Tuesday, June 1, 2010

ရောက်ပါပြီတဲ့ နယူးဒေလီနဲ့ ကြယ် (၁၀) ပွင့် ဟိုတယ်


အိန္ဒိယ သွားခဲ့တာ မနှစ်က ဒီက နွေရာသီ ( ဇွန်.. ဂျူလိုင်) လမှာပါ..။ ဟိုမှာကလည်း ပူလိုက်တာ အားလုံးအသိ အနဲဆုံး အပူချိန် ၃၀ နဲ့ ၃၈ စင်တီဂရိတ်ကြားတော့ရှိတက်ပါတယ်..။ (အဲဒီအချိန်က အပူလိုင်းက ဖြတ်သွားပသေး..။) ဒီကနေ ဝယ်ထားတာက နယူးဒေလီ လတ်မှတ်ပါ..။ တော်အိလျော်အိ ဟိုတယ်လည်း တခါတည်း ဘွတ်ထားလိုက်လေရဲ့..။ လေယာဉ်ကွင်း စဆင်းလိုက်ကတည်းက ထုံးစံအတိုင်း မြေပြင်အပူ လေပူနဲ့ ထိတွေ့လိုက်တော့ တခါတည်း နွေးကနဲပါပဲ..။ အသားတွေ ဆိုတာ လောင်ပြီးလားတောင် ထင်ရမလောက် ပူလောင်မှု..။ လူ့ငရဲ ပဲ.. ( အပြစ်လုပ်လို့ ကျတဲ့ငရဲဆိုတာ ရှိခဲ့ရင် ဘယ်လောက်တောင် ပူလောင်မလဲမသိ..။ ) ခရီးဆောင် အိတ်တွေကို တခါတည်း ယူသွားပါတယ်..။ ပြီးတော့ ပြည်ဝင်လာတဲ့ ဧည့်သည်များကို စစ်ဆေးတဲ့ ကောင်တာမှာ စောင့်ရပါတယ်..။ အကုန်လုံးလည်း ( H1N1) ရောဂါ ကာကွယ်တဲ့ အနေနဲ့ နာခေါင်းမှာ စည်းထားကြလေရဲ့ ( ရယ်စရာပဲ.. မျက်စိကနေ ရောဂါ မကူးတော့တာ ကြနေတာပဲ..။) ။ မဗေဒါတို့တော့ ဘာမှမစည်းဘူး.. ဖြစ်ချင်တာဖြစ်ပဲ..။ အမှန်ကတော့ ကြောက်လျှက်နဲ့ မစည်းပဲ ထားလိုက်တာ.. ။


တော်သေးတယ် ဘယ်လို အတားအဆီးမှ မလာတော့ဘူး.. အတားအဆီးဆိုတာကို ပထမ ကုလား ဗီဇာ ရဖို့ ဘယ်လောက်ထိ မဗေဒါ စွာခဲ့ သောက ဖြစ်ခဲ့သလဲဆိုတာ အဲဒီပို့စိ ဖတ်ပြီးသူတွေက သိမှာပါ.. ဒါကြောင့် အခုလို ကုလားပြည်ကြီးမှာ အရစ် မခံရပဲ ရှောရူစွာပဲ လေဆိပ်အပြင်ကို ရောက်ခဲ့ တာကို ပျော်ရွင်နေခဲ့ရတာ ပေါ့..။ အပြင်ရောက်တော့လည်း ဟဲ့ ဘယ်လိုဖြစ်တာလည်း စုတ်ပြတ်နေတာပဲ.. ငါနှယ်.. နယူး (New) ဒေလီ ဆိုတာ ဟုတ်ရဲ့လားပေါ့..။ ဘယ်လိုမှလည်း နယူး မဖြစ်ပါလားပေါ့.. ဟိုကြည့်ဒီကြည့်ပေါ့..။ ကြည့်သာကြည့်တာ နဲနဲလန့်တယ်..။ ယောက်ျားရော ကိုယ်ရော အူကြောင်ကြောင်ဖြစ်ပါလေရော..။ အမယ် .. အေတီအမ် စက်တော့ရှိတယ်..။ ယောက်ျားကို အကာအကွယ်ယူပေးထားပြီး ငွေထုတ်တာပေါ့..။

