒါနဲ့ပဲ နာရီဝက်လောက် စောင့်လိုက်ရပါတယ်..။ သူတို့ထဲမှာ နဲနဲမြင်တက်တဲ့ အမျိုးသမီးလို့ထင်ရတဲ့ နောက်ဝင်လာသူကို ကျွန်မက ``ရှင်တို့ထဲမှာ အုပ်စုခေါင်းဆောင်ပါလား``လို့ မေးရပါတယ်။ မပါဘူးဆိုတော့ ဒါဆိုရင် သူ့ကို ဖုန်းဆက်ပေးပါလို့ ပြောမှပဲ ဟိုဘက်ကအဖြေမှန်ကြောင့် ထိုင်းအစားအသောက်ကို စားရပါတယ်..။ ကလေးတွေလည်း စောင့်ရလို့ စိတ်တိုကြပါတယ်။ ကျွန်မကတော့ စိတ်တိုတာကို မပေါ်အောင် စကားရော မျက်မှာပါ ထိမ်းချုပ်ခဲ့ရပါတယ်..။ ထိမ်းချုပ်ရတာကလည်း တကယ်တော့မလွယ်ပါဘူး..။ ဗိုက်ဆာတာရော စိတ်တိုတာရော အေးတာရော အကုန်ပေါင်းပြီး သည်းခံရတာပါ။

အင်ဒိုနီးရှားအက



ဘာသာစကားမျိုးစုံပြောမယ်



တောတန်းလေးထဲ ဒီလိုအလှဆင်ထားတယ်



ဘားမားးးးးးးးးးးးးးးးး



မောင်းတီးမယ်



တောတန်းထဲက အိမ်သာရှေ့




ဂွာတီမာလာပေါင်မုန့် စားချင်လို့ စောင့်နေတာ...



ပုသိမ်ထီးကြိုက်သည့် ကလေးများ



နေ့လည်စာ စားရဖို့ အကြိတ်အနယ်


တောတန်းလေးထဲမှာ ကိုယ့်ယဉ်ကျေးမှုတွေကို တက်သလောက် မှတ်သလောက်ရှင်းပြရပါတယ်။ လူတွေကလည်း စိတ်ဝင်တစားတော့ ရှိပါတယ်။ ဖြစ်ချင်တော့ တွဲကြတဲ့အီဂျစ်က အမျိုးသမီးကလည်း တယောက်ထဲပါ..တဲတတဲလုံးမှာ တယောက်ထဲ ရှားရှားပါးပါး လာဖျော်ဖြေတာပါ။ သူ့အကကတော့ ဗိုလ်အလှအကလို့ပြောရပါမယ်။ ဒုတိယနေ့မှာတော့ သူ့တဲမှာ လူများလို့ ကျွန်မတို့လူတွေက မြန်မာပြည်ကို အလကားလေယာဉ်လတ်မှတ်နဲ့ အစားအသောက်တွေ ကျွေးတယ်လို့ အော်အော်ပြောပြီး လူခေါ်ရပါတယ်။ လူတွေကလည်း အဟုတ်မှတ်လို့ အပြေးအလွားပေါ့။ တကယ်လည်းရောက်ရော နောက်တာသိသွားသလို အစားအသောက်ဆိုတော့လည်း ပဲကြီးလှော်တွေပဲ စားရလို့ စပ်ဖြဲစပ်ဖြဲနဲ့ ရယ်မောကြတာပါပဲ..။ ကလေးငယ်ငယ်လေးတွေကတော့ ပုသိမ်ထီးတွေကို မိဘတွေကိုတောင်းဝယ်ခိုင်းတာမို့ ရောင်းဖို့မဟုတ် ကြောင်း ရှင်းပြရတာလဲ တော်တော်မောပါတယ်။ ကလေးတွေက ပုသိမ်ထီးကိုလည်း အပေါ်က ထိပ်နဲ့ လှည့်လှည့်ပြီး ဆော့တာမို့ မလုပ်ဖို့ တားမြစ်ရပါတယ်။ ပစ္စည်းတွေက တကူးတက မှာဝယ်ထားကြရတာမို့ ရှားပါးပစ္စည်းတွေဖြစ်သလို ဒီထီးတွေက ဒီလိုဆော့ရတာ မဟုတ်ဘူးဆိုတာလည်း သိအောင် ပြောရရှင်းရတာမလား။ ကလေးတွေက ပုသိမ်ထီးကိုတော့ အတော်သဘောတွေ့ကျပါတယ်။ နောက်တခုကတော့ ``မောင်း`` ပါ။ မောင်းတီးတော့လည်း မောင်းကွဲသံကြီးပဲ ထွက်ထွက်လာလို့ မောင်းပျက်သွားမှာလည်း စိတ်မောရပါသေးတယ်။ နောက်ရှင်ပြုရင် မောင်ရင်လောင်း မယ်ရင်လောင်းတွေ ဆောင်းတဲ့ ဦးထုပ်.တွေကိုလည်း လှလို့ယူကြည့်ကြပါသေးတယ်…။ ဘာပဲပြောပြော မြန်မာပြည်က ပစ္စည်းတွေကို စိတ်ဝင်စားသွားသလို ကျွန်မတို့အဖွဲ့ကတော့ လူအများဆုံးအဖွဲ့မို့ စည်လည်းစည် ပျော်လည်းပျော်ရပါတယ် ..။ တချို့တဲတွေက လူတစ်ယောက် နှစ်ယောက်ပဲ ရှိပါတယ်။ ထူးခြားသေးတာတခုက ဗီယက်နာမ်က ဖျော်ဖြေတဲ့ နာမည်ကြီး အက လေ့လာမှုမှာ ``ဝါးညပ်အက`` ပါတယ်..။ ကြည့်ဖူးတဲ့ ကရင်အကနဲ့တူတော့ စဉ်းစားမိသေးတယ်..။ မူရင်းဘယ်သူလဲပေါ့..။ ကျွန်မတို့အဖွဲ့က သင်္ကြန်သီချင်းဖွင့်ပြီး သမီးငယ်တွေကို ကခိုင်းတော့ သီချင်းသံမထွက်တာမို့ မဗေဒါ အသံနဲ့ မပါမပြီး ပါဝင်ဖျော်ဖြေရပါသေးတယ်။ စိန်ဗေဒါကတော့ မခေပါဘူး.. သီချင်းမရပေမဲ့လည်း ကျန်သူတွေနဲ့ လုံးချခဲ့တာပေါ့။ အဲဂလို မြန်မာပြည်ကြီးရဲ့ အက အလှတွေကို နော်ဝေးနိုင်ငံသားတွေနဲ့ တခြားလူတွေ ကို ဧည့်ခံခဲ့လေသတည်းပါ။

