တခါမှ စကားမဆုံဖူးတဲ့ ယောက်ျားလေး တယောက်နဲ့ စကားဝိုင်းထဲ ဆုံဖြစ်ခဲ့ကြတယ်..။ ကောင်လေးက အသက် (၃၀) လောက်ပါ.. ရုပ်ရည်က ခပ်ချောချော. .အရပ်အမောင်းကောင်းနဲ့.. မြန်မာလူရွယ်တဦးပါ..။ ကျန်တာကတော့ ကျွန်မတို့ မိန်းမကြီးများပါ..။ ကျွန်မတို့ဆုံတော့ ကိုယ်စီ ပြဿနာလေးတွေကို ပြောဖြစ်ကြတယ်.. ပြောဖြစ်ကြတဲ့အထဲ လက်တွေ့ဘဝမှာ ကိုယ်ဖြစ်တာတွေ ခံစားရတာတွေကို ဦးစားပေးလို့ မရပြန်မို့ စိတ်တွေ ရူပ်ထွေးနေတဲ့အကြောင်းကို ပြောဖြစ်ကြခြင်းပါ.. ကျွန်မခံစားရတာကို အသေးစိတ် နားထောင်ပြီးတော့ ကောင်လေးက ဘာပြောသလဲဆိုတော့ `အမရာ.. ကိုယ့်နှလုံးသား စေရာနောက်ကို လိုက်စမ်းပါတဲ့..` ။ အတော်သဘောကျသွားတယ်… ဒီကောင်လေးကို တခုခုတော့ ပြောမှဆိုကာ လက်တွေ့အခြေအနေလေးလည်း ပြောခဲ့ရပါသေးတယ်..။ တပါတည်းလည်း သူ့ကို အချိန်ရှိတုန်း တခုခုဖြစ်အောင်လုပ်ဖို့ပါ တိုက်တွန်းခဲ့မိတယ်..။
ကျွန်မတို့ ကြားဖူးနေကြ စကားလေးတွေ ရှိပါတယ်.. ငယ်ဂုဏ် .. ငယ်သေးတော့ ဖြစ်နိုင်သေးတယ်.. အချိန်ရှိသေးတယ်… ပျော်ရာမှာ နေခွင့်ရှိတာ .. တွေ အစရှိသဖြင့်ပါ..။ တကယ်လည်း ဟုတ်ခဲ့ပါတယ်.. ငယ်သေးတဲ့အချိန်မှာ အခွင့်အလမ်း… အခွင့်အရေး..ရွေးချယ်ခွင့်.. တွေ အရမ်းများတယ်.. ဘာလုပ်ချင်သလဲ.. ဖြစ်ချင်တာကို တကယ်ကျိုးစားရင် အခြေအနေကလည်း ပေးရင် လုပ်လို့ရပါတယ်.. အတားအဆီးကိုလည်း နောက်ဆံငဲ့စရာမလိုပဲ တိုးဖြတ်လို့ရတယ်.. ဘာကိုမှ သိပ်ပူစရာမလိုဘူးပေါ့..။ အချိန်ကလည်း အဲဒီအတွက် ပေးထားတယ်လို့ ဆိုရမယ်.. ဆိုလိုတာက ငယ်တော့ လုပ်နိုင်ရည်စွမ်းရည်တွေက ပိုအားကောင်းသလို ထောက်ရ ကြည့်ရမဲ့ မျက်နှာမရှိဘူး…. အကယ်၍ ဆင်းရဲလို့ ပညာဆက်မသင်နိုင်ခဲ့ရင်တောင် ပြုစုပျိုးထောင်ပေးမဲ့သူမျိုး ပေါ်လာတက်တာမျိုး ရှိတက်ပါတယ် ....။ … ကိုယ်ကလည်း ဇွဲရှိမယ်ဆိုခဲ့ရင် ဖြစ်နိုင်တာမျိုးတွေ များတယ်လို့ ဆိုရပါ့မယ် ..။ ဒါကြောင့် အိမ်က အရွယ်ရောက်လာတဲ့ သမီးကို တပါတ်တခါလောက် တရားဟောရတယ်… အဲဒီတရားက တခြားအရာ မဟုတ်ဘူး.. မိသားစုထဲမှာပဲ ကျွန်မခံစားရသလိုမျိုး ( ဖြစ်ချင်တာတွေနဲ့ လုံးလုံး ဆန့်ကျင်ရာအရပ်… မှာပဲ ရပ်တန့်နေသလိုဖြစ်နေတဲ့ အခြေအနေ ) မဖြစ်ရအောင် အနီးစပ်ဆုံး ဥပမာ ပေး ရှင်းပြပြောပြရပါတယ်..