လက်ကိုင်ဖုန်းစပြီး ကိုင်ခဲ့ဖူးတာ ၁၉၉၉ လောက်ကလို့ ထင်ပါတယ်… သူများတွေလို ကိုယ်ပိုင်မဟုတ်ပါဘူး… အဖွဲ့အစည်းပစ္စည်းပါ…။ ဒေါ်စုပြောသလိုပဲ ဘယ်နေရာမှာ ပါးစပ်ထားရမှန်းမသိ ဘာနှိပ်ရမှန်း မသိ ...ဖြစ်ခဲ့ပါတယ်..။ အခုတော့လည်း အနီရောင် ခလုတ်လေးက ပိတ်တာ …အစိမ်းလေးက ဖွင့်တာဆိုတာ လောက်တော့ သိနေပါပြီ..။ ဆက်သွယ်ရေးမှာ အဆင်ပြေပေမဲ့ တကယ်တော့ ကုန်ကျစရိတ် ကလည်း မထောင်းသာပါဘူး..။.။ သူမရှိလည်း တနည်းနည်းတော့ ဆက်သွယ်ရေးက အဆင်ပြေနေမှာပဲ… သူရှိတော့ လည်း ဟိုဂဏန်းနှိပ် ဒီဂဏန်းနှိပ်နဲ့ မိုက်ခဲပါပဲ..။ တယ်လီဖုန်းက အနယ်နယ် တိုင်းပြည်တွေမှာ ရှိနေတဲ့ သူငယ်ချင်း မိတ်ဆွေများကို ဆက်ရတာ အဆင်ပြေပေမဲ့ မဗေဒါ အတော်လေး သဘောမတွေ့တဲ့ ခံစားချက်ကိုရေးချင်တာပါ.. ဒါကြောင့် နိဒါန်းနဲနဲပျိုးခြင်း ဖြစ်လေသတည်းပါ..။
မျက်စိရှေ့မှာ တယ်လီဖုန်း.. လက်ခံပြောသူတွေ အများကြီးတွေ့ဖူးတယ်..။ ဖုန်းခေါ်လာသူကို အမျိုးမျိုး တုန့်ပြန်ကြတာ တွေ့ဖူးပါတယ်..။ ဟုတ်ကဲ့.. ပြောပါရှင်.. ခင်ဗျာ… မျိုး ကြားဖူးသလို အကြားများလာတဲ့ ပြန်ဖြေနည်းတခုက ``ပြော …အေးပြော`` ဆိုတာပါ..။ အဲဒီလို ပြန်ပြန်ဖြေနေတာတွေကို အမြဲလိုနည်းပါး မြင်နေရတာကို ဘဝင်မတွေ့ ဖြစ်နေတာ အတော်ကြာခဲ့ပါပြီ…။ ခပ်ကြမ်းကြမ်းပြောရရင် အင်မတန်ရိုင်းတယ်လို့ ယူဆသလို ဒီလိုမျိုး တုံ့ပြန်တာ ဘာဖြစ်လို့လဲလို့ စဉ်းစားမိတယ်…။ `အေး ပြော` နဲ့ `ပြော`ဆိုတဲ့ ဖြေနည်း ကို ဘယ်သူတွေက စလိုက်တာများလဲ..ပေါ့.. ။ စပြောလိုက်တဲ့သူက ဘယ်လိုအခြေအနေမှာ သုံးတဲ့စကားလုံး ဆိုတာကိုလည်း တွေးဖူးတယ်..။ တကယ်တော့ ဖုန်းလက်ခံပြောသူဟာ တဘက်သားစိတ်ထဲ ဘာပြောချင်တယ်.. ဘာကိစ္စများ သိချင်တယ်.. အကူအညီလိုချင်တာ စသည်ဖြင့် အကြောင်းအမျိုးမျိုးနဲ့ ဆက်သွယ်လာနိုင်တာကို အမှုမဲ့အမှတ်မဲ့ သဘောနဲ့ တုန့်ပြန်တာလား…..