ကမ္ဘာမကျေဘူး…. ဒီစာသား ဒီသီချင်းက ဟိုး လူမှန်းသိတက်စကတည်းက ကြားခဲ့ ဆိုခဲ့ရတာ..။ ကျွန်မတို့ မြန်မာ ကလေးတိုင်း နည်းပါး ယဉ်ပါးခဲ့တာပဲ..။ သီချင်းဆိုရင်လည်း တိုင်းပြည် ချစ်စိတ်..က အလိုလို ဝင်လာတယ်..။ ကိုယ့်မြေ ကိုယ်အမျိုးကို ထိရင် ခေါင်းငုံ့မခံတဲ့ စိတ်တွေ သွင်းပေးတယ်..။ သိပ်ကောင်းတယ်လို့ ထင်တာပဲ..။ ငယ်စဉ်က ကိုယ့်လူမျိုးအတွက် ရည်ရွယ် ဆိုခဲ့ရပေမယ့် ကြီးလာတော့ ပုံစံ ပြောင်းသွားတယ် ထင်တာပဲ.. ကလေး ဘဝ စဉ်းစားချက်တွေ ပြောင်းလာတော့ ကိုယ့်လူမျိုးကို စော်ကားမဲ့ ဘေးရန်သူ ဆိုတာထက် ကျောင်းသားဆိုတဲ့ လူ တစု ကို ထိရင် မခံဘူး ဆိုတဲ့ ဘက် စိတ်တိမ်းညွတ်သွားတယ်..။ ကျောင်းသားလို့ ဆိုလိုက်ရင် ကျွန်မ ရင်ဆိုင်ခဲ့ရတာတွေ ကို အမှတ်ယတယ်..။ အထက်တန်း ရောက်တဲ့အချိန်မှာ (၈၈) ရယ်လို့ ဖြစ်ခဲ့တာ.။ အဲဒီမှာ ဆိုနေကျ နိုင်ငံတော် သီချင်းကို မဆိုပဲ.. တခြား စာသားတွေ ထည့်ဆိုတယ်..။ ဘယ်က ဘယ်သူ ထည့်ပေးလိုက်တာလည်းတော့ မသိဘူး.. ဆိုတော့ လိုက်ဆိုတာပဲ.. ဆရာတွေ မျက်လုံးပြူးတယ်.. မြို့နယ်ကောင်စီတွေ လန့်ကုန်တယ်..။ အဖမ်းခံရတုန်းက စစ်ကြောရေး ထုံးစံ စကားပြောရရင်တော့ ကွန်မြူနစ်လက်ချက်ပဲ.. ဘယ်သူ့လက်ချက်ပဲဖြစ်ဖြစ်.. သီချင်းတွေကို ခုံမင်ခဲ့တာ အမှန်ပါ..။
မှတ်မိသလောက် အဲဒီသီချင်း ကျောင်းတက်ရင် ပေးမဆိုတော့ဘူးထင်တယ်..။ ဒါပေမယ့် လူတော်တွေ ရှိတဲ့ မြန်မာပြည်သားများ စစ်သီချင်းတွေကို ဒီမို အသွင်ပြောင်းပြီး မဆလကိုဖြုတ်တဲ့ သီချင်းတွေ အဖြစ် စပ်ခဲ့ကြတာလည်း မှတ်မိတယ်..။ အဲဒီထဲမှာ ကိုနိုင်မြန်မာ ရေးစပ်ပေးလိုက်တဲ့ ``ကမ္ဘာမကျေဘူး` `ကတော့ ယနေ့အထိ လူကြိုက်များဆဲ သီချင်းပါပဲ..။ အဲ ဒီသီချင်းကို ကျောင်းသား တပ်မတော်က နေ ပြန်ဆို ထားတာကတော့ တပိုဒ် အပို ထပ်ပါပါတယ်..။ ဒီ သီချင်း ဆိုခဲ့ရတာလည်း နှစ်ပေါင်း မနည်းတော့ဘူး.. မှတ်မှတ်ရရ နော်ဝေးရောက်ပြီး ၂၀၀၇ ခုနှစ် အထိ ပဲ..။ ဆိုတဲ့ အချိန်မှာ အမြဲတမ်း ကြက်သီး ဖြန်းဖြန်းထတာပဲ..