။ ဒီမှာကလည်း ကလေး အတော်များများက အသက်မွေးဝမ်းကျောင်းကို လိုက်ကြတာများတယ်… ။ ဆိုတော့ နီးစပ်ရာကိုကြည့်ပြီး အတန်းပညာလေးကို ဆုံးခမ်းတိုင်အောင်ဆက်မသင်မှာ စိတ်ပူလို့… အနည်းဆုံး (အနိမ့်ဆုံး) တော့ ရိုးရိုးသာမန် ဘွဲ့လေးတခု ရဖို့ ပြောရပါတယ်… ။ ဒါအနိမ့်ဆုံးပါ… ဖြစ်နိုင်ရင်တော့ မာစတာတွေ ပီအိတ်ခ်ျ တွေ ဘာပေါ့..။ ဒါပေမယ့်လည်း အရာရာမှာ အတန်းပညာက အဆုံးအဖြတ်ပေးတာမျိုး ဖြစ်မှာစိုးလို့ နားလည်အောင် ပြောရတာလည်း တပိုင်းပေါ့..။
ပြောမဲ့သာပြောရတာ… ဒီမှာ ရှိနေတဲ့ နိုင်ငံခြားသားကလေးများရော ပြည်ရင်းသားကလေးတွေရော ကုသိုလ်ကောင်းကြတာပဲ… ပညာကို ဘယ်လောက်ထိ ယူမလဲ..… ငွေလည်း ပူစရာမလိုဘူး… အစိုးရဆီမှာ ချေးဌားရုံပဲ.. ကိုယ်ဖြစ်အောင်လုပ်နိုင်ဖို့ရယ် ..ဇွဲရှိရင် ဖြစ်တာပဲ..။ ဒါပေမဲ့ ကျွန်မတို့လို အသက်ကြီးမှ ရောက်လာသူတွေကတော့ ထုံးစံအတိုင်း အိုးနင်းခွက်နင်း ဖြစ်ရစမြဲ…မဗေဒါ ပြောသလို ဘာသာစကားလေးကို ဘဝထဲရောက်ဖို့တောင် မနည်း ကြိုးစားနေရတာ … ကျန်တာတွေကတော့ ဝေးသလိုဖြစ်တယ်.. ကိုယ်ဖြစ်ချင်တာတွေကြီးပဲ မကြည့်ပဲ မိသားစုအတွက် ထည့်စဉ်းစားပေးရမှုဟာ အသက်ရလာသူတွေအတွက် အင်မတန် အရေးကြီးပါတယ်..။ ဟိုမျက်နှာငဲ့ရ ဒီမျက်နှာကြည့်ရ နဲ့ ခုနက လူရွယ်ပြောတဲ့ နှလုံးသားနောက် လိုက်ဖို့ဆိုတာ လက်တွေ့မှာခက်ပါတယ်..။ နှလုံးသားကတောင်းဆိုတာ ဖြစ်ချင်တာတွေ သာ လုပ်မယ်ဆိုရင် မဗေဒါ ဒီနိုင်ငံမှာ ထမင်းငတ်ဖို့လည်းရှိတယ် .. လူမွေးလည်း….မပြောင်နိုင်ပါဘူး..။ မဗေဒါက ကိုယ်လုပ်ချင် တာသာ လုပ်ခွင့်ရနေရင် လူရောင်မပြောင်တာကို ဂရုမစိုက်ပေမဲ့ သားသမီး.. ယောက်ျားမျက်နှာ… လူမျိုးသိက္ခာဆိုတာ ရှိပါသေးတယ်…. နောက် ပြောဖူးသလိုပဲ… အရောင်မဆိုးပဲ မဲနေတဲ့ ခေါင်းမဲ တယောက်အပေါ် လူတွေ ထားတဲ့ တန်ဖိုးက နည်းတဲ့အတွက် အလုပ်တခုခုတော့ လုပ်ချင်သည်ဖြစ်စေ မလုပ်ချင်သည်ဖြစ်စေ လုပ်ကြရပါတယ်..။ အလုပ်လုပ်မှလည်း လူဆိုတာ တန်ဖိုးရှိတယ်ဆိုတဲ့ အယူအဆ ရှိတာလည်း ပါမယ်ထင်ပါတယ်..။ ကြိုက်တာ မကြိုက်တာဘေးချိတ်လို့… ကိုယ့်ဝင်ငွေထဲက ရာခိုင်နှုန်းအချို့ ကို အခွန်ဆောင်… ရသလောက်လုပ်နဲ့.. လူတယောက်ရဲ့ တာဝန်တွေ စိတ်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ ကျေပွန်အောင် ထမ်းနေရတယ်လို့ မြင်ပါတယ်..