။ ဒါမှမဟုတ် ဒီလိုပြန်ဖြေရတာကို သဘောတွေ့လို့လား.. တဘက်က ဆက်သွယ်လာပြီ ဆိုကတည်းက ငွေကုန်သလို အချိန်လည်း ကုန်ပါတယ်… နောက် ကိစ္စရှိလို့လည်း တကူးတက ဆက်လာတာမျိုး များပါတယ်..( နေ့စဉ် ကိုယ်ပွားနေကြ အရင်းအခေါက်များအတွက် မဆိုလိုပါ..။ နားနဲ့မနာ ဖဝါးနဲ့နာပါ.. တချို့ဆို.. အရင်းများမို့ အဆဲလေးနဲ့တောင် နှုတ်ဆက်ပြီး ဖုန်းခေါ်တာမျိုးလည်း ရှိတက်ပါသည်..။ ဒါကတော့ အခြေအနေတမျိုး ဖြစ်မည်ပေါ့..။ ).. ဆိုသည့်အခါ… တဘက်က ဘာပြောချင်မှန်း မသိပဲနဲ့… အသက်အရွယ်အရလည်း ဘယ်လောက်ကွာမှန်းလည်း မသိပါပဲ( အထူးသဖြင့် မရင်းနှီးသူများ) ကို တပြောပြောနဲ့ လုပ်ခြင်းဟာ အင်မတန် စိုးရွားတဲ့ အပြုအမူဟု ကောက်ချက်ချနိုင်မယ် ထင်ပါတယ်…။ ကိုယ့်အပြောကြောင့် တဘက်သား ပြောချင်တာတွေ ငုံ့လျှိုးသွားနိုင်ပါတယ်..။ နုတ်က မပြောတောင် နောင် ဆက်သွယ်ဖို့ စိတ်ညစ်နိုင်ပါတယ်..။ စိတ်ထဲမှာလည်း နောက် တကြိမ်အတွက် တွန့်သွားနိုင်သလို ကိုယ့်အပေါ်ထားတဲ့ အမှတ်ကောင်းများ ရှိခဲ့ရင် လျှော့သွားမှာ အသေအချာပင်…။
ကျွန်မကို အဲသလို ပြော လို့ တုန့်ပြန်ချိန်မှာ … သူများတော့မသိ.. ကျွန်မစိတ်ထဲမှာ … အဲသလို တုန့်ပြန်ခြင်းဟာ အထက်စီးစံတာ… ဆရာကြီး လေသံမျိုး ဂိုက်ဖမ်းနေတာ… ကိုယ့်ကိုယ်ကိုယ် သိပ်အထင်ကြီးနေတာ… အင်မတန် အရေးပါနေ သလို…ဆိုက်ပေးနေတာ.. အင်မတန် အလုပ်များနေလို့ စိတ်မရှည်ဟန် ပြနေတာ… ကိုယ့်ကို မတူမတန်သလို ..လုပ်ပြောတော လို့ ယူဆရပါတယ်..။ ပြော သူက အဲသလို .. မရည်ရွယ်ဘူးဆိုရင်တောင် ကျွန်မအမြင်တော့ .. ခုနက ပုံစံမျိုးတွေလို့ပဲ ခံစားရပါတယ်…။ တခါတလေဆိုရင်… ဆက်သူက အကြီး လက်ခံပြောသူက အငယ် ဆိုတာကိုသိရင် ယဉ်ကျေးမှုတရား ထိုင်ဟောချင်စိတ်ပေါက်မိပါတယ်… ဒုက္ခကို ဝယ်ယူတယ်ပဲ ဆိုဆို ဒေါသလည်း အချောင်းလိုက် အချောင်းလိုက် ကိုယ်နဲ့မဆိုင်လည်း ထွက်နေတက်ပါသေးတယ်…။ ပြီးရင် ၁ နာရီလောက် ဗျစ်တောက် ဗျစ်တောက် ပြောနေမိပါတယ်..။ အင်မတန်သည်းခံမှုစွမ်းရည် နည်းတဲ့စိတ် လို့ပြောလည်း မတက်နိုင်ပါ … ဝင်ခံရုံပင် ရှိပါသည်..။