နှစ်ရက်မြေက်တဲ့ နေ့လည်မှာတော့ တဲတွေအကုန်လုံးကို ခေတ္တခဏပိတ်ပြီးတော့ အားလုံးစုဆုံရပါတယ်..။ လူတွေကတော့ ထောင်ကျော်လောက်ရှိလောက်ပါ့မယ်..။ အကုန်လုံးက အပြင်မှာစောင့်ရပါတယ်။ စင်ပေါ်က ပွဲထိန်းရွေဂေါင်းပြောင်က လူတွေအထဲကို ဝင်ရောက်ကပြဖို့ စော်အော်ပါတယ်။ ကရမဲ့ အကကတော့ `` စွန်ဘာ``ပါ။ လူတွေကို တားထားတဲ့ အဝန်းထဲမှာ အယောက် ၅၀ စီ နေရာယူခိုင်းပါတယ်။ လူတွေကလည်း စည်းကမ်းရှိစွာပဲ ရပ်ချင်သလို ရပ် နေရာယူချင်သလို ယူထားကြပါတယ်။ ကျွန်မလည်း ကချင်တာနဲ့ ထိပ်ဆုံးမှာ သွားရပ်နေပါတယ်။ ပြီးတော့ တခြားမပါတဲ့ မြန်မာသူငယ်ချင်းတွေကိုလည်း ကဖို့ခေါ်ရပါတယ်။ အထဲမှာ လူပေါင်း ၇၀၀ ကျော်လောက် ရှိမယ်ထင်ပါတယ်။ အပြင်မှာ ရပ်ကြည့်နေသူတွေကို အထဲဝင်ဖို့လည်း ခဏခဏ ခေါ်ရပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ဒီအကကို လူဘယ်လောက် ပါဝင်သလဲဆိုတဲ့ မှတ်တမ်းဖြစ်သလို အခြားနေရာတွေနဲ့လည်း လူဦးရေ အရေအတွက် ပြိုင်ရတဲ့ပွဲမို့ပါ။ နော်ဝေးတီဗီလိုင်းကလည်း ပြန်ထုတ်လွင့်ပေးဖို့ မှတ်တမ်းတင်ပါတယ်။ တချို့တွေလည်း နာရီဝက် ကျော်ကျော်လောက် ခေါ်တော့ အားနာပါးနာနဲ့ ဝင်လာကြပါတယ်။ အဆုံးတော့ စင်ပေါ်က စွန်ဘာ အိတ်စပတ်တွေက ကပြ ကျွန်မတို့အောက်က အကမယ်တွေကလည်း ကတက်သလို လိုက်ကနဲ့ အတော်ပျော်စရာကောင်းပါတယ်။ မိုးကလည်းရွာလာပါတယ်။ လေကလည်း အတော်လေးတိုက်ပါတယ်..။ မိုးရွာရွာ လေတိုက်တိုက် စိန်ဗေဒါကတော့ မပြန်ပါဘူး။ ပွဲပြီးတဲ့အထိ ကပေးပါတယ်။ အဆုံးတော့ ပျော်စရာပွဲလေးတခုအဖြစ် မြင်မိပါတယ် လို့ဆိုရင်း နားပါတော့မယ်။

( ပွဲအတူသွားခဲ့တဲ့ သူများ ဓါတ်ပုံတွေ ကြည့်ချင်ရင် ဖေ့ဘုတ်မှာ အားလုံးနဲ့ ဆိုင်တဲ့ အမှတ်တယ ပုံတွေ တင်ထားပေးပါတယ်။ ဒီသလော့မှာတော့ ကျွန်မရဲ့ပုံတွေလောက်နဲ့ တချို့ပုံတွေပဲ တင်ထားပါတယ် ..နားလည်လိမ့်မယ်လို့ ထင်ပါတယ်။ ထမင်းဟင်း မမောမပန်းချက်ကြွေးခဲ့တဲ့သူများကိုလည်း အထူးကျေးဇူးတင်ပါတယ်..)

အားလုံးကိုခင်မင်စွာဖြင့်

မဗေဒါ (၈၈)
၀၃.၀၆.၂၀၁၁

4 ဦး၏ဆွေးနွေးချက်:

Nge Naing said...