။ လုပ်နေတဲ့အလုပ်ကို ပျော်သလား ကြိုက်သလားလို့မေးရင် ၁၀ ယောက်မှာ ၉ ယောက်က မပျော်ကြဘူးလို့ ဆိုလို့ရပါတယ်..။ အသေအချာ စာရင်းမကောက်ထားပေမဲ့.. ပြောနေကြ စကားတွေထဲမှာ လက်လျှော့ထားတာ.. စိတ်အားငယ်တာ.. စိတ်ပျက်တာ… သားသမီးအရေးပဲ ဦးစားပေးတာ… မျိုးတွေပဲများပါတယ်..။ ( အထူးသဖြင့် နိုင်ငံရေးအဖွဲ့အစည်းထဲမှာ လုပ်လာသူတွေ က ဒီလိုခံစားချက်မျိုးများပါတယ်… သီးသန့်ရောက်လာသူတွေနဲ့တော့ နဲနဲကွာနိုင်ပါတယ်..။ ငွေ သည် ပထမထက် ဒုတိယနေရာမှာပဲ ရှိပါတယ်…အရာရာကို ငွေနဲ့ တန်ဖိုး မဖြတ်တက်သူများလို့ ဆိုရင်ရမယ်ထင်ပါတယ်..။)
မြန်မာပြည်မှာ ဘွဲ့ရထားပေမဲ့ ဒီမှာ တော့ ဘွဲ့ရလိုမျိုးပြန်မဖြစ်ပါဘူး… စာရွက်စာတမ်း ပါလာရင်တော့ ဒီက အထက်တန်း (၁၃ ) နဲ့ ရိုးရိုးဘွဲ့ကို တန်းညှိပေးပါတယ်.. မာစတာဆိုရင်တော့ ရိုးရိုး ဆက်နွယ် ပတ်သက်ရာ သာမာန်ဘွဲ့နဲ့ တန်းတူပြန်ပေးပါတယ်..။ ဆိုတော့ ဒီအရပ်မှာ အသက်မွေးဝမ်းကျောင်းပညာ က စားသွားပါတယ်… ဥပမာ ကားပြင်တက်ရင်.. အဲဒီအလုပ်မှာ အဆက်လည်းကောင်းရင် တန်းရဖို့ လွယ်ပါတယ်..။ ပညာရပ်ပိုင်းဆိုင်ရာလိုမျိုးတွေမှာ ခက်ပါတယ်… ဒါတောင် ကိုယ်ကတက်ပေမဲ့… ဒီက သက်ဆိုင်ရာဘာသာ မကျွမ်းကျင်ရင် ရဖို့ ပိုခက်ပြန်ပါတယ်… ( စကားချပ်.. လွန်ခဲ့တဲ့ ၂ နှစ်လောက်က ပါကစ္စတန်က ဘိုင်အိုဆရာ တယောက် ဆရာလတ်မှတ်ရပြီး စာသင်နေပေမဲ့ ကျောင်းက အချို့မိဘတွေက ဘာသာစကားနားမလည်လို့ ပြဿနာဖြစ်တာ ဖတ်လိုက်ရပါသေးတယ်..။ ) ဆိုတော့ ခက်တာတွေထဲမှာမှ ဘာသာစကားကလည်း အခရာ ကျပြန်ပါတယ်..။ အခြားအခြေအနေတွေနဲ့ပေါင်းရင် အသက်ကြီးသူများ ရတာလုပ် ဘာနဲ့ ကြီးကြီးကျယ်ကျယ် တွေးမနေနဲ့ ကလေးများသည် အဓိက … ဆိုတာမျိုးနဲ့ နိဂုံးချုပ်ပါတယ်..။ ကိုယ်ကတော့ အနစ်နာခံရမဲ့ ပထမမျိုးဆက်လို့ ဆိုနိုင်ပါတယ်..။
ဖြစ်နိုင်တာကတော့ အသက်ကြီးသူတွေမှာ အထူးသဖြင့် အဖွဲ့အစည်းထဲ နှစ်ရှည်လများ လုပ်ခဲ့ကြပြီး… ကိုယ့်ကိုယ်ကိုယ်လည်း တစုံတခု လုပ်နိုင်တယ်လို့ ယုံကြည်နေသူများမှာ ခံစားရတဲ့ ခံစားရမှု ပိုကြီးမားမယ်ထင်ပါတယ်..