Wednesday, August 4, 2010

ဖထီး အတွက် ပို့စ်တပုဒ်


`ဖထီး` ဆိုတာက ကရင်စကား.. ဗမာလိုတော့ အဖေ လို့ ယူဆရပါတယ်..။ ကျွန်မနေတဲ့ မြို့ကလေးမှာ ဖထီး ခေါ် ထူးဂျယ်ရီ ဆိုတဲ့ ကရင်ကြီးတယောက်နဲ့ ခင်မင်ခဲ့ပါတယ်..။ သူက ဗမာစကားကို ကောင်းကောင်း ပြောတက်သလို မြန်မာပြည်မှာတုန်းက ကျောင်းဆရာပါ..။ မဆလ ခေတ်မှာ အခွင့်အရေးကောင်းတွေနဲ့ ကြုံဆုံခဲ့ဖူးသလို တော်လှန်ရေးထဲမှာလည်း သူ နိုင်ရာတာဝန်ထမ်းဖူးခဲ့ပါတယ်..။ သူလုပ်ခဲ့ဖူးတာတွေက စပ်စုတက်တဲ့ ကျွန်မကြောင့် သိခွင့်ရခဲ့တာပါ.. ကျွန်မ ဘာသာစကားကျောင်းတက်လို့ ပြီးခါနီးမှာ သူက စတက်တာဆိုတော့ စကားသင်တာ နောက်ကျခဲ့ပါတယ်..။ သူတို့ မိသားစုလေးက အိမ်နဲ့ မဝေးလှတော့ အိမ်မှာ အဝင်အထွက် ရှိခဲ့ပါတယ်..။ လိုတဲ့ အကူအညီအတွက် နိုင်တာလုပ်ပေးရင်း ရင်းနှီးခဲ့ကြတာပေါ့..။

သူ့အိမ်ကလေးကိုလည်း ရံဖန်ရံခါ သွားလည်ရင်း ကျွန်မတို့ကြားမှာ အခင်အမင် ရှိခဲ့ကြပါတယ်..။ သူ ဒီရောက်ပြီး သိပ်မကြာခင် လူကြီး တို့ထုံးစံအတိုင်း ဆေးရုံဆေးခန်း သွားနေရာကနေ တနေ့ `အသဲ` မှာ ပိုးရှိနေတယ်ဆိုတာကို သိခဲ့ရတယ်..။ ဆရာဝန် ပြောတာကလည်း အသည်းကို အစားထိုး မလဲခဲ့ရင် (၃ ) နှစ်ပဲ ခံမယ်လို့ ဆိုပါတယ်..။ ဒါနဲ့ လူ့သဘာဝ အသက်ရှည်ချင်တဲ့ စိတ်ကြောင့် လဲမယ်ရယ်လို့ သဘောတူထားခဲ့ပါတယ်..။ ဒီကိစ္စတွေက သူကိုယ်တိုင် ဆရာဝန်နဲ့ ပြောတာ မဟုတ်ပါဘူး..။ ဘာသာပြန် တွေကနေ တဆင့် ပြောခြင်းပါ.. ဘာသာပြန်ကလည်း တခါနဲ့တခါ မတူပဲ ရှိတော့ အသဲမှာ ပိုးရှိလို့ လဲရမယ် ဆိုတာနဲ့ ပိုးမရှိပဲ လဲပြီးမှ အစားထိုးတဲ့ အသဲ က ပါလာတဲ့ ကင်ဆာပိုး ရယ်ကြောင့် ဆိုပြီး အပြောက ၂ မျိုးဖြစ်နေပါတယ်.. အရင်း စစ်လိုက်တော့ ဖြစ်နိုင်တာက ၃ နှစ်ပဲ ခံမဲ့သူကို ကြာကြာခံအောင် အစားထိုးမှာဆိုတော့ အစားထိုးပြီးခဲ့ရင် ဘာပဲပြောပြော ၃ နှစ်ထက် ပိုခံရမှာက အသေအချာပဲလို့ ကျွန်မယူဆပါတယ်..။ ဖထီးကလည်း ကျွန်မယူဆသလို တောက်လျှောက် ယူဆခဲ့ပါတယ်..။ ဒါကြောင့် ပိုးက အသစ်လဲတဲ့ အသဲ က ပါလာတယ်ပဲ ဖြစ်နိုင်ပါတယ်..။

ကံကောင်းလား ဆိုးလား မသိပါဘူး.. ဖထီးတယောက် ဆရာဝန်ဆီကနေ အသဲ လဲဖို့ ပြောပြီး ၃ .. ၄ လလောက်ပဲ စောင့်ပြီး အသဲ အသစ် အစားထိုးပေးခြင်း ခံခဲ့ရပါတယ်..။ အစားထိုးပြီး ၇ လလောက်ထိလည်း ထူထူထောင်ထောင်နဲ့ စက်ဘီးစီး ဓါတ်ပုံတွေ လျှောက်ရိုက်နဲ့ လမ်းသလား နိုင်တုန်းပါပဲ..။ အဲဒီနောက်ပိုင်းတော့ အသားတွေ ဝါလိုက်လာပြီး မျက်စိ တစုံလုံးလည်း ဝါထိန်နေတဲ့ အဆင့်ကို တွေ့ရတော့တာပါပဲ..။ အသဲ မလဲခဲ့ရင် ၃ နှစ်ပဲ ခံမယ်လို့ ပြောထားတဲ့ ဖထီးဟာ နောက်ပိုင်း ဆရာဝန်ပြောလို့ သိရတာက သူ သိပ်မခံတော့ဘူး ဆိုတာပါပဲ..။ လူသားဖထီး တယောက် အင်မတန် စိတ်တိုပြီး အကြီးအကျယ် ဆရာဝန်နဲ့ စကားများပါတယ်..။ သူတို့ကိုလည်း ကလန်ကဆန် ပြန်ပြောတဲ့အထိ လုပ်ခဲ့ပါတယ်.. နောက်ဆုံး သူပြောတာက `နင်တို့လည်း ဆရာဝန်ဖြစ်ပေမဲ့ ငါထက်တောင် အရင်သေနိုင်ပါသေးတယ်.. ငါမှ မဟုတ်ဘူး.. နောက် ငါ ဘုရားသခင်ကို ယုံတယ်လို့ ` စိတ်ထင်ရာတွေ လျှောက်ပြောတဲ့အထိ ဖြစ်ခဲ့ပါတယ်..။ ကျွန်မတို့လည်း ဖထီးအဖြစ်ကို မယုံနိုင်သလို စိတ်လည်းမကောင်းပါ.. သူ သေရတော့မယ်ပေါ့..။ တခါတလေပဲ မိသားစုကို အားပေးရင်း တိုးတိုးတိတ်တိတ် ဖထီးနဲ့ စကားတွေ ဟိုရောက်ဒီရောက် ပြောဖြစ်ခဲ့တယ်..။ ဖထီးက ဂစ်တာတီးတက်တယ်.. သီချင်းလည်း ဆိုတက်တယ်.. သူရောက်ကာစက ယဉ်ကျေးမှု ပေါင်းစုံပြပွဲကို မရမက လာရမယ်လို့ ခေါ်တော့လည်း သူ တီးမယ်ဆိုပြီး ရောက်လာတယ်.. တီးတော့ မတီးဖြစ်ဘူး.. ဒါပေမယ့် သူ့အိမ်မှာ သူတီးတယ်.. သူ့ဇနီး (အနော် .. အမ) ကလည်း ဆိုတက်တယ်..။ အနော်က မြန်မာလို ကောင်းကောင်း မတက်ပေမဲ့ စာသင်ဖူးတော့ နားလည်တယ်..။ အခုတော့လည်း သူနဲ့ နော်ဝေးလို လွတ်လိုက် မြန်မာလို လွတ်လိုက်လုပ်တာပါပဲ..။

နောက်ပိုင်း ဖထီးအိမ်ကို သွားတော့ ကိုယ်ကတော့ သူ စကားပြောနိုင်ပါ့မလားဆိုပြီး ထိုင်ရုံ သက်သက်ပဲ.. သူကတော့ ပြောလိုက်တဲ့စကား.. ကရားရေသွန်ပါပဲ..။ လူကြီးဆိုတော့ ပြောစရာတွေရှိနေမှာပဲ.. အထူးသဖြင့် တော့အခုလို ခံစားနေရတဲ့အချိန်ပေါ့..။ သူပြောတာကိုနားထောင်ရင်း သူ့ကို လည်း အားပေးစကား ပြောရပါသေးတယ်..။ တကယ်တော့ ဖထီးဟာ ဆရာဝန်တွေကို တချိန်လုံး မကျေနပ်ပဲ ရှိခဲ့တာပါ..။ အိမ်မှာလည်း သူ့မိန်းမက နိုင်သလောက် ပြုစုပေးရင်း နောက်ဆုံးရက်တွေကို စောင့်နေခဲ့ကြတာပါ..။ ဖထီးဟာ တခါတရံ သတိ မရတချက် ရ တချက် ဖြစ်နေပြီး လဲကြတဲ့အဆင့်ပါ ရောက်ခဲ့ပါတယ်..။ ဒါပေမယ့် သူက ဆေးရုံကို မသွားချင်ဘူး.. ဆေးရုံကလည်း သေမဲ့လူဆိုရင် ပုံမှန်လောက်ဆို လက်မခံဘူး..(လက်ခံတဲ့နေရာ သီးသန့်ရှိတယ် အိမ်နဲ့ဝေးတော့ဖထီး မနေချင်ဘူး..) အိမ်မှာပဲ လိုအပ်သလို ကုစေတာပဲ..။ မိန်းမကလည်း အလုပ်ကတဖက်ဆိုတော့ အချိန်ပြည့် မလုပ်ပေးနိုင်ဘူး.. မပြုစုတက်ဘူးလေ..။ အနော် ကအရမ်း စိတ်ပူတယ်.. သူ မျက်ကွယ် မှာ တခုခု ဖြစ်သွားမှာကို..။ ဒါပေမယ့် ဖထီးရဲ့ ဆန္ဒလေးတခုက သူ မျက်ကွယ်ပြုသွားရင် သူ့နားမှာ သူချစ်တဲ့ အနော်ကို ရှိစေချင်တာပဲ..။ဒါကြောင့် သူဘယ်ကိုမှ သွားမနေချင်ဘူး..။ ဒါကြောင့် နေသင့်တဲ့နေရာမှာ သွားနေရာမှာကို မနေဘူးရယ်လို့ ဂရုဏာ အပြစ်တင်မိတဲ့ ကျွန်မ စိတ်ထိခိုက်ရပါတယ်..။ သူချစ်တဲ့သူနားမှာပဲ ဘဝကူးချင်တယ်လို့ နားလည်ပေးရပါတယ်..။ ပြောမယ်ဆိုရင် တနေ့ သတိမေ့ပြီး လဲကို ကျသွားတာ မျက်စိရှေ့တင်မှာပဲ.. ပိုးလိုးပက်လန်လန်ရော..ခေါ်လို့လည်းမရတော့ဘူး.. ။ ကျွန်မယောကျာ်းက သူ့ကို ဖြေးဖြေးလေး ပွေ့ဖက်ပြီး အိပ်ယာထဲ ခေါ်သွားပေးရတယ်.. ကျွန်မတို့နဲ့အတူ ရှိနေတဲ့ ကျောင်းဆရာမလည်း မျက်နှာမကောင်း ကျွန်မလည်း စိတ်ထိခိုက်.. အနော်လည်း ခံစားချက်တွေ အပြည့်နဲ့.. ရင်ထဲမှာစို့နေတာ မြင်တာနဲ့သိတယ်..။ ကျွန်မယောက်ျားက စိတ်ရှည်ရှည်ထား..အချိန်ထပ်ယူပြီး ဖထီးကို ဆေးရုံမှာ သွားဖို့ အထပ်ထပ် နားလည်အောင် ပြောတော့ သူ မနက်ဖြန်သွားမယ်ဆိုပြီး သဘောတူလိုက်တယ်..။ ဆရာမလည်းပျော် အနော်လည်းပျော်သွားခဲ့တယ်.. တကယ် သူဆေးရုံသွားနေမယ်ပေါ့..။ အဲလောက် ဖြစ်နေရင်တော့လည်း ဆေးရုံကို မဖြစ်မနေ လိုအပ်တာဆိုတော့ ဆေးရုံကလက်ခံပါတယ်..။ သူ ဆေးရုံ တကယ်သွားတက်တော့ နဲနဲသက်သာသလိုဖြစ်ပြီး အနော်ကို အားမနာပဲ အိမ်မှာ ထမင်း အတင်းလာစားခိုင်းရတယ်..။ ဖထီးအတွက်လည်း ဝက်မြီး တွေ ပြုတ်ပေးတော့ သူကြိုက်လွန်းလို့ ကရင်သဲဝဲဝဲ နဲ့ `ဟဲ့ အေးခိုင်ရယ် ..ငါစားကောင်းလိုက်တာဟယ် ကျေးဇူးတင်တယ်` ဆိုပြီး ထပ်ခါ ပြောနေလို့ ကျွန်မက `ပြောမနေနဲ့ ဖထီးရေ.. အကူအညီ လိုရင်ပြော.. နိုင်သလောက် လုပ်ပေးမယ်.. ဖုန်းလည်း ထပ်မခေါ်နေနဲ့.. ပိုက်ဆံကုန်တယ်`လို့ ပြောခဲ့တာ ကျွန်မနဲ့ သူနဲ့ကြား နောက်ဆုံးစကားပါပဲ..။ ဒီလိုနဲ့ ဖထီး နဲနဲသက်သာပြီး အိမ်ပြန်ဆင်းသွားခဲ့ပြန်တယ်..။ ကျွန်မလည်း သူ့အိမ်ကို မရောက်ဖြစ်ဘူး.. ။

တနေ့ ကျွန်မ အလုပ် လုပ်နေတုန်း ဖထီးတို့နဲ့ ခင်တဲ့ အနော် ဖုန်းခေါ်လာတယ်.. `အေးခိုင်ရေ နင်ဖထီးကို အသက်ရှင်လျှက် တွေ့ရတော့မှာ မဟုတ်ဘူး.. လာခဲ့ပါအုံး ဆေးရုံ နံပါတ် ( ) မှာ `လို့ပြောတာနဲ့ အလုပ်ပြီးတာနဲ့ အပြေးသွားခဲ့ပါတယ်..။ ဟုတ်ပါတယ် ဖထီး အသက်ကို ပိုက်တွေ အကူအညီနဲ့ (စက်) တပ်ပေးထား ရပါတယ်..။ အဲဒီမနက်က ခေါင်းနဲ့ပြုတ်ကျ ရိုက်မိထားတော့ ဦးနှောက်သွေးကြော ပြတ်ကုန်တယ်လို့ ဆရာဝန်စကားကို အနော်တို့က ပြောပြတယ်..။ ပါးစပ်ကတော့ ပွင့်လျှက်နဲ့ ရူးရူးပဲ မြည်နေပြီး ကျန်တာကတော့ ဘာဆေးမှ မချိတ်ပေးတော့ပါဘူး..။ သူ့ရဲ့ နောက်ဆုံး အချိန်ပါပဲ.. ဖထီးက ခရစ် ယာန်ဆိုတော့ သက်ဆိုင်ရာ နော်ဝေး ဘာသာရေးအသင်း က လာ ရွတ်ဖတ်ပေးတယ်.. ကျွန်မလည်း သန်းကောင်လောက်အထိ အနော်နဲ့ နေပေး .. ရောက်တက်ရာရာ တွေပြောနဲ့..။ ဆေးရုံရောက်ပြီး ၃ ရက်ကြာ ကျွန်မ ရောက်သွားတော့လည်း ဖထီး ခြေထောက်လေးတွေ က လှုပ်လာတော့ သူ မသေသေးဘူးလို့ ထင်နေတာပဲ.. အမှန်ကတော့ သေကာနီး ရုန်းကန်နေတာပဲဖြစ်မယ်..။ သူရုန်းကန်တာကိုကြည့်ရင်း ကျွန်မတို့လည်း ဟိုဆက်ပြော ဒီဆက်ပြောနဲ့ လည်ချောင်းက တဂါတ်ဂါတ် တရူးရူးနဲ့ ၂ ချက် ဆင့်မြည်ရင်း မျက်စိ ရှေ့မှာတင် ညသန်းခေါင်လောက်မှာ ဖထီး နောက်ဆုံး အသက်ထွက်သွားခဲ့ပါတယ်..။

ဆေးရုံမှာလည်း ကျွန်မရယ် အနော် ၂ ယောက်နဲ့ မောင်ကျော် တယောက်ပဲ ရှိပါတယ်..။ သမီး ၂ ယောက်လည်း ရောက်လာရော အော်အော်ငိုတော့ ကျွန်မတို့လည်း မခံနိုင်ပဲ ငိုလိုက်ရတာ ပြောမနေပါနဲ့တော့ ..။ ဖထီးဟာ အသက်ထွက်ခါနီး ၂ ပါတ်လောက်အထိက ဆရာဝန်တွေကို မကျေနပ် မှုတွေ အင်မတန်များခဲ့ပါတယ်.. သူ့ကို သတ်တဲ့ တရားခံတွေ အဖြစ်ပေါ့..။ အိမ်ကယောက်ျားက သူ့ကို ဘာသာရေးအရ နားချပြောပါတယ်.. စိတ်မဆိုးဖို့ရယ်.. စိတ်ကို တည်ငြိမ်အောင်ထားပြီး ဖထီး တကယ်ယုံကြည်နေတဲ့ ဘုရားသခင် က ဖထီးအတွက် ကယ်တင်မယ်လို့ စိတ်ကို ဒုံးဒုံးချဖို့ရယ် ဖြစ်ချိန်တန်လာလို့ဆိုတာရယ်ကို ထပ်ခါထပ်ခါ ပြောပေးခဲ့ပါတယ်..။ ဖထီးဟာလည်း တကယ်ပဲ သူ့ဘုရားသခင်ကို ယုံကြည်စွာ ရှိခဲ့ပါတယ်..။ တကယ်လည်း ဖထီးဟာ့  အေးချမ်း စွာ အသက်ထွက်သွားသလို သူ သေရင် သူ့အနားမှာ မိန်းမရှိရင် မျက်စိပိတ်မယ်လို့ ပြောခဲ့တာဟာ မှန်ခဲ့ပါတယ်.. အနားကနေ တဖွားမှာ မခွာခဲ့တဲ့ အနော်လည်း စိတ်ချမ်းသာခဲ့ရပါတယ်..။ အားလုံး ပြီး ဆုံးသွားခဲ့ပါတယ်..။

ဖထီးရဲ့ အလောင်းသယ်တော့ ပျင်းခြောက်ခြောက်နဲ့ ကျွန်မတို့ လူ ၆ ယောက်လောက်ပဲ ရှိတယ်.. အလောင်းကို သချိုင်္င်းကို အရင်ပို့ထားတယ်.. လူမရှိတော့ သူ့မိန်းမတော့ မသိဘူး ကျွန်မ ရင်ထဲမှာ စို့နေတယ်..။ အော် ကိုယ်ရပ် ကိုယ့်ရွာ မှ မဟုတ်ပဲပေါ့..။ အလောင်းကို တပါတ်လောက် နေပြီးမှ မြေမြှပ်တော့ လူတော်တော်များများ လာကြလို့ နဲနဲ ဖြေသိမ့် နိုင်ပါသေးတယ်..။ ကြေကွဲစရာပါပဲ..။ လူတယောက် မသေသင့်ခင်မှာ အလွဲလွဲ အမှားမှားတွေကြောင့် လောကကြီးကနေ စွန့်ခွာသွားရတယ်..။ ဒါပေမယ့် ဖထီး စကားတခွန်း ပြောဖူးတယ် `ငါသေလည်း အေးခိုင်ရေ မိသားစုအတွက် စိတ်ချပါတယ်.. ဒီမှာ အေးဆေးပဲဟာ ` တဲ့..။ ဖထီးကို သူတို့ဘာသာအတိုင်း အုတ်ဂူလေးမှာ မြေမြှပ်သင်းဂြိုလ်ပေးခဲ့ပါတယ်..။ ဖထီးတို့မိသားစုကို ကူညီပေးတဲ့ မြို့နယ်က လူတွေ.. ကို အင်မတန်မှ ကျေးဇူးထင်ထိုက်ပါတယ်..လို့ အဆုံးသတ်ရင်း ဖထီး ကောင်းရာဘဝကို ရောက်ပါစေလို့ ဆုတောင်းရင်း..။ အခုတော့ သူ့အုတ်ဂူလေးမှာ ပန်းလေးတွေ ဆရာမနဲ့ သမီးလေးက စိုက်ထူထားလေရဲ့..။

( ဒီစာကို ရေးတာ အကြောင်းရှိပါတယ်.. အခုရက်ပိုင်းမှာပဲ ဆေးရုံမှာ သေသွားတဲ့ နော်ဝေးဂျင် မိန်းမကြီးဆီကို သူ သေဆုံးပြီး ၃ ပါတ်လောက်ကြာမှ မိသားစု ဆရာဝန်က နေ ရက်ချိန်းပေးတာကို သတင်းစာမှာ ရေးထားပါတယ်..။ ကိုယ့်လူနာ သေသွားတာတောင် မသိတဲ့ အဖြစ်ပါ.. အင်မတန်မှ ကြေကွဲစရာပါ..။ ဒီမှာ ဆရာဝန် နဲ့ ရက်ချိန်းယူဖို့ ၁ ရက်နေ ၄ ပါတ်လောက် အထိ ကြာတက်တာကိုလည်း သတင်းစာတွေက ဝေဖန်နေပါတယ်..။ ဒီက အမတ်လောင်းကို ရက်ချိန်း ၄ ပါတ် စောင့်ခိုင်းရာကနေ သတင်းတွေမှာ အခုလို ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာတာပါ..။ ဒါကြောင့် ဒီက အားနည်းချက်တွေကို လည်း မြန်မာပြည်သားများသိရအောင် ဝေမျှပေးပါတယ်..။ )

ကောင်းရာ ဘုံကို ရောက်ပါစေ ဖထီးရေ..။


မဗေဒါ (၈၈)
၀၄.၀၈.၂၀၁၀

8 ဦး၏ဆွေးနွေးချက်:

daw nwe said...

လာဖတ်သွားတယ် စိန်အေးခိုင်ရေ ဖတ်ပြီးတော့ ရင်ထဲမှာမောသွားတာပဲ။ ဒီလိုပဲပေါ့နော် အားလုံးပြီးပြည့်စုံတဲ့နေရာ ဘယ်မှာရှိမှာလဲ ဘ၀ဆိုတာလည်း လိုအပ်ချက်တွေ တပုံတပင်နဲ့ချည်းပဲနော် ။ ရှင့်စာတွေကို ခဏ ခဏ လာဖတ်ဖြစ်ပါတယ်။

mabaydar88 said...

ဟဲ့ ဒေါ် ဆိုတာ ဘယ်သူလဲ

နင်ငါ့ကို ဒီလိုခေါ်ပုံထောက်ရင်တော့ ကလေးတပုံကြီးနဲ့ အညာသူမှ မလား..။ အာဇာနည် ကြိုက်တဲ့ တယောက်မလား.။

ငါနင့်ကို သတိယတယ်.. နင် အလုပ်များနေလား.. လာရင်လည်း စာကောင်းကောင်းရေးအေ..။ ကျုပ် လည်း ပျော်ရတာပေါ့ဟယ်..။

စိန်အေးခိုင်

mabaydar88 said...
This comment has been removed by the author.
ဇော်သိင်္ခ said...

မမဗေဒါ ရေ.. ဖထီး အကြောင်းကို စိတ်မကောင်းစွာနဲ့ပဲ ဖတ်သွားပါတယ်..
ဖထီးတစ်ယောက် ကောင်းရာ ဘုံ ရောက်ပါစေလို့လည်း
ဆုတောင်း ပေးလိုက်ပါတယ်ခင်ဗျာ...

ခင်မင်စွာဖြင့်
ဇော်သိင်္ခ

SHWE ZIN U said...

မဗေဒါ ရေ

စိတ်မကောင်းစွာနဲ့ ဖတ်သွားပါတယ် ဟုတ်ပနော် နေရာတိုင်း မှာ အားနဲချက်တွေ ရှိတယ် အခု မြန်မာပြည် မှာတော့ ကိုယ့် ဆရာဝန် နဲ့ကိုယ် ကြိုက်တဲ့ အချိန်တွေ့ လို့ရတယ် အဲလို အကြာကြီးစောင့် နေရရင် ရောဂါ သဲ နေရင် ဘယ်လို လုပ်မလည်း ဗဟုသုတ လေးတွေ ဆက်ရေးပေးပါအုန်း

ခင်မင်တဲ့
ရွှေစင်ဦး

Unknown said...

အမရေ..

စိတ်မကောင်းဖြစ်မိပါတယ်၊၊ လူ့ ဘ၀ဆိုတာဒီလိုပါဘဲ၊၊ တစ်နေ့ နေ့ မှာ ကိုယ်ချစ်ခင်တဲ့သူတွေကို ကိုယ်က အရင်ခွဲရင်ခွဲ၊ ဒါမှမဟုတ် သူတို့ က ကိုယ့်ကို အရင်ခွဲ၊ ဒီလိုဘဲ အဆုံးသတ်သွားရတာပါဘဲလေ....
တရားလဲရမိပါတယ်၊၊ မသေခင် အချိန်လေးအတွင်းမှာ ကောင်းသောတရားတွေသာ လုပ်မိဖို့ အရေးကြီးတယ် ဆိုတာ ပိုသဘောပေါက်လာပါတယ်၊၊ ဒီပို့ စ်ကိုရေးပေး တဲ့အတွက် ကျေးဇူးပါနော်၊၊ အမတို့ သီချင်းလေး တွေလည်း ခံစားနားထောင်ပြီး ညီမတောင် အိမ်မှာ အဆိုတော်ဖြစ်နေတယ်၊၊ ဒါပေမဲ့ ဒီနေ့ ကတော့ ဘုရား၊ တရား ပိုလုပ်ဖြစ်မဲ့နေ့ ပေါ့၊၊

ဖထီးတစ်ယောက် ကောင်းမွန်ရာဘ၀သို့ ရောက်ပါစေ လို့ ဆုတောင်းပေးပါတယ်၊၊

ညို

Unknown said...

အမရေ..

စိတ်မကောင်းဖြစ်မိပါတယ်၊၊ လူ့ ဘ၀ဆိုတာဒီလိုပါဘဲ၊၊ တစ်နေ့ နေ့ မှာ ကိုယ်ချစ်ခင်တဲ့သူတွေကို ကိုယ်က အရင်ခွဲရင်ခွဲ၊ ဒါမှမဟုတ် သူတို့ က ကိုယ့်ကို အရင်ခွဲ၊ ဒီလိုဘဲ အဆုံးသတ်သွားရတာပါဘဲလေ....
တရားလဲရမိပါတယ်၊၊ မသေခင် အချိန်လေးအတွင်းမှာ ကောင်းသောတရားတွေသာ လုပ်မိဖို့ အရေးကြီးတယ် ဆိုတာ ပိုသဘောပေါက်လာပါတယ်၊၊ ဒီပို့ စ်ကိုရေးပေး တဲ့အတွက် ကျေးဇူးပါနော်၊၊ အမတို့ သီချင်းလေး တွေလည်း ခံစားနားထောင်ပြီး ညီမတောင် အိမ်မှာ အဆိုတော်ဖြစ်နေတယ်၊၊ ဒါပေမဲ့ ဒီနေ့ ကတော့ ဘုရား၊ တရား ပိုလုပ်ဖြစ်မဲ့နေ့ ပေါ့၊၊

ဖထီးတစ်ယောက် ကောင်းမွန်ရာဘ၀သို့ ရောက်ပါစေ လို့ ဆုတောင်းပေးပါတယ်၊၊

ညို

daw nwe said...

မဆိုးဘူး ရှင်တော်သားပဲ သတိလည်းရပါတယ် စာလည်းလာဖတ်ဖြစ်ပါတယ် အကုန်ဖတ်ပြီးသလောက်ပါပဲ။ လိုင်းမှာလိုက်လေရင်း ရှင့်ဘလော့ကို ကောက်ရခဲ့တယ်ဆိုပါတော့။ နောက် ဗေဒါတယောက်လည်း တွေ့ သေးသတော့ ဖတ်ရင်းကနေ မဟုတ်ပါဘူး ဒါက တမျိုးဆိုပြီး ဆက်ရှာတော့ တွေ့ တာ။ နောက်တော့ ကောင်းကောင်းရေးပါမယ် ။

ရှင့် သူငယ်ချင်း အညာသူမ