ရူးပီ တွေပေါ့..။ ၂ သောင်း ၃ သောင်းလောက် ထုတ်ပြီး သေချာသိမ်းရတယ်.. ကိုယ့်ကို လူစိမ်းဆိုပြီး လာလုမှာတို့ဘာတို့ ကြောက်လို့..။ ခဏနေတော့ တက္ကစီဌားတဲ့ ကောင်တာမှာ သွားဌားရတယ်..။ အမယ် .. တက္ကစီဆိုတော့လည်း အဟုတ်မှတ်လို့.. မြန်မာပြည်က သုံးဘီးလို ခပ် ပုပု.. ညစ်ညစ် ပတ်ပတ် ကားတစီးရောက်လာပါတယ်..။ အဲဒါ လည်း ဟိုပြေး ဒီပြေးပြီး စောင့်လိုက်ရတယ်..။ ဟိုလူက ဒါမဟုတ်ဘူး နောက်တစီး .. နောက်တယောက်ကလည်း ဒါမဟုတ်ဘူး ဟိုဟာ နဲ့ တောင်ပြေး မြောက်ပြေး..။ တော်သေးတယ် သောင်ပြင်လွတ်တဲ့ ငါးကလေးလို မဖြစ်လို့..။ ဖြစ်လို့ ဘယ်ရမလဲနော် ကိုယ့်မှာ လူသူလေးစားတဲ့ နော်ဝေးနိုင်ငံက အသိအမှတ်ပြု စာအုပ်ကလေးပါလာတာကိုး..။

ဘယ် ကား တက်ရမှန်း မသိဘူး..။ အသက်ကြီးကြီး အဘိုးကြီးတယောက် ခေါင်းခါခါ လည်ခါခါ နဲ့ အထုပ်တွေ ဝိုင်းတင်ပြီး မောင်းတော့တာပဲ..။ ပြောရအုံးမယ်.. သားနဲ့ သမီးက လေယာဉ်ကွင်းမှာ ကတည်းက အိမ်ပြန်မယ်ပဲ ပြောကြတော့တာပဲ.. ပူလို့ ညစ်ပတ်လို့တဲ့.. .။ ပြောလိုက်ရှင်းလိုက် ရတာ မပြောနဲ့တော့..။ စိတ်ညစ်ရသေး..။ အိန္ဒိယ ရောက်ပြီဆိုပြီး စောပလော်တီးလို့လည်း မရပြန်ဘူး.. အဲဒီမှာလည်း ကိုယ်ထိလက်ရောက် လုပ်တာကို လုံးဝခွင့်မပြုဆိုပဲ..။ မလုပ်ပါဘူး.. စိတ်မရှည်တရှည်နဲ့ ပူပူလောင်လောင်ထဲ ရှင်းပြရသေးတယ်..။ ကိုယ်က ကိုယ်သွားမဲ့ ဟိုတယ် ကို အဘိုးကြီးကို လိပ်စာပြလိုက်တယ်..။ အဘိုးကြီးကို မဗေဒါ တို့ က အင်္ဂလိပ်လိုပြော.. မေး.. သူလည်း ပြန်ပြော.. မဗေဒါလည်း ထပ်ပြော.. ပေါ့..။ နောက် သမီးက မေးတယ်.. သူ အမေတို့ပြောတာ နားလည်လို့လားတဲ့..။