သူငယ်ချင်းက နော်ဝေရောက်ပြီးမှ အဆိုတော်အပြင် မင်းသမီးပါ ဖြစ်သွားပြီလား။ စာရေးဆရာမပါဆို စွယ်စုံ အနုပညာရှင်ဖြစ်နေပြီနော်။ ကတတ်ချင်တာတော့ အမှန်ပဲ ဒါပေမဲ့ လုံးဝမရဘူး။ ၉၈ ခုနှစ်မှာ အိန္ဒိယမှာ Women's Conference တခု သွားတက်တုန်းက အစည်းအဝေးပြီးလို့ နောက်ဆုံး နှုတ်ဆက်ပွဲမှာ မြန်မာကိုယ်စားလှယ် လေးယောက်က တခြားနိုင်ငံက လာတဲ့အမျိုးသမီးတွေလို မဟုတ်ဘဲ အသက်အရွယ်ရော ကိုယ်လုံးတွေပါ သိပ်မကွာကြတော့ တူးပို့ တူးပို့ သီချင်းနဲ့ ယိမ်းအကလေးနဲ့ နိုင်ငံတကာက လာတဲ့သူတွေကို ကပြရအောင်ဆိုလို့ သင်္ကြန်အကကို ကြိုးစားပြီး သင်ခဲ့ဖူးတယ်။ မသင်းသင်းအောင်၊ မခင်နှင်းထက်နဲ့ အင်ကြင်းတို့ သုံးယောက်က တမနက်လုံး လက်ကိုဘယ်လိုချီ ခြေကိုဘယ်လိုသိမ်း ခါးကိုဘယ်လိုချိုးဆိုပြီး ကြိုးစားပမ်းစား သင်ပေးခဲ့ပါတယ်။ ဒါပေမဲ့ လက်မှန်သွားရင် ခြေမမှန်တော့ဘူး ခြေမှန်သွားရင် လက်မှားသွားပြန်တယ်၊ ခြေရောလက်ရော မှန်သွားပြန်တော့လည်း ခါးချိုးတာ မှားနေပြန်တယ်။ ဒါကြောင့် တော်ပြီတော်ပြီ သုံးယောက်ပဲ ကပါတော့ ကျွန်မကတော့ သင်္ကြန်နဲ့ပတ်သက်ပြီး မိတ်ဆက်စကားပဲ ပြောပေးတော့မယ် ကတော့မကပါရစေနဲ့တော့လို့ ခေါင်းဆောင်ဖြစ်တဲ့ မသင်းသင်းအောင်ကို ပြောပြီး အကသင်တာကို လက်လျှော့လိုက်ရတယ်။ သူတို့သုံးယောက်ပဲ ကဖြစ်ခဲ့တယ်။ အဲဒီနေရာမှာ သူငယ်ချင်း ဆိုရင်တော့ ကဖြစ်မှာသေချာတယ်။

★ပြည်ထောင်စုမြန်မာနိုင်ငံ★ said...

ဒီစာရေးတာ မြန်မာအချင်းချင်း ရန်ငြိုးထားစေလို၍ မဟုတ်ဘူးဆိုတာကို ကြိုတင်ပြီး ပြောပရစေ။ တက္ကသိုလ်တွေကရေးထားတဲ့ နိုင်ငံရေး စာအုပ်တွေက လက်တွေ့မကျဘူး ဆိုတာ တကယ်ပါ။ ဒီမိုသမားဆိုရင် လူကောင်းဖြစ်တယ်။ စစ်သားဆိုရင် လူကောင်းဖြစ်တယ်။ တိုင်းရင်းသားတွေဟာ ရိုးသားတယ်ဆိုတဲ့ စကား တွေဟာ လက်တွေ့မကျပါဘူး။ လောဘ၊ ဒေါသ၊ မောဟ စိတ်တွေ ကြီးနေရင် လူဆိုးပဲဖြစ်ပါတယ်။ ငါ့လူမျိုးဆိုတဲ့ အစွဲအလန်းကြီးပြီး ဗမာကို မုန်းနေတဲ့ သူတွေရဲ့ အဖြစ်ကို ပြောပြပါမယ်။ ရခိုင်တစ်ယောက်က မြန်မာနိုင်ငံဆိုတာ ဗမာတွေကိုပဲ ကိုယ်စားပြုထားတဲ့ နာမည်မိုလို့ လက်မခံဘူးတဲ့။ ကျုပ်ကလဲ ရခိုင်ပြည်နယ်ဆိုတဲ့ နာမည်က ရခိုင်ပြည်နယ်ထဲက လူမျိုးအားလုံးကို ကိုယ်စားမပြုဘူး။ ရခိုင်ပြည်နယ်ဆိုတဲ့ နာမည်ကို ဖျက်ပေးပါလို့ ပြောတဲ့အခါ ထွက်ပြေးသွားတယ်ဗျာ။ ကရင်ဘိုးတော်ကြီးကလဲ ကော်မန့်မှာ ဗမာဘုရင်တွေ ရခိုင်တွေကို သတ်တဲ့အကြောင်း သုတေသနလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။ ကျုပ်ကလဲ သူ့စကားအတိုင်းပဲ KNU က ဗမာတွေကို သတ်တာတွေနဲ့ ဗုဒ္ဓဘာသာကရင်တွေကို တိရိစ္ဆာန်တွေလို နှိမ်ချခဲ့ပုံတွေကို သမိုင်းသိအောင် ရေးပြဖို့ တန်ပြန် တောင်းဆိုလိုက်ပါတယ်။ အဲဒီတော့ လူမျိုးအချင်းချင်း ရန်တိုက်ပေးတယ်ဆိုပြီး ကျုပ်ကို စွတ်စွဲတယ်ဗျာ။ တိုင်းရင်းသားတွေလဲ ရိုးသားမှုမရှိဘူးဆိုတာ မြင်တွေ့နိုင်ပါတယ်။ ကရင်ဘိုးတော်ကြီးနဲ့ ဆီပုံးမှာ ဆွေးနွေးထားတာကို ဖတ်ကြည့်ပါ။ (အောက်မှ အထက်သို့ ဖတ်ပါရန်။)


ဘလော့ပိုင်ရှင်ကြီးသို့ : ဗမာတွေကို မုန်းအောင် ပြောတုံးက အဲလိုမပြောပါပဲ။ ကရင်တွေလုပ်ရပ်ပြောတဲ့အခါမှ လူမျိုးရေးအချင်းချင်း အဆင်မပြေစေချင်လို့ဆိုပဲ။ သဘောထားကြီးတယ်ပေါ့?
2011-06-04 10:36 PM

ဘလော့ပိုင်ရှင်ကြီးသို့ : ဗမာတွေကို မုန်းအောင် ပြောတုံးက အဲလိုမပြောပါပဲ။ ကရင်တွေလုပ်ရပ်ပြောတဲ့အခါမှ လူမျိုးရေးအချင်းချင်း အဆင်မပြေစေချင်လို့ဆိုပဲ။ သဘောထားကြီးတယ်ပေါ့?
2011-06-04 10:36 PM

မန်းကိုကို : အများအကျိုးမို့ စိတ်တော့မကောင်းပါဘူး ၊ ယာယီ နာကျင်သွားမယ်ဆိုတာ နားလည်ပါတယ် ။ ဒါပေမယ့် အခြားသူတွေအတွက်လည်း ထည့်တွက်ရပါတယ် ။ ကံကောင်းပါစေ ။
2011-06-04 10:35 PM

မန်းကိုကို : မီးမွှေးချင်ရင် သစ်သားကို ထပ်ခါထပ်ခါ ပွတ်တိုက်ပေးရပါတယ် ။ လူမျိုးရေး ဘာသာရေး ပြဿနာတွေမှာလည်း ထပ်ခါထပ်ခါ အကျိုးမရှိတဲ့ စကားတွေက လောင်ကျွမ်းစေတတ်ပါတယ် ။
2011-06-04 10:33 PM

ဘလော့ပိုင်ရှင်ကြီးသို့ : စာတွေကို ဖျက်ပစ်တယ်ပေါ့။
2011-06-04 10:22 PM

+ + +
ဖျက်လိုက်တဲ့ စာသားများ
ဘလော့ပိုင်ရှင်ကြီးသို့ : ရှေးတုံးက ဗမာဘုရင်တွေ သတ်ခဲ့တာကိုရေးပြီး အခုခေတ်မှာ KNU သတ်ဖြတ်တဲ့ အကြောင်းကို မရေးဘူးဆိုရင် သဘာဝမကျဘူး။ KNUတွေကို စစ်ခုံရုံးတင်ဖို့တောင်းဆိုပါ။

ဘလော့ပိုင်ရှင်ကြီးသို့ : ရခိုင်တွေ သန်းနဲ့ချီပြီး သတ်ခံခဲ့ရတာကို ဘယ်လိုရှောင်ရမလဲဆိုတာ ဗမာက သင်ခန်းစာယူရမယ်ဆို? KNU လုပ်ခဲ့တာကို ကရင်တွေလဲ သင်ခန်းစာယူရမယ်။ KNU အကြောင်းရေးပါ။
+ + +
မန်းကိုကို : ခုနေတော့ အားလုံးအတွက် လိုနေတဲ့ ပညာရေးး၊ နိုင်ငံရေး၊ လူမှုရေးတွေကို မြှင့်တင်ဖို့ပဲ အာရုံထားချင်ပါတယ်။ လူဆိုးတွေအကြောင်းလည်း တချိန်မှာတော့ ပြောကြရမှာပါ။
2011-06-04 10:12 PM

မန်းကိုကို : အချင်းချင်း နားလည်မှုတွေ ပေးခဲ့ကြသူတွေ ၊ ကူညီဖေးမ ခဲ့ကြသူတွေကိုလည်း စော်ကားရာ ရောက်ပါတယ် ။ သမိုင်းဆိုတာ နောင်လာနောက်သားတွေက ဆုံးဖြတ်မှာပါ ။
2011-06-04 10:07 PM

မန်းကိုကို : ဒါပေမယ့် လူအချို့ရဲ့ ဥာဏ်နည်းခဲ့မှုတွေကို တစိမ့်စိမ့်တွေးပြီး စားမြုံ့ပြန် နာကျည်းနေရအောင်တော့ မီးမမွှေး ပါရစေနဲ့ ။
2011-06-04 10:04 PM

မန်းကိုကို : ဘယ်လူမျိုးက ဘယ်လို ၊ ဘယ်ဘာသာဝင်တွေက ဘယ်လို ဆိုတာတွေကို အပိုဆာဒါတွေ ထည့်ပြီးပြောရင် ၊ အချို့အတွက်တော့ ခဏတာ စိတ်ပျောက်စေနိုင် ပါလိမ့်မယ် ။
2011-06-04 10:01 PM

ဘလော့ပိုင်ရှင်ကြီးသို့ : KNUက ဗမာအရပ်သားတွေကို သတ်ခဲ့တဲ့အကြောင်း ရေးပြပါ။ KNU က ဗုဒ္ဓဘာသာ ကရင်တွေကို တိရိစ္ဆာန်တွေလို နှိမ်ချခဲ့တာကိုလဲ သမိုင်းမပျောက်အောင် ရေးပြပါ။ ကျန်းမာပါစေ။

2011-06-04 9:52 PM
Grandfather Tar Mike : knuအင်းစိန်တိုက်ပွဲမှာ ဗမာတွေကို ရက်ရက်စက်စက်သတ်ခဲ့တာ ကရင်အချင်းချင်းဘယ်လိုနှိပ်ကွပ်တယ်ဆိုတာ လူကြီးမင်းကိုယ်တိုင်ရေးတာ ဖတ်ချင်တယ်ဗျာ။ ကျန်းမာပါစေ။

ဘလော့ပိုင်ရှင်ကြီးသို့ : KNU အင်းစိန်တိုက်ပွဲမှာ ဗမာတွေကို ဘယ်လို ရက်ရက်စက်စက်သတ်ခဲ့တယ်။ KNUက ကရင်အချင်းချင်း ဗုဒ္ဓဘာသာတွေအပေါ် ဘယ်လို နှိပ်ကွပ်ခဲ့လဲဆိုတဲ့ သမိုင်းကို ပြောပြပါ။

SHWE ZIN U said...

မဗေဒါ ရေ

လှတယ် မဗေဒါ ရေ ကျေးဇူးစကားလေး လာပြောပါအုန်း

သူများလည်း ကျေးဇူးတင်စကားလေး ပြောချင်တယ် ဘယ်လိုလုပ်ရပ

လက်ဘက် အသားလေး တွေ မြီးသူများလှ ချီလား မှတ်ပါတယ် ကိုယ်လည်း ဒီလိုဘဲနေမှာ ကြိုက်တယ်

Myanmar Good Knowledg Co., Ltd said...

မဗေဒါ
လှတယ်။
ရေးထားတာကောင်းတော့ ဖတ်ရရုံနဲ့ ပွဲစည်တာ သိရတယ်။
ပုသိမ်းထီးတွေ မောင်းတွေနဲ့ မိုက်တယ်နော်။

ခင်မင်လေးစားလျှက်