Tuesday, November 23, 2010

မေတ္တာဖြင့် အသက်ရှင်နေသောသူ








ကျွန်မကို စာမရေးဘူးလားဟုမေးလာသော ညီမငယ်အတွက် ဘာရေးရင် ကောင်းမလဲလို့ စဉ်းစားမိရာက မေတ္တာ ထားခံရသည့်သူတယောက် အကြောင်း ရေးချင်မိပါတယ်..။ မေတ္တာကို မြန်မာအဘိဓါန်က `ချစ်ခင်ခြင်း `လို့ ဖွင့်ဆိုထားပါတယ်..။ မေတ္တာဆိုတာ အပြန်အလှန် ရှိကြတယ်ဆိုတာမျိုး စာအုပ်တွေထဲ.. လက်တွေ့ဘဝထဲ မှာ တွေ့မြင်ရပါတယ်..။ တကယ်တော့ လူတယောက်က တယောက်အပေါ် မေတ္တာဆိုတာ အလကားပေးလို့ ရပါလျှက်နဲ့ .. လူတိုင်း မထားခံရတာ.. လူတိုင်းမပေးနိုင်တာမျိုးလည်းရှိပါတယ်.. ..။ ကိုယ်က မေတ္တာ ထားရင် ကိုယ့်ဆီကိုလည်း မေတ္တာ ပြန်လာတက်ပါတယ်..။ တပါးသူအပေါ် မေတ္တာမထားနိုင်ပဲ.. ကိုယ့်အပေါ်လည်း အခြားတယောက်က ပြန်မပေးနိုင်ဘူး ဆိုတာကတော့ အထင်အရှားပါ..။

ကျွန်မ အခုရေးချင်သည်မှာ ကျွန်မတို့ မြန်မာပြည်သူများ အင်မတန် ချစ်ခင်လေးစားရသည့် ဒေါ်အောင်ဆန်းစုကြည် … အကြောင်းပါ.. ..။ ကျွန်မတို့ချစ်တဲ့ လေးစားတဲ့ ဒေါ်စု ကိုဘာလို့ လူတွေ ချစ်ကြတာလဲ ဆိုတာလေး စဉ်းစားမိသလောက် ရေးချင်ပါတယ်..။ အားလုံးသိကြသည့်အတိုင်း ဒေါ်စုလွတ်မြောက် လာသည့်အခါ ဝမ်းသာလို့ ကျသည့်မျက်ရည်… ဝမ်းနည်း၍ ကျသည့်မျက်ရည်.. အားကိုး အားထားတခု ရှိ လာပြီဆိုသည့် အသိဝင်ကာ ကျလာသည့်မျက်ရည်.. အဓိပ္ပါယ်မဲ့ နှစ်ပေါင်းများစွာ အချုပ်အနှောင်ခံထားရ သည့်အတွက် ယူကြုံးမရဖြစ်ကာ ကျသည့်မျက်ရည်.. လူတန်းစားပေါင်းစုံ ဆီကနေ ခံစားရတာတွေ တွေ့မြင်ရတဲ့အခါ အော်သူ့ကို ဘာဖြစ်လို့များ ဒီလောက်တောင် ချစ်ရပါသလဲလို့ တွေးမိပါတယ်..။

ဒေါ်စုမှာ စစ်လက်နက်များစွာ ကိုပိုင်ဆိုင်ထားသည့် ယောက်ျား ရင့်မာကြီးများကို အားပြိုင်ရဲသည့် သတ္တိရှိနေခြင်း.. သူ ယုံကြည်ရာ နည်းလမ်းဖြစ်သည့်…. အကြမ်းမဖက်သည့် နည်းလမ်းဖြစ် လူပေါင်းများစွာကို လွတ်လပ်တရားမျှတသည့် လူဘောင်တွင် အေးချမ်းစွာ နေထိုင်စေလိုခြင်း.. သူ့ဒုက္ခ ကို ပမာဏ မထားပဲ.. တိုင်းပြည် သည်သာလျှင် အဓိကဟု ယူဆကာ.. ရှေ့သို့ ဆက်လက်ချီတက်နေခြင်း.. စစ်အစိုးရအပေါ် အငြိုးအတေးမထားပါပဲ.. လူထုအကျိုးအတွက် စဉ်းစားကာ…ညဏ်အမြော်အမြင်ရှိစွာ ပြောဆိုတက်ခြင်း.. စသည့်အချက်ပေါင်း များစွာကြောင့် သူ့ကို ချစ်သူများ ယုံကြည်လေးစားသူများ များပြားခြင်း ဖြစ်မည်ဟု ယူဆရပါသည်..။ သူ့ကို သာမာန်ပြည်သူများက လေးစားချစ်ခင် ကြသလို စစ်တပ်မှ အတန်းပညာတက် ရဲဘော်များ.. သာမာန်ရဲဘော်များကလည်း `နိုင်ငံခြားသားကို ယူထားသည် တိုင်းပြည်ကို မချစ်`ဟု အလီလီအခါခါ မှိုင်းတိုက်ခံထားရသည့်ကြားမှ ချစ်ခင် အားကိုးသည့် စိတ်များ ဖြစ်နေခြင်းသည် သူ၏ တိုင်းပြည်အပေါ် ထားသည့် မေတ္တာစေတနာ မှန်ကန်သောကြောင့် ဖြစ်မည်ဟု မှန်းဆရပါသည်..။

သွားလေရာတွင် သူ့စကားကို နားထောင်လိုခြင်း.. သူ့ကိုကြည့်မြင်လိုခြင်းသည် .. လှပသော သူ့ရုပ်ရည်ကြောင့် မဟုတ်သလို သူ ပြောမည့်စကားများသည် လူတိုင်းအတွက် အဖိုးတန် စဉ်းစားသင့်သော စကားများ.. ဖြစ်သောကြောင့် လူထုက လိုက်ပါ နားဆင်လိုကြခြင်းဖြစ်နိုင်ပါသည်..။ တရားလက်လွတ် ဖြစ်နေသည့်ကိစ္စများသည် နိုင်ငံရေးကိစ္စများနှင့် ဆက်စပ်နေခြင်း ဖြစ်သည်ကို လူအများ နားလည်အောင် ဟောပြောပေးနိုင်သည့် သူ၏ စွမ်းပကားနှင့် ပြောတိုင်းလုပ်သည့် စိတ်ဓာတ်သည်ကား နှယ်နှယ်ရရတော့ မဟုတ်ပေ..။ မည့်သူကိုမျှ အတင်းအဓမ္မ `ဒေါ်အောင်ဆန်းစုကြည် စကား သွားနားထောင်ပါ`ဟု တိုက်တွန်းစရာမလိုပဲ ..ဈေးသည်မှသည် အသိပညာရှင် အတက်ပညာရှင်.. သက်ငယ်မှ သက်ကြီးအထိ ဒေါ်စုအပေါ် အားပေးနေခြင်းသည် သူ့အပေါ်ထားသည့် မေတ္တာအတိမ်အနက် နှင့် ယုံကြည်လေးစားမှုကို ပြနေခြင်း ဖြစ်ပါသည်..။ လူထုသည် သူ့အား အားကိုးယုံကြည်သလို သူသည်လည်း လူထုရှေ့မှ မားမားမတ်မတ် ရပ်ပေးလိုသည့် ဆန္ဒများ ရှိသည်ကို အစဉ်ဖော်ထုတ်ပေးနေသည်မှာ အထင်အရှား ဖြစ်ပါသည်..။

လာပါ လာပါ .. ဟု ခေါ်စရာ မလိုပဲ သူ့အား ရင်ထဲမှ လာသည့် မေတ္တာ အရှိန်ကြောင့် သူ့စကားကို နားထောင်ချင်သူများမှာ မြန်မာပြည် တပြည်ထဲမှ မဟုတ် ကမ္ဘာ အရပ်ရပ်မှ ဖြစ်သည် ကိုလည်း ဒေါ်စုလွတ်မြောက်လာသည့် အချိန်က တွေ့မြင်ခဲ့ရပါသည်..။ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင်ဆိုသည့် ဒေါ်အောင်ဆန်းစုကြည် သည် လုပ်ယူစရာမလိုသည့် မေတ္တာ စေတနာများဖြစ် ပြည်သူ့အကျိုးကို အစဉ်ထမ်းပိုး မည့်သူ ဖြစ်သည် ဆိုသည်ကို ခိုင်မာစွာယုံကြည်ရင်း .. မေတ္တာမရသူတို့ မရူမလှ ဒုက္ခများဖြစ် ဗျာများနေရမည်ကို မြင်ယောင် နေမိသည်ကို တွေးမိရင်း အလကားရသည့် မေတ္တာကို ငတ်မွတ် နေသူတို့ အရယူကြစေချင် သည် ကို တွေးရင်းတောရင်း ………။

ဒီနေ့လည်း သားအမိနှစ်ယောက် ကို ကြည့်ကာ ဝမ်းသာမျက်ရည် ကျရပါသေးတယ်.. ချစ်တက်ကြပါစေ.. မေတ္တာထားနိုင်သူများ ဖြစ်ကြပါစေလို့ ..။

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေလို့လည်း ဆုတောင်းပါတယ်..။

မဗေဒါ
၂၃.၁၁.၂၀၁၀

3 ဦး၏ဆွေးနွေးချက်:

PN said...

ဟုတ်တယ်အစ်မရေ။ လွတ်လာတုန်းကရော ဒီကနေ့ရော မျက်ရည်ကျမိတယ်။ လေဆိပ်မှာ အန်တီစု ထိုင်စောင့်နေတဲ့ပုံလေးကို ကြည့်ရတော့ စိတ်မကောင်း ဖြစ်လိုက်တာလေ။ သားကိုမျှော်နေတဲ့ အမေပုံက တကယ်စိတ်ထိခိုက်စေပါတယ်။

Nge Naing said...

မေတ္တာကတော့ အမှန်ပဲ သူငယ်ချင်းရေ။ စာရေးလို့ မအားလောက်အောင် အလုပ်များနေလို့ ရေးချင်တာက သူငယ်ချင်းအခုရေးထားတာနဲ့ တထပ်တည်းပါပဲ။ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်က လွတ်တဲ့နေ့က လူထုက ပုံတချို့ကို ပြထားပြီး ဒီအထဲမှာ ဘာတွေလုပ်မလဲဆိုတာ စောင့်ကြည့်ဖို့ ရောက်လာတဲ့ ထောက်လှန်းရေးတွေလည်းပါမယ် တချို့ ဗိုလ်ချုပ်သမီးဆိုတဲ့ အစွဲနဲ့ ထောက်ခံတဲ့သူလည်း ပါနိုင်တယ်လို့ နအဖ ဆိုက်တခုမှာ ရေးထားတာ တွေ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်တဲ့သူတွေကလည်း ဗိုလ်ချုပ်အရှိန်နဲ့မို့ ဗိုလ်ချုပ်သမီး ဖြစ်နေလို့ ပုဂ္ဂိုလ်စွဲကြောင့်သာ ချစ်နေကြောင်း ရေးထားတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဗိုလ်ချုပ်ကြောင့်ပဲ ချစ်တယ်ဆိုရင် ဗိုလ်ချုပ် ရင်သွေးဆိုလို့ ဒေါ်အောင်ဆန်းစုကြည် တယောက်တည်း ရှိတာမဟုတ်၊ ဦးအောင်ဆန်းဦးလည်း ဗိုလ်ချုပ်သားပဲ ဘာကြောင့်များ ဦးအောင်ဆန်းဦးကို လူထုက ဒေါ်အောင်ဆန်းစုကြည်ကို ချစ်သလို မချစ်ပါလိမ့်လို့ တွေးဖို့ဦးနှောက် မရှိလောက်အောင်ကို အသိဥာဏ်ခေါင်းပါးနေ သူတွေကို တကယ်ပဲ ဂရုဏာသက်မိတယ်။ အဲဒါမေတ္တာကြောင့်ဆိုတာ ဒေါ်အောင်ဆန်းစုကြည်ကို အလွန်အမင်း မုန်းတီးပြီး မနာလို ဖြစ်နေကြတဲ့ ဗုဒ္ဓဘာသာဝင်တွေ နှလုံးသွင်းနိုင်ပါစေလို့ ဆုတောင်းပြီး ဒေါ်အောင်ဆန်းစုကြည်အတွက်လည်း သူငယ်ချင်းနဲ့ ထပ်တူထပ်မျှ ဆုတောင်းသွားပါတယ်။

သူငယ်ချင်းရေ အသစ်တင်မှ တခါပြန်လာဖတ်တော့မယ်။ Assignment တွေ Clinical တွေကလည်း မပြီးသေး။ သားအတွက် အထက်တန်းကို Local School မှာ မအပ်ချင်လို့ အိမ်မပြောင်းရင်လည်း အပ်ချင်တဲ့ကျောင်းမှာ အပ်လို့မရဘူး။ ကလေးကျောင်းပြောင်းဖို့အတွက် ကျောင်းရှိတဲ့နေရာမှာ အိမ်ကို အရင်ပြောင်းပြီးမှ လိပ်စာပြပြီး ကျောင်းအပ်ရမှာမို့ ဒီနှစ်ပတ်ထဲမှာ ရဖို့ အသဲအသန် အိမ်လိုက်ရှာနေရတယ်။ နှစ်မကုန်ခင် နောက်နှစ်အတွက် ကလေးကလေးနေမည့် ကျောင်းကို မပြနိုင်ရင်လည်း ပုလိပ်က အိမ်တံခါးလာခေါက်ပြီး ကလေးအခွင့်အရေး ချိုးဖေက်မှုနဲ့ လာဖမ်းမှာမှာ။ ဒါကြောင့် Assignment တွေ လုပ်နေတဲ့ တန်းလန်းနဲ့ အချိန်ကို ဖဲ့ပြီး အိမ်လည်း အရေးပေါ် အသဲအသန် လိုက်ရှာနေရလို့ လုံးဝမအားဘူး သူငယ်ချင်းရေ)

★သခင်မျိုးဟေ့ဒို့မြန်မာ★ said...

သို့

မဗေဒါနှင့် ဒေါ်အောင်ဆန်းစုကြည်ကို ကိုးကွယ်နေသူများ

ဒေါ်အောင်ဆန်းစုကြည် အဖြူကို လက်ထပ်ခဲ့တာ သူမမှာ စဉ်းစား ဆင်ခြင်မှုဥာဏ် အားနည်းတယ်ဆိုတာ သိသာပါတယ်။ သူမဟာ အသက် ၄၀ အထိ ပြည်ပမှာ နေထိုင်ခဲ့သူပါ။ အဲဒီအရွယ်အထိ သူ့ထမင်းသူ ရှာပြီးစားဖူးသူမဟုတ်ပါဘူး။ ( မြန်မာပြည်မှာကျတော့ နအဖ ကွေျးတဲ့ ထမင်းကိုစားခဲ့သူပါ ။ အမေက မွေး .. အဖြူနဲ့ နအဖက ကျွေးပေါ့ဗျာ ) ခင်ဗျားတို့ ဒေါ်အောင်ဆန်းစုကြည် အသက် ၄၀ အထိ တစ်လကို ၀င်ငွေ ဘယ်လောက်ရတဲ့ အလုပ်လုပ်ဖူးလဲ? လေ့လာဖူးလား? သူ့ဘ၀မှာ အလုပ်တစ်ခါမှ လုပ်ဖူးသူမဟုတ်ဘူးဗျ။ နိုင်ငံရေးဆိုရင်လဲ ၈၈ နောက်ပိုင်းမှ ၀င်ရောက်လာတဲ့သူ။ ဒီနေ့ ဒီအချိန်အထိ ဒေါ်အောင်ဆန်းစုကြည် ဘာတွေ အောင်မြင်အောင် လုပ်နိုင်ခဲ့လဲ? အောင်မြင်မှု ဘာမှ မရှိပါဘူး။

တွေးကြည့်ပြီး ရှက်ဖို့ကောင်းတယ်ဗျာ။ ခင်ဗျားတို့ ဒီမိုတွေက စက်တင်ဘာ အရေးအခင်းတုံးက မျှော်လင့်ချက်တွေနဲ့ တက်ကြွခဲ့တယ်။ နာဂစ်မှာ အမေရိကန် ရေတပ်လာတုံးကလဲ မျှော်လင့်ချက်တွေနဲ့ တက်ကြွခဲ့တယ်။ ဦးဝင်းတင်လွတ်လာတုံးကလဲ မျှော်လင့်ချက်တွေနဲ့ တက်ကြွခဲ့တယ်။ မြ၀တီ DKBA ကိစ္စတုံးကလဲ မျှော်လင့်ချက်တွေနဲ့ တက်ကြွခဲ့တယ်။ ပြီးတော့လဲ ပြီးသွားခဲ့တာပဲ။

အခုဒေါ်အောင်ဆန်းစုကြည် ထွက်လာတော့ မျှော်လင့်ချက်တွေနဲ့ တက်ကြွနေပြန်ပြီ။ နိုင်ငံရေးမှာ စကားလုံးလှလှလေးပြောတတ်တာ တစ်ခုနဲ့ မပြည့်စုံဘူး။ ဒေါ်အောင်ဆန်းစုကြည် စကား ပြောကောင်းလို့ လူတွေက သူ့မိန့်ခွန်းကို နားထောင်တယ်။ လက်ခုတ်တီးတယ်။ လွန်ခဲ့တဲ့ ၇ နှစ်တုံးကလဲ အဲလိုပဲ လက်ခုတ်တီးခဲ့တာပဲ။ အကျိုးက ဘာရှိသလဲ? ဒေါ်အောင်ဆန်းစုကြည်ကို အဲလောက်ကြီးကိုးကွယ်နေတာ နည်းနည်းလွန်တယ်ထင်တယ်။ ခင်ဗျားတို့တွေ အဲလိုပဲ မစဉ်းမစားပဲ ကလေးတွေလို ဆက်လုပ်နေဦးမှာလား? ပြီးတော့လဲ ပြီးသွားမှာပါပဲ.. ကောက်ရိုးမီးတွေရယ်။ . . . . ၀ါးဟားဟား


လေးစားလျက်
ဇော်မျိုး