အေး ဟုတ်သားပဲ..။ သူပြောတာ ငါနားမလည်ပဲ ဘာလို့ ဆက်ပြောနေတာလဲပေါ့..။ သူက နားလည်မယ်ထင်တာပဲ.. ခေါင်းကတော့ ခါ နေတာပဲ ( ကုလားများက မှန်တယ်ဆိုရင် ခေါင်းခါပါတယ်.. ) ။ ကုလား အဘိုးကြီး မောင်းလိုက်တာ ဆိုတာ တော်တော်လေးကြာတယ်.. နာရီ နဲ့ချီကြာတယ်.. သူကြာတော့ ကျွန်မတို့ မိသားစု (၃) ယောက်လုံး က တယောက်တမျိုးပြော.. သူလည်း ပြောချင်တာပြော။ ကျွန်မတို့ကလည်း ပြောချင်တာပြော.. မတက်တတက် နော်ဝေးစကားလည်း ပါသွားလိုက်သေး.. တယိုင်ယိုင်နဲ့.. (ယိုင်ဆိုတာက နော်ဝေးလို ငါ လို့ ဆိုလိုတာပါ..။) ကျွန်မကလည်း အရယ်သန်တော့ အကုန်လိုက်ရယ်.. သမီးက လူကြီးလို နေတက်တော့ ကျွန်မကို စိတ်တို.. အမေကလည်း ရယ်နေတာပဲ .. ဘယ်ကိုမောင်းနေတာလဲမသိ ဆိုတော့မှ.. ဟုတ်ပေသားပဲပေါ့.. မှောင်နေတာလည်း တူးချစ်နေပါ့..။ ဒါပေမယ့် .. ညပိုင်းဆိုတော့ လေက တိုက်တယ် နဲနဲအေးလာတယ်..။ အဲဒီ နယူးဒေလီ ထဲ လှည့်မောင်း နေတာ အတော်လေး ကြာသလို မှောင်ကလည်း တအားမှောင်လာတော့ ဆက်.. မရယ်နိုင်တော့ဘူး.. နဲနဲတော့ လန့်တာပေါ့..။ တည်းမဲ့ ဟိုတယ်ကလည်း ဒိတ်ဒိတ်ကြဲပဲ ( ကြယ် ၁၀ ပွင့် ဆိုတော့ မနည်းရှာရတယ်) .. ရှာလိုက်ရတာ မပြောပါနဲ့တော့..။

အဲဒီ ဟိုတယ်နား ရောက်နေပါရဲ့ နဲ့ အဘိုးကြီးက မသိတော့ ပတ်ရှာနေတာတင် နာရီဝက်လောက် ကြာသွားလေရဲ့..။ လမ်းဘေး အေးအေးလူလူ အိပ်နေတဲ့သူလည်း ရှိလိုက်သေး..။ ဟိုတယ်လည်း ရောက်ရော.. ထွက်ကြိုကြတယ်.. ကောင်လေး (၃) ယောက်..။ အမယ်လေး ဆင်းရဲတဲ့ ပုံစံတွေပဲ… သားသားနားနားလည်း မဟုတ်တော့ တည်းရမှာတောင် နည်းနည်း လန့်သလို ဖြစ်သွားတယ်..။ နောက် ဟိုတယ် အပြင်အဆင်ကလည်း ညံ့.. ကုပ်ချောင်းချောင်း အိမ်အိုလိုမျိုး..။ အဲဒါပေါ့ လူတွေများ ဆင်းရဲတာကို မနေဘူး မကြုံဘူးတာလည်း မဟုတ်.. အလိုလိုကို ကြောက်နေတာ..။ ဘာကို ကြောက်သလဲမေးတော့ ပုံစံတွေက မပြည်စုံ.. နေရာထိုင်ခင်းက မလှပတော့  စိတ်ထဲမှာ ငါတို့ကို သူတို့ တခုခု လုပ်မလားပဲ ထင်နေမိတယ်..။ ( အင်း.. လူလိုနေရတဲ့ နိုင်ငံမှာ ၅ နှစ်လောက် နေရရုံပဲ ရှိသေးတယ်..ဘယ်လို ဖြစ်နေမှန်းကို မသိတဲ့လူ့စိတ်.. ) မဗေဒါရဲ့ စိတ်ထဲမှာ မလုံခြုံတာကို အရမ်းကြောက်နေမိတယ်..။

