Thursday, May 12, 2011

လောလောဆယ် တကယ်ကူနိုင်တဲ့အလုပ်



http://www.gopetition.com/petitions/signature-campaign-of-burma.html ဒီလင့်မှာ နှိပ်ပြီး မဲပေးနိုင်ပါပြီ..။

● မေးသူ ။ ။ မဝေနှင်းပွင့်သုန် (ကိုမြအေးသမီး - လန်ဒန်မြန်မာ့အရေးဆောင်ရွက်သူ)
● မေးခွန်း ။ ။ သမီးအနေနဲ့ အမေစုကိုမေးချင်တာက အခုဆိုလို့ရှိရင် သမီးတို့ဒီကွန်ဖရင့်တွေ၊ မီတင်တွေကို သွားပြီးတော့ စကားပြောတဲ့ဟာတွေ ရှိတယ်။ ပြောတဲ့အခါကြလို့ရှိရင် သူတို့အနေနဲ့ ဒီဗြိတိန်နိုင်ငံက လူမျိုးတွေ အနေနဲ့ အစိုးရဘက်ကနေ လုပ်သင့်တဲ့ဟာတွေ လုပ်နိုင်တဲ့ဟာတွေ အများကြီးရှိတယ်ပေါ့ နော်။ အဲဒါတွေ သူတို့ ဘာလုပ်သင့်သလဲ ဆိုပြီးတော့ မေးတယ်ရှင့်။ ကျမတို့ အခုလောလောဆယ် ဒီနိုင်ငံမှာလှုပ်ရှားမှု အဓိက လုပ်နေတာကတော့ ဒီစုံစမ်းစစ်ဆေးရေးဖွဲ့ဖို့ဆိုတဲ့ ကမ်းပိန်းပေါ့နော်။ Enquiries ကို အဓိကလုပ်နေတယ်။ ဒါပေမယ့် ကျမအနေနဲ့သိချင်တာက ဒီထက် ပိုပြီးတော့ ဘာလုပ်သင့်သလဲ။ ဒီနိုင်ငံအစိုးရကို ပါဝင်လှုပ်ရှား ဆောင်ရွက်လာအောင် ဘာတွေ လိုအပ်နေလဲဆိုတာကို သိချင်တယ်ရှင့်။ ပြီးတော့ ဒီကုလသမဂ္ဂရဲ့နေရာကို ကြည့်မယ်ဆိုလို့ရှိရင် သူတို့ဘက်ကနေပြီးတော့ ဘာမှ တိတိကျကျ သေချာလုပ်တယ်ဆိုတာကို မရှိသေးဘူး။ စတိတ်မန့်ထုတ်တာထက် စာရင်ပေါ့နော်။ သူတို့ကို ပိုပြီးတော့ လက်တွေ့ပါပြီးတော့ ပါဝင်လှုပ်ရှား ဆောင်ရွက် လာဖို့အတွက် သမီးတို့အနေနဲ့ ဘာတွေလုပ်ဖို့ လိုအပ်နေတယ်လို့ အမေထင်သလဲ မသိဘူးရှင့် အဲဒါကို သမီး အဓိကထားပြီးတော့ မေးချင်တာပါရှင့်။
● အဖြေ ။ ။ ဗြိတိန်လို ဒီမိုကရေစီ နိုင်ငံတွေမှာ ပြည်သူတွေရဲ့ထောက်ခံမှုရရင် ဘက်အမျိုးမျိုးကနေ ပြီး မြန်မာနိုင်ငံ ဒီမိုကရေစီလှုပ်ရှား မှုအတွက် အထောက်အကူတွေ ရနိုင်ပါတယ်။ အရေးကြီးတာ ကတော့ မြန်မာနိုင်ငံမှာ ဘာတွေဖြစ်နေလဲဆိုတာကို အများကသိပြီး ဒီမိုကရေစီ တန်ဖိုးထားတွေနဲ့ လူ့အခွင့် အရေးတွေ မြှင့်တင်ပေးချင်တဲ့ဆန္ဒတွေ ဖြစ်လာဖို့ပါပဲ။ ကိုင်တွယ်ရမယ့် အကြောင်းအရာတွေကတော့ တချိန်နဲ့တချိန် ပြောင်းလဲနေမှာဖြစ်ပါတယ်။ ညီညွတ်ရေးရဲ့အင်အားဟာ အင်မတန်မှ ကြီးမားတာေ ကြာင့် ပြည်တွင်းက ရုန်းကန်လှုပ်ရှား မှုတွေနဲ့ ပြည်ပက ကြိုးပမ်းမှုတွေ တသားတည်း ဖြစ်နိုင်မယ် ဆိုလို့ရှိရင် တော်တော့ကို ကောင်းပါလိမ့်မယ်။ အမေတို့ရဲ့လုပ်ငန်းတွေအကြောင်းကို သမီးတို့လဲ လွယ်လွယ်နဲ့ သိရှိနိုင်ကြမှာပါ။ ဥပမာဆိုရင် လောလောဆယ် ဒီမိုကရေစီကွန်ယက်အထဲက ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေ လုပ်ဆောင်နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေး၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ တပ်မတော်အကြား အပစ်အခတ်ရပ်စဲရေး၊ ပြည်ပကို ရှောင်ခွာသွားရတဲ့ ဒုက္ခသည်တွေနဲ့ အခြားနိုင်ငံသူ နိုင်ငံသားတွေ မြန်မာနိုင်ငံကို လုံခြုံအေးချမ်းစွာ ပြန်လာနိုင်ရေး စသည်တို့ကို တောင်းဆိုထားတဲ့ လက်မှတ်ထိုးလှုပ်ရှားမှု အောင်မြင်ရေးအတွက် သမီးတို့ဝိုင်းပြီး ကူညီပေးစေချင်ပါ တယ်။ မြန်မာနိုင်ငံသူ နိုင်ငံသားတွေ မဟုတ်တဲ့သူတွေလည်း သွေးစည်း ညီညွတ်မှုကို ပြသောအားဖြင့် လက်မှတ်ထိုးနိုင်ပါတယ်။ ဒီလိုပဲ အခါအားလျော်စွာ ပြည်တွင်းပြည်ပ မြန်မာ့ဒီမိုကရေစီအင်အားစုတွေရဲ့ လှုပ်ရှားသူတွေကို ဗြိတိန်နိုင်ငံသူ နိုင်ငံသားတွေ အားတက်သရော ထောက်ခံစေဖို့ ဆော်ဩပေးစေချင်ပါတယ်။ အမေ ထပ်ပြီးတော့ ပြောချင်ပါတယ်။ အမေတို့လုပ်နေတဲ့ လက်မှတ်ထိုး လှုပ်ရှားမှုကြီးကို သမီးတို့ ပြင်ပက ဒီမိုကရေစီလိုလား သူတွေအားလုံး ဝိုင်းပြီးတော့ ကူညီပံ့ပိုးပေးကြပါ။ အင်တာနက်ကနေ တဆင့် လက်မှတ်တွေကို ပို့ပေးကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်။


နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်ကို ဦးတည်ပြီး ပို့ထားတဲ့ စာလေးကို ထောက်ခံသူများ သက်ဆိုင်ရာ တာဝန်ခံ များထံမှာ နေရပ် အမည် ..လတ်မှတ် ရေးထိုးကာ မြန်မာပြည် အမြန်ဆုံး အပြောင်းအလဲတခုမှာ လက်တွေ့ကျကျ ပါဝင်နိုင်ပါကြောင်း အကြောင်းကြားအပ်ပါသည်..။ သမ္မတကိုပေးတဲ့စာ ပြန်တင်တာ ဖတ်မရ ပါဘူး.. မူရင်းကယူနီကုတ်နဲ့လုပ်ထားလို့ဖြစ်မယ် မယ်ထင်ပါတယ်…။ဒါနဲ့ပဲ ဇော်ဂျီနဲ့ ပြန်ရိုက်တင်ထားပေးပါတယ်.. အားလုံးလုပ်နိုင်တာတွေ ဝိုင်းလုပ်ကြည့်ကြရအောင်ပါ.. ။ အောက်ပါစာကို မြန်မာနိုင်ငံသား မည်သူမဆို ကူးယူဖြန့်ချီပြီး တိုင်းပြည်အေးချမ်းသာယာ လုံခြုံရေးအတွက် ပါဝင်စေချင်ကြောင်း ထပ်လောင်း အသိပေးပါသည်..။



သို့

ဦးသိန်းစိန်
နိုင်ငံတော် သမ္မတကြီး
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
ရက်စွဲ .. ၂၀၁၁ ခုနှစ် ဧပြီလ ၁ ရက်
မြန်မာနှစ်ဆန်းတစ်ရက် ..၁၃၇၃ ခုနှစ်

အကြောင်းအရာ ။ ။ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ကြီး၏ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်း သာယာရေးကို ရှေးရူသည့် လုပ်ဆောင်ချက်များကို အကောင်အထည်ဖော်ပေးပါရန် မေတ္တာရပ်ခံပန်ကြားခြင်း..။

နိုင်ငံတော်သမ္မတကြီး ခင်ဗျား

ကျွန်ုပ်တို့သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး၏ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့်ပြည်တွင်း ငြိမ်းချမ်းရေးကို ရိုးသားစွာဖြင့် လိုလားကြသူများ ဖြစ်ပါသည်..။ ကျွန်ုပ်တို့အနေဖြင့် နိုင်ငံတော် သမ္မတကြီးနှင့် ပြည်ထောင်စု အစိုးရ အဖွဲ့သစ်ကို မေတ္တာရပ်ခံ တင်ပြလိုသည်မှာ လက်ရှိနိုင်ငံတော် အစိုးရသစ်သည် သာမာန်ရွေးကောက် တင်မြှောက်ခံ အစိုးရတစ်ရပ်ကဲ့သို့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ငါးနှစ် သက်တန်းအတွင်း ထမ်းဆောင်ရုံဖြင့် လုံလောက်မည်ဟု မယူဆနိုင်ပါ..။