။ ဘယ်တော့မှ မရိုးနိုင်သလို .. အပြစ်မဲ့စွာ ပစ်သတ်ခံခဲ့ရတဲ့ ကျောင်းသားလေးတွေ.. အများကြီးကို စိတ်ထဲမှာ မြင်ယောင်တယ်.. နောက် အခုချိန်ထိ ဖွဲ့စည်းအုပ်ချုပ်ပုံမရှိ.. စစ်တပ် သည်သာ တိုင်းပြည် အုပ်ချုပ် မင်းလုပ်ရတဲ့ လူတန်းစားရယ်လို့ ယူဆနေသူတွေကိုလည်း နားမလည်နိုင်ဘူး..။
ဘာကြောင့်များ ကိုယ့်အလုပ်ကိုယ် မလုပ်ချင်ပဲ စာရေးဆရာ ကို ( သန်းဝင်းလှိုင် ) စကားနဲ့ ပြောရရင် (တီကောင်ကို ပျားရည်ဖွဲ့ခိုင်း ) နေတာလည်း မသိ ဆိုတာ စဉ်းစားတိုင်း ဒေါသဖြစ်တာပဲ..။ ဘယ်သူနဲ့ယှဉ်ယှဉ် ဆင်းရဲနေတဲ့ ပြည်သားအများစု အတွက် ကမ္ဘာမကြေ ဖြစ်ရတော့တာတွေ တခါတလေ ပိုတိုးလာတယ်..။ မသိ တဲ့.. အပိတ်လှောင်ခံထားရတဲ့ ပြည်သူတွေကို ပြည်သူချစ်တဲ့ အနုပညာရှင်တွေနဲ့ အမျိုးမျိုး သမိုင်းကို ညှိုးနွမ်းအောင် ရုပ်ရှင်တွေ ဖန်တီးပြီး သမိုင်းတွေကို ပြောင်းပြန်.. ဒါမှမဟုတ်လည်း လွဲမှားစွာ ရည်ရွယ်ကြံဆောင် နေကြတာပဲ..။ ဒါနဲ့ပဲ ကမ္ဘာမကျေဘူး ဇာတ်လမ်း ပြီးမယ် ထင်နေတာလည်း ဖြစ်နိုင်တာပဲ..။ တကယ်တော့ ဒီဇာတ်လမ်းဟာ မပြီးဆုံးသေးဘူး.. ကိုယ် က ခိုင်းချင်သလို အနုပညာသမား တွေကို အသုံးချပြီးလုပ်လို့ မရဘူးဆိုတာ အာဏာရှင် တွေ မသိချင်ဟန် ဆောင် နေကြတာပဲ..။ သူတို့ပြောတာတွေကို ထမင်းစားနေတဲ့ လူထု က အကုန်ယုံမှာတဲ့လား..။
ပြောမယ်ဆိုရင် မြန်မာပြည်သူတွေ အတွက်.. ၆၂ မှာ ကျောင်းသား များရဲ့ အာခံတွန်းလှန်မှု.. ၇၄ ( ဦးသန့် .. ကျောင်းသား လှုပ်ရှားမှု..)… ၈၈ ခုနှစ် ကျောင်းသား.. ရဟန်း.. အလုပ်သမား.. စစ်တပ် .. ရဲ တွေ ပါဝင် ပတ်သက်ခဲ့တဲ့ လှုပ်ရှား မှု … တွေ… ၉၀ ခုနှစ်မှာ ပြည်သူလူထု အများစုက တပါတီ အာဏာရှင် စနစ် တောက်လောက်ပါပြီရယ်လို့ ဆိုကာ ဒီမိုကရေစီ သမားတွေကို တခဲနက် မဲပေးခဲ့တာတွေဟာ ... ကမ္ဘာမကျေဘူး ကို ယဉ်ကျေးစွာ ပြခဲ့ကြတာ မဟုတ်ပါလား..။ ၂၀၀၇ တုန်းကလည်း အကျဉ်းအကြပ် ထဲရောက်နေတဲ့ ပြည်သူတွေ အတွက် ဘုန်းဘုန်းတွေ ဦးဆောင် လှုပ်ရှားခဲ့တာတွေကလည်း ထိုနည်းလည်းကောင်းဆိုရင် မမှားဘူး ထင်တာပဲ..။
ဒါကြောင့် ကမ္ဘာမကျေဘူးဆိုတာဟာ ဖိနှိပ်ခံရတဲ့ သာမာန် ပြည်သူပြည်သားတိုင်းအတွက် .. တရားဥပဒေမဲ့ စွာ ချည်နှောင် အစီရင်ခံ အနှိပ်စက်ခံခဲ့ (နေ)ရ တဲ့ လူတိုင်းအတွက် .. အိုးအိမ်တွေ စွန့်ပစ်ခဲ့ရ ပြီး မိတကွဲ ဖတကွဲနဲ့ တောတောင်တွေထဲ နှစ်ပေါင်းများစွာ နေထိုင်နေရတဲ့ သွေးရင်းမောင်နှမတွေအတွက် .. ကိုယ့်တိုင်းပြည်ရယ်လို့ ရှိပါရဲ့နဲ့ သူများတိုင်းပြည်ပေါ် ဂယောင်ခြောက်ချား နေ့လားညလား မီးလာရို့မှာ.. ပြောင်းရွေ့ရမှာ.. လာချောင်းပစ်မှာကို စိုးရိမ်နေကြရတဲ့ ဒုက္ခသည် လူသားများအတွက်… အာဏာရှင်တွေ လိုအပ်တဲ့အချိန်ကလွဲရင် ကျန်အချိန်တွေမှာ မညီမျှမှုတွေ… ခြိမ်းခြောက် ရန်လုပ်မှုတွေ ကြောင့် အပစ်ပယ်ခံ.. အနှိပ်ခံ ဖြစ်နေရတဲ့ သာမာန် စစ်သားများစွာအတွက်.. ကမ္ဘာမကျေဘူး ရယ်လို့ ရင်ထဲမှာ အစဉ်တည်ရှိ နေကြလိမ့် မယ်လို့ မှန်းဆရင်း ဖြစ်တည်လာတဲ့ ကျွန်မရဲ့ ဖီလင် ခံစားချက်ကို (၂၂ ) နှစ် ပြည့် (၈ ) လေးလုံး အမှတ်တယ ရေးပါတယ်..။
မဗေဒါ (၈၈)
၀၅.၀၈.၂၀၁၀

8 ဦး၏ဆွေးနွေးချက်:
ဘွားဗေရေ ဘွားဗေရဲ့ဖီလင်လေးကိုလာခံစားသွား ပါတယ်။ ကိုယ်ချင်းစာပေးလို့ပါတယ်ဗျာ။ ကျွန်တော်က တော့အဲဒီသီချင်းလေးကိုအရမ်းကြိုက်တာ။ အိမ်ကဖုန်း Ringtone ထည့်ရင်တောင် အဲဒီသီချင်းသံလေးကို ထည့်ထည့်ထားဖြစ်တယ်။
အော် ဒါနဲ့စကားမစပ် န၀ရတ်ကိုးသွယ်က မသန့်ရှင်းချိန် မှာဝတ်မိရင် ခိုက်တယ်ပါတယ် ဘွားဗေရေ။ ကျန်းမာရေးမကောင်းတဲ့သူဆိုပိုဆိုး။ စီးပွားရေးမကောင်းသူဆိုပိုကျ။ ဒါပေမယ့် ဘုန်းရှင်ကံရှင်တွေဝတ်ရင်တော့ ကျက်သရေ ကောင်းကျိုးမင်္ဂလာကို ပိုတိုးစေပါတယ်ဗျာ။ ဘွားဗေကျေနပ်နိုင်ပါစေ။
ခင်မင်လျှက်
ကိုကိုးအိမ်
ဗေဗုံတီးဗုံထီ ဗေထီ ဗေထီ ထီထီ အဲဒါဘာဆိုင်းလဲသိလား
လာဖက်သွားတယ် ၊ ဆွေးနွေးတော့ပါဘူး ၊ နှစ်ပတ်လည်
နီးပြီးဆိုတော့သိပ်မပို့နဲ့ပေါ့။။။