ဖုန်းဖြေမယ်ဆိုရင် ဘယ်လိုမျိုးများ ဖြေရမယ် ဆိုတာတော့ တိတိကျကျ.. သင်တန်းရယ်လို့ သီးသန့်မပေးကြပေမဲ့… ရုံး..ကနား.. စတဲ့ ကိစ္စမျိုးတွေမှာတော့… ဟလို… မင်္ဂလာ စာအုပ်တိုက်ကပါ… မြန်မာ အမျိုးသမီးကယ်ဆယ်ရေး အသင်းကပါ… ဟလို… မင်္ဂလာပါရှင်…ကလေးထိမ်းကျောင်း အမှတ် (၂)က မမေသူ စကားပြောနေပါတယ် …. အစရှိသဖြင့် ဖြေကြ ပြောကြတာမျိုးကိုတော့ လေ့လာကြားဖူးကြမှာပါ..။ ဒါ ကိုယ့်ဆီကို ဘယ်ကပဲ ဆက်သွယ်ဆက်သွယ်လာ… ပုံမှန် ပြောနေကျ ဆက်သွယ်ရေး မင်္ဂလာစကားလေးပါ..။ အင်မတန်မှ နားထောင်ရတာ… အရသာရှိသလို ယဉ်းကျေးရာလည်း ရောက်ပါတယ်..။ အဲသလို ယဉ်ကျေးမှုတရားကိုလည်း အတုယူသင့်ပါတယ်..။ ဆိုလိုတာက နေ့စဉ်ပြောနေကျ သူငယ်ချင်း သက်တူရွယ်တူ ကလွဲရင်… ကျန် မိတ်ဆွေ အပေါင်းအသင်း..များကို ဖုန်းပြောတဲ့အခါ… မှာ အချိုသာဆုံးနဲ့ ယဉ်ကျေးသိမ်မွေ့တဲ့ စကားတွေ ပြောမယ်ဆိုရင် နားထောင်ရသူရော ဘေးက ကြားရသူရော အဆင်ပြေမှာပါ…။
တကယ်တော့ ဖုန်း ဆိုတာက လူနှစ်ယောက် ဆက်သွယ်ဖို့ ကြားခံပစ္စည်း ဖြစ်လေတော့ သူ့ကို အသုံးချတက်ရင် အဆင်ပြေမှာပါ..။ ဖုန်းနဲ့ ပြောပြီဆိုကတည်းက တယောက်နဲ့ တယောက် မတွေ့မမြင်ရတာမို့… စကားကို အတက်နိုင်ဆုံး ချိုသာစွာပြောမယ်ဆိုရင် တဘက်က ဆက်သွယ်လာ တဲ့လူလည်း… ပြောချင်တာတွေ ပိုပြီးရှောရှောရူရူ ထွက်လာသလို ( ဥပမာ) အကူအညီတောင်းမဲ့ ကိစ္စဖြစ်နေမည်ဆိုပါက မကူနိုင်ခဲ့ရင်တောင် အပြောအဆိုကြောင့် တဝက်လောက် စိတ်ကျေနပ်သွားမှာ အသေအချာပါပဲ..။ ဒါကြောင့် ကျွန်မနားဝမှာ နားဝင်အဆင်မပြေလှတဲ့ ပြော ပြော နဲ့ ပြောနေကျတဲ့… အဆင်မပြေမှုကို ရင်ဖွင့်မိပါတယ်....။ ဖုန်းလက်ခံပါက အခြားသော နည်းများဖြစ်တဲ့… ယဉ်ကျေးချိုသာသော စကားလုံးများဖြင့် တုံ့ပြန်နိုင်ရင် ဘေးက ကြားရသူများလည်း အဆင်ပြေ… ခေါ်လာသူလည်း ကျေနပ်နိုင်မယ်လို့ ယုံကြည်ပါကြောင်း..။
( စကားချပ်.. ကလေးတွေကလည်း လူကြီးဖုန်းခေါ်တာကို ယဉ်ယဉ်ကျေးကျေး ပြန်မဖြေတက်တာများလည်း တပုံကြီး ရှိနေပါသည်… မိဘများတွင် အထူးတာဝန်ရှိသည်ဟု တပါတည်း ဆိုချင်ပါသေးသည်..။ )
အားလုံး မင်္ဂလာပါရှင်…။ မအားသည့်ကြားမှ လာရောက်အားပေး သူများ အားလုံး… ကျေးဇူး … ကျေးဇူးအထူးတင်ပါသည်…. ။
မဗေဒါ
၁၃.၁၂.၂၀၁၀
3 ဦး၏ဆွေးနွေးချက်:
အင်း စိန်အေးခိုင်ရေ ရှင့်စာကို ဖတ်လိုက်ရတာ အေး ပြော ဆိုပြီး ဘယ်နှစ်ယောက်များ ရှင့်ကို ကောလွတ်ဖူးလဲလို့ ပါ။ သေခြာတယ် ကျုပ်ဆိုရင်တော့ သိပ်ရင်းနှီးတဲ့ များပြားလှစွာသော ရဲဘောက် ရဲဘက် မိတ်ဆွေတွေနဲ့ သူငယ်ချင်းတွေကို အေး ပြော လို့  များ ပြောခွင့်ရလိုက်ရင် ဟန်ဆောင်မှုတွေ ကင်းတဲ့ ဆက်ဆံရေး ရှိလို့  ပြောရတာ အတော်ကို အရသာရှိလှတယ်။ အလုပ်တို့ တစိမ်းတရံတို့ ဆိုရင်တော့ အဲလို မပြောဖြစ်ပါဘူး ။ တကယ်တမ်းတော့လည်း ရှင်ပြောသလိုပါပဲ အစိမ်းအကျက် မခွဲဘဲ အဲလို ဖုန်းလေးထဲက ခပ်ရိုင်းရိုင်းလေး ဆက်ဆံတတ်တဲ့သူတွေလည်း အများကြီးပါပဲ ဒါကလည်း သူကျင်လည်ရာ ဒေသရဲ့ ဘာသာစကားမကျွမ်းကျင်မှုတွေလား အသွန်အသင် မခံရလို့ ဘဲလားဆိုတာတော့ စဉ်းစားစရာပေါ့ဟယ် ။
ှရှင့် သူငယ်ချင်း
အစ်မပြောမှပဲ အနော်လည်း ကိုယ့်ဘာသာကိုယ် “အေး ပြော” လို့ ပြောပြောမိနေတာ သတိထားမိတယ်.. လူတိုင်းကိုတော့ မဟုတ်ပါဘူး.. ရွယ်တူ ကိုယ်နဲ့သိပ်မရင်းနှီးတဲ့ အမျိုးတစ်ယောက်ကိုပေါ့.. သူက ဖုန်းဆက်ရင် ကိုယ်က ပြန်ခေါ်ဖြစ်တာ များပါတယ်.. အဲတော့ သူက ဟယ်လိုဆိုရင် ကိုယ်က “အေး.. ပြော” ဖြစ်ဖြစ်သွားတယ်.. တခြားဘယ်လိုပြောရမလဲလည်း မသိဘူး..
ညီမရေ..
အစ်မထင်တာတော့ ..ရွယ်တူဆိုရင်တော့လည်း ကိုယ်ခေါ်နေကျ အမည်လေး ခေါ်ပြီး.. ကိစ္စရှိလို့လား.. ဘာများလဲ..ဒါမှမဟုတ်လည်း... ဖုန်းခေါ်ထားလို့ ပြန်ခေါ်တာပါ ..( အမည် ထည့်ပြောပြီး ) များ အထွေအထူး ပြောစရာများရှိလား.. ဆိုတာက ` အေး..ပြော ` ဆိုတာထက် နဲနဲ ပိုကောင်းမယ်ထင်ပါရဲ့..။
အထင်ကိုပြောတာပါ ညီမ ရေ..
မဗေဒါ
Post a Comment