ဟိုတယ်လေးက သိပ်မသားနားဘူး.. သူတို့ နေရာချထားတဲ့ ဆီမှာပဲ.. အခန်းတွေ နေရာယူ ..လိုက်တော့တယ်.. မဆိုးဘူး.. အဲကွန်းတော့လည်း ရှိပြန်သေးတယ်။ ယူကတည်းက ရှိတာကို ရွေးခဲ့တာကိုး..။ ဒါပေမယ့်လည်း အခန်းတွေက ပေးတဲ့ငွေနဲ့ တန်သား.. သိပ်မဆိုးဘူး..။ ဘာပဲပြောပြော အဲကွန်းပါတော့ အားလုံးအတွက်.. အဆင်ပြေသွားတယ်..။ သားနဲ့သမီးလည်း လေအေးနဲ့အခန်းထဲ နေရတော့ သိပ်မပူဆာတော့ဘူး..။ ပါလာတဲ့ ချောကလက်တွေ မုန့်တွေကို အကုန် ရေခဲသေတ္တာ သေးလေးထဲထည့် .. ပြီးတော့ အစားတွေ မှာစားတော့တာပဲ..။ အဲဒီအချိန်က သန်းခေါင်ဖြစ်နေပြီ.. လွယ်လွယ်ကူကူ ထမင်းကြော်ပဲ.. နောက် နွားနို့ပူပူလေး..။ စီးကပ်နေတဲ့ ကိုယ်ခန္ဓာကို ရေ.. မိုး .. ချိုးပြီး အိပ် စက်ဖို့ အားယူရင်း .. အမောဖြေလိုက်တော့တာပဲ..။ အိပ်တော့မပျော်ဘူးပေါ့..။

(ပေါ့ပေါ့းပါးပါး အင်မတန် ဖတ်ချင်နေတဲ့ မောင်ဇေအတွက် .. ရေးပေးပါသည်..။)

မဗေဒါ
၁.၀၆.၂၀၁၀

9 ဦး၏ဆွေးနွေးချက်:

SHWE ZIN U said...

မဗေဒါ ရေ ဆက်ရေးလေ ဖတ်လို့ ကောင်းတယ် ဒါပေမဲ့ ဟိုစောင်း ဒီရွှဲ့တော့ မရေးပါနဲ့
ကြောက်.. ကြောက်စရာကြီး

အန္ဒိယ ကို သုခမြို့တော် တို့ နောက် ဟို အော်စကာဆု တွေ အများကြီး ရတဲ့ ကား တို့ နောက် သက်ဆိုင်တာ လေးတွေ ဖတ်ရင်း တော်တော် သိသွားတယ် ထင်တာဘဲ

နောက်ပြီး ကိုယ် စိတ်ညစ်ရင် သုခမြို့တော် ကို အထပ်ထပ်ဖတ်တယ်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

mabaydar88 said...

ဟုတ်တယ်အမရေ..

စာရေးဆရာ ( Dominque Lapierre ) ကို အတော်လေး ချီးကျူးတယ်..။
ဘယ်လိုများရေးသလဲ မသိဘူး..။ နောက် အိန္ဒိယ က မဗေဒါတို့ မောင်နှံရဲ့ အိပ်မက်လေ.. သွားချင်သေးတယ်.. စုံမှမစုံခဲ့ပဲ.. ကလေးတွေကြီးမှ သွားဦးမယ်.. ဗီဇာတော့ ရလောက်မယ်ထင်ပါ့..။

မဗေဒါက စောင်းမရေးပါဘူးနော်..။

ဟုတ်တယ်အမ ..လောကကြီး မနေတက်ရင် မလွယ်..ပါ့..။

မဗေဒါ (၈၈)

နှင်းမိုး said...

မဗေဒါ ရေ...
သမီးလေး စိတ်ညစ်ချင်လဲ စိတ်ညစ်စရာ ပဲနော်...
ဖတ်သွားတယ်နော် အမ
ကိုကိုဇေ ကို ခုတလော မျက်စိနောက်နေတယ်နော် ...
နေရာတကာတွေ့ နေရတယ်...း)
ခင်မင်စွာဖြင့်
နှင်းမိုးမိုး

Zay Tar Yar said...