(ကိုယ့်လူမျိုးကို စော်ကားမဲ့ ဘေးရန်သူ ဆိုတာထက် ကျောင်းသားဆိုတဲ့ လူ တစု ကို ထိရင် မခံဘူး ဆိုတဲ့ ဘက် စိတ်တိမ်းညွတ်သွားတယ်..။)
ဒီဘလော့ရဲ့ တင်ပြမှုအယူအဆတချို့ကို တကယ်နှစ်သက်ပါတယ်။ ဒီမိုသမားတွေ မတို့မထိရဲတဲ့ ကိစ္စတွေကို တင်ပြရဲတယ်။ ဆန့်ကျင်ဖက်အမြင်တွေကိုလည်း ဆင်ဆာမဖြတ်ပဲ ခွင့်ပြုရဲတယ်။ အခုလိုအလုပ်ရှုပ်နေတဲ့အချိန်မှာတောင် ဒီဘလော့ကို လာဖြစ်အောင်လာခဲ့တာပါ။ အစွဲတွေကြီးတာနဲ့ ပတ်သက်ပြီး ထပ်ဆင့် ဆွေးနွေးချင်ပါတယ်။ ခွင့်ပြုပါ။
ကျောင်းသားတွေက ကျောင်းသားကိုထိရင် တခြားမြန်မာတွေကို ထိတာထက် ပိုပြီး နာကြီးကြတယ်။ ကျောင်းသားခေါင်းဆောင်တွေပြောတဲ့ စကားကိုပိုပြီး အလေးထားတယ်ဆိုတဲ့ အပြုအမူတွေကို မြင်တွေ့နေရတယ်။ ဘယ်လောက်အစွဲကြီးလဲဆိုရင် . . တချို့ဆိုရင် မြေးတောင်ရနေပါပြီဗျာ။ အဲဒါကို ကျောင်းသားဆိုပြီးအမည်ခံတုံး။ အဲလောက်အထိ အစွဲအလန်းကြီးတာ။ မန္တာလေးမှာလဲ သံဃာတော်တွေက တခြားလူတွေအပေါ်မတရားလုပ်တာထက် သံဃာတော်ကို ထိရင်ပိုနာတယ်ဆိုတဲ့ စိတ်ထားတွေရှိပါတယ်။ ဒါပဲလားဆိုတော့ . . . မဟုတ်ပါဘူး။ ကရင်စွဲ၊ ရှမ်းစွဲ၊ ၊ ရခိုင်စွဲ၊ စတဲ့ တိုင်းရင်းသား မျက်ကန်းချစ်စိတ်ကို အခြေခံတဲ့ အဖွဲ့တွေအများကြီး မြင်တွေ့နေရပါတယ်။ ကရင်အဖွဲ့တွေက ကရင်ကိုထိမှ မတရားမလုပ်နဲ့ဆိုပြီး ကန့်ကွက်ပါတယ်။ ရခိုင်အဖွဲ့က ရခိုင်တိုင်းရင်းသား အကျိုးပဲကြည့်ပါတယ်။ ရှမ်းအဖွဲ့တွေကလဲ အတူတူပါပဲ။
အဲလိုအစွဲကြီးတဲ့လူတွေမှာ. . . နအဖ မကောင်းတာလုပ်ရင် အပြစ်ပြောပြီး. . . ကိုယ့်လူတွေ မတရားတာတွေလုပ်ရင် မသိဟန်ဆောင်မယ်ဆိုတဲ့ ဘက်လိုက်တဲ့ စိတ်ထားတွေရှိနေပါတယ်။ နအဖက ကျောင်းသားတွေပေါ် မတရားလုပ်ရင်ဒေါသထွက်ပါတယ်။ ဒါပေမယ့် ကျောင်းသားအချင်းချင်း မတရားလုပ်နေတာတွေကိုတော့ . . . . ကျောင်းသားတွေက မသိဟန်ဆောင်ကြပါတယ်။ ကရင်တွေက စစ်တပ်မတရားလုပ်တာတွေကို ဒေါသထွက်ပေမယ့် KNU မတရားလုပ်တာတွေကိုတော့ မသိဟန်ဆောင်ကြပါတယ်။ ခင်ဗျားတို့မှာရှိတဲ့ စိတ်ထားမျိုး နအဖလူတွေမှာရှိရင် ကျေနပ်ကြမလား?