။ ဥရောပကို မလာခင်ကတည်းက ကြိုသိနေတာတွေက တကယ့်လက်တွေ့မှာ တော့ ခံစားမှုကို ရှေ့တန်းတင်ရင် ကြုံရတဲ စိတ်ခံစားချက်များ က လွယ်မယောင်နဲ့ ခက်နေတက်တာမျိုးတွေ အများကြီးပါ… ဒါကြောင့် မြန်မာဒုက္ခသည်ထဲက ပြန်တာ ၂ ယောက်ရှိသွားပါပြီ… ပြန်သွားတဲ့ထဲက တယောက် သတင်းအကြောင်းကြားတဲ့ နော်ဝေးဆရာမတွေ မျက်လုံးပြူးပြီး မေးရတဲ့အထိ ထူးဆန်းခဲ့ပါသေးတယ်..။ ဟုတ်လည်းဟုတ်ပါတယ်..လူတကာက ကောင်းလှပါတယ်ဆိုတဲ့ ဒီလိုနိုင်ငံမျိုးကိုလာချင်နေတာ ပြန်သွားတဲ့ မြန်မာပြည်သားကို မအံ့သြပဲ ရှိပါ့မလား.. ။ ဘာပဲပြောပြော ခံစားချက်ကို ရှေ့တန်းတင်ပြီး အောက်ခြေသိမ်း အလုပ်ကနေ မစလို့လည်း မဖြစ်ပြန်တော့… ကြုံတဲ့ ရတဲ့အလုပ်ကို လူတယောက်အဖြစ် တန်ဖိုးရှိစွာ ရပ်တည်ဖို့ လုပ်နေကြရပါတယ်..။ ဒါကြောင့် အသက်ရလာသူတွေမှာ ခံစားမှု စေရာ နှလုံးသား နောက် ကောက်ကောက်ပါအောင် လိုက်ဖို့ ခက်တယ်ဆိုတာ ကို ပြောရင်း လူငယ်လေးများကို ကျိုးစားစေချင်ပါတယ် … ကျွန်မတို့ လူကြီးများက ကလေးများအတွက်… အစဉ် အားပေးရင်း… ဂုဏ်ယူချင်သူများ ဖြစ်ပါတယ် ....။ လူငယ်များလည်း တချိန်မှာ ကိုယ့်နှလုံးသားစေရာနောက် ကောက်ကောက်ပါနိုင်သူများ ဖြစ်ကြရအောင် အခုကတည်းက အချိန်..အရွယ်… အခြေအနေ..အခွင့်အလမ်း..အခွင့်အရေးများ..ရွေးချယ်ခွင့်များ ရှိတုန်း … ကျားကုတ်ကျားခဲ ကြိုးစားကြစေချင်ပါတယ်လို့ ………။
မဗေဒါ (၈၈)
၂၀.၁၂.၂၀၁၀
2 ဦး၏ဆွေးနွေးချက်:
လူတိုင်းနီးပါးပါဘဲ မဗေဒါရယ်။ ဖြစ်ချင်တာနဲ့ ဖြစ်နေတာ တစ်ခြားစီက များပါတယ်။ လူဆိုတာကလဲ လိုပြီးရင်း လိုချင်ရင်းဆိုတော့ အားရတင်းတိမ် နှစ်သက်ကျေနပ်နေတတ်ကြတဲ့ သူတွေ မဟုတ်ကြဘူးလေ။ မြင်တွေ့ရာ အားလုံး လိုချင်နေတော့တာပါဘဲ။ ဒါကြောင့် နှလုံးသားစေရာနောက် လိုက်ခြင်း မလိုက်ခြင်းက အဓိကမကျပါဘူး။ အဓိကက ရတဲ့နေရာ ကျတဲ့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်တတ်ကြဖို့ပါဘဲ။ အားလုံး ကွန်မွန်းဆင့်စ်ဆိုတဲ့ အသိတရားလေးနဲ့ တူညီစွာ လက်တွဲတည်ဆောက်ကြမယ်ဆိုရင် ဖြစ်ချင်တာ မဖြစ်ရပေမဲ့ ဖြစ်နေတဲ့ ဘ၀လေးကို ကျေနပ်နှစ်သက်နိုင်ကြလိမ့်မယ်လို့ မြင်မိပါတယ်။
ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)
ခံစားချက်နဲ့ ရေးထားမှန်းသိသာပါတယ်။ အင်မတန်ကောင်းတဲ့ ပို့ စ် လေးပါ။ အမ ပျော်ရွှင်ပါစေလို့  ဆုတောင်းပေးလိုက်ပါတယ်။
ညို
Post a Comment