ကျေးဇူးအများကြီးတင်ပါတယ် ဗေဗေ အပေါ့ကြိုက်တာ
ကိုနားလည်ပေးတဲ့အတွက် ပိုပြီးလေးစားမှိပါတယ် အပေါ့
တအားကြိုက်ပါတယ် နက်ဖြန်ငါးနာရီလောက် နို့ဆီခွက်
နဲ့လာပါ့မယ် ၊ ကျေးဇူးအများကြီးတင်ပါတယ် ဗေဗေ့ကို
လဲ ပြန်ရေးပေးပါမယ် ခတ်တာက စလုံးပေါင်းတအားမှား
တယ်ဇေကစာရေးရင် ....တချို့ကလဲ သူများတွေချစ်ခင်
ကြင်နာနေပြီဆိုရင် မလိုတမာတွေလဲရှိတတ်ကြတယ်လေ
ဟုတ်တယ်မလား မမဗေ ဟုတ်ကဲ့ နေ့တိုင်းစောင့်ဖက်
မယ်နော်........

Under Water World said...

အမရေ

မေ (၃၀) အကြောင်း ဘဘ ဦးတင်ဦး ပြောပြတာ ဖတ်ပြီး တနုံ့နုံ့ နဲ့ ခံစားနေရလို့ ကြယ် (၁၀) ပွင့် ဟိုတယ်အကြောင်း စိတ်မကောင်းစွာ ဖတ်သွားပါတယ် အမရေ ။

ပျော်ရွှင်ချမ်းမြေ့ပါစေ ။

Nge Naing said...

သူငယ်ချင်းရေ လာဖတ်သွားပါတယ်။ ပို့စ်မတင်တာ ကြာနေလို့ ရောက်ပြီဟဲ့ နယူးဒေလီဆိုတာ တွေ့လိုက်လို့ Holiday နောက်တခေါက် ထပ်သွားတယ် ထင်နေတာ အရင် တခေါက်သွားတုန်းကအကြောင်း ရေးထားတာကိုး။ ဒေလီကိုတော့ မရောက်ဖူးဘူး ကိုယ်လည်း ဘုံဘေအကြောင်း တခါတော့ ရေးဦမယ်။ အိန္ဒိယက သိပ်ကိုစိတ်ဝင်စားစရာ ကောင်းသလို တခါတလေတော့ ကိုယ်ထင်ထားတာနဲ့ တက်တက်စင်အောင် လွဲနေတာလည်း အများကြီးကြုံရပါတယ်။ ဖတ်လို့ကောင်းတယ် ဗုဒ္ဓဂါရာမှာ ဘုရားဖူးစဉ်ကာလလေးကိုလည်း ရေးစေချင်တယ်။

Thet Oo said...

အိန္ဒိယဆိုတော့ ပဲဟင်းကောင်းကောင်း စားခဲ့ရမှာပေါ့။ Jeg တို့ကတော့ မရောက်ဖူးဘူး။ ဓါတ်ပုံတွေထဲမှာပဲ တွေ့ဘူးတယ်။ လူဦးရေ ပေါက်ကွဲနေတဲ့ အိမ်နီးချင်း နိုင်ငံကြီး...။

thadarhline said...

အိန္ဒိယအကြောင်းလေးစိတ်ဝင်တစားဖတ်သွားတယ်
အမရေ..။
ပျော်ရွှင်ပါစေ..။

ခင်တဲ့
ညီမသဒ္ဓါ

ကိုခိုင် said...

ကြယ်-၁၀-ပွင့်တောင်လား .....
၁၁-လောက်ထားပါလား ...း)
သောင်ပြင်လွှတ်တဲ့ငါးကလေး ...
ဟင်္သာဆိုတော်သေး ...း)
မိသားစုတွေတပျော်တပါးခရီးသွားရတာ
ကုသိုလ်ထူးပါတယ်ဗျာ။
ကျန်းမာကြပါစေ။

ကိုခိုင်