မဗေဒါပြောသလိုပဲ…တကယ်ဆိုရင် မြန်မာကိုထိရင် တိုင်းရင်းသားမခွဲခြားပဲ၊ ဘာသာမခွဲခြားပဲ နာတတ်ရမှာပါ။ နအဖ၊ ဒီမို၊ ရှမ်း၊ ကရင်၊ KNU၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန် ဆိုတဲ့ တံဆိပ်တွေက အရေးမကြီးပါဘူး။ မတရားလုပ်နေရင် ကျောသားရင်သားမခွဲခြားပဲ ဆန့်ကျင်ရမှာပါ။ ဒါပေမယ့် ကျုပ်တို့မြန်မာ့လူ့ဘောင်ကြီးထဲမှာ မျှတတဲ့စိတ်ထားရှိသူတွေ လုံးဝမရှိဘူး။ ကျုပ်တို့ လူ့ဘောင်ထဲက ပေါက်ဖွားလာတဲ့ စစ်ဗိုလ်တွေက ဗိုလ်ချုပ်တွေ မတရားလုပ်နေတာကို ကန့်ကွက်မလား ? စစ်သားအချင်းချင်းဆိုတဲ့ စိတ်ထားနဲ့ ထောက်ခံမလား? စဉ်းစားပေါ့ဗျာ။ တွေးကြည့်ရင် တရားခံအစစ်ဟာ ဘယ်သူလဲဆိုတာ မြင်တွေ့လာမယ်။ အဲလိုပြောလို့ နအဖလုပ်ရပ်ကို ထောက်ခံတယ်ဆိုတဲ့ အမြင်မျိုးကို မမြင်ကြပါနဲ့။ ကျုပ်တို့ရဲ့ မြန်မာ့ လူ့ဘောင်ကြီးရဲ့ စိတ်ထားတွေကို ပြုပြင်ဖို့ အဓိကလိုအပ်တယ်ဆိုတာကို ပြောချင်တာပါ။
ကျနော် ဒီမိုဝါဒကို လုံးဝကို မယုံကြည်ပါဘူး။ ဒါပေမယ့် ဒီမိုကရေစီရမှ တိုင်းပြည်တိုးတက်လာမယ်ဆိုတဲ့ အမြင်နဲ့ .. ဒီမိုကရေစီရရှိအောင်လုပ်နေတဲ့ . . တိုင်းပြည်အပေါ်ထားတဲ့ စိတ်စေတနာတွေရှိနေတဲ့ . . . တာဝန်သိတဲ့ မျိုးချစ်မြန်မာတွေကိုတော့ လေးစားပါတယ်။ အမြင်မတူပေမယ့် အလေးပြုပါတယ်။ ၈၈၈၈ မှာ ကျဆုံးသွားသူများ ကောင်းရာသုဂတိလားပါစေ။ တိုင်းပြည်အတွက် ပြည်တွင်း/ပြည်ပ/နယ်စပ် စသည့် နေရာမျိုးစုံမှ နည်းမျိုးစုံနဲ့ တိုက်ပွဲဝင်သူများ၏ တိုင်းပြည်အပေါ် ထားသည့်စေတနာကို အလေးပြုပါတယ်။ တိုင်းပြည်အတွက်လုပ်နေတဲ့ မငယ်နိုင်နဲ့ မဗေဒါတို့ကိုလည်း အလေးပြုပါတယ်။ (ဘာမှမကူညီပဲ.. ဘေးကနေ လက်ပိုက်ကြည့်ပြီး.. အတင်းပြော..အပြစ်တင် .. ဝေဖန်နေတဲ့ သူတွေကိုတော့ လုံးဝ အလေးမပြုပါဘူး။ စောင့်ပဲကန်ချင်တယ်)
ကလိမ်ကကျစ်ဗိုလ်ချုပ်များကို ဓမ္မအားဖြင့်သာ တိုက်ထုတ်နိုင်မည်ဟု ယုံကြည်တဲ့
မြင့်မြတ်သည့်မဟာမြန်မာဝါဒီသခင်ကြီး Mr. ★ဆရာဇော်မျိုး★
ကမ္ဘာမကြေဘူး မဗေဒါ ရေ
ခင်မင်တဲ့
ရွှေစင်ဦး
ခုချိန်ထိကမ္ဘာမကြေဘူးသီချင်းသံကြားရင်.
ကြက်သီးတဖြန်းဖြန်းထတုန်းပဲ..။
ဟိုး..အတိတ်ဆီပြန်ရောက်သွားတယ်မဗေဒါ..
ခင်မင်စွာ
သဒ္ဓါလှိုင်း
ကမ္ဘာမကြေဘူးလို့ရေးတဲ့
မဗေဒါရေ
ကျွန်မလည်း ကမ္ဘာမကြေဘူး ပါပဲ။
Post a Comment