အစိုးရသစ်သည် မြန်မာ့နိုင်ငံရေး သမိုင်းစာမျက်နှာသစ်ကို ဖွင့်လှစ်သည့် ဒီမိုကရေစီစနစ်ကို ပီပြင်စွာ ဖော်ဆောင်ပေးရမည့် ကြီးလေးသော တာဝန်ကို ထမ်းရွက်ဖော်ဆောင်ရမည့် အစိုးရတစ်ရပ် ဖြစ်ပါသည်..။
သမ္မတကြီးနှင့် သမ္မတကြီး၏ အစိုးရသစ်သည် ထိုတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်မည်ဟု ပြည်သူလူထု အနေဖြင့် မျှော်လင့်တောင့်တလျှက်ရှိကြပါသည်..။

မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြဿနာ. တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဖြစ်ပွားလျှက်ရှိသည့် ပြဿနာများကို အောင်မြင်စွာ တွေ့ဆုံဖြေရှင်းနိုင်ရေး အပါအဝင် အစိုးရသစ် အနေဖြင့် ယုံကြည်ချက်ကြောင့် ဖမ်းဆီး အကျဉ်းကျ ခံထားရသည့် နိုင်ငံရေး အကျဉ်းသားများကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးခြင်း ပြည်ပရောက် အဖွဲ့အစည်း အသီးသီးနှင့် ကမ္ဘာ့နိုင်ငံ အသီးသီးတွင် ရောက်ရှိနေကြသူများ ဒုက္ခသည်မျာားအဖြစ် ခိုလှုံနေကြသော မြန်မာနိုင်ငံသူ နိုင်ငံသားများ အားလုံးကို လုံခြုံအေးချမ်းစွာဖြင့် မိမိတို့နေရပ်သို့ ပြန်လာနိုင်မည့် အခြေအနေများ အမြန်ဆုံး ဖန်တီးပေးခြင်းဖြင့် သဘောထားကြီးစွာ အပြုသဘောဆောင်ကြောင်းနှင့် ဒီမိုကရေစီ၏ အနှစ်သာရများကို အကောင်ထည်ဖော် ဆောင်ရွက်လျှက်ရှိကြောင်း ပြသစေလိုပါသည်..။

စစ်မှန်သော ဒီမိုကရေစီ စနစ်ထွန်းကားရန် သမ္မတကြီး နှင့် သမ္မတကြီး၏ အစိုးရသစ်အနေဖြင့် အကောင်းဆုံး စွမ်းဆောင်ပေးစေလိုပါသည်.. စစ်မှန်သော အမျိုးသားပြန်လည် ရင်ကြားစေ့ရေး လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်း အသီးသီးတို့နှင့် နိုင်ငံရေး နည်းလမ်းဖြင့် ငြိမ်းချမ်းစွာ တွေ့ဆုံ ဆွေးနွေးရေးတို့သည်သာ ပြည်သူလူထုအတွက် အမှန်တကယ် အကျိုးဖြစ်ထွန်းစေမည့် တစ်ခုတည်းသော နည်းလမ်းဖြစ်ပါသည်..။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံအတွင်းတပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား စစ်ရေးအရ အပြန်အလှန် တိုက်ခိုင်နေမှုများအားလုံးကို ချက်ချင်းရပ်စဲပြီး နိုင်ငံရေး နည်းလမ်းနှင့် ငြိမ်းချမ်းစွာ တွေ့ဆုံ ဆွေးနွေးဖြေရှင်းကြရန်နှင့် နိုင်ငံတော်၏ ပြဿနာ အရပ်ရပ်ကို တွေ့ဆုံဆွေးနွေး ညှိနှိုင်းခြင်းဖြင့် အဖြေရှာကြရန်ကိုလည်း ပြည်သူများက မျှော်လင့် တောင့်တလျှက်ရှိပါသည်..။

သို့ဖြစ်ပါ၍ ငြိမ်းချမ်းစွာတွေ့ဆုံဆွေးနွေးအဖြေရှာရင်းနှင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို အောင်မြင်စွာ ဖော်ဆောင်နိုင်ရန်အတွက် ပဏာမခြေလှမ်းအဖြစ် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံထားရသည့် နိုင်ငံရေး အကျဉ်းသားများအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လည်လွှတ်ပေးပါရန် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား စစ်ရေးအရ အပြန်အလှန် တိုက်ခိုင်နေမှုများအားလုံးကို ချက်ချင်းရပ်စဲပြီး နိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေး ဖြေရှင်းကြရန်နှင့် ပြည်ပရောက် အဖွဲ့အစည်း အသီးသီးနှင့် ကမ္ဘာ့နိုင်ငံ အသီးသီးတွင် ရောက်ရှိနေကြသူများ ခိုလှုံနေကြရသော မြန်မာနိုင်ငံသားများအားလုံးကို လုံခြုံအေးချမ်းစွာဖြင့် မိမိတို့နေရပ်သို့ ပြန်လာနိုင်မည့် အခြေအနေများ အမြန်ဆုံး ဖန်တီးပေးပါရန် မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်..။

ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးကို လိုလားသူများ

0 ဦး၏ဆွေးနွေးချက်: