မနေ့က စတဲ့ ယောက်ယပ်ခတ်တဲ့စိတ်က ဒီနေ့ထိ မပြီးသေးဘူး.. ဟိုသူ့ကို မေး ဒီသူ့ကိုမေးနဲ့ အဆုံးတော့ ဘလော့တွေပဲ ပြန်အားကိုးလိုက်ရှာရင်း ကိုမိုးသီးဇွန် တို့ မနေ့က ကူနေတာတွေ တွေ့ရတော့ ရင်ထဲမှာ ဘာပဲပြောပြော ပီတီဖြစ်ရသလို အဆုံးသတ်တိုက်ပွဲ တခု ဖန်တီးရတော့မယ်လို့ ယုံကြည်မိပါတယ်..။ ထိုင်းမှာရှိတဲ့ သူငယ်ချင်းကို လှမ်းမေးရတယ်.. ဟဲ့ ဘာလုပ်နေကြတုန်း.. ဘာလုပ်ရမှာတုန်း.. ငါ့မှာ နေရ ထိုင်ရတာ အဆင်မပြေဘူး…ဆိုကာ ဖုန်းဆက်ရတယ်..။ ကျွန်မရဲ့ မိခင် အမျိုးသမီး အဖွဲ့ကတော့ ဒုက္ခရောက်နေသူတွေကို သွားကူကြမယ်တဲ့..။ ဒုက္ခသည်ကို ကူမဲ့အခြေအနေက လက်တလော ဖြေရှင်းတာလို့ ထင်ပါတယ်.. သူတို့ကို စိတ်ဝင်စားမဲ့ အဖွဲ့တွေ လာလိမ့်မယ်လို့ ယုံကြည်ပါတယ်.. ကျွန်မ စိတ်ဝင်စားတာက ဒုက္ခသည်တွေထက် သူတို့အတွက် ဆေးမြည်းတို မဟုတ်တဲ့ တကယ်ပျောက်စေမဲ့ ပျောက်ဆေးပါ..။ အဲဒီအတွက် ကျွန်မတို့ တခုခုတော့ လုပ်ရတော့မယ် ထင်ပါရဲ့..။ ဗိုလ်နှုတ်ခမ်းမွှေး (စောလားဘွယ်) အခြေအနေလည်း မကြားရဘူး.. ဘလော့တွေမှာလည်း သတင်း သိပ်မတက်လာဘူး.. တခြား မီဒီယာတွေမှာလည်း ဒီကနေ့ နယ်စပ်သတင်း အကြောင်း သိပ်မဖတ်ရတော့ ရင်ထဲမှာ ဟာနေတယ်..။ တခုခုတော့ လုပ်ရမယ်.. ချက်ချင်းမဟုတ်တောင် အဆက်အသွယ်တခုကို ပီပီပြင်ပြင် ရပြီဆိုတာနဲ့.. ရန်သူကို စိန်ခေါ်သံတွေ ..အရပ်ရပ်က ပုံစံမျိုးစုံနဲ့ ပြဖို့လိုတယ် ထင်တာပဲ..။ ဒါမှမဟုတ်ရင် အားကြီးသူတွေ လက်နက်အားကိုးနဲ့ အနိုင်ရသွားမယ် ဆိုရင် ကျွန်မတို့လူထုတွေ စစ်သက်အောက် အကြိမ်ကြိမ် ဒူးမထောက်တောင် မျက်ရည်ပင်လည် ဝေနေရမှာကို မလိုလားပါဘူး..။
မနေ့ညက ဒီဗီဘီက ကိုအေးနိုင်ဆိုတဲ့ သတင်းထောက် မေးထားတဲ့…ဖယ်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး ကော်မတီက နိုင်ဟံသာ ဖြေတာတွေ သိပ်သဘောမတွေ့လှဘူး.. ဆက်သွယ်ရေးကောင်းနေတဲ့ ခေတ်ကြီးထဲ ဘာကိုမှ အဆက်အသွယ် တကယ်မရသေးရင်တော့ တော်တော်ညံ့တာလို့ ဆိုရမယ်ထင်တာပဲ..။ တိုက်ပွဲဖော်နေသူကို ကိုယ်က အဖြေတောင်းစောင့်နေတာဆိုရင်တော့ တော်တော်ရုပ်ဆိုးလှပါတယ်..။ တဖွဲ့ဖွဲ့နဲ့ ဖြစ်ရင် ဝိုင်းမယ်ဆိုတဲ့ စကားက မနေ့တနေ့ကမှ နိုဝင်ဘာထဲ ကြွေးကြော်ခဲ့တာပဲ.. တခုခု ဆိုရင် လိုအပ်တာထက် ပိုမကြာသင့်ဘူးလို့ မြင်တာပဲ.. ကူညီမဲ့သူတွေ.. အခြေအနေတခုမှာ ပါဝင် ပတ်သက်ချင်သူတွေကို စိတ်ဓါတ်ကြအောင် အနီးကပ် လုပ်နေတဲ့ ခေါင်းဆောင်တွေက မလုပ်သင့်ဘူး..။ ဒီလိုအချိန်မှာ လိုအပ်သလောက် သွေးမရဲရင်.. ကြွေးကြော်တာ ပျော့ညံ့ရင်.. လူလိမ်မာ လုပ်နေရင် စစ်သက်ရှည်တော့မှာပေါ့..။ ဒါကြောင့် ကျွန်မမြင်တာကတော့ လိုအပ်သလောက် အချိန်ယူပြီးရင် ခပ်မြန်မြန်လေး.. တခုခုကိုလုပ်ဖို့ တိုက်တွန်းချင်ပါတယ်..။ ကျွန်မတို့ကလည်း နိုင်သလောက် ဝိုင်းရမယ်.. အနီးမှာ ရှိသူတွေကလည်း စိတ်ဝင်တစားနဲ့ ထိုင်မကြည့်ပဲ လိုတဲ့ပန်းတိုင်ကို အရောက်ချီတက်ဖို့ အင်မတန်အရေးကြီးတယ်လို့ ဆိုချင်ပါတယ်..။
လူအား.. ငွေအား လိုတယ်ဆိုတာက အမှန်ဖြစ်နေတော့လည်း ကျွန်မတို့တွေ လူမသွားနိုင်တောင်… ငွေတော့ ပေးနိုင်မယ်လို့ ယူဆရတာပါပဲ..ရရာ အဆက်အသွယ်များကနေတဆင့် ဝိုင်းပံ့ပိုးကြဖို့ နှိုးဆောင်ချင်ပါတယ်.. လူအားကတော့ လည်း လောလောဆယ်ရှိနေတဲ့ သူများနဲ့ ဝိုင်းရမယ်ထင်ပါတယ်.. ဒါတောင်မှ ဒီတိုက်ပွဲဟာ တကယ်ပဲ စနစ်ကျနေတဲ့ ပုံဖော်မှု ခေါင်းဆောင်မှု အောက် ရှိနေပြီဆိုရင် တိုက်ဖူးတဲ့ ရဲဘော်များ ယူနီဖောင်းမဲ့ တိုက်ပွဲဝင်မဲ့သူတွေ အများကြီး ပြန်လာဖို့ အသင့်ရှိနေမယ်လို့ ယူဆကြောင်း ဒီကနေ့ ဖြစ်နေတဲ့ ခံစားရမှုကို ရေးပါတယ်..။
တိုက်ပွဲတိုင်းမှာ အားကြီးသူက အစဉ်နိုင်စတမ်းဆိုရင် အမှန်တရားမြတ်နိုးသူတွေ အစဉ်ဒူးထောက် နေရတော့မှာပေါ့..။ လွတ်လပ်မျှတတဲ့ မြန်မာ့လူ့ဘောင်တခု ထူထောင်ဖို့ ကျွန်မတို့ ဝိုင်းဝန်းလုပ်ဆောင်ကြစို့ ..။
မဗေဒါ
၀၉.၁၁.၂၀၁၀
အောက်ပိုဒ်
1 ဦး၏ဆွေးနွေးချက်:
အစ်မရေ
စိတ်မဆိုးနဲ့နော်။ ဗိုလ်နှုတ်ခမ်းမွေးတို့ မြ၀တီကို သိမ်းတယ်ဆိုလဲ ခနပဲရမယ်နဲ့တူတယ်။ နအဖက ဒီလောက်အင်အားများတာ။ သူတို့တောင့်ခံနိုင်မှာမဟုတ်ဘူးထင်တယ်။ ပြည်သူတွေကလဲ စစ်တပ်ကိုခံချရဲမှာမဟုတ်တော့ အခုတိုက်ပွဲဖြစ်တာ ရက်ပိုင်းလောက်နဲ့ပဲ ပြီးသွားမယ်လို့ ထင်မိတယ်။ ဒါနဲ့ ကျွန်မတို့အသိတွေလမ်းထဲမှာဆို တအိမ်မှမဲသွားမထည့်ကြဘူး၊ ထည့်တဲ့သူရှိလဲ အားလုံးက NDF ပဲထည့်ခဲ့တယ်လို့ တိုးတိုးတိတ်တိတ်ပြောကြတယ်။ အဆုံးသတ်မှာတော့ ကြိုတင်မဲနဲ့ ကြံ့ဖွံ့နိုင်သွားရော။ ခုန NDF ထည့်ခဲ့တဲ့သူတွေလဲ ဘာမှမမေးရဲကြဘူးတဲ့။ မေးလိုက်မှ ကိုယ်ထည့်တာသိသွားပြီး ပြသနာဖြစ်မှာစိုးလို့တဲ့။ ဗမာပြည်မှာ အဲလိုရှိတယ်အစ်မရေ။ လူတိုင်းက အကြောက်တရားနဲ့နေသားကျနေကြပြီး ဘာမှကို ပြန်မပြောရဲကြဘူး။ ကိုယ့်ထမင်းနပ်မှန်အောင်ပဲ စိတ်ဝင်စားကြတော့ ဘယ်သူကမှလဲ စပြီးအစိုးရကို တော်လှန်ဖို့ မဦးဆောင်ရဲဘူး။ ဦးဆောင်လဲ နောက်က မလိုက်ကြတော့ ဦးဆောင်တဲ့သူတွေပဲ ထောင်ထဲရောက်ကုန်ရော။ တတိုင်းပြည်လုံး အုံကြွဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်တော့ဘူးလို့ ထင်ပါတယ်။ ( ပို့စ်နဲ့မဆိုင်ပဲ ကိုယ်ရေးချင်ရေးလိုက်တာ အစ်မဖတ်ပြီးရင် ဖျက်လိုက်လို့ ရပါတယ်။ ကျေးဇူး)
Post a Comment